အခန်း ၁၆၆
Vol. 17 Ch. 166
📗 Chapter 166
“သမီးတော့ ဒီမြေကွက်ကို တော်တော်လေး အဆင်ပြေတယ်လို့ ထင်မိတယ်၊ အိမ်က ဟောင်းနေပေမယ့် သမီးတို့ဖာသာ စိတ်ကြိုက်ပြုပြင်မွမ်းမံလို့ ရတယ်လေ”
ယဲ့ရှောင်ရှောင်က မျက်နှာပူစွာဖြင့် ရှင်းပြပေးလိုက်ပါသည်။
စုန်ကွမ်းကျင့်က မေးသည်။
“ဒီအိမ်က ဘယ်လောက်တဲ့လဲ”
ယဲ့ရှောင်ရှောင်: “အိမ်ရှင်ကတော့ ယွမ် ၆,၀၀၀ သတ်မှတ်ထားတယ်”
စုန့်ကွမ်းကျင့် ခေါင်းညိတ်ကာ ဆိုသည်။
“ယွမ် ၆,၀၀၀ ကတော့ မများပါဘူး၊ ဝယ်မယ်ဆိုရင်တော့ သင့်တင့်တဲ့ ဈေးနှုန်းပဲ”
သို့သော် စုန့်ကောရှမ့်ကမူ ခုခေတ်လူငယ်များ၏ အတွေး အခေါ်ကို နားမလည်နိုင်ဖြစ်နေခဲ့သည်။
“ချက်ချင်းပြောင်းနေဖို့ စိတ်ကူးမရှိဘဲ အိမ်တစ်လုံးကို ဝယ်မယ်တဲ့လား…”
ယဲ့ရှောင်ရှောင်သည် ကျန်ရှိနေသေးသည့် အသေးစိတ်အချက်အလက်များကို အဘိုးလီနှင့် ဆွေးနွေးခဲ့သည်။
တစ်စုံတစ်ဦးက သူ့အိမ်ဝင်းကို အမှန်တကယ်ဝယ်ယူတော့မည်ဖြစ်ကြောင်း ကြားသိလိုက်ရသဖြင့် အဘိုးလီလည်း လုပ်ငန်းစဉ်တစ်ခုလုံးတွင် အလွန်တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါသည်။
ယဲ့ရှောင်ရှောင် ငွေပေးချေရမည့်အချိန်ကို ရောက်သောအခါ စုန့်ရှောင်းကွမ်က သူ့လွယ်အိတ်ထဲမှ ငွေများကို ရုတ်တရက်ထုတ်ကာ အဘိုးလီအား ပေးလိုက်သည်။
“ဆရာကြီးက ဒီငွေကို သူစိုက်ပေးမယ်လို့ ပြောလိုက်တယ်”
ယဲ့ရှောင်ရှောင် ပါးစပ်အဟောင်းသားဖြစ်သွားသည်။
“ဘယ်ဖြစ်မှာလဲ!”
