အခန်း ၁၀၃
Vol. 11 Ch. 103
အခန်း (၁၀၃) ယောက္ခထီးနဲ့ သမက်
ဘုရင်ကြီးက ကုရှင်းလန်ကို ကြည့်တဲ့ အကြည့်တွေက ထပ်ပြောင်းသွားပြန်ပြီ။ ရုတ်တရက် သူ့သမက်ကို တကယ် သေစေချင်တဲ့ စိတ်တွေ ပေါက်လာတယ်။
ကုရှင်းလန်က ပိုပြီးတောင် ကြောင်အမ်းအမ်း ဖြစ်သွားပြီး ယွီးရှောင်ရှောင်ကို မေးလိုက်တယ်။
"ဒါ။ ဒါက ဘာတွေ ဖြစ်နေတာလဲ"
တိုင်းပြည်ရဲ့ ဘုရင် တစ်ပါးက သူ့လို အမတ် တစ်ယောက်ကို တောင်းပန်တယ်တဲ့လား။ ဘုရင်ကြီး တကယ်ပဲ အရိုက်ခံရလို့ ရူးသွားတာလား။
ဘုရင်ကြီးက ခဏလောက် တွေဝေသွားတယ်။ ကိုယ့်အမှား ကိုယ်ဝန်ခံရဲတဲ့ သတ္တိမျိုး သူ့မှာ ရှိပေမဲ့ ဒါက သူ့ရဲ့ သမက်လေ။ ယောက္ခထီးက သမက်ကို တောင်းပန်စရာ လိုလို့လား။ ခက်ခက်ခဲခဲ ပြုစုပျိုးထောင်ထားတဲ့ သမီးလေးက ဒီကောင်လေး လက်ထဲ ရောက်သွားတာကို။ သူက ဒီကောင်လေးကို တစ်ချက်လောက် ရိုက်လိုက်ရင်တောင် ဘာဖြစ်လို့လဲ။
ယွီးရှောင်ရှောင်က ဘုရင်ကြီး ကုရှင်းလန်ကို စိုက်ကြည့်နေတာကို မြင်တော့ ပြောလိုက်တယ်။
"ရှင်က ဘာကို စောင့်နေတာလဲ"
ကုရှင်းလန်က ဒီ သားအဖ နှစ်ယောက်က တောင်းပန်ဖို့ ကိစ္စကို တကယ် အတည် ပြောနေကြတာပဲ ဆိုတာကို သိလိုက်ရတော့ အမြန်ပဲ ဘုရင်ကြီးကို လက်ကာပြပြီး ပြောလိုက်တယ်။
"အရှင်မင်းကြီး။ ကျွန်တော်မျိုး မဝံ့ရဲပါဘူး"
ဘုရင်ကြီးက နှာခေါင်းရှုံ့လိုက်ပြီး ပြောတယ်။
"ငါကိုယ်တော်တောင် မဝံ့ရဲဘူး မရှိတာ။ မင်းက ဘာမဝံ့ရဲစရာ ရှိလို့လဲ"
ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ ပခုံးကို အသာလေး ပုတ်လိုက်ပြီး ပြောတယ်။
"ဟုတ်တယ်လေ။ ထိုင်နေ။ မလှုပ်နဲ့"
ကျင်းမော့၊ ကျော်ယို့နဲ့ အခန်းထဲမှာ ရှိတဲ့ အစေခံတွေ အကုန်လုံးက ဒီပြဇာတ်ကို သေချာ ကြည့်နေကြတယ်။ ဘုရင်က အမတ်ကို တောင်းပန်တဲ့ ပြဇာတ်မျိုးကို ဒီတစ်သက် သူတို့ နောက်တစ်ခါ ထပ်ကြည့်ရတော့မှာ မဟုတ်ဘူးလေ။
ဘုရင်ကြီးက လည်ချောင်း တစ်ချက် ဟန့်လိုက်တယ်။
ယွီးရှောင်ရှောင်က စိတ်မရှည်စွာနဲ့ ပြောတယ်။
