← Chapters

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း (၁၀၁) ချင်လော့ထံမှ ရှင်းလင်းချက် တောင်းဆိုခြင်း

ယွင်ရှန်း ရှောင်မိသား‌စုနေအိမ်

အတွင်း၌ မြေအောက်မီးတောက်တစ်ခု ရှိနေခြင်းသည် မမျှော်လင့်ထားသော အံ့အားသင့်စရာ တစ်ခု ဖြစ်ပေသည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ... ရှောင်ယာရဲ့ နတ်ဖီးနစ်သွေးကြော နိုးထလာတာက ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာတွေက တွန်းအားပေးနေလို့ပဲ"

ရှီးဟွမ်က မြေအောက်မီးတောက်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

နတ်ဖီးနစ်သည် သားရဲနတ်ဘုရားဖြစ်ပြီး မီးတောက်များ၏ အရှင်သခင်လည်းဖြစ်ပေသည်။

ရှီးဟွမ်သည် နတ်ဖီးနစ်နှင့် ခွဲခြား၍မရသော ဆက်သွယ်မှုရှိနေခြင်းကြောင့်သာ သူမ၏ ဘွဲ့အမည်တွင် 'ဖီးနစ် (ဟွမ်)' ဆိုသည့် စာလုံး ပါဝင်နေခြင်းဖြစ်၏။

"ဒီမြေအောက်မီးတောက်ကို ငါ့အတွက်ပဲ သုံးလိုက်မယ် ”

ဤတစ်ကြိမ်တွင် ချီချန် ဤနေရာသို့ လာရောက်ခြင်းသည် ရှောင်မိသားစုမှ ကလေးများကို ရွှမ်ထျန်းတာအိုဂိုဏ်းသို့ ခေါ်ဆောင်သွားရန်သာမက ရှောင်မိသားစု၏ မြေအောက်မီးတောက်ဖြစ်သော ကြယ်ကြွေမီးတောက်ကိုပါ ယူဆောင်သွားရန် ဖြစ်ပေသည်။

ကံမကောင်းစွာဖြင့် သူသည် ဘာကိုမျှ မစွမ်းဆောင်နိုင်ခဲ့ဘဲ ဤနေရာတွင် သူ၏အသက်ကိုပါ စတေးလိုက်ရလေ၏။

"ဆက်သွားကြ"

ချင်လော့၏ အမိန့်ပေးသံအောက်တွင် ယခင်က ကောင်းကင်ကပ်ဘေးနန်းတော်၊ နတ်လက်နက်တောင်ကြားတို့နှင့် ရန်ငြိုးရှိခဲ့သော ဂိုဏ်းများအားလုံး ရှင်းလင်းခံလိုက်ရသည်။

ထို့အပြင် စောင့်ကြည့်နေကြသော မဟာချင်အင်ပါယာကို မကြောက်ရွံ့သည့် မြင့်မြတ်နယ်မြေများစွာလည်း ချင်လော့ကြောင့် ဖျက်ဆီးခံလိုက်ရပေသည်။

တစ်ခဏအတွင်း တောင်တန်းတစ်သောင်းနယ်မြေ တစ်ခုလုံးရှိ လူများမှာ စိုးရိမ်ထိတ်လန့်သွားကြပြီး ကြောက်ရွံ့နေခဲ့ကြ၏။

ငွေနှင်းမြို့တော်ရှိ စားသောက်ဆိုင်တစ်ဆိုင်၏ အပေါ်ထပ်တွင် ဝါးခမောက်ဆောင်းထားသော လူငယ်တစ်ဦးသည် ပြတင်းပေါက်ဘေးရှိ စားပွဲတစ်ခုတွင် ထိုင်နေပြီး သူ၏အကြည့်များက အောက်ဘက်လမ်းမပေါ်သို့ မမှိတ်မသုန် စိုက်ကြည့်နေသည်။

သူသည် ဤနေရာတွင် စောင့်ဆိုင်းနေခဲ့သည်မှာ သုံးရက်ရှိပြီဖြစ်သည်။

ဤအခိုက်အတန့်တွင် သူသည် သားကောင်ကို စောင့်ဆိုင်းနေသော စိတ်ရှည်သည့် မုဆိုးတစ်ဦးနှင့် တူနေ၏။

