← Chapters

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း ၁၅၉

Vol. 16 Ch. 159

📗 Chapter 159

ရှုကျမ့်ဝမ်သည် ဟောက်ယန်ယန်၏ ခန္ဓာကိုယ်ပေါ်မှ ရေများကို ကူသုတ်ပေးချင်သော်ငြား သူကိုယ်တိုင်လည်း တစ်ကိုယ်လုံး စိုရွှဲနေပါသည်။

“ဒီနားက ရွာသားတွေရဲ့အိမ်မှာ အဝတ်အစားအသန့်တွေဘာတွေ ရှိလားလို့ သွားမေးကြည့်ပေးရမလား”

ပြောပြောဆိုဆိုနှင့် ရှုကျမ့်ဝမ် မတ်တပ်ရပ်ဖို့ ပြင်လိုက်စဉ် ဟောက်ယန်ယန်က လက်ကိုလှမ်းဆွဲကာ တားလိုက်သည်။

“အပြင်မှာ မိုးတွေရွာနေတုန်းပဲလေ၊ လျှောက်မသွားပါနဲ့၊ မိုးစဲသွားမှ အတူတူ သွားလို့ရတယ်၊ နှစ်ယောက်စလုံး မိုးတွေ စိုနေပြီပဲဥစ္စာ၊ ခဏလောက်စောင့်လိုက်လည်း ဘာမှ ထူးခြားမသွားပါဘူး”

ဟောက်ယန်ယန်၏ လက်သည် ရှုကျမ့်ဝမ် လက်မောင်းပေါ်တွင် ထိကပ်နေခဲ့ပြီး အသားချင်းထိတွေ့မိသည့် နေရာမှတဆင့် နွေးထွေးသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဟောက်ယန်ယန် အနည်းငယ် ရှက်သွေးဖြာသွားကာ လက်ကို အမြန်ပြန်ရုတ်သိမ်းလိုက်ပါသည်။

ရှုကျမ့်ဝမ်လည်း သူမစကားကို လက်ခံကာ ထိုင်လက်စနေရာမှာသာ ဆက်ထိုင်နေပြီး လှုပ်ရှားမှု မပြုတော့ပေ။

မိုးသည် ၁၀ မိနစ်ခန့် ဆက်လက်ရွာသွန်းခဲ့ပြီး တဖြည်းဖြည်း စဲသွားခဲ့သည်။ ထိုအခါမှသာ သူတို့နှစ်ဦး အနီးနားရှိ ရွာသားတစ်ဦးအိမ်သို့ သွားရောက်ကာ အကူအညီတောင်းခဲ့ကြသည်။

ရှုကျမ့်ဝမ်က ငွေအချို့ပေးကာ အဝတ်အစားအသန့် ၂ စုံကို ဝယ်ယူခဲ့သည်။ မဟုတ်ပါက စိုရွှဲနေသည့် ပုံစံများဖြင့် အိမ်ပြန်ဖို့ လွယ်ကူမည် မဟုတ်ပါ။

ထိုနေ့က အဖြစ်အပျက် ဖြစ်ပွားပြီးနောက် ရှုကျမ့်ဝမ်သည် ဟောက်ယန်ယန်အပေါ် အလွန်အကျူး ရင်းနှီးစွာ ဆက်ဆံခြင်း မရှိသော်လည်း ယခင်ကကဲ့သို့ သူစိမ်းဆန်ဆန် ခက်ထန်ခြင်းမျိုး မရှိတော့ချေ။

--- --- ---

တစ်ဖက်၌ ပေကျင်းမြို့တွင် ရှုကျမ့်လီ၏ မွေးနေ့ပွဲပြီး၍ တစ်လခန့်အကြာမှ တန့်ရွှယ်ဖုန်းသည် ယဲ့ရှောင်ရှောင်နှင့် ပတ်သတ်သည့် အချက်အလက်များကို စုံစမ်းသိရှိခဲ့ရပါသည်။

တန့်ရွှယ်ဖုန်းသည် မူလက ရှုကျမ့်လီကို အသုံးချပြီး ယဲ့ရှောင်ရှောင်တက်ရောက်နေသည့် တက္ကသိုလ်ကို စုံစမ်းချင်ခဲ့သော်လည်း ရှုကျမ့်လီက သူ့ကို မကြည်ဖြူသဖြင့် အသုံးဝင်သည့် အကြောင်းအရာတစ်ခုမှ မသိခဲ့ရပါ။

