← Chapters

အခန်း ၁၆၇

Vol. 17 Ch. 167

အခန်း ၁၆၇

Vol. 17 Ch. 167

📗 Chapter 167

လျှို့ဝှက်ဓာတ်ပုံဆရာသည် သက်ညှာပေးဖို့ တောင်းပန်နေသော်လည်း စုန့်စန်းက တစ်ချက်နှစ်ချက်လောက် ထပ်ထိုးခဲ့ပါသည်။

“အခုရဲစခန်းကို သွားမှာက နောက်နောင် မကောင်းတာတွေ ထပ်လုပ်လို့မရအောင် မှတ်တမ်းတင်ထားဖို့ပဲ၊ ရှင်မဟုတ်တာတွေ ထပ်ပြောနေဦးမယ်ဆိုရင် ထပ်အထိုးခံရမယ်နော်”

ယဲ့ရှောင်ရှောင်၏ စကားတစ်ခွန်းကြောင့် ဓာတ်ပုံဆရာ ပါးစပ်ပိတ်သွားတော့သည်။

သူတို့ ထွက်ခွာခါနီးတွင် ဓာတ်ပုံဆရာက အခြေအနေကို အဖတ်ဆယ်ဖို့ ကြိုးစားနေသေးသည်။

“ကျွန်တော့်ကင်မရာလေးတော့ ပြန်ပေးလို့ရမလား”

ထိုကင်မရာက အလွန်တန်ဖိုးကြီးသဖြင့် ပြန်လည်ရရှိရန် မျှော်လင့်မိပါသည်။

ယဲ့ရှောင်ရှောင်က ခပ်ဖွဖွပြုံးကာ ငြင်းဆန်လိုက်သည်။

“မရဘူး၊ မေ့လိုက်တော့”

ဓာတ်ပုံဆရာလည်း စိတ်ဓာတ်လုံးဝ ကျသွားလေတော့သည်။

ယဲ့ရှောင်ရှောင်သည် ကင်မရာကို ယူဆောင်ကာ ဓာတ်ပုံစတူဒီယိုတစ်ခုထံသို့ သွားရောက်ပြီး ဖလင်ဆေးခိုင်းလိုက်သည်။

ထွက်လာသည့် ဓာတ်ပုံများကို စစ်ကြည့်သောအခါ ဓာတ်ပုံတိုင်းက သူမနှင့် ကျောင်းဝင်းထဲရှိ အတန်းဖော်များ စကား ပြောနေသည့် ပုံများဖြစ်ကြောင်း တွေ့ခဲ့ရသည်။ အထူး သဖြင့် ယောက်ျားလေးများနှင့် စကားပြောနေသည့် ပုံများဖြစ်ကြသည်။

တစ်ဖက်လူ မည်သည့်ရလဒ်ကို ရဖို့ ကြံစည်နေကြောင်း ယဲ့ရှောင်ရှောင် ချက်ချင်းနားလည်သဘောပေါက်သွားတော့ သည်။

ဓာတ်ပုံစတူဒီယိုထဲမှ ထွက်လာပြီးနောက် ကင်မရာနှင့်အတူ ဓာတ်ပုံအားလုံးကို စာတိုက်မှတဆင့် လုဟန်ချွမ်ထံသို့ ယဲ့ရှောင်ရှောင် ပို့ပေးလိုက်ပါသည်။

ဤပြဿနာသည် သူ့အကြောင့် အစပြုခဲ့ခြင်းဖြစ်သဖြင့် သူကိုယ်တိုင် ပြန်ဖြေရှင်းရပါလိမ့်မည်။

ထိုဓာတ်ပုံများကို လုဟန်ချွမ် ရရှိလိုက်သောအခါ အလွန်ပင် နားမလည်နိုင်ဖြစ်သွားသည်။ ပေးပို့လိုက်သူက ယဲ့ရှောင်ရှောင်ဖြစ်နေမှန်းသာ မသိလျှင် တစ်စုံတစ်ယောက်က သူ့ကို လာနောက်နေသည်ဟု ထင်ရနိုင်သည်။

