အခန်း ၁၀၆
Vol. 11 Ch. 106
အခန်း (၁၀၆) စုချန်ချန်အား ချုံခိုတိုက်ခိုက်ခြင်းနှင့် အလိုရှိကြောင်း ကြေညာစာ
စုချန်ချန်သည် အင်ပါယာမြို့တော်သို့ သူတို့သွားမည့် သတင်းကို တမင်တကာ ဖုံးကွယ်ထားခြင်း မရှိခဲ့ချေ။
မဟာချင်အင်ပါယာ နယ်မြေအတွင်းသို့ ရောက်ရှိလာချိန်တွင် ဖုံးကွယ်ရန် ပို၍ပင် ခက်ခဲသွားပေ၏။
ဟေးရှီမြို့အပြင်ဘက်၌ စုချန်ချန်တို့သည် ချုံခိုတိုက်ခိုက်ခံခဲ့ရသည်။
စုချန်ချန်က သူ၏ရှေ့တွင် ပေါ်လာသော အနက်ရောင်ဝတ်ရုံခြုံထားသည့် အမျိုးသားတစ်ဦးကို ကြည့်ကာ လေးနက်သောအသံဖြင့် ပြောဆိုလိုက်သည်။
"ဝေ့ရှောင်လင်... လျှို့ဝှက်မနေနဲ့တော့... မင်းဆိုတာ ငါသိတယ်”
သူက ဝေ့ရှောင်လင်ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် ပြင်းထန်သော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားပေ၏။
"ငါ့ရဲ့ စုမိသားစု တစ်ခုလုံးကို ဖျက်ဆီးခဲ့တာ မင်းပဲ မဟုတ်လား”
တစ်ဖက်လူက သတိပြုမိသွားပြီဖြစ်ရာ ဝေ့ရှောင်လင်သည် သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဆက်လက်မဖုံးကွယ်တော့ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်ပေသည်။
"ဟားဟားဟား... လူအိုကြီး.. မင်းက အသက်ရှင်ကျန်ရစ်ရုံတင်မကဘဲ မဟာသူတော်စင်အဆင့်ကိုပါ တက်လှမ်းနိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”
"ဒါပေမဲ့ ရပါတယ်... ဒီနေ့ မင်းကို စုမိသားစုဝင်တွေနဲ့ အဖော်လုပ်ပေးဖို့ ငါ ပို့ပေးမယ်”
စုချန်ချန်က လှောင်ပြောင်လိုက်၏။
"ဝေ့ရှောင်လင်... မင်းက တော်တော် သတ္တိရှိတာပဲ... မဟာချင်အင်ပါယာရဲ့ နယ်မြေအတွင်းမှာ ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့... ချင်ဧကရာဇ်က အပြစ်ပေးမှာကို မင်း မကြောက်ဘူးလား”
"ငါက ချင်ဧကရာဇ်ဆီကနေ ပထမအဆင့် စစ်သူကြီးဘွဲ့ကို ရထားတာဆိုတော့ မင်းရဲ့လုပ်ရပ်က ချင်ဧကရာဇ်ကို ရန်စနေတာပဲ”
ဝေ့ရှောင်လင်က လှောင်ပြောင်လိုက်သည်။
"စုချန်ချန်... အရှင်မင်းကြီးက မင်းကို အကာအကွယ်ပေးနိုင်မယ်လို့ မင်း ထင်နေတာလား”
"ကံမကောင်းစွာနဲ့ပဲ အရှင်မင်းကြီးက တံခါးပိတ်ကျင့်ကြံနေပြီဆိုတော့ သုံးနှစ်ကနေ ငါးနှစ်လောက်အထိ ထွက်လာမှာ မဟုတ်ဘူး... အဲ့ဒီအချိန်ရောက်ရင် မင်းရဲ့ သင်္ချိုင်းပေါ်က မြက်ခင်းတွေတောင် အတော်ရှည်နေလောက်ပြီ”
"အချိန်တွေ ပြောင်းလဲသွားရင်... အရှင်မင်းကြီးက သေလူတစ်ယောက်ဖြစ်တဲ့ မင်းအတွက် မဟာချင်အင်ပါယာရဲ့ ရှန်ဝူစစ်သူကြီးဖြစ်တဲ့ ငါ့ကို အရေးယူမယ်လို့ ထင်နေတာလား”
