အခန်း ၁၅၈
Vol. 16 Ch. 158
📗 Chapter 158
ယဲ့ရှောင်ရှောင် အကြည့်ပြန်လွှဲလိုက်သည်။
ဤတန့်ရွှယ်ဖုန်းက စိတ်ဝင်စားဖို့တော့ ကောင်းပါသည်။ ရှုမိသားစု၏ မိတ်ဆွေတစ်ဦးဖြစ်ပါလျက်နှင့် သူမဘက်မှ ထိုမိသားစုနှင့် ပတ်သတ်မှုမရှိတော့ကြောင်း ကြေညာလိုက်သည်နှင့်တစ်ပြိုင်နက် သူမကို လိုက်ကပ်ဖို့ ကြိုးစားသည်။
အခြေအနေကြည့်ပေါင်းတတ်သည့် ဆက်ဆံရေးမျိုးဟု ဆိုရမည်။
ယဲ့ရှောင်ရှောင်လည်း ထိုအချက်ကို မှတ်သားထားလိုက်ပါသည်။ တစ်ချိန်ချိန်တွင် သူမအတွက် အသုံးဝင်လာနိုင်သည်။
စစ်တပ်ဝင်းထဲမှ ယဲ့ရှောင်ရှောင် ပြန်သွားခဲ့သော်လည်း သူမ ရောက်ရှိလာသည့်သတင်းက ဝင်းထဲတွင် တောမီးပမာ ပျံ့နှံ့သွားခဲ့သည်။
ကျောက်ဟုံရှားပင် ထိုသတင်းကို နားစွန်နားဖျားကြားခဲ့ရကာ သားဖြစ်သူကို စစ်ဆေးမေးမြန်းခဲ့သည်။
“နင့် မွေးနေ့ပွဲမှာ ဟောက်ရှောင်ရှောင်ကို ဖိတ်တယ်ဆို ဟုတ်လား”
ရှုကျမ့်လီက အမေဖြစ်သူကို ကြည့်ကာ စကားအမှန်ပြင်ပေးလိုက်သည်။
“သူ့နာမည် ယဲ့ရှောင်ရှောင်ပါ”
ကျောက်ဟုံရှား ဒေါသတကြီး ဆူငေါက်လိုက်သည်။
“သူ့မျိုးရိုးနာမည်က ဘာဖြစ်ဖြစ် ငါဂရုမစိုက်ဘူး၊ သူ့ကို ဟောက်မိသားစုက ကန်ထုတ်ထားတာ နင်မသိဘူးလား၊ ဘာလို့ ငါတို့အိမ်ကို ခေါ်ရတာလဲ”
ရှုကျမ့်လီကလည်း မကျေမနပ် ပြန်ချေပသည်။
“အမေတစ်ဖက်သတ် မပြောပါနဲ့၊ အရင်ကဆို အစ်မရှောင်ရှောင်ကို အမေအရမ်းသဘောကျတာ မဟုတ်ဘူးလား၊ ဟောက်မိသားစုရဲ့ သမီးအရင်းဖြစ်နေလို့ သူ့ကို သဘောကျခဲ့တာလား”
“ဟုတ်တယ်၊ ဘယ်သူက ဘယ်သူ့သမီးပဲဖြစ်ဖြစ် ဟောက်မိသားစုရဲ့ သမီးအရင်းကိုပဲ ငါသဘောကျတယ်”
ကျောက်ဟုံရှား ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည်။
ရှုကျမ့်လီသည် အမေဖြစ်သူ၏စကားကို မယုံကြည်နိုင်ဘဲ အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့သည်။
သူ့အမေ ဤမျှ ဂုဏ်မက်လိမ့်မည်ဟု တစ်ခါမှ မထင်ခဲ့ဖူးပါ။
“အမေ့ဖာသာ သဘောကျချင်တဲ့လူကို သဘောကျလို့ရတယ်၊ ဒါပေမယ့် ကျွန်တော် ဘယ်သူနဲ့ အပေါင်းအသင်းလုပ်လဲဆိုတာ ဝင်စွက်ဖက်စရာအကြောင်းမရှိဘူး”
“ငါ နင့်အမေနော်!”
