အခန်း ၁၀၂
Vol. 11 Ch. 102
အခန်း (၁၀၂) မိမိကိုယ်မိမိ ပြန်ဒုက္ခပေးခြင်း၊ လျှို့ဝှက်နဂါးတပ်အဖွဲ့၏ တတိယသခင်မလေး
ချင်လော့၏ မကြာသေးမီက သတ်ဖြတ်မှုများမှာ ပြင်ပလူများအတွက် ခန့်မှန်းရခက်သော်လည်း ဖျက်ဆီးခံလိုက်ရသော အင်အားစုများသည် ကောင်းကင်ကပ်ဘေးနန်းတော်၏ ရန်သူများ သို့မဟုတ် နတ်လက်နက်တောင်ကြားနှင့် ရန်ငြိုးရှိသူများ ဖြစ်ကြောင်း သူတို့အားလုံး သိရှိထားကြပေသည်။
ကောင်းကင်ကပ်ဘေးနန်းတော်သည် ချင်လော့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း ပြင်ပလောကအတွက် အမြဲတမ်း လျှို့ဝှက်ချက်တစ်ခု ဖြစ်ခဲ့ပြီး မည်သူကမျှ မသိရှိခဲ့ကြချေ။
နတ်လက်နက်တောင်ကြားနှင့် တန်ဆေးဂိုဏ်းတို့ ထိန်းချုပ်ခံရခြင်းကသာ ပြင်ပလူများအကြားတွင် လူသိများပေသည်။
နောက်ထပ် ဖျက်ဆီးခံရမည့် မြင့်မြတ်နယ်မြေနှင့် အင်အားစုများသည် သူ၏ လက်အောက်ခံ မြင့်မြတ်နယ်မြေနှင့် ဂိုဏ်းများအကြား ရန်ငြိုးရှိသူများ ဖြစ်ပေသည်။
ရွှမ်ယင်မြင့်မြတ်နယ်မြေမှာ လက်ရှိ ရှင်းလင်းရေး အစီအစဉ်တွင် မပါဝင်သကဲ့သို့ ရွှမ်ယင်သူတော်စင် ဆိုသည်ကိုလည်း သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။
အကယ်၍ တစ်နေရာရာတွင် ဧည့်သည်အဖြစ် သွားရောက်ခဲ့လျှင်တော့ ကံဆိုးသူတစ်ဦးအဖြစ် သတ်ဖြတ်ခံရနိုင်ပေသည်။
‘ဒုန်း!’
ရွှမ်ယင်မြင့်မြတ်နယ်မြေ၏ ဒုတိယသူတော်စင် ယင်တောက်ယန်မှာ အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိ၊ ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်တော့ဘဲ ချက်ချင်း ဒူးထောက်ချလိုက်သည်။
"နဝမမင်းသား... အသက်ကို ချမ်းသာပေးပါ.. နဝမမင်းသား... ချမ်းသာပေးပါ…ငွေနှင်းမြို့တော်မှာ သူတော်စင်သားတော် ကို သတ်ဖို့ အရှင်မင်းသားက လူလွှတ်ခဲ့တာ ဟုတ်မဟုတ်ပဲ သိချင်တာပါ... တကယ်လို့ အရှင်မင်းသား သတ်ခဲ့တာဆိုရင်လည်း သူက သေသင့်လို့ပါပဲ”
"နေဦး... ငွေနှင်းမြို့တော် ဟုတ်လား”
"ငါတို့ အဲ့ဒီကို သွားဖူးလို့လား”
ချင်လော့က လျိုကျင်းကျင်းဘက်သို့ လှည့်ကာ မေးမြန်းလိုက်သည်။
"မသွားဖူးပါဘူး"
လျိုကျင်းကျင်းက ပြတ်သားစွာ ဖြေကြားလိုက်၏။
"အိုး... အဲ့ဒီလူကို သတ်ဖို့ ငါ လူမလွှတ်ခဲ့ပါဘူး"
ချင်လော့က ပြန်လည်ဖြေကြားလိုက်ရာ ယင်တောက်ယန်မှာ လုံးဝ တွေဝေသွားပေသည်။
