← Chapters

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း (၁၀၅) ချင်လော့၏ ဉာဏ်အလင်းပွင့်ခြင်း၊ ချန်ကျန့်ရှန်း၏ ရူးသွပ်မှု

"မင်း အဆင်ပြေရဲ့လား”

လုံကျိရော့က မမျှော်လင့်ဘဲ ချင်လော့အပေါ် စိုးရိမ်ပူပန်သော စကားများ ထုတ်ပြောလိုက်မိသည်။

ချင်လော့က သူ၏ရင်ဘတ်ကို ဆုပ်ကိုင်ထားကာ မြှားကို တဖြည်းဖြည်းချင်း ဆွဲနှုတ်လိုက်ပြီး ပြန်ဖြေလိုက်၏။

"ငါ မသေပါဘူး"

ဤမြှားများတွင် အဆိပ်မသုတ်ထားချေ။

အကယ်၍ အဆိပ်သာ ပါဝင်ခဲ့လျှင် အနည်းငယ် ပို၍ ပြဿနာတက်ပေလိမ့်မည်။

‘ဘန်း!’

ချင်လော့က မြှားကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီးနောက် အခြားသူများကို ပြောဆိုလိုက်သည်။

"ငါ တံခါးပိတ်ကျင့်ကြံချင်တယ်"

"လုံကျိရော့... မင်း သွားလို့ရပြီ"

ထိုသို့ပြောပြီးနောက် အခြားသူများက ချက်ချင်းပင် ချင်လော့ကို ကာကွယ်ပေးလိုက်ကြသည်။

ချင်လော့က လူသားဧကရာဇ်အလံကို နောက်တစ်ကြိမ်ဖွင့်ကာ ဝင်ရောက်သွားပြီး ထိုနတ်နဂါးသွေးအဆီအနှစ် တစ်စက်ကို ထုတ်ယူကာ စတင် သန့်စင်လိုက်ပေသည်။

အကြိမ်ကိုးဆယ်ရွှေခန္ဓာကျင့်စဉ်သည် အရှိန်အဟုန်ဖြင့် လည်ပတ်နေခဲ့ပြီး နတ်နဂါးအဆီအနှစ်သွေးကို ချင်လော့က ရူးသွပ်စွာ စုပ်ယူသန့်စင်လိုက်သည်။ ထိုသန့်စင်ပြီးသော စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားကာ နှလုံးသားရှိ ဒဏ်ရာများကို တဖြည်းဖြည်း ပြုပြင်ပေးလာခဲ့၏။

သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ကြံ့ခိုင်မှုက လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ဤကျင့်ကြံခြင်းက ရက်အတော်ကြာ ကြာမြင့်ခဲ့သည်။

ချင်လော့သည် သူ၏ အကြိမ်ကိုးဆယ်ရွှေခန္ဓာကျင့်စဉ်မှာ အရေးကြီးသော အမှတ်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။

သူက မေးမြန်းလိုက်သည်။

"အကြိမ်ကိုးဆယ်ရွှေခန္ဓာကျင့်စဉ်ကို တတိယအဆင့် ရောက်အောင် တက်လှမ်းဖို့အတွက် ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာအချို့နဲ့ လဲလှယ်လို့ရမလား"

အကယ်၍ တတိယအဆင့်သို့သာ ရောက်ရှိခဲ့လျှင် မြှားက သူ့ကို ဤမျှလောက် ထိခိုက်စေမည် မဟုတ်သကဲ့သို့ သူ၏ ကာကွယ်မှုကိုပင် ချိုးဖျက်နိုင်မည် မဟုတ်ချေ။

[စနစ်၏ တွက်ချက်မှုအရ ဗီလိန်အမှတ် ၅၀၀,၀၀၀ ကုန်ကျမည်ဟု ခန့်မှန်းရပါတယ်... နတ်ဘုရားအဆင့် အဆီအနှစ်သွေး ၁ စက်နဲ့ လဲလှယ်ပြီး တတိယအဆင့်ကို မြှင့်တင်နိုင်ပါတယ်]

