အခန်း ၁၀၃
Vol. 11 Ch. 103
အခန်း (၁၀၃) သဘောတူညီချက် ပြီးဆုံးပြီလား၊ လုံကျိရော့ကို ဖိနှိပ်ခြင်း
"မရီး ဟုတ်လား..."
ချင်လော့က အံ့အားသင့်သွားပြီး သူ့ဘာသာ တွေးလိုက်သည်။
သူ၏ အကြည့်က လုံကျိရော့အပေါ်သို့ ထပ်မံကျရောက်သွားရာ အနည်းငယ် ထူးဆန်းနေပေ၏။
‘ခင်ပွန်းထက် အသက်သုံးနှစ်ပိုကြီးတဲ့ အမျိုးသမီးတွေက ရွှေတုံးတွေကို ပိုက်ထားသလိုပဲ လို့ဆိုကြတယ်။
တောက်... အဲ့ဒီ ပဉ္စမအစ်ကိုတော် ဆိုတဲ့သူက ရွှေချောင်းကို ကိုင်ထားတာ မဟုတ်ဘူးလား’
လျှို့ဝှက်နဂါးတပ်အဖွဲ့က မည်မျှ အားကောင်းကြောင်း ချင်လော့ မသိခဲ့သကဲ့သို့ စွန်းကျုံးမိုနှင့် လင်းယွဲ့ယောင်တို့ နှစ်ဦးကလည်း လျှို့ဝှက်နဂါးတပ်အဖွဲ့၏ နောက်ခံအသေးစိတ်ကို ရှင်းရှင်းလင်းလင်း မသိရှိခဲ့ကြချေ။
အစွန်းတစ်ဖက်ကို ကြည့်ရုံဖြင့် တစ်ခုလုံးကို သိနိုင်ပေသည်။
စွန်းကျုံးမိုကဲ့သို့ သူတော်စင်တစ်ဦးပင်လျှင် အဓိက အဖွဲ့ဝင် မဟုတ်ခြင်းက လျှို့ဝှက်နဂါးတပ်အဖွဲ့ အလွန် အားကောင်းကြောင်း ရှင်းလင်းစွာ ပြသနေပေသည်။
ထို့ပြင် သူတို့က မဟာချင်အင်ပါယာရှိ နဂါးတစ်ကောင်အပေါ် အကြံအစည် ရှိနေပြီး မဟာချင်အင်ပါယာနှင့် လက်ရုံးချင်းယှဉ်ရန် ရဲတင်းခြင်းက သူတို့၏ စွမ်းအားကို ပို၍ သက်သေပြနေပေသည်။
"ကံကြမ္မာသမီးတော်တွေက ကံကြမ္မာသားတော်တွေနဲ့ အတူ ပေါ်ထွက်လာတတ်ကြတာပဲ... ကြည့်ရတာ ချင်ဖန်နဲ့ ဒီအမျိုးသမီးကြားမှာ ဆက်နွယ်မှု ရှိနေတာ ကြာပြီ ထင်တယ်..."
"လုံကျိရော့က ချင်ဖန်ရဲ့ အင်အားစုကို အားဖြည့်ပေးနိုင်သလို လျှို့ဝှက်နဂါးတပ်အဖွဲ့ကိုလည်း သူ့လက်အောက်မှာ ရှိနေစေမယ်။ ဒီအမျိုးသမီးကတော့ အပြင်ဘက်ကနေ ချင်ဖန်ကို ကူညီပံ့ပိုးပေးမယ့်သူ ဖြစ်လိမ့်မယ်..."