ယခုမှသာ သူတို့၏ ရွှမ်ယင်သူတော်စင်သခင်၏ သားဖြစ်သော ရွှမ်ယင်သူတော်စင်သားတော်မှာ ချင်လော့၏ မျက်လုံးထဲတွင် အရေးမပါသော လူမိုက်တစ်ဦးမျှသာ ဖြစ်ကြောင်း သူ နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
"ငါ့ကို ထောက်ချောက် ဆင်တယ်ပေါ့လေ... ငါ့ကို အပြစ်ပုံချတယ်ပေါ့လေ”
တစ်စုံတစ်ယောက်က သူ၏ နာမည်ကို အသုံးပြုကာ လှုပ်ရှားနေကြောင်း ချင်လော့ ချက်ချင်း သဘောပေါက်သွားသည်။
"တောက်... ငါ ချင်လော့ရဲ့ နာမည်က အတော်လေး အသုံးဝင်နေတာပဲ... ဒါပေမဲ့ ငါ့ရဲ့ အာဏာစက်အောက်မှာ ဒီလိုလုပ်ရဲတာက သေချင်နေတာပဲ”
ယခင်က တတိယမင်းသားတို့ သူ့ကို အပြစ်ပုံချခဲ့ခြင်းမှာ ချင်လော့နှင့် အလှမ်းဝေးသော နေရာများ သို့မဟုတ် မဟာချင်အင်ပါယာ၏ နယ်မြေပြင်ပတွင်သာ ဖြစ်ပေသည်။
ယခုမူ ချင်လော့၏ မျက်စိအောက်တွင် သူ၏ နာမည်ကို အသုံးပြုကာ လူသတ်ရဲခြင်းမှာ ချင်လော့ကို လုံးဝ မလေးစားခြင်းပင် ဖြစ်၏။
"အသေးစိတ် ပြောပြစမ်း”
"မှတ်ထား... အသေးစိတ် တစ်ခုလေးတောင် အလွတ်မခံနဲ့”
ချင်လော့က ယင်တောက်ယန်ကို ငုံ့ကြည့်လိုက်သော်လည်း သူ့ကို ထစေရန် ရည်ရွယ်ချက် မရှိခဲ့ချေ။
"ဟုတ်ကဲ့ပါ”
ယင်တောက်ယန်က မတ်တတ်မရပ်ရဲချေ။
သူတော်စင်သားတော်ကိုပင် ဤမျှ နှိမ့်ချစွာ ဆက်ဆံနိုင်သူမှာ ချင်လော့ တစ်ဦးတည်းသာ ရှိပေသည်။
နားထောင်ပြီးနောက် ချင်လော့က တစ်ခဏမျှ စဉ်းစားလိုက်ပြီး ပြောဆိုလိုက်၏။
"ဒါက ငါ့ရဲ့ ရန်သူတွေ လုပ်မယ့် အလုပ်မျိုးနဲ့ မတူဘူး”
"တကယ်လို့ ငါ့ရဲ့ ရန်သူတွေက ငါ့ကို အပြစ်ပုံချချင်တယ်ဆိုရင် ရွှမ်ယင်မြင့်မြတ်နယ်မြေက ရှိနေတော့မှာ မဟုတ်တော့ဘူး”
ဤစကားများက မြေပြင်ပေါ်တွင် ဒူးထောက်နေသော ယင်တောက်ယန်၏ နှလုံးသားကို တုန်လှုပ်သွားစေသည်။
"ဒါကြောင့် မင်းတို့ ရွှမ်ယင်မြင့်မြတ်နယ်မြေနဲ့ ရန်ငြိုးရှိပြီး ရွှမ်ယင်မြင့်မြတ်နယ်မြေကို ရင်ဆိုင်ဖို့ အရည်အချင်း မပြည့်မီသေးတဲ့ ကြွက်စုတ်လေး တစ်ကောင်က အားလုံးကို ရှုပ်ထွေးသွားအောင် လုပ်တာပဲ ဖြစ်ရမယ်”
"ဒီမှာကြည့်... မင်းတို့ ရွှမ်ယင်မြင့်မြတ်နယ်မြေက ဆယ်ရက်အတွင်း ငါ့ကို အပြစ်ပုံချတဲ့သူကို ရှာမတွေ့ဘူးဆိုရင် မင်းတို့ရဲ့ ရွှမ်ယင်မြင့်မြတ်နယ်မြေလည်း ဆက်ရှိနေဖို့ မလိုတော့ဘူး”
