← Chapters

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း ၁၆၁

Vol. 17 Ch. 161

📗 Chapter 161

ယဲ့ရှောင်ရှောင် အဆောင်အောက်သို့ မရောက်မီမှာပင် လမ်းတွင် လူအများ၏အာရုံစိုက်မှုကို ခံခဲ့ရသည်။

အဆောင်အတွင်းရှိ မိန်းကလေးအများစုသည် အဝတ်အစားကို ရိုးရိုးရှင်းရှင်းသာ ဝတ်ဆင်တတ်ကြသူများဖြစ်၍ ဤကဲ့သို့ ဖက်ရှင်ကျလှသော ကောင်မလေးတစ်ဦးကို မြင်တွေ့လိုက်ရသည်မှာ အလွန်ထူးဆန်းနေခဲ့ပါသည်။

သူမကို လူအများအပြားက ခိုးကြောင်ခိုးဝှက် ငေးမောကြည့်ရှုသွားကြသည်။

အဆောင်အောက်သို့ ရောက်သည်နှင့် ယဲ့ရှောင်‌ရှောင်သည် လုဟန်ချွမ် ရှိရာထံသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားခဲ့သည်။

လုဟန်ချွမ်သည် သူ့ကောင်မလေးကို မျက်တောင်မခတ် ငေးကြည့်ရင်း ပြောလိုက်ပါသည်။

“တို့ရှောင်ရှောင်လေးက ဒီနေ့ အရမ်းလှနေပါလား”

ယဲ့ရှောင်ရှောင် ပြန်လည်ချေပသည်။

“ကျွန်မ မလှတဲ့အချိန် ရှိလို့လား”

လုဟန်ချွမ် ပြုံးမိသွားသည်။

“နေ့တိုင်းလှပါတယ်၊ ဒါပေမယ့် ကိုယ်က နေ့တိုင်းမြင်နေရတဲ့သူ မဟုတ်ဘူးလေ”

“ရှင်လည်း ဒီနေ့ တော်တော်အပြောကောင်းနေတယ်နော်”

လုဟန်ချွမ်သည့် ယဲ့ရှောင်ရှောင်၏ ပခုံးကိုဖက်လျက် ခေါ်ဆောင်သွားခဲ့သည်။

“အတန်းဆင်းကတည်းက ဘာမှမစားရသေးဘူးမလား၊ ဟိုကို အလောတကြီး သွားစရာမလိုပါဘူး၊ တစ်ခုခု အရင်သွားစားကြရအောင်”

မွေးနေ့ပွဲတွင် လူပေါင်းများစွာနှင့် အလွန်ရှုပ်ထွေးနေပါလိမ့်မည်။ လူအများစုက မျက်နှာလာပြရုံသာဖြစ်ကာ အစားကောင်းကောင်း စားနိုင်မည်၊ မစားနိုင်မည်ကို ခန့်မှန်းရခက်လှသဖြင့် ရှောင်ရှောင်ဗိုက်ဆာနေမည်ကို သူ မလိုလားပေ။

ယဲ့ရှောင်ရှောင် မော့ကြည့်လျက် မေးလိုက်သည်။

“အဘိုးဟန်ရဲ့ မွေးနေ့ပွဲမှာ စားဖို့သောက်ဖို့ သွားကြမှာ မဟုတ်ဘူးလား”

လုဟန်ချွမ်က ဆိုသည်။

“အဆာပြေ ဗိုက်ဖြည့်ထားလိုက်၊ ဟိုရောက်ရင် တော်တော်နဲ့ စားရမယ် မထင်ဘူး”

လုဟန်ချွမ်သည် အမှန်တကယ် အလျင်မလိုခဲ့ပေ။ ယဲ့ရှောင်ရှောင်ကို တစ်ခုခု လိုက်ကျွေးပြီးမှ မွေးနေ့လက်ဆောင်ကို ယူဆောင်ပြီး ပေကျင်းဟိုတယ်သို့ ကားဖြင့် သွားရောက်ခဲ့သည်။

