အခန်း ၁၆၅
Vol. 17 Ch. 165
📗 Chapter 165
“ငါက တိုက်ခန်းတွေ သိပ်မကြိုက်ဘူး၊ အိမ်ဝင်းနဲ့ နေရတာပဲ ကြိုက်တယ်”
ကျန်းခိုင်နင် သူမကို အလွန်အမင်း စိတ်ပျက်သွားသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။
“ဟောင်းနွမ်းနေတဲ့ အိမ်ဝင်းကြီးထဲမှာ နေရတာ ဘာကောင်းလို့လဲ၊ တောမှာ နေရတာနဲ့ ဘာမှမခြားတော့ဘူးလေ၊ ငါတို့က မြို့ပေါ်ကို ရောက်နေပြီဆိုတော့ မြို့သားတွေလို အနောက် တိုင်းစတိုင် အိမ်တွေကို ဝယ်သင့်တာပေါ့”
ယဲ့ရှောင်ရှောင် သူ့ကို လျစ်လျူရှုထားလိုက်တော့သည်။
ကျန်းခိုင်နင်ကမူ တစ်ယောက်တည်း စကားဆက်ပြောနေသေးသည်။
“ရှုရှန်းအိမ်ခြံမြေလုပ်ငန်းနဲ့ ဟုံရှင်းအိမ်ခြံမြေလုပ်ငန်းတို့ မကြာခင် မိတ်ဆက်တော့မယ့် စီမံကိန်းအကြောင်း နင်သိလား၊ သူတို့က တရုတ်တစ်နိုင်ငံလုံးမှာ အကြီးမားဆုံးနဲ့ အဆင့်အမြင့်ဆုံး အိမ်ရာကြီးကို တည်ဆောက်ဖို့ ရည်ရွယ်ထားတာတဲ့၊ အဲ့အချိန်ကျရင် လူထုကို ရောင်းချသွားမှာဆိုတော့ ငါတို့လည်း ဝယ်လို့ရနိုင်တယ်”
ယဲ့ရှောင်ရှောင် စိတ်ဝင်စားသွားသည်။
“ဟုံရှင်းအိမ်ခြံမြေလုပ်ငန်းဟုတ်လား”
‘အဲ့တာ ဟန်ရှင်းတို့ ကုမ္ပဏီ မဟုတ်ဘူးလား’
“ဟုတ်တယ်၊ ပေကျင်းမြို့တစ်မြို့လုံးမှာ နာမည်အကြီးဆုံး အိမ်ခြံမြေကုမ္ပဏီတွေက ဟုံရှင်းနဲ့ ရှုရှန်းတို့ပဲလေ”
ယဲ့ရှောင်ရှောင်: “…”
ဟန်ရှင်း၏ နောက်ခံအသိုင်းအဝိုင်းနှင့်ဆိုလျှင် မည်သည့်နေရာတွင် စီးပွားရေးဇုန်များ ဖြစ်လာမည်၊ မည်သည့်နေရာတွင် မြေအောက်ရထားလမ်းများ ဆောက်လုပ်မည်ဟူသည်ကို ကြိုတင်သတင်းရရှိထားမည်မှာ သေချာသည်။ သူအရှုံးပေါ်မှသာ အံ့ဩစရာကောင်းပါလိမ့်မည်။
“နင့်ကြည့်ရတာ သေသေချာချာစုံစမ်းထားတဲ့ပုံပဲ၊ နင်လည်း အိမ်ဝယ်ဖို့ စိတ်ကူးထားလို့လား”
ကျန်းခိုင်နင်: “ငါ့မိဘတွေကိုခေါ်ပြီး ငါနဲ့အတူတူ နေဖို့ အိမ်တစ်လုံး ဝယ်ချင်တာပါ”
ယဲ့ရှောင်ရှောင် အကြံပြုသည်။
“အဲ့တာဆို မြို့လယ်ခေါင်က အိမ်ဝင်းတစ်ခုလောက် ဝယ်ဖို့ စဉ်းစားသင့်တယ်၊ လူကြီးသူမတွေ သွားဖို့လာဖို့ လွယ်တာပေါ့”
ကျန်းခိုင်နင် ခေါင်းကို ပြတ်ပြတ်သားသား ခါလိုက်သည်။