"တောင်းပန်ပါတယ် ဆိုတဲ့ စကား တစ်ခွန်း ပြောရတာ ဒီလောက်တောင် ခက်နေလား"
ဘုရင်ကြီးက ကုရှင်းလန်ကို တကယ့်ကို လေးလေးနက်နက်နဲ့ ပြောလိုက်တယ်။
"ငါကိုယ်တော် ဒီတစ်ခေါက် မင်းကို အထင်လွဲသွားတယ် ဆိုတာ သိပါတယ်။ ဒီလို လုပ်ကြတာပေါ့။ မင်းတို့ ကုမိသားစုက လူတွေ အကုန်လုံးကို မူလ ရာထူးတွေ ပြန်ပေးမယ်။ ကျောင်းပေချန်ကိုလည်း ငါကိုယ်တော် သေချာပေါက် ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်"
ယွီးရှောင်ရှောင်က "ဟွန့်" လို့ အသံပြုလိုက်တယ်။ ဒါက တောင်းပန်တာလား။ ကြည့်ရတာ ဒီအရူးဘုရင်က မိန်းမတွေနဲ့ အိပ်တာကလွဲပြီး တခြား ဘာမှ မကျွမ်းကျင်ဘူး ထင်ပါတယ်။
ကုရှင်းလန်ကတော့ ကြောင်သွားပြီး ဘုရင်ကြီးကို မေးလိုက်တယ်။
"အရှင်မင်းကြီးရဲ့ ဆိုလိုတာက...”
"ကုချန်းက နောင်ကျရင် ကျန့်ကော်ဟို အဖြစ် ပြန်နေရမယ်။ ကုရှင်းနော့နဲ့ ကုရှင်းယန် တို့ကိုလည်း...”
ဘုရင်ကြီးက ဒီနေရာမှာ ခဏ ရပ်သွားတယ်။ ကုရှင်းနော့နဲ့ ကုရှင်းယန်တို့ အရင်က ဘာရာထူးတွေ လုပ်ခဲ့လဲ ဆိုတာ သူ မမှတ်မိတော့လို့ ပွင့်ပွင့်လင်းလင်းပဲ ဆက်ပြောလိုက်တယ်။
"သူတို့ နှစ်ယောက်ကို ရာထူး တစ်ဆင့် တိုးပေးမယ်။ ကုမိသားစုက အမျိုးသမီးတွေကိုလည်း သူတို့ရဲ့ မူလ အဆောင်အယောင်တွေ ပြန်ပေးမယ်။ အင်း။ ငါကိုယ်တော် ဒီလို လုပ်ပေးတာကို မင်း ကျေနပ်ရဲ့လား"
ကုရှင်းလန်မှာ မကျေနပ်စရာ ဘာအကြောင်း ရှိမှာလဲ။
ယွီးရှောင်ရှောင်က ဘုရင်ကြီးရဲ့ စကားကို ကြားတော့ ရာထူး တစ်ဆင့် တိုးပေးတယ် ဆိုတဲ့ လျော်ကြေးက မဆိုးဘူးလို့ တွေးလိုက်ပြီး ကုရှင်းလန်ကို မေးလိုက်တယ်။
"အစ်ကိုကြီးနဲ့ အစ်ကိုလတ်က အရင်က ဘာရာထူးတွေလဲ"
ဒီမေးခွန်းကို ဘုရင်ကြီးလည်း သိချင်နေတာပဲ။
ကုရှင်းလန်က ဖြေတယ်။
"ကျွန်တော့် အစ်ကိုကြီးနဲ့ အစ်ကိုလတ်က ပထမအဆင့် စစ်သူကြီးတွေပါ။ နောက်တစ်ဆင့် တိုးရင် မှူးမတ်အဆင့် ရတော့မှာပါ"
ဒီစကားကို ပြောပြီးတော့ ကုသခင်လေးက ဘုရင်ကြီးကို ကြည့်လိုက်တယ်။ သူ့ရဲ့ ယောက္ခထီးက သူ့အစ်ကို နှစ်ယောက်ကို တကယ်ပဲ မှူးမတ်အဆင့် ပေးတော့မှာလား။