အဘိုးဟန်၏ အသက် ၆၀ နှစ်ပြည့် မွေးနေ့ကို ပေကျင်းဟိုတယ်၏ တတိယထပ်တွင် ကျင်းပပါမည်။

အဘိုးဟန်သည် မွေးနေ့ပွဲကို ကြီးကြီးကျယ်ကျယ် ကျင်းပဖို့ စိတ်ကူးမရှိခဲ့သော်လည်း လူငယ်မိသားစုဝင်များက သူ့အတွက် စီစဉ်ပေးခဲ့သည်။

အသက် ၆၀ နှစ်ပြည့်သော မွေးနေ့မှတ်ကျောက်တိုင်တစ်ခုဖြစ်၍ အလွန်အလေးထားကာ ဆောင်ရွက်ရပါမည်။

အဘိုးဟန်လည်း မတတ်သာဘဲ လူငယ်များ၏ ဆန္ဒကို လိုက်လျောပေးခဲ့ရသည်။ အမှန်တွင် သားသမီးမြေးမြစ်များ ရှိနေလျှင် သူ့အတွက် လုံလောက်ပြီဖြစ်ကာ အခြားမည်သူ့ကိုမှ သူ မမြင်ချင်ပေ။

လုဟန်ချွမ်တို့ ကားပါကင်ထိုးချိန်တွင် ဟိုတယ်ကားပါကင်၌ ကားပေါင်းများစွာနှင့် ပြည့်ကျပ်နေပြီဖြစ်သည်။ အများစုကလည်း ဂျစ်ကားများသာ ဖြစ်ကြသည်။

ယဲ့ရှောင်ရှောင် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ကာ သာမန်အချိန်ဆိုလျှင် ပေကျင်းမြို့လမ်းမပေါ်၌ပင် ဤမျှလောက် များပြားသော ကားများကို မြင်ရလိမ့်မည်မဟုတ်ဟု တွေးလိုက်မိပါသည်။

အဘိုးဟန်၏အရှိန်အဝါမှာ သာမန်ထက် ထူးကဲမှန်း သိသာလှသည်။

ယဲ့ရှောင်ရှောင် မေးလိုက်သည်။

“အဘိုးနဲ့ အဘွားတို့ကော လာကြမှာလား”

“ဟိုတယ်မှာ လူရှင်းသွားမှ အဘိုးနဲ့ အဘွားတို့ ဟန်အိမ်တော်ကိုပဲ သွားကြလိမ့်မယ်၊ ဒီမှာ လူတွေများလို့ သူတို့ လာမှာ မဟုတ်ဘူး”

လုဟန်ချွမ်၏ မိဘနှစ်ပါးလည်း တက်ရောက်မည် မဟုတ်ပါ။ ထို့ကြောင့် လူငယ်ဖြစ်သော လုဟန်ချွမ်ကသာ မွေးနေ့လက် ဆောင်ဖြင့် ရောက်လာခဲ့ရခြင်း ဖြစ်သည်။

ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။

“အထဲဝင်ကြရအောင်လေ”

ဝင်ပေါက်သို့ ရောက်သောအခါ ဟန်မိသားစုမှ စီစဉ်ပေးထားသည့် လုံခြုံရေးဝန်ထမ်းက သူတို့ကို ကြိုဆိုပြီး လမ်းညွှန်ပြသပေးလိုက်သည်။

လုဟန်ချွမ်သည် မွေးနေ့လက်ဆောင်ကို ဧည့်ကြိုကောင်တာတွင် အပ်ခဲ့ကာ ယဲ့ရှောင်ရှောင်နှင့်အတူ ခန်းမထဲသို့ ဆက်ဝင်လာခဲ့ပါသည်။

ယခုချိန်တွင် မွေးနေ့ပွဲခန်းမ၌ ဧည့်သည်မြောက်များစွာဖြင့် ပြည့်ကျပ်နေပြီ ဖြစ်သည်။

အထဲသို့ ရောက်သောအခါ ယဲ့ရှောင်ရှောင် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။

