← Chapters

ဘုရားကျောင်း ( ၂ )

Vol. 3 Ch. 42

ဘုရားကျောင်း ( ၂ )

Vol. 3 Ch. 42

ထိုဘုရားကျောင်းဆောင်များက ရှေးခေတ်အငွေ့အသက်များကို ထုတ်လွှတ်နေသေးသည့်အတွက်ကြောင့်လား မသိရပါသော်လည်း လျှိုမြောင်ထဲမှ သူ ထွက်လာပြီးနောက် အန္တရာယ်များ နည်းပါးလာသည်။

သစ်ပင်များကိုကြည့်ရသည်မှာလည်း များစွာ ညင်သာလာဟန်တူသည်။

အမှန်တကယ်တော့ ဘုရားကျောင်းဆောင်များနှင့် အနီးကပ်ဆုံးရှိ သစ်ပင်များသည် အပြင်လောကမှ သစ်ပင်များနှင့် များစွာ ကွာခြားမှုမရှိချေ။ ကြောက်စရာကောင်းသော ပုံပန်းသွင်ပြင်များ ဖြစ်မနေသည့်အပြင် မည်းနက်နေခြင်းလည်း မရှိချေ။

ထိုနေရာတွင် ခုနစ်ရွက်မြက်ပင်အနည်းအကျဉ်းလည်း ပေါက်ရောက်နေသေးသည်။

ထိုနေရာရှိအရာအားလုံးက ရွှီချင်းကို အတန်ငယ် အံ့အားသင့်သွားစေခဲ့ပါသော်လည်း သူ သတိမလျော့သွားဘဲ သတိကြီးကြီးဖြင့်သာ ချဉ်းကပ်သွားလေသည်။

နှစ်နာရီကြာပြီးနောက် မနက်ခင်းရောက်သောအခါ သူ တောအုပ်ထဲမှ ထွက်သွားပြီး ဘုရားကျောင်းဆောင်များရှေ့သို့ ရောက်သွားသည်။

ထိုနေရာ၌ သစ်ပင်အနည်းငယ် ရှိနေပြီး နေရောင်ခြည်တန်းများလည်း ဖြာကျနေပေရာ ရွှီချင်းကို အနည်းငယ် မှင်သက်သွားစေသည်။

သူ့မျက်ဝန်းများထဲတွင် ပေရာကျော်မြင့်မားသော အမိုးခုံးသဏ္ဍာန်အဆောက်အအုံကြီး၏ပုံရိပ် ထင်ဟပ်လာသည်။

၎င်းသည် ပြိုကျပျက်စီးနေပြီဖြစ်ပြီး ရေညှိများအလိပ်လိပ်တက်နေကာ သူ့ခန္ဓာကိုယ်ထက် အဆပေါင်းများစွာ ကြီးမားသော ကျောက်ပုံများ ရှိနေပါသော်လည်း ကျယ်ဝန်းသည်ဟု ခံစားနေရဆဲပင်။

ရွှီချင်းသည် မြေပြင်ပေါ်ရှိ အုတ်ခဲအကျိုးအပဲ့များပေါ် နင်းလျှောက်ကာ အထဲသို့ ဝင်သွားပြီးနောက် လူ့ဘီလူးကြီးများ၏ တိုင်းပြည်ကို ရောက်သွားသည့်အလား ခံစားလိုက်ရသည်။

နံရံအကျိုးအပဲ့များကို နေရာအနှံ့ မြင်နိုင်ပြီး ၎င်းတို့ထံမှ ရှေးဟောင်းအငွေ့အသက်များ ထွက်ပေါ်နေကာ ရွှီချင်းအား ၎င်းတို့၏ အတွေ့အကြုံများကို ပြောပြနေသည့်အလားပင်။

ရှေ့တူရှု၌ ပြိုကျနေသော ရုပ်တုတစ်ခု ရှိသည်။

ရုပ်တု၏အောက်ပိုင်းသည် ဆက်စပ်၍ မရနိုင်လောက်အောင် ပျက်စီးနေသည့် မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် ပြောင်းလဲ​နေသည်။ ၎င်း၏ခေါင်းက အကောင်းပကတိ ရှိနေသေးပါသော်လည်း ၎င်း၏ပုံပန်းသွင်ပြင်က ရေးတေးတေးမျှသာ ရှိတော့သည်။

