အခန်း ၁၆၀
Vol. 16 Ch. 160
📗 Chapter 160
ဟယ်ကျင်းကမူ အခြေအနေကို ထိန်းသိမ်းရန် ကြားထဲမှ ဝင်ဖျန်ဖြေပေးလိုက်သည်။
“ကဲပါ ကဲပါ၊ ရှောင်ရှောင်က လှပေမယ့် နင်ကလည်း မဆိုးပါဘူး၊ နင့်ကို သဘောကျနေတဲ့လူတွေ အများကြီးရှိတယ်လေ၊ ပြီးတော့ ဖန်ခိုင်ရွှမ်ကလည်း နင်မှနင် ဖြစ်နေတာ မဟုတ်ဘူးလား၊ တခြားဘယ်သူ့ကို လိုသေးလို့လဲ”
ဝမ်ကျောင်း နှုတ်ခမ်းစူလျက် ပြောလိုက်သည်။
“ငါ အဲ့လိုသဘော ပြောတာ မဟုတ်ဘူး”
ဟယ်ကျင်း “အဲ့တာကြောင့် ပြောတာပေါ့၊ ရှောင်ရှောင်လည်း အဲ့ကိစ္စတွေကြောင့် စိတ်ရှုပ်နေရမှာ သေချာတယ်”
ရှားလီလည်း ထောက်ခံသည်။
“ဟုတ်တယ်၊ ရှောင်ရှောင့်မှာ ရည်းစားရှိပြီးသားပဲဥစ္စာ၊ တခြားသူတွေ ရည်းစားစကားပြောတာကို နားထောင်ဖို့ လုံးဝ မလိုဘူးလေ”
ထန်ရှို့ရှို့က အတင်းတုပ်နေကြသည့် အခန်းဖော်များကို ကြည့်ရင်း ဝင်ပြောလိုက်ပါသည်။
“ငါပြောတာ ယုံစမ်းပါ၊ ရှောင်ရှောင်ရဲ့ ကောင်လေးက ခုနကကောင်ထက် အဆ ၁၀၀ လောက် ပိုကြည့်ကောင်းတယ်”
သူမ၏စကားကြောင့် လုဟန်ချွမ်ကို မမြင်ဖူးသည့် အခန်းဖော်များအားလုံး ပိုစိတ်ဝင်စားသွားကြသည်။ သို့သော် ထန်ရှို့ရှို့ကတော့ တစ်ခွန်းမှ ဆက်မဟတော့ပါ။
တစ်ချိန်တည်းမှာပင် တန့်ရွှယ်ဖုန်းသည် လုဟန်ချွမ်နှင့် ပတ်သတ်သည့် အချက်အလက်များကို စုံစမ်းဖို့ ဆုံးဖြတ်လိုက်သည်။
အသိုင်းအဝိုင်းချင်း တူညီကြသဖြင့် လူတိုင်းကို ပေါ်တင် လိုက်လံမေး၍လည်း မရပေ။ မဟုတ်ပါက အထိုးကြိတ်ခံရမည်မှာ သူ့အတွက် အသက်သာဆုံး အကျိုးဆက်ဖြစ်လာနိုင်သည်။
ပွင့်ပွင့်လင်းလင်း ဆိုရလျှင် စစ်တပ်ဝင်းထဲမှ ထိုငရဲမင်းကို တန့်ရွှယ်ဖုန်း အနည်းငယ် ကြောက်ရွံ့မိပါသည်။
သို့သော် မကြာမီ အခွင့်အရေးတစ်ခုက အလိုလို ရောက်ရှိလာခဲ့သည်။
ဟန်မိသားစုသည် အဘိုးဟန်၏အသက် ၆၀ ပြည့်နှစ် မွေးနေ့အား ဂုဏ်ပြုဖို့အတွက် မွေးနေ့ပွဲတစ်ခု ကျင်းပမည် ဖြစ်သည်။
စစ်တပ်ဝင်းထဲမှ လူတိုင်းနီးပါး ထိုမွေးနေ့ပွဲကို တက်ရောက်ရပါမည်။
ဟန်ရှင်းသည် လုဟန်ချွမ်၏ သူငယ်ချင်းဖြစ်သည့်အလျောက် အတွင်းသတင်းကို အသေအချာ သိရှိနိုင်မည်ဟု တန့်ရွှယ်ဖုန်း တွေးတောမိကာ ထိုမွေးနေ့ပွဲကို အသုံးချလျက် သူနှင့် စကားအနည်းငယ် ပြောကြည့်ဖို့ ဆုံးဖြတ်လိုက်ပါသည်။
သူ့အကြံမှာ အလွန်စိတ်ကူးယဉ်ဆန်လှပြီး ဟန်ရှင်းကို ပုဂ္ဂိုလ်ရေးအရ ချဉ်းကပ်ရန် ဖြစ်နိုင်ခြင်း မဖြစ်နိုင်ခြင်းကိုပင် ထည့်တွက်ဖို့ မေ့လျော့သွားခဲ့သည်။
