← Chapters

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း ၁၆၄

Vol. 17 Ch. 164

📗 Chapter 164

ယဲ့ရှောင်‌ရှောင်သည် အိမ်မှ ပို့ပေးလိုက်သော စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။

သူမ၏ဝမ်းကွဲအစ်မဖြစ်သူ ယဲ့လျန်သည် ကျန်းဝမ်လင်နှင့် လက်ထပ်ထိန်းမြှားပြီးပြီဖြစ်ကာ မင်္ဂလာပွဲကိုလည်း ရိုးရိုးရှင်းရှင်းသာ ကျင်းပခဲ့ကြသည်။

ကျန်းမိသားစုတွင် ဆွေမျိုးများများစားစား မရှိသလို ယဲ့လျန်ကိုယ်တိုင်ကလည်း လူအများကြီးကို ဖိတ်ကြားမနေဘဲ မိသားစုဝင်များဖြင့် ရိုးရိုးရှင်းရှင်း ညစာစားပွဲလေး ကျင်းပလိုက်ဖို့သာ စိတ်အားထက်သန်နေခဲ့သောကြောင့် ဖြစ်သည်။

ယဲ့လျန်အတွက် ဒုတိယအိမ်ထောင်ဖြစ်သော်လည်း ကျန်းမိသားစုသည် ရိုးသားဖြောင့်မတ်စွာဖြင့် ယွမ်တစ်ရာ တင်တောင်းခဲ့ကြသည်။

ဦးလေးဖြစ်သူမိသားစုက ထိုငွေများကို တစ်ပြားတစ်ချပ်မှ မယူခဲ့ဘဲ ယဲ့လျန်ကို သိမ်းဆည်းထားဖို့သာ ပေးခဲ့ပါသည်။ ထို့အပြင် သူမအတွက် ခန်းဝင်ပစ္စည်းအနည်းငယ်ကိုလည်း ထပ်မံဖြည့်စွက်ပေးခဲ့သေးသည်။

ယဲ့လျန်ကလေးနှစ်ယောက်၏ မျိုးရိုးအမည်ကိုလည်း ကျန်းဟု ပြောင်းလဲခဲ့ကြသည်။ ဤအချက်ကို ကျန်းဝမ်လင်နှင့် ယဲ့လျန်တို့ သေချာဆွေးနွေးပြီး ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပါသည်။

မျိုးရိုးအမည်ကို ယဲ့အဖြစ်ဆက်မထားဘဲ ကျန်းအဖြစ် ပြောင်းလဲခဲ့ရသည့် အကြောင်းအရင်းမှာ ကျန်းဝမ်လင်နှင့် ယဲ့လျန်တို့ ကလေးထပ်ရခဲ့ကြလျှင် မောင်နှမများ မျိုးရိုးအမည်မတူခြင်းကြောင့် စိမ်းကားသွားကြမည်ဟို စိုးရိမ်ခြင်းကြောင့်ဖြစ်သည်။

သူ၏စိုးရိမ်ပူပန်မှုက အဓိပ္ပာယ်ရှိသဖြင့် ယဲ့မိသားစုဝင်အားလုံးလည်း သဘောတူလက်ခံခဲ့ကြပါသည်။

စာကို ဖတ်ရှုပြီးနောက် ယဲ့လျန်အတွက် ယဲ့ရှောင်ရှောင် အလွန်ဝမ်းမြောက်ခဲ့ရသည်။ ယခုဘဝအသစ်တွင် အစ်မဖြစ်သူ စစ်မှန်သော ပျော်ရွှင်မှုကိုသာ ရှာတွေ့နိုင်ပါစေဟု ယဲ့ရှောင်ရှောင် ဆုတောင်းပေးခဲ့ပါသည်။

ဒုတိယစာမျက်နှာပေါ်တွင်မူ ယဲ့ချန်းချင့်နှင့် ယဲ့ချန်းကျွင်းတို့နှစ်ယောက် ကောင်တီမြို့၌ အလုပ်အကိုင်များ ရရှိသွားကြသည့် အကြောင်းကို ရေးသားထားသည်။