“မဝယ်ပါဘူး၊ ငါကတော့ ကျိန်းသေပေါက် တိုက်ခန်းပဲဝယ်မှာ”
ထိုကိစ္စနှင့်ပတ်သတ်လာလျှင် သူတို့ အတွေးအမြင်များ မတူညီကြသဖြင့် ယဲ့ရှောင်ရှောင်လည်း ဆက်ပြီး အကြံမပေးတော့ဘဲ စက်ဘီးစီးလျက်ထွက်လာခဲ့တော့သည်။
ကျန်းခိုင်နင်က သူမ၏ ရည်ရွယ်ချက်ကို နားမလည်သလို ယဲ့ရှောင်ရှောင်လည်း ရှင်းပြဖို့ နည်းလမ်းမရှိပေ။
ဤခေတ်ကာလတွင် မြို့လယ်ခေါင်ရှိ အိမ်ဝင်းများ၏ပျက် စီးယိုယွင်းနေသည့် အခြေအနေမှာ အလွန်အမင်း ထင်သာမြင်သာ ရှိမနေသေးပေ။ အနီးနားတွင် နှိုင်းယှဉ်ကြည့်စရာ မိုးမျှော်တိုက်ကြီးများ ရှိမနေသဖြင့် ထိုအိမ်များကအလွန် အမင်း ဟောင်းနွမ်းနေမှန်း မသိသာသာသေးခြင်းဖြစ်ပါလိမ့်မည်။
ထိုအိမ်ဝင်းအများစုမှာ သာမန်အရွယ်အစား အိမ်ခြံမြေများအဖြစ်သာ ရှိနေကြသေးသည်။ ထိုအိမ်အများစုတွင် နေထိုင်သူများ ရှိနေကြသော်လည်း အနည်းစုကမူ ဗလာကျင်းအခြေအနေအဖြစ် ရှိနေသည်။ သို့သော် ပိုင်ရှင်များကို ခြေရာခံ စုံစမ်းဖို့ကတော့ မလွယ်ကူလှပါ။
လမ်းကြားတစ်ခု၏ အဝင်ဝတွင် အဘိုးအိုအချို့ စစ်တုရင်ထိုင်ကစားနေသည်ကို ယဲ့ရှောင်ရှောင် မြင်လိုက်ရသည်။
“အဘိုးတို့က ဒီနားမှာ နေတာလား”
ကောင်မလေးတစ်ဦးဖြစ်မှန်း မြင်သေအာခါ အဘိုးအိုတစ်ဦးက ခေါင်းညိတ်လျက် ဆိုသည်။
“ဟုတ်တယ်၊ ဒီမှာပဲ နေကြတာ၊ သမီးတစ်ယောက်ယောက်ကို လာရှာတာလား”
ယဲ့ရှောင်ရှောင်က မေးသည်။
“ဒီနားမှာ အိမ်ဝင်းတွေဘာတွေ ရောင်းဖို့ရှိလား သိချင်လို့ပါ၊ သမီးဝယ်ဖို့ စိတ်ကူးထားလို့လေ”
အဘိုးအိုက အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့် ပြန်ဖြေလိုက်သည်။
“ဒီနားမှာတော့ အိမ်ဝင်းအလွတ်တွေ အများကြီးရှိတယ်၊ ဒါပေမယ့် ပိုင်ရှင်တွေက ရောင်းချင်မှ ရောင်းမှာ၊ အများစုက ဘိုးဘွားပိုင်အိမ်တွေမို့လို့ ဆက်ထိန်းသိမ်းထားချင်ကြတာလေ”
“ဒါဆို အိမ်အလွတ်တွေရဲ့ ပိုင်ရှင်တွေကို ဆက်သွယ်လို့ ရနိုင်မလားဟင်”
“လူမနေဘဲ လွတ်နေတဲ့ အိမ်တွေရဲ့ ပိုင်ရှင်တွေကိုတော့ ရှာလို့ရပါတယ်၊ ပိုင်ရှင်ဘယ်သူမှန်း အတည်မပြုနိုင်တဲ့ အိမ်တွေကိုတော့ တခြားသူတွေကို ခွဲဝေပေးလိုက်ကြပြီလေ”
စစ်တုရင်ပွဲကို ရပ်ကြည့်နေသည့် အဘိုးအိုတစ်ဦးက ဝင်ပြောလိုက်သည်။