"ဟင်... နတ်ဘုရားအဆင့် ဟုတ်လား"

"နတ်နဂါးအဆီအနှစ်သွေးက နတ်ဘုရားအဆင့် မဟုတ်ဘူးလား"

"ပြီးတော့ ငါက ၅၀၀,၀၀၀ ကို ဘယ်ကသွားရမှာလဲ"

[စနစ်တွင် ချေးငွေရယူနိုင်ပါတယ်... ကိုးဆယ်ရာခိုင်နှုန်း ထုတ်ယူပြီး တစ်ရာ့သုံးဆယ်ရာခိုင်နှုန်း ပြန်ဆပ်ရပါမယ်]

‘ဝိုး... အတော်လေး ရက်စက်တာပဲ... ကိုးဆယ်ရာခိုင်နှုန်း ယူပြီး တစ်ရာ့သုံးဆယ် ပြန်ဆပ်ရမယ်ဆိုတာက သူ့ကို လှည့်စားဖို့ ကြိုးစားနေတာပဲ မဟုတ်ဘူးလား’

"သနားညှာတာမှု လုံးဝ မရှိဘူးပဲ"

ချင်လော့က ပြတ်သားစွာ ငြင်းပယ်လိုက်သည်။

"ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပေးနိုင်တဲ့ မြင့်မြတ်သောလက်နက် တစ်ခုခုနဲ့ လဲလှယ်သင့်လား"

[စနစ်၏ စစ်ဆေးမှုအရ ပိုင်ရှင်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက မြင့်မြတ်သောလက်နက်နဲ့ နှိုင်းယှဉ်နိုင်ပါတယ်... ဒါမှမဟုတ် အဆင့်မြင့် သူတော်စင်အဆင့် အပျော့စား သံချပ်ကာနဲ့ လဲလှယ်နိုင်ပါတယ်]

[ပစ္စည်း - မီးနတ်ဆိုးနဂါးအကြေးခွံသံချပ်ကာ (သူတော်စင်အဆင့်မြင့်)]

[ဖော်ပြချက် - မရဏကိုးဘုံမှ ကောင်းကင်လောင်ကျွမ်းခြင်း နတ်ဆိုးမီးတောက်ဖြင့် သွန်းလုပ်ထားပြီး မဟာသူတော်စင်အဆင့် ကျင့်ကြံသူတစ်ဦး၏ သေစေနိုင်သော ထိုးနှက်ချက်ကို ခုခံနိုင်စွမ်းရှိသည်။]

[တန်ဖိုး - ဗီလိန်အမှတ် ၃၀၀,၀၀၀]

"ဈေးကြီးလွန်းတယ်"

[ရွေးချယ်စရာ ၂ - နဂါးအကြေးခွံဓားကို ပစ္စည်းအဖြစ် အသုံးပြု၍ ဖြိုခွဲကာ မီးနတ်ဆိုးနဂါးအကြေးခွံသံချပ်ကာအဖြစ် ပြန်လည်သန့်စင်နိုင်သည်။]

[တန်ဖိုး - ဗီလိန်ပမှတ် ၁၀၀,၀၀၀]

"ကောင်းပြီ... ရွေးချယ်စရာ ၂ ကိုပဲ ရွေးမယ်"

ချင်လော့က အနည်းငယ် တွန့်ဆုတ်ပြီးနောက် ပြတ်သားစွာ ပြောဆိုလိုက်၏။

[ကုန်ကျစရိတ် ဗီလိန်အမှတ် ၁၀၀,၀၀၀... စတင် သန့်စင်နေပါသည်။]

[သန့်စင်မှု ပြီးဆုံးပါပြီ။ မီးနတ်ဆိုးနဂါးအကြေးခွံသံချပ်ကာကို ရရှိပါသည်။]