ချင်လော့က သူ့ဘာသာ ရေရွတ်လိုက်၏။
ထို့နောက် သူက လုံကျိရော့ဆီသို့ လျှောက်သွားလိုက်သည်။
"လျှို့ဝှက်နဂါးတပ်အဖွဲ့က ငါနဲ့ စေ့စပ်ညှိနှိုင်းဖို့ လှပတဲ့ အမျိုးသမီးတစ်ယောက်ကို လွှတ်လိုက်မယ်လို့ မထင်ထားဘူး”
"ငါ ဆုံးဖြတ်လိုက်ပြီ... နောက်ထပ် အခြေအနေတစ်ခု ထပ်ပေါင်းမယ်... ဒီအလှလေးကို ငါ့ကိုပေး”
ချင်လော့၏ စကားကို ကြားချိန်၌ လုံကျိရော့၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားပေသည်။
"မင်း ဘယ်လောက်တောင် ရဲတင်းနေတာလဲ… ချင်လော့... မင်းက မဟာချင်အင်ပါယာရဲ့ မင်းသားတစ်ပါး ဖြစ်နေလို့ ငါ့ရှေ့မှာ ဒီလောက် ရိုင်းစိုင်းရဲတယ်လို့ မထင်နဲ့”
"ငါတို့ လျှို့ဝှက်နဂါးတပ်အဖွဲ့က မင်းကို ချေမှုန်းဖို့ဆိုတာ ပုရွက်ဆိတ် တစ်ကောင်ကို ခြေမွပစ်သလိုပဲ ဆိုတာမမေ့နဲ့”
"အိုး... ဟုတ်လား”
ချင်လော့က လှောင်ပြောင်လိုက်သည်။
"ကောင်းပြီလေ... မင်းတို့ လျှို့ဝှက်နဂါးတပ်အဖွဲ့က ငါ့ကို လာပြီး ခြေမွဖို့ ကြိုဆိုပါတယ်”
"မင်း…"
လုံကျိရော့မှာ အလွန်ဒေါသထွက်သွားပြီး သူမ၏ ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေကာ သူမ၏ အမြင့်မားဆုံး အစိတ်အပိုင်းများကပါ လိုက်ပါတုန်ခါနေပေသည်။
"မလုပ်ရဲဘူးမလား"
ချင်လော့က လုံကျိရော့ကို အထင်အမြင်သေးစွာ ကြည့်လိုက်၏။
"မလုပ်ရဲရင် ကြွားမနေနဲ့... ချော်မလဲအောင် သတိထားဦး"
"စကားပြောဆိုရိုင်းစိုင်းတဲ့ ကောင်စုတ်လေး… ဒီနေ့ ချင်ဧကရာဇ်ကိုယ်စား မင်းကို သေချာ ပညာပေးရမယ်”
လုံကျိရော့က လှုပ်ရှားရန် ပြင်လိုက်စဉ် အခြားလူတစ်ဦးက သူမကို တားဆီးလိုက်သည်။
"တတိယသခင်မလေး... အဓိကကိစ္စအကြောင်းရင်းကိုအရင်သွားသင့်ပါတယ်"
လုံကျိရော့သည် ချင်လော့ကို မလိုလားသော အကြည့်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
"ကောင်းပြီလေ..."
"ဒါဆို ပစ္စည်းကို ထုတ်ပေးလိုက်။"
ချင်လော့က တည်ငြိမ်စွာ ပြောလိုက်သည်။
"ငွေနဲ့ ပစ္စည်းကို တစ်ပြိုင်တည်း လဲရမယ်.. ငါ နတ်နဂါးသွေးအဆီအနှစ်ကို လိုချင်တယ်"
လုံကျိရော့၏ လက်ထဲတွင် ကြွေပုလင်းတစ်လုံး ချက်ချင်း ပေါ်လာ၏။
"ဒီမှာ..."
"ငါ လိုချင်တဲ့ ပစ္စည်းကို အရင်ထုတ်ပေး..အဲ့ဒီ နတ်နဂါးသွေးအဆီအနှစ်က မင်းအတွက်ပဲ"
"ကောင်းပြီ..."
ချင်လော့က တွန့်ဆုတ်ခြင်းမရှိဘဲ သေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။
ယခင်က လင်းရွှမ်၏ နဂါးအကြေးခွံကို ထည့်ထားသော သေတ္တာနှင့် တူညီသော်လည်း သေတ္တာထဲတွင်...