စုန့်ရှောင်းကွမ် “နင့်ငွေတွေကိုတော့ အိမ်ဝင်းတစ်ခုလုံးကို ပြန်ပြုပြင်တဲ့နေရာမှာသုံးဖို့ သိမ်းထားလို့ ဆရာကြီးက ပြောခိုင်းလိုက်တယ်”
ယဲ့ရှောင်ရှောင် “…”
စုန့်ရှောင်းကွမ် ကိုယ်တိုင်လည်း အနည်းငယ် စိတ်ဝင်စားမိပါသည်။
“နင်ဒီနေရာကြီးကို နေဖို့ ဝယ်တာတော့ မဟုတ်လောက်ဘူးမလား၊ တက္ကသိုလ်နဲ့လည်း အဝေးကြီးပဲ၊ ပြီးတော့ အခုချက်ချင်းလာနေဖို့လည်း မဖြစ်နိုင်ဘူး”
ယဲ့ရှောင်ရှောင်က ချေပသည်။
“ဒီအိမ်ဝင်းကို သေသေချာချာ ပြန်ပြုပြင်လိုက်ရင် အလား အလာကောင်းနိုင်တယ်လို့ ခံစားမိလို့ပါ”
သူမ၏အဖြေကို ကြားပြီး စုန့်ရှောင်းကွမ်လည်း ဆက်မမေးတော့ပေ။
ဤကဲ့သို့ ဟောင်းနွမ်းနေသည့် အိမ်ဝင်းကြီးတစ်ခုကို ယဲ့ရှောင်ရှောင် အဘယ်ကြောင့် ဝယ်ယူလိုက်ကြောင်း စုန့်ရှောင်းကွမ် စိတ်ဝင်စားနေသေးသော်လည်း ကိုယ်ရေးကိုယ် တာ ချိုးဖောက်ရာကျမည်စိုး၍ နှုတ်ဆိတ်နေလိုက်ပါသည်။
ယဲ့ရှောင်ရှောင်ကမူ နက်နဲဆန်းကြယ်သော အမူအရာဖြင့် ခေါင်းခါလိုက်ပြီး အဘိုးလီနှင့်အတူ စာရွက်စာတမ်းကိစ္စများကို လက်စသတ်လိုက်လေတော့သည်။
အဘိုးလီမှာလည်း ငွေသားများကို ကိုင်ဆောင်ရင်းအလွန်ပင် စိတ်ကျေနပ်နေပါသည်။ ထို့နောက် အိမ်ဝင်းသော့များကို ယဲ့ရှောင်ရှောင်လက်ထဲ အပြီးအပိုင် အပ်နှံလိုက်သည်။
“ကလေးမ၊ ဒီနေ့ကစပြီး ဒီအိမ်ဝင်းကြီးကို နင်ပိုင်ဆိုင်သွားပြီနော်”
ယဲ့ရှောင်ရှောင် သော့များကို လက်ခံလိုက်သည်။ အမှန်တွင်မူ ထိုသော့များက အရေးမပါလှပါ။ အဆောက်အအုံ အားလုံးကို အနှေးနှင့်အမြန် ဖြိုဖျက်ပစ်ရမည် ဖြစ်သောကြောင့်ပင်။
ယဲ့ရှောင်ရှောင် မပြန်မီ အဘိုးလီအား မှာကြားခဲ့သေးသည်။
“အဘိုး၊ ဒီရပ်ကွက်မှာ အိမ်ရောင်းချင်တဲ့ တခြားသူတွေရှိသေးရင် သမီးကို ဆက်သွယ်လိုက်ဖို့ ပြောပေးပါနော်”
အဘိုးလီအား လိပ်စာတစ်စောင်ပေးခဲ့ပြီး အရေးကြီးကိစ္စရှိပါက ကြေးနန်းစာပို့၍ရကြောင်း ပြောခဲ့သည်။
အဘိုးလီ ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပြီ ဟုတ်ပြီ၊ အရင်က အိမ်ရောင်းချင်တယ်လို့ ပြောဖူးတဲ့လူတွေကို လိုက်မေးကြည့်လိုက်မယ်၊ ဒါပေမယ့် ဒီလောက် အိမ်ဝင်းတွေအများကြီး ဘာလုပ်ဖို့ ဝယ်ချင်တာလဲ ကလေးမ”
