အခန်း ၁၀၂
Vol. 11 Ch. 102
အခန်း (၁၀၂) ဖုန်းထျန်းဆိုတာ အံ့သြစရာ တိုင်းပြည်လေးပါလား
ပန်းကန်လုံး စားသောက်ဆိုင် ထဲမှာတော့ ကျော်ယို့က ပြတင်းပေါက်နားမှာ မတ်တတ်ရပ်ပြီး လမ်းမကို ကြည့်နေတာ ခြေထောက်တွေတောင် ညောင်းနေပြီ။ သူက ကုရှင်းလန် ဘက်ကို လှည့်ပြီး မေးလိုက်တယ်။
"မင်းသမီးက ကျူးယိတိုင်းပြည် အထိ သွားပြီး သစ်အယ်သီးလှော် သွားဝယ်နေတာလား"
ကုရှင်းလန်ကတော့ ခေါင်းငုံ့ပြီး ဟင်းတွေကို သူ့ဘာသာ စားနေတယ်။ ကုသခင်လေးက သူ့ဇနီးအတွက် နည်းနည်းလေးမှ စိတ်မပူဘူး။ ဒီမြို့တော်မှာ သူ့ဇနီးကို ဒုက္ခပေးနိုင်မဲ့ သူဆိုတာ မမွေးလာသေးဘူးလို့ သူ ထင်တယ်။ ပြီးတော့ ယွီးရှောင်ရှောင် ဘေးမှာ ရှောင်ကျွမ်းနဲ့ ရှောင်ဝေ ဆိုတဲ့ အရိပ်ကိုယ်ရံတော် နှစ်ယောက်လည်း ပါသွားသေးတယ်လေ။ ယွီးရှောင်ရှောင် ပြန်မလာသေးဘူး ဆိုတာ သူမက စားစရာ တစ်ခုခုကို တွေ့သွားပြီး တစ်နေရာရာမှာ သွားစားနေလို့ပဲ ဖြစ်ရမယ်လို့ ကုရှင်းလန်က တွေးနေတယ်။
ကျင်းမော့က ခွက်ထဲက အရက်ကို အကုန်သောက်လိုက်ပြီး ဘာမှ မဖြစ်သလို နေနေတဲ့ ကုရှင်းလန်ကို တစ်ချက် ကြည့်လိုက်ကာ ကျော်ယို့ကို ပြောလိုက်တယ်။
"မင်းက မင်းသမီးလေးကို တော်တော် ဂရုစိုက်တာပဲ"
ကျော်ယို့က ပြန်ပြောတယ်။
"သစ်အယ်သီး သွားဝယ်တာလေးကို၊ အခုဆို အချိန် ဘယ်လောက်တောင် ကြာနေပြီလဲ"
ကျင်းမော့က ရယ်ပြီး ပြောတယ်။
"ဘယ်လိုပဲ ဖြစ်ဖြစ် မင်းသမီးလေးက သစ်အယ်သီး ဝယ်ဖို့ ငါတို့ ကျူးယိတိုင်းပြည် အထိတော့ သွားမှာ မဟုတ်ပါဘူး"
ကျော်ယို့က ပြတင်းပေါက် ဘောင်ကို အားကုန် ရိုက်ချလိုက်တယ်။ ကုရှင်းလန်က ဘာမှ မဖြစ်သလို နေနေတာကို မြင်ရလေ၊ စစ်သူကြီး ကျော်ယို့က ပိုပြီး ဒေါသထွက်လေပဲ။ ကုရှင်းလန်ကို လက်ညှိုးထိုးပြီး အော်လိုက်တယ်။
"မင်းလို မိန်းမကို အားကိုးပြီး စားနေတဲ့ ကောင်။ မင်းသမီး ပျောက်သွားတာကို နည်းနည်းလေးမှ စိတ်မပူဘူးလား"
ကုရှင်းလန်က ကျော်ယို့အသံ ကြားတော့ စားလက်စကို ခဏ ရပ်လိုက်တယ်။ ဒါပေမဲ့ ကျော်ယို့ပြောတာကို ကြားပြီးနောက်မှာတော့ ဆက်စားနေပြန်တယ်။
ကျော်ယို့က ပြောတယ်။
"မင်းက အရှက် မရှိတော့ဘူးလား"
