အခန်း ၁၆၈
Vol. 17 Ch. 168
📗 Chapter 168
သူမကို တစ်စုံတစ်ယောက် လာတွေ့သည်ဟု ယဲ့ရှောင်ရှောင် ကြားလိုက်ရသောအခါ လုဟန်ချွမ် ဖြစ်မည်ဟု ယူဆလိုက်ပါသည်။
သို့သော် အဆောင်အောက်ကို ရောက်ခါမှ ချန်းမင်နှင့်အတူ အမျိုးသမီးတစ်ဦး စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရသည်။
သူမအထင်သာ မမှားလျှင် ထိုအမျိုးသမီးသည် ချန်းမင်၏ မိခင် ဖြစ်ရမည်။ သခင်မချန်းသည် သပ်သပ်ရပ်ရပ် လှလှပပ ဝတ်ဆင်ထားပြီး ယဲ့ရှောင်ရှောင်အား နူးညံ့သိမ်မွေ့စွာ ပြုံးပြနေပါသည်။
သို့သော် သူတို့နှစ်ဦးကို မြင်လိုက်ရသည်နှင့် ယဲ့ရှောင်ရှောင်သည် အဆောင်ထဲသို့ ချက်ချင်း ပြန်လှည့်ဝင်ရန် ပြင်လိုက်တော့သည်။
“ကျောင်းသူယဲ့၊ စကားနည်းနည်းလောက် ပြောရအောင်လေ”
“ကျွန်မတို့ သိကြတာလည်း မဟုတ်ဘဲနဲ့ ဘာပြောစရာရှိလို့လဲ၊ ဒေါ်လေးရဲ့သမီးက လူငှားပြီး ကျွန်မနောက်ကို နောက် ယောင်ခံလိုက်ခိုင်း၊ ဓာတ်ပုံတွေ ခိုးရိုက်ခိုင်းခဲ့တာ၊ ဒေါ်လေးရဲ့ သမီးကို ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့အတွက် လာဆွေးနွေးတာလား”
ယဲ့ရှောင်ရှောင်၏ စကားလုံးများကြောင့် သခင်မချန်း၏ မျက်နှာ မှောင်မိုက်သွားခဲ့ရသည်။
မည်သည့်နေရာမှ ရောက်လာမှန်းမသိသည့် ဤရွာသူလေးမှာ စကားအရာတွင် ယခုကဲ့သို့ ထက်မြက်လိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပါ။
“ကျောင်းသူယဲ့၊ ဘာလို့ အဲ့လိုတွေ စွပ်စွဲရတာလဲ၊ ဒေါ်လေးရဲ့ သမီးက ဗိုင်းကောင်းကျောက်ဖိလေးပါ၊ အဲ့လို အောက်တန်း ကျတဲ့ လုပ်ရပ်မျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး”
နေ့ခင်းကြောင်တောင် လူအများရှေ့တွင်တော့ သခင်မချန်းသည် အဖြစ်မှန်ကို ဝန်ခံမည်မဟုတ်ပေ။
ယဲ့ရှောင်ရှောင်လည်း သူတို့ကို ဧည့်ခံဖို့ စိတ်ကူးမရှိပါ။
“ဟုတ်လား၊ အဲ့တာဆို ဒေါ်လေးချန်းက ကျွန်မကို ဘာလို့ လာတွေ့တာလဲ”
“ဒီမှာ စကားပြောလို့သိပ်မကောင်းဘူး၊ တစ်နေရာရာမှာ အေးအေးဆေးဆေး စကားထိုင်ပြောကြရအောင်လေ”
“ဒေါ်လေးချန်းကို ကြည့်ရတာ စိတ်ရင်းအမှန်မရှိလို့ ကျွန်မဘက်က ဖိတ်ကြားမှုကို လက်မခံနိုင်တာ စိတ်မရှိပါနဲ့”
ယဲ့ရှောင်ရှောင်သည် သူတို့နှင့်အတူ ‘အေးအေးဆေးဆေး’ စကားထိုင်ပြောဖို့လည်း စိတ်ကူးမရှိပါ။ ခပ်ပြတ်ပြတ် ပြောပြီးနောက် အဆောင်ထဲ ပြန်ဝင်ဖို့ ပြင်လိုက်ပါသည်။
ထိုအခါ ချန်းမင်က အနောက်မှ စူးစူးဝါးဝါး လှမ်းအော်သည်။
“နင် တမင်သက်သက် လုပ်တာ! ငါတို့ ချန်းမိသားစုကို ပစ်မှတ်ထားဖို့ လုဟန်ချွမ်ကို သွားတိုင်လိုက်တာ! နင်တော်တော် ယုတ်မာပါလား!”