ယဲ့ရှောင်ရှောင် ခပ်ပါးပါး ပြုံးလိုက်သည်။
“သမီးအတွက် ဝယ်တာမဟုတ်ပါဘူး၊ တခြားသူအတွက် စုံစမ်းပေးနေတာ”
အဘိုးလီ “လူငယ်တွေရဲ့ အတွေးအခေါ်ကတော့ တကယ်နားလည်ရခက်တာပဲ၊ ငါ့ဘက်မှာ သတင်းထူးရှိရင် ကြေးနန်း စာ ပို့လိုက်ပါ့မယ်”
“ကျေးဇူးတင်ပါတယ် အဘိုး”
ယဲ့ရှောင်ရှောင်သည် အိမ်စာချုပ်များ၊ အိမ်သော့များကို ကိုင်ဆောင်ရင်း အလွန်စိတ်ကျေနပ်စွာ ပြန်လာခဲ့ပါသည်။
တက္ကသိုလ်သို့ တန်းမပြန်သေးဘဲ စုန့်ကွမ်းကျင့်၏ အိမ်တွင် ခဏဝင်နားခဲ့သေးသည်။ ထိုအိမ်တွင် စာအုပ်အနည်းငယ် ဖတ်ကာ၊ နေ့လယ်စာစားပြီးနောက် စက်ရုံကိစ္စများနှင့်ပတ်သတ်၍ စုန့်ရှောင်းကွမ်နှင့်လည်း ဆွေးနွေး တိုင်ပင်ခဲ့သေးသည်။
ထုတ်ကုန်ပထမအသုတ်များကို ဈေးကွက်ထဲသို့ အောင်အောင်မြင်မြင် ဖြန့်ချိနိုင်ခဲ့ပါပြီ။ လက်ရှိတွင် ရရှိထားသော တုံ့ပြန်ချက်များမှာလည်း အလွန်ပင် ကောင်းမွန်လှသည်။
ကုန်ပစ္စည်းအသစ်များ၏ အရည်အသွေးမှာ မူရင်းမျက်နှာလိမ်းဆေးခရင်မ်နှင့် ထပ်တူညီသဖြင့် မျှော်မှန်းထားသော စံနှုန်းများ အားလုံးနှင့် ကိုက်ညီကြောင်း သက်သေပြနေပါသည်။
ယဲ့ရှောင်ရှောင် ပေးထားသည့် Face Mask ဖော်မြူလာသည်လည်း နောက်ဆုံးအဆင့် ထိန်းညှိမှုများ ဆောင်ရွက်နေရပြီ ဖြစ်သည်။
ဤကဲ့သို့ ထုတ်ကုန်မျိုးသည် အဘယ်ကြောင့် ရောင်းအားအလွန်ကောင်းနေမှန်း စုန့်ရှောင်းကွမ် နားမလည်နိုင်သော် လည်း ကုန်ပစ္စည်းနှင့် ပတ်သတ်သည့် ဆုံးဖြတ်ချက်အားလုံးကို ယဲ့ရှောင်ရှောင်ကသာ ချမှတ်ခြင်း ဖြစ်သောကြောင့် သူ့တာဝန်မှာ ညွှန်ကြားချက်အတိုင်း အကောင်အထည်ဖော်ဖို့သာညစာစားသောက်ပြီးနောက် ယဲ့ရှောင်ရှောင် ကျောင်းသို့ ပြန်လာခဲ့သည်။ အဆောင်အဝင်ဝသို့ ရောက်သောအခါ ထန်ရှို့ရှို့နှင့် ကျန်းခိုင်နင်တို့ကို တိုက်တိုက်ဆိုင်ဆိုင် မြင်လိုက်ရသည်။
သူတို့နှစ်ယောက် စကားပြောဆိုပြီးခါစဖြစ်ကြောင်း သိသာသည်။ ကျန်းခိုင်နင်၏မျက်နှာကို ကြည့်ခြင်းအားဖြင့် လုံးဝ အရေးနိမ့်သွားပြီဖြစ်မှန်း သိနိုင်ပါသည်။
ယဲ့ရှောင်ရှောင် အနားသို့ လျှောက်သွားကာ ထန်ရှို့ရှို့အား မေးလိုက်သည်။