ထိုအစ်ကိုလျို့ဆိုသူမှာ အလွန်အားကိုးရပြီး ယဲ့ချန်းချင့်တို့ ညီအစ်ကိုနှစ်ယောက်အတွက် အလုပ်အကိုင်ကောင်းများ အမှန်တကယ် ရှာဖွေပေးခဲ့ပါသည်။

စာကို ဖတ်ရှုပြီးနောက် အိမ်ကအခြေအနေအတွက် ယဲ့ရှောင်ရှောင် အနည်းငယ် ပိုစိတ်ချသွားခဲ့ရသည်။

ထို့နောက် မြို့တွင် ပေါင်ချန်းလေး ကျောင်းစတက်သည်နှင့် ပြန်ပေးဆွဲသူများရန်မှ ကင်းဝေးရန် ကျိန်းသေပေါက် ကျောင်းပို့ကျောင်းကြို လုပ်ပေးရမည်ဟု အစ်ကိုကြီးနှင့် ယောက်မဖြစ်သူတို့ကို သတိပေးလိုက်ပါသည်။

မူရင်းဝတ္ထုထဲတွင် ယဲ့ပေါင်ချန်းလေး ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်သည်။ ယခုချိန်တွင် မူရင်းဝတ္ထုမှ အတော်လေးလမ်း ကြောင်း သွေဖယ်နေပြီဖြစ်သော်ငြား ယဲ့ရှောင်ရှောင် စိတ်လုံးလုံး မချနိုင်သေးပေ။

ယဲ့ပေါင်ချန်းလေး ကျောင်းစတက်ရတော့မည်ဖြစ်၍ ယဲ့ရှောင်ရှောင်သည် စာရေးကိရိယာ မြောက်များစွာကို ဝယ်ယူပြီး စာတိုက်မှတဆင့် အိမ်သို့ ပို့ဆောင်ပေးခဲ့သည်။

ယဲ့ပေါင်ယွမ်လေး ကျောင်းတက်ဖို့ နှစ်အနည်းငယ် လိုသေးသော်လည်း သူ့အတွက်ပါ ကြိုတင်ဝယ်ယူပေးခဲ့ပါသည်။

--- --- ---

ကျောင်းတွင် ခန္ဓာဗေဒလက်တွေ့အတန်းများ စတင်ခဲ့ပြီဖြစ်သည်။

ယခုတစ်ကြိမ်တွင် ယဲ့ရှောင်ရှောင်နှင့် သူမ၏ အတန်းဖော်များသည် တတိယနှစ် စီနီယာများနှင့်အတူ လက်တွေ့အတန်းများ ဆင်းကြရပါသည်။

တတိယနှစ်တွင် ကျောင်းသားဦးရေနည်းပါးလှပြီး အချို့မှာ ပါမောက္ခများနှင့်အတူ ပြင်ပကွင်းဆင်းလေ့လာရေးများ ပြုလုပ်နေကြသဖြင့် စီနီယာကျောင်းသား ၃ ယောက်နှင့် ကျောင်းသူ ၂ ယောက်တို့သာ ရှိကြသည်။

ယဲ့ရှောင်ရှောင်လည်း နောက်ဆုံးတော့ သူမနှင့် မေဂျာတူသည့် စီနီယာကျောင်းသူများကို မြင်တွေ့ခဲ့ရပါပြီ။

ကျန်းခိုင်နင်က ယဲ့ရှောင်ရှောင်နားသို့ ကပ်ကာ တီးတိုးပြောလိုက်သည်။

“စီနီယာအစ်မတွေ တကယ်ရှိနေတာပဲ”

၎င်းတို့အနက်မှတစ်ဦးကို ယဲ့ရှောင်ရှောင် မြင်ဖူးပါသည်။ ကျောင်းစတက်သည့်နေ့တွင် သူမနှင့် တစ်ကြိမ် ဆုံတွေ့ဖူးသော်လည်း စကားသေချာ မပြောခဲ့ရပေ။

“ဂျူနီယာလေး၊ ဒီကိုမြန်မြန်လာပြီး တို့အုပ်စုထဲဝင်လိုက်လေ”

မုန့်ကျင်းဝမ်သည် ယဲ့ရှောင်ရှောင်အား လှမ်းခေါ်လိုက်ပါသည်။

“တွေ့ရတာဝမ်းသာပါတယ် စီနီယာတို့၊ ကျွန်မနာမည် ယဲ့ရှောင်ရှောင်ပါ”