"မင်းကိုယ်မင်း အထင်ကြီးလွန်းနေပြီ”
"ကောင်းပြီ... ဒါဆိုရင်လည်း စလိုက်ကြတာပေါ့... ဝေ့ရှောင်လင်... ငါ့ကို သတ်နိုင်ဖို့ မင်းဆီမှာ ဘယ်လို စွမ်းရည်တွေ ရှိလဲဆိုတာ ငါ ကြည့်ချင်တယ်”
စုချန်ချန်သည် မဟာသူတော်စင်တစ်ဦး ဖြစ်သည့်အားလျော်စွာ သူ၏ ကိုယ်ပိုင် ကျင့်ကြံမှုကို သဘာဝကျကျ ယုံကြည်မှုရှိပေ၏။
အကယ်၍ ဝေ့ရှောင်လင်တွင်သာ ဝှက်ဖဲမရှိခဲ့လျှင် ယနေ့တွင် ဝေ့ရှောင်လင်ကို သတ်ဖြတ်ကာ သူ ကလဲ့စားချေမည် ဖြစ်သည်။
ချင်ဧကရာဇ် တံခါးပိတ်ကျင့်ကြံနေခြင်းက အမှန်တကယ်တော့ သူ၏အတွက် ကောင်းမွန်သောအရာပင်။
သူ့ကို မည်သူကမျှ အပြစ်လာတင်မည် မဟုတ်သည့်အပြင် ဝေ့ရှောင်လင်က သူ့ကို ဦးစွာ စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သောကြောင့်ပင်။
ဝေ့ရှောင်လင်သည် အလျင်စလို မလှုပ်ရှားခဲ့ဘဲ တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"ငါတစ်ယောက်တည်းဆိုရင် မင်းကို သေချာပေါက် သတ်နိုင်မယ်လို့ အာမမခံနိုင်ပေမဲ့ နှစ်ယောက်ဆိုရင်ရော…”
"အစ်ကိုလင်း... လုပ်တော့”
သူ စကားပြောဆိုပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ တောက်ပသော အလင်းရောင်များ ဖြာထွက်လာပြီး ဓားဆန္ဒများဖြင့် လူတစ်ယောက်က ရှေ့သို့ တက်လာခဲ့ပေသည်။
စုချန်ချန်၏ အကြည့်များ ကျဉ်းမြောင်းသွား၏။
"ဓားကျင့်ကြံသူ”
"ဝေ့ရှောင်လင်... မင်းက ဓားကျင့်ကြံသူ တစ်ယောက်ကိုပါ ရှာထားလောက်တဲ့အထိ ငါ့ကို အထင်ကြီးနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
"သေချာတာပေါ့... သစ်ပင်ခုတ်ရင် သစ်ငုတ်ပါမကျန် အမြစ်ပြတ်အောင် ရှင်းရမယ်လေ... စုချန်ချန်... မင်းက မြို့တော်ထဲမှာ မနေဘဲ အပြင်ဘက်မှာ မင်းရဲ့ မြေးဆိုတဲ့ကောင်ကို ဘာလို့ အတင်းကာရော အကာအကွယ်ပေးနေရတာလဲ"
"ဘယ်လိုပဲဖြစ်ဖြစ် မြေးဆိုတာ အပြင်လူပဲလေ... အပြင်လူတစ်ယောက်အတွက် မင်းရဲ့ အသက်ကို စွန့်ရတာ တန်လို့လား”
"အိုး... မဟုတ်သေးဘူး... မင်းရဲ့ မြေးက မင်းရဲ့ တစ်ဦးတည်းသော မျိုးဆက် ဆက်ခံသူပဲလေ
စုချန်ချန်... မင်းမှာ မျိုးဆက်တစ်ယောက်ပဲရှိတာ…ကျွတ်…ကျွတ်… နှမြောစရာပဲ”
"မင်း သေသွားရင် သူလည်း အသက်ရှင်နိုင်မှာ မဟုတ်ဘူး”
"စကားပြောတာ တော်လောက်ပြီ... စလိုက်ကြတာပေါ့”
စုချန်ချန်က သူ၏ လက်ထဲရှိ ခရမ်းရောင်မိုးကြိုးမြင့်မြတ်တူကို ကိုင်ဆောင်လိုက်ရာ လျှပ်စီးတန်းများ တောက်ပသွားပြီး သူက ရှေ့သို့ ခုန်တက်ကာ ဦးစွာ စတင်တိုက်ခိုက်လိုက်ပေသည်။
‘ဝုန်း!’