ဘုရင်ကြီး ကြောင်အမ်းအမ်း ဖြစ်သွားတယ်။ ဘုရင်တွေ ဆိုတာ စစ်တပ်ကို ဦးဆောင်တဲ့ စစ်သူကြီးတွေရဲ့ ရာထူးက အရမ်း မြင့်သွားမှာကို အမြဲတမ်း စိုးရိမ်တတ်ကြတယ်လေ။ ဒါမှ သူတို့က ဘုရင်ကို အာခံတာမျိုး မလုပ်နိုင်မှာ။ ဒါကြောင့် ကုမိသားစုမှာ စစ်သူကြီး လေးယောက် ရှိပြီး တိုင်းပြည်အတွက် အများကြီး အကျိုးပြုခဲ့ပေမဲ့ ကုချန်းတစ်ယောက်တည်းကိုပဲ မှူးမတ်အဆင့် ပေးထားတာ။
ယွီးရှောင်ရှောင်က ကုရှင်းလန် စကားပြောပြီးနောက်မှာ သူမ အဖေက ဘာမှ ဆက်မပြောတာကို မြင်တော့ ဘုရင်ကြီးကို မေးလိုက်တယ်။
"အဖေ စကားရုပ်သိမ်းချင်လို့လား"
ဘုရင်ကြီးက အိမ်ပြန်ချင်သွားပြီ။ သူ့သမီးနဲ့ အတူ ရှိနေရတာက သူ့ကို အမြဲတမ်း ဝမ်းနည်းစေတယ်။
ယွီးရှောင်ရှောင်က ပြောတယ်။
"အဖေ တကယ် စကားရုပ်သိမ်းချင်တာလား။ ဘုရင် တစ်ပါးရဲ့ စကားက ရွှေလို အဖိုးတန်တယ် ဆိုတာ မဟုတ်ဘူးလား"
ဘုရင် တစ်ပါး ပြောတဲ့ စကားကတောင် လေလည်သလို ဖြစ်နေရင် ဒီကမ္ဘာကြီးမှာ ဘယ်သူ့စကားကို သူမက ယုံရတော့မှာလဲ။
ဘုရင်ကြီးက မေးလိုက်တယ်။
"မင်းက ကုမိသားစု အတွက် ရာထူး တောင်းပေးနေတာလား"
ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ ခြေထောက် နှစ်ဖက်ကို လက်ညှိုးထိုးပြပြီး သူမ အဖေကို ကြည့်ခိုင်းလိုက်တယ်။
ဘုရင်ကြီးက အခုထိ လှုပ်လို့ မရသေးတဲ့ ကုရှင်းလန်ရဲ့ ခြေထောက်တွေကို ငုံ့ကြည့်လိုက်တယ်။
ယွီးရှောင်ရှောင်က ဆက်ပြောတယ်။
"ခန္ဓာကိုယ်က ရထားတဲ့ ဒဏ်ရာတွေကို ဘယ်လို လျော်ကြေးပေးမလဲ။ ရှောင်ကုရဲ့ အပြစ်ကင်းစင်မှုကို အဖေက စွပ်စွဲပြီး ဖျက်ဆီးပစ်လိုက်တာလေ။ ရှောင်ကုရဲ့ အပြစ်ကင်းစင်မှုကို ပြန်မပေးဘူးလား။ ရှောင်ကုမှာ ခန္ဓာကိုယ် ဒဏ်ရာတင် မကဘူး။ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေပါ ရထားတာနော်"
ယွီးရှောင်ရှောင်က သူမမှာ အနည်းငယ်ပဲ ရှိတဲ့ သမိုင်း ဗဟုသုတတွေကို သုံးပြီး ဘုရင်ကြီးကို ပြတ်ပြတ်သားသား ပြောလိုက်တယ်။