သူ လုပ်ကြံခံရသည်မှာ ဤသည်က ဒုတိယအကြိမ် ဖြစ်ပြီး ချင်လော့အနေဖြင့် သတိထားရပေမည်။

အနာဂတ်တစ်ခု ပိုင်ဆိုင်နိုင်ရန် မိမိ၏အသက်ကို ကာကွယ်ရမည်ဖြစ်သည်။

မီးနတ်ဆိုးနဂါးအကြေးခွံသံချပ်ကာကို ဝတ်ဆင်ထားသဖြင့် ချင်လော့၏ စိတ်ထဲတွင် လုံခြုံမှုအပြည့်အဝ ခံစားလိုက်ရသည်။

"အခု ငါ ဘာတွေ ထပ်ပြီး တိုးတက်ဖို့ လိုသေးလဲ... ငါ့ကို အကြံဉာဏ်တချို့ ပေးပါဦး”

ရက်အနည်းငယ်အကြာက ချင်လော့၏ အတွေးမှာ ဗီလိန်အမှတ်များကို အရေးပေါ်အခြေအနေများအတွက် သိမ်းထားရန်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူ၏ လက်ရှိအခြေအနေက အတော်လေး ဆိုးရွားနေပုံရ၏။

အကယ်၍ သူ အကျပ်အတည်းနှင့် ကြုံတွေ့ရပါက ဗီလိန်အမှတ်များကို အားကိုး၍ အခြေအနေကို ပြောင်းလဲနိုင်ပေသည်။

ယခုအခါ သူ ထိုသို့ မတွေးတော့ချေ။

ဘဝတွင် အနာကျင်ရဆုံး အရာမှာ သင် သေဆုံးသွားချိန်၌ သင်၏ ပိုက်ဆံများ သုံးစွဲခွင့်မရဘဲ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည် ဟူသော ဆိုရိုးစကားတစ်ခု ရှိပေသည်။

‘ပထမဦးစွာ ပစ္စုပ္ပန်မှာ ကောင်းကောင်း ရှင်သန်ရမယ်... ကံကြမ္မာသားတော်တွေ ရှိနေသရွေ့ ဗီလိန်အမှတ်တွေလည်း ရှိနေဦးမှာပဲ’

[ပိုင်ရှင်ကို အကြံပြုလိုသည်မှာ ဗီလိန်အမှတ် ၂၀၀,၀၀၀ အသုံးပြု၍ နိမိတ်လေးပါးဓားသိုင်း၏ အဆင့်ကို မြှင့်တင်ပါ။ (အလိုအလျောက် နားလည်သဘောပေါက်နိုင်မည်)]

[စွမ်းအားများ တိုးတက်လာမည်။]

စနစ်က သူ၏ ဗီလိန်အမှတ်များအားလုံးကို ချက်ချင်း စုပ်ယူချင်နေပုံရသည်။

ချင်လော့က အနည်းငယ် တွန့်ဆုတ်သွားပြီးနောက် ဆုံးဖြတ်လိုက်၏။

"လဲလှယ်မယ်”

[လဲလှယ်မှု အောင်မြင်ပါသည်... နိမိတ်လေးပါးဓားသိုင်း (သူတော်စင်အလယ်အလတ်အဆင့်) ၏ ထိုးထွင်းသိမြင်မှုကို ရရှိပါသည်]

[ဓားသိုင်းကို နားလည်သဘောပေါက်မှုက ဉာဏ်အလင်းပွင့်ခြင်း အခြေအနေကို ဖြစ်ပေါ်စေပါသည်... ပိုင်ရှင်အနေဖြင့် တန်ဖိုးထားပါရန်]

‘ဉာဏ်အလင်းပွင့်ခြင်း ဟုတ်လား’