အဘိုးဟန်၏အသက် ၆၀ နှစ်ပြည့်မွေးနေ့ကို အာရုံစိုက်ထားသူက တန့်ရွှယ်ဖုန်းတစ်ဦးတည်း မဟုတ်ပေ။ လုဟန်ချွမ်လည်း ဖိတ်စာတစ်စောင် ရရှိထားသည်မှာ ကြာပါပြီ။
ထိုမွေးနေ့ပွဲသို့ သူကျိန်းသေပေါက် တက်ရောက်ရမည်။ လုမိသားစုနှင့် ဟန်မိသားစုတို့က အလွန်ရင်းနှီးကျွမ်းဝင်ကြပြီး သူနှင့် ဟန်ရှင်းတို့မှာလည်း ညီအစ်ကိုများပမာ ခင်မင်ရင်းနှီးမှု ရှိကြသည်။
ထို့အပြင် အဘိုးဟန်က လူငယ်ဖြစ်သည့် လုဟန်ချွမ်ကို အလွန်ပင် အထင်ကြီးလေးစားသည်။ ထိုနေ့တွင် အရေးပေါ် တာဝန်တစ်ခုခု မရှိလျှင် လုဟန်ချွမ်ဘက်မှ မတက်ရောက်စရာအကြောင်း မရှိပါ။
ဟန်ရှင်း လုဟန်ချွမ်အား ဖုန်းဆက်လိုက်ပါသည်။
“မင်းလာကို လာရမယ်နော်၊ ဒါပေမယ့် တစ်ခုတော့ ကြိုသတိပေးထားမယ်၊ မွေးနေ့ပွဲကို ချန်းမင်လည်း ရောက်လာလိမ့်မယ်၊ အဲ့တာကြောင့် သတိကြီးကြီးနဲ့နေ”
ချန်းမင်ဟူသည်မှာ ယခင်က လုဟန်ချွမ်အနား အတင်းလိုက်ကပ်ခဲ့သည့် ကောင်မလေးဖြစ်သည်။
သူမ၏မျိုးရိုးအမည်က ချန်းဖြစ်သော်လည်း အဘွားလု၏ မိသားစုနှင့် အမျိုးတော်စပ်မှုမရှိပါ။ သူမ ဖခင်ဖြစ်သူမှာ စစ်တပ်ဝင်းအနီးရှိ စစ်သည်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို ပုံမှန်ကုသပေးနေသည့် အမှတ် ၁၀၃ စစ်ဆေးရုံ၏ ညွှန်ကြားရေးမှူး ဖြစ်သည်။
ထို့ကြောင့် ချန်းမင်သည်လည်း စစ်တပ်ဝင်းထဲမှ လူတိုင်းနှင့် အလွန်ရင်းနှီးကျွမ်းဝင်မှု ရှိနေပါသည်။
သူမသည် လုဟန်ချွမ်ကို ပထမဦးဆုံး မြင်လိုက်ရသည့်အချိန်ကတည်းက စိတ်ဝင်စားခဲ့ပြီး ယခုချိန်ထိ ပိုးပန်းနေဆဲဖြစ်သည်။
မိန်းကလေးဘက်မှ ယောကျ်ားလေးကို ပိုးပန်းသည့်အခါ ပဝါပါးတစ်ထည် ခြားထားသည့်ပမာ လွယ်ကူလွန်းသည်ဟု ပြောစမှတ် ရှိကြသော်လည်း ချန်းမင်အတွက်တော့ မဟာတံတိုင်းကြီး ကာခြားထားသည့်ပမာ ခက်ခဲလွန်းပါသည်။
ယခင်က အဘွားလုသည် ချန်းမင်ကို သဘောကျနှစ်သက်ခဲ့ပြီး အိမ်ကို မကြာခဏအလည်ခေါ်လေ့ရှိသည်။ သို့သော် လုဟန်ချွမ်ကမူ သူမအပေါ် အေးတိအေးစက်သာ ဆက်ဆံခဲ့ပါသည်။
လုဟန်ချွမ် ဘဝင်မကျစွာ မေးမြန်းလိုက်သည်။
“ချန်းမင်လာတာ မလာတာ ငါနဲ့ဘာဆိုင်လို့လဲ”
ဟန်ရှင်း သက်ပြင်းချလိုက်ပါသည်။
“တစ်ဖက်သတ်အချစ်ဆိုတာ တကယ်မလွယ်ပါလား၊ ချန်းမင်အတွက် စိတ်မကောင်းစရာပဲ”
လုဟန်ချွမ်၏လေသံမှာ အေးစက်သွားခဲ့သည်။
“ငါ့မှာကောင်မလေး ရှိပြီးသား”
“ဟုတ်ပါတယ် ဟုတ်ပါတယ်၊ မင်းမှာ… နေပါဦး ဘာဖြစ်တယ်!”