ကုရှင်းလန်က ပါးစပ်ထဲက ပျားရည်ဆမ်း ပဲပြားလိပ်ကို မျိုချလိုက်ပြီး ခေါင်းမော့ကာ ကျော်ယို့ကို ကြည့်ပြီး မေးလိုက်တယ်။
"ခင်ဗျားက မင်းသမီးဆီက ဘာလိုချင်နေတာလဲ"
"ငါ"
ကျော်ယို့က ကုရှင်းလန်ရဲ့ စကားတစ်ခွန်းတည်းနဲ့ ဆွံ့အသွားတယ်။ ငါက မင်း မိန်းမကို လုချင်နေတာလို့ ပြောရမလား။ ကုရှင်းလန်ကိုတော့ ကျော်ယို့က မကြောက်ပါဘူး၊ ဒါပေမဲ့ လင်းလုံမင်းသမီးက သူ့ကို မျက်နှာသာ မပေးမှာကိုပဲ စိုးရိမ်နေတာ။ ဒီရက်ပိုင်း အတွင်း ကျော်ယို့က သူ့ရဲ့ နောက်လိုက်တွေနဲ့ ယွီးလင်းလုံကို ဘယ်လို မျက်နှာရအောင် လုပ်မလဲ ဆိုတာကို အကြိမ်ကြိမ် တိုင်ပင်ဆွေးနွေးခဲ့ကြတယ်။ ကျော်ယို့က အခုချိန်မှာ ယွီးရှောင်ရှောင်က သူ့ရဲ့ ကောင်းကွက်တွေကို မြင်လာအောင် အရင် လုပ်ရမယ်၊ အဲဒီတော့မှ သူမကို လုယူဖို့ အဆင်ပြေမယ်လို့ ထင်နေတာ။
ကျင်းမော့က ပြဿနာ ပိုကြီးသွားအောင် မြှောက်ပင့်ပေးလိုက်တယ်။
"စစ်သူကြီး ကျော်ယို့။ ပိုင်ဟူတိုင်းပြည်မှာ သူများ မယားကို လုယူတဲ့ ဓလေ့ ရှိတယ်လို့ ကျွန်တော် ကြားဖူးပါတယ်။ ဒါပေမဲ့ အခုက ဖုန်းထျန်းမှာလေ။ ကျော်ယို့။ လင်းလုံမင်းသမီးက စစ်သူကြီးကုနဲ့ လက်ထပ်ပြီးပြီ ဆိုတာကို ကျွန်တော် သတိပေးဖို့ လိုသေးလား"
"ပါးစပ်ပိတ်ထားစမ်း"
ကျော်ယို့က ကျင်းမော့ကို မျက်စောင်းထိုးပြီး ပြောလိုက်တယ်။
ဝမ်မောမောကတော့ စိတ်ပျက်လက်ပျက်နဲ့ မျက်လုံးလှန်ကြည့်လိုက်တယ်။ သူမက ဒီသုံးယောက်နဲ့ အခုချိန်ထိ ထိုင်နေခဲ့ပြီးမှ တစ်ခုကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားတယ်။ ဒါက သူမရဲ့ သမက်တော် ဆီကို ရောက်လာမဲ့ အရှုပ်အရှင်းတွေ မဟုတ်ဘူး။ သူမရဲ့ မင်းသမီးလေးဆီကို ရောက်လာမဲ့ အရှုပ်အရှင်းတွေပဲ။ သူမရဲ့ မင်းသမီးလေးက ဘယ်လောက်တောင် ဉာဏ်နည်းနေလို့ စစ်သူကြီး ကျော်ယို့က သမက်တော်ကို သဘောကျနေတယ်လို့ ထင်နေရတာလဲ။ ကိုယ်နို့တိုက် ကျွေးမွေးခဲ့တဲ့ ကလေးက ငတုံးလေး ဖြစ်နေတယ် ဆိုတဲ့ အသိက ဝမ်မောမောကို တကယ်ပဲ ဝမ်းနည်းသွားစေတယ်။
ကျင်းမော့က ကုရှင်းလန်ကို အရက်ခွက် မြှောက်ပြပြီး ပြောလိုက်တယ်။
"စစ်သူကြီးကု။ တစ်နေ့နေ့ စစ်မြေပြင်မှာ ကျွန်တော်တို့ ပြန်တွေ့ကြပြီး ပြိုင်နိုင်ဖို့ မျှော်လင့်ပါတယ်"