ဤသည်မှာ သူ၏ တစ်ခုတည်းသော အခွင့်အရေးပင်။

မွန်းလွဲပိုင်းသို့ ရောက်ချိန်တွင် နောက်ဆုံး၌ သူ သတ်ဖြတ်လိုသော ပုံရိပ်တစ်ခု သူ၏ မျက်လုံးထဲသို့ ဝင်ရောက်လာခဲ့သည်။

အသားဖြူဖြူ အမျိုးသားတစ်ဦးသည် အဝတ်အစားပါးပါးဝတ်ဆင်ထားသော အမျိုးသမီး အတော်များများကို ဖက်တွယ်ထားရင်း တစ်ဖက်လမ်းမှ ဂုဏ်ယူဝင့်ကြွားစွာ လျှောက်လှမ်းလာခဲ့သည်။

သူက လျှောက်လှမ်းနေရင်း သူ၏လက်ထဲရှိ စပျစ်သီးများကို စားသောက်ကာ ပျော်ပါးရန် မမေ့လျော့ခဲ့ချေ။

စားသောက်ဆိုင်အောက်သို့ ရောက်ချိန်တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူ ရုတ်တရက် သတိပြုမိလိုက်သည်။

မော့ကြည့်လိုက်ရာ ထက်မြက်သော မျက်လုံးတစ်စုံနှင့် ဆုံတွေ့လိုက်ရ၏။

သူက လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူ၏ရင်ခွင်ထဲရှိ အမျိုးသမီးကို တွန်းထုတ်ကာ နတ်စွမ်းအင်အဆင့် အထွတ်အထိပ် ကျင့်ကြံမှုစွမ်းအားကို ပေါက်ကွဲထုတ်လိုက်သည်။

လူငယ်လေးက စားသောက်ဆိုင်ပေါ်မှ ခုန်ဆင်းလာပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံမှုကို ထုတ်ဖော်ကာ လှံရှည်တစ်လက်ဖြင့် ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။

လှံရှည်သည် နဂါးတစ်ကောင်ကဲ့သို့ ထွက်ပေါ်လာပြီး နားကွဲမတတ် နဂါးဟိန်းဟောက်သံ ထွက်ပေါ်လာကာ လျှပ်စီးကဲ့သို့ မြန်ဆန်လှပေသည်။

ထိုလှံချက်ကြောင့် တွန်းထုတ်ခံရသော အမျိုးသမီးမှာ လွင့်စဉ်သွားပြီး အမျိုးသား၏ ကိုယ်ပေါ်သို့ လှံချက်က တိုက်ရိုက်ကျရောက်သွားခဲ့သည်။

‘ဖောင်း!’

လူငယ်လေးက လှံတစ်ချက်တည်းဖြင့် အမျိုးသား၏ ရင်ဘတ်ကို ထိုးဖောက်လိုက်ပြီး သေဆုံးလုဆဲဆဲ အမျိုးသား၏ နားထဲသို့ စကားတစ်ခွန်း ဝင်ရောက်သွားသည်။

"မင်းကို သတ်တဲ့သူက စုယွီပဲ"

လှံကို အားကုန်လွှဲယမ်းလိုက်ကာ တစ်ဖက်လူ၏ အသက်စွမ်းအင် အားလုံးကို ဖျက်ဆီးပစ်လိုက်၏။

‘ဘန်း!’

သူက လှံကို ရုပ်သိမ်းလိုက်ရာ လေးလံသော အလောင်းကြီးက လွင့်စဉ်သွားပေသည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က နောက်ကျမှ အော်ဟစ်လိုက်သည်။

"လူသတ်မှုဟေ့! ”

"ရွှမ်ယင်မြင့်မြတ်နယ်မြေက သူတော်စင်သားတော် သတ်ခံရပြီ "

"လူသတ်သမားကို မြန်မြန်ဖမ်းကြ"

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်ချိန်တွင် သဘာဝကျကျပင် လူအများက စုယွီ ထွက်ပြေးသွားသော လမ်းကြောင်းဆီသို့ ပြေးလိုက်သွားကြသည်။

စုယွီက တင်းမာသော လေသံဖြင့် အော်ဟစ်လိုက်သည်ကိုသာ ကြားလိုက်ရ၏။

"ငါက မဟာချင်အင်ပါယာ နဝမမင်းသားရဲ့ လက်အောက်ခံ နတ်ဆိုးနှိမ်နင်းရေးဌာနက ကျားဖြူတပ်ခွဲမှူးပဲ”