ဤအတွေးနှင့်အတူ ချင်လော့က မတုံ့ပြန်နိုင်မီ ဓားချီသမုဒ္ဒရာတစ်ခုထဲသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူက ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရပြီး မယုံနိုင်လောက်အောင် သက်တောင့်သက်သာ ရှိနေပေသည်။

အချိန်များ တစ်မိနစ်ပြီးတစ်မိနစ်၊ တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်လွန်သွားခဲ့သည်။

ချင်လော့၏ ဉာဏ်အလင်းပွင့်ခြင်း ကာလသည် ဆယ်ရက်တိတိ ကြာမြင့်ခဲ့၏။

ဆယ်ရက်အကြာတွင် သူ မျက်လုံးများကို ဖွင့်လိုက်ရာ ထက်မြက်သော ဓားဆန္ဒအလင်းတန်းတစ်ခုက သူ၏ မျက်လုံးများထဲတွင် ဖြတ်ပြေးသွားခဲ့သည်။

"ဓားဆန္ဒ ကြီးမားသောအောင်မြင်မှုအဆင့်”

ချင်လော့က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အားကောင်းသော ဓားဆန္ဒများက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ အနီးနားရှိ ရှီးဟွမ်ကို လုံးဝ အံ့အားသင့်သွားစေခဲ့သည်။

"ဓားဆန္ဒ ကြီးမားသောအောင်မြင်မှုအဆင့် ဟုတ်လား... ဘုရားရေ... ဒါက ဘယ်လို ပါရမီရှင်မျိုးလဲ”

ယခင်က ဓားအရိုးကို ပိုင်ဆိုင်ထားသော ရဲ့ချန်နှင့် သေမျိုးကင်စင်ဓားခန္ဓာကို ပိုင်ဆိုင်ထားသော ချူဖုန်းတို့ နှစ်ဦးစလုံးမှာ မွေးရာပါ ဓားကျင့်ကြံသူများ ဖြစ်ကြသော်လည်း မည်သူကမျှ သူမ၏ရှေ့ရှိ မွေးရာပါ သေမျိုးခန္ဓာကို ပိုင်ဆိုင်ထားသော ချင်လော့နှင့် ယှဉ်နိုင်မည် မဟုတ်ချေ။

"ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးကျင့်စဥ်က ဒီလောက်တောင် ကောင်းကင်ကို ဆန့်ကျင်နိုင်တာလား”

ရှီးဟွမ်၏ နှလုံးသားထဲတွင် အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။

သို့သော် နောက်ဆုံးတွင် သူမက သက်ပြင်းချလိုက်မိသည်။

ချင်လော့က သူမကို ကျင့်ကြံခွင့်ပြုလျှင်ပင် သူမက မန္တန်ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် အသုံးဝင်မည် မဟုတ်ပေ။

ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးကျင့်စဉ်ကို ဖန်တီးခဲ့သော ထိုအားကောင်းသည့် ပုဂ္ဂိုလ်၏ ခန္ဓာကိုယ်သည် ချင်လော့ထက်ပင် ပိုမို ဆိုးရွားခဲ့သည်ဟု ဆိုကြ၏။

ချင်လော့၏ ခန္ဓာကိုယ်မှာ သာမန်အဆင့်တွင်သာ ရှိသော်လည်း ထိုပုဂ္ဂိုလ်၏ ခန္ဓာကိုယ်ကိုမူ အသုံးမကျသော ခန္ဓာကိုယ်ဟုပင် သတ်မှတ်နိုင်လေသည်။

ရှီးဟွမ်သည် ယခုအခါ ရုပ်ခန္ဓာ မရှိတော့သော်လည်း သူမ၏ ဝိညာဉ်မှာ အလွန်အားကောင်းလှသည်။ ထို့ကြောင့် သာမန် သို့မဟုတ် အသုံးမကျသော ခန္ဓာကိုယ်မျိုးနှင့် သဟဇာတ ဖြစ်နိုင်မည် မဟုတ်ချေ။

"အချိန် ဘယ်လောက်ကြာသွားပြီလဲ"