‘၁၉၈၀ ပြည့်နှစ်တွေရဲ့ လူကုံထံအသိုင်းအဝိုင်းတွေ စုဝေးတဲ့ပွဲမျိုးက ဒါမျိုးလား

မူလက စားပွဲဝိုင်းကြီးများတွင် ဧည့်သည်များအားလုံး စုဝေးထိုင်ကာ စားသောက်ကြရမည့် ဟိုတယ်အပြင်အဆင်မျိုးသာ ဖြစ်လိမ့်မည်ဟု ယဲ့ရှောင်ရှောင် ထင်မှတ်ထားခဲ့သည်။

ယခုကဲ့သို့ ရှန်ပိန်များ၊ ဝိုင်နီများဖြင့် ဆင်ယင်မွမ်းမံထားသည့် ဘူဖေးစတိုင် ခန်းမကြီးဖြစ်နေလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပါ။

သို့သော် ခဏတာ အံ့ဩပြီးနောက် ယဲ့ရှောင်ရှောင် မျက်နှာကို အမြန်ပြန်ထိန်းလိုက်ပါသည်။

သူမသည် ယခင်က ဤကဲ့သို့ ကြီးကျယ်ခမ်းနားသည့် ပွဲသဘင်ပေါင်းများစွာကို တက်ရောက်ဖူးသူ ဖြစ်သောကြောင့် ဤမျှလောက်နှင့်တော့ သရုပ်ပျက်သွားမည်မဟုတ်ပေ။

ဟန်ရှင်းနှင့် သူငယ်ချင်းများစွာတို့ လုဟန်ချွမ်ကို စောင့်မျှော်နေကြသည်မှာ အတော်ကြာပါပြီ။

လုဟန်ချွမ်ဝင်လာသည်ကို မြင်သောအခါ ဟန်ရှင်းက ဦးစွာ သွားကြိုဆိုလိုက်သည်။ ရည်ရွယ်ချက် အစစ်အမှန်ကမူ သာမန်ထက် ထူးကဲသည့် သူ့‘ခယ်မလေး’ မည်သူမည်ဝါဖြစ်မှန်း သွားကြည့်ကာ အစောကတည်းက ကပ်ဖားထားဖို့ ဖြစ်ပါသည်။

ထို့နောက် လုဟန်ချွမ်နှင့် လက်ချင်းတွဲထားသည့် ယဲ့ရှောင်ရှောင်ကို သူမြင်လိုက်ရသည်။

ယဲ့ရှောင်ရှောင်သည် ယနေ့ အလွန်တောက်ပလျက် ရှိသည်။

လုဟန်ချွမ်ဘေးတွင် အတူတူ ရပ်နေသောအခါ နှစ်ယောက်သား အလွန်ပင်လိုက်ဖက်လှသည်။ ခန်းမထဲသို့ ဝင်လာသည် နှင့် လူပေါင်းများစွာ၏ အကြည့်ကို ဆွဲဆောင်နိုင်ခဲ့ကြပါသည်။

ဟန်ရှင်း၏ မျက်လုံးများ လက်ဘက်ရည်ပန်းကန်လုံးအရွယ်မျှ ပြူးကျယ်သွားခဲ့သည်။

“မင်း… မင်းတို့နှစ်ယောက်…!”

“ငါ့ခယ်မလေးက ရှောင်ရှောင်တဲ့လား! ဘယ်လိုတွေ ဖြစ်တာလဲ!”

ယဲ့ရှောင်ရှောင် ပြုံးလျက် တောင်းပန်သည်။

“တောင်းပန်ပါတယ်၊ အရင်တစ်ခေါက်က ပြောဖို့ မေ့သွားလို့”

ယခင်တစ်ခေါက် ယဲ့ရှောင်ရှောင်နှင့် တွေ့ဆုံခဲ့စဉ်က သူပြောခဲ့သည့် ရူးရူးမိုက်မိုက်စကားများကို ပြန်အမှတ်ရကာ ဟန်ရှင်း သတိလစ်ချင်သွားသည်။

ထို့နောက် လုဟန်ချွမ်ကို လှည့်ကြည့်လိုက်ပြီး အံကြိတ်လျက် ပြောလိုက်သည်။

“ငါ ထင်သားပဲ! မင်းက သူများကို အလကားကူညီပေးရလောက်အောင် သဘောမကောင်းနိုင်ပါဘူးလို့!”