ရှုကျမ့်လီ အာခံကာ ပြန်ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ဒီကိစ္စမှာတော့ ကျွန်တော် အမေ့စကား နားမထောင်နိုင်ဘူး၊ ကျွန်တော့်မှာလည်း ကိုယ့်ခံယူချက်နဲ့ကိုယ် ရှိတယ်”
သားအမိနှစ်ယောက်၏ စကားဝိုင်းမှာ မကျေချမ်းစရာ အခြေအနေဖြင့် အဆုံးသတ်သွားခဲ့သည်။
ဤမိသားစုတွင် မည်သူကမှ သူမကို စိတ်အေးလက်အေး နေခွင့်မပေးကြဟု ကျောက်ဟုံရှား ခံစားမိသည်။ သားငယ်ဖြစ်သူကို ဖျောင်းဖျဖို့ ခဲယဉ်းသဖြင့် သားကြီးဖြစ်သူဘက်ကိုသာ မြားဦးလှည့်ရတော့မည်။
ဟောက်ယန်ယန်နှင့် ရှုကျမ့်ဝမ်တို့၏ အခြေအနေ မည်သို့မည်ဖုံ ရှိကြောင်း သူမ သိချင်မိသည်။ ထိုကလေးနှစ်ယောက်စလုံး နှစ်သစ်ကူးကာလမှာပင် အိမ်သို့ ပြန်မလာကြပါ။
ထိုအတွေးဖြင့် ကျောက်ဟုံရှားတစ်ယောက် ဖုန်းဆက်ဖို့ လှည့်ထွက်သွားတော့သည်။
--- --- ---
ရာသီဥတုမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုနွေးထွေးလာပြီး တစ်လဟူသည် အချိန်မှာလည်း လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ယဲ့ရှောင်ရှောင် ဝယ်ယူထားသည့် မြေရိုင်းတွင် စက်ရုံအသစ်တစ်ခုကို အောင်အောင်မြင်မြင် ဆောက်လုပ်ပြီးစီးခဲ့ပါပြီ။ စုန့်ရှောင်းကွမ်ကလည်း အလုပ်သမားခေါ်ယူသည့် ကြေညာချက်များ စတင် ထုတ်ပြန်ခဲ့သည်။
ယဲ့ရှောင်ရှောင်၏ အသားဖြူလိမ်းဆေး ကြော်ငြာကို တစ်လကျော်ကြာသည်အထိ စဉ်ဆက်မပြတ် ထုတ်လွှင့်နေခဲ့သဖြင့် သူမတို့၏ ‘ကြွေအိုးဖြူ’ မျက်နှာလိမ်းဆေးခရင်မ်မှာ ပေကျင်းမြို့တွင် အလွန်ပင် ကျော်ကြားနေခဲ့ပါပြီ။
ယဲ့ရှောင်ရှောင်သည် ထိုကာလအတွင်း အတန်းတက်ရသည့်အပြင် အခြားသော အလှကုန်ပစ္စည်းများဖြစ်သည့် Face Masks များ၊ Serums များနှင့် ရေမွှေးများကိုလည်း စတင် သုတေသနပြုခဲ့သည်။
စက်ရုံအသစ်အား စတင်လည်ပတ်နိုင်သည်နှင့် ထိုပစ္စည်းများကို မိတ်ဆက်နိုင်တော့မည် ဖြစ်သည်။
တစ်နေ့တွင် မန်နေဂျာမာ၏ယောက်ဖဖြစ်သူ ဝူရွှမ်းသည် ယဲ့ရှောင်ရှောင်နှင့် တွေ့ဆုံဖို့အတွက် တက္ကသိုလ်သို့ ရုတ်တရက် ရောက်ရှိလာသည်။
ယဲ့ရှောင်ရှောင်လည်း အနည်းငယ် အံ့အားသင့်သွားပြီး အကြောင်းအရင်းကို မေးမြန်းလိုက်ပါသည်။