ချင်လော့က မျက်လုံးဖွင့်ကာ မေးမြန်းလိုက်သည်။

"မင်း တံခါးပိတ်ကျင့်ကြံတာ ရက်နှစ်ဆယ် ရှိသွားပြီ"

"ရက်နှစ်ဆယ် ဟုတ်လား... ဝိညာဉ်နယ်မြေက မကြာခင် ပွင့်တော့မှာပဲ"

"အဲ့ဒီ လုပ်ကြံသူက ဘယ်မှာလဲ"

ချင်လော့က မေးမြန်းလိုက်၏။

"ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး လက်တစ်ဖက်နဲ့ ခြေတစ်ဖက် ဆုံးရှုံးသွားတယ်... ဒါပေမဲ့ နောက်ဆုံးတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်"

"ဒါဆို သူ့မှာ သံုးချောင်းပဲ ကျန်တော့တာပေါ့... အဲ့ဒီလို အခြေအနေမျိုးနဲ့တောင် ထွက်ပြေးလွတ်မြောက်သွားသေးတယ်လား..."

ချင်လော့၏ မျက်လုံးများအတွင်း အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့၏။

"ဒါပေမဲ့ ဘုန်းကြီးက ပြေးလို့ရရင်တောင် ဘုရားကျောင်းကတော့ ပြေးလို့ မရဘူး... သွေးသတ်ဖြတ်ရေးမျှော်စင်... မင်းတို့တော့ ဒီတစ်ခေါက် ပြီးပြီပဲ..."

ရှီးဟွမ်မှာ ခဏတာ အံ့အားသင့်သွားခဲ့သည်။

သုံးချောင်း ဟုတ်လား…

သူမသည် တစ်စုံတစ်ရာကို တွေးမိသွားသကဲ့သို့ အကြည့်များကို ချင်လော့၏ အောက်ပိုင်းဆီသို့ အလိုအလျောက် ရွှေ့လိုက်မိ၏။

ချင်လော့က လူသားဧကရာဇ်အလံထဲမှ ထွက်လာချိန်၌ လျိုကျင်းကျင်းတို့က ချက်ချင်း ခေါင်းငုံ့လိုက်ကြသည်။

"အရှင်မင်းသား... ဒီငယ်သားတွေ အရည်အချင်း မရှိလို့ သူ ထွက်ပြေးလွတ်မြောက်သွားတာပါ”

"အင်း”

"ဆုကြေးငွေ ကြေညာစာ ထုတ်ပြန်လိုက်... သွေးသတ်ဖြတ်ရေးမျှော်စင်က လုပ်ကြံသူတစ်ယောက်ကို သတ်နိုင်ရင် ကောင်းကင် အဆင့်မြင့် ရတနာတစ်ခု ဆုချမယ်... သွေးသတ်ဖြတ်ရေးမျှော်စင်က သူတော်စင်အဆင့် လုပ်ကြံသူတစ်ယောက်ကို သတ်နိုင်ရင် သူတော်စင် အဆင့်အနိမ့် မြင့်မြတ်သောလက်နက် တစ်ခု ဆုချမယ်... သွေးသတ်ဖြတ်ရေးမျှော်စင်က သူတော်စင်ဘုရင်အဆင့် လုပ်ကြံသူတစ်ယောက်ကို သတ်နိုင်ရင် အဆင့်အနိမ့် မြင့်မြတ်သောလက်နက် နှစ်ခု ဆုချမယ်”

အလယ်အလတ်အဆင့်များနှင့် ပတ်သက်၍ သူ၏ လက်အောက်ငယ်သားများက ဆုကြေးတစ်ခုမျှ မရရှိနိုင်သဖြင့် သဘာဝကျကျပင် သူက ဆုကြေးထုတ်မည် မဟုတ်ချေ။

"လျိုကျင်းကျင်း... မင်းကို တာဝန်တစ်ခု ပေးမယ်”