ထို့အပြင် ရှောက်ကျီယုကလည်း အလွန်နှုတ်လုံပြီး သူ့ကို မည်သည့်သဲလွန်စမှ မပေးခဲ့ပေ။

နောက်ဆုံးတွင်တော့ တန့်ရွှယ်ဖုန်းသည် ဟောက်မိသားစုနှင့် သိကျွမ်းသော မိတ်ဆွေအချို့ကို အားကိုးပြီး သခင်မဟောက်ကိုသာ မသိမသာ မေးမြန်းစေခဲ့တော့သည်။

ထိုအခါမှသာ ယဲ့ရှောင်ရှောင်တစ်ယောက် ကျင့်ဟွာတက္ကသိုလ်တွင် တက်ရောက်နေခြင်းဖြစ်မှန်း သူသိခဲ့ရပါသည်။

တက္ကသိုလ်ကို သိလိုက်ရပြီးနောက် အရာရာ ပိုလွယ်ကူသွားခဲ့သည်။ အဆက်အသွယ်အချို့ကို အသုံးချပြီးနောက် ယဲ့ရှောင်ရှောင်၏ အတန်းနှင့် အဆောင်တို့ကိုလည်း တန့်ရွှယ်ဖုန်း စုံစမ်းနိုင်ခဲ့သည်။

တစ်နေ့တွင် ယဲ့ရှောင်ရှောင်တို့ အဆောင်အောက်၌ တန့်ရွှယ်ဖုန်းတစ်ယောက် သားရေဂျာကင်၊ နေကာမျက်မှန်တို့ကို ဝတ်ဆင်လျက် သစ်ပင်တစ်ပင်ကို ကျောမှီကာ အဆောင်ဝင်ပေါက်ကို ငေးကြည့်နေခဲ့ပါသည်။

သူစောင့်နေသည်မှာ ၃ နာရီခန့်ပင် ရှိနေပြီဖြစ်သည်။ ယခင်ကဆို မိန်းကလေးများနှင့် ပတ်သတ်လာလျှင် တန့်ရွှယ်ဖုန်း ဤမျှ စိတ်မရှည်တတ်ပါ။

ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် သူဇွဲကြီးစွာဖြင့် ကြိုးစားဖူးခြင်းဖြစ်သည်။

တန့်ရွှယ်ဖုန်းသည် ယဲ့ရှောင်ရှောင်၏ နတ်သမီးလေးလို လှပသော မျက်နှာလေးကို မြင်ယောင်ကာ တွေးလိုက်သည်။

‘စောင့်ရတာ တန်ပါတယ်လေ!’

အဆောင်ထဲမှ ယဲ့ရှောင်ရှောင် ထွက်လာသောအခါ ဘေးပတ်ဝန်းကျင်ကိုမကြည့်ခဲ့မိပါ။

တန့်ရွှယ်ဖုန်းကမူ မျက်လုံးများ အရောင်လက်သွားပြီး ချက်ချင်း ခါးမတ်ကာ လှမ်းအော်လိုက်သည်။

“ရှောင်ရှောင်!”

ယဲ့ရှောင်ရှောင်မှာ ထိုအသံကို ကြားခါစက မည်သူမည်ဝါမှန်းပင် မမှတ်မိခဲ့ပေ။ ထိုလူ အနားသို့ ရောက်လာခါမှ တန့်ရွှယ်ဖုန်းဖြစ်မှန်း မှတ်မိသွားခဲ့သည်။

“တန့်ရွှယ်ဖုန်းလား၊ နင် ဒီမှာ ဘာလုပ်နေတာလဲ”

တန့်ရွှယ်ဖုန်းကမူ မျက်မှန်ချွတ်လျက် ဆိုသည်။

“နင့်ကို တကူးတက လာတွေ့တာလေ”

ယဲ့ရှောင်ရှောင် နှုတ်ခမ်းထောင့်များ တွန့်သွားသည်။

“ငါ့ကို လာတွေ့တာ ဟုတ်လား၊ ငါတို့နှစ်ယောက်က အဲ့လောက် ရင်းနှီးတာလည်း မဟုတ်ဘဲနဲ့၊ ဘာကိစ္စရှိလို့ လာတွေ့တာလဲ”