ယင်တောက်ယန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
သူက ရှင်းလင်းချက် တောင်းဖို့ လာခဲ့တာ မဟုတ်ဘူးလား။ ယခု ဘာကြောင့် ချင်လော့က သူတို့၏ ရွှမ်ယင်မြင့်မြတ်နယ်မြေဆီမှ ရှင်းလင်းချက် ပြန်တောင်းနေရတာလဲ။
"ကဲ... ပြန်ပြီး အလုပ်လုပ်တော့”
ယင်တောက်ယန်မှာ ရွှမ်ယင်မြင့်မြတ်နယ်မြေသို့ မည်သို့ ပြန်ရောက်သွားမှန်းပင် မသိခဲ့ချေ။
ချင်လော့၏ တောင်းဆိုချက်များကို သူ ပြောပြပြီးနောက် ရွှမ်ယင်မြင့်မြတ်နယ်မြေ တစ်ခုလုံး သေမတတ် တိတ်ဆိတ်သွားပေသည်။
ဂုဏ်သိက္ခာဆိုသည့် အရာတစ်ခုတည်းအတွက် ရွှမ်ယင်မြင့်မြတ်နယ်မြေရှိ လူပေါင်း သောင်းချီ၏ အသက်ကို စတေးရမည်လား။
"စစ်ဆေးစမ်း… ရွှမ်ယင်မြင့်မြတ်နယ်မြေရဲ့ ရန်သူတိုင်းကို အထက်ကနေ အောက်အထိ စစ်ဆေး... လွှတ်ပေးလိုက်တာထက် သတ်ပစ်တာက ပိုကောင်းတယ်”
ရွှမ်ယင်သူတော်စင်သခင်က အံကြိတ်ကာ ပြောဆိုလိုက်၏။
"ကျွန်တော်ထင်တာကတော့ ကောလာဟလတွေကို စုံစမ်းကြည့်လို့ ရနိုင်တယ်... တစ်ယောက်ယောက်က မီးလောင်ရာ လေပင့်နေတာ ဖြစ်နိုင်တယ်”
ယင်တောက်ယန်က အားနည်းစွာ ပြောဆိုလိုက်သည်။
‘ဘုန်း!’
ရွှမ်ယင်သူတော်စင်သခင်၏ အားကောင်းသော အငွေ့အသက်က သူ့ကို ချက်ချင်း ချဉ်းကပ်လိုက်ပြီး အော်ဟစ်လိုက်၏။
"မင်းက ဘာလို့ အစောကြီးကတည်းက မပြောခဲ့တာလဲ”
"မင်းက ငါတို့ ရွှမ်ယင်မြင့်မြတ်နယ်မြေရဲ့ ဒုတိယသူတော်စင်သားတော်လေ... မင်းစကားကို ဘယ်သူက မနာခံဘဲ နေရဲမှာလဲ”
ယင်တောက်ယန်မှာ သူ၏ စိတ်ထဲတွင် ဆက်၍ မညည်းညူချင်တော့ချေ။ ဒုတိယသူတော်စင်သားတော် ဆိုသည်မှာ မည်သူနည်း။
ရွှမ်ယင်မြင့်မြတ်နယ်မြေကား တစ်မူထူးခြားသော နေရာတစ်ခုပင် ဖြစ်ပေသည်။
သူ့တွင် ဘာအခွင့်အာဏာ ရှိသနည်း။ သူက အပြစ်တင်ခံရပြီး သေတွင်းထဲသို့ သွားနေရခြင်း မဟုတ်ပါလား။
"ငါ့ကို အပြစ်ပုံချတဲ့သူက ရူးနေတာလား... ဒါမှမဟုတ် သူက ငါ့ရဲ့ ကံကြမ္မာပါ ရန်သူလား ဆိုတာ ပြောပြစမ်း”
ချင်လော့က လျိုကျင်းကျင်းကို လှည့်ကြည့်ကာ မေးမြန်းလိုက်သည်။
"မသိဘူးလေ”
လျိုကျင်းကျင်းက ရိုးသားစွာ ဖြေကြားလိုက်၏။
"ငါ့ကို အပြစ်ပုံချတဲ့သူက ငါးကြီးတစ်ကောင် ဖြစ်နိုင်တယ်လို့ ငါ ခံစားနေရတယ်”
"ဗီလိန်နဲ့ ဇာတ်လိုက်ဆိုတာ မထင်မှတ်ထားတဲ့ အချိန်မှာ ရန်ငြိုးတွေနဲ့ အမြဲတမ်း ပဋိပက္ခ ဖြစ်တတ်တယ်... ချူဖုန်း ထွက်သွားတာ ရက်အတော်ကြာနေပြီလေ”