“အဘိုးလီက သူ့အိမ်ကို ရောင်းဖို့ ကြံနေတာ မဟုတ်ဘူးလား၊ သူ့အိမ်က တော်တော်ကျယ်တယ်နော်၊ အိမ်ဝင်းသုံးဆင့်ပါတဲ့ ရိုးရာအိမ်ကြီးပဲ”
ယဲ့ရှောင်ရှောင်က မေးသည်။
“သူက ဘာလို့ ရောင်းချင်တာလဲ”
“ကြောက်လို့တဲ့လေ၊ တိုင်းပြည်မတည်မငြိမ်ဖြစ်တဲ့ နှစ်တွေတုန်းက အဲ့ဒီအိမ်ဝင်းကို အရမ်းကြီးမားပြီး ခမ်းနားလွန်းလို့ ချိတ်ပိတ်ထားခဲ့တာ၊ သူ့နာမည်နဲ့ ရှင်းလင်းပြီးတော့မှ ပြန်ပိုင်ဆိုင်ခဲ့ရတာလေ၊ ဒါပေမယ့် အဘိုးလီက အဲ့မှာ မနေရဲတော့ဘူး၊ သူ့အိမ်ဝင်းကြီး အချိန်မရွေး ပြန်သိမ်းခံရမှာစိုးလို့ ရောင်းချင်တာတဲ့”
ယဲ့ရှောင်ရှောင် ဆက်မေးသည်။
“အဲ့ဒီ အဘိုးလီကို အခုဆက်သွယ်လို့ ရနိုင်လား”
ထိုအခါ အဘိုးအိုက မတ်တပ်ရပ်လျက် ပြောလိုက်သည်။
“လာခဲ့ လာခဲ့၊ သူ့ဆီ လိုက်ပို့ပေးမယ်”
ယခုခေတ်တွင် အိမ်တစ်လုံး ဝယ်ယူရောင်းချဖို့ဟူသည်မှာ မရိုးရှင်းလှပါ။
အနာဂတ်တွင် ဖုန်းတစ်ချက် ဆက်ရုံဖြင့် ရနိုင်သော်လည်း လက်ရှိအချိန်တွင်မူ အခွင့်အရေးကို လက်လွှတ်လိုက်ပါက အိမ်ပိုင်ရှင်အား မည်သည့်နေရာတွင် လိုက်လံရှာဖွေရမှန်းမသိ ဖြစ်သွားပါလိမ့်မည်။
ယဲ့ရှောင်ရှောင်လည်း စက်ဘီးကို တွန်းလျက် အဘိုးအိုနှင့်အတူ ထွက်လာခဲ့သည်။
ဤလမ်းကြားကို လျန်ဟွားလမ်းကြားဟု ခေါ်သည်။ လမ်းမများမှာ အလွန်ပင် သန့်ရှင်းသပ်ရပ်မှုရှိပြီး ဤနယ်မြေ တစ်ခုလုံးမှာလည်း စနစ်တကျ ရှိလှသည်။
“အိမ်ရောင်းချင်တဲ့ အဘိုးလီက သူ့အိမ်မှာ နေနေတုန်းပဲလား”
“မဟုတ်ပါဘူး၊ အဘိုးလီက တခြားနေရာမှာ နေတာ၊ သူ့အိမ်ဝင်းကြီးကတော့ ဒီတိုင်း အလွတ်ကြီးပဲ”
ယဲ့ရှောင်ရှောင် နားလည်သွားသည်။ အဘိုးလီဟူသည်မှာ ချမ်းသာကြွယ်ဝသည့် မိသားစုမှလာသူ ဖြစ်ရမည်။
သူမကို လမ်းပြပေးနေသည့် ဖော်ရွေသော အဘိုးအိုမှာ အဘိုးလျို့ဟု အမည်ရသည်။ အဘိုးလျို့သည် အိမ်ရာတစ်ခု၏ ဝင်ပေါက်ထံသို့ ယဲ့ရှောင်ရှောင်အား ခေါ်လာပေးပြီး အဘိုးလီအား လှမ်းအော်ခေါ်လိုက်သည်။
“အဘိုးလီ လာစမ်းပါဦး! ခင်ဗျားအိမ်ဝင်းကို ဝယ်ချင်တဲ့လူတစ်ယောက် ရောက်နေလို့”
အဘိုးလီ အိမ်ရာထဲမှ ထွက်လာကာ မေးမြန်းလိုက်သည်။
“ဘယ်သူက ဝယ်ချင်တာတုန်း”