သို့တိုင်အောင် ၎င်းက ပေသုံးရာကျော် မြင့်မားနေသေးပြီး မပြိုကျခင်က အနိမ့်ဆုံး ပေနှစ်ထောင်ခန့် ရှည်လျားနေမည်ကို မှန်းဆကြည့်နိုင်ပေသည်။

ရုပ်တုကြီး၏ရှေ့တွင် ရပ်နေသော ရွှီချင်းမှာ လွန်စွာ သေးနုပ်နေသည်။

ထိုစဉ် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး ပုလွေမှုတ်သံအလား မြည်ဟည်းသွားသည်။ တချိန်တည်းမှာပင် ၎င်းက အချိန်နှင့်အာကာသကို ကွဲခြားပေးလိုက်ဟန်တူပြီး အတိတ်တချိန်က မည်မျှဂုဏ်အရှိန်အဝါ ထွန်းပြောင်နေခဲ့သည်ကို နှောင်းလူများ ကြည့်ရှုရန် ချန်ထားရစ်ခဲ့သည့်အလား ဖြစ်နေပေသည်။

ရွှီချင်းသည် ငေးမောကြည့်၍ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်နေသည်။

ဆင်းရဲသားရပ်ကွက်အပြင်ဘက်ရှိ မြို့ပျက်ကြီးအကြောင်းကို သူ တွေးမိသွားသည်။ အကယ်၍ နောင်တချိန်ကျလျှင် နှောင်းလူများသည် တားမြစ်နယ်မြေထဲ ဝင်သွားကာ မြို့ပျက်ကြီးကို သမိုင်းမှတ်တမ်းတစ်ခုကဲ့သို့ ကြည့်နေကြမည်လား သူ သိချင်မိသည်။

ခဏအကြာတွင် ရွှီချင်းသည် အကြည့်လွှဲ၍ ဘုရားကျောင်းထဲ ပိုက်စိပ်တိုက် ရှာဖွေပါသော်လည်း ခေါင်းဆောင်လဲ့ ပြောပြခဲ့သည့် ထူးဆန်းသော ကျောက်တုံးကို ရှာမတွေ့ချေ။

အိမ်မှာရှိစဉ်အခါက သူ မေးမြန်းခဲ့ပြီးဖြစ်၍ ထိုကျောက်တုံးက သက်တံ့ရောင်စဉ်များ ဖြာထွက်သည်ကို သိရှိခဲ့ရသည်။

ထိုကျောက်တုံးက သဘာဝအတိုင်း ဖြစ်ပြီး ပုံသဏ္ဍာန်မကျပေ။

မည်သည့်အရာမှ ရှာမတွေ့သောအခါ ရွှီချင်းသည် အနည်းငယ် အချည်းနှီးဖြစ်သွားသလို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်က လှစ်ခနဲ ခုန်ပျံသွားပြီး ဘုရားကျောင်း၏ထိပ်ကို ရောက်သွားသည်။ ထို့နောက် သူက ထိုနေရာတွင် ရပ်၍ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

သူ့နောက်၌ တားမြစ်နယ်မြေတောအုပ်ကြီး၏ အပြင်ဘက်အပိုင်း ရှိသည်။ တောအုပ်ကြီး၏ အဆုံးကို သူ မမြင်နိုင်ပါသော်လည်း တောအုပ်တစ်စိတ်တစ်ပိုင်းကို သူ မြင်နေရသေးသည်။ အချိန်ကို တွက်ချက်လိုက်ပြီး ယနေ့သည် သူ့ထံမှ အာမခံဝယ်သွားခဲ့သည့် အရိုးဓားပြောခဲ့သော လေးရက်မြောက်နေ့ဖြစ်သည်။

ယမန်နေ့က တောထဲ ရောက်သောအခါ မည်သည့်မြူကိုမျှ ရွှီချင်း မမြင်တွေ့ခဲ့ရပေ။ ယနေ့တွင်လည်း မြူခိုးများ ကင်းစင်နေသည်ဖြစ်ရာ အရိုးဓားကို သွားကယ်နေရန် မလိုအပ်တော့ပေ။