နဂါးအကြေးခွံ လုံးဝ မရှိပေ။
"တစ်ပြိုင်တည်း ပစ်ပေး... မဟုတ်ရင် မင်း ကတိမတည်မှာ ငါ စိုးရိမ်တယ်”
ချင်လော့က ပြောဆိုလိုက်သည်။
လုံကျိရော့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
"ငါတို့ လျှို့ဝှက်နဂါးတပ်အဖွဲ့က ဂုဏ်သိက္ခာကို အလေးထားဆုံးပဲ... ဒီလိုကိစ္စလေးအတွက် မင်းကို လိမ်ညာစရာ အကြောင်းမရှိဘူး”
ပြောရင်းဆိုရင်း သူမက နတ်နဂါးအဆီအနှစ်သွေးကို လှမ်းပစ်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် ချင်လော့ကလည်း သေတ္တာကို ပစ်ပေးလိုက်၏။
သူတို့နှစ်ဦး လှုပ်ရှားလိုက်ချိန်တွင် လုံကျိရော့၏ အနောက်မှ အမျိုးသားက ရှေ့သို့ ပြေးထွက်လာပြီး သံသတ္တာကို ဖမ်းယူလိုက်သည်။
လျိုကျင်းကျင်းကလည်း ချင်လော့ကိုယ်စား ကြွေပုလင်းကို ဖမ်းယူလိုက်ပြီး ချင်လော့ထံ ကမ်းပေးလိုက်သည်။
ချင်လော့က တွန့်ဆုတ်ခြင်းမရှိဘဲ ကြွေပုလင်းကို ဖွင့်လိုက်ရာ ရင်းနှီးသော အနံ့တစ်ခုကို ချက်ချင်း ရလိုက်ပေသည်။
သံသယဖြစ်စရာ မလိုတော့ပေ။
မျက်တောင်တစ်ခတ်အတွင်း သူက ကြွေပုလင်းကို လိုဏ်ဂူကောင်းကင်အတွင်းသို့ ပစ်ထည့်လိုက်သည်။
နောက်တစ်စက္ကန့်တွင် အော်သံတစ်ခု ထွက်ပေါ်လာသည်ကို သူ ကြားလိုက်ရ၏။
"ချင်လော့…မင်း ငါ့ကို လိမ်တယ်!”
လုံကျိရော့က သံသတ္တာထဲမှ ဧကရာဇ်လက်နက် အပိုင်းအစတစ်ခုကို ထုတ်ယူလိုက်သည်။ မှန်ပေ၏။
ရှီးဟွမ် လေ့လာပြီးသွားသော ဧကရာဇ်လက်နက် အပိုင်းအစပင် ဖြစ်ပေသည်။
ထက်မြက်သော ပစ္စည်းတစ်ခု ဖြစ်ခြင်းမှလွဲ၍ အခြားမည်သည့် အသုံးဝင်မှုမျှ မရှိချေ။
"ငါ မင်းကို ဘယ်တုန်းက လိမ်လို့လဲ”
ချင်လော့က အပြစ်ကင်းစင်စွာ ပြောဆိုလိုက်သည်။
လုံကျိရော့၏ မျက်လုံးများက ဒေါသကြောင့် ပြူးကျယ်သွားပြီး ချင်လော့ကို စိုက်ကြည့်ကာ ဒေါသတကြီး ပြစ်တင်ရှုတ်ချလိုက်၏။
"အဲ့ဒါက နဂါးအကြေးခွံ မဟုတ်ဘူး”
"မှန်တယ်လေ”
ချင်လော့က မငြင်းဆန်ခဲ့ချေ။
"အဲ့ဒါက နဂါးအကြေးခွံ မဟုတ်ဘူး... ဒါပေမဲ့ လင်းရွှမ် လောကမှာ ကျန်ခဲ့တဲ့ အမှတ်တရ ပစ္စည်းတစ်ခုပဲ”
"ငါတို့ လိုချင်တာက နဂါးအကြေးခွံပဲ... မင်း လိမ်နေတာပဲ”
"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး”
ချင်လော့က သူမကို ဖြတ်ပြောလိုက်၏။
"မင်းတို့နှစ်ယောက် နားလည်မှု လွဲနေကြပြီ ထင်တယ်..."
