အခန်း ၁၆၃
Vol. 17 Ch. 163
📗 Chapter 163
ရှုကျမ့်လီထံသို့ ယဲ့ရှောင်ရှောင် ရောက်ရှိသွားချိန်တွင် ရှုကျမ့်လီသည် စောနကဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရပြီးဖြစ်သည်။
ရှုကျမ့်လီ စိုးရိမ်စိတ်ကြီးစွာ မေးမြန်းလိုက်သည်။
“အစ်မရှောင်ရှောင်၊ အစ်မပြောတဲ့ ကောင်လေးက တကယ်ပဲ လုဟန်ချွမ်လား၊ အစ်မ ဘက်က ဆန္ဒကောပါရဲ့လား၊ သူ့သူငယ်ချင်းတွေဆိုတာလည်း မောက်မာမယ့် ပုံစံတွေချည့်ပဲ၊ ဒါပေမယ့် ကျွန်တော်တို့ ဘာမှ ကြောက်စရာမလိုဘူး၊ အဆိုးဆုံးတွေဖြစ်လာရင်တောင် ကျွန်တော်တို့ လုမိသားစုဆီသွားပြီး တိုင်ပစ်လိုက်လို့ရတယ်”
ယဲ့ရှောင်ရှောင်လည်း အမှန်အတိုင်း ပြောလိုက်သည်။
“ပေါက်ကရတွေ လျှောက်မတွေးစမ်းပါနဲ့၊ ငါ့ဘက်က ဆန္ဒရှိလို့ သူနဲ့ တွဲနေတာ၊ ငါတို့နှစ်ယောက်စလုံး အေးအေးဆေး ဆေးပဲ”
လုဟန်ချွမ်သည် သူ့အစ်ကိုကြီးထက် ပိုအစွမ်းအစရှိကြောင်းကိုတော့ ရှုကျမ့်လီ လက်ခံရပါမည်။
သို့သော် ထိုကဲ့သို့ လူမျိုးကို စိတ်ချလက်ချ အားကိုးနိုင်မည်ဟု အာမခံချက် မရှိပေ။ အစ်မရှောင်ရှောင်ဘက်တွင် မည်သူမှ ရပ်တည်မပေးပါက တစ်ချိန်ချိန်တွင် သူမ အနိုင်ကျင့်ခံရနိုင်သည်။
သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ရှုကျမ့်လီ၏အမေဖြစ်သူ ကျောက်ဟုံရှား ရောက်ရှိလာခဲ့သည်။
“ယဲ့ရှောင်ရှောင်၊ ငါတကယ် ထင်မထားဘူး၊ ဟောက်မိသားစုကနေ နင်ထွက်သွားတာ မကြာသေးဘူး၊ ငါ့သား ကျမ့်ဝမ်နဲ့ စေ့စပ်ကြောင်းလမ်းထားတာကို ဖျက်ထားတာလည်း မကြာသေးဘူး၊ အခုတော့ ပစ်မှတ်အသစ်ကို ရှာတွေ့သွားပြီပေါ့ ဟုတ်လား”
ကျောက်ဟုံရှား၏စကားလုံးများက အလွန်ပင် ရုတ်ခြည်းဆန်လွန်းသည်။ ယဲ့ရှောင်ရှောင် ဒေါသ ထွက်မသွားသော် လည်း ချက်ချင်းပြန်ချေပလိုက်သည်။
“ဒေါ်လေးလည်း ချွေးမအသစ်ရှာတွေ့တာ မြန်သားပဲ၊ အပြန်အလှန်ပဲပေါ့”
ကျောက်ဟုံရှား ဒေါသထွက်လွန်းသဖြင့် အသက်ရှူ မှားသွားရသည်။
“နင်တော့!”
ထိုစဉ် ရှုကျမ့်လီ ကြားဝင်ဖြတ်ပြောလိုက်ပါသည်။
“အမေ၊ ဘာတွေ လျှောက်ပြောနေတာလဲ!”