တန့်ရွှယ်ဖုန်းက သူမ၏ လမ်းတွင် ပိတ်ရပ်ကာ ပြောလိုက်သည်။

“အဲ့လိုတော့ မပြောပါနဲ့၊ အရင်တစ်ခေါက် မွေးနေ့ပွဲမှာ ငါတို့ဆုံတုန်းက ရင်းနှီးသွားကြတာပဲလေ၊ အခု မိတ်ဆွေတွေဖြစ်သွားပြီလို့ သတ်မှတ်လို့ရတယ် မဟုတ်ဘူးလား”

တန့်ရွှယ်ဖုန်း၏ လူရမ်းကားပမာ အပြုအမူများကို ကြည့်ရင်း ယဲ့ရှောင်ရှောင် မျက်နှာပေါ်မှအပြုံး ချက်ချင်းပျောက်ကွယ်သွားသည်။

“နင်ငါ့ကို ပိုးပန်းဖို့ ကြံနေတာလား”

တန့်ရွှယ်ဖုန်း၏ မျက်လုံးများ ပိုတောက်ပသွားခဲ့သည်။ ဤကဲ့သို့ တဲ့တိုးဆန်သည့် မိန်းကလေးမျိုးကို သူပိုသဘောကျပါသည်။

“ဟုတ်တယ်၊ ငါနင့်ကို သဘောကျလို့၊ နင်သာ ငါ့ကောင်မ လေးဖြစ်ပေးမယ်ဆိုရင် ငါ့ဘက်က အရမ်းအလိုလိုက်ပေးမှာ”

ယဲ့ရှောင်ရှောင် ပြန်ချေပသည်။

“တန့်ရွှယ်ဖုန်း၊ ငါ့လက်ပေါ်က ဘာလဲ မမြင်ဘူးလား”

သူမ လက်တွင် ဝတ်ဆင်ထားသည့် လက်စွပ်လေးအား မြင်သာအောင် မြှောက်ပြလိုက်သည်။

တန့်ရွှယ်ဖုန်း မျက်တောင်တဖျပ်ဖျပ် ခတ်ကာ လက်စွပ်ကို စိုက်ကြည့်လိုက်သည်။

“နင်က အိမ်ထောင်ရှိတယ်လား၊ မဖြစ်နိုင်တာ”

ယဲ့ရှောင်ရှောင် “ငါ့မှာကောင်လေးရှိတယ်၊ အဲ့တာကြောင့် လိုက်မနှောင့်ယှက်ပါနဲ့တော့၊ အခုလို ဖြုန်းမယ့်အချိန်တွေကို တခြားနေရာမှာသာ အသုံးချလိုက်ရင် နင့်အတွက် ပစ်မှတ်အသစ်တွေရနေလောက်ပြီ”

တန့်ရွှယ်ဖုန်း မျက်မှောင်ကြုတ်သွားသည်။

“ဒါဆို နင်က လက်မထပ်ရသေးဘူးဆိုတဲ့သဘောပေါ့၊ နင်အခုတွဲနေတဲ့လူနဲ့ လမ်းခွဲပြီး ငါနဲ့တွဲစမ်းပါ၊ သူပေးနိုင်တာ မှန်သမျှ ငါလည်း ပေးနိုင်တယ်”

ယဲ့ရှောင်ရှောင် သူ့ဘေးမှ ဖြတ်ကျော်ကာ ကိုယ့်လမ်းကိုယ် ဆက်လျှောက်သွားသည်။

“ငါအတန်းတက်စရာရှိသေးတယ်၊ နင်နဲ့အကျိုးမရှိတာတွေ ပြောဖို့ အချိန်မရှိဘူး”

တန့်ရွှယ်ဖုန်းက အနောက်မှ လှမ်းအော်သည်။

“ငါ လက်မလျှော့သေးဘူးနော်! နင်စောင့်ကြည့်နေလိုက်!”

သူ့အသံကျယ်ကြီးကြောင့် ကျောင်းဝင်းထဲရှိ ဖြတ်သွားဖြတ်လာ ကျောင်းသားများ သတိပြုမိသွားကြပြီး လှည့်ကြည့်သွားကြသည်။

ယဲ့ရှောင်ရှောင်ကမူ ထိုလူတို့၏အကြည့်များကို လျစ်လျူရှုကာ ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ ဆက်လျှောက်သွားခဲ့ပါသည်။

ဤကဲ့သို့ ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ပြီဖြစ်၍ တန့်ရွှယ်ဖုန်း နောက်ဆုတ်သွားလိမ့်မည်ဟု ယဲ့ရှောင်ရှောင် ထင်ထားခဲ့သည်။