“ကျန်းခိုင်နင်နဲ့ ဘာတွေပြောနေတာလဲ”
ထန်ရှို့ရှို့ စိတ်ပျက်လက်ပျက် ရယ်မောကာ ပြောလိုက်ပါသည်။
“နင့်မေဂျာက အတန်းဖော်က ရယ်စရာတော့ကောင်းသားပဲ၊ ဒါပေမယ့် ငါကြိုက်တဲ့ပုံစံမျိုး မဟုတ်လို့ပါ”
“နင့်ကို ရည်းစားစကား လာပြောလို့လား”
ထန်ရှို့ရှို့ အမှန်အတိုင်း ဝန်ခံလိုက်သည်။
ယဲ့ရှောင်ရှောင်လည်း ဤရလဒ်ကို မျှော်မှန်းထားပြီးသား ဖြစ်ပါသည်။
ထန်ရှို့ရှို့က ဆက်ပြောသည်။
“တကယ်တော့ ကျန်းခိုင်နင်ကို ငါသဘောမကျတဲ့အပြင် ငြင်းလိုက်ရတဲ့ တခြားအကြောင်းအရင်းလည်း ရှိသေးတယ်၊ ငါသဘောကျတဲ့ လူတစ်ယောက် ရှိနေပြီးသားမို့လို့”
ယဲ့ရှောင်ရှောင် စိတ်ဝင်တစား စိုက်ကြည့်နေသဖြင့် ထန်ရှို့ရှို့က ပြုံးကာ ပြောလိုက်ပါသည်။
“ဒါပေမယ့် ငါတို့နှစ်ယောက် တကယ်နီးစပ်နိုင်ပါ့မလားဆိုတာတော့ အခုထိ မသေချာသေးဘူး၊ သတင်းကောင်း ရှိလာရင်တော့ နင်တို့ကို ကျိန်းသေပေါက် အသိပေးမှာပါ”
“နင့်ဆန္ဒတွေ ပြည့်ဝပါစေလို့ ဆုတောင်းပေးပါတယ်”
“ကျေးဇူးပါ”
--- --- ---
လုအိမ်တော်တွင်…
ချန်းမင်သည် အဘိုးလုနှင့် အဘွားလုတို့ကို ကျန်းမာရေးစစ်ဆေးပေးမည်ဟူသော အကြောင်းပြချက်ဖြင့် လုအိမ်တော်သို့ သွားရောက်ဖို့ အခွင့်အရေးရခဲ့ပါသည်။
လုဟန်ချွမ်က သူမကို ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့သော် လည်း နောက်ဆုံးအကြိမ် ကြိုးစားကြည့်ချင်သေးသည်။
“အဘိုးနဲ့ အဘွား၊ ဟိုနေ့က အဘိုးဟန်ရဲ့ မွေးနေ့ပွဲကိုသွားတော့ ဟန်ချွမ်ရဲ့ ကောင်မလေးကို တွေ့ခဲ့ရတယ်သိလား”
အဘွားလု ခေတ္တကြက်သေသေသွားပြီး နွေးနွေးထွေးထွေးပြုံးကာ ပြန်ပြောလိုက်ပါသည်။
“ဪ၊ ရှောင်ရှောင်နဲ့ တွေ့ခဲ့တာလား ရှောင်းမင်၊ သူက လှတယ်မဟုတ်လား၊ သူ့လိုကောင်မလေးမျိုးကို ရလိုက်တာ အဘွားတို့ ဟန်ချွမ်လေး ကံကောင်းတာပဲ”
အဘွားလု၏စကားလုံးများနောက်ကွယ်က အဓိပ္ပာယ်ကို ချန်းမင် ချက်ချင်းနားလည်သွားပြီး ရင်ထဲမှာလည်း အလွန်ပင် ခါးသီးသွားခဲ့ပါသည်။
“အဲ့တာဆို အဘွားလည်း အဲ့ဒီကိစ္စကို သိပြီးသားပေါ့”
အဘွားလုက ခေါင်းညိတ်သည်။