ယဲ့ရှောင်ရှောင် ဆတ်ခနဲပြန်လှည့်လာပြီး အေးစက်စွာ ပြောလိုက်သည်။
“နင့်ကျတော့ အရှက်မရှိတဲ့ လုပ်ရပ်တွေလုပ်လို့ရပြီး ငါ့ကျတော့ ပြန်တိုင်လို့တောင် မရဘူးပေါ့၊ လောကကြီးမှာ အဲ့လို ယုတ္တိမရှိတဲ့ သဘောတရားမျိုး လုံးဝ မရှိဘူးနော်၊ ယုတ်မာတဲ့အကြောင်းပြောမယ်ဆိုရင် နင့်လုပ်ရပ်ကိုနင် အရင်ဆုံး ပြန်သုံးသပ်သင့်တယ်”
ယဲ့ရှောင်ရှောင်သည် ဝတ္ထုစာအုပ်တစ်အုပ်ထဲ ကူးပြောင်းလာသူဖြစ်သည့်အလျောက် သူမ၏ ကံကြမ္မာကို ပြောင်းလဲပစ်ဖို့ စိတ်ပိုင်းဖြတ်ထားပြီးသားဖြစ်သည်။ ဤကမ္ဘာတွင် ဇာတ်လိုက်မင်းသမီးကိုပင် ကြောက်ရွံ့ခြင်းမရှိသဖြင့် ယခုလို အရေးမပါသည့် ဇာတ်ပို့သာသာ ဇာတ်ကောင်တစ်ကောင်ဆိုလျှင် မပြောပလောက်တော့ပေ။
ယဲ့ရှောင်ရှောင်ကို ရန်မူရန်အတွက် ချန်းမင် ရှေ့သို့ ပြေးထွက်လာသော်လည်း ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ကျောက်ရုပ်ပမာ ရပ်တန့်သွားရသည်။
လုဟန်ချွမ်တစ်ယောက် မည်သည့်နေရာကမှန်းမသိ ပေါ်လာခြင်းကြောင့်ပင်။
“သခင်မချန်းနဲ့ ချန်းမင်တို့၊ ခင်ဗျားတို့နှစ်ယောက် တော် တော်အားလပ်နေကြတယ်ထင်တယ်၊ ကျောင်းထဲထိလာပြီး ကျုပ်ကောင်မလေးကို ပြဿနာလာရှာဖို့ အချိန်ရှိသေးတယ်ပေါ့၊ ကြည့်ရတာ ချန်းမိသားစုကို ကျုပ်သတိပေးထားတာတွေ မလုံလောက်သေးဘူးထင်တယ်”
သခင်မချန်းသည်လည်း လုဟန်ချွမ်နှင့် တည့်တည့်တိုးရလောက်အောင် ကံဆိုးလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပါ။
အဆောင်အောက်တွင် ရောက်ရှိနေသူက လုဟန်ချွမ်ဖြစ်မည်ဟု ယဲ့ရှောင်ရှောင် ထင်ခဲ့ခြင်းမှာလည်း သူတို့နှစ်ဦး နဂိုကတည်းက ချိန်းဆိုထားခြင်းကြောင့်ဖြစ်သည်။
သူမကို လုဟန်ချွမ် လူချင်းတွေ့ပြီး ရှင်းပြရမည့် ကိစ္စများ ရှိနေပါသည်။
သခင်မချန်း၏ မျက်နှာပေါ်မှ အပြုံးအတုအယောင်လည်း ချက်ချင်းပင် အေးခဲသွားရသည်။
“ဗိုလ်မှူးလု၊ မင်းနားလည်မှုလွဲနေပြီ၊ ဒေါ်လေးတို့က လာတောင်းပန်တာပါ”
လုဟန်ချွမ်က လက်ကာပြကာ ယဲ့ရှောင်ရှောင်အား အနားသို့လာရန် လှမ်းခေါ်လိုက်သည်။
ယဲ့ရှောင်ရှောင် စိတ်ထဲမှ တွေးလိုက်မိသည်။
‘ကျွန်မကို ခွေးပေါက်လေးလို လာခေါ်နေတာလား!’