"ရွှမ်ယင်မြင့်မြတ်နယ်မြေ သူတော်စင်သားတော် ချူချင်းချွမ်က မဟာချင်အင်ပါယာကို ဖြုတ်ချဖို့ သွေးလမင်းမြင့်မြတ်နယ်မြေနဲ့ ပူးပေါင်းကြံစည်နေတယ်... မင်းတို့က ငါ့ကိုတောင် တိုက်ခိုက်ရဲတယ်ပေါ့... မင်းတို့က သူ့ရဲ့ အလိုတူအလိုပါတွေလား”

ဤစကားတစ်ခွန်းက လူအတော်များများကို ကြောက်ရွံ့သွားစေခဲ့သည်။

စုယွီက ဤအခွင့်အရေးကို အသုံးချကာ လူအုပ်ထဲသို့ ပြေးဝင်သွားပြီး လမ်းကြားတစ်ခုထဲသို့ ဝင်ရောက်ကာ သူ၏ရုပ်သွင်ကို ပြောင်းလဲလိုက်ပြီး စွန့်ပစ်ထားသော အိမ်တစ်လုံးထဲသို့ ဝင်ရောက်သွားပေ၏။

အမျိုးသမီးတစ်ဦးက ဤနေရာတွင် စောင့်ဆိုင်းနေပြီးဖြစ်ရာ စုယွီ ရောက်လာသည်ကို မြင်ချိန်၌ ချက်ချင်း မေးမြန်းလိုက်သည်။

"အဆင်ပြေရဲ့လား”

"ပြီးသွားပြီ... ချူချင်းချွမ်ကို ငါသတ်လိုက်ပြီ... ငါတို့ မိသားစု မျိုးတုံးသတ်ဖြတ်ခံရတဲ့ ရန်ငြိုးကို တစ်စိတ်တစ်ပိုင်း ကလဲ့စားချေပြီးသွားပြီ... အစောကြီးမဟုတ်ရင်တောင် နောက်ကျရင် ရွှမ်ယင်မြင့်မြတ်နယ်မြေကို ငါ ပြန်တိုက်ခိုက်မယ်... ဂိုဏ်းထဲမှာ သေဆုံးသွားခဲ့တဲ့ အကြီးအကဲတွေ၊ စီနီယာအစ်ကိုတွေနဲ့ ညီအစ်ကိုတွေအတွက် ကလဲ့စားချေရမယ်”

"ချင်လော့ရဲ့ နာမည်ဂုဏ်သတင်းက ဒီလောက်အသုံးဝင်မယ်လို့ မထင်ထားခဲ့ဘူး... စကားတစ်ခွန်းတည်းနဲ့ အဲ့ဒီလူတွေကို ကြောက်လန့်သွားစေပြီး ငါ့ကိုတောင် မတိုက်ခိုက်ရဲအောင် လုပ်နိုင်ခဲ့တယ်”

"ဒါပေမဲ့ တခြားသူတွေကို အပြစ်ပုံချတာက ဘယ်တော့မှ ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလေ... ဟုတ်တယ်မလား”

အမျိုးသမီးက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြောဆိုလိုက်၏။

"အဲ့ဒါ ဘာမှားလို့လဲ... ချင်ခွေးကောင်တွေ အကုန်လုံးကလည်း သေချာပေါက် သေသင့်တာပဲ... ငါ့မိဘတွေက ချင်ခွေးကောင်တွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတာ... တစ်နေ့နေ့ကျရင် မဟာချင်အင်ပါယာ တစ်ခုလုံးကို ဖျက်ဆီးပစ်မယ်”

"တကယ်လို့ သူတို့အချင်းချင်း ခွေးကိုက်သလို ကိုက်ကြမယ်ဆိုရင် ပိုတောင်ကောင်းသေးတယ်”

"ကဲပါ ဂျူနီယာညီမလေး... စကားများမနေနဲ့တော့... မြန်မြန် သွားကြရအောင်... ရွှမ်ယင်မြင့်မြတ်နယ်မြေက လူတွေ သတင်းရသွားလောက်ပြီ”

"ကောင်းပါပြီ”