ကျောက်ဟုံရှား သားဖြစ်သူကို စူးစူးဝါးဝါး စိုက်ကြည့်ကာ ဆုံးမလေသည်။
“နင်ကကော ဒီမှာ ဘာလုပ်နေတာလဲ၊ နင့်ကို ကျီယုတို့နဲ့ပဲ ပေါင်းဖို့ ပြောမထားဘူးလား၊ ပြီးတော့ နင်က ကလေးမဟုတ်တော့ဘူး၊ သူစိမ်းတွေရှေ့မှာ အမြင်မတော်တာတွေ လုပ်ပြီး လူပြောစရာမဖြစ်စေနဲ့”
အမေဖြစ်သူပြောသည့် စကားလုံးများနောက်ကွယ်မှ အဓိပ္ပာယ်ကို ရှုကျမ့်လီ နားမလည်သော်လည်း တစ်ခုခု လွဲမှားနေသည်ဟုတော့ ခံစားခဲ့ရသည်။
ဤကဲ့သို့ ဂုဏ်သရေရှိ အခမ်းအနားမျိုးတွင် ပြဿနာတက်လို့မကောင်းသဖြင့် ယဲ့ရှောင်ရှောင်ကို တောင်းပန်ကာ ရှုကျမ့်လီ လှည့်ထွက်သွားဖို့ ပြင်လိုက်ပါသည်။
သို့သော် ကျောက်ဟုံရှားကမူ မပြီးနိုင်သေးဘဲ ယဲ့ရှောင်ရှောင်အား ဆက်ပြောလေသည်။
“ရှောင်ရှောင်၊ နင့်ကို ဒေါ်လေး အရင်တုန်းက အရမ်းသဘော ကျခဲ့ပြီး မျက်နှာသာလည်း ပေးခဲ့ဖူးတယ်၊ အရင်တုန်းက သံယောဇဉ်ကို ထောက်ထားပြီး ဒေါ်လေးရဲ့သားကို မထိပါနဲ့”
ရှုကျမ့်လီ ခြေလှမ်းများ ရပ်တန့်သွားသည်။
“အမေ!”
ယဲ့ရှောင်ရှောင် ရင်ထဲမှ သက်ပြင်းသာ ချမိတော့သည်။
‘ဖြစ်ချိန်တန်ရင်တော့ ဖြစ်လာမှာပဲလေ…’
ကျိုးသင့်ကြောင်းသင့် ရှင်းပြသည်ကို နားမထောင်ချင်သည့် လူဟူသည်မှာ အမြဲလိုလို ရှိတတ်စမြဲပင်။
ယဲ့ရှောင်ရှောင် တောက်တောက်ပပသာ ပြုံးပြလိုက်ပါသည်။
“ကောင်းပါပြီ ဒေါ်လေး”
သူမ၏အေးအေးလူလူ ပုံစံကို မြင်ပြီး ကျောက်ဟုံရှား ဒေါသပိုထွက်သွားခဲ့ရသည်။
“ကလေးတွေအားလုံးက စစ်တပ်ဝင်းတစ်ခုတည်းမှာကြီးပြင်းလာကြတာပဲဥစ္စာ၊ သခင်မရှု ပြောနေတာတွေက သိပ်မတရားဘူးနော်”
သူမတို့၏ အနောက်ဘက်မှ အသံတစ်သံ ထွက်လာခဲ့သည်။
“ကလေးတွေအချင်းချင်း စကားပြောနေတာ ဘာမှားလို့လဲ၊ ဒါရှေးခေတ်မှ မဟုတ်တော့တာ”
ဝူစစ်ဖန်း ရုတ်တရက် ရောက်ရှိလာပြီး ယဲ့ရှောင်ရှောင်၏ လက်ကို နွေးနွေးထွေးထွေး တွဲလိုက်သည်။
“သမီး တပ်ဝင်းထဲကို ပြန်ရောက်စနဲ့ ဒေါ်လေးတို့ အိမ်ကို အလည်လာခဲ့ဦးလေ၊ သွမ်လဲ့ မရှိဘူးဆိုပေမယ့် အိမ်မှာ ရွှယ်အာလေးရှိတော့ သမီးအဖော်ရမှာပါ”
ဝူရွှယ်သည် ဝူစစ်ဖန်၏တူမဖြစ်ပြီး သွမ်မိသားစုအိမ်တွင် နေထိုင်လေ့ရှိသည်။
ထိုစကားကို နားထောင်ကြည့်ခြင်းအားဖြင့် ဤအမျိုးသမီးသည် သွမ်လဲ့၏အမေဖြစ်မည်ဟု ယဲ့ရှောင်ရှောင် သုံးသပ်နိုင်ခဲ့ပါသည်။
