အခန်း ၁၇၀
Vol. 17 Ch. 170
📗 Chapter 170
စွန်းကျန့်ယောင်သည် ယဲ့ရှောင်ရှောင်အား သေသေချာချာ ပြန်စဉ်းစားဖို့ ပြောခဲ့သော်လည်း ယဲ့ရှောင်ရှောင်အတွက်မူ စဉ်းစားနေဖို့ပင် အချိန်မရှိခဲ့ပါ။
အကြောင်းမှာ စေတနာ့ဝန်ထမ်းစာရင်းကို ယနေ့ အပြီးပေးသွင်းရမည်ဖြစ်ကာ မနက်ဖြန်မနက်မိုးလင်းသည်နှင့် စတင်ထွက်ခွာရမည်ဟု တက္ကသိုလ်က ကြေညာလိုက်ခြင်းကြောင့်ပင်။
အချိန်ဆက်ဆွဲနေပါက ရေဘေးသင့်ဒေသများသို့ ရောက်ရှိသွားလျှင် အကူအညီအပေးစရာ မကျန်တော့ဘဲ အလကားသက်သက် ဖြစ်သွားပေလိမ့်မည်။
ယဲ့ရှောင်ရှောင်သည် မေဂျာတူ စီနီယာကျောင်းသူနှစ်ဦးဖြစ်သော မုန့်ကျင်းဝမ်နှင့် ကျန်းရှင်းယွင်တို့ကို သွားတွေ့ခဲ့သည်။
သေသေချာချာ မေးမြန်းကြည့်သောအခါ သူတို့နှစ်ဦးလည်း စာရင်းပေးသွင်းပြီးကြပြီဖြစ်ကြောင်း သိရှိခဲ့ရပါသည်။
“တို့မိန်းကလေးတွေလည်း ကူညီပေးနိုင်တဲ့ နေရာတွေ ရှိမှာပါ၊ ပြီးတော့ ငါတို့က နောက်တန်း ရိက္ခာနဲ့ ထောက်ပံ့ရေးပိုင်းကိုပဲ တာဝန်ယူရမှာလေ၊ အခက်အခဲတွေကို ခံနိုင်ရည်ရှိသရွေ့တော့ မလုပ်နိုင်တာ ဘာမှမရှိဘူး၊ တခြားကဏ္ဍတွေမှာ အာမမခံရဲပေမယ့် ဆေးပညာကျွမ်းကျင်မှုအပိုင်းမှာတော့ ဘယ်သူ့ကိုမှ ငါမရှုံးနိုင်ဘူးလို့ ရဲရဲကြီး ပြောရဲတယ်”
မုန့်ကျင်းဝမ်သည် အပြင်ပန်းတွင် နူးညံ့သိမ်မွေ့ပုံရသော်လည်း အတွင်းစိတ်မှာမူ အလွန်ကြံ့ခိုင်ပြတ်သားသူ ဖြစ်သည်။ သူမ၏ စကားကြောင့် ယဲ့ရှောင်ရှောင်လည်း အားတက်သွားခဲ့ရပါသည်။
“အဲ့တာဆို ကျွန်မလည်း လိုက်ခဲ့မယ်လို့ ဆရာစွန်းကို ပြောလိုက်တော့မယ်”
ယဲ့ရှောင်ရှောင်သည် စွန်းကျန့်ယောင်ထံသို့ သွားရောက်ကာ စာရင်းအမြန်ပေးသွင်းလိုက်သည်။
စွန်းကျန့်ယောင်မှာ သက်ပြင်းချမိရုံသာ ရှိတော့သည်။ သူမအတွက် စိတ်ပူမိသော်လည်း ကျောင်းသူတစ်ဦး၏ စိတ်အားထက်သန်မှုကို တားဆီးဖို့ စိတ်ကူးမရှိပေ။
“ဟုတ်ပါပြီ၊ အဲ့တာဆို နင့်ကို မုန့်ကျင်းဝမ်တို့အဖွဲ့မှာ ထည့်ပေးလိုက်မယ်၊ မိန်းကလေးတွေအချင်းချင်းဆိုတော့ ပိုအဆင်ပြေတာပေါ့”
ယဲ့ရှောင်ရှောင် ဦးညွှတ်ကာ ကျေးဇူးတင်လိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာစွန်း”