နားကွဲမတတ် ဟိန်းဟောက်သော မိုးကြိုးသံကြီး ထွက်ပေါ်လာရာ ဝေ့ရှောင်လင်မှာ သိသိသာသာပင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
"ဒါက သူတော်စင်အဆင့် အဆင့်မြင့် လက်နက်ပဲ”
သူ၏ မျက်လုံးများတွင် လောဘဇောတိုက်နေသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပေ၏။
"အစ်ကိုလင်း... အားမနာနဲ့တော့... အတူတူ တိုက်ခိုက်ကြရအောင်”
မဟာသူတော်စင်အဆင့် သိုင်းပညာရှင် နှစ်ဦးက စုချန်ချန်အား တိုက်ခိုက်လာချိန်တွင် တစ်ခဏမျှ အဖြေပေါ်ရန် ခက်ခဲနေခဲ့သည်။
စုချန်ချန်သည် အသာစီးမရခဲ့သော်လည်း သူက လွယ်ကူစွာပင် ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။
မှောင်ရိပ်ထဲတွင် ပုန်းကွယ်နေသော ယဲ့လန်မှာ အချိန်အတော်ကြာကတည်းက တိုက်ခိုက်ရန် အသင့်ဖြစ်နေခဲ့ပေသည်။
သူမက စုချန်ချန်ထံသို့ လျှို့ဝှက်သတင်းစကားတစ်ခု ပေးပို့လိုက်၏။
"သူတို့နှစ်ယောက်စလုံးက အရမ်းသန်မာတယ်... သူတို့ကို ဆက်တိုက်ဖို့က နည်းနည်း ခက်ခဲလိမ့်မယ်”
သူမက ထွက်လာရန် လိုအပ်ခြင်း ရှိမရှိ စုချန်ချန်အား မေးမြန်းနေခြင်း ဖြစ်သည်။
စုချန်ချန်က ဝေ့ရှောင်လင်၏ တိုက်ခိုက်မှုကို တူဖြင့် တစ်ချက်တည်း ရိုက်ခွဲလိုက်ပြီး သူ၏အသံက ယဲ့လန်၏ နားထဲသို့ ရောက်ရှိသွားပေသည်။
"လှုပ်ရှားဖို့ မလိုသေးဘူး... ဝှက်ဖဲတွေကို သိမ်းထားပြီး အချိန်ကောင်းကို စောင့်နေလိုက်”
ချင်လော့၏ ဘေးနားတွင် မဟာသူတော်စင်အဆင့် သိုင်းပညာရှင် နှစ်ဦးရှိနေကြောင်းကို စောစီးစွာ ထုတ်ဖော်ပြသခြင်းက ကောင်းမွန်သောအရာ မဟုတ်သကဲ့သို့ အခြားသူများ၏ ပစ်မှတ်ထားခြင်းကို ချင်လော့ထံသို့ ဆွဲဆောင်သွားစေလိမ့်မည် ဖြစ်သည်။
‘ဘန်း ဘန်း ဘန်း!’
စုချန်ချန်သည် မိုးကြိုးနတ်ဘုရားတစ်ပါးကဲ့သို့ လူနှစ်ဦး၏ တိုက်ခိုက်မှုများကို တစ်ချက်တည်းဖြင့် ပိတ်ဆို့ဟန့်တားလိုက်သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီး သူက ဟိန်းဟောက်လိုက်၏။
"ဒီနေ့ ရန်ငြိုးကို ငါ စုချန်ချန် မှတ်ထားမယ်... မင်းတို့နှစ်ယောက်နဲ့ တခြားတစ်နေ့မှ ပြန်တွေ့ကြတာပေါ့”
"သူ ထွက်ပြေးချင်နေတာ!”
