အခန်း ၁၆၉
Vol. 17 Ch. 169
📗 Chapter 169
ချန်းမင်နှင့် သခင်မချန်းတို့၏ရူးမိုက်သော လုပ်ရပ်များကြောင့် ချန်းမိသားစု အကျပ်အတည်းများကို ချောချောမွေ့မွေ့ ဖြေရှင်းနိုင်မည့် နည်းလမ်းများအား ဆုံးရှုံးသွားခဲ့ရတော့သည်။
ချန်းလီမင်သည် သူ့ရာထူးအာဏာကို အလွဲသုံးစားလုပ်လျက် ဆေးရုံသုံးပစ္စည်းများနှင့်၊ ဆေးဝါးဝယ်ယူရေး ကိစ္စရပ်များတွင် အခြားသူများအတွက် အကျိုးအမြတ် ရှာဖွေပေးခဲ့သည်။
တစ်ချိန်တည်းမှာပင် အခြားသူများထံမှ စည်းစိမ်နှင့် ငွေကြေးများကို လက်ခံရယူခဲ့သည့် ချန်းလီမင်သည် လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှု အစရှိသည့် ရာဇဝတ်မှုများ၏ အဓိက သံသယရှိသူ ဖြစ်လာခဲ့သည်။
ထို့ကြောင့် ချန်းလီမင်ကို ပါတီမှ ထုတ်ပယ်ခဲ့ကြသည့်အပြင် ရာထူးမှ ဆိုင်းငံ့ကာ တရားမဝင် ရရှိထားသော ပိုင်ဆိုင်မှု အားလုံးကိုလည်း နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ကြသည်။
ချန်းမင်သည် သူမ လုပ်ရပ်၏အကျိုးဆက်များ ဤမျှ ဆိုးရွားသွားလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့မိပါ။
ထို့အပြင် အဖေဖြစ်သူသည် ယခင်က တရားမဝင်သည့် လုပ်ရပ်များစွာကို လုပ်ခဲ့ဖူးကြောင်းကိုလည်း ချန်းမင် မသိခဲ့ပေ။
ထိုကိစ္စအများစုမှာ သူမ ဦးလေးနှင့်လည်း ဆက်စပ်ပတ်သက်မှု ရှိသော်ငြား ယခုကဲ့သို့ အာဏာပိုင်များက ဝင်ရောက် စုံစမ်းသည့်အခါတွင်မူ သူမတို့ မိသားစုကသာ အကျိုးဆက်များကို ခါးစည်းခံနေရပါသည်။
ချန်းမင်သည် လုအိမ်တော်သို့ သွားရောက်၍ အဘွားလုကို အကူအညီ တောင်းခဲ့သေးသည်။
မျိုးရိုးအမည်ချင်း တူညီသော်လည်း အဘွားလု၏ချန်းမိသားစုက ချန်းမင်တို့ မိသားစုထက် မြောက်များစွာ အာဏာ ပိုကြီးမားလှပေသည်။
ကံမကောင်းစွာဖြင့် သူမ တောင်းပန်မှုများက မည်သည့်ရလဒ်ကောင်းမှ မပေးစွမ်းနိုင်ခဲ့ပါ။
အာဏာပိုင်များက သက်ညှာပေးထားခြင်းကြောင့် ချန်းလီမင် ထောင်မကျသေးခြင်းကပင် အလွန်ကံကောင်းလှပြီဟု အဘွားလုက ဆိုခဲ့ပါသည်။
ပြဿနာများသည် စတင်လှုံ့ဆော်ခဲ့သူကိုယ်တိုင် တားဆီး၍ မရနိုင်လောက်တော့သည့်အထိ ကြီးမားသွားပြီဖြစ်မှန်း ချန်းမင် သဘောပေါက် နားလည်သွားခဲ့ရသည်။