“ကိစ္စတစ်ခုခု ရှိလို့လား”
ဝူရွှမ်းကလည်း အမှန်တကယ် အကြောင်းအရင်းတစ်ခုရှိ၍ ရောက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် သူမကို ကျင့်ဟွာတက္ကသိုလ်ထဲတွင် မြင်လိုက်ရသဖြင့် သူ့ကမ်းလှမ်းချက်ကို ငြင်းဆန်လိမ့်မည်ဟုတော့ ကြိုတင်ခန့်မှန်းမိပါသည်။
“ဒီလိုပါ၊ ဒါရိုက်တာတစ်ယောက်က နင့်ကို သူ့ရုပ်ရှင်တွေမှာ ဝင်သရုပ်ဆောင်စေချင်လို့လေ၊ အဲ့တာ အနုပညာရှင်တစ်ယောက်လုပ်ဖို့ စိတ်ဝင်စားလားလို့ ငါ့ကို မေးခိုင်းလိုက်လို့ပါ”
“ဒါရိုက်တာတစ်ယောက်က ကျွန်မကို မေးခိုင်းလိုက်တယ် ဟုတ်လား”
ဝူရွှမ်းက ခေါင်းညိတ်သည်။
“ဟုတ်တယ်၊ နင်ရိုက်ခဲ့တဲ့ ကြော်ငြာကြောင့်ပဲလေ၊ ကင်မရာရှေ့မှာ နင်က အရှိန်အဝါအရမ်းကောင်းတယ်၊ ရုပ်ရည်သွင်ပြင်ကလည်း ထူးခြားတော့ ဒါရိုက်တာတစ်ယောက်က မျက်စိကျတာ မထူးဆန်းပါဘူး”
ယဲ့ရှောင်ရှောင် မဆိုင်းမတွ ငြင်းဆန်လိုက်ပါသည်။
“ကျွန်မ သရုပ်ဆောင်လုပ်ဖို့ကော အနုပညာရှင်လုပ်ဖို့ကော ဆန္ဒမရှိပါဘူး၊ ကျွန်မဆုံးဖြတ်ချက်ကို အဲ့ဒီဒါရိုက်တာဆီ တဆင့် ပြန်ပြောပေးပါ”
ဝူရွှမ်းအနည်းငယ် စိတ်ပျက်သွားသော်လည်း ဤအဖြေအတွက် ကြိုတင်ပြင်ဆင်ထားပြီးသားပင်။
“ဟုတ်ပါပြီ၊ ငါနားလည်ပါတယ်၊ အနှောင့်အယှက်ပေးမိသလိုဖြစ်သွားရင် တောင်းပန်ပါတယ်”
ယဲ့ရှောင်ရှောင် ပြုံးကာ ပြောလိုက်သည်။
“ဘာအနှောင့်အယှက်မှ မဖြစ်ပါဘူး၊ ကျွန်မတို့ ကြော်ငြာရိုက်တုန်းက ရှင်လည်း အများကြီး ကူညီပေးခဲ့တာပဲ၊ ကျေးဇူး တင်ပါတယ်”
ဝူရွှမ်း ပြန်ပြုံးပြကာ ပြောလိုက်သည်။
“အဲ့တာ ငါ့အလုပ်ပါပဲ”
ဝူရွှမ်း၏လည်ပင်းတွင် ကင်မရာတစ်လုံး ဆွဲထားသည်ကို မြင်သောအခါ ကျောင်းထဲ ဓာတ်ပုံအနည်းငယ်ရိုက်ဖို့ စိတ် ကူးထားခြင်းဖြစ်မည်ဟု ယဲ့ရှောင်ရှောင် ခန့်မှန်းမိသည်။
“ကျွန်မ ကျောင်းဝင်းထဲ လိုက်ပြရဦးမလား”
ဝူရွှမ်း ခေါင်းအမြန်ခါလိုက်ပါသည်။
“ရပါတယ်၊ ငါ့ဖာသာ ငါပဲ လျှောက်ကြည့်လိုက်မယ်၊ ငါဘယ်အချိန်ကျမှ ပြန်ဖြစ်မလဲဆိုတာလည်း မသေချာသေးဘူးလေ”
“ကောင်းပါပြီ၊ အကူအညီလိုတာရှိရင် ကျွန်မကို အချိန်မရွေး လာတွေ့လို့ရတယ်နော်”
