← Chapters

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း (၁၀၄) သွေးတွေ အများကြီး ထွက်ကျလာခြင်း

ဘုရင်ကြီးက ခေါင်းညိတ်ပြီး ပြောတယ်။

"လင်းလုံ ပြောတာ မှန်တယ်။ ကျောင်းပေချန်က ချင်းဟွေကို သတိရပြီး လိပ်ပြာမလုံ ဖြစ်သွားလို့ အပြစ်ကို ဝန်ခံလိုက်တာ"

ကျင်းမော့ရဲ့ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားတယ်။ တကယ့် သားအဖတွေပါပဲ။ ဒီလို တစ္ဆေစကားမျိုးကို ဘယ်သူက ယုံမှာလဲ။

ကျော်ယို့က ယွီးရှောင်ရှောင်ကို မေးလိုက်တယ်။

"မင်းသမီး။ ကျောင်းပေချန်အသက်ရှင်သေးတယ် မဟုတ်လား"

ယွီးရှောင်ရှောင်က လက်မြှောက်ပြီး စားပွဲကို ရိုက်မလို့ လုပ်လိုက်ပေမဲ့ စားပွဲပေါ်က ဟင်းတွေကို ကြည့်ပြီး သူမရဲ့ အားကို မထိန်းနိုင်ဘဲ စားပွဲ ကျိုးသွားမှာ စိုးလို့ လက်ကို ပြန်ရုပ်လိုက်တယ်။ ပြီးတော့ ကျော်ယို့ကို ပြောလိုက်တယ်။

"ကျွန်မ သူ့ကို မရိုက်ပါဘူး။ ကျွန်မက လူတွေကို အလကားနေရင်း လျှောက်မရိုက်ပါဘူး"

ကျောင်းပေချန်က ဇွန်ဘီမှ မဟုတ်တာ။ သူမက ဘာလို့ မြင်တာနဲ့ ရိုက်ရမှာလဲ။

ကျင်းမော့က ကုရှင်းလန်ကို အရက်ခွက် မြှောက်ပြပြီး ပြောလိုက်တယ်။

"ကုသမက်တော်။ ကျွန်တော် ဂုဏ်ပြုပါတယ်"

ကျင်းမော့ရဲ့ စကားက ရင်ထဲက မပါဘူး ဆိုတာ သိပေမဲ့ ကုရှင်းလန်ကလည်း အရက်ခွက်ကို ပြန်မြှောက်ပြပြီး ပြောလိုက်တယ်။

"အိမ်ရှေ့မင်းသားကို ကျေးဇူးတင်ပါတယ်"

ကျော်ယို့ကတော့ ကုရှင်းလန်ကို ဂုဏ်ပြုချင်စိတ် မရှိဘူး။ ဘုရင်ကြီးကို မေးလိုက်တယ်။

"အရှင်မင်းကြီး။ ဒါဆို မင်းသမီးကလည်း ကုရှင်းလန်နဲ့ အတူတူ နယ်စပ်ကို လိုက်သွားရမှာလား"

ဘုရင်ကြီးက ခေါင်းမော့ပြီး ကျော်ယို့ကို ကြည့်ကာ ပြန်မေးလိုက်တယ်။

"နယ်စပ်ကို သွားမယ်ဟုတ်လား။ သူက ငါကိုယ်တော်ရဲ့ သမီးအရင်းလေ"

တကယ်ကို လုံလောက်ပါပြီ။

အားလုံးက ဘုရင်ကြီးကို မျက်စောင်းမထိုးမိအောင် မနည်း ထိန်းထားရတယ်။ အရှင်မင်းကြီးက ဒီလို စကားမျိုး ပြောတာ နယ်စပ်က စစ်သားတွေရဲ့ စိတ်ဓာတ်ကို ထိခိုက်သွားမှာ မကြောက်ဘူးလား။