"အရှင်မင်းသား... အမိန့်ပေးပါ"

"ငါ လုပ်ကြံရေးအဖွဲ့အစည်း တစ်ခု တည်ထောင်ချင်တယ်... လောလောဆယ် နာမည်ကို ငရဲနန်းတော်လို့ ပေးထားမယ်"

"နောင်တဓားချောက်ကမ်းပါးက လူတွေအားလုံး နောင်ကျရင် ငရဲနန်းတော်ရဲ့ လုပ်ကြံသူတွေ ဖြစ်လာလိမ့်မယ်”

"မြင့်မြတ်နယ်မြေတွေထဲက အရင်းအမြစ်တွေအားလုံးကို စုစည်းပြီး မင်းရဲ့ ဂျူနီယာညီမတေတွေ အားလုံးကို သူတော်စင်အဆင့်ကို တက်လှမ်းနိုင်အောင် လုပ်ဆောင်ပေးလိုက်”

"မင်းကို ငါပေးမယ့် ပထမဆုံး တာဝန်က သွေးသတ်ဖြတ်ရေးမျှော်စင်ကို ရှာဖွေပြီး သူတို့ကို သုတ်သင်ရှင်းလင်းဖို့ပဲ”

အရာရာတိုင်းက သုံးကြိမ်ထက် ပိုခွင့်မလွှတ်နိုင်ပေ။

ယခုအခါ သွေးသတ်ဖြတ်ရေးမျှော်စင်က သူ့ကို နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ပြီးဖြစ်ရာ တတိယအကြိမ်ကို သူ ခွင့်ပြုမည် မဟုတ်ချေ။

"ဝိညာဉ်နယ်မြေကို သွားဖို့ ပြင်ဆင်ကြ"

"အရှင်မင်းသား... လုံကျိရော့ ထွက်သွားတုန်းက သူမက စကားတစ်ခွန်း ချန်ထားခဲ့တယ်... သူတော်စင်စုကို တိုက်ခိုက်တဲ့သူတွေ ရှိတယ်တဲ့... အနည်းဆုံး မဟာသူတော်စင် နှစ်ပါးနဲ့ သူတော်စင်ဘုရင်အဆင့် အတော်များများ ပါဝင်တယ်လို့ ပြောပါတယ်”

ချင်လော့၏ အကြည့်များက အေးစက်သွားသည်။

"တတိယမင်းသားက ငါနဲ့ တိုက်ခိုက်ချင်နေပုံပဲ... ကောင်းပြီလေ... မင်းက တိုက်ချင်တယ်ဆိုရင်လည်း တိုက်ကြတာပေါ့”

အဝေးရှိ မဟာချင်အင်ပါယာ နယ်နိမိတ်အတွင်း၌ ချန်ကျန့်ရှန်းသည် တတိယမင်းသား ချင်မင်ထံမှ သူ၏ မြေးဖြစ်သူ သတ်ဖြတ်ခံလိုက်ရပြီဖြစ်ကြောင်း သတင်းရရှိခဲ့သည်။

သူက အလွန် ယုတ္တိမတန်ဟု ခံစားလိုက်ရသည်။

"ဒုတိယမင်းသား ဟုတ်လား... ဟား... ဒုတိယမင်းသားက ငါ့မြေးကိုသတ်ဖို့ လူလွှတ်လိုက်တယ်ပေါ့”

"တတိယမင်းသားက ငါ့ကို အရူးတစ်ယောက်လို သဘောထားနေတာလား... ရယ်စရာပဲ”

မင်းသားများထဲတွင် သူ၏ မြေးဖြစ်သူအပေါ် လှုပ်ရှားမှု ပြုလုပ်ရန် အလားအလာ အနည်းဆုံးမှာ မည်သူနည်း။