သို့သော် နောက်တစ်နေ့ အဆောင်ရှေ့တွင် သူ့ကို ထပ်မြင်လိုက်ရသဖြင့် ယဲ့ရှောင်ရှောင် အံ့အားသင့်ခဲ့ရသည်။ ယခုတစ်ခါတွင်မူ သူ့လက်ထဲ နှင်းဆီပန်းစည်းတစ်စည်းကိုပင် ကိုင်ထားသေးသည်။

ယခုကဲ့သို့သော ရာသီမျိုးတွင် ပန်းများရရှိရန် အလွန်ခက်ခဲလှသဖြင့် ဈေးနှုန်းကလည်း အဆမတန် မြင့်မားမည်မှာ သေချာသည်။

ယဲ့ရှောင်ရှောင်သည် ယနေ့တွင် အခန်းဖော်များနှင့်အတူ အောက်သို့ ဆင်းလာခဲ့ကာ တန့်ရွှယ်ဖုန်းအား မြင်လိုက်ရသည်နှင့် အခြားလမ်းမှ လှည့်သွားချင်စိတ်များ တဖွားဖွားပေါ်လာပါသည်။

ရှားလီ တီးတိုး ပြောလိုက်သည်။

“အဲ့တာ ဘယ်အရူးရဲ့သားလေးလဲ မသိဘူး၊ ရုပ်ကတော့ သန့်သား”

သူမ စကားမဆုံးမီမှာပင် သူမတို့ထံသို့ တန့်ရွှယ်ဖုန်းတစ်ယောက် ပန်းစည်းကိုင်ကာ တန်းတန်းမတ်မတ် လျှောက်လာခဲ့ပါသည်။

“ဒါရှောင်ရှောင့်အတွက်ပါ”

ယဲ့ရှောင်ရှောင်သည် မူလက ကျောပိုးအိတ်ကို အသုံးပြုလျက် သူမမျက်နှာကို ကာထားသော်လည်း ရှောင်လွှဲ၍ မရနိုင်တော့မှန်း သိလိုက်ရသဖြင့် လွယ်အိတ်ကိုချကာ တန့်ရွှယ်ဖုန်းအား စကားပြန်ပြောလိုက်ပါသည်။

“တန့်ရွှယ်ဖုန်း၊ မနေ့က ငါပြောခဲ့တာတွေ မေ့သွားပြီလား၊ ငါ့မှာကောင်လေးရှိတယ်လို့”

တန့်ရွှယ်ဖုန်း မျက်မှောင်ကြုတ်လျက် ပြောသည်။

“ဒါဆို နင့်ကောင်လေးက ဘယ်သူလဲ ပြောစမ်းပါ၊ ငါသူနဲ့ စကားနည်းနည်းလောက် သွားပြောလိုက်မယ်”

ယဲ့ရှောင်ရှောင်: “…”

‘နင်တော့ နာချင်နေတာပဲ’

“နင်တကယ် သိချင်တာလား”

“တကယ်ပေါ့!”

ယဲ့ရှောင်ရှောင်၏ကောင်လေးဆိုသူက မည်သည့်အချက်များ ကောင်းမွန်နေသည်ကို တန့်ရွှယ်ဖုန်း မျက်မြင်ကိုယ်တွေ့ သွားကြည့်ချင်မိသည်။

ငါ့ထက် ချမ်းသာနေလို့လား၊ ငါ့ထက် ပိုကြည့်ကောင်းနေလို့လား…

ယဲ့ရှောင်ရှောင်က ချောချောမွေ့မွေ့ပင် ပြန်ဖြေလိုက်သည်။

“ကောင်းပြီလေ၊ သူလည်း စစ်တပ်ဝင်းထဲကပဲ”

တန့်ရွှယ်ဖုန်း ခေါင်းညိတ်လိုက်သည်။

‘ကောင်းတာပေါ့၊ ဒါဆို ခြေရာခံရတာ ပိုလွယ်တယ်”

ယုံကြည်မှုလွန်ကဲနေသည့် သူ့မျက်နှာကို ကြည့်ရင်း ယဲ့ရှောင်ရှောင် တဲ့တိုး ပြောလိုက်သည်။

“သူ့မျိုးရိုးနာမည်က လု၊ နာမည်အပြည့်အစုံက လုဟန်ချွမ်”

