← Chapters

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း ၁၆၂

Vol. 17 Ch. 162

📗 Chapter 162

“တွေ့ရတာ ဝမ်းသာပါတယ် ခယ်မလေး”

ဆံပင်ကောက်ကောက်နှင့် ကျန့်ယီ အမည်ရသူက ယဲ့ရှောင်ရှောင်အတွက် ဝိုင်တစ်ခွက် ငှဲ့ပေးလိုက်သည်။

သို့သော် လုဟန်ချွမ်က ကြားမှ ဖြတ်လုလိုက်ပါသည်။

“သူ မသောက်တတ်ဘူး”

ကျန့်ယီ မျက်ခုံးများ လှုပ်သွားရသည်။ လုဟန်ချွမ်တစ်ယောက် ရောဂါပြန်ထလာပြီဟု သူတွေးလိုက်မိသည်။

လုဟန်ချွမ်သည် ငယ်စဉ်ကတည်းက ပိုင်စိုးလိုစိတ်ကြီးမားမှန်း သူတို့အားလုံး သိကြပါသည်။ သို့သော် ယခုကဲ့သို့ အဖြစ်သည်းစွာ ကာကွယ်ပေးဖို့ လိုအပ်မည် မထင်ပေ။

ကျန့်ယီကမူ ဝိုင်ငှဲ့ပေးခြင်းသာဖြစ်ပြီး အဆိပ်တိုက်နေခြင်း မဟုတ်ပါ။

သို့သော်လည်း… ကျန့်ယီသည် ထိုခယ်မလေးကို သေသေ ချာချာ အကဲခတ်ကြည့်လိုက်ပါသည်။

‘လခွမ်း… သူ အသက် ၁၈ နှစ်ပြည့်တာတော့ သေချာပါတယ်နော်’

သို့သော် ယဲ့ရှောင်ရှောင်မှာ အမှန်တကယ် မှင်သက်စရာကောင်းလှပါသည်။ ကျန့်ယီသည် အနုပညာရှင်တစ်ဦးဖြစ်သည့်အလျောက် အလှအပကို အလွန်တန်ဖိုးထားတတ် သည်။

အနီးကပ်အကဲခတ်ကြည့်လိုက်လျှင် သူမ၏ အရိုးတည် ဆောက်ပုံ၊ မျက်နှာအနေအထားနှင့် ခန္ဓာကိုယ် အချိုးအစားများအားလုံးက အပြစ်ဆိုဖွယ်မရှိအောင် ပြီးပြည့်စုံလှသည်။

‘ဒီလောက်လှတဲ့ ကောင်မလေးကို အစ်ကိုလု ဘယ်ကနေရှာလာခဲ့တာလဲ… အားကျလိုက်တာ!!! ငါလည်း တစ်ယောက်လောက် လိုချင်တယ်!’

ကျန့်ယီ၏ရင်ထဲမှ အတွေးများကို မကြားနိုင်သည့် လုဟန်ချွမ်ကတော့ ယဲ့ရှောင်ရှောင်အတွက် လိမ္မော်ရည်တစ်ခွက် ငှဲ့ပေးနေပါသည်။

ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ် မိတ်ဆက်ပေးထားသည့် အမည်များကို သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်သည်။ တစ်ယောက်မှ မူရင်းဝတ္ထုထဲတွင် ပါဝင်ခြင်းမရှိပါ။

ထို့ကြောင့် ဇာတ်လိုက်မင်းသား၊ မင်းသမီးတို့နှင့် အသိုင်း အဝိုင်းတူမည့် ပုံစံများ မဟုတ်သဖြင့် ယဲ့ရှောင်ရှောင် အနည်းငယ် စိတ်အေးသွားရသည်။

သူတို့ စကားထိုင်ပြောနေသည်မှာ မကြာသေးပေ။ ကျန့်ယီတစ်ယောက် မနာလိုအားကျစိတ်ကို ဖုံးဖိဖို့ ကြိုးစားနေစဉ် ကောင်မလေးတစ်ယောက် ရောက်ရှိလာခဲ့သည်။

“ဟန်ချွမ်၊ မတွေ့တာတောင် ကြာပြီနော်၊ ခုတလော စစ်တပ်ဝင်းထဲကို ဘာလို့ ပြန်မလာတာလဲ”