မည်သို့ပင်ဆိုစေကာမူ လူအများရှေ့တွင် သူ့မျက်နှာကို ထောက်ထားသောအားဖြင့် ယဲ့ရှောင်ရှောင် သူ့ဘေးသို့ လျှောက်သွားပေးလိုက်သည်။
ထို့နောက် လုဟန်ချွမ်က မေးသည်။
“သူပြောတာ ဟုတ်လား ရှောင်ရှောင်”
ယဲ့ရှောင်ရှောင်က ရိုးသားဖြူစင်သည့် ပုံစံလေးနှင့် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။
“ကျွန်မက ရွာသူမို့လို့ ကမ္ဘာကြီးအကြောင်း နားမလည်သေးတာလားတော့ မသိဘူး၊ မြို့သားတွေ တောင်းပန်တဲ့ ပုံစံက အရမ်းကြမ်းတမ်းကြတာပဲနော်”
ချန်းမင်က လှမ်းငေါက်သည်။
“နင်မဟုတ်တာတွေ မပြောနဲ့! နင့်ဘက်က စကားကို အရင်ကြမ်းကြမ်းတမ်းတမ်း ပြောတာလေ!”
“မင်မင်!”
သခင်မချန်းသည် ချန်းမင်ကို ပြန်ဆွဲခေါ်လိုက်သည်။ ယနေ့ပြဿနာကို ချောချောမွေ့မွေ့ ဖြေရှင်းလို့ မရနိုင်တော့မှန်း သူမ နားလည်လိုက်ပါသည်။
ဤနေရာသို့ လာခဲ့ခြင်းမှာလည်း အမှားအယွင်းတစ်ခုသာ ဖြစ်သည်။
သို့သော် ပစ်လွှတ်ပြီးသား မြားတစ်စင်းကို ပြန်ဆွဲယူ၍ မရတော့ပေ။ ယခုလိုအခြေအနေထိပင် ရောက်ရှိနေပြီဖြစ်သဖြင့် လမ်းဆုံးရောက်သည်အထိ ဆက်လျှောက်ရပါမည်။
“မင်မင်၊ ဒီကိုမလာခင် အမေ ဘာပြောခဲ့လဲ မေ့သွားပြီလား၊ ကျောင်းသူယဲ့ကို မြန်မြန်တောင်းပန်လိုက်လေ”
ချန်းမင် စူးစူးဝါးဝါးစိုက်ကြည့်ကာ အံတကြိတ်ကြိတ်နှင့် တောင်းပန်လိုက်သည်။
“ငါ တောင်းပန်တယ်”
ယဲ့ရှောင်ရှောင် “ငါတော့ ခွင့်မလွှတ်ဘူး၊ နင့်စိတ်ထဲက ပါတာလည်း မဟုတ်ဘဲနဲ့”
“နင်တော့…!”
ချန်းမင်က ရှေ့သို့ ထပ်ပြေးသွားဖို့ ကြံလိုက်ပြန်သည်။
သို့သော် သခင်မချန်းက သူမကို အမြန်ဖမ်းဆွဲထားလိုက်ပါသည်။ တောင်းပန်သူက စိတ်ရင်းနှင့် တောင်းပန်ခြင်း မဟုတ်ဘဲ တစ်ဖက်လူကလည်း ခွင့်မလွှတ်သော်ငြား သခင်မချန်း၏ ရည်ရွယ်ချက်အား အကောင်အထည် ဖော်နိုင်ခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် သခင်မချန်းသည် လုဟန်ချွမ်ကို နှုတ်ဆက်ကာ သမီးဖြစ်သူနှင့်အတူ ကျောင်းဝင်းထဲမှ အမြန် ပြန်ထွက်သွားလေတော့သည်။
ထိုအခါမှ ယဲ့ရှောင်ရှောင်က မေးလိုက်သည်။
“သူတို့မိသားစုကို ရှင်ဘာလုပ်လိုက်တာလဲ”
သူမထံသို့ သားအမိနှစ်ယောက် အသည်းအသန် ရောက်ရှိလာကြပုံကို ကြည့်ခြင်းအားဖြင့် သာမန်ပြဿနာ မဖြစ်နိုင်ပေ။