ယဲ့ရှောင်ရှောင် ရှေ့ထွက်ပြလိုက်သည်။
“သမီးပါ”
အဘိုးလီက ယဲ့ရှောင်ရှောင်အား အကဲခတ်ကာ သတိပေးလိုက်သည်။
“ကလေးမ၊ ငါ့ကို လာမနောက်နဲ့နော်၊ ငါ့အိမ်ဝင်းကိုအနည်း ဆုံး ယွမ်ထောင်ဂဏန်းနဲ့ရောင်းမှာ၊ နင့်လို ကလေးမျိုးက အဲ့လောက်ပိုက်ဆံ ထုတ်ပေးနိုင်လို့လား”
“သမီးနောက်နေတာ မဟုတ်ပါဘူး၊ သမီးတကယ်ဝယ်ဖို့ ရည်ရွယ်ထားတာပါ၊ အခုသွားကြည့်လို့ရမလား”
အမှန်တွင်မူ ယဲ့ရှောင်ရှောင်သည် သွားရောက်စစ်ဆေးဖို့ပင် စိတ်မပါလှပေ။ သူမ အမှန်တကယ် တန်ဖိုးထားသည်က အိမ်ကို မဟုတ်ဘဲ မြေနေရာကိုသာ ဖြစ်သည်။
ဤမြေကွက်တွင် ဖြိုဖျက်ပြီး ပြန်လည်ဆောက်လုပ်ခွင့်ရဖို့ အခွင့်အရေးမရရှိနိုင်သော်လည်း အစောပိုင်းကတည်းက ပြုပြင်မွမ်းမံထားလျှင် အဆင်ပြေနိုင်ပါသည်။
အဘိုးလျို့က တိုက်တွန်းသည်။
“ကလေးကို လိုက်ပြလိုက်စမ်းပါ အဘိုးလျို့ရာ၊ ခင်ဗျားအိမ်ကြီး တကယ်ရောင်းထွက်မသွားဘူးလို့ မပြောနိုင်ဘူးလေ”
အဘိုးလီလည်း လိုက်လျောပေးလိုက်သည်။
“ဟုတ်ပြီ ဟုတ်ပြီ၊ ကျုပ် သော့သွားယူပါရစေဦး”
အဘိုးလျို့က ယဲ့ရှောင်ရှောင်အား လှည့်ပြောလိုက်သည်။
“အဘိုးလီနဲ့ လိုက်သွားလိုက်တော့ ကလေးမ၊ ငါတော့ စစ်တုရင်ပွဲ ပြန်သွားကြည့်လိုက်ဦးမယ်”
ယဲ့ရှောင်ရှောင်: “ကျေးဇူးတင်ပါတယ်အဘိုး၊ အလုပ်ရှုပ်မိသလို ဖြစ်သွားရင် တောင်းပန်ပါတယ်”
အဘိုးလီ: “ရပါတယ် ရပါတယ်”
ယဲ့ရှောင်ရှောင်နှင့် အဘိုးလီတို့ အိမ်ဝင်းကြီးကို သွားရောက်ကြည့်ရှုခဲ့ကြသည်။
ထိုအိမ်ဝင်းကြီး၏ တည်နေရာက အဘိုးလီ လက်ရှိနေထိုင်နေသည့် နေရာနှင့် သိပ်မဝေးလှပါ။ ဤနေရာတွင် လူမနေသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း သိသာသည်။
အဝင်တံခါးဝမှာ အတော်အတန် သန့်ရှင်းနေသော်လည်း အထဲသို့ ဝင်လိုက်သည်နှင် အိမ်ဝင်းတစ်ခုလုံး ယိုယွင်း ဟောင်းနွမ်းနေသည်ကို တွေ့လိုက်ရသည်။
အဘိုးလီကလည်း သူ့အိမ်အကြောင်းသူ နားလည်ပုံရသည်။
“ဒီအိမ်ငါ့လက်ထဲ ပြန်ရောက်လာကတည်းက သန့်ရှင်းရေးမလုပ်ရသေးတာပဲ၊ ပြူတင်းပေါက်တွေ၊ တံခါးတွေအကုန် ပြန်ပြုပြင်ရမယ်၊ ထုတ်တန်းတွေ၊ တိုင်တွေကတော့ ကုန်ကြမ်းအကောင်းစားတွေနဲ့လုပ်ထားတာမို့လို့ ဘာမှ စိတ်ပူစရာ မလိုဘူး၊ နောက်ထပ်ရာစုနှစ်တွေအများကြီး ဆက်နေလို့ရသေးတယ်”