“ငါ့နာမည်က မုန့်ကျင်းဝမ်၊ သူက ကျန်းရှင်းယွင်တဲ့”

ကျန်းရှင်းယွင်သည် ယဲ့ရှောင်ရှောင်ကို ခေါင်းညိတ်ပြကာ အကဲခတ်လိုက်ပါသည်။

‘တော်တော်လှတဲ့ ဂျူနီယာလေးပါလား၊ ခဏနေရင် အကြောက်လွန်ပြီး အော်မငိုပါစေနဲ့လို့ပဲ ဆုတောင်းရမှာပေါ့’

အဖွဲ့များခွဲပြီးသည်နှင့် ပါမောက္ခက သင်ခန်းစာများကို စတင်ခဲ့သည်။

ယခင် သီအိုရီသင်ခန်းစာများသည် အခြေခံအသိပညာကို တိုးမြှင့်ပေးခြင်းသာဖြစ်ပြီး ယခု လက်တွေ့အတန်းမှာမူ ကျောင်းသားကျောင်းသူများ၏ သတ္တိကို မြှင့်တင်ပေးဖို့ ရည်ရွယ်သည်။

ကြွက်ဖြူလေးများနှင့် ယုန်များကို အဓိကထား လေ့ကျင့်ကြရပါမည်။

ဘေးချင်းကပ်လျက်ရှိ ခွဲခန်းထဲတွင် အနောက်တိုင်းဆေးပညာ ကျောင်းသားများလည်း လက်တွေ့ဆင်းနေကြပြီး မကြာမီမှာပင် တောခြောက်သကဲ့သို့ အော်ဟစ်ငိုယိုသံများ ထွက်ပေါ်လာခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် တရုတ်တိုင်းရင်းဆေးပညာအတန်းမှာမူ ကျောင်းသားဖြစ်စေ၊ ကျောင်းသူဖြစ်စေ အလွန်ပင် တိတ်ဆိတ်ငြိမ်သက်နေပါသည်။

ရှေ့တွင်ရှိနေသော လေးပင်နေသည့် ယုန်လေးကို ကြည့်ရင်း ယဲ့ရှောင်ရှောင်၏ မျက်နှာမှာ အလွန်တည်ငြိမ်နေသည်။

ယခင်ဘဝက ခန္ဓာဗေဒအတန်းများစွာ တက်ခဲ့ဖူးသဖြင့် သူမတွင် အကြောက်တရား စိုးစင်းမျှ ရှိမနေပေ။ ဤကဲ့သို့သော အတန်းမျိုးတွင် တိရိစ္ဆာန်လေးများအား မြန်မြန်ဆန်ဆန်နှင့် နာကျင်မှုကင်းကင်း အဆုံးသတ်ပေးနိုင်ခြင်းက အကောင်းဆုံး ဖြစ်လိမ့်မည်။

အဆိုးရွားဆုံးမှာ ဓားရာပေးချင်သော်လည်း ပြတ်ပြတ်သားသား မလုပ်ရဲပါက စမ်းသပ်ခံတိရိစ္ဆာန်လေးများအား နှိပ်စက်ရာ ကျပါလိမ့်မည်။

အဓိကအချက်များကို ရှင်းပြပြီးနောက် ပါမောက္ခသည် ကျောင်းသားများကို ကိုယ်တိုင် စမ်းသပ်လုပ်ဆောင်ကြရန် ညွှန်ကြားလိုက်သည်။

စီနီယာကျောင်းသူနှစ်ဦးစလုံးက ယဲ့ရှောင်ရှောင်ကို ဦးစားပေးလိုက်ကြသည်။

စီနီယာမုန့်ကျင်းဝမ်က ဘေးမှနေ၍လမ်းညွှန်ပေးလိုက်သည်။

“ရှောင်ရှောင်၊ ဒီနေရာကို ဓားရာပေးလိုက်”

ယဲ့ရှောင်ရှောင်လည်း ဓားကိုကိုင်ကာ ယုန်ငယ်လေးအား မြန်မြန်ဆန်ဆန်၊ သပ်သပ်ရပ်ရပ် အဆုံးသတ်ပေးလိုက်သည်။