လုဟန်ချွမ်ကမူ အေးတိအေးစက် ပြန်ဖြေသည်။
“လွန်လွန်ကျူးကျူး ဘာမှမလုပ်ဘူး၊ သာမန်ဆေးရုံစစ်ဆေးမှုတစ်ခုပါပဲ၊ သူတို့ဘက်က စံနှုန်းနဲ့ ကိုက်ညီမှုမရှိတာတော့ ကိုယ်လည်း မတတ်နိုင်ဘူးလေ”
လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်ကို ခေါ်ဆောင်လျက် ကျောင်းဝင်းအပြင်သို့ ထွက်လာခဲ့သည်။
ကျောင်းအနီးရှိ စားသောက်ဆိုင်ငယ်လေးသို့ မသွားကြတော့ဘဲ ရာသီဥတုက ခပ်နွေးနွေးရှိလာပြီဖြစ်၍ တိုက်ခန်းသို့ ပြန်ကာ မိမိတို့ဖာသာ ချက်ပြုတ်စားသောက်ဖို့ စီစဉ်လိုက်ပါသည်။
လမ်းတွင် လုဟန်ချွမ်က ရှင်းပြသည်။
“ကိုယ်နဲ့ ချန်းမင်တို့အကြား ဘာပတ်သတ်မှုမှ မရှိဘူးနော်၊ အရင်တုန်းက ကိုယ့်အဘိုးအဘွားတွေရဲ့ ကျန်းမာရေးကို စစ်ဆေးပေးဖို့ အိမ်ကို အလည်လာတတ်တာပဲရှိတာ၊ အဘိုးနဲ့ အဘွားကလည်း သူ့ကို လူကောင်းသူကောင်းလို့ ထင်ခဲ့ကြတာ၊ ဒါပေမယ့် အဲ့တာတွေက ကိုယ်နဲ့ ဘာမှမဆိုင်ဘူး၊ ကိုယ်သူ့ကို စကားပြန်ပြောဖူးတဲ့အကြိမ်ဆိုလို့ လက်ချိုးရေလို့တောင် ရတယ်”
ယဲ့ရှောင်ရှောင်က စိန်ခေါ်သည်။
“အဲ့တာဆို သူကျွန်မကို တိုက်ခိုက်ဖို့ ဘာလို့အဲ့လောက်သဲကြီးမဲကြီး ကြိုးစားနေရတာလဲ ရှင်းပြပါဦး”
လုဟန်ချွမ် ခေတ္တစဉ်းစားလိုက်ပြီး ဝန်ခံလိုက်ပါသည်။
“အဲ့တာကတော့… ကိုယ်နဲ့ နည်းနည်းဆိုင်လောက်တယ်”
ယဲ့ရှောင်ရှောင်: “…”
‘ရှင်တော်တော် လေသံပြောင်းလွယ်ပါလား’
လုဟန်ချွမ်က လေးလေးနက်နက် ကတိပြုလိုက်ပါသည်။
“ဒီကိစ္စကို ကိုယ်သေသေချာချာ ကိုင်တွယ်မှာပါ၊ ကိုယ့်အပြစ်တွေကို ပြန်ပေးဆပ်ဖို့ အခွင့်အရေးလေးတစ်ခုတော့ ပေးပါ”
ယဲ့ရှောင်ရှောင်ကလည်း လိုက်လျောသည်။
“ဒါဆို ရှင့်အပြစ်ဒဏ်က ကျွန်မကို အရသာရှိတာတွေ ချက်ကျွေးဖို့ပဲ”
လုဟန်ချွမ် ပြုံးသွားသည်။
“ရတယ်လေ၊ ကိုယ့်ကို လက်ထပ်လိုက်ရင် နေ့တိုင်း အရသာရှိတာတွေ စားရမယ်”
ယဲ့ရှောင်ရှောင်က သူ့ကို ကျီစယ်စွာ တံတောင်ဖြင့် တွတ်လိုက်သည်။
“စကားကို အတည်မပြောတတ်ဘူးလား”
လုဟန်ချွမ်က သူမကို တင်းတင်းကျပ်ကျပ် ပြန်ပွေ့ဖက်လိုက်ပါသည်။
“ဒါအတည်ပြောနေတာပဲလေ၊ လူသိရှင်ကြား မဖြစ်စေချင်ရင်တောင် လက်ထပ်စာချုပ် အရင်ချုပ်ထားလို့ရတယ်၊ ရှောင်ရှောင်ဘွဲ့ရပြီးမှ မင်္ဂလာဆောင်ကြတာပေါ့”
ယဲ့ရှောင်ရှောင် စကားလမ်းကြောင်း အမြန်လွှဲလိုက်ပါသည်။