ယဲ့ရှောင်ရှောင်လည်း အိမ်ဝင်းထဲ လှည့်ပတ်ကြည့်ရှုလိုက်သည်။
အဘိုးအိုက ချဲ့ကားပြောဆိုနေခြင်း မဟုတ်သော်လည်း ဤကဲ့သို့ အိမ်ဝင်းမျိုးကို ပြုပြင်ရုံနှင့် မလုံလောက်ပေ။ အစအဆုံး အသစ်ပြန်ဆောက်ရမည့်အခြေအနေမျိုး ဖြစ်နေပါသည်။
အဘိုးလီလည်း အနည်းငယ် ရှက်ရွံ့နေပုံရသည်။ ဤအိမ်ကို ရောင်းထွက်နိုင်တော့မည် မဟုတ်ဟုပင် တွေးတောမိနေပါပြီ။
ယခုခေတ်တွင် ကိုယ်ပိုင်အိမ်ဝယ်ယူသူဟူ၍ အလွန်နည်းပါးလွန်းသည့်အပြင် ဝယ်ယူပြီးသည့် လူတိုင်းကလည်း ချက် ချင်းပင် ပြောင်းရွှေ့နေထိုင်လေ့ ရှိကြသည်။
ဤအိမ်ဝင်းကြီးမှာမူ ချက်ချင်းနေထိုင်ဖို့ မဖြစ်နိုင်သည့်အပြင် ပြန်လည်ပြုပြင်ဖို့ စရိတ်စခလည်း များပေလိမ့်မည်။
ဤကဲ့သို့ အရွယ်အစားကြီးမားသည့် အိမ်ဝင်းကြီးကို ပြန်လည်ပြုပြင်ရမည်ဆိုလျှင် အခြားအိမ်အသစ်တစ်လုံးသာ ဝယ်ယူလိုက်ခြင်းက ပိုတန်ပါလိမ့်မည်။
သို့သော် ယဲ့ရှောင်ရှောင်ကမူ အလွန်သဘောကျသွားသည်။ ဤအိမ်ဝင်း၏မြေဧရိယာ အကျယ်အဝန်းမှာ အလွန်ပင် ကြီးမားလှသည်။ ဤမျှ ကျယ်ဝန်းသော မြေကွက်သည် အနာဂတ်တွင် တန်ဖိုးအားဖြင့် အဆမတန် မြင့်တက်လာမည်မှာ အသေအချာပင်။
ယဲ့ရှောင်ရှောင်သည် စိတ်လှုပ်ရှားမှုကို မျက်နှာပေါ်တွင် မပေါ်စေဘဲ တည်တည်ငြိမ်ငြိမ် မေးမြန်းလိုက်ပါသည်။
“အဘိုးက ဘယ်လောက်နဲ့ ရောင်းဖို့ စိတ်ကူးထားလဲ”
အဘိုးလီ အတန်ကြာအောင် တွန့်ဆုတ်သွားပြီး ထစ်ငေါ့စွာ ပြောလိုက်သည်။
“ယွမ်… ယွမ် ၆,၀၀၀ လောက်ပါ”
ယဲ့ရှောင်ရှောင်က ထပ်မေးသည်။
“အိမ်ရဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေကို အရှုပ်အရှင်းကင်းကင်းနဲ့ လွှဲပြောင်းပေးနိုင်မယ်မလား၊ နောက်ပိုင်း ပိုင်ဆိုင်မှုနဲ့ ပတ်သတ်ပြီး အငြင်းပွားစရာတွေ ဖြစ်မလာနိုင်ဘူးမလား”
အဘိုးလီ ချက်ချင်းအာမခံလိုက်သည်။
“ဘာမှမဖြစ်နိုင်ဘူး၊ နင်ဝယ်မှာ သေချာရင် အခုချက်ချင်းတောင် ပိုင်ဆိုင်မှုလွှဲပြောင်းပေးလိုက်လို့ရတယ်”
ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။