“ဟုတ်တယ် ရှောင်းမင်၊ ရှောင်းချွမ်လေးအပေါ် သမီးဘယ် လိုသဘောထားလဲ အဘွားကောင်းကောင်းသိပါတယ်၊ ဒါပေမယ့် နှစ်တွေအများကြီး ကြာတာတောင် သမီးနဲ့ ရှောင်းချွမ်လေးတို့ရဲ့ ဆက်ဆံရေးက တိုးတက်မလာသေးဘူး၊ အဲ့တာကို ကြည့်ရုံနဲ့ သမီးတို့နှစ်ယောက် ရေစက်မပါမှန်း သိသာပါတယ်ကွယ်”
ချန်းမင် ခေါင်းငုံ့သွားခဲ့သည်။
“သမီးနားလည်ပါပြီ အဘွား”
“လိမ္မာတဲ့ကလေးပဲ”
အဘွားလုက ချန်းမင်၏လက်ကို သိမ်သိမ်မွေ့မွေ့ ပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်သည်။
အပေါ်ယံတွင်တော့ ချန်းမင် စွန့်လွှတ်နိုင်ခဲ့ပြီဟု ထင်ရသော် လည်း သူမစိတ်ထဲတွင် ရှိနေသည့် အတွေးများကို သူမကိုယ်တိုင်သာ သိနိုင်ပါလိမ့်မည်။
လုအိမ်တော်မှ ပြန်လာသည်နှင့် ချန်းမင် တစ်စုံတစ်ယောက်ကို ဖုန်းဆက်လိုက်သည်။
“လူတစ်ယောက်ကို စုံစမ်းပေးပါ”
တစ်ဖက်လူနှင့် စကားအနည်းငယ်ပြောပြီးနောက် ချန်းမင် ဖုန်းချလိုက်တော့သည်။
--- --- ---
လွန်ခဲ့သည့် ရက်ပိုင်းများအတွင်း သူမနောက်ကို တစ်စုံတစ် ယောက် လိုက်နေသည်ဟု ယဲ့ရှောင်ရှောင် ခံစားနေရသည်။
ယခင်က သူမကို ကာကွယ်ပေးဖို့ စုန့်ကွမ်းကျင့် ဘော်ဒီဂတ်တစ်ယောက် စီစဉ်ပေးထားဖူးသော်လည်း ထိုဘော်ဒီဂတ်နှင့် ယဲ့ရှောင်ရှောင် တစ်ခါမှ စကားပြောဆိုဆက်ဆံခြင်း မရှိခဲ့ပါ။
ယခုအခါတွင်မူ စုန့်စန်းအမည်ရသော ထိုဘော်ဒီဂတ်အား သူမ တွေ့ဆုံမေးမြန်းခဲ့သည်။
“ဦးလေးအပြင် သမီးနောက်ကို လိုက်နေတဲ့ တခြားသူတွေ ရှိသေးလား”
စုန့်စန်းဟူသည်မှာ အသက် ၃၀ ဝန်းကျင်အရွယ်ရှိသည့် ယောက်ျားတစ်ဦးဖြစ်ပြီး ရုပ်ရည်သွင်ပြင်နှင့် ခန္ဓာကိုယ်မှာ သာမန်မျှသာဖြစ်သည်။ ထို့ကြောင့် လူအုပ်ထဲတွင် သတိထားမိစရာမကောင်းဘဲ ကိုယ်ရောင်ဖျောက်နိုင်သည့် လူစားမျိုး ဖြစ်ပါသည်။
ယဲ့ရှောင်ရှောင်သည် သူ၏အမည်အရင်းကို မသိရှိဘဲ ‘စုန့်စန်း’ဟုသာ ခေါ်ရမည်ဟု သိထားသည်။
ပုံမှန်ဆိုလျှင် စုန့်စန်းသည် ကျောင်းဝင်ပေါက်အနီးနားတွင်သာ စောင့်ကြည့်နေလေ့ရှိပြီး ယဲ့ရှောင်ရှောင် အပြင်ထွက်သည့်အခါမှ လိုက်လံကာကွယ်ပေးလေ့ရှိသည်။
ယဲ့ရှောင်ရှောင်ဘက်မှ တကူးတက လိုက်မရှာမချင်း သူရှိနေသည်ကိုပင် သိနိုင်ရန် မလွယ်ကူလှပေ။ ဆရာကြီးစုန့်သည် ဤကဲ့သို့ ပါရမီရှင်မျိုးကို မည်သို့ ရှာဖွေထားမှန်း ခန့်မှန်းရခက်လှပါသည်။