သူ၏ အကြည့်က စွန်းကျုံးမိုအပေါ် ကျရောက်သွားပြီး မေးလိုက်သည်။
"လင်းရွှမ်ဆီက ငါရထားတဲ့ 'နဂါးအကြေးခွံ' ဆိုတဲ့ စာလုံးနှစ်လုံးပါတဲ့ ပစ္စည်းနဲ့ မင်းတို့ကို အရောင်းအဝယ် လုပ်မယ်လို့ ငါ အရင်က ပြောခဲ့လို့လား..."
စွန်းကျုံးမိုမှာလည်း ခဏတာ စကားပျောက်သွားခဲ့သည်။
မှန်ပေ၏။
ချင်လော့က သူ့ကို ထိန်းချုပ်ထားခြင်း မဟုတ်ခဲ့ချေ။
ချင်လော့သည် ထိုသို့ အမှန်တကယ် ပြောခဲ့ဖူးသည်။ သို့သော် သူသည် ချင်လော့က စကားလုံးများကို ဤသို့ လှည့်ကစားလိမ့်မည်ဟု မည်သို့ တွေးမိနိုင်မည်နည်း။
"ငါ အရင်က ပြောခဲ့တာက လင်းရွှမ်ရဲ့ ပစ္စည်းကို ထုတ်ပြီး မင်းနဲ့ အရောင်းအဝယ် လုပ်ဖို့ ဆန္ဒရှိတယ်ဆိုတာပဲ..."
"ငါ ဆိုလိုတာက အဲ့ဒါပဲလေ”
လူတိုင်း၏ အကြည့်များက စွန်းကျုံးမိုအပေါ် ကျရောက်သွားရာ သူတစ်ကိုယ်လုံး တုန်ရီသွားပြီး အားနည်းစွာ ပြောဆိုလိုက်၏။
"သူပြောခဲ့တာက အဲ့ဒီအတိုင်းပါပဲ”
"ဒါပေမဲ့ အရှင်မင်းသား အရောင်းအဝယ် လုပ်မယ့်ပစ္စည်းက နဂါးအကြေးခွံလို့ ကျွန်တော် ထင်ခဲ့မိတာပါ”
ချင်လော့က ခေါင်းယမ်းလိုက်သည်။
"မင်း ထင်တာက မင်း ထင်တာပဲလေ... မင်းက လင်းရွှမ်ရဲ့ ပစ္စည်းကို အိမ်ပြန်ယူပြီး အမှတ်တရ သိမ်းထားချင်တယ်လို့ ငါ ထင်ခဲ့တာ... ဒါပေမဲ့ မမျှော်လင့်ဘဲ မင်းက နဂါးအကြေးခွံကို တကယ် လိုချင်နေတာပဲ... ကျွတ်... ဂုဏ်သိက္ခာက ဘယ်မှာလဲ... နတ်နဂါးသွေးအဆီအနှစ် တစ်စက်တည်းနဲ့ နဂါးအကြေးခွံကို ရချင်တာလား”
"တကယ်လို့ မင်းက နဂါးအကြေးခွံ လိုချင်တယ်ဆိုရင်လည်း ရပါတယ်... ငါတို့ ဆက်ဆွေးနွေးကြတာပေါ့”
လုံကျိရော့က ယခုအချိန်တွင် မည်သို့ မသိဘဲ နေမည်နည်း။
သူမသည် ချင်လော့၏ လှည့်စားခြင်းကို ခံလိုက်ရပြီဖြစ်သည်။
ချင်လော့၏ စကားလုံး ကစားမှုတွင် သူတို့ လျှို့ဝှက်နဂါးတပ်အဖွဲ့ကို ဤမျှ ရဲရဲတင်းတင်း လှောင်ပြောင်ရဲသူမှာ ပထမဆုံးအကြိမ် ဖြစ်ပြီး လုံကျိရော့ကို သတိလစ်မတတ် ဖြစ်သွားစေသူမှာလည်း ပထမဆုံးအကြိမ်ပင်။
"ချင်လော့... ဒီနေ့ နဂါးအကြေးခွံကို မင်း ပေးချင်ချင် မပေးချင်ချင် ပေးကို ပေးရမယ်”
"တိုက်ခိုက်စမ်း!”