သူမကိုယ်တိုင်သည်လည်း ဆေးရုံတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ရာ အဖေဖြစ်သူနှင့်အတူ အလုပ်ထုတ်ခံရခြင်း မရှိသော် လည်း လက်ရှိတွင် စောင့်ကြည့်စစ်ဆေးခံနေရသည်။
သူမသည်လည်း ဥပဒေနှင့် မညီညွတ်သည့် ကိစ္စရပ်များကို ဆောင်ရွက်ဖူးကြောင်း ပေါ်ပေါက်သွားသည်နှင့် ရာထူးမှ ဆိုင်းငံ့ခံရမည်မှာ မလွဲဧကန်ပင်။
ချန်းမင်ကဲ့သို့ မာန်မာနထောင်လွှားသူအတွက် ဤသည်မှာ အလွန်ပြင်းထန်သော ထိုးနှက်ချက်တစ်ခုပင်။
သားအဖနှစ်ယောက် အိမ်တွင် စိတ်ဓာတ်လုံးလုံးကျကာ မှိုင်တွေနေကြသော်လည်း သခင်မချန်းတစ်ဦးတည်းကသာ စိတ်ကိုတည်တည်ငြိမ်ငြိမ် ထိန်းထားနိုင်ပါသေးသည်။
“အိမ်မှာ လူသေသလို မျက်နှာမျိုးတွေ လုပ်မနေကြစမ်းပါနဲ့၊ ဆေးရုံကနေ အလုပ်ထုတ်ခံရတာနဲ့ ငါတို့ ဘဝဆုံးသွားတာ မို့လို့လား၊ အချိန်နည်းနည်းကြာရင် နင့်ဦးလေးကို သူ့ကုမ္ပဏီမှာ နေရာတစ်ခု ပေးဖို့ ငါသွားပြောလိုက်မယ်”
ချန်းမင် ဒေါသတကြီး အော်ဟစ်လိုက်သည်။
“အမေ ဘာလို့ အဲ့လိုစကားမျိုး ပြောနိုင်သေးတာလဲ၊ ဒီပြဿနာတွေမှာ ဦးလေးရဲ့အပြစ်လည်း မကင်းဘူးလေ၊ သူ့ကျတော့ ဘာလို့ ဘာမှမဖြစ်တာလဲ!”
သခင်မချန်း သမီးဖြစ်သူကို ဘဝင်မကျစွာ ကြည့်လိုက်သည်။
“အဲ့တာ နင့်ဦးလေးအရင်းနော်၊ သူပါပြဿနာတက်ရင် ငါတို့က ဘာအကျိုးအမြတ်ရမှာမို့လို့လဲ”
အမေဖြစ်သူ၏ သဘောထားကို လုံးဝမကျေနပ်သဖြင့် ချန်းမင် အိပ်ခန်းထဲ ပြေးဝင်ကာ တံခါးကို ဆောင့်ပိတ်လိုက်တော့သည်။
သခင်မချန်း စကားဆက်ပြောချင်သော်ငြား ချန်းလီမင်ကလည်း မတ်တပ်ရပ်ကာ ထွက်သွားခဲ့သည်။ မိသားစုဝင်များ၏ စိတ်ဓာတ်ပျော့ညံ့ပုံကို ကြည့်ရင်း သခင်မချန်းလည်း ခေါင်းသာ ခါရမ်းမိတော့သည်။
ချန်းလီမင်၏ပြဿနာများ သတင်းစာထဲတွင် ပါလာသည်နှင့် စုန့်ကွမ်းကျင့်ပင် အခြေအနေကို နားလည်သွားခဲ့ရသည်။
“ကြည့်ပါဦး၊ နိုင်ငံတည်ငြိမ်တာ မကြာသေးဘူး၊ ကပ်ပါးကောင်တွေက ပေါ်လာပြီ”
စုန့်ကွမ်းကျင့် ပွစိပွစိဆိုကာ သတင်းစာအား ဘေးသို့ ပစ်ချလိုက်သည်။
ယဲ့ရှောင်ရှောင်လည်း ဆေးပင်များကို စီရီရင်း ချန်းမိသားစုအကြောင်းပါဝင်သော သတင်းစာကို လှမ်းကြည့်လိုက်ပါသည်။
“အလုပ်ထုတ်ခံရရုံပဲလား”
စုန့်ကွမ်းကျင့် “အမှန်ပဲ၊ ဒီလူတွေကို သက်ညှာပေးလွန်းတယ်”