ဝူစစ်ဖန်ကို မြင်သောအခါ ကျောက်ဟုံရှား ဒေါသများကို မျိုသိပ်လိုက်ရသည်။
“အဲ့လောက် သဘောကျနေလည်း ရှင့်အိမ်ကို ခေါ်သွားလေ၊ ကျွန်မကိစ္စကို ဘာလို့ ဝင်စွက်ဖက်နေတာလဲ”
ကျောက်ဟုံရှား တီးတိုးရေရွတ်လိုက်ပါသည်။ အခြားသူ များ၏ အတင်းပြောစရာ ပြဇာတ်တစ်ခု အဖြစ်မခံချင်သဖြင့် ထိုသို့ ပြောပြီးနောက် ကျောက်ဟုံရှား အလျင်အမြန် လှည့်ထွက်သွားခဲ့တော့သည်။
ရှုကျမ့်လီ၏မျက်နှာမှာလည်း နီရဲတွတ်နေပြီး ယဲ့ရှောင်ရှောင်အား တောင်းတောင်းပန်ပန် ပြောလိုက်ပါသည်။
“ကျွန်တော်တောင်းပန်ပါတယ် အစ်မရှောင်ရှောင်၊ အမေ့ကိုယ်စား ကျွန်တော် တောင်းပန်ပါ့မယ်”
ယဲ့ရှောင်ရှောင်: “ရပါတယ်၊ ငါ စိတ်ထဲ မထားပါဘူး”
ဝူစစ်ဖန်က ဝင်သတိပေးလိုက်သည်။
“ကျမ့်လီ၊ စောစောက နင့်ကို ကျီယုလိုက်ရှာနေတယ်၊ သွားတွေ့လိုက်ဦး”
ရှုကျမ့်လီလည်း မတတ်သာတော့ဘဲ ရှောက်ကျီယု ရှိရာထံသို့ ထွက်သွားရတော့သည်။ သို့သော် ခြေလှမ်း သုံးလှမ်း လှမ်းပြီးတိုင်း ယဲ့ရှောင်ရှောင်အား လှည့်ကြည့်နေသေးသည်။
သူ့အမေပြောခဲ့သည့် စကားများက အလွန်ကြမ်းတမ်းလွန်းပါသည်။ ရှုကျမ့်လီ ဤနေရာတွင် ဆက်နေချင်စိတ်ပင် မရှိတော့သော်လည်း အစ်မရှောင်ရှောင် စိတ်ဆိုးသွားမည်ကို စိတ်ပူနေသေးသည်။
ဝူစစ်ဖန် ခေါင်းတခါခါနှင့် ယဲ့ရှောင်ရှောင်အား ပြန်လှည့်ကြည့်ကာ နှစ်သိမ့်ပေးလိုက်ပါသည်။
“ကျောက်ဟုံရှားက အကျိုးအမြတ်ပဲ ကြည့်တတ်တဲ့လူစားမျိုးပဲ၊ သူ့စကားတွေကို အတည်မယူပါနဲ့”
“သမီးသိပါတယ် ဒေါ်လေးဝူ”
မူရင်းဝတ္ထုထဲတွင် ဝူစစ်ဖန်သည်လည်း ကံအကြောင်းမလှသူတစ်ဦး ဖြစ်သည်။
သူမသည် ထူးချွန်ထက်မြက်သည့် ခင်ပွန်းတစ်ယောက်နှင့် သားကောင်းတစ်ယောက်တို့ကို ပိုင်ဆိုင်ထားပြီး ကိုယ့်ခြေ ထောက်ပေါ်ကိုယ် ရပ်တည်နိုင်သည် အမျိုးသမီးကောင်းတစ်ဦးဖြစ်သည်။
သို့သော် နောက်ပိုင်းတွင် သွမ်လဲ့၏သေဆုံးမှုကြောင့် အလွန်စိတ်ထိခိုက်ကာ နာမကျန်းဖြစ်သွားပြီး တစ်သက်လုံး ဆေးရုံပေါ်မှာသာ ဘဝဆုံးခဲ့ရသည်။
“ဒေါ်လေးနဲ့လိုက်ခဲ့၊ သမီးသိသင့်တဲ့လူတချို့နဲ့ မိတ်ဆက်ပေမးယ်”
ဝူစစ်ဖန်းသည် စစ်တပ်ဝင်းထဲရှိ သူဌေးကတော်များအကြား အလွန်အဆင့်အတန်း မြင့်မားသူဖြစ်သည်။ သွမ်မိသားစုကို အားကိုးမည့်အစား ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သည့် အချက်ကြောင့်လည်း ပါဝင်သည်။