ထို့နောက် ယဲ့ရှောင်ရှောင် သူ့ကို နှုတ်ဆက်ကာ ကျောင်းဝင်းထဲတွင် စိတ်ကြိုက် လျှောက်ကြည့်ခွင့် ပေးလိုက်သည်။ သူမလည်း ခုတလော အလွန်အလုပ်များနေသဖြင့် အချိန်အများကြီး မပေးနိုင်ပါ။
ဟွာရုန်စက်ရုံမှ အလုပ်သမားခေါ်ယူစာများ ထုတ်ပြန်လိုက်သည်နှင့် ပေကျင်းမြို့တစ်ခွင်ရှိ အလုပ်လက်မဲ့များအားလုံး စုပြုံကာ ရောက်ရှိလာကြသည်။
သို့သော် စက်ရုံ၏ပထမဆုံး လည်ပတ်ချိန်တွင် အလုပ်သမား များစွာ မလိုအပ်သေးပေ။ အသေအချာ စိစစ်ပြီးနောက် စုန့်ရှောင်းကွမ်သည် အလုပ်သမား ၁၅၀ ကိုသာ ရွေးချယ်လိုက်သည်။
ထိုအလုပ်သမားများကို ဦးစွာ လေ့ကျင့်ရေး ဆင်းပေးရပါမည်။ နည်းပြများကို ရမ်သဲ့ထန်စက်ရုံမှ တိုက်ရိုက် ခေါ်ယူထားခြင်း ဖြစ်ပြီး တစ်ပတ်ခန့် လေ့ကျင့်သင်ကြားပေးရမည်။
ထို့နောက် ပထမဦးဆုံးလအတွက် အလုပ်သမားတစ်ဦးလျှင် လစာ ယွမ် ၂၀ ရရှိမည်ဖြစ်ပြီး ဒုတိယလမှ စတင်၍ ယွမ် ၃၀ အထိ တိုးမြင့်သွားမည်ဖြစ်သည်။
ထို့အပြင် လစဉ် ရက်မှန်ကြေးအဖြစ် ၅ ယွမ်ကိုလည်း အပိုထပ်ဆောင်းပေးသွားမည်ဖြစ်ကာ လုပ်သက်အပေါ် မူတည်၍ အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ်ခန့် လစာညှိနှိုင်းတိုးမြှင့်ပေးသွားဦးမည် ဖြစ်သည်။
အစိုးရပိုင် လုပ်ငန်းမဟုတ်သော်လည်း ထိုကဲ့သို့ အကျိုးခံစား ခွင့်များကြောင့် လူအများစုက အလွန်တရာ စိတ်ဝင်စားသွားခဲ့ကြသည်။
ကောင်းမွန်လှသော အကျိုးခံစားခွင့်များကြောင့် အလုပ် သမားခေါ်ယူမှု လုပ်ငန်းစဉ်မှာ အလွန်ပင် အဆင်ပြေချောမွေ့ခဲ့ပါသည်။
စက်ရုံတည်ဆောက်မှု ပြီးစီးပြီး ထုတ်လုပ်ရေးလိုင်းများ အသင့်ဖြစ်သွားချိန်တွင် စက်ရုံသို့ ယဲ့ရှောင်ရှောင် သွားရောက် စစ်ဆေးခဲ့ပါသည်။
လုပ်ငန်းက မကြီးမားသေးသော်လည်း ယဲ့ရှောင်ရှောင် အလွန်စိတ်ကျေနပ်မှု ရှိသည်။ အကျိုးအမြတ်စတင် ရရှိလာသည်နှင့် လုပ်ငန်းကို ဆက်လက် တိုးချဲ့သွားမည်ဖြစ်သည်။
ယဲ့ရှောင်ရှောင်တစ်ယောက် သူမ၏ လုပ်ငန်းအင်ပါယာကြီးကို တည်ထောင်ရင်း အလုပ်များနေချိန် နင်အန်းကောင်တီမြို့၌ မူလဇာတ်လိုက်မင်းသားမင်းသမီးများ၏ ဆက်ဆံရေးမှာလည်း ထူးထူးခြားခြားပြောင်းလဲလာခဲ့သည်။