ယဲ့ရှောင်ရှောင် အကြည့်ပြန်လွှဲလိုက်ပြီး ဆေးပင်များကိုသာ ဆက်လက် စီရီနေခဲ့သည်။
သက်ဆိုင်သူများက ကိုယ့်ထိုက်နှင့်ကိုယ့်ကံ ခံရခြင်းဖြစ်၍ စုံစမ်းစစ်ဆေးခံရခြင်းမှာ မထူးဆန်းလှပါ။
ဤကဲ့သို့သော ကြီးကြီးမားမား ကိစ္စရပ်တစ်ခုဖြစ်ပျက်သွားပြီးနောက် အခြေအနေမှာ ခပ်မြန်မြန်ပင် ပြန်လည်တည်ငြိမ်သွားခဲ့သည်။
ပေကျင်းမြို့၏ လှိုင်းထန်မှုများသည်လည်း သာယာအေး ချမ်းသော မျက်နှာဖုံးအောက်တွင် ဆက်လက်ပုန်းကွယ်လျက် ရှိနေခဲ့ပါသည်။
မေလထဲသို့ ရောက်ရှိလာချိန်တွင် ပေကျင်းမြို့၌ အလွန်ရှားပါး ပြင်းထန်သော မိုးသက်မုန်တိုင်းတစ်ခု ကျရောက်လာခဲ့သည်။ ထိုမုန်တိုင်းကြောင့် မြောက်ပိုင်းရှိ မြို့နယ်အတော်များများတွင် ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။
ကျင့်ဟွာတက္ကသိုလ်တွင်လည်း အတန်းများကို ရပ်နားထားရသည်။ လူငယ်ရေကန် ရေမျက်နှာပြင်သည် သိသိသာသာ မြင့်တက်လာခဲ့ပြီး အဆောင်များ၏ပထမထပ်များကိုပင် ဖုံးလွှမ်းသွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ယဲ့ရှောင်ရှောင်တို့သည် ဒုတိယထပ်တွင် နေထိုင်ကြခြင်းဖြစ်၍ ရေကြီးရေလျှံမှုဒဏ်ကို မခံစားခဲ့ရပါ။ မဟုတ်လျှင် သူမတို့လည်း ပစ္စည်းအားလုံးကို အပေါ်ထပ်များသို့ ပြောင်းရွှေ့ရပေလိမ့်မည်။
ပထမထပ်ရှိ ကျောင်းသူများက ၎င်းတို့၏ပစ္စည်းများကို ဒုတိယထပ်၏ကော်ရစ်ဒါများပေါ်တွင် ယာယီ စုပုံထားရသည်။
အဆောင်မှူးက အခန်းလွတ်များတွင် ထိုကျောင်းသူများကို ယာယီနေရာချထားပေးခဲ့ပြီး အခန်းမလောက်ငသောအခါ ရွေးချယ်စရာမရှိတော့ဘဲ ကော်ရစ်ဒါပေါ်တွင်သာ နေရာထိုင် ခင်း စီစဉ်ပေးခဲ့ရပါသည်။
ထန်ရှို့ရှို့က ညည်းတွားသည်။
“ပေကျင်းမှာ ဒီလောက်ကြမ်းတဲ့ မုန်တိုင်းမတိုက်တာ နှစ်တွေတော်တော်တောင်ကြာနေပြီကို”
တက္ကသိုလ်ဝင်းအတွင်း လျှပ်စစ်မီး ပြတ်တောက်သွားသည် မှာ ကြာပြီဖြစ်သည်။ အပြင်ဘက်တွင်မူ ပိန်းပိတ်အောင် မှောင်နေသော ကောင်းကင်ပေါ်၌ လျှပ်စီးကြောင်းများ တဖျပ်ဖျပ် လင်းလက်နေသဖြင့် အဆောင်ခန်းများကိုပါ ရံဖန်ရံခါ လင်းခနဲ ဖြစ်သွားစေသည်။
တဝေါဝေါ တိုက်ခတ်နေသည့် လေပြင်းများက သည်းထန်စွာ ရွာသွန်းနေသော မိုးရေများနှင့် ပေါင်းစပ်ကာ မြို့တော်တစ်ခုလုံးကို ရေများဖုံးလွှမ်းသွားစေတော့သည်။