ထို့နောက် ယဲ့ရှောင်ရှောင် အဆောင်ခန်းသို့ ပြန်လာပြီး ပစ္စည်းများ စတင်ထုပ်ပိုးလေသည်။ အခန်းဖော်များအားလုံး သူမကို ဝိုင်းကြည့်နေကြပါသည်။
“ရှောင်ရှောင် နင်တကယ်သွားမှာလား”
ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။
“တရုတ်တိုင်းရင်းဆေးမေဂျာက ကျောင်းသားတိုင်း သွားကြမှာလေ”
ထန်ရှို့ရှို့က အကြံပြုသည်။
“ဒါဆိုလည်း ဟိုရောက်ရင် နွေးနွေးထွေးထွေးရှိအောင် လိုတဲ့ပစ္စည်းတွေများများစားစား ယူသွား၊ ကိုယ့်ကိုကိုယ် ဘေးကင်းဖို့ကို အရင်ဦးစားပေးနော်”
ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်ပြီး အစားအသောက်နှင့် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို အထုပ်ငယ်တစ်ခုဖြစ်အောင် ဖိသိပ်ထုပ်ပိုးကာ မိုးကာအင်္ကျီ၊ ဘွတ်ဖိနပ်တို့ကိုလည်း သေချာစစ်ဆေးယူဆောင်ခဲ့သည်။
ရေဘေးသင့်နေသည့် ဒေသများတွင် ထိုပစ္စည်းများကို ဝေငှပေးနိုင်မည် မဟုတ်သဖြင့် သူမတွင်ရှိသမျှ အသုံးဝင်နိုင်မည့် ပစ္စည်းတိုင်းကို ယူဆောင်သွားရပါမည်။
ယဲ့ရှောင်ရှောင် မထွက်ခွာမီ စုန်ကွမ်းကျင့်နှင့် လုဟန်ချွမ်တို့ထံသို့ ကြေးနန်းစာ သုတ်သုတ်ပျာပျာ ပေးပို့ဖို့ အချိန်လုံလောက်သည်ဆိုရုံသာ ရှိခဲ့သည်။
လုဟန်ချွမ်ဘက်မှ အကြောင်းမပြန်သော်လည်း စုန့်ကွမ်းကျင့်ကမူ အလွန်စိုးရိမ်ပူပန်နေပါသည်။
ယဲ့ရှောင်ရှောင်နှင့် အဖော်လိုက်သွားပေးဖို့အတွက် ဘော်ဒီဂတ်တစ်ယောက် စီစဉ်ပေးချင်ခဲ့သေ်ာလည်း တက္ကသိုလ်၏ သီးသန့်ခရီးစဉ်ဖြစ်သဖြင့် အပိုလူများကို ထည့်သွင်းပေးဖို့ မလွယ်ကူလှပေ။
စုန့်ကွမ်းကျင့်သည် ယဲ့ရှောင်ရှောင်ကို သေသေချာချာ မှာကြားခဲ့ပြီး ပြဿနာတစ်စုံတရာတက်သည်နှင့် အိမ်သို့ ချက်ချင်းဆက်သွယ်ဖို့ ပြောကြားလိုက်ပါသည်။
စုန့်ကွမ်းကျင့်၏ အမှာစကားများကြောင့် ယဲ့ရှောင်ရှောင်ရင်ထဲ နွေးထွေးသွားရသည်။ ဆရာကြီးစုန့်သည် သူမကို ဘယ်သောအခါကမှ သူစိမ်းတစ်ဦးသဖွယ် မဆက်ဆံခဲ့ပါ။
ယခင်ကတည်းက သမီးအရင်းပမာ ဂရုစိုက်ပေးခဲ့သဖြင့် ယဲ့ရှောင်ရှောင်ဘက်ကလည်း အနာဂတ်တွင် သားသမီးဝတ္တရားကျေပွန်ရပါမည်။