သို့ဖြစ်၍ သူက ခေါင်းလှည့်၍ ဘုရားကျောင်းအစုအဝေးကြီး၏ တခြားအရပ်မျက်နှာကို ကြည့်လိုက်သည်။ ထိုနေရာသည် တားမြစ်နယ်မြေတောအုပ်၏ အတွင်းပိုင်း ဖြစ်သည်။

တခဏကြာ စဉ်းစားလိုက်ပြီးနောက် ရွှီချင်းသည် ခေါင်းမော့ကြည့်လိုက်ပြီး အနည်းငယ် နောက်ကျနေသည်ကို သတိထားမိလိုက်သည်။ သူသည် တားမြစ်နယ်မြေအတွင်းပိုင်းရှိ နေရာအနည်းငယ်ကို သွားရောက်ကာ မှောင်ရိပ်မသမ်းခင် ပြန်လာရန် အစီအစဉ်ချလိုက်သည်။ ယနေ့ည ဘုရားကျောင်းထဲတွင် အိပ်စက်အနားယူပြီး မနက်ဖန်မနက် ပြန်မည် ဖြစ်သည်။

ထိုအစီအစဉ်ကို တွေးပြီးနောက် ရွှီချင်းက ချက်ချင်း လှုပ်ရှားသွားသည်။ သူသည် ဘုရားကျောင်းမှ ခုန်ချကာ တောနက်ထဲ ဝင်ရောက်သွားသည်။

သူ တောနက်ထဲ ဝင်ရောက်လိုက်သည့်အခိုက် သူ၏အာရုံကြောများ တင်းရင်းသွားပြီး သူ ပို၍ပင် သတိထားလာသည်။

အပြင်ဘက်ပိုင်းထက် ဤနေရာက များစွာ အန္တရာယ်များကြောင်း သူ သိထားသည့်အတွက် ထိုသို့ သတိထားနေရခြင်းလည်း ဖြစ်သည်။

သူ တွေးထားသည့်အတိုင်း အမှန်တကယ်ပင် အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရပေသည်။ တစ်နာရီကြာပြီးနောက် သူသည် ဘုရားကျောင်းပိုင်နက်အတွင်း တဖန်ပြန်ပေါ်လာသည်။

သူ့မျက်နှာ မည်းမှောင်နေပြီး သူ့မျက်ဝန်းများထဲ၌ ကြောက်လန့်တုန်ရီနေသော အရိပ်အယောင်များ ရှိနေဆဲပင်။

သို့စေကာမူ သူ၏သားရေအိတ်ရှုံ့သည် ပြည့်ကြပ်ဖောင်းကားနေ၏။

အစောပိုင်းက တစ်မိုင်အပြည့်ပင် သူ မလျှောက်ရသေးခင် သက်တမ်းရင့် ခုနစ်ရွက်မြက်ပင်များကို မြင်ခဲ့ရသည်။ ၎င်းတို့က မခူးဆွတ်ခံရသည်မှာ အချိန်အတော်ကြာနေပြီဖြစ်ဟန်တူသည်။ ထိုကဲ့သို့ သက်တမ်းရင့် ခုနစ်ရွက်မြက်ပင်များက လွန်စွာ အဖိုးတန်လှသည်ကို ရွှီချင်း သိသည့်အတွက် အံ့အားသင့်သွားခဲ့ရသည်။

သို့ပေမည့် ၎င်းတို့အား သူ ခူးဆွတ်လိုက်သောအခါ ဓာတ်နှောပမာဏက နှစ်ဆဖြစ်လာသည်ကို သူ ခံစားခဲ့ရသည်။ သူ့အရိပ်ကသာ ဓာတ်နှောများကို စုပ်ယူခြင်းမပြုလျှင် သူ သို့မဟုတ် တခြားလူတစ်ယောက်ယောက်အတွက် ခြေတစ်လှမ်းလှမ်းလိုက်ရန်ပင် ခဲယဉ်းနေခဲ့မည်သာ ဖြစ်သည်။

ထို့ပြင် အတန်ငယ်ဝေးသောနေရာရှိ တားမြစ်နယ်မြေတောအုပ်ထဲမှ သူ မြင်ခဲ့ဖူးသည့် ထူးဆန်းသော ရေခူမျိုးကို သူ ထပ်မြင်ခဲ့ရသည်။