ထိုကောင်မလေးကို မြင်လိုက်ရသည်နှင့် ဟန်ရှင်းတစ်ယောက် နေရာကောင်းကောင်းတွင် ဝင်ထိုင်ကာ ပွဲကြီးပွဲ ကောင်း ကြည့်ရှုဖို့ အသင့်ပြင်လိုက်ပါသည်။

ချန်းမင်သည် လက်ရှည်ဂါဝန်လေးတစ်ထည်ကို ဝတ်ဆင်ထားပြီး၊ ဆံနွယ်များကိုလည်း ခေတ်မီဖက်ရှင်ကျကျ ကောက်ထားကာ ကလစ်တစ်ခက်ဖြင့် ညှပ်ထားသဖြင့် အလွန်ငယ်ရွယ်နုပျိုသည့် ရောင်ဝါမျိုးကို ပေးစွမ်းနေသည်။

ယဲ့ရှောင်ရှောင်လည်း လိမ္မော်ရည်ခွက်ကို စားပွဲပေါ်ပြန်ချလိုက်ပြီး အသံလာရာဘက်သို့ လှမ်းကြည့်လိုက်ပါသည်။

ထိုအခါမှသာ ယဲ့ရှောင်ရှောင်ကို ချန်းမင် သတိပြုမိသွားပုံရပြီး မျက်နှာချက်ချင်းပြောင်းလဲသွားခဲ့သည်။

ကျန့်ယီလည်း ငိုင်နေရာမှ အသိစိတ်ပြန်ကပ်သွားပြီး လုဟန်ချွမ် ဘာမှမပြောနိုင်ခင် သူကြားဖြတ်ဝင်ပြောပေးလိုက်ပါသည်။

“ချန်းမင်၊ နင် ငါတို့အစ်ကိုလုကို မနှောင့်ယှက်နဲ့တော့နော်၊ ဟိုမှာထိုင်နေတာ ငါတို့ခယ်မလေးပဲ”

ယဲ့ရှောင်ရှောင် “…”

‘လုဟန်ချွမ်ရဲ့ သူငယ်ချင်းတွေမှ ဟုတ်ကြရဲ့လား’

ချန်းမင်၏မျက်နှာမှာ ရှက်သွေးဖြာ နီမြန်းနေရာမှ ဖြူဆုပ်သွားခဲ့ကာ သိသိသာသာ တုန်လှုပ်သွားခဲ့ပါသည်။

သို့သော် လုဟန်ချွမ်ကမူ သူမကို ကိုယ်ပျောက်လူသားပမာ သဘောထားပြီး တစ်ချက်ကလေးပင် လှည့်မကြည့်ခဲ့ပေ။

“ဟုတ်… ဟုတ်လား၊ ဟန်ချွမ်ရဲ့ အဘိုးအဘွားတွေကကော သူတို့တွဲနေကြတာ သိလား”

ချန်းမင်သည် ယဲ့ရှောင်ရှောင်အား သေချာ အကဲခတ်ကြည့်လိုက်ပါသည်။

သူမက အမှန်တကယ် လှပသော်ငြား လုမိသားစု၏အဆင့် အတန်းကို ထည့်တွက်ကြည့်လျှင် သာမန်မိသားစုနောက်ခံရှိသည့် မိန်းကလေးတစ်ဦးကို လက်ခံဖို့ဟူသည်မှာ မဖြစ်နိုင်လှပါ။

ချင်းမင် သေသေချာချာ စဉ်းစားကြည့်ရလျှင် လွန်ခဲ့သည့် သုံးလလုံးလုံး သူမကို အိမ်လာဖို့ အဘွားလု ဖိတ်ကြားခြင်းမရှိခဲ့သည်မှာ သူမနှင့် လုဟန်ချွမ်တို့အကြား မျှော်လင့်ချက်မရှိတော့၍ ဖြစ်နိုင်သည်။

ကံမကောင်းစွာဖြင့် လုဟန်ချွမ်တွင် ကောင်မလေးရှိနေသည်ဟူသော သတင်းကို ရုတ်တရက် ကြားလိုက်ရခြင်းကြောင့် ချန်းမင်၏ဉာဏ်ရည်များ တဟုန်ထိုးကျဆင်းသွားပြီး စကားကိုလည်း ဆင်ဆင်ခြင်ခြင် ပြောနိုင်စွမ်း မရှိတော့ပေ။