"သူ့ကို ထွက်ပြေးခွင့် ပေးလို့မရဘူး!”
ဝေ့ရှောင်လင် စကားပြောဆိုပြီးသည်နှင့် သူတော်စင်ဘုရင်အဆင့် သိုင်းပညာရှင် စုစုပေါင်း ခုနစ်ဦး ဝင်ရောက်လာပြီး သူတို့က မဟာသူတော်စင်အဆင့် သိုင်းပညာရှင်တစ်ဦးနှင့် ညီမျှသော မဟာအစီအရင်တစ်ခုကို အတူတကွ ဖွင့်လှစ်လိုက်ကြသည်။
ဤသည်က ယဲ့လန်နှင့် စုချန်ချန်တို့ အတူတကွ ပူးပေါင်းပါက ဝေ့ရှောင်လင်ကို သတ်ဖြတ်နိုင်မည်ဟု ယုံကြည်မှု လုံးဝ မရှိရခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုလည်း ဖြစ်ပေသည်။
ဝေ့ရှောင်လင်၏ ကျင့်ကြံမှုအဆင့်သည်လည်း မဟာသူတော်စင် နောက်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။
"ကောင်းကင်ကြယ်တာရာဓားတစ်သောင်းအစီအရင်... ငါ့အတွက် ဖြိုခွဲပေးစမ်း!"
စုချန်ချန်က အစီအရင်ပုံစံကို ဆင့်ခေါ်လိုက်ရာ ဖွဲ့စည်းပုံက ချက်ချင်းပင် စုတ်ပြဲသွားပြီး သူက ထောင့်တစ်နေရာမှ လွတ်မြောက်သွားခဲ့သည်။
"ဝေ့ရှောင်လင်... နောက်တစ်ကြိမ် ငါတို့ ပြန်တွေ့တဲ့အခါ မင်း သေရမယ့်နေ့ပဲ!”
"လိုက်ကြ!”
ဝေ့ရှောင်လင်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
သူတော်စင်ဘုရင်များထဲမှ တစ်ဦး လျော့နည်းနေသည်ဟု သူ အမြဲတမ်း ခံစားနေရသော်လည်း ယခုအချိန်သည် ဤကိစ္စကို လိုက်လံစုံစမ်းရမည့် အချိန်မဟုတ်ချေ။
စုချန်ချန်ကို သတ်ဖြတ်နိုင်မှသာလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။
အနောက်ပိုင်းသဲကန္တာရနယ်မြေတွင် ချင်မင်သည် နောက်ဆုံးရ သတင်းများကို စောင့်ဆိုင်းနေခဲ့သော်လည်း မည်သည့်သတင်းမျှ မရရှိခဲ့ဘဲ လူတစ်ယောက်ကိုသာ စောင့်ဆိုင်းနေခဲ့ရသည်။
‘ဘန်း!’
လျှို့ဝှက်စွာ စောင့်ကြပ်နေသော သူ၏ သူတော်စင်တစ်ဦး ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် ချင်မင်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့သည်။ သူ၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားကာ ရောက်လာသူကို မော့ကြည့်လိုက်၏။
‘ဒေါက်... ဒေါက်... ဒေါက်…’
ချန်ကျန့်ရှန်းက ဖြည်းညင်းစွာ လျှောက်လှမ်းဝင်လာရာ ချင်မင်၏ စိတ်နှလုံးထဲတွင် ဆိုးရွားသော ခံစားချက်တစ်ခု ပေါ်ပေါက်လာခဲ့၏။
"ယင်းဝူစစ်သူကြီး... ခင်ဗျားက ဒီကို ဘာလာလုပ်တာလဲ”
ချင်မင်က မေးမြန်းလိုက်သည်။
ချန်ကျန့်ရှန်းက လှောင်ပြောင်လိုက်၏။