နောက်တစ်နေ့မနက် ၅ နာရီဝန်းကျင်အချိန်တွင် စေတနာ့ ဝန်ထမ်းများနှင့်လှူဒါန်းထားသောပစ္စည်းများကို သယ်ဆောင် လာသည့် တက္ကသိုလ်ယာဉ်တန်းကြီးသည် ယွီပြည်နယ်သို့ စတင်ထွက်ခွာခဲ့ပါသည်။
ရိက္ခာပစ္စည်းများကို ကုန်တင်ကားကြီးများဖြင့် သယ်ဆောင်ပြီး စေတနာ့ဝန်ထမ်းများကိုမူ ဘတ်စ်ကားများဖြင့် သယ် ဆောင်လာခဲ့သည်။
ဤခေတ်ကာလတွင် ဘတ်စ်ကားများကိုလည်း အလွန်အဖိုး တန်သော သယ်ယူပို့ဆောင်ရေးယာဉ်များအဖြစ် သတ်မှတ်ထားကြသဖြင့် ကျင့်ဟွာတက္ကသိုလ်မှာ အလွန်ကြွယ်ဝသည်ဟု ဆိုနိုင်ပါသည်။
ထိုဘတ်စ်ကားများကို ရေဘေးသင့်နေသည့် ဒေသများထံသို့ စေလွှတ်လိုက်ပါက အထိအခိုက်ကင်းကင်းနှင့် ပြန်လည်ရောက်ရှိလာနိုင်မည်ဟု အာမခံချက်မရှိပေ။
လမ်းမပေါ်သို့ရောက်ခါမှ ဤမုန်းတိုင်းကြောင့် ရေဘေးဒဏ်မည်မျှ ကြီးမားခဲ့ကြောင်းကို ကျောင်းသားကျောင်းသူများ မျက်မြင်တွေ့ရှိခဲ့ရသည်။
အဝေးပြေးလမ်းမကြီးပေါ်မှ မောင်းနှင်သွားစဉ် လမ်းဘေး၌ သောင်တင်နေသော အပျက်အစီးများစွာကိုမြင်ခဲ့ကြရသည်။
ကျင့်ဟွာတက္ကသိုလ် စေတနာ့ဝန်ထမ်းအဖွဲ့၏မူလဦးတည် ချက်မှာ ယွီပြည်နယ်ရှိ ဟွိုက်ကောင်တီမြို့ဖြစ်သော်လည်း လမ်းတစ်ဝက် တောင်ပတ်လမ်းများတွင် မြေပြိုမှုများနှင့် ကြုံတွေ့ခဲ့ရသောကြောင့် စေတနာ့ဝန်ထမ်းအဖွဲ့အား ဦးဆောင်လာသည့် ဆရာက နင်အန်းကောင်တီမြို့မှ ဖြတ်မောင်းရန် ယာဉ်မောင်းကို အကြံပြုလိုက်ပါသည်။
ကားပေါ်တွင် စောင့်ဆိုင်းနေသည့် ယဲ့ရှောင်ရှောင်မှာ ဘာတွေဖြစ်ပျက်နေမှန်း နားမလည်နိုင်သေးပေ။
မညီမညာ ကွေ့ကောက်နေသည့် လမ်းများကြောင့် ဘတ်စ်ကားအတွင်းရှိ လူအများအပြားမှာ မျက်နှာများ ဖြူရော်လာကြတော့သည်။
ကားပေါ်တွင် တရုတ်တိုင်းရင်းဆေးမေဂျာ ကျောင်းသားကျောင်းသူများသာမက အခြားသော ဆေးဖက်ဆိုင်ရာနှင့် သူနာပြု ကျောင်းသားများလည်း ပါဝင်ကြသေးသည်။
အချို့မှာ ကားမူးလာပြီး ကားပေါ်တွင် နှစ်ကြိမ်သုံးကြိမ်ခန့် ပျို့အန်ခဲ့ကြပါသည်။
ချူးယွင်ရှောင်က ကားမူးသက်သာစေမည့် ဆေးများလိုက် လံဝေငှပေးခဲ့သည်။ သို့သော် အချို့အတွက် အာနိသင်က သိပ်မရှိလှပါ။
ကျန်းခိုင်နင်လည်း ကမ်းလှမ်းလိုက်သည်။