နင်အန်းကောင်တီသည် အလယ်ပိုင်းလွင်ပြင်ဒေသတွင် တည်ရှိသဖြင့် ရာသီဥတုအပြောင်းအလဲနှင့် ပူနွေးစွတ်စိုသော လေထုများကြောင့် မိုးသီးမုန်တိုင်းဒဏ်ကို ခံစားလိုက်ရသည်။
ထိုဒေသအတွင်းရှိ စပါးစိုက်ခင်းများ အကြီးအကျယ်ပျက် စီးခဲ့ရသည်။ ထိုဒေသရှိ သတင်းစာတိုက်တွင် အလုပ်သင် သတင်းထောက်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ရှုကျမ့်ဝမ်သည် ထိုစိုက်ခင်းများကို ကိုယ်တိုင်ကိုယ်ကျသွား ရောက်ကာ သတင်းများ စုဆောင်းခဲ့ရသည်။
ဟောက်ယန်ယန်ကလည်း ထိုအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခံမည် မဟုတ်ပေ။ သတင်းစာတိုက်တွင် သူမ၏ အခန်းကဏ္ဍမှာ သာမန်စာရေးမအဆင့်သာ ရှိသော်လည်း ရှုကျမ့်ဝမ်၏တာဝန်တွင် အတူလိုက်ပါခွင့်ပြုရန် အထက်ကို တောင်းဆိုခဲ့သည်။
၎င်းတို့၏ သတင်းစာတိုက် အသေးစားလေးတွင် ဝန်ထမ်းနည်းပါးမှုကြောင့် စီမံခန့်ခွဲရေးအဖွဲ့ကလည်း အလွယ်တကူပင် သဘောတူခဲ့ပါသည်။
ထိုဒေသသို့ သူတို့ရောက်ရှိသွားချိန်တွင် မိုးသီးမုန်တိုင်းများ ရပ်စဲသွားပြီဖြစ်သည်။
သူတို့သည် မြို့စွန်ရှိ လယ်ကွင်းများဆီသို့ နွားလှည်းစီးကာ ဖြည်းဖြည်းချင်း ခရီးနှင်ခဲ့ကြသည်။ ရှုကျမ့်ဝမ် ဓာတ်ပုံများ ရိုက်ကူးပြီးစီးသွားချိန်တွင် ရာသီဥတုရုတ်တရက် ပြောင်းလဲကာ မိုးများ သည်းထန်စွာ ရွာသွန်းခဲ့ပါသည်။
ကံကောင်းစွာဖြင့် အနီးနားတွင် လယ်သမားများ မိုးခိုဖို့နှင့် အနားယူဖို့အတွက် တည်ဆောက်ထားသည့် တဲငယ်လေးတစ်လုံး ရှိနေသည်။
ရှုကျမ့်ဝမ်သည် ဟောက်ယန်ယန်ကို ခေါ်ဆောင်ကာ ထိုတဲထံသို့ အပြေးသွားခဲ့သည်။ လမ်းတွင် ဟောက်ယန်ယန်တစ်ယောက် ချော်လဲခဲ့ပြီး တဲအိမ်ထဲသို့ ရောက်ရှိချိန်တွင် နှစ်ယောက်စလုံး မိုးရေများစိုရွှဲနေကြပါပြီ။
ဟောက်ယန်ယန်သည် ယခင်က ယဲ့မိသားစုနှင့် မပြည့်မစုံနေခဲ့ရသော်လည်း ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာရခြင်းမျိုး တစ်ခါမှ မကြုံဖူးပေ။ စောစောက ချော်လဲမှုကြောင့် သူမ ဒူးခေါင်းပွန်းပဲ့သွားခဲ့သည်။
သို့သော် ယခင်ဘဝက လီသဲ့ရှု၏ အကြိမ်ကြမ်ရိုက်နှက်ညှင်းပန်းမှုကို ခံစားခဲ့ရသဖြင့် သူမသည် ယခင်ကကဲ့သို့ အားနည်းပျော့ညံ့သည့် မိန်းကလေးမျိုး မဟုတ်တော့ပေ။ ချော်လဲသွားပြီးနောက် တုံ့ဆိုင်းခြင်းမရှိဘဲ မြေပေါ်မှ ချက်ချင်း ပြန်ထခဲ့ပါသည်။