ထိုရေခူများသည် များစွာ သေးငယ်ပါသော်လည်း ဆယ်ကောင်ကျော်ရှိနေခဲ့ပြီး ၎င်းတို့၏ ခန္ဓာကိုယ်များထံမှ အအေးဓာတ်များ သိသိသာသာ ထွက်ပေါ်နေ၏။

ကံကောင်းထောက်မ၍ ရေခူအများစုက သစ်ပင်များပေါ်၌ တွဲလောင်းချ၍ အိပ်စက်အနားယူနေကြသည်။ ရွှီချင်းက ၎င်းတို့ကို မြင်သောအခါ သတိထား၍ ရှောင်သွားခဲ့သည်။

သို့သော်လည်း သူ ရှေ့ဆက်သွားလိုက်သည်နှင့် ထူးဆန်းသော အာရုံတစ်မျိုး ရခဲ့သည်။ ၎င်းမှာ တောနက်ထဲမှ မရေမတွက်နိုင်သော မျက်လုံးပေါင်းများစွာက ကြည့်နေသည့်အလား သူ ခံစားလိုက်ရခြင်း ဖြစ်သည်။ ၎င်းတို့က သူ မမြင်နိုင်သော နေရာမှနေ၍ သူ့ကို အာသာဆန္ဒပြင်းပြနေသောစိတ်ဖြင့် ကြည့်ရှုနေဟန်တူသည်။

ထိုအခြင်းအရာက သူ၏နောက်ကျောအား အပ်သေးသေးလေးများဖြင့် ထိုးဆွနေသည့်ပမာ ခံစားရစေသည်။

ဤနေရာသည် တောနက်၏ အစွန်အဖျားမျှသာ ရှိသေးပြီး အတွင်းပိုင်းက ပို၍ပင် ကြီးမားကျယ်ပြန့်ကာ မည်မျှကြောက်မက်ဖွယ်ကောင်းသည့် သတ္တဝါများ နေထိုင်နေသည်ကို စိတ်ကူးဖြင့် မှန်းဆကြည့်ရန်ပင် မဖြစ်နိုင်ချေ။

ရွှီချင်းသည် ဆက်မသွားဝံ့တော့ဘဲ နောက်သို့ ဘေးကင်းစွာ ပြန်ဆုတ်ခဲ့ခြင်း ဖြစ်သည်။

ဘုရားကျောင်းနယ်နိမိတ်သို့ သူ ပြန်ရောက်သောအခါမှသာ သူ့နောက်ကျောကို အပ်သေးသေးလေးများဖြင့် ထိုးဆွနေသည့် ခံစားချက် ပျောက်ကွယ်သွားသည်။

ဤဘုရားကျောင်းက တောနက်ထဲမှ ကျူးကျော်ဝင်ရောက်မှုများကို ဟန့်တားထားသည့် နယ်မြေစည်းမျဉ်းတစ်ခုအလားပင်။

ရွှီချင်းသည် အသက်ဝဝရှူသွင်းလိုက်၏။ ပုစွန်ဆီရောင်လဲ့နေသော နေရောင်ခြည်ဖျော့ဖျော့ကို အားပြု၍ ရွှီချင်းသည် မပျက်စီးသေးသော ဘုရားကျောင်းတစ်ကျောင်းထဲသို့ ဝင်သွားသည်။

သူက ကျောက်သားအက်ကြောင်းတစ်ခုကို တွေ့လိုက်ပြီး အထဲဝင်သွားကာ တစ်ညတာ အိပ်စက်အနားယူရန် ပြင်ဆင်လိုက်သည်။

ဤနေရာသည် အန္တရာယ်ကို ယာယီရှောင်တိမ်းနိုင်သည်ဟု ခေါင်းဆောင်လဲ့ ပြောခဲ့ဖူးသည်။

သူသည်လည်း ဘုရားကျောင်းအတွင်းပိုင်းကို စစ်ဆေးကြည့်ခဲ့သည်။ ဤနေရာသည် လွန်စွာ ကျယ်ဝန်းပြီး နှစ်ပဋိစ္ဆေဒများစွာ ကျော်ဖြတ်လာခဲ့ရဟန် အငွေ့အသက်များ ထွက်ပေါ်နေသည်။ ပင်မပလ္လင်ကြီးထက်တွင် ထိုင်နေသော ဓားလက်နက်ကိုင်စွဲထားသည့် ကျောက်ရုပ်ထုကြီးဖြစ်စေ၊ ဘေးပတ်လည်ရှိနံရံများတွင် ထွင်းထားသည့် မြောက်မြားစွာသော လူသားရုပ်ထုများ ဖြစ်စေ အချိန်သဲမှုန်များ၏ တိုက်စားမှုကြောင့် မပီမပြင် ဖြစ်နေပေသည်။