သူတို့နှစ်ဦးက ကြိုတင်တူးဖော်ထားသော လျှို့ဝှက်မြေအောက်လမ်းကြောင်းထဲသို့ ဝင်ရောက်ကာ ထွက်ပြေးသွားကြပေသည်။

သွေးထွက်သံယို ရှင်းလင်းမှုအပြီးတွင် စုစုပေါင်း မြင့်မြတ်နယ်မြေ ငါးခုမှာ ချင်လော့၏ တစ်ပြိုင်နက် ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး လူသားဧကရာဇ်အလံအတွင်း၌လည်း သူတော်စင်အဆင့် ဝိညာဉ်ငါးခု ထပ်တိုးလာခဲ့သည်။

ထို့ပြင် လျှို့ဝှက်နဂါးတပ်အဖွဲ့နှင့် အရောင်းအဝယ်ကိစ္စက နီးကပ်လာပြီဖြစ်ရာ ချင်လော့တို့သည် ရွှမ်ယင်မြင့်မြတ်နယ်မြေ၏ ငှားရမ်းထားသောနယ်မြေမှတစ်ဆင့် ဓားတစ်သောင်းစံအိမ်ဆီသို့ ထွက်ခွာသွားကြ၏။

လှပသော အမျိုးသမီးလေးဦး ထမ်းလာသည့် သက်တောင့်သက်သာရှိသော ထမ်းစင်ပေါ်တွင် လှဲလျောင်းရင်း ချင်လော့က လျိုကျင်းကျင်း ခွံ့ကျွေးသော စပျစ်သီးများကို စားသောက်ကာ အတော်လေး သက်တောင့်သက်သာ ရှိနေပေသည်။

"လျှို့ဝှက်နဂါးတပ်အဖွဲ့နဲ့ အရောင်းအဝယ် ပြီးသွားရင် ဝိညာဉ်နယ်မြေကို သွားဖို့ အချိန်တန်ပြီ... ငါ တကယ်ကို အလုပ်များလွန်းတယ်”

ချင်လော့က စိတ်ခံစားချက် အပြည့်ဖြင့် ပြောဆိုလိုက်သည်။

လီယီက ဘေးမှနေ၍ သတိပေးလိုက်၏။

"အရှင်မင်းသား... တပ်ဖွဲ့ ၁၀ရဲ့ တပ်မှူးချုပ်က အရှင့်ဆီလာပြီး ဆွေးနွေးချင်တယ်လို့ ပြောပါတယ်... ဝူယွမ်စစ်သူကြီး မိသားစု သတ်ခံရတဲ့ အမှုကိစ္စကို ပိတ်သိမ်းသင့်ပြီလို့ သူက ယူဆနေပါတယ်”

ချင်လော့က လှောင်ပြောင်လိုက်သည်။

"သာမန် တပ်မှူးချုပ်တစ်ယောက်က အဓိက ပုန်ကန်မှုကြီးတစ်ခုကို ပိတ်သိမ်းဖို့ ဆုံးဖြတ်နိုင်တယ်ပေါ့... သူက အရည်အချင်း မပြည့်မီသေးပါဘူး”

" ငါ မအားသေးဘူးလို့ပဲ ပြောလိုက်”

"တောင်တန်းတစ်သောင်းနယ်မြေမှာ သူတို့ရဲ့ လျှို့ဝှက်စုဝေးမှုကို ငါ ရှာတွေ့ထားတယ်... ထိုက်ရွှီမြင့်မြတ်နယ်မြေ သူတော်စင်သားတော် ဆိုတဲ့ အမည်ခံနဲ့ သူတို့အဖွဲ့ထဲကို စိမ့်ဝင်ပြီး သူတို့နဲ့ မဟာချင်အင်ပါယာရဲ့ အခြားအင်အားစုတွေ ပူးပေါင်းကြံစည်နေတဲ့ စာရင်းကို ရယူဖို့ ရည်ရွယ်ထားတယ်လို့ ပြောလိုက်”