တန့်ရွှယ်ဖုန်း၏မျက်နှာပေါ်မှအပြုံး ချက်ချင်းပျောက်ကွယ်သွားသည်။

“လုဟန်ချွမ် ဟုတ်လား”

တန့်ရွှယ်ဖုန်း ထစ်ငေါ့စွာ မေးမြန်းလိုက်သည်။

“ရှောင်ရှောင်၊ နင်နောက်နေတာမလား၊ ဒါမှမဟုတ် ငါ့ကိုငြင်းချင်တာနဲ့ပဲ ပေါက်ကရတွေပြောနေတာလား၊ လုဟန်ချွမ်က လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာ ကြိုက်တဲ့လူမဟုတ်ဘူး၊ ငါတောင် သူ့ကိုတွေ့ဖူးတဲ့အချိန် လက်ချိုးရေလို့ရတယ်၊ နင်က သူနဲ့ ဘာလို့ ရင်းနှီးနေတာလဲ”

ယဲ့ရှောင်ရှောင် အေးစက်စွာ ပြောလိုက်သည်။

“နင်မယုံရင် လုဟန်ချွမ်ကို ကိုယ်တိုင် သွားမေးကြည့်လိုက်လေ၊ ဒါပေမယ့် နင်လုပ်နေတဲ့ ရူးရူးမိုက်မိုက် လုပ်ရပ်တွေကိုတော့ သွားမပြောတာ ပိုကောင်းလိမ့်မယ်၊ မဟုတ်ရင်တော့ ဖြစ်လာမယ့် အကျိုးဆက်ကို နင်လည်း ခန့်မှန်းမိမှာပါ”

တန့်ရွှယ်ဖုန်းအား ထိုစကားလုံးများနှင့်အတူ ချန်ထားခဲ့ပြီးနောက် ယဲ့ရှောင်ရှောင် လှည့်ထွက်လာခဲ့တော့သည်။

ယခုတစ်ခါတွင်တော့ တန့်ရွှယ်ဖုန်း အနောက်မှ လိုက်မလာတော့ပါ။ သူ့ရင်ထဲ မရေရာသော ထိတ်လန့်မှုတစ်ခုကို ခံစားနေရသည်။

ယဲ့ရှောင်ရှောင်၏ကောင်လေးဆိုသူမှာ အမှန်တကယ် လုဟန်ချွမ်ဖြစ်နေလျှင် သူ့လိုလူတစ်ဦးကို ကိုင်တွယ်ရန်မှာ ကလေးကစားစရာမျှသာ ဖြစ်ပေလိမ့်မည်။

သို့သော် သူ့ရင်ထဲတွင်တော့ မျှော်လင့်ချက်လေးအနည်းငယ် ထားရှိဆဲ ဖြစ်သည်။ ပတ်ဝန်းကျင်တွင် စုံစမ်းမေးမြန်းဖို့ သူဆုံးဖြတ်လိုက်ပါသည်။

သူ့လက်ထဲမှ ပန်းစည်းကို ဂရုမစိုက်ဟန်ဖြင့် ဘေးသို့ လွှင့်ပစ်ကာ ကျောင်းဝင်းထဲမှ လှည့်ထွက်လာခဲ့တော့သည်။

ယဲ့ရှောင်ရှောင်၏ အခန်းဖော်များက သူမကို စပ်စုလိုသော မျက်လုံးများဖြင့် ဝိုင်းကြည့်နေကြသည်။

ရှားလီက မေးသည်။

“အဲ့ဒီကောင်က ဘယ်ကရောက်လာတာလဲ၊ ငါတို့တက္ကသိုလ်ကျောင်းသားဖြစ်မယ့်ပုံလည်း မပေါ်ဘူးနော်”

ယဲ့ရှောင်ရှောင် ရိုးရိုးရှင်းရှင်း ပြန်ဖြေလိုက်သည်။

“ငါတို့အဲ့လောက် မရင်းနှီးပါဘူး၊ ငါသူ့ကို အပြတ်ငြင်းပြီးသွားပြီ”

ဝမ်ကျောင်း အနောက်သို့ လှည့်ကြည့်ကာ နှမြေတသ ပြောလိုက်သည်။

“နှမြောစရာကြီး၊ အဲ့လောက်လှတဲ့ပန်းတွေကို ဒီတိုင်းလွှင့် ပစ်ခဲ့တာ၊ အရမ်းဈေးကြီးမှာပဲ”