“ကျွန်မ အိမ်ဝင်းတစ်ခုဝယ်ထားတယ်”
လုဟန်ချွမ် မျက်ခုံးပင့်သွားသည်။
“ဘယ်မှာလဲ”
“လျန်ဟွားလမ်းကြားမှာ”
လုဟန်ချွမ် ခေတ္တစဉ်းစားကာ ပြောလိုက်သည်။
“အဲ့နေရာက ကျောင်းနဲ့ ဝေးတယ်မဟုတ်ဘူးလား၊ ဘာလို့ အဲ့မှာ ဝယ်ဖို့ ဆုံးဖြတ်လိုက်တာလဲ”
ယဲ့ရှောင်ရှောင်: “ကျွန်မစဉ်းစားလို့ရသမျှထဲ ငွေရှာဖို့ အရိုးရှင်းဆုံးနည်းလမ်းမို့လို့လေ”
လုဟန်ချွမ်: “…”
ထိုအိမ်ဝင်းကြီး၏ တန်ဖိုးမှာ အဆ ၁၀၀ လောက် မြင့်တက်သွားလျှင်ပင် မည်မျှတန်ဖိုးရှိလာနိုင်မည်နည်းဟု လုဟန်ချွမ် ထောက်ပြ မေးမြန်းချင်မိပါသည်။
သို့သော်လည်း ထိုအတွေးများကို စိတ်ထဲတွင်သာ သိမ်း ဆည်းထားပြီး သူ့ကောင်မလေး၏ စိတ်ကူးများကို အားပေး ထောက်ခံခဲ့သည်။
“ကိုယ့်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေက ရှောင်ရှောင့်အတွက် ဖြစ်လာမှာပဲဥစ္စာ”
သူနှင့်လက်ထပ်ဖို့ ယဲ့ရှောင်ရှောင်ကို နားပူနားဆာ လုပ်ချင်နေဆဲပင်။
ယဲ့ရှောင်ရှောင်ကမူ နားပင်းချင်ယောင်သာ ဆောင်နေလိုက်သည်။ သူမ မယုံကြည်နိုင်သေးပါ။
ကမ္ဘာပေါ်တွင် ယောက်ျားတစ်ဦး၏ စကားက အပြောင်းအလဲအမြန်ဆုံးဖြစ်သည်။ လက်မထပ်ခင်က ‘ကိုယ်မင်းကို စောင့်ရှောက်ပါ့မယ်’ဟူသော လေသံမျိုးဖြစ်သော်လည်း လက်ထပ်ပြီးသည့်အခါတွင်မူ ‘ငါမင်းကို ကျွေးမွေးစောင့်ရှောက်ထားရတာ!’ဟူသော လေသံမျိုး ဖြစ်သွားလိမ့်မည်။
သူတို့နှစ်ဦး ဈေးအတူတူသွားဝယ်ပြီးနောက် လုဟန်ချွမ်သည် မီးဖိုချောင်ထဲတွင် တာဝန်ယူကာ စားကောင်းသောက်ဖွယ်များ စတင်ချက်ပြုတ်ပြင်ဆင်ပေးခဲ့သည်။
ယဲ့ရှောင်ရှောင်ကမူ ဟင်းသီးဟင်းရွက်များ ဆေးကြောဖို့မျှသာ ကူညီပေးရသည်။
ယဲ့ရှောင်ရှောင်သည် အပ်စိုက်ကုသခြင်းနှင့် သွေးထုတ်ယူခြင်းတို့တွင် အလွန်ထူးချွန်ထက်မြက်သော်လည်း အချက်အပြုတ်ပိုင်းတွင်မူ ပါရမီလုံးဝ မပါပေ။
စားသောက်နေစဉ်အတွင်းမှာလည်း ချက်ပြုတ်တတ်သူကိုသာ မယူလျှင် သူမတို့နှစ်ဦး ငတ်သေသွားနိုင်သည်ဟု ယဲ့ရှောင်ရှောင် တွေးတောနေမိသည်။
သို့သော် လုဟန်ချွမ်သည်လည်း အလွန်အလုပ်များသူဖြစ်သည့်အတွက် သူရှိနေခြင်း၊ ရှိမနေခြင်းက လက်တွေ့တွင် အများကြီး ထူးခြားသွားနိုင်မည် မဟုတ်ပေ။
လုဟန်ချွမ်သာ ထိုအတွေးများကို ကြားသွားလျှင် အလွန်သောကများသွားပေလိမ့်မည်။