သူမ မေးခွန်းကို ကြားခါမှ လုဟန်ချွမ် တစ်ချက် လှည့်ကြည့်လာသည်။

“မင်းနဲ့ ဘာမှမဆိုင်ပါဘူး”

ချန်းမင်တစ်ယောက် ချက်ချင်းမျက်ရည်များစီးကျလာပြီး ရှိုက်ငင်နေသည့် အသံဖြင့် မေးလိုက်ပါသည်။

“လုဟန်ချွမ်၊ ကျွန်မ ရှင့်ကို သုံးနှစ်လောက် ဂရုစိုက်ခဲ့ရတာလေ၊ အခုတော့ ကျွန်မနဲ့ ဘာမှ မဆိုင်ဘူးတဲ့လား၊ ရှင့်မှာ တွေးခေါ်နိုင်စွမ်းကော ရှိသေးရဲ့လား”

ယဲ့ရှောင်ရှောင်သည် ချန်းမင်နှင့် လုဟန်ချွမ်တို့ကို တစ်လှည့်စီ ကြည့်လိုက်ပါသည်။

‘ဒီနှစ်ယောက်ကြားထဲ ဇာတ်လမ်းတစ်ခုခုတော့ ရှိရမယ်၊ ဇာတ်လိုက်က ငါ့ကောင်လေးမဟုတ်ရင် ပိုကြည့်ကောင်းမှာ…’

လုဟန်ချွမ်ကမူ ယဲ့ရှောင်ရှောင်၏ခါးကို ပိုမိုတင်းကျပ်စွာ ဖက်လိုက်သည်။ ချန်းမင်ကို မခံချင်စိတ်ဖြစ်အောင် ရန်စဖို့ မဟုတ်ဘဲ ရှောင်ရှောင် နားလည်မှုလွဲသွားမည်စိုး၍သာ ဖြစ်သည်။

ထို့အပြင် ယနေ့က သာမန်နေ့ရက်မဟုတ်ပေ။ အဘိုးဟန်၏ နှစ် ၆၀ ပြည့် မွေးနေ့ဖြစ်သည်။ ချန်းမင်သာ ငိုယိုသောင်း ကျန်းလိုက်လျှင် အလွန်ရှက်စရာ ကောင်းပါလိမ့်မည်။

သို့သော်လည်း လုဟန်ချွမ်က မျက်နှာသာမပေးဘဲ အေးစက်ခက်ထန်စွာ အပြတ်ပြောလိုက်ပါသည်။

“ချန်းမင်၊ အရင်က ဖြစ်ခဲ့တဲ့အရာတွေအားလုံးက မင်းဖာသာမင်း တစ်ဖက်သတ်လုပ်ခဲ့တာတွေချည့်ပဲ၊ ငါမင်းကို ငြင်းခဲ့တာလည်း တစ်ကြိမ်မကဘူး မဟုတ်လား”

ချန်းမင် မျက်ရည်များ ပိုမိုစီးကျလာပြီး ခေါင်းကိုငုံ့ထားမိသည်။

ထိုစကားက မမှားပေ။ သူမကို လုဟန်ချွမ် တစ်ကြိမ်မက ငြင်းဆန်ခဲ့ပါသည်။ သို့သော် သူမအပေါ် လုဟန်ချွမ် ခံစားချက် မရှိသေးခြင်းကြောင့်သာ ဖြစ်မည်ဟု ယူဆခဲ့သည်။

သူမသာ ဇွဲရှိရှိ ကြိုးစားလျှင် သူမ၏ ခံစားချက်များကို လုဟန်ချွမ် တစ်နေ့နေ့တစ်ချိန်ချိန် နားလည်လာလိမ့်မည်ဟုမျှော် လင့်ခဲ့မိသည်။

အဆုံးသတ်တွင်တော့ အခြားတစ်ယောက်ကိုသာ လုဟန်ချွမ် ရွေးချယ်သွားခဲ့သည်။ သူမ နှစ်ပေါင်းများစွာ ကြိုးစားခဲ့သမျှ သဲထဲရေသွန်ဖြစ်သွားခဲ့ပါသည်။