လုံကျိရော့က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ချင်လော့ရှိရာဘက်သို့ ခြေတစ်လှမ်း ရှေ့တိုးကာ ပြေးဝင်သွားသည်။
သူတော်စင်တစ်ဝက်အဆင့် ကျင့်ကြံမှု ပေါက်ကွဲထွက်လာရာ ယခင်က သူတော်စင်အဆင့်သို့ တက်လှမ်းခါစ လူအချို့နှင့်ပင် ယှဉ်နိုင်ပေသည်။
သူမဘေးရှိ လူလတ်ပိုင်းအရွယ် အမျိုးသားကလည်း ရုတ်တရက် သူတော်စင်ဘုရင်အဆင့် ကျင့်ကြံမှုကို ပေါက်ကွဲထုတ်ကာ လျိုကျင်းကျင်းကို ရင်ဆိုင်လိုက်၏။
လုံကျိရော့ ပြေးဝင်လာသည်ကို ကြည့်ရင်း ချင်လော့က လက်တစ်ချက် ဝှေ့ယမ်းကာ လူသားဧကရာဇ်အလံကို ဆင့်ခေါ်လိုက်သည်။
"ဝင်လာခဲ့... ငါ့ဆီ ပေးလိုက်”
သာမန် သူတော်စင်တစ်ဝက်အဆင့် တစ်ယောက်က လူသားဧကရာဇ်အလံထဲမှာ ကြွေမွသွားပေလိမ့်မည်။
“ချေမှုန်းစမ်း!”
‘ဘုန်း!’
လုံကျိရော့သည် အခြားကမ္ဘာတစ်ခုသို့ ဝင်ရောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး အလွန်အေးစက် မှောင်မိုက်သော အငွေ့အသက်များက တိုက်ခတ်လာခဲ့သည်။
"လျှို့ဝှက်ဆန်းကြယ်သယောင် ဟန်ဆောင်နေတာပဲ”
"ချင်လော့... ထွက်ခဲ့စမ်း... ငါ လုံကျိရော့ကို လိမ်ညာရတဲ့ ရလဒ်က ဘာလဲဆိုတာ ဒီနေ့ မင်းကို သိအောင် လုပ်ပြမယ်”
"မင်း သဘောအတိုင်းပဲ”
ချင်လော့၏ ပုံရိပ်က ပေါ်လာပြီး လုံကျိရော့ဆီသို့ ဓားဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်၏။
ခန္ဓာကိုယ်အတွင်းရှိ မဟာလိုဏ်ဂူကောင်းကင်ဆယ်ခုမှ ကျင့်ကြံမှုစွမ်းအားများ ပေါက်ကွဲထွက်လာရာ ဤဓားခုတ်ချက်၏ စွမ်းအားမှာ သူတော်စင်အဆင့်၏ အနိမ့်ဆုံး သတ်မှတ်ချက်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
လုံကျိရော့မှာ အံ့အားသင့်သွားပြီး ချင်လော့က ဤမျှ အားကောင်းလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။
"သူက လျစ်လျူရှုခံထားရတဲ့ မင်းသား မဟုတ်ဘူး... ချင်ဧကရာဇ်က လျှို့ဝှက် မွေးမြူထားတဲ့ သားတော်လား”
လုံကျိရော့၏ စိတ်ထဲတွင် ဤအတွေးတစ်ခု ဖြတ်ပြေးသွားခဲ့သည်။
‘ဘန်း!’