ဟန်ရှင်းမှာ ကမ္ဘာပျက်တော့မည့် သတင်းတစ်ခုကို ကြား လိုက်ရသကဲ့သို့ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
“မင်းမှာ ဘာရှိတယ်လို့ ပြောလိုက်တာ၊ ကောင်မလေးရှိတယ် ဟုတ်လား၊ ငါနားကြားမှာနေတာလား၊ မင်းပဲ စကားမှားတာလား”
လုဟန်ချွမ် လေးလေးနက်နက် ထပ်ပြောလိုက်သည်။
“ဘာအံ့ဩစရာရှိလို့လဲ၊ ငါ့မှာ ကောင်မလေးရှိတယ်လေ”
ဟန်ရှင်း ချက်ချင်းပင် အသေးစိတ်မေးမြန်းလိုက်သည်။
“ဘယ်သူလဲ၊ ဘယ်ကလဲ၊ မင်းက တစ်နေကုန်တစ်နေကန်း စခန်းမှာပဲ အရိုးဆွေးနေတဲ့ကောင်မဟုတ်ဘူးလား၊ ဘယ် တုန်းက ကောင်မလေးရှာချိန်ရသွားတာလဲ၊ ဧကန္တ မင်းတို့တပ်က စစ်သည်မလေးတစ်ယောက်လား၊ ဟုတ်လား အဲ့လိုမျိုးလား”
ဟန်ရှင်းတွင် မေးခွန်းပေါင်းများစွာ ရှိနေသော်လည်း လုဟန်ချွမ်က မေးခွန်းတိုင်းကို ရှင်းပြဖို့ စိတ်မရှည်ပါ။
“ငါ ဖုန်းချတော့မယ်”
“ဖုန်းမချနဲ့ဦး! မချနဲ့ဦးနော်! မွေးနေ့ပွဲကျရင် မင်းကောင်မ လေးကိုပါ ခေါ်လာခဲ့ကွာ၊ ငါတို့ညီအစ်ကိုတွေအကုန် အကဲခတ်ကြည့်လို့ရအောင်”
လုဟန်ချွမ် နားမလည်နိုင်ဖြစ်သွားသည်။
“သူက ငါ့ကောင်မလေးလေ၊ မင်းတို့ကောင်တွေကို ဘာလို့ပြရမှာလဲ”
ဟန်ရှင်း စကားနင်သွားသည်။
‘ဒီကောင်ဘယ်လိုကောင်လဲ၊ ဥစ္စာခြောက်ချက်က ကြောက်ဖို့ကောင်းလိုက်တာ’
“ငါတို့ မင်းဆီက လုဖို့ မဟုတ်ပါဘူးကွာ၊ နှစ် ၂၀ လောက် ခင်မင်ရင်းနှီးလာတဲ့ ညီအစ်ကိုတွေပဲဥစ္စာ၊ ငါတို့ရဲ့ ခယ်မလေးနဲ့ တွေ့ခွင့်တောင် မရှိဘူးလား”
လုဟန်ချွမ်ကဲ့သို့ လူမျိုးအား ယဉ်ပါးသွားအောင် လုပ်နိုင်သည့် သဘာဝလွန် အမျိုးသမီးလေးကို ဟန်ရှင်း တွေ့ချင်လွန်းသဖြင့် တစ်ပိုင်းသေနေပါပြီ။
လုဟန်ချွမ် “ကောင်းပြီလေ, ငါသူ့ကို မေးကြည့်လိုက်မယ်၊ ဒါပေမယ့် သူက အားချင်မှ အားမှာ”
ထို့အပြင် မွေးနေ့ပွဲသို့ စစ်တပ်ဝင်းမှ လူပေါင်းများစွာ တက်ရောက်လာမည်ဖြစ်၍ ယဲ့ရှောင်ရှောင်သည် ထိုလူများနှင့် တွေ့ချင်စိတ် ရှိမည် မထင်ပါ။