“ကားမူးတဲ့လူတွေ ရှိသေးရင် ကျွန်တော် အပ်စိုက်ပြီး ကုသပေးပါ့မယ်”
သို့သော် အခြားသူများက ကျန်းခိုင်နင်ကို မယုံသင်္ကာကြည့်ကာ ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်ကြပါသည်။
ကျင့်ဟွာတက္ကသိုလ်မှ ယာဉ်တန်းသည် အရုဏ်မတက်မီကတည်းက စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်သော်လည်း ညနေစောင်းမှသာ နင်အန်းကောင်တီမြို့စွန်သို့ ရောက်ရှိလာကြပါသည်။
နင်အန်းကောင်တီမြို့ထဲရှိ နေရာအတော်များများတွင်လည်း ရေများနစ်မြုပ်လျက်ရှိသည်။ ရိက္ခာတင်ကားများ ရောက်ရှိပြီး သိပ်မကြာမီမှာပင် မိုးဖွဲဖွဲလေးများ ထပ်မံရွာသွန်းလာပြန်သည်။
နင်အန်းကောင်တီ စစ်ဘက်ဆိုင်ရာ အရာရှိများက ရိက္ခာတင်ကားများကို မြို့ပြင်ရှိ ကုန်းမြင့်တစ်ခုပေါ်တွင် ဆောက်လုပ်ထားသော ယာယီကယ်ဆယ်ရေးစခန်းသို့ လမ်းညွှန်ခေါ်ဆောင်သွားခဲ့ကြသည်။ ကယ်ဆယ်ရေးစခန်းရှိ ခေါင်းဆောင်ကြီးများကလည်း သူတို့ကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြပါသည်။
“ဆရာစွန်းရောက်လာတာ အချိန်ကိုက်ပဲ! ကျုပ်တို့ဆီမှာ အခုအလိုအပ်ဆုံးက ဆေးဝန်ထမ်းတွေပဲ၊ အခုတောင် မီးဖွားဖို့ ခက်နေတဲ့ ကိုယ်ဝန်သည်အမျိုးသမီးနှစ်ယောက်ရှိနေတယ်”
ထိုစကားကိုကြားပြီး စွန်းကျန်းယောင်မှာ စကားအပိုပြောဖို့ပင် စိတ်မဝင်စားတော့ဘဲ ကျောင်းသူနှစ်ယောက်ကို ခေါ်ကာ လူနာများကို ချက်ချင်း သွားစစ်ဆေးခဲ့တော့သည်။
စခန်းတွင် ယာယီထိုးထားသည့် ရွက်ဖျင်တဲပေါင်း ရာနှင့်ချီပြီးရှိကာ ဒဏ်ရာရရှိထားသူများမှာလည်း မရေမတွက်နိုင်အောင် များပြားလွန်းပါသည်။
အချို့က ခေါင်းတွင် ထိခိုက်ပေါက်ပြဲဒဏ်ရာများ ရရှိထားပြီး၊ အချို့ကမူ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း ဝေဒနာများကို ခံစားနေကြရသည်။ အတိုချုန်း ပြောရလျှင် ကယ်ဆယ်ရေးစခန်းတစ်ခုလုံး ဗရုတ်သုက္ခဖြစ်နေခဲ့ပါသည်။
ကျင့်ဟွာတက္ကသိုလ် ကျောင်းသားကျောင်းသူများမှာ အနားယူ နေရာချဖို့ပင် အချိန်မရှိဘဲ ကားပေါ်မှဆင်းသည်နှင့် လုပ်ငန်းစခဲ့ကြရသည်။