ယဲ့ရှောင်ရှောင်တစ်ယောက် စောင်ထဲတွင် ကွေးနေခဲ့သည်။ ဤကဲ့သို့ ရာသီဥတုမျိုးကို သူမ မကြောက်တတ်ပါ။ ဘေးကင်းလုံခြုံသည့် နေရာတစ်ခုတွင် ရှိနေခြင်းကြောင့်လည်း ဖြစ်ပေလိမ့်မည်။
သို့သော် ကော်ရစ်ဒါတွင် ခိုလှုံနေရသည့် ကျောင်းသူများအတွက်တော့ သူမ စိတ်မကောင်းဖြစ်မိပါသည်။
မိုးချုန်းသံတစ်သံ ထွက်ပေါ်လာတိုင်း အဆောင်ထဲတွင် ကျောင်းသူများ၏ အော်သံများလည်း ထွက်ပေါ်လာတတ်သည်။
ထိုအော်သံများကြောင့် ဝမ်ကျောင်း စိတ်အနှောင့်အယှက် အလွန်ဖြစ်လာပါသည်။
“ဘာကြောက်စရာရှိလို့လဲ၊ မိန်းကလေးအဆောင်ထဲမှာ ယောက်ျားလေးလည်း ရှိတာမဟုတ်ဘူး၊ ဘယ်သူ့ကို အော်ပြနေကြတာလဲမသိဘူး”
ဟယ်ကျင်းက ဆိုသည်။
“အဲ့လိုတော့ မပြောပါနဲ့၊ သူတို့ တကယ်ကြောက်လို့နေမှာပါ”
ဝမ်ကျောင်း: “မသိဘူးဟာ၊ ဆူညံနေလို့ စိတ်ရှုပ်တာပဲသိတယ်”
ရှားလီက ဝမ်ကျောင်းကို စပ်စပ်စုစု ကြည့်ကာ မေးလိုက်သည်။
“နင်က မိုးခြိမ်းတာကို တကယ်မကြောက်ဘူးလား”
ဝမ်ကျောင်းက ပြုံးလျက်ဆိုသည်။
“ငါ့ကောင်လေးမှ အနားမှာမရှိတာ၊ ဖန့်ခိုင်ရွှမ်သာ ရှိနေရင်တော့ ငါလည်း ကြောက်ချင်ယောင် ဆောင်ပြလိုက်မှာပေါ့”
ဝမ်ကျောင်းကို ရှားလီ အလွန်လေးစားမိပါသည်။ အနည်းဆုံးတော့ သူမသည် အမှန်တရားကို ရိုးရိုးသားသား ဝန်ခံရဲသေးသည်။
မြို့တော်တွင် ၂ ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ မိုးရေချိန်မှာ အလွန်ပင် များပြားလွန်းသဖြင့် ရေကြီးရေလျှံမှုများ အဆက်မပြတ် ဖြစ်ပေါ်ခဲ့ပါသည်။
မြို့တော်အပြင် အခြားသော ပြည်နယ်အချို့တွင်လည်း ရေကြီးရေလျှံမှုများကို အနည်းနှင့်အများ ခံစားခဲ့ကြရသည်။ နိုင်ငံတော်ကလည်း အရေးပေါ်အခြေအနေအတွက် ရေဘေးကယ်ဆယ်ရေးတပ်သားများကို ချက်ချင်း စေလွှတ်ခဲ့သည်။
မုန်တိုင်းဒဏ်ခံစားခဲ့ရသော ပြည်နယ်များအနက် ယွီပြည်နယ်သည် ထိခိုက်မှုအပြင်းထန်ဆုံးဟု ဆိုနိုင်သည်။ ရေဒီယိုနှင့် ရုပ်မြင်သံကြားများမှတဆင့် မုန်တိုင်း၏အခြေအနေကို စဉ်ဆက်မပြတ် ထုတ်လွှင့်ကြေညာနေပါသည်။
ပေကျင်းမြို့တွင် မုန်တိုင်းရပ်စဲသွားပြီဖြစ်သော်လည်း ယွီပြည်နယ်တွင်မူ ပိုမိုပြင်းထန်စွာ တိုက်ခတ်လျက်ရှိသည်။ အားကောင်းပြင်းထန်သော ရေလှိုင်းကြီးများသည် ပြည်နယ်တစ်ခုလုံးကို ဖြတ်သန်းတိုက်စားသွားခဲ့သဖြင့် ပြည်သူ အများအပြား၏ အိုးအိမ်များ ပျက်စီးဆုံးရှုံးသွားခဲ့ရသည်။