ချင်လော့၏ စကားများက ဘာကိုဆိုလိုကြောင်း လျိုကျင်းကျင်းတို့ နားမလည်ခဲ့ကြသော်လည်း ချင်လော့က ရှင်းပြရန် ရည်ရွယ်ချက် မရှိခဲ့ချေ။
ဤအခိုက်အတန့်တွင် အမှောင်ထုထဲ၌ မျက်လုံးတစ်စုံက ချင်လော့ ထွက်သွားသည်ကို စောင့်ကြည့်နေပြီး နောင်တရစွာဖြင့် ပြောဆိုလိုက်၏။
"ကံမကောင်းစွာနဲ့ စုချန်ချန်က သူ့အနားမှာ မရှိတော့ပေမဲ့ အခွင့်အရေး မရသေးဘူး”
"ဒီတာဝန်က ပြီးမြောက်ဖို့ မလွယ်ဘူး”
"အရင်ဆုံး ရက်အနည်းငယ်လောက် လိုက်ကြည့်ဦးမယ်... အခွင့်အရေး ရမလား ကြည့်ရတာပေါ့”
သူ စကားပြောနေစဉ် သူ၏ ပုံရိပ်က အမှောင်ထုထဲတွင် နောက်တစ်ကြိမ် ပျောက်ကွယ်သွားပေသည်။
သွေးသတ်ဖြတ်ရေးမျှော်စင်၏ လုပ်ကြံသတ်ဖြတ်ရေး တာဝန်များမှာ ဆုကြေးငွေများစွာ ထပ်ပေါင်းထားသဖြင့် သူတော်စင်ဘုရင်အဆင့်များ ကိုယ်တိုင် လှုပ်ရှားရန် လုံလောက်နေပြီဖြစ်သည်။
ကံမကောင်းစွာဖြင့် ချင်လော့အနီးတွင် သူတော်စင်ဘုရင်အဆင့် တစ်ဦးက အမြဲတမ်းလိုက်ပါနေသဖြင့် သူ အခွင့်အရေး လုံးဝမရခဲ့ချေ။
"ဒါပေမဲ့ အဆင်ပြေပါတယ်... ငါက စိတ်ရှည်တဲ့ လုပ်ကြံသတ်ဖြတ်သူပဲလေ... အဲ့ဒီအမျိုးသမီးက မင်းအနားမှာ တစ်သက်လုံး နေနိုင်မယ်လို့ ငါ မယုံဘူး”
အမှောင်ထုထဲတွင် အမျိုးသားက သူ့ဘာသာ ရေရွတ်လိုက်၏။
ဤတစ်ကြိမ် ရောက်လာသော လျှို့ဝှက်နဂါးတပ်အဖွဲ့မှ လူများအထဲတွင် စွန်းကျုံးမိုနှင့် အခြားသူတော်စင် နှစ်ဦး ပါဝင်ပြီး အမျိုးသမီးတစ်ဦးမှာ ဤတာဝန်၏ ခေါင်းဆောင်ဖြစ်ပေသည်။
သူမ၏ ကျင့်ကြံမှုအဆင့်က သိပ်မမြင့်မားသော်လည်း အခြားသူများအကြားတွင် သူမ၏ အဆင့်အတန်းက အမြင့်ဆုံး ဖြစ်၏။
လေထဲတွင် ရပ်ကာ ဓားတစ်သောင်းစံအိမ် တစ်ခုလုံးရှိ ပျက်စီးယိုယွင်းမှုများကို ကြည့်ရင်း အမျိုးသမီး၏ နှုတ်ခမ်းများက အေးစက်စွာ ကွေးညွတ်သွားသည်။
"ချင်လော့ ဆိုတဲ့ကောင်လေးက အရမ်းကို မာနကြီးလွန်းတယ်... တောင်တန်းတစ်သောင်းနယ်မြေမှာ ဒီလောက် ရန်ငြိုးတွေ ဖန်တီးထားတာ... သူ့အချိန်က ကုန်လုနီးပါး ဖြစ်နေပြီထင်တယ်”
စွန်းကျုံးမိုက ဘေးမှနေ၍ ဝင်ရောက်ပြောဆိုလိုက်၏။
"တတိယသခင်မလေး... ချင်လော့ရဲ့ အနောက်မှာ မဟာသူတော်စင် တစ်ပါး ရှိနေပါတယ်”