"အဖေက သူတို့အတွက် ဂုဏ်ပြု ကျောက်တိုင်လေး တစ်ခု စိုက်ထူပေးလိုက်ရုံနဲ့ ပြီးသွားပြီလို့ ထင်နေတာလား"
အခန်းထဲက လူတွေ အကုန်လုံးက ဒီစကားက တစ်ခုခုတော့ လွဲနေတယ်လို့ ခံစားလိုက်ရတယ်။
ဘုရင်ကြီးက သူ့သမီး ပြောတဲ့ စကားတွေကို တွေးရင်းနဲ့ပဲ ခေါင်းတွေ ကိုက်လာပြီ။
ကုရှင်းလန်လည်း ဘုရင်ကြီးလောက်ပဲ ခေါင်းကိုက်နေပြီး ဘုရင်ကြီးကို မေးလိုက်တယ်။
"အရှင်မင်းကြီး။ ကျွန်တော်မျိုးကို ချောက်ချတဲ့သူက ကျောင်းပေချန်ဆိုတာကို အရှင်မင်းကြီး ဘယ်လိုလုပ် သိတာလဲ"
ဒီသမက်တော်က တကယ်ကို ကြည့်မရစရာ ကောင်းတာပဲ လို့ ဘုရင်ကြီးက တွေးလိုက်တယ်။ ဘုရင်ကြီးက သူ့အမတ် လိမ်တာကို ခံလိုက်ရတဲ့ အကြောင်းကို ထပ်ပြောပြဖို့ အတင်း တောင်းဆိုနေတာလား။ ဒီကောင်လေးက အဲဒီလို လုပ်မှ ပျော်မှာလား။
ယွီးရှောင်ရှောင်က ပြောတယ်။
"ကျောင်းပေချန်ကိုယ်တိုင် ပြောတာ...”
"မှူးမတ်အဆင့် ပေးမယ်" လို့ ဘုရင်ကြီးက ယွီးရှောင်ရှောင်ကို စကားဖြတ်ပြောလိုက်တယ်။ သူ ဘယ်လောက်ပဲ အရှက်မရှိပါစေ။ ကျင်းမော့ နဲ့ ကျော်ယို့တို့ ရှေ့မှာတော့ သူ့သမီးက သူ့ရဲ့ အရှက်ရစရာ သမိုင်းကြောင်းတွေကို ပြောပြတာကို လက်မခံနိုင်ဘူးလေ။
ဘုရင်ကြီးက ကုရှင်းလန်ကို ပြောလိုက်တယ်။
"မနက်ဖြန် ငါကိုယ်တော် အမိန့်တော် ထုတ်ပေးမယ်။ နောက်ရက် အနည်းငယ် နေရင် ကုချန်းက ဝမ်ရှန်းဂိတ်ကို ပြန်သွားရမယ်။ သူက ဝမ်ရှန်းဂိတ်ရဲ့ စစ်သေနာပတိချုပ် အဖြစ် ဆက်ရှိနေမယ်"
ကုရှင်းလန်က ဘုရင်ကြီး အမိန့်တော် ထုတ်ပေးမယ်လို့ ပြောတာကို ကြားတော့ ဒီကိစ္စက သေချာသွားပြီ။ ပြောင်းလဲလို့ မရတော့ဘူး ဆိုတာ သိလိုက်ရလို့ ပြောလိုက်တယ်။
"အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို ကျွန်တော်မျိုး ကျေးဇူးတင်ပါတယ်"
ပြောရင်းနဲ့ ကုရှင်းလန်က ဒူးထောက်ပြီး ကျေးဇူးတင်စကား ဆိုဖို့ လုပ်လိုက်တယ်။
ဘုရင်ကြီးက လက်လှမ်းပြီး ကုရှင်းလန်ကို ထပ်ဖမ်းထားလိုက်ပြန်တယ်။