ယဲ့ရှောင်ရှောင် အဝတ်အစားထူထူများ ယူဆောင်လာခဲ့၍ ကံကောင်းသွားသည်ဟု ဆိုရမည်။
လွင်ပြင်ကျယ်ကြိးပေါ်မှ ညနေခင်းလေပြင်းက အသည်းခိုက်စရာကောင်းလောက်အောင် အေးစက်နေပြီး မိုးများပါ ရွာသွန်းနေသဖြင့် စိုစွတ်သော အအေးဓာတ်က အရိုးထဲထိ စိမ့်ဝင်သွားစေသည်။
သူမသည် တက္ကသိုလ်မှ ခွဲတမ်းချပေးထားသော ဆေးသေတ္တာကို ကိုင်ဆောင်လျက် ဒဏ်ရာရရှိသူများ၏ ဒဏ်ရာများကို ဆေးကြောသန့်စင်ပေးခဲ့ပါသည်။
ခဏကြာသောအခါ စွန်းကျန့်ယောင်က သူမကို လာရောက်ခေါ်ဆောင်လေသည်။
“ဘာများဖြစ်လို့လဲ ဆရာစွန်း”
စွန်းကျန့်ယောင်က ဘဝမကျစွာ ညည်းတွားလိုက်ပါသည်။
“တော်တော်ပြောရခက်တဲ့လူတွေပဲ၊ မိန်းမလုပ်တဲ့သူက မီးဖွားဖို့ အခက်အခဲဖြစ်နေတာကို ယောက်ျားလုပ်တဲ့သူက အမျိုးသားဆရာဝန်နဲ့ မပြနိုင်ဘူးတဲ့”
၂၁ ရာစု မြို့ကြီးပြကြီးတွင် ကြီးပြင်းလာခဲ့ရသူဖြစ်သည့်အလျောက် ထိုကဲ့သို့အခြေအနေမျိုးကို ယဲ့ရှောင်ရှောင် တစ်ခါမှ မကြားခဲ့ဖူးပေ။
ကျန်းရှင်းယွင်လည်း မတ်တပ်ထရပ်လိုက်သည်။
“ရှောင်ရှောင်၊ တို့တွေ သွားကြည့်ပေးလိုက်ရအောင်၊ ကလေးမွေးရုံသက်သက်ဆို ငါ့ဖာသာ ငါ ကိုင်တွယ်နိုင်တယ်”
ယဲ့ရှောင်ရှောင်လည်း စီနီယာနှင့်အတူ သုတ်သုတ်ပျာပျာ လိုက်သွားရတော့သည်။
ရွက်ဖျင်တဲထဲကို ဝင်လိုက်သည်နှင့် အရှေ့ဘက်တွင် ကိုယ် ဝန်သည်အမျိုးသမီးတစ်ဦး၊ အနောက်ဘက်တွင် နောက်ထပ် ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးတို့ အသီးသီး လှဲလျောင်းနေကြသည်ကို မြင်လိုက်ကြရသည်။
ဘေးနားတွင် လူအနည်းငယ်က ဝိုင်းဝန်းစောင့်ရှောက်ပေးထားကြသော်လည်း မီးဖွားခြင်း ဝေဒနာကို သက်သာစေရန်အတွက်မူ မည်သူမှ အကူအညီ မပေးနိုင်ကြပေ။
ယဲ့ရှောင်ရှောင်သည် တစ်ချက်ကြည့်လိုက်ရုံနှင့် ဘယ်ဘက်တွင် လှဲလျောင်းနေသည့် အမျိုးသမီးမှာ အရေးပေါ် အခြေ အနေဖြစ်နေမှန်း တန်းသိနိုင်ပါသည်။
မီးဖွားဖို့ အခက်အခဲရှိနေရုံသာမကဘဲ သူမ၏အော်သံများမှာလည်း အလွန်အားနည်းနေပြီဖြစ်သည်။ အချိန်ထပ်ဆွဲနေလျှင် ကလေးကို ညှစ်ထုတ်ရန် မိခင်တွင် အင်အားရှိတော့မည် မဟုတ်ပေ။
“မိသားစုဝင်တွေ ဘေးဖယ်ပေးကြဦး! ရေနွေးနည်းနည်းကျိုပြီး ယူလာပေးပါ!”