စည်းကျော်သည့် မေးခွန်းများစွာ လာမေးသူများ ရှိနိုင်သဖြင့် ရှောင်ရှောင်ကို လုဟန်ချွမ် စိတ်မသက်မသာ မဖြစ်စေချင်ပါ။
ဟန်ရှင်းက ပိုပိုကဲကဲ လေသံဖြင့် ဆိုသည်။
“ကျွတ် ကျွတ် ကျွတ်၊ ငါ့အစ်ကိုလုကတော့ အာဏာတွေ တဖြည်းဖြည်း ကျဆင်းလာပြီပဲ၊ ငါတို့ ခယ်မလေးက ဘယ်သူလဲဆိုတာ ပိုတောင်သိချင်သွားပြီ”
လုဟန်ချွမ် ဤကဲ့သို့ ကျိုးနွံနေရသည့် အခိုက်အတန့်ကို တစ်သက်နှင့်တစ်ကိုယ် မြင်ရလိမ့်မည်ဟု ဟန်ရှင်း ထင်မထားခဲ့ပါ။ ယခင်က စောင့်မျှော်နေခဲ့ရသမျှ အလွန်တန်သည်ဟု ခံစားလိုက်ရသည်။
တီ…
လုဟန်ချွမ် ဖုန်းချလိုက်လေသည်။
ဟန်ရှင်း၏အဓိပ္ပာယ်မဲ့သော စကားများကို နားထောင်ရင်း လုဟန်ချွမ်တစ်ယောက် ဉာဏ်ရည် နိမ့်ပါးသွားသလိုပင် ခံစားရသည်။ နောက်နောင် ထိုကောင်နှင့် စကားသိပ်မပြောဖို့ ဆုံးဖြတ်လိုက်ပါသည်။
အဘိုးဟန်၏ မွေးနေ့ပွဲသို့ တက်ရောက်လိုခြင်းရှိ၊ မရှိ ယဲ့ရှောင်ရှောင်အား လုဟန်ချွမ် မေးမြန်းရပါမည်။
ထို့ကြောင့် ကျင့်ဟွာတက္ကသိုလ်သို့ ဖုန်းဆက်လိုက်ပြီး ဆေးဌာန မိန်းကလေးအဆောင်ဘက်သို့ ဖုန်းလွှဲပြောင်းခိုင်းလိုက်သည်။
အဆောင်မှူးက ယဲ့ရှောင်ရှောင်ကို ခေါ်ဆိုကာ ဖုန်းပေးလိုက်ပါသည်။
ယဲ့ရှောင်ရှောင်က မေးသည်။
“ဒေါ်လေး၊ သမီးတို့ ဒီဖုန်းကို ကိုယ်ရေးကိုယ်တာကိစ္စနဲ့ သုံးလို့ မရဘူးမလား”
အဆောင်မှူးက လက်ကာလျက် ပြောလိုက်သည်။
“ဒီဖုန်းကို ကျောင်းအုပ်ကြီးရုံးခန်းထဲကနေ တိုက်ရိုက် လွှဲပေးထားတာ၊ နင်နဲ့ အရေးကြီးကိစ္စ ပြောစရာရှိလို့ဖြစ်မယ်၊ မြန်မြန် ကိုင်လိုက်စမ်းပါ”
ယဲ့ရှောင်ရှောင် ဖုန်းကို ချက်ချင်းကိုင်လိုက်သည်။
“ဟယ်လို”
လုဟန်ချွမ် တိုးညှင်းစွာ ရယ်လိုက်ပါသည်။
“ကိုယ်ပါ”
ယဲ့ရှောင်ရှောင်သည် ဖိနပ်အောက်ခံများ ချုပ်နေသည့် အဆောင်မှူးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး တိုးညှင်းစွာ ပြန်ဖြေလိုက်ပါသည်။
“ကိစ္စတစ်ခုခုရှိလို့လား”