ယွီးရှောင်ရှောင်က အဲဒီအချိန်မှာ ကြက်ချိုချဉ်ကြော် တစ်ပွဲလုံးကို ရှင်းလင်းပြီးသွားပြီ။ ဘုရင်ကြီးရဲ့ စကားကို မင်းသမီးလေးက နည်းနည်းလေးတောင် စိတ်ထဲ မထားဘူး။ ထမင်းစားတဲ့ အချိန်မှာ ထမင်းစားတာကိုပဲ အာရုံစိုက်ရမယ်လေ။

ကုရှင်းလန်က တိုးတိုးလေး ပြောလိုက်တယ်။

"ကျွန်တော့် ခြေထောက် ဒဏ်ရာက မပျောက်သေးတော့ မင်းသမီးနဲ့ အတူတူ မြို့တော်မှာပဲ နေမှာပါ"

ယွီးရှောင်ရှောင်က ကုရှင်းလန်ကို ကြည့်ပြီး ပြောတယ်။

"ကိစ္စ မရှိပါဘူး။ ရှင့်ရောဂါ ပျောက်သွားရင် ရှင်နဲ့ အတူတူ စစ်မြေပြင်ကို ကျွန်မ လိုက်ခဲ့မယ်"

ကုရှင်းလန်က ယွီးရှောင်ရှောင်ကို ပြုံးပြလိုက်တယ်။ သူ့ဇနီးကို အန္တရာယ် ရှိတဲ့ နေရာကို သူ ဘယ်လိုလုပ် ခေါ်သွားနိုင်မှာလဲ။

"ဆိုင်ရှင်ကို ဟင်းနည်းနည်းလောက် ထပ်ချခိုင်းရမလား" လို့ ကုသခင်လေးက စကားလမ်းကြောင်း လွှဲလိုက်တယ်။

ဘုရင်ကြီးက ချက်ချင်း သမက်တော်ရဲ့ စကားလမ်းကြောင်း နောက်ကို လိုက်သွားပြီး ပြောတယ်။

"ဒီဟင်းတွေက ဒီလောက် စားမကောင်းတာကို မင်းတို့က စားနိုင်သေးတယ်နော်။ ငါတို့ ဖုန်းထျန်းမှာ စားသောက်ဆိုင် ကောင်းကောင်း မရှိတော့ဘူးလား"

ထမင်းဖိတ်ကျွေးတဲ့ သူ အနေနဲ့ ကျင်းမော့က ဘုရင်ကြီးရဲ့ စကားကြောင့် မျက်နှာပူသွားပြီး ပြောလိုက်တယ်။

"မင်းသမီးက ဒီဆိုင်က ဟင်းတွေကို တော်တော် သဘောကျတာပါ"

ကျော်ယို့လည်း ခေါင်းညိတ် ထောက်ခံလိုက်တယ်။ သူ ယွီးရှောင်ရှောင်ကို ထမင်းဖိတ်ကျွေးတာလည်း ဒီဆိုင်မှာပဲလေ။ ဘုရင်ကြီးရဲ့ စကားက သူ့ကိုလည်း မျက်နှာပူစေတယ်။

ယွီးရှောင်ရှောင်က ကြက်ဥကြော်ကို ပါးစပ်ထဲ ထည့်ရင်း ဘုရင်ကြီးကို ပြောလိုက်တယ်။

"ဗိုက်ဆာနေတဲ့ လူတွေကို သွားသတိရလိုက်ပါဦး"

ဘုရင်ကြီးက လက်ထဲက တူကို စားပွဲပေါ် ပစ်ချလိုက်ပြီး ပြောတယ်။

"ငါကိုယ်တော်က မင်းကို အငတ်ထားဖူးလို့လား"

ဒီစကားကို ယွီးရှောင်ရှောင် ဘယ်လို ပြန်ပြောရမလဲ။ သူမ အရင်တုန်းက တကယ်ကို ဗိုက်ဝအောင် စားရဖို့ အတွက် အသက်လုပြီး တိုက်ခိုက်ခဲ့ရတာလေ။