ထို့အပြင် သူမတို့၏ အိမ်ထောင်ရေးသာယာပုံမှာလည်း အားကျစရာကောင်းလှသည်။ သူမနှင့် သွမ်လဲ့၏ ဖခင်တို့သည် စစ်တပ်ဝင်းအတွင်း စံပြဇနီးမောင်နှံအဖြစ် သတ် မှတ်ခြင်းခံရကြပါသည်။
ထိုကဲ့သို့ အရှိန်အဝါရှိသူတစ်ဦးက ဤအခမ်းအနားမျိုးတွင် ယဲ့ရှောင်ရှောင်ကို လက်တွဲခေါ်ပေးခဲ့သဖြင့် ယဲ့ရှောင်ရှောင်အတွက် အလွန်ဂုဏ်ရှိခဲ့ပါသည်။
ခန်းမကို တစ်ပတ်ပတ်ပြီးနောက် ယဲ့ရှောင်ရှောင်အပေါ် မကောင်းမြင် ပြောဆိုနေကြသည့် စကားသံများ လုံးဝပျောက်ကွယ်သွားရတော့သည်။
အချို့သော ကိစ္စရပ်များကိုမူ ပေါ်တင်ထုတ်ပြောရဲခြင်းမရှိကြပေ။ ယခုအချိန်တွင် ယဲ့ရှောင်ရှောင်သည် ဟောက်မိသားစုနှင့် အဆက်အသွယ်ဖြတ်တောက်လိုက်သော မွေးစားသမီးတစ်ဦးဆိုသည်ထက် လုဟန်ချွမ်၏ကောင်မ လေးဆိုသည်က ပိုပြီးအရေးပါသည်။
လုမိသားစုအကြောင်းကို ကွယ်ရာတွင် အတင်းပြောဆိုနေခြင်းမှာ ပြဿနာမရှိနိုင်သော်လည်း သူတို့မျက်နှာရှေ့တည့်တည့်တွင် ပြောဆိုခြင်းကတော့ ရူးမိုက်ရာကျပါလိမ့်မည်။
အခမ်းအနားတစ်ဝက်တွင် အဘိုးဟန်သည် မွေးနေ့ပွဲသို့ တက်ရောက်လာပေးသည့် လူတိုင်းကို ကျေးဇူးးတင်လိုက်ပြီး စိတ်ကြိုက် စားကြသောက်ကြဖို့ ပြောကာ နှုတ်ဆက်ခဲ့ပါသည်။
အဘိုးဟန် ထွက်ခွာသွားသည်နှင့် ခန်းမထဲမှ လူအများစုသည်လည်း အိမ်ပြန်ဖို့ ပြင်ကြပါသည်။ ၎င်းတို့အနက် လုဟန်ချွမ်လည်း အပါအဝင်ဖြစ်သည်။
ယဲ့ရှောင်ရှောင်ကို တွေ့သည်နှင့် လုဟန်ချွမ် မေးမြန်းလိုက်သည်။
“ခုနက ဘယ်သူနဲ့ စကားပြောနေတာလဲ”
ယဲ့ရှောင်ရှောင် ရှင်းပြသည်။
“ဒေါ်လေးဝူက ကျွန်မကို လူကြီးတချို့နဲ့ မိတ်ဆက်ပေးနေတာပါ”
အပေါ်ယံတွင်တော့ စစ်တပ်ဝင်းထဲမှ ယဲ့ရှောင်ရှောင် ထွက်ခွာသွားသည်မှာ တစ်နှစ်ခန့်သာ ရှိပါသေးသည်။ ထို့ကြောင့် ယခုလို အခမ်းအနားသို့ တက်ရောက်လာသောအခါ ယခင်က သိကျွမ်းခဲ့ဖူးသူများအား မသိချင်ယောင်ဆောင်ကာ လှည့်ထွက်သွား၍ မရပေ။
ကံကောင်းထောက်မစွာဖြင့် မွေးနေ့ပွဲတွင် သူမ၏မိတ်ဆွေဟောင်း အနည်းငယ်သာ ရှိနေပြီး ဝူစစ်ဖန်း၏လမ်းညွှန်ပေးမှုကြောင့် ယဲ့ရှောင်ရှောင် အသက်ရှူချောင်ခဲ့သည်။
မဟုတ်ပါက မည်သူ့ကိုမှ မှတ်မိခြင်းမရှိသည့်အတွက် ယဲ့ရှောင်ရှောင် ဒုက္ခများပေလိမ့်မည်။
ယဲ့ရှောင်ရှောင်လည်း လုဟန်ချွမ်ကို မေးလိုက်သည်။
“ရှင့် သူငယ်ချင်းတွေကော ပြန်သွားပြီလား”