ဘေးနားရှိ အခြားယောက်ျားလေးများ၏ အကြည့်ကြောင့် ချန်းမင် ပိုရှက်ရွံ့သွားခဲ့သည်။

မည်သူမှ စကားဝင်မပြောကြသော်လည်း ထိုအကြည့်များက သူမကို အထင်သေးစက်ဆုပ်သည့် အကြည့်များ ဖြစ်သည်ဟု ခံစားနေရသည်။ သည်းမခံနိုင်တော့သည့် အဆုံးတွင် ချန်းမင် ထွက်ပြေးသွားခဲ့တော့သည်။

လျန်ချန်းရှုက ထွက်ပြေးသွားသည့် ချန်းမင်ကို လှမ်းကြည့်ကာ ရေရွတ်လိုက်သည်။

“လှလှပပ ကောင်မလေးတစ်ယောက် မျက်ရည်ကျနေတာ တကယ်သနားစရာကောင်းတဲ့ မြင်ကွင်းပဲ၊ ဒီကောင်မလေးချန်းက ဒီအချိန်ထိ ဇွဲကောင်းကောင်းနဲ့ တောင့်ခံထားနိုင်တာ သတ္တိကောင်းတယ်လို့ ပြောရမယ်”

ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်အား ခြေထောက်ဖြင့် အသာတို့လိုက်သည်။

လုဟန်ချွမ်လည်း ချက်ချင်းပင် ရှင်းပြလိုက်ရပါသည်။

“သူနဲ့ ကိုယ်နဲ့ ဘာမှမသက်ဆိုင်ပါဘူး”

ယဲ့ရှောင်‌ရှောင် ပြုံးလိုက်ပါသည်။

“ကျွန်မ ယုံပါတယ်”

ဘေးနားမှ ပွဲကြည့်နေသည့် ဟန်ရှင်းတစ်ယောက် ရယ်ချင်လွန်းသဖြင့် အသက်ထွက်တော့မည်။

‘ဘာအ‌ကောင်ကြီးပဲဖြစ်နေပါစေ ယဉ်ပါးအောင်လုပ်နိုင်တဲ့ သခင်ဆိုတာ တကယ်ရှိတာပဲနော်၊ လုဟန်ချွမ်… မင်းကို တစ်နေ့နေ့ တစ်ချိန်ချိန် ဒီလိုပုံစံမျိုးနဲ့ မြင်ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး၊ ဟားဟားဟားဟား’

နားနေခန်းထဲမှ အခြေအနေများကို အခြားသူများလည်း သတိထားမိနေပါပြီ။

မွေးနေ့ခန်းမရှိ ဧည့်သည်တော်များအနက် ယဲ့ရှောင်ရှောင်ကို မှတ်မိသူအချို့လည်း ရှိကြသည်။

ယဲ့ရှောင်ရှောင် ထိုင်နေသည့် နေရာကိုမြင်ကာ သူတို့စိတ်ထဲ ခန့်မှန်းသုံးသပ်ချက်များ စတင်ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ဤကဲ့သို့ ဂုဏ်သရေရှိ အခမ်းအနားမျိုးတွင် မည်သို့သော အတွေးမျိုးပဲ ရှိကြပါစေ ပေါ်တင် ထုတ်ပြောကြမည် မဟုတ်ပေ။

ချန်းမင်၏အပြုအမူကပင် အဆင့်အတန်းမရှိသည့် စည်းကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ထိုစဉ် သခင်မလီသည် ဟယ်ချောင်းရှန့်ကို ထောင့်တစ်နေရာသို့ ဆွဲခေါ်သွားခဲ့သည်။

ဟယ်ချောင်းရှန့်က မေးသည်။

“သခင်မလီ၊ ဘာလို့ ဒီခေါ်လာတာလဲ”

သခင်မလီသည် ယဲ့ရှောင်ရှောင်တို့ ရှိရာဘက်သို့ လက်ညှိုး ထိုးပြလိုက်ပြီး ပြောလိုက်ပါသည်။

“ဟိုမှာ ကြည့်ဦးလေ၊ အဲ့တာ ရှင်တို့ရဲ့ မွေးစားသမီး မဟုတ်ဘူးလား”

ဟယ်ချောင်းရှန့်လည်း သခင်မလီ ညွှန်ပြသည့် နေရာကို လှမ်းကြည့်လိုက်ရာ ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့ကို မြင်လိုက်ရသည်။