အရေးကြီးကိစ္စမရှိလျှင် လုဟန်ချွမ်က အဆောင်သို့ တိုက် ရိုက်ဖုန်းခေါ်ဆိုမည် မဟုတ်ပေ။
လုဟန်ချွမ်သည် မွေးနေ့ပွဲကိစ္စကို ယဲ့ရှောင်ရှောင်အား ရှင်းပြလိုက်သည်။
“လူတွေအများကြီး ရောက်လာမှာဆိုတော့ ရှောင်ရှောင် မသွားချင်ရင်လည်း ရပါတယ်”
ယဲ့ရှောင်ရှောင်က မေးသည်။
“ဘယ်နေ့လဲ၊ ကျွန်မ အချိန်ဇယားပြန်တိုက်ကြည့်ရဦးမယ်”
“မတ်လ ၁၈ ရက်နေ့”
ယဲ့ရှောင်ရှောင် အချိန်ကို တွက်ချက်ကြည့်လိုက်သည်။
“တနင်္လာနေ့ကြီးပဲ၊ မနက်ပိုင်း အတန်းချိန်ရှိတယ်၊ မွန်းတည့်ချိန်လောက် သွားရင် မီနိုင်လား”
လုဟန်ချွမ်သည် သူနှင့်အတူ လူအများရှေ့တွင် ယဲ့ရှောင်ရှောင် ကိုယ်ထင်ထွက်ပြရဲလိမ့်မည်ဟု ထင်မထားခဲ့ပါ။ သူမ၏အလွယ်တကူ လိုက်လျောမှုကြောင့် လုဟန်ချွမ် အနည်းငယ် ပီတိဖြာသွားရသည်။
“အဆင်ပြေပါတယ်၊ အစောကြီးသွားစရာမလိုဘူး”
ယဲ့ရှောင်ရှောင် “ဟုတ်ပြီ၊ အဲ့နေ့ကျရင် ကျွန်မကို လာကြိုလိုက်လေ၊ မွေးနေ့လက်ဆောင် ဝယ်ထားဖို့ လိုသေးလား”
“ဘာမှ ဝယ်စရာမလိုဘူး၊ ကိုယ်အားလုံး စီစဉ်လိုက်မယ်”
“ဟုတ်ပြီ”
ယဲ့ရှောင်ရှောင်မှာလည်း အဘိုးဟန်၏ မွေးနေ့ပွဲကို တက်ရောက်ရသည့် ကိုယ်ပိုင်အကြောင်းအရင်းများ ရှိပါသည်။ တန့်ရွှယ်ဖုန်းနှင့် အဖြစ်အပျက်ကို သူမ အမှတ်ရသွားခြင်းကြောင့် ဖြစ်သည်။
မူလခန္ဓာကိုယ်ပိုင်ရှင်တွင် ဇာတ်ပို့မတစ်ဦး၏ ရောင်ဝါမျိုး ရှိသည်။ သို့သော် ကောင်းသော ရောင်ဝါမျိုး မဟုတ်ဘဲ မူလပထမက လူတိုင်း၏ချစ်ခင်မှုကို ခံရသော်ငြား နောက်ဆုံးတွင် လူတိုင်း၏စွန့်ပယ်မှုကို ခံရကာ ဇာတ်သိမ်းမလှမည့် ရောင်ဝါမျိုးပင်။
ဝတ္ထု၏အစောပိုင်းအဆင့်များတွင် သူမသည် စစ်တပ်ဝင်းထဲရှိ မည်သူမှ လက်လှမ်းမမီနိုင်သော ‘လရောင်ဖြူ’လေးအဖြစ် သတ်မှတ်ခံထားရဆဲဖြစ်သဖြင့် လူတိုင်းက သဘောကျနှစ်သက်ကြသည်မှာ မဆန်းလှပေ။
ယခုအခါတွင်မူ ရှုကျမ့်ဝမ်နှင့် သူမတို့၏စေ့စပ်ကြောင်း လမ်းထားမှုအား ဖျက်သိမ်းလိုက်ပြီဟူသော သတင်းများ ပျံ့နှံ့သွားပြီ ဖြစ်၍ သူမကို သဘောကျခဲ့ဖူးသူတိုင်း ပြန်လည်လှုပ်ခတ်လာကြပြီ ဖြစ်သည်။