ဤလုပ်ရပ်မှာ သူတို့နှစ်ဦး၏ ဆက်ဆံရေးကို ယိုယွင်းစေရန် ရည်ရွယ်ခြင်းဖြစ်သော်လည်း ဓာတ်ပုံများမှာ အလွန်ပင် ရိုးရှင်းလှသည်။ အတန်းဖော်အချင်းချင်းအကြား ပုံမှန်အတိုင်း စကားပြောဆိုဆက်ဆံနေသည့် ဓာတ်ပုံများသာ ဖြစ်ကြသည်။

ဤကိစ္စကို စုံစမ်းစစ်ဆေးဖို့ဟူသည်မှာ လုဟန်ချွမ်အတွက် မခက်ခဲလှပါ။

ဤကဲ့သို့ အောက်တန်းကျသော လုပ်ရပ်များ၏ နောက်ကွယ်မှ ကြိုးကိုင်သူကို သိရှိလိုက်ရပြီးနောက် ယခင်တစ်ခေါက်က ပြတ်ပြတ်သားသား ငြင်းဆန်မှုမှာ သက်ညှာရာ ကျလွန်းသည်ဟု လုဟန်ချွမ် ခံစားလိုက်ရသည်။

ချန်းမင်တစ်ယောက် အိမ်တွင် ရလဒ်ကို စောင့်မျှော်နေသည်မှာ ရက်အနည်းငယ် ကြာပါပြီ။

လျှို့ဝှက်ဓာတ်ပုံဆရာနှင့် အဆက်အသွယ်ပြန်ရသောအခါ ထိုလူက သူမကို စားသောက်ဆိုင်တစ်ဆိုင်တွင် ဆုံဖို့ ချိန်းဆိုလိုက်သည်။

“ကျွန်မ လိုချင်တာတွေ မရခဲ့ဘူး ဟုတ်လား”

ဓာတ်ပုံဆရာသည် သူအဖမ်းခံခဲ့ရကြောင်းကို ထုတ်မပြောခဲ့ပေ။ ထို့အပြင် သူ့ကင်မရာဆုံးရှုံးလိုက်ရသည့် နစ်နာမှုကိုလည်း ချန်းမင်အပေါ်၌သာ ပုံချရန် ဆုံးဖြတ်ထားသည်။

သူသည် ပရော်ဖက်ရှင်နယ် ‘စုံထောက်’လည်း မဟုတ်ပေ။ ထိုကဲ့သို့ စွမ်းရည်မျိုးသာ အမှန်တကယ်ရှိနေလျှင် ယခုလို အဖမ်းခံခဲ့ရမည် မဟုတ်ပါ။

“မရခဲ့ဘူး၊ ဒါပေမယ့် ကျုပ်ရဲ့ ဆုံးရှုံးမှုတွေအတွက်တော့ မိန်းကလေးချန်း ပြန်လျော်ပေးရလိမ့်မယ်”

ချန်းမင် ဒေါသကို မနည်းချုပ်တည်းရင်း မေးလိုက်သည်။

“ကျွန်မ လိုချင်တဲ့ သက်သေတွေလည်း မရခဲ့ဘူး၊ ကျွန်မကိုလည်း ငွေလာညှစ်နေသေးတယ်ပေါ့ ဟုတ်လား!”

“ကျုပ်ကို ပြန်လျော်မပေးဘူးဆိုရင် မိန်းကလေးချန်းကြံ စည်ခဲ့တဲ့ အရာတွေအားလုံးကို ကျုပ်ဖော်ထုတ်လိုက်လို့ ရတယ်၊ မိန်းကလေးချန်း အရှက်တော့ မကွဲချင်ဘူးမလား”

ထိုစကားတစ်ခွန်းတည်းနှင့် ချန်းမင်၏ အရှိုက်ကို ထိသွားခဲ့သည်။ သူမ ငှားရမ်းထားသည့်လူက သူမကို မကူညီနိုင်သည့်အပြင် နောက်ကျောကိုပါ ဓားနှင့်လှည့်ထိုးလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပါ။

“ရှင်လိုချင်တဲ့ငွေကို ယူပြီး ထွက်သွားလိုက်တော့၊ ကျွန်မကိစ္စတွေကို ပါးစပ်ဖွာပြီး ထုတ်ပြောရဲရင် ရှင့်ကို ပေကျင်းမှာ ဆက်မနေနိုင်တော့အောင် လုပ်ပစ်မယ်!”