တချိန်တည်းမှာပင် ဘုရားကျောင်းထဲ၌ သန္ဓေပြောင်းသားရဲများစွာ၏ ခြေရာအများအပြား ရှိမနေချေ။

ခြေရာတစ်စုံတစ်ခုမှ ရှိမနေခဲ့လျှင် သို့မဟုတ် ခြေရာများစွာ ရှိနေခဲ့လျှင် ထိုနေရာကို ရွှီချင်း ရွေးချယ်ခဲ့မည် မဟုတ်ချေ။

အဘယ်ကြောင့်ဆိုရသော် ရိုးရှင်းသောအရာ

ဟူသည် မရှိသည် မဟုတ်ပါလား။ သန္ဓေပြောင်းသားရဲအနည်းငယ်၏ ခြေရာအနည်းအကျဉ်း ရှိနေသောအခါမှသာ အတော်အသင့် လုံခြုံဘေးကင်းမည်ဟု ယူဆနိုင်မည် ဖြစ်ပေသည်။

ယင်းအပြင် ဘုရားကျောင်းအစုအဝေးကြီးက တောအုပ်ထဲတွင် ရှိနေပါသော်လည်း ထိုနေရာတွင် သစ်ပင်အနည်းငယ်သာ ပေါက်ရောက်နေသည်။ ထို့ကြောင့် တောအုပ်ထဲတွင် နေထိုင်ကျက်စားလေ့ရှိသော သန္ဓေပြောင်းသားရဲများက ဘုရားကျောင်းကို မကြာခဏ မလာကြသည်မှာ ကျိုးကြောင်းဆီလျော်ပေသည်။

မကြာခင် ညအချိန် ရောက်ရှိလာ၏။

အပြင်ဘက်မှ ဟိန်းဟောက်သံများ လွင့်ပျံနေပြီး ရွှီချင်းသည်လည်း တိတ်ဆိတ်စွာ ကျင့်ကြံနေသည်။

အချိန်များ တရွေ့ရွေ့ကုန်လွန်လာခဲ့ပြီး အရာအားလုံးက ရွှီချင်း ခန့်မှန်းထားသည့်အတိုင်းပင်။ ညအခါ ဘုရားကျောင်းအစုအဝေးကို ရောက်လာသော သန္ဓေပြောင်းသားရဲအနည်းငယ်သာ ရှိသည်။ ဟိန်းဟောက်သံများ ပဲ့တင်ထပ်နေပါသော်လည်း များသောအားဖြင့် အဝေးမှသာ ဖြစ်ပေသည်။

သို့စေကာမူ ယမန်နေ့ကအတိုင်း ညသန်းခေါင်ယံ ရွှီချင်း ကျင့်ကြံနေသောအချိန်၌ ထူးဆန်းသော ခြေသံများ ပြန်လည်ပေါ်ထွက်လာသည်။

ဤတစ်ကြိမ်၌ ဘုရားကျောင်းအပြင်ဘက်မှ ပေါ်လာခြင်း ဖြစ်သည်။

“ နောက်တစ်ခေါက်လာတာလား ”

ရွှီချင်း မျက်မှောင်ကြုတ်သွားသည်။ မည်သည့်အတွက်ကြောင့် ခြေသံများက သူရှိနေသော နေရာတွင် နှစ်ကြိမ် ပေါ်ထွက်လာရသည်ကို သူ စဉ်းစားမရနိုင်လောက်အောင် ဖြစ်နေသည်။ အနည်းငယ် တွေးတောပြီးနောက် ယမန်နေ့ကအတိုင်း မျက်လုံးကို မှိတ်ထားလိုက်သည်။