အရာအားလုံးကို သေချာပြန်စဉ်းစားကြည့်မှ သဲလွန်စများ ရှိနေခဲ့သည်ကို ဟန်ရှင်း နားလည်ခဲ့ရသည်။

လုဟန်ချွမ်သည် ပထမဆုံး တွေ့ဆုံသည့်အချိန်ကတည်းက ယဲ့ရှောင်ရှောင်အား သူ့ဖုန်းနံပါတ် ပေးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်ကတည်းက သူမကို စိတ်ဝင်စားနေခဲ့ခြင်းဖြစ်ပါလိမ့် မည်။

လုဟန်ချွမ်ကမူ ဟန်ရှင်း၏အဖြစ်သည်းနေပုံကို လျစ်လျူရှုကာ မေးလိုက်သည်။

“အဘိုးဟန်ဘယ်မှာလဲ၊ အဘိုးကို အရင်သွားနှုတ်ဆက်လိုက်မယ်”

ဟန်ရှင်းလည်း မတတ်သာဘဲ ပြောချင်သည့် စကားလုံးများအား ပြန်မျိုသိပ်ကာ လုဟန်ချွမ်ကို ခေါ်ဆောင်လျက် သူ့အဘိုးကို သွားတွေ့ခဲ့ရတော့သည်။

အဘိုးဟန်ကို လူပေါင်းများစွာက ပတ်လည်ဝိုင်းကာ စကားပြောဆိုနေကြပါသည်။ အဘိုးဟန်မှာ အသက် ၆၀ ရှိပြီ ဖြစ်သော်ငြား တက်ကြွနေဆဲပင် ဖြစ်သည်။

“ရှောင်းချွမ် ရောက်လာပြီလား၊ မင်းကို မတွေ့ရတာတောင် ကြာပြီ”

အဘိုးဟန်သည် လုဟန်ချွမ်ကို အလွန်အမင်း သဘောကျပါသည်။ သူ၏ အသုံးမကျသည့် မြေးထက် လုဟန်ချွမ်က အဆပေါင်းများစွာ ပိုသာသည်ဟု အမြဲတမ်း ယူဆထားခဲ့သည်။

“ကျွန်တော် စခန်းမှာ တာဝန်ကျနေလို့ လာလည်ဖို့ အချိန်သိပ်မရှိလို့ပါ၊ အဘိုးဟန် ကျန်းမာရေး ကောင်းရဲ့လား”

အဘိုးဟန်က အားရပါးရ ရယ်မောလိုက်ပါသည်။

“ကောင်းပါ့ကွာ!”

ထို့နောက် လုဟန်ချွမ်က ယဲ့ရှောင်ရှောင်နှင့် အဘိုးဟန်တို့ကို မိတ်ဆက်ပေးလိုက်သည်။

“အဘိုး၊ ဒါကျွန်တော့်ကောင်မလေး ရှောင်ရှောင်တဲ့”

ယဲ့ရှောင်ရှောင်ကလည်း ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်သည်။

“တွေ့ရတာ ဝမ်းသာပါတယ် အဘိုး”

ဟန်ရှင်းတစ်ယောက် ကမ္ဘာပျက်သလို ခံစားလိုက်ရသည်။ ထင်မှတ်ထားသည့်အတိုင်းပင် အဘိုးဖြစ်သူမှာ သိသိသာသာ စိတ်ဝင်စားသွားခဲ့ပါသည်။