ထန်ရှို့ရှို့က ချေပသည်။

“လူမှန်ကို ပေးတာမှ မဟုတ်တာ၊ ဘာနှမြောစရာရှီလို့လဲ”

ဝမ်ကျောင်း ယဲ့ရှောင်ရှောင်ဘက်သို့ အကြည့်ပြန်လွှဲကာ ပြောလိုက်သည်။

“ရှောင်ရှောင်လို လူမျိုးကို ကြိုက်တဲ့လူ ရှားမှာ မဟုတ်ဘူးနော်၊ ဘဝမှာ အလှတရားဆိုတာ တကယ့်အားသာချက်ပဲ”

ယဲ့ရှောင်ရှောင်သည် တောက်ပသော မျက်ဝန်းများ၊ ဖြူစင်ဝင်းပသော သွားများ၊ နှင်းပွင့်လေးများပမာ ဖြူဖွေးနူးညံ့သည့် အသားအရေနှင့် ခါးသွယ်သွယ်၊ ခြေတံသွယ်သွယ်များကို ပိုင်ဆိုင်ထားသူဖြစ်သည်။

ပခုံးပေါ်ဝဲကျနေသည့် နက်မှောင်သော ဆံနွယ်များဖြင့် ပန်းချီကားထဲမှ ထွက်လာသော မိန်းမပျိုလေးပမာ လှပပါသည်။ မည်မျှပဲ မနာလိုအားကျနေပါစေ ထိုကဲ့သို့ အလှအပမျိုးကို တုပဖို့ ဟူသည်မှာ မဖြစ်နိုင်လှပါ။

ဝမ်ကျောင်းတစ်ယောက် လီမွန်သီးပမာ ချဉ်စူးသွားရသည်။

ယဲ့ရှောင်ရှောင်သည် မူလခန္ဓာကိုယ်ပိုင်ရှင်အကြောင်းကို သိပ်မသိသော်လည်း ယခင်ဘဝ ငယ်စဉ်ကတည်းက သူမကို ပိုးပန်းသူများစွာ ရှိခဲ့ဖူးကြောင်းကိုတော့ မှတ်မိပါသည်။

သို့သော် သူမ၏ မိသားစုက အရွယ်မတိုင်ခင် ရည်းစားထားခြင်းကို ပြင်းပြင်းထန်ထန် ပိတ်ပင်တားမြစ်ထားသည်။

ထို့အပြင် သူမဘဝတွင် ပညာပေါင်းစုံကိုသာ အမြဲမပြတ် လေ့လာသင်ယူနေခဲ့ရသဖြင့် နှလုံးသားရေးရာကိစ္စကိုစဉ်းစားဖို့ အချိန်မရှိခဲ့ပါ။

‘လုဟန်ချွမ်က ကံထူးသွားတဲ့လူပဲ’

ယဲ့ရှောင်ရှောင်တွေးလိုက်မိသည်။

“အတန်းစတော့မယ်၊ အတင်းတုပ်မနေကြနဲ့တော့”

ယဲ့ရှောင်ရှောင် ခြေလှမ်းများကို ခပ်သွက်သွက်လျှောက်လှမ်းလိုက်သည်။ တန့်ရွှယ်ဖုန်း၏ ကျေးဇူးကြောင့် သူမ အတန်းနောက်ကျပါတော့မည်။

ဝမ်ကျောင်းကမူ အရှုံးမပေးသေးဘဲ ဆက်မေးသည်။

“စကားလမ်းကြောင်းမလွှဲနဲ့လေ၊ ငါမေးတာ ဖြေစမ်းပါ”

ယဲ့ရှောင်ရှောင် “နေစမ်းပါ၊ နင်က အဖြေကို စိတ်ဝင်စားတာမှ မဟုတ်တာ”

ယဲ့ရှောင်ရှောင် မည်ကဲ့သို့ အဖြေမျိုးကိုပဲပေးပါစေ ဝမ်ကျောင်းက အကြောင်းအရင်းတစ်ခုခုရှာဖွေပြီး ကျေနပ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် နှုတ်ဆိတ်နေဖို့သာ ဆုံးဖြတ်လိုက်သည်။

ဝမ်ကျောင်းလည်း မကျေနပ်ချက်များဖြင့် နှုတ်ခမ်းစူ၊ ပါးဖောင်းသွားပြီး ခေါင်းငုံ့ကာ ရှေ့ဆက်လျှောက်လာခဲ့တော့သည်။

All Chapters