“သူတို့က အလုပ်ကိစ္စတွေ ရှိသေးလို့လေ၊ ဟန်ရှင်းကလည်း အဘိုးဟန်ကို အိမ်ပြန်လိုက်ပို့နေတယ်”
“ကျွန်မတို့လည်း ပြန်ကြမလား”
“ပြန်ကြတာပေါ့”
မွေးနေ့ပွဲတစ်လျှောက်လုံး လုဟန်ချွမ်နှင့် ခွက်ချင်းတိုက်ဖို့ ရောက်လာကြသူ မြောက်များစွာ ရှိပါသည်။ သူတို့နှစ်ဦး ပြန်ဖို့ ပြင်နေကြစဉ်မှာပင် လုဟန်ချွမ်ကို တစ်စုံတစ်ယောက်က ထပ်တားလိုက်သေးသည်။
ယဲ့ရှောင်ရှောင်က သူ့ကို တံတောင်ဖြင့်တွတ်ကာ သတိပေးလိုက်ပါသည်။
“ရှင်ကားမောင်းရဦးမှာနော်၊ အများကြီးမသောက်နဲ့”
ဤခေတ်ကာလတွင် အရက်သောက်ပြီး ကားမမောင်းရဟု ဥပဒေတင်းတင်းကျပ်ကျပ် ထုတ်ပြန်ထားခြင်း မရှိသော် လည်း မူးနေစဉ် ကားမောင်းခြင်းက အလွန်အန္တရာယ်များပါသည်။
ယဲ့ရှောင်ရှောင်သည် ခေတ်သစ်မှလာသူဖြစ်သည့်အလျောက် ‘မူးရင် မမောင်းနဲ့၊ မောင်းရင် မမူးနဲ့’ဟူသော ဆောင်ပုဒ်က သူမစိတ်ထဲ စွဲမြဲနေခဲ့သည်။ ထို့ကြောင့် လုဟန်ချွမ်ကို ကျိန်းသေပေါက် သတိပေးဖို့ လိုအပ်သည်ဟု ယဲ့ရှောင်ရှောင် ခံစားမိပါသည်။
ထိုစကားကို ကြားပြီး လုဟန်ချွမ်လည်း ခွက်ချင်းတိုက်ဖို့ လာသည့် ဧည့်သည်အား ပြုံးကာ ပြောလိုက်သည်။
“စိတ်မရှိပါနဲ့၊ ကျွန်တော့် ကောင်မလေးက အမိန့်ထုတ်ပြန်ထားလို့ ဒီနေ့ည ကျွန်တော် သောက်လို့မရဘူး”
ဖန်ခွက်ကို ကိုင်ထားသည့် ဧည့်သည်မှာ အနည်းငယ် မှင်သက်သွားပြီး လုဟန်ချွမ်ဘေးရှိ ယဲ့ရှောင်ရှောင်ကို ကြည့်လျက် နားလည်သွားခဲ့သည်။
“ဪဟုတ်ပါပြီ၊ ဒါဆိုလည်း ဂရုတစိုက်ပြန်ပါ ဗိုလ်မှူးလု”
လုဟန်ချွမ် ယဉ်ကျေးမှုအရခေါင်းညိတ်ပြလိုက်ပြီး ယဲ့ရှောင်ရှောင်၏ပခုံးကို ဖက်ကာ အပြင်ထွက်လာခဲ့ပါသည်။
“ရှင် ကားမောင်းနိုင်တာ သေချာရဲ့လား”
ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်၏ မေးစေ့နားသို့ ကပ်ကာ အနံ့ခံကြည့်လိုက်သည်။ အရက်နံ့အနည်းငယ်ရသော်လည်း သူအရက်သောက်ထားသည့် ပုံစံမပေါက်ပေ။ ပွဲခန်းမအတွင်းရှိ အရက်နံ့များ စွဲကပ်လာခြင်းသာ ဖြစ်ပေလိမ့်မည်။
လုဟန်ချွမ်သည် ခေါင်းငုံ့ကာ သူ့ကောင်မလေး၏ ခါးကို ဆွဲလျက် ရင်ခွင်ထဲ ထည့်လိုက်ပြီး နှုတ်ခမ်းနုနုလေးအား နမ်းရှိုက်လိုက်ပါသည်။
“အခုစိတ်ချပြီလား၊ ကိုယ်တစ်စက်မှ သောက်မလာဘူး”
ရှောင်ရှောင်ကို ကားမောင်း၍ ပြန်ပို့ပေးရမည်ဖြစ်သဖြင့် သူအရက်မူးလို့မဖြစ်မှန်း လုဟန်ချွမ်ကောင်းကောင်း နားလည်ပါသည်။ ရှောင်ရှောင်အား နည်းနည်းလေးမှ အန္တရာယ်ဖြစ်ခွင့် မပေးနိုင်ပါ။