ယဲ့ရှောင်ရှောင်သည် ထိုသူတို့၏ အကြံအစည်များကို ယခုအချိန်ကတည်းက အညွှန့်ချိုးထားချင်ပါသည်။ လုဟန်ချွမ်နှင့်အတူ မွေးနေ့ပွဲသို့ တက်ရောက်လိုက်ခြင်းက ထိရောက်မှုအရှိဆုံးနည်းလမ်း ဖြစ်လိမ့်မည်။
ယဲ့ရှောင်ရှောင်အား သတိပေးစကားအချို့ ပြောပြီးနောက် လုဟန်ချွမ် ဖုန်းချလိုက်ပါသည်။
ယဲ့ရှောင်ရှောင်လည်း အဆောင်ခန်းဆီသို့ ပေါ့ပေါပါးပါး ပြန်လျှောက်လာခဲ့သည်။
သူမ၏ကောင်လေး မည်သူမည်ဝါဖြစ်ကြောင်း ပြောပြလိုက်သည့်နေ့မှစ၍ တန့်ရွယ်ဖုန်းအား သူမ မတွေ့မိတော့ပါ။
ယခုမွေးနေ့ပွဲပြီးဆုံးသောအခါတွင်လည်း စစ်တပ်ဝင်းထဲမှ လူတိုင်း သူမကို နှောင့်ယှက်ရဲကြတော့မည် မဟုတ်ပေ။
--- --- ---
အဘိုးဟန်၏ မွေးနေ့ပွဲနေ့တွင်…
မနက်ခင်း အတန်းချိန်များပြီးဆုံးသွားသောအခါ ယဲ့ရှောင်ရှောင်သည် အဆောင်သို့ပြန်လာပြီး စာအုပ်များသိမ်းဆည်းလျက် အဝတ်အစား လဲလိုက်သည်။
ပေကျင်းမြို့၏ ရာသီဥတုသည် အနည်းငယ် ချမ်းစိမ့်နေဆဲဖြစ်၍ အပြင်ထွက်မည်ဆိုလျှင် ဆွယ်တာတစ်ထည်၊ အနွေးထည်ထူထူတစ်ထည် ဝတ်ဆင်ဖို့ လိုအပ်ပါသေးသည်။
ယဲ့ရှောင်ရှောင်သည် လည်ဖုံးဆွယ်တာလေးတစ်ထည်နှင့် ဂျင်းဘောင်းဘီရှည်၊ အပြာရင့်ရောင် ကတ်ရှ်မီးယားကုတ် အင်္ကျီရှည်ကြီးနှင့် သားရေဖိနပ်အနက်တို့ကို လဲလှယ်ဝတ်ဆင်လိုက်သည်။
အဆိုပါ ကုတ်အင်္ကျီကို ယခင်ဈေးဝယ်ထွက်စဉ်က လုဟန်ချွမ် ဝယ်ယူပေးခဲ့ခြင်းဖြစ်ပါသည်။
ပုံမှန်အတန်းတက်လျှင် သူမ ဝတ်ဆင်သွားလေ့မရှိသော် လည်း လူကြီးသူမတစ်ဦး၏ မွေးနေ့ပွဲဖြစ်၍ သပ်သပ်ရပ်ရပ် ဝတ်ဆင်သွားဖို့လိုအပ်သည်။
ဤဝတ်စားဆင်ယင်ပုံမျိုးသည့် နောင်လာမည့် ဆယ်စုနှစ်အနည်းငယ်ကြာသည့်တိုင်အောင် ရိုးရှင်းသွားမည် မဟုတ်ပေ။
ယဲ့ရှောင်ရှောင်သည် နှုတ်ခမ်းနီခပ်ပါးပါး ဆိုးကာ မှန်ထဲတွင် ကိုယ့်ပုံကိုယ်ကြည့်ပြီး စိတ်ကျေနပ်မှုအပြည့်ဖြင့် ပြုံးလိုက်တော့သည်။