ယဲ့ရှောင်ရှောင်ကို ဤကဲ့သို့ ပွဲအခမ်းအနားမျိုးသို့ လုဟန်ချွမ် ခေါ်ဆောင်လာရဲလိမ့်မည်ဟု သူမ ထင်မထားခဲ့ပါ။

ဟယ်ချောင်းရှန့် ချက်ချင်း အံကြိတ်သွားခဲ့သည်။

‘လုမိသားစုက ယဲ့ရှောင်ရှောင်ကို တကယ် လက်ခံလိုက်ပြီလား၊ အဲ့ဒီကောင်မလေးက ကံတော်တော် ကောင်းတာပဲ’

ကံကောင်းလွန်းသဖြင့် ဟယ်ချောင်းရှန့်၏ ရင်ထဲမနာလိုစိတ်မှ အစပြု၍ အငြှိုးတရားအနည်းငယ်ပင် ဖြစ်တည်လာခဲ့သည်။

ဟောက်ချန်းပင်ကမူ သခင်ကြီးဟန်နှင့် စကားပြောဆိုနေပြီး မွေးနေ့ပွဲသို့ ယဲ့ရှောင်ရှောင် ရောက်ရှိနေသည့်အကြောင်းကို မသိသေးပေ။

ဟောက်ချန်းပင်သာ ယဲ့ရှောင်ရှောင်ကို မြင်သွားလျှင် သမီးဖြစ်သူအား အလေးထားဆက်ဆံမှာ သေချာပါသည်။

ဟယ်ချောင်းရှန့်သည် ထိုသို့ လုံးဝအဖြစ်မခံနိုင်ပေ။ ယခင်က သူမနှင့် ယဲ့ရှောင်ရှောင်တို့ သီးသန့်တွေ့ဆုံ စကားပြောခဲ့သည့် ကိစ္စကို ဟောက်ချန်းပင် မသိသေးပါ။

ထို့ကြောင့် ဟောက်မိသားစုနှင့် ယဲ့ရှောင်ရှောင် အဆက်အ သွယ်ဖြတ်သွားပြီဖြစ်ကြောင်းကိုလည်း သူ မသိသေးပေ။ အားလပ်ရက်တွင် ယဲ့ရှောင်ရှောင် အိမ်သို့ လာမလည်သဖြင့် ဟောက်ချန်းပင် ညည်းတွားနေခဲ့ပြီး ဟယ်ချောင်းရှန့်ကို ကျောင်းသို့ သွားကြည့်ဖို့ပင် တိုက်တွန်းနေပါသေးသည်။

ဟယ်ချောင်းရှန့်သည် ဟောက်ချန်းပင်ကို အမှန်အတိုင်း ပြောပြဖို့ အစီအစဉ်မရှိပါ။ သူ့ကို အမှောင်ထဲတွင် ထိန်ချန်ထားခြင်းကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။

သခင်မလီကမူ တစ်ယောက်တည်း စကားပြောနေဆဲဖြစ်သည်။

“ရှောင်ရှောင်က အရမ်းကံကောင်းတာပဲနော်၊ လုမိသားစုရဲ့ သားကိုမှ ရည်းစားတော်ထားရတယ်လို့၊ သူ့အနာဂတ်အတွက် ဘာမှစိတ်ပူစရာမလိုတော့ဘူးပေါ့”

ဟယ်ချောင်းရှန့်က ချက်ချင်းလှည့်ထွက်သွားဖို့ ပြင်လိုက်သည်။

“သခင်မလီ၊ ကျွန်မတို့အားလုံးက ဂုဏ်သိက္ခာရှိတဲ့လူတွေပါ၊ ဒီလိုချောင်တစ်နေရာမှာ သူများအကြောင်း အတင်းပြောနေတာ မကောင်းဘူး၊ ရှောင်ရှောင်နဲ့ ကောင်လေးလုတို့အကြောင်း ကျွန်မသိထားတာ ကြာပြီ၊ အဲ့တာ သူတို့ကိစ္စပဲလေ၊ ကျွန်မဘက်က ဝင်စွက်ဖက်စရာအကြောင်းမရှိဘူး”