"မဟာသူတော်စင် ဟုတ်လား... ဟားဟား... မကြာခင် သူ့အနောက်မှာ ဘယ်ကျောထောက်နောက်ခံမှ ရှိတော့မှာ မဟုတ်ဘူး”
"စိတ်မပူပါနဲ့... တောင်တန်းတစ်သောင်းနယ်မြေကနေ သူ အသက်ရှင်လျက် ထွက်သွားဖို့ လမ်းမရှိပါဘူး... ဒီကောင်လေးနဲ့ ငါတို့ နောက်ဆုံးအကြိမ် ဆုံတွေ့တာပဲ ဖြစ်လိမ့်မယ်”
စွန်းကျုံးမိုက လန့်သွားသော်လည်း သူ၏ အမူအရာကို အပြောင်းအလဲမရှိဘဲ သေချာစွာ ဖုံးကွယ်ထားနိုင်ခဲ့သည်။
"တတိယသခင်မလေး... အရေးကြီးတဲ့ ကိစ္စများ ဖြစ်လာတော့မှာမို့လို့လား”
တတိယသခင်မလေးက စွန်းကျုံးမိုကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"မင်း မသိဖို့ လိုအပ်တဲ့ တချို့အရာ ရှိတယ်... တစ်ခါတလေကျရင် သိတာများလွန်းရင် လူတွေက အသက်မရှည်တတ်ဘူး”
ကံကောင်းစွာဖြင့် သူတို့ အကြာကြီး စောင့်ဆိုင်းနေရန် မလိုအပ်ခဲ့ချေ။
ချင်လော့တို့က အလွန် သိသာထင်ရှားစွာ ပေါ်လာခဲ့ကြသည်။
အမျိုးသမီးက ခြေတစ်လှမ်း ရှေ့တိုးကာ ချင်လော့ရှိရာဘက်သို့ လျှောက်သွားလိုက်သည်။
အချက်အလက်များက ချင်လော့၏ မျက်လုံးရှေ့တွင် ပေါ်လာခဲ့၏။
[ကံကြမ္မာသမီးတော်ကို ရှာဖွေတွေ့ရှိခြင်း]
[အမည် - လုံကျိရော့]
[အသက် - ၃၈ နှစ်]
[ကံကြမ္မာအဆင့် - စတုတ္ထအဆင့်]
[ကံကြမ္မာတန်ဖိုး - ၃၂၅,၈၀၀ မှတ်]
[ခန္ဓာကိုယ် - မီးဝိညာဉ်သူတော်စင်ခန္ဓာ၊ မီးနဂါးသွေးကြော]
[မီးဝိညာဉ်သူတော်စင်ခန္ဓာဖြင့် မွေးဖွားလာပြီး မီးတောက်များကို စိတ်ကြိုက် ထိန်းချုပ်နိုင်စွမ်း ရှိသည်။ ကျင့်ကြံမှုနှင့်အတူ သူမ၏ စွမ်းအားများ မြင့်တက်လာပြီး ကောင်းကင်နှင့် မြေကြီးကိုပင် လောင်ကျွမ်းစေနိုင်သည်။ မီးနဂါး၏ အဆီအနှစ်သွေးဖြင့် သန့်စင်ခံထားရသဖြင့် မီးနဂါးသွေးကြောကို ပိုင်ဆိုင်ထားသည်။]
[ကျင့်ကြံမှုအဆင့် - လိုဏ်ဂူကောင်းကင်အဆင့် ၉ (သူတော်စင်အဆင့် တစ်ဝက်)]
[မိတ်ဆက် - လျှို့ဝှက်ဆန်းကြယ်သော နောက်ခံ၊ အားကောင်းသော ပါရမီ၊ ကောင်းကင်ကို ဆန့်ကျင်နိုင်သော အမွေအနှစ်များကို ပိုင်ဆိုင်ထားသည်။ မမျှော်လင့်ထားသည်များ မဖြစ်ခဲ့လျှင် ဤလောကတွင် အထူးချွန်ဆုံး လူများထဲမှ တစ်ဦး ဖြစ်လာနိုင်ပေသည်။ သူသည် သင့်၏ ပဉ္ဓမအစ်ကိုတော်၏လက်တွဲဖော်ဖြစ်သည်။ သင့်၏ မရီးဖြစ်သည်။ သင့်အတွက် နောက်ထပ် ဆိုရိုးစကားတစ်ခု ရှိသေးသည် 'ဖက်ထုပ်တွေလောက် အရသာရှိတာ ဘာမှမရှိဘူး...']