ယဲ့ရှောင်ရှောင် သုတ်သုတ်ပျာပျာ လျှောက်သွားပြီး မိသားစုဝင်များကို လမ်းဖယ်ခိုင်းလိုက်သည်။
ခင်ပွန်းဖြစ်သူက ယဲ့ရှောင်ရှောင်အား သောကများစွာ ကြည့်လျက် အကူအညီတောင်းလိုက်ပါသည်။
“ဒေါက်တာ၊ ကျုပ်မိန်းမနဲ့ သားလေးကို ကယ်ပေးပါဦး!”
စွန်းကျန့်ယောင် ဝင်လာသည့်အချိန်ကမူ ထိုလူ ဤကဲ့သို့ ချိုချိုသာသာ ဆက်ဆံခဲ့ခြင်းမဟုတ်ပေ။ အမျိုးသမီးဆရာဝန်တစ်ဦးကို မြင်ခါမှ အသည်းအသန် အော်ဟစ်အကူအညီတောင်းနေပါသည်။
ယဲ့ရှောင်ရှောင်သည် ထိုလူ့ကို ချက်ချင်းပင် စက်ဆုပ်ရွံရှာသွားသည်။ သို့သော် ယခုက အငြင်းပွားနေရမည့် အချိန် မဟုတ်ပေ။
အမျိုးသမီး၏လက်ကို ချက်ချင်းဆုပ်ကိုင်လိုက်ပြီး အသက် ရှူနှုန်းများ မှန်ကန်စေရန် ကူထိန်းပေးလိုက်ပါသည်။
“အရမ်းစိတ်မလှုပ်ရှားနဲ့နော်၊ ကျွန်မပြောတဲ့အတိုင်း လိုက်လုပ်၊ အသက်ဝဝရှူပြီး ဖြည်းဖြည်းချင်း ပြန်ထုတ်လိုက်”
“ရှင်က ဘာရပ်ကြည့်နေသေးတာလဲ၊ ရေနွေးသွားကျိုလို့ ပြောနေတယ်လေ”
ထိုအခါမှသာ ခင်ပွန်းဖြစ်သူ အသိစိတ်ပြန်ကပ်သွားပြီး ခေါင်းညိတ်လိုက်ပါသည်။
“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ၊ အခုချက်ချင်း သွားကျိုလိုက်ပါ့မယ်”
ယဲ့ရှောင်ရှောင်၏ စနစ်ကျသော လှုပ်ရှားမှုများကို မြင်ပြီး ကျန်းရှင်းယွင်လည်း အခြားကိုယ်ဝန်သည်ကိုသာ သွားကူညီပေးခဲ့တော့သည်။
ဤရွက်ဖျင်တဲ၏ မပြည့်စုံလှသော အခြေအနေများကြောင့် ခွဲစိတ်ကာ မွေးဖွားပေးရန် အဆင်မပြေနိုင်ပေ။ ထို့ကြောင့် သူတို့နှစ်ဦးစလုံးသည် သဘာဝအတိုင်းသာ မီးဖွားကြရပါမည်။
သုံးနာရီနီးပါး ကြာမြင့်ပြီးနောက် တဲထဲမှ မွေးကင်းစကလေးနှစ်ဦး၏ ငိုသံများ တစ်ပြိုင်တည်း ထွက်ပေါ်လာခဲ့သည်။
“ကျုပ်သားလေး! ကျုပ်သားလေးကို ပြပါဦး!”