စုန့်စန်းကလည်း ယဲ့ရှောင်ရှောင်၏ သံသယများကို အတည် ပြုပေးခဲ့သည်။
“မနေ့ကစပြီး ကျောင်းဝင်ပေါက်နားမှာ သံသယဖြစ်စရာကောင်းတဲ့လူတစ်ယောက် ရစ်သီသီလုပ်နေတယ်၊ သူ့လက်ထဲမှာလည်း ကင်မရာတစ်လုံး ကိုင်ထားသေးတယ်၊ မင်းကို ကိုယ်ထိလက်ရောက် အန္တရာယ်ပြုမယ့်ပုံတော့ မပေါ်ဘူး”
“ကင်မရာဟုတ်လား”
ယဲ့ရှောင်ရှောင်သည် စုန့်စန်းနှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် ကျောင်းဝင်းထဲ ပြန်ဝင်သွားခဲ့ပါသည်။
ထိုလျှို့ဝှက်ဓာတ်ပုံဆရာသည် ယဲ့ရှောင်ရှောင်နောက်သို့ လိုက်နေသည်မှာ ကြာပြီဖြစ်သော်လည်း သူ၏ အလုပ်ရှင် အမှန်တကယ် လိုချင်နေသည့် ဓာတ်ပုံကို ရိုက်ကူးဖို့ အခွင့်အရေး မရသေးပေ။
ယဲ့ရှောင်ရှောင်၏ တစ်နေ့တာ လှုပ်ရှားမှုများကို ရိုက်ကူးဖို့က လွယ်ကူသော်လည်း အလုပ်ရှင်သတ်မှတ်ထားသည့် စံနှုန်းများနှင့် ကိုက်ညီမှုမရှိသဖြင့် ထိုလျှို့ဝှက်ဓာတ်ပုံဆရာသည် သူမနောက်သို့သာ တိတ်တဆိတ်လိုက်ပြီး ဆက်လက် စောင့်ကြည့်နေခဲ့ရသည်။
တစ်နေ့တွင် ယဲ့ရှောင်ရှောင်တစ်ယောက် ကျောင်းဝင်းထဲမှ ထွက်လာပြီးနောက် ကျောင်းဝင်ပေါက်နှင့် မျက်နှာချင်းဆိုင်ရှိ သစ်သီးအရောင်းဆိုင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။
ထိုဆိုင်တွင် သစ်သီးနှစ်လုံး ဝယ်ယူပြီးနောက် ကျဉ်းမြောင်းလှသော လမ်းကြားလေးတစ်ခုထဲသို့ အလျင်အမြန် ပြေးဝင်သွားခဲ့ပါသည်။
လျှို့ဝှက်ဓာတ်ပုံဆရာသည်လည်း သူမနောက်မှ ချက်ချင်းပင် လိုက်သွားခဲ့သည်။
ထိုလူ လမ်းကြားထဲသို့ ခြေလှမ်းလိုက်သည်နှင့် ယဲ့ရှောင်ရှောင်က ဆက်ခနဲ နောက်လှည့်လိုက်ပြီး သူနှင့် မျက်နှာချင်း ဆိုင်လိုက်လေသည်။
“ဓာတ်ပုံရိုက်လို့ ဝပြီလား”
ဓာတ်ပုံဆရာလည်း ကြက်သေသေသွားပြီး ချက်ချင်း လှည့်ပြေးဖို့ ကြံလိုက်ပါသည်။
သို့သော် စုန့်စန်းက လမ်းကြားအဝင်ဝတွင် ကြိုတင်၍ပိတ် ဆို့ထားခဲ့ပြီးဖြစ်သည်။
လျင်မြန်သော ခြေလှမ်းဖြင့် ရှေ့သို့ တိုးလာကာ ထိုဓာတ်ပုံ ဆရာ၏ မျက်နှာတည့်တည့်သို့ အားပြင်းလှသော လက်သီးတစ်ချက်ဖြင့် ချိန်ရွယ်ထိုးနှက်လိုက်တော့သည်။
“အား!!!”