မုန့်ကျင်းဝမ်နှင့် ကျန်းရှင်းယွင်တို့နှစ်ယောက်စလုံး အတွေ့ အကြုံ ရှိလှသည့် ယဲ့ရှောင်ရှောင်ကို အံ့အားသင့်စွာ စိုက်ကြည့်လိုက်ကြသည်။

“ဂျူနီယာလေး၊ နင်အရင်က တိရိစ္ဆာန်တွေကို ခွဲစိတ်ဖူးတယ်လား”

ယဲ့ရှောင်‌ရှောင် ပြန်ဖြေလိုက်သည်။

“မခွဲဖူးပါဘူး၊ ဒါပေမယ့် အိမ်မှာ ကျွန်မအစ်ကိုက ခွဲစိတ်ဆရာဝန်၊ အစ်မက မှုခင်းဆရာဝန်လေ၊ ငယ်ငယ်လေးက တည်းက အဲ့တာတွေကို မြင်ခဲ့ရတာ၊ ကြီးလာတော့လည်း ကျွန်မဖာသာ ဆက်လေ့လာခဲ့လို့ပါ”

သူမ၏ယခင်ဘဝကို ရည်ညွှန်းပြောဆိုနေခြင်းပင်။

မုန့်ကျင်းဝမ်နှင့် ကျန်းရှင်းယွင်တို့ကလည်း သံသယမဝင်ခဲ့ကြပေ။ ဤနယ်ပယ်တွင် ကျောထောက်နောက်ခံကောင်း ကောင်းမရှိဘဲ တရုတ်တိုင်းရင်းဆေးပညာကို ရွေးချယ်မည့်လူက အလွန်ရှားပါးပါသည်။

ပထမအချက်မှာ ဤဘာသာရပ်သည် လူသိနည်းပြီး ကျင့်ဟွာတက္ကသိုလ်၏ စာပေလေ့လာမှု ဝန်ထုပ်ဝန်ပိုးမှာ အလွန်ပင် ကြီးမားလှသည်။ တရုတ်တိုင်းရင်းဆေးပညာနှင့် ကြို တင်ထိတွေ့ထားမှု မရှိပါက သုံးနှစ်မှ ငါးနှစ်အတွင်းကျွမ်း ကျင် ပိုင်နိုင်ရန် အလွန်ခဲယဉ်းပေလိမ့်မည်။

အတန်းဆင်းသောအခါ ပါမောက္ခက အားလုံးကို ခွဲစိတ်ခန်းအား သန့်ရှင်းရေးလုပ်ဖို့ တာဝန်ပေးလိုက်သည်။ မုန့်ကျင်းဝမ်နှင့် ကျန်းရှင်းယွင်တို့က ယဲ့ရှောင်ရှောင်နှင့် အဆောင်နံပါတ်များ ဖလှယ်လိုက်ကြပါသည်။

“အားတဲ့အခါ ငါတို့အဆောင်ကို လာခဲ့ဦးလေ၊ ငါတို့အခန်းမှာ ငါနဲ့သူနဲ့ နှစ်ယောက်တည်းရှိတာ”

ကျန်းရှင်းယွင် နွေးနွေးထွေးထွေး ဖိတ်ကြားသည်။

ယဲ့ရှောင်ရှောင်: “ဟုတ်ကဲ့ပါ၊ လာခဲ့ပါ့မယ်”

ယဲ့ရှောင်ရှောင် စာသင်ခန်းထဲမှ ထွက်လာစဉ် သူမ၏ အခန်းဖော်များလည်း သက်ဆိုင်ရာ စာသင်ခန်းများမှ ထွက်လာကြသည်ကို မြင်လိုက်ရသည်။

ထန်ရှို့ရှို့ မေးမြန်းလိုက်ပါသည်။

“နင်လည်း လက်တွေ့အတန်းဆင်းရတယ်မလား၊ ဘယ်လိုနေလဲ”

သူမ တည်ငြိမ်ချင်ယောင်ဆောင်ဖို့ ကြိုးစားနေသော်လည်း မျက်နှာက သိသိသာသာ ဖြူရော်နေပါသည်။