“ရှောင်းချွမ်တောင် ကောင်မလေးရှိနေပြီပဲ! ကောင်းတယ်ကွာ ကောင်းတယ် ကောင်းတယ်၊ တကယ်လှတဲ့ ကောင်မ လေးပဲ၊ ငါတို့အိမ်က ဟန်ရှင်းနဲ့တော့ ကွာလိုက်တာ၊ အခုချိန်ထိ အိမ်ထောင်ပြုရကောင်းမှန်းမသိသေးဘူး၊ ငါမြစ်ချီရမယ့်အချိန်ထိ အသက်ရှင်နိုင်ဦးမလားတောင် မသေချာတော့ပါဘူး”

ဟန်ရှင်း ချက်ချင်းပင် ရှေ့တိုးကာ ကန့်ကွက်လိုက်သည်။

“ဘာတွေလောနေတာလဲ အဘိုးရဲ့၊ အဘိုးမြစ်ချီရအောင် ကျွန်တော် ကျိန်းသေကြိုးစားပေးမှာပါ”

အဘိုးဟန်က သူ့ကို စိုက်ကြည့်လိုက်သည်။

“ဒါဆို ဒီနှစ်မကုန်ခင် ကောင်မလေးတစ်ယောက် အိမ်ခေါ်လာခဲ့!”

ဟန်ရှင်း ပါးစပ်ပိတ်သွားလေသည်။

လုဟန်ချွမ်သည် အဘိုးဟန်နှင့် စကားအနည်းငယ် ပြောပြီးနောက် အခြားဧည့်သည်များအတွက် လမ်းဖယ်ပေးလိုက်ပါသည်။

ယနေ့ အဘိုးဟန်နှင့် စကားပြောဆိုလိုသူများ အလွန်ပင် များပြားလှသည်။ လူတစ်ယောက်ချင်းစီတိုင်း မိနစ်ပေါင်းများစွာကြာအောင် စကားပြောဆိုနေလျှင် အဘိုးဟန် အမောဖောက်သွားနိုင်သည်။

လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်ကို ခေါ်ဆောင်လျက် နားနေခန်းဘက်သို့ ထွက်လာခဲ့သည်။

လမ်းတွင် ဟန်ရှင်းတစ်ယောက် သည်းမခံနိုင်တော့ဘဲ မေးမြန်းလိုက်ပါသည်။

“မင်းတို့နှစ်ယောက်ကြားထဲ ဘာတွေဖြစ်ခဲ့တာလဲ၊ ငါ့ကို လာနောက်နေကြတာတော့ မဟုတ်ပါဘူးနော်”

လုဟန်ချွမ်သည် စုန့်လင်မြို့သို့ မသွားရောက်စဉ်အချိန်အထိ ယဲ့ရှောင်ရှောင်အား လုံးဝစိတ်ဝင်စားမှု မရှိခဲ့မှန်း ဟန်ရှင်း အသေအချာ ပြောရဲပါသည်။

ယဲ့ရှောင်ရှောင်ကို ယခင်ကတည်းက သဘောကျခဲ့ခြင်းဆိုလျှင် ရှုကျမ့်ဝမ်နှင့် ပတ်သတ်ခွင့်ပြုခဲ့မည် မဟုတ်ပေ။

လုဟန်ချွမ်သာ ယခင်ကတည်း စိတ်ဝင်စားမှု အနည်းငယ် ထုတ်ပြခဲ့လျှင် ဟောက်မိသားစုကလည်း ယဲ့ရှောင်ရှောင်ကို လုမိသားစုလက်ထဲအပ်ဖို့ တစ်ပိုင်းသေနေကြပါလိမ့်မည်။

လုဟန်ချွမ် ဟန်ရှင်းအား စောင်းမြောင်းကာ ကြည့်လိုက်သည်။

“မင်းကို နောက်ရမယ်ဟုတ်လား”

သူ့လေသံက ပေါ့ပါးသော်လည်း နောက်ကွယ်မှ အဓိပ္ပာယ်ကို ဟန်ရှင်း ကွင်းကွင်းကွက်ကွက် နားလည်နိုင်ပါသည်။