ဓာတ်ပုံဆရာသည် နာကျင်မှုကြောင့် မျက်နှာကို လက်ဖြင့်အုပ်ထားရပြီး သူ့ကင်မရာလည်း လက်ထဲမှ လွတ်ကျကာ မြေပေါ်ပြုတ်ကျသွားခဲ့သည်။
ယဲ့ရှောင်ရှောင်က ကင်မရာကို အမြန်ပြေးယူလိုက်ပါသည်။ ဖလင်ကင်မရာမျိုးဖြစ်၍ ရိုက်ကူးထားသော ဓာတ်ပုံများကို ချက်ချင်းကြည့်ရှု၍ မရနိုင်သဖြင့် ယဲ့ရှောင်ရှောင်သည် ကင်မရာကို ယာယီသိမ်းဆည်းထားလိုက်သည်။
တစ်ချိန်တည်းမှာပင် စုန့်စန်းသည် ဓာတ်ပုံဆရာအား ပြင်းပြင်းထန်ထန် စတင်စစ်ဆေးမေးမြန်းတော့သည်။
“မင်း ဘယ်သူလဲ၊ ဘာလုပ်ဖို့ ကြံစည်နေတာလဲ”
“မထိုးပါနဲ့၊ ကျွန်တော့်ကို မထိုးပါနဲ့!”
ဓာတ်ပုံဆရာမှာ ခေါင်းကို လက်ဖြင့် ကာထားရင်း မြေကြီးပေါ်တွင် ဘောလုံးလေးတစ်လုံးပမာ ကွေးသွားသည်။
“ကျွန်တော့်ကို လူတစ်ယောက် ခိုင်းထားလို့ ဓာတ်ပုံနည်းနည်း ရိုက်ပေးရုံသက်သက်ပါ၊ တခြားဘာမှ မကြံစည်ပါဘူး!”
ယဲ့ရှောင်ရှောင်က ဝင်မေးသည်။
“ရှင်က ဘယ်လိုပုံကို ရိုက်ချင်နေတာလဲ”
သာမန်ပုံတစ်ပုံသာဆိုလျှင် သူမနောက်သို့ နေ့စဉ်ရက်ဆက် လိုက်နေစရာမလိုအပ်ပေ။
“မင်းနဲ့ တခြားယောက်ျားလေးတစ်ယောက်နဲ့ အတူတူ ရှိနေတဲ့ပုံကို ရိုက်ဖို့ပါ”
ဓာတ်ပုံဆရာလည်း စုန့်စန်းကို ကြောက်ရွံ့သဖြင့် အမှန်အတိုင်း ဝန်ခံလိုက်ပါသည်။
ထိုစကားကိုကြားပြီး ယဲ့ရှောင်ရှောင် တိတ်ဆိတ်သွားခဲ့သည်။ သို့သော် ကင်မရာကို ပြန်ပေးဖို့တော့ လုံးဝ မဖြစ်နိုင်ပါ။
စုန့်စန်းက မေးသည်။
“သူ့ကို ဘာလုပ်လိုက်ရမလဲ”
ယဲ့ရှောင်ရှောင် တည်တည်ငြိမ်ငြိမ်ပင် ညွှန်ကြားလိုက်သည်။
“ရဲစခန်းသာ ပို့လိုက်”