ကျော်ယို့က ကုရှင်းလန် ဘာမှ ပြန်မပြောခင် ဝင်ရယ်လိုက်တယ်။
"သူက လမ်းတောင် မလျှောက်နိုင်တဲ့ ဒုက္ခိတပဲလေ။ ဒီတစ်သက် စစ်မြေပြင်ကို ဘယ်လို ပြန်သွားနိုင်မှာလဲ။ ဒီ ဒုက္ခိတက ဒီတစ်သက် မင်းသမီးလေးရဲ့ ကျွေးမွေးတာကို ခံရမဲ့ ကံပါပဲ"
ကုရှင်းလန်က အေးစက်စက် လေသံနဲ့ ပြောလိုက်တယ်။
"ဒါက ကျွန်တော်နဲ့ မင်းသမီးရဲ့ ကိစ္စပါ။ စစ်သူကြီး ကျော်ယို့ဝင်ပါစရာ မလိုပါဘူး"
ကျော်ယို့က ကုရှင်းလန်ရဲ့ ဒီလို အေးတိအေးစက် ပုံစံမျိုးကို အမုန်းဆုံးပဲ။ ဘာကိစ္စ ဖြစ်ဖြစ် ဒီလူက မျက်နှာ အမူအရာ လုံးဝ မပြောင်းဘူးလေ။ အဲဒါကြောင့် စစ်သူကြီး ကျော်ယို့က လှောင်ပြုံး ပြုံးပြီး ပြောလိုက်တယ်။
"ဒါဆို ငါက မင်းနဲ့ ပြိုင်ချင်တယ်လို့ ပြောရင်ကော။ ကုရှင်းလန်။ မင်း လက်ခံရဲလား"
ကျင်းမော့က မျက်ခုံးပင့်ပြီး မေးလိုက်တယ်။
"မင်းက သူများ မယားကို တကယ် လုချင်နေတာလား"
"ပြိုင်မယ်ဟုတ်လား"
ပြတင်းပေါက် အပြင်ဘက်ကနေ ယွီးရှောင်ရှောင်ရဲ့ အသံ ထွက်လာတယ်။
အခန်းထဲက လူတွေ အကုန်လုံး ပြတင်းပေါက်ကို လှည့်ကြည့်လိုက်တော့ မင်းသမီးလေးက လူတစ်ယောက်ကို ဆွဲပြီး ပြတင်းပေါက်ကနေ ခုန်ဝင်လာတာကို တွေ့လိုက်ရတယ်။
"အရှင်မင်းကြီး"
ကုရှင်းလန်က ယွီးရှောင်ရှောင် ဆွဲခေါ်လာတဲ့ လူကို သေချာ မြင်သွားတော့ လက်ထဲက တူတောင် လွတ်ကျသွားတယ်။
အခန်းထဲမှာ ရုတ်တရက် တိတ်ဆိတ်သွားတယ်။
ကျော်ယို့က 'ငါ့မျက်လုံးတွေများ တစ်ခုခု ဖြစ်သွားလို့လား' လို့ တွေးလိုက်မိတယ်။
ကျင်းမော့ကလည်း 'ငါ အမြင်မှားတာများလား' လို့ တွေးနေတယ်။
ဝမ်မောမောကတော့ 'အမလေး။ ဒါ တကယ်ပဲ အရှင်မင်းကြီးလား' လို့ တွေးနေတယ်။
ကျန်တဲ့ အစေခံတွေ အကုန်လုံးကလည်း ယွီးရှောင်ရှောင်နဲ့ ဘုရင်ကြီးကို စိုက်ကြည့်နေကြတယ်။ ဖုန်းထျန်း ဆိုတာ တကယ့်ကို အံ့သြစရာ တိုင်းပြည်လေးပါလား။ တိုင်းပြည်ရဲ့ ဘုရင် တစ်ပါးက ညအိပ်ဝတ်စုံနဲ့ ပြတင်းပေါက်ကနေ ခုန်ဝင်လာတယ် ဆိုတော့ ဒါက ဘာသဘောလဲလို့ သူတို့ တွေးနေကြတယ်။
ဘုရင်ကြီးက အခန်းထဲက လူတွေကို ဂရုမစိုက်နိုင်သေးဘဲ ယွီးရှောင်ရှောင်ကို အော်လိုက်တယ်။
"ငါတို့ ဘာလို့ လှေကားကနေ မလာရတာလဲ"
ယွီးရှောင်ရှောင်က ဖြေတယ်။
"ဘာလို့လဲ ဆိုတော့...”