“တခြားအတန်းတွေလိုပါပဲ ဘာမှမခက်ဘူး”

ရှားလီ လေးလေးပင်ပင် ညည်းတွားလိုက်ပါသည်။

“ရှောင်ရှောင်ကတော့ ရှောင်ရှောင်ပါပဲ… အောင်မယ်လေး…”

ရှားလီ ပါးစပ်ကို လက်ဖြင့် အမြန်အုပ်လိုက်ပြီး စောနက ကြောက်စရာမြင်ကွင်းများကို ပြန်မတွေးမိအောင် မနည်း ထိန်းချုပ်ထားရသည်။

“မပြောကြပါနဲ့၊ မပြောကြပါနဲ့တော့၊ ငါအန်ချင်နေပြီ”

အခြားသူများလည်း ထိုနည်းလည်းကောင်း ဖြူရော်နေကြသည်။ သူမတို့ နေ့လယ်စာ စားချင်စိတ်ပင် မရှိတော့လောက်ပေ။

ယဲ့ရှောင်ရှောင်က ပြောလိုက်သည်။

“အဲ့တာဆို ငါတစ်ခုခု သွားစားလိုက်ဦးမယ်နော်”

ထိုစဉ် ကျန်းခိုင်နင် ရောက်ရှိလာပြီး နောက်ဆုံးတော့ ယဲ့ရှောင်ရှောင်၏ အတန်းဖော်များကို တွေ့ဆုံခွင့် ရသွားခဲ့ပါသည်။

“ရှောင်ရှောင်၊ နေ့လယ်စာအတူတူ သွားစားကြရအောင်လေ၊ နေ့လယ်ကျရင် ငါတို့ ဓာတ်ခွဲခန်းသွားရဦးမယ်”

ကျန်းခိုင်နင် တစ်ယောက်တည်းသာဆိုလျှင် သုတေသန တိုးတက်မှုနှုန်းမှာ အလွန်နှေးကွေးလှသည်။ ပထမအဆင့် လက်တွေ့စမ်းသပ်မှုအပြီးတွင် ရလဒ်များအပေါ် မူတည် ၍ဆေးဝါးအချိုးအစားများကို ထိန်းညှိဖို့ လိုအပ်သေးသည်။

ရှောင်ရှောင်၏ အကူအညီမပါဘဲ သူအောင်မြင်နိုင်မည် မဟုတ်ပါ။ ယဲ့ရှောင်ရှောင်လည်း နေ့လယ်ခင်း ဘာမှလုပ်စရာ မရှိသဖြင့် သဘောတူလိုက်သည်။

ထို့နောက် ကျန်းခိုင်နင်က အခြားသူများကို ကြည့်ကာ ကမ်းလှမ်းလိုက်သည်။

“ဒီက သူငယ်ချင်းတွေကော အတူတူလိုက်စားကြဦးမလား၊ ကျွန်တော်ဝယ်ကျွေးမှာပါ”

ရှားလီက လက်အမြန်ယမ်းပြလိုက်သည်။ သူများဆီမှ အလကားစားရမည်ဆိုလျှင်ပင် ယခုလောလောဆယ် သူမ ဘာမှစားဝင်နိုင်မည် မဟုတ်ပါ။

အခြားသူများလည်း ထိုနည်းတူ ငြင်းဆန်လိုက်ကြသည်။

ထန်ရှို့ရှို့က ယဲ့ရှောင်ရှောင်ကို မေးမြန်းလိုက်ပါသည်။

“နင့်ကျောပိုးအိတ်ကို ယူသွားပေးရမလား”

ယဲ့ရှောင်ရှောင်လည်း သူမ၏ ကျောပိုးအိတ်ကို ထန်ရှို့ရှို့လက်ထဲ ထည့်ပေးလိုက်သည်။

အခန်းဖော်များ ထွက်သွားသည်ကိုငေးကြည့်ရင်း ကျန်းခိုင်နင် အလွန်စိတ်ဓာတ်ကျသွားပါသည်။

“သွားကြမယ်လေ၊ နင့်အနာဂတ်ကိုနင် တည်ဆောက်ဖို့ စိတ်ကူးရှိသေးရဲ့လား”