"ထားလိုက်ပါ။ ဂါရဝပြုစရာ မလိုပါဘူး။ နောင်ကျရင် လင်းလုံကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးရင် ရပါပြီ"
ယွီးရှောင်ရှောင်က ဘုရင်ကြီးရဲ့ ပခုံးကို ဖိပြီး ကုရှင်းလန် ဘေးမှာ အတင်း ထိုင်ခိုင်းလိုက်ကာ ပြောလိုက်တယ်။
"ကဲ။ ဒီကိစ္စ ပြီးပြီ ဆိုတော့ တို့တွေ ထမင်းစားကြမယ်"
ဘုရင်ကြီးက စားပွဲပေါ်က ဟင်းတွေကို တစ်ချက် ကြည့်ပြီး မေးလိုက်တယ်။
"ဒါက သူတို့ စားပြီးသား ဟင်းတွေလေ။ မင်းက ငါကိုယ်တော်ကို ဒါတွေကို စားခိုင်းတာလား"
ယွီးရှောင်ရှောင်က ဘာမှ မပြောဘဲ အသားလုံး ကြီးကြီး တစ်လုံးကို ယူပြီး ဘုရင်ကြီးရဲ့ ပါးစပ်ထဲ အတင်း ထည့်ပေးလိုက်ကာ ပြောလိုက်တယ်။
"စားရတာကိုပဲ ကျေးဇူးတင်လိုက်ပါ။ လူဆိုတာ ရှိတာလေးနဲ့ ရောင့်ရဲတတ်ရတယ်"
အရိပ်ကိုယ်ရံတော် ခေါင်းဆောင်က အဆိပ်စစ်ဆေးရဦးမယ်လို့ ပြောချင်ပေမဲ့ အသားလုံးက ဘုရင်ကြီးရဲ့ ပါးစပ်ထဲ ရောက်သွားပြီမို့ ဘာမှ ဆက်မပြောတော့ဘဲ မျိုသိပ်ထားလိုက်ရတယ်။
ယွီးရှောင်ရှောင်က ရှောင်ကျွမ်း၊ ရှောင်ဝေ နဲ့ အရိပ်ကိုယ်ရံတော် လေးယောက်ကို ပြောလိုက်တယ်။
"မင်းတို့လည်း ထိုင်စားကြလေ"
ရှောင်ကျွမ်းနဲ့ ရှောင်ဝေက ဘေးက စားပွဲမှာ ဝင်ထိုင်ပြီး တူကိုင်ကာ စားကြတယ်။ အရိပ်ကိုယ်ရံတော် လေးယောက်ကတော့ မလှုပ်ရဲဘူး။ ဘုရင်ကြီး ထိုင်စားနေတဲ့ အချိန်မှာ သူတို့က ဘယ်လိုလုပ် ဝင်ထိုင်စားရဲမှာလဲ။ အနည်းဆုံးတော့ ဘုရင် ဆိုတဲ့ သတ္တဝါကို ကြောက်ရွံ့လေးစားတဲ့ စိတ်လေးတော့ ထားသင့်တယ် မဟုတ်လား။
ကုရှင်းလန်က သတိထားပြီး ဘုရင်ကြီးကို ထပ်မေးလိုက်တယ်။
"အရှင်မင်းကြီး။ ကျွန်တော်မျိုးရဲ့ အဘိုးနဲ့ အစ်ကိုကြီးတို့က တကယ်ပဲ ဝမ်ရှန်းဂိတ်ကို ပြန်သွားလို့ ရပြီလား"
ဘုရင်ကြီးက ပါးစပ်ထဲက အသားလုံးကြီးကို အနိုင်နိုင် မျိုချလိုက်ပြီး ကုရှင်းလန်ကို မကျေမနပ် ကြည့်ကာ ပြောလိုက်တယ်။
"ငါကိုယ်တော် ပြောတဲ့ စကားကို မင်းက မယုံလို့လား"
ယွီးရှောင်ရှောင်က ကုရှင်းလန်ကို ပြောလိုက်တယ်။