‘မင်းကို နောက်ဖို့အတွက်နဲ့ ဟန်ဆောင်ရည်းစားထားပြရမယ်ပေါ့၊ မင်းက ဘယ်လောက်အရေးပါနေလို့လဲ’

ဟန်ရှင်း မကျေမနပ်ပြောလိုက်သည်။

“ပြီးတာပဲ ပြီးတာပဲ၊ မင်းတို့ပဲ ချစ်ကြပါ ကြိုက်ကြပါ၊ ငါတို့ကြားက ညီအစ်ကိုသံယောဇဉ်က ဘာမှ အရေးမပါဘူးလေ”

ဟန်ရှင်းတစ်ယောက် မည်သည့်အတွက်ကြောင့် ကလေးက လား စိတ်ကောက်နေသည်ကို နာမလည်သဖြင့် လျစ်လျူရှုထားဖို့သာ လုဟန်ချွမ် ဆုံးဖြတ်လိုက်ပါသည်။

ယဲ့ရှောင်ရှောင်လည်း မသိနားမလည်စွာဖြင့် မျက်တောင်တဖျပ်ဖျပ် ခတ်နေမိသည်။

ဟန်ရှင်းကို သူမ ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခြင်း မဟုတ်ပါ။ ဖွင့်ပြောဖို့ အချိန်ကောင်းနှင့် မကြုံခဲ့ရခြင်းကြောင့်သာ ဖြစ်သည်။

ဟန်ရှင်းသည် လုဟန်ချွမ်နှင့် ယဲ့ရှောင်ရှောင်တို့ကို နားနေခန်းရှိ ဆိုဖာများထံသို့ ခေါ်လာခဲ့သည်။

ထိုဆိုဖာများပေါ်တွင် ယောက်ျားလေး ခြောက်ယောက် ခုနစ်ယောက်ခန့် ထိုင်နေကြပြီး လုဟန်ချွမ်၏ ငယ်သူငယ်ချင်းများလည်းဖြစ်၊ ပေကျင်းမြို့၏ ထိပ်သီးအကျော်အမော်အများလည်း ဖြစ်ကြသည်။

လုဟန်ချွမ် ရောက်လာသောအခါ သူတို့အားလုံးတစ်ပြိုင် တည်း လှည့်ကြည့်လိုက်ကြပါသည်။

လုဟန်ချွမ်က ဆိုဖာတွင်ထိုင်ကာ ယဲ့ရှောင်ရှောင်၏ ပခုံးကို ဖက်ထားလိုက်သည်။

သူတို့နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် လူက စီးက ရက်တစ်လိပ်မီးညှိကာ အပြုံးဖြင့် ဆိုသည်။

“တကယ့်ရှားပါးမြင်ကွင်းပါလား ဟန်ချွမ်၊ ငါတို့ကို မိတ်ဆက်မပေးတော့ဘူးလား”

“ငါ့ကောင်မလေး ယဲ့ရှောင်ရှောင်တဲ့”

လုဟန်ချွမ် တိုတိုတောင်းတောင်းပင် ပြောလိုက်သည်။ ထို့နောက် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် လူများကို ယဲ့ရှောင်ရှောင်အား တစ်ယောက်ချင်း မိတ်ဆက်ပေးလိုက်ပါသည်။

“လျန်ချန်းရှု၊ ကျန့်ယီ၊ ရှုလင်းဖုန်း၊ ချီကျန်း…”

လုဟန်ချွမ်က တစ်ယောက်မကျန် မိတ်ဆက်ပေးလိုက်သော်လည်း လူဦးရေက အနည်းငယ်များပြားသဖြင့် ယဲ့ရှောင်ရှောင် နာမည်နှင့်လူနှင့် မတွဲမိသေးပါ။

ယဲ့ရှောင်ရှောင်လည်း ရှက်ကြောက်သည့်ပုံစံ စိုးစဉ်းမျှမရှိဘဲ အပြုံးဖြင့် နှုတ်ဆက်လိုက်ပါသည်။

“အားလုံးကို တွေ့ရတာဝမ်းသာပါတယ်”

All Chapters