“ခုနက ဈေးကိုတော့ မိသားစုနဲ့ ပြန်တိုင်ပင်ကြည့်လိုက်ပါဦးမယ်၊ သူတို့ သဘောတူတယ်ဆိုရင် မနက်ဖြန် ငွေယူလာခဲ့မယ်”’
အိမ်တစ်လုံးဝယ်ယူခြင်းကဲ့သို့ကြီးမားသောအရောင်းအဝယ် ကိစ္စတစ်ခုတွင် ကောင်မလေးတစ်ဦးတည်း ကိုယ်ပိုင်ဆုံး ဖြတ်ချက်ချနိုင်မည်မဟုတ်မှန်း အဘိုးလီလည်း နားလည်ပါသည်။
“ဟုတ်ပါပြီ၊ နင့်မိသားစုနဲ့ ပြန်တိုင်ပင်လိုက်ဦး၊ ဆုံးဖြတ်ပြီးရင် မနက်ဖြန် ပြန်လာခဲ့ပေါ့”
“ဟုတ်ကဲ့ပါ”
ယဲ့ရှောင်ရှောင်၏စကားမှာ အလိမ်အညာစကားသာဖြစ် သည်။ သူမသဘောဖြင့်သူမ အိမ်ဝယ်ခြင်းက စိတ်မချရသဖြင့် မနက်ဖြန် စုန့်ရှောင်းကွမ်ကို ခေါ်ဆောင်ကာ အိမ်ဝင်းကြီးအား ထပ်မံဆန်းစစ်ဖို့ ဆုံးဖြတ်ထားပါသည်။
ကျောင်းသို့ပြန်ရောက်သည်နှင့် စုန့်ရှောင်းကွမ်အား ယဲ့ရှောင်ရှောင် ဖုန်းဆက်လိုက်သည်။ ယဲ့ရှောင်ရှောင်က အိမ်ဝင်းတစ်လုံး ဝယ်ဖို့ စိတ်ကူးရှိသည်ဟု ကြားလိုက်သည်နှင့် စုန့်ရှောင်းကွမ်လည်း မဆိုင်းမတွ သဘောတူခဲ့ပါသည်။
နောက်တစ်နေ့တွင် စုန့်ရှောင်းကွမ်သာမက စုန့်ကောရှမ့်နှင့် စုန့်ကွမ်းကျင့်တို့ပါ ကားထဲတွင် ပါလာကြသည်။
“ဆရာကြီးနဲ့ ဦးလေးကောရှမ့်တို့ ဘာလို့ လိုက်လာကြတာလဲ”
ထိုလူနှစ်ဦးမှာ အလွန်အလုပ်များကြသူများ ဖြစ်သည်။
စုန့်ကွမ်းကျင့်က ဆိုသည်။
“ငါ့တပည့် အိမ်ဝယ်မယ်ဆိုတော့ ဆရာဖြစ်တဲ့ငါက လိုက်မကြည့်လို့ ရမလား”
ယဲ့ရှောင်ရှောင် လိပ်ပြာမလုံစွာ နှာခေါင်းပွတ်လိုက်မိသည်။ သူမ ဝယ်ယူမည့်အိမ်ကို ဆရာကြီးစုန့် သဘောမကျလောက်ပါ။
စုန့်ရှောင်းကွမ်သည် ယဲ့ရှောင်ရှောင်ပေးထားသည့် လိပ်စာအတိုင်း ကားကို မောင်းနှင်လာခဲ့သည်။
လူအင်အား အမြောက်အများနှင့် ရောက်ရှိလာသည့် ယဲ့ရှောင်ရှောင်ကို မြင်ပြီး အဘိုးလီတစ်ယောက် စိတ်ချလက်ချ် ဖြစ်သွားလေတော့သည်။ အနည်းဆုံးတော့ သူ့ကို ဤကလေးမ နောက်ပြောင်နေခြင်း မဟုတ်မှန်းသေချာသွားခဲ့လေပြီ။
သို့သော် အဘိုးလီ၏အိမ်ဝင်းကို ရောက်ရှိသည်နှင့် စုန့်ကွမ်းကျင့် ဆွံ့အသွားခဲ့ရသည်။
“နင်ရွေးထားတဲ့ အိမ်ဝင်းက ဒါလား”
ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။
စုန့်ကောရှမ့်ကလည်း ဝင်ပြောသည်။
“ဒီနေရာကြီးက အရမ်းမဟောင်းလွန်းဘူးလား…”