"အခုတော့ အဆင်ပြေသွားပြီ။ အဘိုးနဲ့ အစ်ကိုကြီးတို့ အကုန်လုံး ဘာမှ မဖြစ်တော့ဘူး။ တို့ စားကြရအောင်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ ပိုက်ဆံ ရှင်းစရာ မလိုပါဘူး"
ကျင်းမော့ရဲ့ လက်ထဲက အရက်ခွက်က နည်းနည်း တုန်သွားတယ်။ အဓိက အချက်က ထမင်းဖိုး မဟုတ်ဘူးလေ။
ကုရှင်းလန်က သူ့ဇနီးကို ကြည့်နေမိတယ်။ ယွီးရှောင်ရှောင်ကို လက်ထပ်ပြီးကတည်းက သူ နေ့တိုင်း အိပ်မက် မက်နေရသလိုပဲ။
ကျော်ယို့က မျက်မှောင်ကြုတ်ပြီး ယွီးရှောင်ရှောင်ကို မေးလိုက်တယ်။
"မင်းသမီးက သစ်အယ်သီးလှော် သွားဝယ်တာ မဟုတ်ဘူးလား။ ဘာလို့ အရှင်မင်းကြီးက ရောက်လာတာလဲ။ ဘာလို့ ကုမိသားစုရဲ့ အမှုက ကင်းရှင်းသွားတာလဲ။ မင်းသမီး ဘာတွေ လုပ်ခဲ့တာလဲ"
ဒီမေးခွန်းတွေကို အားလုံး သိချင်နေကြတယ်။
ယွီးရှောင်ရှောင်က ပါးစပ်ထဲက ဟင်းတွေကို မျိုချလိုက်ပြီး ပြောတယ်။
"ကျွန်မနဲ့ ရှောင်ကျွမ်း၊ ရှောင်ဝေ တို့က အကျဉ်းထောင်ကို သွားခဲ့တယ်။ ပြီးတော့ ကျွန်မ ဖေဖေ့ကိုလည်း အကျဉ်းထောင်ကို ခေါ်သွားတယ်။ အဲဒီမှာ ကျောင်းပေချန်ကိုယ်တိုင် ဝန်ခံခဲ့တာလေ"
ကျင်းမော့က မေးလိုက်တယ်။
"ကျောင်းပေချန်က ဘာလို့ ဝန်ခံရတာလဲ"
ကျော်ယို့ကလည်း မေးတယ်။
"မင်းသမီး။ ကျောင်းပေချန်ကို ဘာလုပ်လိုက်တာလဲ"
အားလုံးရဲ့ စိတ်ထဲမှာတော့ ကျောင်းပေချန်တစ်ယောက် အသက်ရှင်သေးရဲ့လားလို့ပဲ တွေးနေကြတယ်။
ယွီးရှောင်ရှောင်က သူမ အဖေက ကျောင်းပေချန်ကို သတ်တော့မယ် ဆိုတာ ပြောချင်ပေမဲ့ ကျောင်းပေချန်ကို ပေးခဲ့တဲ့ ကတိကို သတိရသွားလို့ စကားကို လမ်းကြောင်း ပြောင်းပြီး ပြောလိုက်ရတယ်။
"ဘာလို့လဲဆိုတော့ သူက ကျွန်မရဲ့ ရှောင်ကုကို အားနာသွားလို့ အပြစ်ကို ဝန်ခံပြီး ပြန်ပေးဆပ်ဖို့ ဆုံးဖြတ်လိုက်တာလေ"
အားလုံးက မင်းသမီးလေးကို တစ်ခွန်းလောက် မေးချင်သွားကြတယ်။
'ကျွန်တော်တို့ကို ကြည့်ရတာ အရူးတွေနဲ့ တူနေလို့လား။ ဒီလို စကားမျိုးက သုံးနှစ်သား ကလေးတောင် မယုံဘူး' လို့ပေါ့။
…