ယဲ့ရှောင်ရှောင်က ရုတ်တရက် မေးလိုက်သည်။
“အဲ့ဒီဓာတ်ပုံတွေကို မြင်တော့ ရှင်ဘယ်လိုတွေးမိလဲ”
လုဟန်ချွမ်ကမူ သူမ၏ ပန်းကန်ထဲ ဟင်းများထည့်ပေးရင်း ချောချောမွေ့မွေ့ ပြန်ဖြေလိုက်ပါသည်။
“ဘာအတွေးမှ မဝင်ဘူး”
“တကယ်လား”
ယဲ့ရှောင်ရှောင် ထပ်မေးလိုက်သည်။ ချန်းမင်က ထိုဓာတ်ပုံများကို ရရှိဖို့အတွက် ငွေအမြောက်အများ သုံးစွဲခဲ့ရမည်မှာ သေချာသည်။
လုဟန်ချွမ် တည်တည်ငြိမ်ငြိမ် ဖြေလိုက်သည်။
“အဲ့ဒီဓာတ်ပုံတွေထဲက ကျောင်းသားတွေက ကိုယ့်ကို ယှဉ်နိုင်စွမ်း လုံးဝမရှိဘူးလို့ပဲ ခံစားခဲ့ရတယ်”
“အတ္တသမားကြီး”
ယဲ့ရှောင်ရှောင် ပြုံးကာ ရေရွတ်လိုက်သည်။
လုဟန်ချွမ်က ဆိုသည်။
“ကိုယ်ပြောတာ မှားလို့လား၊ ထက်မြက်တဲ့ ယောက်ျားတစ်ယောက်ဆိုတာ ကိုယ့်အသွင်သဏ္ဌာန်ပေါ်မှာကိုယ် ယုံကြည်မှုအပြည့်ရှိရတယ်၊ ပြီးတော့ ကိုယ့်လက်တွဲဖော်အပေါ်မှာလည်း ယုံကြည်မှုအပြည့်ထားရတယ်၊ အချစ်ရေးတစ်ခုမှာ အဲ့တာက အရေးအကြီးဆုံးအချက်တွေပဲ မဟုတ်ဘူးလား”
လုဟန်ချွမ်သည် အဓိပ္ပာယ်ရှိသော အကျိုးအကြောင်းများကို ခိုင်ခိုင်မာမာ ပြောဆိုသွားသဖြင့် ယဲ့ရှောင်ရှောင် ချေပစရာ စကားရှာမရ ဖြစ်သွားသည်။ ထို့ကြောင့် သူ့ပန်းကန်ထဲ ဟင်းများကို အတင်းထည့်ပေးရင်း ပါးစပ်ပိတ်ခိုင်းလိုက်ရတော့သည်။
“စားမှာသာ စားစမ်းပါ”
စားသောက်ပြီးနောက် လုဟန်ချွမ်သည် ပန်းကန်များကို သိမ်းဆည်းဆေးကြောကာ အမှိုက်များကိုပါ အပြင်သို့ တစ်ပါတည်း ယူဆောင်စွန့်ပစ်ခဲ့သည်။
“ရှောင်ရှောင် ကျောင်းမှာ မနေချင်တော့ဘူးဆိုရင် ဒီမှာ လာနေလိုက်နော်၊ အပြင်မှာနေဖို့ ခွင့်ရအောင် ကိုယ်ကူညီပေးမယ်”
ယဲ့ရှောင်ရှောင်: “ဒုတိယနှစ်ပြီးရင်တော့ ကျောင်းက အဆောင်လူစာရင်း စစ်ဆေးတာမျိုးတွေ မလုပ်တော့ဘူး၊ အဲ့အချိန်ကျမှပဲ ကျွန်မ ပြောင်းလာတော့မယ်”
အဆောင်တွင် နေထိုင်ရသည်က အဆင်ပြေသော်လည်း လူအမြောက်အများနှင့် အနီးကပ်အတူတူ နေထိုင်ရသဖြင့် တစ်နေ့တာလုပ်ငန်းအချို့တွင် အနည်းငယ် အဆင်မပြေဖြစ်ရသည်မှာတော့ အမှန်ပင်။
လုဟန်ချွမ် ခေါင်းညိတ်ထောက်ခံလိုက်သည်။ တိုက်ခန်းသော့က ရှောင်ရှောင့်ထံမှာသာ ရှိနေသဖြင့် သူမ ဆန္ဒရှိသည့် အချိန်တိုင်း လာနေနိုင်ပါလိမ့်မည်။