"တတိယမင်းသား... ကျွန်တော်က ဒီနေရာမှာ မရှိဘဲ ဘယ်နေရာမှာ ရှိနေသင့်တယ်လို့ ထင်လို့လဲ”
"သူတော်စင်စုကို ချုံခိုတိုက်ခိုက်ဖို့ မင်းအတွက် ငါ့အသက်ကို စွန့်ရမယ်လို့ ထင်နေတာလား”
ချင်မင်သည် စကားမပြောခဲ့ပေ။
ချန်ကျန့်ရှန်း ပေါ်လာသည့် အခိုက်အတန့်တွင် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း သူ သဘောပေါက်သွားခဲ့ပြီး သူ၏ လက်ထဲရှိ အသက်ကယ် ကျောက်စိမ်းအဆောင်ကို ချေမွလိုက်သည်။
"မင်းက ငါ့မြေးကို သတ်ပြီး တခြားသူတွေကို အပြစ်ပုံချခဲ့တယ်... ပြီးတော့ ငါ့ကို နဝမမင်းသားကို သတ်ခိုင်းဖို့ ကြိုးစားခဲ့တယ်”
"အခု မင်းက ငါ့ကို ထပ်ပြီး လိမ်ညာနေပြန်ပြီ... ဒီပြစ်မှုကို ဒုတိယမင်းသားဆီ ပုံချချင်နေတာလား... ဘာလဲ”
"တတိယမင်းသား... မင်းက ငါ ချန်ကျန့်ရှန်းကို ဘာလို့ မှတ်နေတာလဲ... လူအလို့ ထင်နေတာလား”
‘ဝုန်း!’
သူတော်စင်ဘုရင်အဆင့်၏ အားကောင်းသော ကျင့်ကြံမှု ပေါက်ကွဲထွက်လာပြီး ချင်မင်အား ကြီးမားသော ဖိအားများ ပေးစွမ်းလိုက်ပေသည်။
"ယင်းဝူစစ်သူကြီး... ခင်ဗျားက ကျွန်တော့်ကို တိုက်ခိုက်ရဲတယ်ပေါ့... အကျိုးဆက်တွေကို ခင်ဗျား စဉ်းစားပြီးပြီလား”
ချင်မင်က မည်းမှောင်နေသော မျက်နှာဖြင့် မေးမြန်းလိုက်၏။
"ငါ ချန်ကျန့်ရှန်းရဲ့ သွေးမျိုးဆက်က ပြတ်တောက်သွားပြီ... ပြီးတော့ မင်းတို့ မဟာချင်အင်ပါယာက လူတွေက ငါ့ကို မျောက်တစ်ကောင်လို ဆက်ဆံကြတယ်... ဒီနေ့တော့ ငါ ချန်ကျန့်ရှန်း ပုန်ကန်မယ်”
"သေစမ်း!”
ချန်ကျန့်ရှန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး အစွမ်းကုန် တိုက်ခိုက်လိုက်သည်။
ချင်မင်က သူ၏ ကျင့်ကြံမှုကို ချက်ချင်း ထုတ်ဖော်လိုက်ရာ သူ၏အဆင့်သည် သူတော်စင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း မည်သူကမျှ မျှော်လင့်မထားခဲ့ကြချေ။
အသေအလဲ တိုက်ပွဲဝင်ခြင်းပင်။
သတင်းရရှိချိန်၌ ချင်လော့သည် လုံးဝ အံ့အားသင့်သွားခဲ့သည်။
"အရှင်မင်းသား... ယင်းဝူစစ်သူကြီးကို အလိုရှိစာရင်း ထုတ်ထားတယ်”
လီယီက ဤသို့ပြောလိုက်သောအခါ ချင်လော့မှာ အတော်လေး ဇဝေဇဝါ ဖြစ်သွားတော့သည်။
"ဘာဖြစ်တာလဲ... လူတိုင်းကို ဒေါသထွက်အောင် သူ ဘာလုပ်ခဲ့လို့လဲ”