ထိုသူမှာ ဒုတိယမင်းသားပင် ဖြစ်၏။

ဖြောင့်မတ်တည်ကြည်သော ဒုတိယမင်းသားသည် နိမ့်ကျသော မိခင်မျိုးနွယ်မှ ဆင်းသက်လာပြီး သူ၏ တစ်သက်တာလုံး တောင်ပိုင်းနယ်စပ်တွင် စစ်တိုက်ခဲ့ရသည်။

အကြိမ်ပေါင်းများစွာ ပြင်းထန်စွာ ဒဏ်ရာရပြီး သေလုမြောပါး ဖြစ်ခဲ့ဖူးသော်လည်း စစ်တပ်အတွင်း၌ ကြီးမားသော ဩဇာအာဏာ ရှိကာ တောင်ပိုင်းနယ်စပ်တွင် စစ်နတ်ဘုရားဟု ခေါ်ဆိုကြသည်။

သို့သော် သူ၏ ဩဇာအာဏာမှာ တောင်ပိုင်းနယ်စပ်တွင်သာ ကန့်သတ်ထားပေသည်။

သူသည် ဒုတိယမင်းသားကို မြင်ဖူးခဲ့ပြီး သူ၏ စိတ်ထဲတွင် ဒုတိယမင်းသားအပေါ် အလွန်မြင့်မားသော အကဲဖြတ်မှု ရှိခဲ့ပေသည်။

နောက်ထပ် အကြောင်းအရင်း တစ်ခုလည်း ရှိသေးသည်။

ဤအချက်ကို တတိယမင်းသား မသိခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် သူသည် ယခင်ကတည်းက ဒုတိယမင်းသားနှင့် လျှို့ဝှက်စွာ သဘောတူညီမှု ရရှိထားပြီးဖြစ်ကာ ထီးနန်းလုပွဲတွင် ဒုတိယမင်းသားကို ထောက်ခံရန် ရည်ရွယ်ထားသောကြောင့်ပင်။

ဤသည်မှာ ဒုတိယမင်းသားက သူ၏မြေးဖြစ်သူကို သတ်မည်မဟုတ်ကြောင်း သူ သေချာပေါက် ယုံကြည်ရသော အရေးအကြီးဆုံး အကြောင်းအရင်းပင် ဖြစ်ပေသည်။

"ငါ့ကို မျောက်တစ်ကောင်လို ဆက်ဆံနေတာလား... အရှင်မင်းသား ပြောတာ မှန်ပုံရတယ်... တတိယမင်းသားက ငါ့မြေးကို သတ်တဲ့ တရားခံ ဖြစ်ဖို့ အလားအလာ အရမ်းများတယ်..."

ချန်ကျန့်ရှန်း၏ မျက်လုံးများထဲတွင် ကြမ်းကြုတ်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။

ရူးသွပ်သော အတွေးတစ်ခုက သူ၏ စိတ်ထဲတွင် ဖြတ်ပြေးသွားခဲ့၏။

ဤသူတော်စင်စုကို ချုံခိုတိုက်ခိုက်မှုက သူ့အတွက် အခွင့်အရေးတစ်ခု ဖြစ်သည်ဟု သူ ခံစားလိုက်ရသည်။ သူ၏ မြေးဖြစ်သူအတွက် ကလဲ့စားချေရန် အလွန်ကောင်းမွန်သော အခွင့်အရေးပင်။

"အရှင်မင်းသားက ငါရဲ့ ဆုံးဖြတ်ချက်ကို နားလည်ပေးမယ်လို့ ထင်တယ်..."

"ငါ သေသည်အထိ တိုက်ခိုက်ပြီး တတိယမင်းသားကို ခေါ်ဆောင်သွားမယ်။ အဲ့ဒီနောက် ငါက အခြားအင်အားစုတွေရဲ့ နှလုံးသားထဲမှာ အရှင်မင်းသား ချန်ထားခဲ့တဲ့ ဆူးတစ်ချောင်း ဖြစ်သွားလိမ့်မယ်..."

All Chapters