ဤမျှလောက် ဒဏ်ရာမျိုးကို သူမ မမှုပေ။ မိုးရေထဲတွင် ပြေးလွှားနေစဉ် သူမအိတ်ထဲရှိ စာရွက်စာတမ်းများနှင့် ဖလင်ပြားများကို ရေစိုမသွားအောင် သူမ ခန္ဓာကိုယ်ကို အသုံးပြုလျက် ကာကွယ်ပေးခဲ့ပါသည်။
တဲထဲသို့ ရောက်သည်နှင့် ဟောက်ယန်ယန်သည် သူမပိုက်ထားသည့် ပစ္စည်းများကို ရေစိုမစို ချက်ချင်းစစ်ဆေးကြည့်လိုက်သည်။
“တော်သေးတာပေါ့၊ ပစ္စည်းတွေ ရေစိုမသွားဘူး”
သူမကို ရှုကျဝမ် တစ်ချက်လှည့်ကြည့်လိုက်သည်။ တစ်ကိုယ်လုံး စိုရွှဲနေသဖြင့် သူမ အဝတ်အစားများက ခန္ဓာကိုယ်တွင် ကပ်ကာ ငယ်ရွယ်နုပျိုသော အလှအပကို ပိုမို ထင်ရှားပေါ်လွင်စေခဲ့သည်။
ရှုကျမ့်ဝမ် စိတ်မသက်မသာဖြစ်သွားပြီး ခေါင်းငုံ့လိုက်ရာ သူမ ဒူးခေါင်း သွေးထွက်နေသည်ကို မြင်လိုက်ရသည်။
“နင်ဒဏ်ရာ ရထားတာလား”
ဟောက်ယန်ယန်က ဖြူရော်နေသော မျက်နှာဖြင့် ပြုံးပြကာ ဆိုသည်။
“ချော်လဲတုန်းက နည်းနည်းထိခိုက်သွားတာ၊ ဘာမှမဖြစ်ပါဘူး၊ ဒီတိုင်း ပွန်းပဲ့ရုံလေးပါ၊ ကျွန်မ အသားကျနေပါပြီ”
သူမ၏ စကားကို ရှုကျမ့်ဝမ် နားလည်မှုလွဲသွားခဲ့သည်။
“ယဲ့မိသားစုနဲ့ နေတုန်းက ဒီလိုမျိုး အနာတရခဏခဏ ဖြစ်ဖူးလို့လား”
ဟောက်ယန်ယန် ရှင်းမပြခဲ့ပေ။ ထိုဒဏ်ရာများကို ယခင်ဘဝက ရရှိခဲ့ခြင်းဖြစ်ကြောင်း သူ့ကို ထုတ်ပြောလို့မရပါ။
သူမ၏တိတ်ဆိတ်မှုက ရှုကျမ့်ဝမ်၏ ထင်မြင်ယူဆချက်ကို အတည်ပြုပေးလိုက်သလိုပင်။
ရှုကျမ့်ဝမ် ဒူးထောက်လိုက်ပြီး လွယ်အိတ်ထဲမှ လက်ကိုင် ပဝါတစ်ထည်ကိုထုတ်ကာ သူမ ဒဏ်ရာကို ဂရုတစိုက် စည်းပေးထားလိုက်ပါသည်။
အလွန်ကျဉ်းမြောင်းသော တဲငယ်လေးထဲတွင် သည်းထန်စွာ ရွာသွန်းနေသော မိုးသံတို့နှင့်အတူ သူတို့၏ စိုရွှဲနေသော အဝတ်အစားများကြား၌ မသေချာ မရေရာသော အငွေ့အ သက်များ တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
ဟောက်ယန်ယန်သည် လွန်ခဲ့သောရက်များက ရှုကျမ့်ဝမ်နှင့် နီးစပ်နိုင်မည့် အခွင့်အရေးမရရှိခဲ့သဖြင့် ယခုကဲ့သို့ အခြေအ နေမျိုးကို အလွန်ပင် သဘောကျနှစ်သက်မိပါသည်။
“ဟပ်ချိုး!”
ဟောက်ယန်ယန် ရုတ်တရက် နှာချေလိုက်လေသည်။