ချန်းမင်သည် ဓာတ်ပုံဆရာကို ခြိမ်းခြောက်ပြီးနောက် သူ့မျက်နှာတည့်တည့်သို့ ငွေဖြင့် ပစ်ပေါက်လိုက်သည်။

တစ်ချိန်တည်းမှာပင် ချန်းမင်၏ အိမ်၌ ပြဿနာမြောက်များစွာ တက်နေပါသည်။

ချန်းမင်၏ဖခင်ဖြစ်သူ ချန်းလီမင်သည် မူလက အမှတ် ၁၀၃ ဆေးရုံကြီး၏ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သည်။

ချန်းမိသားစုကလည်း ပြည့်စုံကြွယ်ဝသည့် မိသားစုတစ်စုဖြစ်ကာ တစ်ဦးတည်းသောသမီးလေးဖြစ်သည့် ချန်းမင်ကိုလည်း မိဘနှစ်ပါးစလုံးက အလွန်အမင်း အလိုလိုက်ထားကြပါသည်။

သို့သော် လွန်ခဲ့သည့် ရက်ပိုင်းအတွင်း သတင်းစာများတွင် အမှတ် ၁၀၃ ဆေးရုံကြီးနှင့် ပတ်သတ်သည့် မကောင်းသတင်းများစွာ ပါလာခဲ့သည်။ ၎င်းတို့အနက် မအောင်မြင်သော ခွဲစိတ်ကုသမှုအကြောင်းအရာများလည်း ပါဝင်သေးသည်။

စစ်ဆေးရေးဌာနများက လာရောက်စုံစမ်းစစ်ဆေးသောအခါတွင်လည်း အစိုးရပိုင်မဟုတ်သော ပုဂ္ဂလိက ဆေးဝါးစက်ရုံများမှ ထုတ်လုပ်ထားသည့် ဆေးဝါများကို ဆေးရုံကြီးတွင် အသုံးပြုထားကြောင်း ရှာဖွေတွေ့ရှိခဲ့ကြသည်။

အမှန်ဆိုရလျှင် ဆေးဝါးများက အမှန်တကယ် အာနိသင်ရှိနေပါက ဆေးရုံညွှန်ကြားရေးမှူးအနေဖြင့် ပုဂ္ဂလိက ဆေးဝါးစက်ရုံများနှင့် လက်တွဲခြင်းမှာ ပုံမှန်ကိစ္စရပ်တစ်ခုသာ ဖြစ်သော်လည်း ဖြတ်စားငွေများကို အိတ်ကပ်ထဲ ထည့်သွင်းရန်အတွက် အခြားသော လမ်းကြောင်းများကို ရှာဖွေကြသူများလည်း ရှိတတ်ပါသည်။

အာဏာပိုင်များက ထိုကိစ္စကို သေသေချာချာစုံစမ်းစစ်ဆေးလိုက်သည်နှင့် ညွှန်ကြားရေးမှူးဖြစ်သူ ချန်းလီမင်သည် အပြစ်မှ လုံးဝလွတ်ကင်းနိုင်တော့မည် မဟုတ်ပေ။

ချန်းလီမင်တစ်ယောက် အိမ်တွင် အလွန်စိုးရိမ်ပူပန်နေရသဖြင့် ဆံပင်များပင် အုံလိုက်ကျွတ်ထွက်နေရသည်။