သူတို့နှစ်ဦးက အပြန်အလှန် တစ်ချက်စီ တိုက်ခိုက်လိုက်ကြရာ စွမ်းအားချင်း မျှတနေပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။
လုံကျိရော့က ချင်လော့ကို ကြည့်လိုက်ရာ သူမ၏ အမူအရာက အထူး လေးနက်နေ၏။
"ချင်လော့... မင်းက အရမ်းကို ကောင်းကောင်း ဖုံးကွယ်ထားတာပဲ... မင်းရဲ့ ကျင့်ကြံမှု လျှို့ဝှက်ချက်သာ ပြင်ပကို ပေါက်ကြားသွားရင် မင်းရဲ့ ညီအစ်ကိုတွေ မျက်စိထဲမှာ မင်းက ဆူးတစ်ချောင်း ဖြစ်လာလိမ့်မယ်လို့ မထင်ဘူးလား”
"သတင်းဖြန့်မယ် ဟုတ်လား... မင်းလား... အခွင့်အရေး မရှိပါဘူး”
ချင်လော့က လှောင်ပြောင်လိုက်၏။
"လှုပ်ရှားလိုက်တော့”
လုံကျိရော့သည် အားကောင်းသော ဖိနှိပ်မှု စွမ်းအားတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပြီး သူမ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။
"ချင်လော့... မင်း လုပ်ရဲတယ်ပေါ့... ငါက လျှို့ဝှက်နဂါးတပ်အဖွဲ့ ခေါင်းဆောင်ရဲ့ သမီးပဲ”
‘ဘန်း!’
လုံကျိရော့မှာ ရှီးဟွမ်၏ အားကောင်းသော ဝိညာဉ်စွမ်းအားဖြင့် မြေပြင်ပေါ်သို့ ဖိနှိပ်ခံလိုက်ရပြီး တစ်လက်မမျှပင် မလှုပ်ရှားနိုင်တော့ချေ။
‘ဒေါက်… ဒေါက်... ဒေါက်’
ချင်လော့က သူမဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။
တာအိုနှလုံးသားနတ်ဆိုးမျိုးစေ့မဟာကျင့်စဉ်ကို လည်ပတ်လိုက်ရာ သူ ကျင့်ကြံပြီး ရက်အတော်ကြာမှ ပထမဆုံး နတ်ဆိုးမျိုးစေ့ကို စုစည်းနိုင်ခဲ့ခြင်း ဖြစ်သည်။
သူက အဆက်မပြတ် ခုန်လှုပ်နေသော နတ်ဆိုးမျိုးစေ့ကို ယူကာ လုံကျိရော့ထံ ပေးလိုက်၏။
"လိမ္မာပါတယ်... မျိုချလိုက်စမ်းပါ”
လုံကျိရော့က ချင်လော့ကို မျက်လုံးပြူးကာ စိုက်ကြည့်လိုက်သည်။
"မင်း ငါ့ကို ဘာလုပ်ချင်တာလဲ... ချင်လော့... မင်း ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲတယ်ဆိုရင် ချင်ဧကရာဇ်တောင်မှ မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”
"စိတ်မပူပါနဲ့... အဆိပ်က လူမသေစေပါဘူး... အဲ့ဒါက ဂျယ်လီစေ့လေး တစ်စေ့ပါပဲ”
"တကယ်လို့ မင်း မစားဘူးဆိုရင် မင်း ဒီကနေ အန္တရာယ်ကင်းကင်း ထွက်သွားနိုင်မယ်လို့ ငါ အာမမခံနိုင်ဘူး”
ဘေးနားရှိ ရှီးဟွမ်ကလည်း အချိန်ကိုက်ပင် သူမကို ကြာပွတ်ဖြင့် ပြင်းထန်စွာ ရိုက်နှက်လိုက်၏။
‘ဖြန်း!’
’ဝိညာဉ်ရိုက်နှက်ကြာပွတ်၏ စွမ်းအားက လုံကျိရော့၏ ဝိညာဉ်ပေါ်သို့ ကျရောက်သွားရာ သူမ တစ်ကိုယ်လုံး တုန်ရီသွားပေသည်။
ဝိညာဉ် ထိခိုက်ပျက်စီးမှုက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် နာကျင်မှုထက် အဆတစ်ရာ၊ အဆတစ်ထောင် ပိုမို နာကျင်စေပေသည်။
"တကယ်လို့ မင်း မစားဘူးဆိုရင် အချိန်အကြာကြီး ခံစားရလိမ့်မယ်”