ဤတစ်ကြိမ်၌ ခြေသံများက ယမန်နေ့ကကဲ့သို့ တဖြည်းဖြည်း ပျောက်ကွယ်သွားခြင်း မရှိဘဲ ပို၍သာ များပြားလာသည်။

၎င်းတို့ စုစည်းလာသည်နှင့်အမျှ အအေးလှိုင်းများ လေထဲ စိမ့်ဝင်ပျံ့နှံ့လာသည်။ ဘုရားကျောင်းအပြင်ဘက်၌ ကြောက်ခမန်းလိလိ သတ္တဝါကြီးများ မရေမတွက်နိုင်လောက်အောင် စုဝေးရောက်ရှိနေကြကာ ဘုရားကျောင်းထဲသို့ ကျူးကျော်ဝင်ရောက်တော့မည့်အလား ထင်မှတ်ရပေသည်။

ရွှီချင်းသည် ရင်ထဲလေးလံသွားရပြီး သံတုတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ သူ့စိတ်ထဲတွင် ဤဘုရားကျောင်း၏ပတ်ဝန်းကျင်ပုံရိပ် ပေါ်လာပြီး အန္တရာယ်များအား ရင်ဆိုင်ရမည့် နည်းလမ်းတစ်ခုလည်း ပေါ်လာသည်။

ထိုအခိုက် အပြင်ဘက်တွင် စုရုံးရောက်ရှိနေသော ခြေသံများသည် တိခနဲ ရပ်သွားပြီး မယုံနိုင်စရာကောင်းလောက်အောင် ငြိမ်သက်သွားသည်။

ထိုတိတ်ဆိတ်ငြိမ်သက်ခြင်းက ရွှီချင်းကို စိတ်သက်သာရာရမသွားစေခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် မုန်တိုင်းတစ်ခု ကျရောက်လာတော့မည့်အလား ခံစားသွားရစေပြီး သူ့ခန္ဓာကိုယ်မှ အမွေးအမျှင်များအားလုံး ထောင်သွားသည်။ အပြင်ဘက်တွင် စုစည်းနေသည့် ထူးဆန်းသော အရှိန်အဝါသည် အထဲဝင်ရန် ချီတုံချတုံဖြစ်​ေနသည်ကို သူ ဝိုးတဝါးမျှ အာရုံခံမိလိုက်သည်။

ခဏအကြာ အပြင်ဘက်ရှိ ကြောက်မက်ဖွယ်သတ္တဝါကြီးသည် တိတ်ဆိတ်မှုကို ဖြိုခွင်း၍ ဘုရားကျောင်းထဲသို့ ဝင်ရန် ရွေးချယ်လိုက်သည်။ ထို့နောက် ကျောက်သားအုတ်ခဲများပေါ် နင်းလျှောက်ကာ ဘုရားကျောင်းထဲ ဝင်လာသော ခြေသံများကို ရွှီချင်း ကြားလိုက်ရသည်။

ဘုန်း …

ထိုအသံသည် ရွှီချင်း၏စိတ်နှလုံးထဲသို့ ကျောက်တုံးကြီးတစ်တုံး ကျရောက်လာသည့်အလား သူ့နှလုံးသားကို လေးလံသွားစေသည်။ သို့သော်လည်း ထိုအချိန်၌ တုနှိုင်းမမှီအောင် ကြီးကျယ်မြင့်မြတ်သော တီးတိုးရေရွတ်သံများက ဘုရားကျောင်းထဲ ပဲ့တင်ထပ်သွားသည်။

ဘုရားကျောင်းနံရံများမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး ဘုရားကျောင်းတစ်ခုလုံး လင်းထိန်သွားသည်။ ထို့ကြောင့် မူလက သူ့မျက်ခွံများအောက်ရှိ လောကကြီးသည် မှောင်မည်းနေသော်လည်း ချက်ချင်း ဝင်းလက်သွားသည်။

ထိုရွှေရောင်အလင်းကြောင့် ရွှီချင်းသည် မျက်စိစူးသွားသည့်အလား ခံစားလိုက်ရသည်။ ထိုကဲ့သို့ ထူးဆန်းသော အခြေအနေမျိုး၌ ပထမဆုံးအကြိမ်အဖြစ် မျက်လုံးများကို ဖွင့်လိုက်မိလေသည်။

All Chapters