ခင်ပွန်းဖြစ်သူက ရွက်ဖျင်တဲထဲသို့ အသည်းအသန် ပြန်ဝင်လာသည်။
“တဲကို လေလုံအောင် ပိတ်ထား၊ လေစိမ်းတွေ ဝင်မလာစေနဲ့”
ယဲ့ရှောင်ရှောင် သေချာညွှန်ကြားလိုက်သည်။ ကလေးကို အနှီးဖြင့် ပတ်ပေးပြီးခါစတွင် ထိုဆင်ခြင်တုံတရားမဲ့သော ခင်ပွန်းသည် တဲထဲသို့ ဇွတ်အတင်း တိုးဝင်လာပါသည်။
ဤလူသည် ရှေးရိုးစွဲရုံသာမကဘဲ သားယောက်ျားလေးကိုသာ ဦးစားပေးတတ်သူဖြစ်မှန်း သိသာသည်။ အမျိုးသမီးက သားယောက်ျားလေး အမှန်တကယ် မွေးပေးနိုင်ခဲ့၍ ကံကောင်းသွားသည်ဟု ယဲ့ရှောင်ရှောင် ခံစားလိုက်ရသည်။
“ယောက်ျားလေးပါ၊ သေသေချာချာ ချီနော်၊ တခြားမိသားစုဝင်တွေရှိသေးလား၊ မိခင်ကို လာပြုစုခိုင်းလို့ရအောင်”
ထိုခင်ပွန်းဖြစ်သူမှာ ယခုတော့ အလွန်စကားနားထောင်နေပါသည်။
“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ၊ ကလေးကို သေချာချီပါ့မယ်၊ ခဏနေရင် ကျွန်တော့်မိန်းမကို ပြုစုဖို့ အမေ့ကိုလည်း ခေါ်လိုက်ပါ့မယ်”
တစ်ဖက်မှ ခင်ပွန်းသည်မှာမူ စကားနည်းသူဖြစ်ပြီး ကျန်းရှင်းယွင်ညွှန်ကြားသည့်အတိုင်း တသွေမတိမ်းလိုက်နာကာ သစ်သားတုံးကြီးပမာ ကူညီပေးခဲ့သည်။
ကံကောင်းစွာဖြင့် မိခင်နှစ်ဦးစလုံးနှင့် ကလေးနှစ်ဦးစလုံး ဘေးကင်းလုံခြုံသွားကြပါပြီ။
ကျန်းရှင်းယွင်နှင့် ယဲ့ရှောင်ရှောင်တို့ တဲထဲမှ ပြန်ထွက်လာသည့်အခါ အပြင်ဘက်တွင် မိုးချုပ်နေပြီဖြစ်ပြီး အခြား ကျောင်းသားကျောင်းသူများသည်လည်း နေရာပေါင်းစုံတွင် ပြန့်ကျဲနေကြပါပြီ။
မီးဖွားမှုအောင်မြင်မှန်း ကြားသိရပြီးနောက် စွန်းကျန့်ယောင်လည်း အခြားနေရာများတွင် အကူအညီပေးဖို့ ထွက်သွားခဲ့ပါသည်။
“ငါတို့ ဘတ်စ်ကားဆီအရင်ပြန်ကြရအောင်၊ ဒီနေ့ညက ဘယ်မှာအိပ်ရမှာလဲ မေးရဦးမယ်”
ကျန်းရှင်းယွင်က အကြံပြုသည်။
ယဲ့ရှောင်ရှောင်မှာ ဗိုက်လည်းဆာ၊ ခြေကုန်လက်ပန်းလည်း ကျနေပြီဖြစ်၍ ခေါင်းညိတ်သဘောတူရုံသာ ရှိတော့သည်။