ကျန်းခိုင်နင် အသိစိတ်ပြန်ကပ်သွားသည်။

“ရှိတာပေါ့၊ ဘာလို့မရှိရမှာလဲ၊ ဒါနဲ့ ခုနက ငါ့ကို ထန်ရှို့ရှို့ သတိထားမိသွားတယ်လို့ ထင်လား”

ယဲ့ရှောင်ရှောင် “နင် အကောင်လိုက်မတ်တပ်ရပ်နေတာကို သတိမထားမိမှ အံ့ဩစရာပိုကောင်းမှာ”

“ဒါဆို ဘာလို့ ဘာမှပြောမသွားတာလဲ မသိဘူးနော်”

“နင်က အရွယ်ရောက်ပြီးသား ယောက်ျားလေး မဟုတ်ဘူးလား၊ မိန်းကလေးတစ်ယောက် စကားလာပြောမယ့်အချိန်ကို စောင့်နေတယ်ပေါ့၊ နင်သူ့ကို တကယ်သဘောကျရင် ဖွင့်ပြောလိုက်လေ၊ အငြင်းခံရရင်တောင် အနည်းဆုံးတော့ စောစောစီးစီး စိတ်ဖြတ်ထားလို့ရတာပေါ့”

ယဲ့ရှောင်ရှောင်၏ စကားလုံးများက သူ့ရင်ဝကို ဓားဖြင့် ဆောင့်ထိုးလိုက်သလိုပင်။

“နင်ပြောတာ အဓိပ္ပာယ်တော့ ရှိပါတယ်…”

ကျန်းခိုင်နင်သည် ယဲ့ရှောင်ရှောင်၏ အကြံဉာဏ်အား အတည်ယူကာ သုံးသပ်လိုက်သည်။

သူတို့နှစ်ယောက် နေ့လယ်စာ စားပြီးသည်နှင့် ဓာတ်ခွဲခန်းသို့ သွားကာ လုပ်ငန်းဆက်ခဲ့ကြသည်။

ယခုအချိန်တွင် ယဲ့ရှောင်ရှောင်၏ အသားတင်အမြတ်ငွေများမှာ အလွန်ပင် များပြားနေပါပြီ။ ဓာတ်ခွဲခန်းမှ ထွက်လာသောအခါ သူမ အိမ်တစ်လုံးဝယ်ယူနိုင်မည့် မြေနေရာကောင်းရှိ၊ မရှိ မြို့ထဲတွင် လိုက်လံကြည့်ရှုရန် စဉ်းစားမိသေးသည်။

ယခုကာလတွင် ပေကျင်းမြို့၌ မိုးမျှော်တိုက်ကြီးများ များများစားစား မရှိသေးပါ။ သို့သော် ယဲ့ရှောင်ရှောင်သည် အနာဂတ်အတွင် မည်သည့်နေရာများက အချက်အချာကျသည့် စီးပွားရေးဇုန်များ ဖြစ်လာမည်ကို ကောင်းကောင်း သိထားသည်။

ထိုနေရာများ၏ အနီးနားတွင် အိမ်ခြံမြေအနည်းငယ် ဝယ်ယူထားပြီး ဈေးနှုန်းများ တဟုန်ထိုးတက်လာမည့် အချိန်ကို ထိုင်စောင့်နေခြင်းက မခက်ခဲနိုင်ပေ။

ယဲ့ရှောင်ရှောင်၏ အစီအစဉ်ကို ကြားပြီး ကျန်းခိုင်နင်က အကြံပြုလိုက်သည်။

“ရှောင်ရှောင် နင်အိမ်ဝယ်မယ်ဆိုရင် တက္ကသိုလ်နဲ့ နီးတဲ့အိမ်ကို ဝယ်နော်၊ ဘယ်ခေတ်ပဲရောက်ရောက် အဲ့လိုနေရာတွေက တန်ဖိုးကျမသွားဘူး”

သို့သော် လက်ရှိ တက္ကသိုလ်ဝန်းကျင်ရှိ နေရာများမှာ ဝန်ထမ်းမိသားစုအိမ်ရာများသာဖြစ်ကြသဖြင့် အမှန်တကယ် ဝယ်ယူနိုင်မည့် အခွင့်အရေးက ရှားပါးလွန်းပါသည်။

All Chapters