လီယီ၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။

ယခုအချိန်တွင် မည်သူက မသိဘဲ နေမည်နည်း။

ထိုက်ရွှီသူတော်စင် ဆိုသည်မှာ မဟာချင်အင်ပါယာ၏ နဝမမင်းသား ဖြစ်သည်ကိုပင်။

ဤအမည်ခံဖြင့် သူတို့အဖွဲ့ထဲသို့ စိမ့်ဝင်ခြင်းက ပေါ်တင်ကြံစည်မှုတစ်ခု မဟုတ်ပေလော။

သို့သော် ချင်လော့ ပြောသည်က မှန်ကန်ပေသည်။

ဤသည်မှာ ချင်လော့၏ စကားများသည် အမှန်တရားဖြစ်ပြီး သူက အကောင်အထည်ဖော်ရန်သာ လိုအပ်ပေ၏။

"ဟုတ်ကဲ့ပါ... ချက်ချင်း အကြောင်းပြန်လိုက်ပါ့မယ်”

လီယီ ထွက်သွားပြီး မကြာမီ ပြန်ရောက်လာခဲ့သည်။

"အရှင်မင်းသား... ရွှမ်ယင်မြင့်မြတ်နယ်မြေက ဧည့်သည်တွေ လာရောက်လည်ပတ်ပါတယ်”

"သူ့ကို ဝင်လာခိုင်းလိုက်”

မကြာမီ အနည်းငယ် စိုးရိမ်တကြီးဖြစ်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဝင်ရောက်လာပြီး ချင်လော့ကို မြင်ချိန်၌ ချက်ချင်း အရိုအသေပေးလိုက်သည်။

"ရွှမ်ယင်မြင့်မြတ်နယ်မြေရဲ့ ဒုတိယသူတော်စင်သားတော် ယင်တောက်ယန်က နဝမမင်းသားကို ဂါရဝပြုပါတယ်”

"ဒုတိယ သူတော်စင် ဟုတ်လား... အရံရှိသေးတာလား”

ချင်လော့မှာ အမှန်တကယ် အံ့အားသင့်သွားသည်။

ဒုတိယသူတော်စင်သားတော် ဆိုသည့်ရာထူးကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။

ယင်တောက်ယန်မှာလည်း ငိုချင်စိတ်ပေါက်နေပြီဖြစ်သည်။

သူ၏ ဒုတိယသူတော်စင်သားတော် ရာထူးမှာ ယခုလေးတင် တိုးမြှင့်ခံလိုက်ရခြင်း ဖြစ်ကြောင်း သူ အမှန်တကယ် ပြောပြရမည်လား။

အားလုံးက သူတို့၏ ရွှမ်ယင်မြင့်မြတ်နယ်မြေကို ကိုယ်စားပြုရန်အတွက်ပင် ဖြစ်၏။

ရိုးရိုးသားသား ပြောရလျှင် သူကိုယ်တိုင်လည်း မလာချင်ခဲ့သော်လည်း အခြားရွေးချယ်စရာ မရှိခဲ့ချေ။

ယခုအခါ ရွှမ်ယင်မြင့်မြတ်နယ်မြေ၏ လက်အောက်ခံ အင်အားစုအားလုံးက သူတို့၏ ရွှမ်ယင်မြင့်မြတ်နယ်မြေဆီသို့ အာရုံစိုက်နေကြသည်။

လူပုံလယ်တွင် ရွှမ်ယင်မြင့်မြတ်နယ်မြေ၏ သူတော်စင်သား​ေတာ်က ချင်လော့၏ လက်အောက်ငယ်သားများ လက်ချက်ဖြင့် သတ်ဖြတ်ခံလိုက်ရပြီး ယခုအခါ ချင်လော့တို့က သူတို့၏ နယ်မြေပေါ်တွင် နောက်တစ်ကြိမ် လာရောက် ဝင့်ကြွားနေကြသည်။

ရွှမ်ယင်မြင့်မြတ်နယ်မြေ အောက်ရှိ အင်အားစု အများအပြားက ရွှမ်ယင်မြင့်မြတ်နယ်မြေကို စောင့်ကြည့်နေကြပြီး ရွှမ်ယင်မြင့်မြတ်နယ်မြေမှ လူများအားလုံးမှာ အသုံးမကျသူများ ဖြစ်ကြောင်း ကောလာဟလ ထွက်ပေါ်နေကာ အခြေအနေများက ပိုဆိုးလာပေသည်။

သူတို့၏ ဩဇာအာဏာ ကျဆင်းသွားပါက နောင်တွင် မည်သူက သူတို့၏ ရွှမ်ယင်မြင့်မြတ်နယ်မြေကို နာခံတော့မည်နည်း။