"မြန်ချင်လို့ ဆိုတဲ့ အကြောင်းပြချက်တော့ မပေးနဲ့" လို့ ဘုရင်ကြီးက သမီးဖြစ်သူရဲ့ စကားကို ဖြတ်ပြောလိုက်တယ်။
ယွီးရှောင်ရှောင်က ခဏ စဉ်းစားပြီး ပြန်ဖြေတယ်။
"ဘာလို့လဲ ဆိုတော့ နီးလို့လေ"
ဘုရားရေ။ ဘုရင်ကြီး လဲကျသွားမတတ် ဖြစ်သွားတယ်။ မြန်တာနဲ့ နီးတာနဲ့ ဘာကွာလို့လဲ။
ယွီးရှောင်ရှောင်က ဘုရင်ကြီးရဲ့ မည်းမှောင်နေတဲ့ မျက်နှာကို ကြည့်ပြီး ထပ်စဉ်းစားကာ မေးလိုက်တယ်။
"ဒါဆို ကျွန်မ ရှင့်ကို ခေါ်ပြီး လှေကားကနေ နောက်တစ်ခေါက် ပြန်တက်ပြရမလား"
"မလိုတော့ဘူး"
ဘုရင်ကြီးက အမြန် ခေါင်းခါပြလိုက်တယ်။ ပြတင်းပေါက်ကနေ ခုန်ဝင်ရတဲ့ ဒီလို လှုပ်ရှားမှုမျိုးက ဘုရင် တစ်ပါးနဲ့ လုံးဝ မသင့်တော်ဘူးလေ။
"ဒါဆိုရင်လည်း ထမင်းစားကြမယ်" လို့ ယွီးရှောင်ရှောင်က စားပွဲကို လက်ညှိုးထိုးပြပြီး ပြောလိုက်တယ်။
"လွတ်တဲ့ နေရာမှာ ဝင်ထိုင်လိုက်"
အဲဒီတော့မှ ဘုရင်ကြီးက စားပွဲဘက်ကို လှည့်ကြည့်လိုက်တယ်။
ကုရှင်းလန်က ထိုင်ခုံပေါ်ကနေ လျှောဆင်းပြီး ဘုရင်ကြီးကို အရိုအသေ ပေးဖို့ လုပ်ရင်း ပြောတယ်။
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
ဘုရင်ကြီးက ဒီတစ်ခါတော့ အမြန် လျှောက်သွားပြီး ကုရှင်းလန်ကို လှမ်းဖမ်းထားလိုက်တယ်။ ဒီသမက်တော်ကို သူ အထင်လွဲခဲ့မိပြီ ဆိုတာ သိသွားလို့ ဘုရင်ကြီးက ကုရှင်းလန်ကို ကြည့်ရင်း ရင်ထဲမှာ အားနာသွားတယ်။ ဒါကြောင့် ကုရှင်းလန်ကို နူးနူးညံ့ညံ့ပဲ ပြောလိုက်တယ်။
"မင်းမှာ ဒဏ်ရာ ရှိသေးတယ်လေ။ ဂါရဝပြုစရာ မလိုပါဘူး"
ဘုရင်ကြီးရဲ့ အပြုအမူနဲ့ လေသံကြောင့် ကုရှင်းလန်က အံ့သြပြီး သံသယ ဝင်သွားတယ်။ သူ့ကို ဘယ်တုန်းကမှ မျက်နှာကောင်း မပြခဲ့တဲ့ ဘုရင်ကြီးက ဒီနေ့ ဘာဖြစ်လို့လဲ။ ကုသခင်လေးက မသိစိတ်ကနေ ယွီးရှောင်ရှောင်ကို လှည့်ကြည့်လိုက်မိတယ်။ သူ့ဇနီးကများ ဘုရင်ကြီးကို ရိုက်နှက်ပြီး အရူး ဖြစ်သွားအောင် လုပ်လိုက်တာများလား။
ယွီးရှောင်ရှောင်ကတော့ အခု ကျော်ယို့နဲ့ မျက်လုံးချင်း စိုက်ကြည့်နေတယ်။
"ရှင်က ကျွန်မရဲ့ ရှောင်ကုနဲ့ အစွမ်းပြိုင်ချင်လို့လား"
မရနိုင်တော့လို့ ဖျက်ဆီးပစ်ချင်တဲ့ သဘောလား လို့ ယွီးရှောင်ရှောင်က တွေးလိုက်တယ်။
ကျော်ယို့က 'ဟုတ်တယ်' လို့ ပြောရမလား 'မဟုတ်ဘူး' လို့ ပြောရမလား ဆုံးဖြတ်ရ ခက်နေတယ်။
ယွီးရှောင်ရှောင်က ပြောတယ်။
"ယောက်ျားကောင်း ဆိုတာ ပြောစရာ ရှိရင် ပွင့်ပွင့်လင်းလင်း ပြောရတယ်"
ကျော်ယို့က သူကိုယ်သူ ယောက်ျားကောင်း တစ်ယောက်လို့ ယူဆထားတာမို့ ခေါင်းညိတ်ပြီး ပြောလိုက်တယ်။
"ဟုတ်ပါတယ် မင်းသမီး။ ကျွန်တော်က...”