လက်ရှိအချိန်တွင် ထိုဒေသ၌ ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို အရေးပေါ် လိုအပ်လျက် ရှိပါသည်။
ကျင့်ဟွာတက္ကသိုလ်သည် ဆေးကျောင်းသားများအား စေတနာ့ဝန်ထမ်းအဖြစ် စာရင်းပေးသွင်းကြရန် လှုံ့ဆော်ခဲ့ပြီး တက္ကသိုလ်ဆရာ၊ ဆရာမများက ဦးဆောင်လျက် ဘေးဒုက္ခသင့်နေသော ဒေသများတွင် သွားရောက်ကူညီပေးဖို့ စီစဉ်ခဲ့သည်။
ဟယ်ကျင်းက အခန်းဖော်များကို မေးလိုက်သည်။
“နင်တို့ထဲက ဘယ်သူ စာရင်းသွင်းမှာလဲ”
ဝမ်ကျောင်း “ငါတော့ လုံးဝ မသွားဘူးနော်၊ ငါတို့က အခုမှ ကျောင်းသူသစ်တွေပဲရှိသေးတာ၊ လိုက်သွားလည်း ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး၊ တက္ကသိုလ်ကလည်း ငါတို့ကို ဝင်ရှုပ်စေချင်မှာ မဟုတ်ဘူး”
ဟယ်ကျင်း “ငါတော့ သွားချင်တယ်၊ ဒီလှုပ်ရှားမှုကြောင့် ငါတို့ အမှတ်အပိုတွေ ရလာနိုင်တယ်”
ဝမ်ကျောင်း မျက်လုံး ပြူးသွားသည်။
“နင်ရူးသွားပြီလား၊ အဲ့နေရာက အကြီးအကျယ် ရေကြီးနေတာနော်၊ အမှတ်အပိုရဖို့အတွက်နဲ့ အသက်ကို ရင်းတော့မလို့လား”
ဟယ်ကျင်းက ပြုံးသည်။
“ဒီတိုင် စဉ်းစားထားရုံပဲရှိပါသေးတယ်၊ အတည်ကြီး မဆုံး ဖြတ်ရသေးဘူး”
မကြာမီ အတိုင်ပင်ခံဆရာရောက်ရှိလာပြီး ထိုကိစ္စကို ကျောင်းသားကျောင်းသူအားလုံးနှင့် ဆွေးနွေးခဲ့သည်။
တက္ကသိုလ်အနေဖြင့် ကျောင်းသားကျောင်းသူသစ်များကို အကြီးအကျယ် စည်းရုံးလှုံ့ဆော်မှုမျိုး မပြုလုပ်ခဲ့ပေ။ အကြောင်းမှာ ၎င်းတို့ လိုက်လာခဲ့လျှင်လည်း လုပ်ငန်းစဉ်များကို ပိုမိုရှုပ်ထွေးသွားစေမည် စိုးရမ်ခြင်းကြောင့် ဖြစ်သည်။
သို့သော်လည်း အကူအညီပေးနိုင်သည်ဟု မိမိကိုယ်ကိုယ် ယုံကြည်မှုရှိသည့် ကျောင်းသားကျောင်းသူများကိုတော့ တက္ကသိုလ်က တားမြစ်မည် မဟုတ်ချေ။
စေတနာ့ဝန်ထမ်းများကို တက္ကသိုလ်ဆရာဆရာမများက ဦးဆောင်ကာ ခေါ်ဆောင်သွားမည်ဖြစ်ပြီး အရေးပေါ် အသက်ကယ်ဆယ်ရေး ကဏ္ဍများတွင် အကူအညီမပေးနိုင်လျှင်ပင် အခြားသောကိစ္စရပ်များအတွက် လက်ထောက်များအဖြစ် ကူညီပေးနိုင်ကြပါလိမ့်မည်။