ယဲ့ရှောင်ရှောင် ရှက်သွေးဖြာသွားပြီး သူ့ကို တွန်းထုတ်ပစ်လိုက်သည်။
“သိပါပြီ သိပါပြီ၊ ကားထဲသာ ဝင်ပါတော့”
ကားထဲရောက်သည်နှင့် ယဲ့ရှောင်ရှောင်က ရုတ်တရက် ပြောလိုက်သည်။
“ကျွန်မလည်း ကားမောင်းသင်ချင်တယ်”
စက်ဘီးစီးရသည်ထက်တော့ ကျိန်းသေပေါက် ပိုမိုအဆင် ပြေချောမွေ့ပါလိမ့်မည်။
လုဟန်ချွမ်လည်း အလိုက်တသင့်ပင် ထောက်ခံလိုက်သည်။
“သင်လိုက်လေ၊ တို့ရှောင်ရှောင်လေး လိုင်စင်ရရင် ကားကောင်းကောင်းတစ်စီး ရှာပေးမယ်”
ယဲ့ရှောင်ရှောင် ကျီစယ်သည်။
“ကျွန်မက အတတ်မြန်တယ်နော်”
“အသင့်ဖြစ်ရင် ဖုန်းသာဆက်လိုက်ပါ၊ ကိုယ်အားလုံး စီစဉ်ပေမးယ်”
ယခင်တစ်ခေါက်က ယဲ့ချန်းနင် ကားမောင်းသင်စဉ်ကလည်း လုဟန်ချွမ် စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။
ဤခေတ်ကာလတွင် ကားမောင်းသင်ယူရန်အတွက် တရားဝင်လုပ်ငန်းခွင်ဌာန သို့မဟုတ် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီများမှတဆင့်သာ လေ့ကျင့်နိုင်သည်။ ၂၁ ရာစုကဲ့သို့ ကာမောင်းသင်တန်းများ နေရာအနှံ့ ရှိမနေသေးပေ။
ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါပြီ၊ ဒီရက်ပိုင်း အလုပ်ရှုပ်နေတာတွေ ရှင်းပြီးသွားရင် သင်လိုက်မယ်”
လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်ကို တက္ကသိုလ်သို့ ပြန်လိုက်ပို့ပေးခဲ့သည်။
ယနေ့ အဘိုးဟန်၏ မွေးနေ့ပွဲသို့ ယဲ့ရှောင်ရှောင်နှင့်အတူ တက်ရောက်ခွင့်ရခဲ့သည့်အတွက် လုဟန်ချွမ် အလွန် ပျော်ရွှင်နေပါသည်။ သူတို့နှစ်ဦး၏ဆက်ဆံရေး တစ်ဆင့် တိုးတက်လာသည်ဟု ခံစားခဲ့ရသည်။
မွေးနေ့ပွဲ ပြီးဆုံးသွားချိန်တွင် ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့ နှစ်ဦး၏ သတင်းများသည်လည်း စစ်တင်ဝင်း တစ်ခွင်လုံးတွင် ပျံ့နှံ့နေခဲ့ပါပြီ။
ထိုဧည့်သည်တော်များ အိမ်ပြန်ရောက်သည်နှင့် မည်သို့မည်ဖုံ ဆွေးနွေးလိုက်ကြ၍ ဤသို့ မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားရမှန်း ယဲ့ရှောင်ရှောင်တို့ မသိပါ။
သို့သော် နောက်ဆုံးတော့ အနှောင့်အယှက်ကင်းပြီး တည်ငြိမ်အေးချမ်းသည့် ကျောင်းသူဘဝကို ဖြတ်သန်းနိုင်တော့မည်ဟု ယဲ့ရှောင်ရှောင် တထစ်ချ ယုံကြည်လိုက်ပါသည်။