"ယင်းဝူစစ်သူကြီး ချန်ကျန့်ရှန်းက မဟာချင်အင်ပါယာရဲ့ တတိယမင်းသားကို ထိခိုက်နစ်နာစေဖို့ ရည်ရွယ်ချက်နဲ့ တတိယမင်းသားကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့တယ်... မဟာချင်အင်ပါယာက အလိုရှိကြောင်း ကြေညာစာ ထုတ်ပြန်ခဲ့ပြီး ယင်းဝူစစ်သူကြီး ချန်ကျန့်ရှန်းကို သတ်ဖြတ်နိုင်သူတိုင်းကို ဘယ်တော့မှ မပြောင်းလဲနိုင်တဲ့ မျိုးရိုးစဉ်ဆက် အခွင့်ထူးတွေနဲ့အတူ ဒုတိယအဆင့် စစ်သူကြီးဘွဲ့ကို ချီးမြှင့်မယ်လို့ ဆိုပါတယ်”
ချင်လော့သည် အချိန်အကြာကြီး အံ့အားသင့်သွားပြီးနောက် စစ်သူကြီး ကျန်းတိုကို လှည့်ကြည့်ကာ မေးမြန်းလိုက်၏။
"တတိယအစ်ကိုနဲ့ သွားပြီး ပြဿနာရှာဖို့ သူ့ကို ငါ မခိုင်းခဲ့ဘူး မဟုတ်လား”
စစ်သူကြီး ကျန်းတိုက ခေါင်းခါယမ်းလိုက်သည်။
"အရှင်မင်းသား... သေချာပေါက် မခိုင်းခဲ့ပါဘူး”
"ဒါဆို သူက ဘယ်လိုဖြစ်ရတာလဲ”
အချိန် မည်မျှ ကြာသွားသည်မသိ။ ချင်လော့ထံသို့ ချန်ကျန့်ရှန်း ပေးပို့သော သတင်းစကားတစ်ခု ရောက်ရှိလာခဲ့သည်။
"အရှင်မင်းသား... ဒီငယ်သားက မြောက်ပိုင်းမန်ကို လျှို့ဝှက်စွာ ဝင်ရောက်သွားပါပြီ... နောက်တစ်နေ့ အရှင်မင်းသားက မြောက်ပိုင်းမန်ကို တိုက်ခိုက်မယ့်အချိန်ကို စောင့်ဆိုင်းနေပါတယ်... အဲ့ဒီအချိန်ကျရင် မြောက်ပိုင်းမန်ကို ဖြုတ်ချဖို့ အရှင်မင်းသားကို သေချာပေါက် ကူညီပေးပါ့မယ်”
ဘေးနားရှိ စစ်သူကြီး ကျန်းတိုက ချင်လော့၏ အမူအရာ အနည်းငယ် ထူးဆန်းနေသည်ကို သတိပြုမိပြီး အလျင်အမြန် ပြောဆိုလိုက်၏။
"ချန်ကျန့်ရှန်းက သူ့သဘောနဲ့သူ လုပ်ဆောင်နေတာ အရမ်း ရိုင်းစိုင်းလွန်းတယ်... သူ့ကို ပြန်ခေါ်လာဖို့ ကျွန်တော် လူတွေ ခေါ်သွားရမလား”
ချင်လော့က သူ့ကို တစ်ချက်ကြည့်လိုက်သည်။
"ငါ မင်းကို သုံးဖို့ လိုလို့လား... သူ့အသက်က ငါ့လက်ထဲမှာ ရှိတယ်... ငါ သူ့ကို အသက်ရှင်ခိုင်းရင် သူ ရှင်ရမယ်... ငါ သူ့ကို သေခိုင်းရင် သူ သေရုံကလွဲပြီး ရွေးချယ်စရာ မရှိဘူး”
"ကျစ်... သူတော်စင်ဘုရင် တစ်ယောက်က တတိယမင်းသားကိုတောင် မသတ်နိုင်ဘူး... သူက တကယ်ကို အသုံးမကျတဲ့ကောင်ပဲ”
"ချန်ကျန့်ရှန်းဆီကို သတင်းပို့လိုက်... မြောက်ပိုင်းမန်အင်ပါယာမှာ ပြဿနာတွေ ဖြစ်လာအောင် နည်းလမ်းရှာဖို့နဲ့ လူလွှတ်ပြီး တတိယမင်းသားကို လှုံ့ဆော်ပေးဖို့ သူ့ကို တိုက်တွန်းလိုက်”
"ကျစ်... ငါ့ကို လှည့်စားရဲတဲ့သူ ဘယ်သူမဆို သေရမယ်... တတိယအစ်ကိုတော် သေကိုသေရမယ်..."