"ရှင်က နေမကောင်းတဲ့ သူနဲ့ ရန်ဖြစ်ချင်တာလား" လို့ ယွီးရှောင်ရှောင်က ကျော်ယို့စကားမဆုံးခင် ဖြတ်ပြောလိုက်တယ်။
"ရှင့်အမေက နေမကောင်းတဲ့ လူတွေကို သနားညှာတာရမယ် ဆိုတာ မသင်ပေးဖူးဘူးလား"
ကျော်ယို့က ကုရှင်းလန်ကို တစ်ချက် ကြည့်လိုက်တယ်။ ကုရှင်းလန်လို လူမျိုးကို သူက ဘာလို့ သနားညှာတာ ရမှာလဲ။ သူ့အမေက အဲဒီလိုမျိုး မသင်ပေးခဲ့ပါဘူး။
"ကျွန်မ ရှင်းပြမယ်" လို့ ယွီးရှောင်ရှောင်က ပြောတယ်။ အချစ်ဆိုတာ နှစ်ဦးနှစ်ဖက် သဘောတူမှ ရေရှည် တည်တံ့နိုင်တာလေ။ ကုရှင်းလန်က သူ့ကို မကြိုက်တာ သိသာနေတာကို သူက ဘာလို့ ဒီလောက် ခေါင်းမာနေရတာလဲ။
ကျော်ယို့က မေးလိုက်တယ်။
"မင်းသမီးက ကျွန်တော့်ကို ဘာပြောချင်လို့လဲ"
ယွီးရှောင်ရှောင်က ဖြေတယ်။
"ခံစားချက်တွေကို အတင်းအကျပ် တောင်းဆိုလို့ မရဘူးလေ"
ကျော်ယို့က ပြန်ပြောတယ်။
"အဲဒါက ကျွန်တော်တို့ သိတာ သိပ်မကြာသေးလို့ပါ။ မင်းသမီး။ အချိန် နည်းနည်းလောက် ပေးကြည့်ပါ၊ ကျွန်တော်က ယောက်ျားကောင်း တစ်ယောက် ဆိုတာ မင်းသမီး သိလာမှာပါ"
ယွီးရှောင်ရှောင်က ပြောတယ်။
"ကျွန်မ သိရင် ဘာလုပ်ရမှာလဲ"
ကုရှင်းလန် သိဖို့ လိုတာ မဟုတ်ဘူးလား။
"မင်းသမီး"
ဝမ်မောမောက အော်လိုက်တယ်။ ဒီလို စကားမျိုး ဆက်ပြောခွင့် မပေးနိုင်တော့ဘူး။ ဆက်ပြောနေရင် သမက်တော် ဘယ်လိုလုပ် နေနိုင်တော့မှာလဲ။ သမက်တော်ရဲ့ သိက္ခာကျအောင် လုပ်နေတာလား။ ဒါမှမဟုတ် သမက်တော်ကို ခေါင်းပေါ်မှာ ဦးထုပ်စိမ်း ဆောင်းပေးချင်နေတာလား။ (ဦးထုပ်စိမ်းဆောင်းတယ်ဆိုတာ ဖောက်ပြန်တာကို ပြောတာပါ)
"ရှင် မျှော်လင့်ချက် မရှိတော့ဘူး၊ အလကား အပင်ပန်းမခံနဲ့တော့"
ယွီးရှောင်ရှောင်က ကျော်ယို့ကို အဲဒီ စကားတစ်ခွန်းပဲ ပြောခဲ့ပြီး ဝမ်မောမော အနားကို လျှောက်သွားကာ မေးလိုက်တယ်။
"ဘာဖြစ်လို့လဲ"
ဝမ်မောမောက ပြန်ဖြေတယ်။
"မင်းသမီး။ ဘာလို့ ဒီလောက် အကြာကြီး သွားနေရတာလဲ"
ယွီးရှောင်ရှောင်က ဘုရင်ကြီးကို ကြည့်ပြီး ပြောလိုက်တယ်။
"ရှောင်ကုက ဒီမှာ ရှိနေတယ်လေ။ အဖေ။ ရှောင်ကုကို တောင်းပန်လိုက်ပါ။ ကိုယ့်အမှား ကိုယ်သိပြီး ပြင်ရင် အဖေက ကလေးကောင်း။ ဪ မဟုတ်ဘူး။ ဘုရင်ကောင်း တစ်ပါး ဖြစ်နေသေးတာပဲ"
…