သခင်မချန်းက သံသယကြီးစွာ သုံးသပ်လိုက်ပါသည်။

“ကျွန်မတို့မိသားစု တစ်ယောက်ယောက်ကို ရန်စလိုက်မိလို့လား၊ မဟုတ်ရင် သူတို့က နားလည်မှုတောင် မပေးဘဲ ဘာလို့ ရုတ်တရက်ကြီး လာစစ်ဆေးနေကြတာလဲ”

တစ်စုံတစ်ယောက်က နောက်ကွယ်မှကြိုးကိုင်နေမှန်း ချန်းလီမင်သိသော်လည်း မည်သူမည်ဝါဖြစ်မှန်း မခန့်မှန်းနိုင်ပါ။

ဆရာဝန်တစ်ဦးဖြစ်သည့်အလျောက် လူအများစုက သူ့ကို ရိုသေလေးစားမှုဖြင့်သာ ဆက်ဆံလေ့ရှိကြသည်။ မည်သည့်အချိန်တွင် နာမကျန်းဖြစ်သွားနိုင်မှန်း မသေချာသဖြင့် ဆရာဝန်တစ်ဦးကို မစော်ကားသင့်ပေ။

လက်ရှိစုံစမ်းစစ်ဆေးမှုများကြောင့် ချန်းလီမင်တစ်ယောက် အိမ်တွင်သာ အောင်းနေရသည်။ သို့သော် သတင်းအချက်အ လက်များ သွားရောက်စုံစမ်းဖို့တော့ ဖြစ်နိုင်ပါသေးသည်။

“ငါအပြင်ထွက်ပြီး စုံစမ်းကြည့်လိုက်ဦးမယ်၊ အနည်းဆုံးတော့ ငါ့ကိုပစ်မှတ်ထားနေတာ ဘယ်သူလဲ သိရမှဖြစ်မယ်”

ချန်းလီမင်၏ စုံစမ်းစစ်ဆေးမှုရလဒ်သည် သူမျှော်မှန်းထားသည်ထက် ပိုမိုဆိုးရွားနေပါသေးသည်။

သူနှင့် သိကျွမ်းသည့် အကျော်အမော်ကြီးများက ယခုလိုအချိန်တွင် ကူညီပေးလိုစိတ် မရှိကြသော်လည်း တစ်စုံတစ် ယောက်ကမူ အတွင်းသတင်းအချို့ကို ထုတ်ဖော်ခဲ့သည်။

ယခုအကြိမ်တွင် သူတို့မိသားစုအား ပစ်မှတ်ထားတိုက်ခိုက်နေသူမှာ အခြားသူမဟုတ်ဘဲ လုမိသားစုဖြစ်နေလေသည်။

သို့သော် သူတို့မိသားစုသည် လုမိသားစုနှင့် ရန်ငြှိုးရန်စလည်း မရှိသဖြင့် အဘယ်ကြောင့် ဤသို့ကြံစည်ရကြောင်းကို ချန်းလီမင် နားမလည်နိုင် ဖြစ်နေခဲ့ပါသည်။

ထိုအချိန်တွင် ချန်းမင်လည်း အပြင်မှပြန်ရောက်လာသည်။

ချန်းလီမင် သမီးဖြစ်သူကို ခေါ်ယူမေးမြန်းလိုက်ပါသည်။

“မင်မင်၊ ခုတလော သမီး လုအိမ်တော်ကို သွားလည်ဖြစ်သေးလား”

ချန်းမင် ခြေလှမ်းများ တုံ့ဆိုင်းသွားပြီး တွန့်ဆုတ်စွာ ပြန်ဖြေလိုက်ပါသည်။

“ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ တစ်ခါသွားလည်ခဲ့သေးတယ် အဖေ”

“လုမိသားစုက သမီးအပေါ် ဘယ်လိုဆက်ဆံလဲ”

“အရင်ကလို နွေးနွေးထွေးထွေးပါပဲ”

သို့သော် အဘိုးလုနှင့် အဘွားလုတို့မှာ သူမအပေါ် ယခင်ကကဲ့သို့ တက်တက်ကြွကြွ ပြောဆိုဆက်ဆံခြင်းတော့ မရှိတော့ချေ။