ဟယ်ချောင်းရှန့်၏ ကျောပြင်ကို ကြည့်ရင်း သခင်မလီ မဲ့ပြုံးပြုံးလိုက်ပါသည်။

နှုတ်မှထွက်လာသည့် စကားတိုင်းကဈေးပေါသည်။ ဟယ်ချောင်းရှန့်တစ်ယောက် သူမ၏ဆုံးဖြတ်ချက်ကို နောင်တမရဘဲ နေနိုင်မည်မဟုတ်မှန်း သခင်မလီ သိနေသည်။

သူတို့သာ ရှောင်ရှောင်ကို မစွန့်ပယ်ခဲ့လျှင် ယခုချိန်လောက်ဆို ဟောက်မိသားစုနှင့် လုမိသားစုတို့ အမျိုးတော်စပ်နေလောက်ပြီ ဖြစ်သည်။ ထိုအခါကျလျှင် သူမတို့၏ အနာဂတ်မှာ အလွန်လှပသွားပါလိမ့်မည်။

တစ်ဖက်တွင် တန့်ရွှယ်ဖုန်းသည်လည်း ယဲ့ရှောင်ရှောင်ကို သတိပြုမိသွားခဲ့သည်။ သူ့လက်များ အလွန်တုန်ယင်သွားသဖြင့် ဖန်ခွက်ထဲရှိ ဝိုင်နီများ ဖိတ်ကျလုနီးပါးပင် ဖြစ်သွားခဲ့ပါသည်။

ယဲ့ရှောင်ရှောင် လိမ်ညာနေခြင်းမဟုတ်ပေ။ လုဟန်ချွမ်က သူမ၏ကောင်လေးအစစ်အမှန်ဖြစ်သည်။

သူ့ရင်ထဲ တောက်လောင်နေသည့် မျှော်လင့်ချက်မီးတောက်များ ချက်ချင်း ငြိမ်းသတ်သွားရသည်။ တန့်ရွှယ်ဖုန်း၏ နှလုံးသားလည်း နာမည်နှင့်လိုက်အောင် အေးစက်သွားခဲ့ပါသည်။

ယဲ့ရှောင်ရှောင်သည် မွေးနေ့ပွဲခန်းမထဲတွင် ရှုကျမ့်လီကိုမြင်လိုက်သဖြင့် လုဟန်ချွမ်အား အသိပေးပြီး သွားတွေ့ဖို့ မတ်တပ်ရပ်လိုက်သည်။

“ကျွန်မ မိတ်ဆွေတစ်ယောက်နဲ့ သွားတွေ့လိုက်ဦးမယ်နော်”

လုဟန်ချွမ်က မေးသည်။

“ကိုယ်လိုက်ခဲ့ပေးရဦးမလား”

ယဲ့ရှောင်ရှောင်: “မလိုပါဘူး”

ထို့နောက် နားနေခန်းထဲမှ ထွက်ကာ ရှုကျမ့်လီရှိရာဘက်သို့ ယဲ့ရှောင်ရှောင် ထွက်သွားခဲ့ပါသည်။

ထိုစဉ် ဟန်ရှင်းက တိုးညှင်းစွာ ရယ်မောလိုက်သည်။

“ခယ်မလေးက အမှီအခိုကင်းတယ်နော်”

ဆန့်ကျင်ဘက်အနေဖြင့် တစ်စုံတစ်ဦးကတော့ အလွန်ပင် တွယ်ကပ်လွန်းနေပါသည်။

ထင်မှတ်ထားသည့်အတိုင်းပင် လုဟန်ချွမ်က သူ့ကို စူးစူးရှရှ စိုက်ကြည့်လိုက်သည်။

လျန်ချန်းရှုက ဆိုဖာပေါ်တွင် သက်တောင့်သက်သာ ကျောမှီကာ ဝင်ပြောလိုက်သည်။

“ကဲပါ၊ မိန်းကလေးတစ်ယောက်ရှိနေရင် အလုပ်ကိစ္စဆွေးနွေးဖို့ အဆင်မပြေဘူးလေ၊ အချိန်တစ်ခုခု သတ်မှတ်ရအောင် ဟန်ချွမ်၊ ငါမင်းနဲ့ ပြောစရာကိစ္စရှိတယ်”

လုဟန်ချွမ်လည်း ယဲ့ရှောင်ရှောင်ထံမှ အကြည့်ပြန်လွှဲလိုက်ပြီး ဝတ်ကျေတန်းကျေ ခေါင်းညိတ်ပြလိုက်ပါသည်။

All Chapters