ထိုအချိန်ရောက်လျှင် သူတို့၏ အင်အားမှာ သိသိသာသာ ကျဆင်းသွားပေလိမ့်မည်။

ရွှမ်ယင်မြင့်မြတ်နယ်မြေတွင် ပြင်းထန်သော ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ယင်တောက်ယန်ကို ရွှမ်ယင်မြင့်မြတ်နယ်မြေ၏ ဒုတိယသူတော်စင် အဖြစ် အရေးပေါ် ရာထူးတိုးပေးခဲ့ပြီး သူတို့၏ ရွှမ်ယင်သူတော်စင်ကို ချင်လော့ သတ်ဖြတ်ခဲ့ခြင်း ဟုတ်မဟုတ် မေးမြန်းရန် လွှတ်လိုက်ခြင်းဖြစ်သည်။

သူတို့၏ ယုံကြည်ချက်အရ ချင်လော့က လူလွှတ်၍ သတ်ဖြတ်ရန် အလားအလာ မရှိသော်လည်း တပ်အပ်ပြော၍ မရနိုင်ချေ။

မည်သို့ပင်ဆိုစေကာမူ သူတို့ရှေ့ရှိ ဤလူသည် အနည်းငယ် ရူးသွပ်ပြီး သူ၏ သတ်ဖြတ်မှုများနှင့် အခြားအင်အားစုများကို ဖျက်ဆီးမှုများမှာ ခန့်မှန်းရခက်လှပေသည်။

ရိုးရိုးသားသား ပြောရလျှင် ရွှမ်ယင်မြင့်မြတ်နယ်မြေမှ လူအတော်များများသည် ချင်လော့က သူတို့၏ ရွှမ်ယင်မြင့်မြတ်နယ်မြေကို ပစ်မှတ်ထားလာမည်ကို ကြောက်ရွံ့သဖြင့် ထွက်ပြေးရန်ပင် စတင်နေကြပြီဖြစ်သည်။

ယခုအခါ ရွှမ်ယင်မြင့်မြတ်နယ်မြေအတွက် လိုအပ်သည်မှာ ချင်လော့၏ စကားတစ်ခွန်းသာ ဖြစ်၏။

ဝန်မခံခြင်းက အကောင်းဆုံးဖြစ်ပြီး အကယ်၍ ဝန်ခံခဲ့လျှင်လည်း သူတို့က ချက်ချင်း အမှားဝန်ခံကာ တောင်းပန်လိုက်မည်ဖြစ်သည်။

"မေးခွင့်ပြုပါ... နဝမမင်းသား... ဘာလို့ အကြောင်းပြချက်မရှိဘဲ ရွှမ်ယင်မြင့်မြတ်နယ်မြေက သူတော်စင်သားတော် ကို သတ်ခဲ့ရတာလဲ”

ချင်လော့က သက်တောင့်သက်သာ လှဲလျောင်းရင်း စပျစ်သီးတစ်လုံးကို ကိုက်စားကာ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"မကြာသေးခင်က သတ်ဖြတ်မှုတွေ အတော်များများ ရှိခဲ့တယ်... ရွှမ်ယင်မြင့်မြတ်နယ်မြေရဲ့ သူတော်စင်သားတော် လို အသေးအဖွဲလေးကို ဘယ်သူက မှတ်မိနေမှာလဲ”

"သေသွားပြီဆိုရင်လည်း နောက်တစ်ယောက် ရှာလိုက်ပေါ့... ဘာလဲ... ငါ့ဆီကနေ ရှင်းလင်းချက် တောင်းချင်လို့လား... ဒီလိုလုပ်ရဲတဲ့ ပထမဆုံးလူက မင်းပဲ... မင်း တကယ်ကို ရဲရင့်တာပဲလို့ ငါ ဝန်ခံရမယ်”

ချင်လော့၏ မျက်နှာပေါ်မှ လှောင်ပြောင်သော အမူအရာက ယင်တောက်ယန်ကို တုန်လှုပ်သွားစေသည်။

ဤနေရာသို့ ရောက်လာပြီးမှ ပြန်ထွက်သွားရန် လမ်းမရှိတော့ကြောင်း သူ ချက်ချင်း နားလည်သွားသည်။

ဤသည်မှာ ရူးသွပ်သူတစ်ဦး၏ အပြုအမူပင် ဖြစ်၏။

All Chapters