“ဘာဖြစ်လို့လဲ အဖေ”

ချန်းလီမင်က မိသားစု၏ လက်ရှိအကျပ်အတည်းကို ရှင်းပြလိုက်ပါသည်။

“ဒီတစ်ခေါက် စစ်ဆေးမှုက အရင်တုန်းကအကြိမ်တွေနဲ့ လုံးဝမတူဘူး၊ သူတို့သာ အလျှော့မပေးရင် အဖေ ညွှန်ကြားရေးမှူးရာထူးကို စွန့်လွှတ်ရတော့မယ်ထင်တယ်”

ချန်းမင်၏အာရုံထဲ လွန်ခဲ့သည့် ရက်များက သူမ ကြံစည်ခဲ့သည့် အကြံအစည်များ အထင်းသားပေါ်လာခဲ့သည်။

ထို ‘စုံထောက်’ ဓာတ်ပုံဆရာက သူမကို လိမ်ညာခဲ့ခြင်းဖြစ်နိုင်သည်။ ဧကန္တ သူ့ကို တစ်စုံတစ်ယောက်က ဖမ်းမိသွားခြင်း ဖြစ်နိုင်ပါသည်။

သူမတို့၏မိသားစုကို အခြားလုမိသားစုဝင်များက တိုက်ခိုက် စရာအကြောင်းမရှိသဖြင့် တရားခံက လုဟန်ချွမ်သာ ဖြစ်နိုင်သည်။

ချန်းမင်တစ်ယောက် မျက်နှာ ချက်ချင်းဖြူရော်သွားခဲ့သည်။ ပုံမှန်မဟုတ်သည့် သူမ၏ အမူအရာကို ရိပ်စားမိသွားပြီး ချန်းလီမင် ချက်ချင်းထပ်မေးလိုက်ပါသည်။

“မင်မင်၊ သမီးတစ်ခုခု သိထားတာလား”

ချန်းမင်တစ်ယောက် ထိုင်ခုံပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားသည်။

“ဘာလို့ ဒီလိုတွေ ဖြစ်သွားတာလဲ…”

အဖေဖြစ်သူက အတင်းအကျပ် မေးမြန်းနေသဖြင့် ချန်းမင်လည်း ဖြစ်ကြောင်းကုန်စင်ကို အမှန်အတိုင်း ရှင်းပြလိုက်ရတော့သည်။

ဇာတ်ကြောင်းတစ်ခုလုံးကို နားထောင်ပြီးနောက် ချန်းလီမင် ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။

“မင်မင်! နင့်အမေနဲ့ ငါနဲ့ နင့်ကိုအရမ်းအလိုလိုက်ခဲ့မိလို့ ဒီလို ဥပဒေမဲ့တဲ့လုပ်ရပ်မျိုးကို လုပ်တာလား! နင့်လုပ်ရပ်ကို နင် သေချာပြန်သုံးသပ်ရမယ်၊ ပြီးရင် ငါနဲ့အတူ လုအိမ်တော်ကို လိုက်ခဲ့ပြီး တောင်းပန်ရမယ်!”

“မလိုက်ဘူး!”

ဆူညံသံများကို ကြားပြီး သခင်မချန်းလည်း အပေါ်ထပ်မှ ပြေးဆင်းလာခဲ့သည်။

“ချန်းလီမင်၊ ရှင်ဘာလို့ သမီးကို ဆူနေတာလဲ၊ ဒီကိစ္စက မင်မင်ရဲ့အပြစ်မှ မဟုတ်တာ”

“ဒါတွေအကုန် မင်းမွေးထားတဲ့ သမီးလိမ္မာလေးရဲ့အပြစ်ပဲကွ! ဒီ့ထက်ပိုကြီးတဲ့ ပြဿနာထပ်ရှာမှ မင်းအလိုလိုက်နိုင်ဦးမလား ကြည့်ကြသေးတာပေါ့!”