ယဲ့ရှောင်ရှောင်၏ တရုတ်တိုင်းရင်းဆေးမေဂျာ ဆရာများကလည်း ထိုအကြောင်းအရာကို ထုတ်ပြောကာ ကျောင်းသားများနှင့် တိုင်ပင်ခဲ့ကြသည်။
အနောက်တိုင်းဆေးပညာ ကျောင်းသားများနှင့် နှိုင်းယှဉ်ပါက တရုတ်တိုင်းရင်းဆေးပညာအတန်း၏ သင်ကြားရေး အရှိန်မှာ သိသိသာသာ ပိုမြန်ဆန်ပြီး ကျောင်းသားများအားလုံးသည်လည်း ဆေးပညာတွင် အခြေခံ ခိုင်မာကြသူများ ဖြစ်သည်။
ဒဏ်ရာများကို ပတ်တီးစည်းပေးခြင်း၊ အကြောဆေးသွင်းခြင်းနှင့် ဆေးထိုးပေးခြင်းကဲ့သို့သော လုပ်ငန်းဆောင်တာများသည် သူတို့အတွက် ထမင်းစားရေသောက်ရသည့်ပမာ လွယ်ကူပါလိမ့်မည်။
ပါမောက္ခဝေ့ယင်နှင့် စွန်းကျန့်ယောင်တို့နှစ်ဦးက ကျောင်း သားများနှင့်အတူ လိုက်ပါသွားမည်ဖြစ်သည်။
ရေဘေးသင့်နေသည့် ဒေသများစွာ ရှိနေသောကြောင့် တက္ကသိုလ်မှ ထွက်ခွာမည့် စေတနာ့ဝန်ထမ်း အဖွဲ့များသည် တစ်နေရာတည်းတွင် အတူတူ ကျချင်မှ ကျနိုင်ပါလိမ့်မည်။
“ဆရာ၊ ကျွန်တော် စာရင်းသွင်းချင်တယ်”
ချူးယွင်ရှောင်က ဦးဆောင်ကာ ဆိုလိုက်သည်။
“ကျွန်တော်လည်း ပါမယ် ဆရာ”
“ကျွန်တော်ကောပဲ”
ယဲ့ရှောင်ရှောင်အပါအဝင် တရုတ်တိုင်းရင်းဆေးမေဂျာမှ ကျောင်းသားအားလုံး စာရင်းပေးသွင်းခဲ့ကြပါသည်။
စွန်းကျန့်ယောင်က ယဲ့ရှောင်ရှောင်ကို ကြည့်ကာ သတိပေးလိုက်သည်။
“မင်းတို့က စေတနာ့ဝန်ထမ်းတွေဆိုပေမယ့် တကယ်ဘေးဒုက္ခသင့်နေတဲ့နေရာတွေကို သွားရမှာနော်၊ ကျောင်းသူယဲ့ရှောင်ရှောင် သေချာပြန်စဉ်းစားသင့်တယ်”
ကျန်းခိုင်နင်ကလည်း ယဲ့ရှောင်ရှောင်၏ အင်္ကျီကို လှမ်းဆွဲကာ တိုးတိုးလေး ဖျောင်းဖျလိုက်သည်။
“နင် မလိုက်သင့်ဘူးနော်၊ အဲ့နေရာက အန္တရာယ်အရမ်းများရင် ဘယ်လိုလုပ်မလဲ၊ အရမ်းလည်း ပင်ပန်းရမှာ၊ နင့်လို မိန်းကလေးတစ်ယောက်နဲ့ မသင့်တော်ပါဘူး”
ချူးယွင်ရှောင်ကလည်း ဝင်ပြောသည်။
“ကျန်းခိုင်နင်ပြောတာ မှန်တယ်၊ စာရင်းပေးသွင်းတာက ကိုယ့်သဘောနဲ့ ကိုယ်ပဲ၊ ဘယ်သူမှ အတင်းအကျပ် စေခိုင်းတာမျိုး မရှိဘူး”
သူတို့၏စကားများကြောင့် ယဲ့ရှောင်ရှောင် မှင်သက်သွားရသည်။
“ငါက ငါ့သဘောနဲ့ငါ စာရင်းသွင်းတာပါ၊ ဆေးပညာကို သင်ယူတယ်ဆိုကတည်းက လူ့အသက်တွေကို ကယ်တင်ပေးဖို့ပဲ မဟုတ်ဘူးလား၊ အခု ဆရာတွေက အားလုံးကို လက်တွေ့ဆင်းဖို့ ခေါ်သွားမှာဆိုတော့ ငါလည်း အတူတူလိုက်ခဲ့ဖို့ ဆုံးဖြတ်ထားပြီးသားပဲ”