သခင်မချန်း အလွန်ဒေါသထွက်သွားသည်။

“သူက ရှင့်သမီးမဟုတ်ဘူးလား၊ ရှင့်ဖာသာ ရှင် အမြဲတမ်း အလုပ်များနေပြီး မိသားစုကို အချိန်မပေးနိုင်တာ ကိစ္စမရှိဘူး၊ အခုလို ပြဿနာဖြစ်လာတဲ့အချိန်ကျမှ ကျွန်မတို့ကိုပဲ အပြစ်ပုံချတာတော့ မကောင်းပါဘူး”

ကျိုးသင့်ကြောင်းသင့် ပြောဆို၍ မရသည့် ဇနီးနှင့် သမီးဖြစ်သူတို့ကို ကြည့်ရင်း ချန်းလီမင် ဆက်လက်ငြင်းခုံမနေချင်တော့ပေ။ အင်္ကျီလက်များကို ဒေါသတကြီး မ,တင်ရင်း အိမ်ထဲမှ ဝုန်းဒိုင်းကြဲ ထွက်သွားလေတော့သည်။

ချန်းမင်က အမေဖြစ်သူကို ပွေ့ဖက်ကာ ငိုကြွေးလိုက်ပါသည်။

“သမီး ဘာဆက်လုပ်ရမလဲအမေ”

သခင်မချန်းက သမီးဖြစ်သူကို နှစ်သိမ့်ပေးလိုက်သည်။

“ကြိုးချည်ခဲ့တဲ့လူကပဲ ကြိုးကို ပြန်ဖြည်ရမှာပေါ့၊ အဲ့ဒီကောင်မလေးကို သမီးနောက်ယောင်ခံလိုက်ခိုင်းခဲ့လို့ လုဟန်ချွမ် သိသွားတာလေ”

ချန်းမင် မကျေမနပ် ပြောလိုက်သည်။

“သူ သွားတိုင်လိုက်တာပဲဖြစ်မှာ”

သခင်မချန်က ဆိုသည်။

“အဲ့တာကြောင့် အဲ့ဒီကောင်မလေးဘက်က ကျေအေးပေးမယ်ဆိုရင် အမေတို့မိသားစု ဘာမှမဖြစ်နိုင်တော့ဘူး”

ချန်းမင်က အမေဖြစ်သူကို လွှတ်ကာ ခေါင်းမာစွာ ပြောလိုက်သည်။

“သမီးသူ့ကို သွားတောင်းပန်မှာမဟုတ်ဘူးနော်၊ ဘာမှလည်း သွားမတောင်းဆိုနိုင်ဘူး”

သခင်မချန်းက အကြံပြုသည်။

“အမေတို့က ယာယီအရေးနိမ့်သွားရုံပါ၊ အခုလိုအချိန်မှာ ကိုယ့်ဘက်က နည်းနည်းလောက် အလျှော့ပေးလိုက်လို့ ဘာမှအကျိုးမယုတ်ဘူး၊ အဲ့ဒီကောင်မလေး အမြဲတမ်း ကံမကောင်းနိုင်ပါဘူး၊ သူ့အတွက် တိမ်ပြိုမယ့်နေ့ဆိုတာလည်း ကျိန်းသေပေါက် ရောက်လာလိမ့်မယ်၊ အမေလည်း လိုက်ခဲ့မှာမို့လို့ သမီးဘာမှ ကြောက်စရာမလိုဘူး”

ချန်းမင်လည်း မတတ်သာဘဲ သဘောတူလိုက်ရတော့သည်။

ယဲ့ရှောင်ရှောင်ကမူ ချန်းမိသားစုအတွင်း ဤကဲ့သို့ ပြဿနာများ ဖြစ်ပျက်နေသည်ကို လုံးဝမသိရှိခဲ့ပေ။ ကင်မရာနှင့် ဓာတ်ပုံများကို လုဟန်ချွမ်ထံသို့ ပို့ပေးပြီးနောက် ထိုကိစ္စကို သူမ မေ့လျော့ထားခဲ့ပါသည်။

All Chapters