ဘုရင်ကြီးက ပြောတယ်။

"မနက်ဖြန် ငါကိုယ်တော် နန်းတွင်း စားဖိုမှူးကို မင်းစားဖို့ သီးသန့် ဟင်းတစ်ပွဲ ချက်ခိုင်းလိုက်မယ်"

ယွီးရှောင်ရှောင်က ဘုရင်ကြီးကို ဂရုမစိုက်ဘူး။ နန်းတော်ထဲက ပန်းကန်လုံး သေးသေးလေးတွေ၊ ပန်းကန်ပြား သေးသေးလေးတွေနဲ့ ထည့်ထားတဲ့ ဟင်းတွေက ခွေးကျွေးဖို့တောင် မလောက်ဘူး။

ဘုရင်ကြီးက ကုရှင်းလန်ကို ထပ်ပြောပြန်တယ်။

"မင်း မနက်ဖြန် လင်းလုံနဲ့ အတူတူ နန်းတော်ထဲ ဝင်ခဲ့"

ကုရှင်းလန်က 'ကျွန်တော်မျိုး အမိန့်နာခံပါတယ်' လို့ ပြောဖို့ လုပ်တုန်း ကျင်းမော့က အခွံခွာထားတဲ့ ပုစွန် တစ်ပန်းကန်ကို သူ့ဇနီး ရှေ့ကို ချပေးလိုက်တာကို မြင်သွားတယ်။ ချက်ချင်းပဲ သူ့ရဲ့ ယောက္ခထီး ဘုရင်ကြီး ဘာပြောနေလဲ ဆိုတာကို ကုသခင်လေး မသိတော့ဘူး။

ဘုရင်ကြီးက သူ စကားပြောနေတာကို သမီးနဲ့ သမက်က ဂရုမစိုက်တာကို မြင်တော့ သမက်ရဲ့ အကြည့်နောက်ကို လိုက်ကြည့်လိုက်တယ်။ ကျင်းမော့က သူ့သမီးကို ပါးစပ်သုတ်ဖို့ ရေစိုဝတ် ပေးနေတာကို တွေ့လိုက်ရတယ်။ ဘုရင်ကြီးက ချက်ချင်း ကုရှင်းလန်ကို မျက်စောင်းထိုးပြီး တိုးတိုးလေး မေးလိုက်တယ်။

"မင်းက ဒီအတိုင်း ကြည့်နေတော့မလို့လား"

ကုရှင်းလန်က သူ့ယောက္ခထီးရဲ့ အဓိပ္ပာယ်က သူ့ကို သွားပြီး ရန်ဖြစ်ခိုင်းနေတာလို့ ခံစားလိုက်ရတယ်။

ယွီးရှောင်ရှောင်က ကျင်းမော့ လက်ထဲက ရေစိုဝတ်ကို မယူဘဲ လက်ခုံနဲ့ပဲ ပါးစပ်ကို သုတ်လိုက်ပြီး ကုရှင်းလန်ကို ပြောလိုက်တယ်။

"မြန်မြန်စားလေ"

ကုရှင်းလန်က ပြောတယ်။

"ကျွန်တော် စားလို့ ဝသွားပြီ။ မင်းသမီး ဘာစားချင်သေးလဲ ကျွန်တော့်ကို ပြောလေ"

ယွီးရှောင်ရှောင်က တိုတိုတုတ်တုတ်ပဲ ပြန်ဖြေတယ်။

"ငါး"

ကုသခင်လေးက သူ့ဇနီး အတွက် ငါးအရိုး နွှင်ပေးပြန်တယ်။

ကျော်ယို့လည်း သူ့သမီးကို ပြုစုပြီး ထမင်းကျွေးနေတာကို ဘုရင်ကြီး မြင်သွားတော့ ဘုရင်ကြီး တော်တော်လေး အခြေအနေ မကောင်းတော့ဘူး။ ကုရှင်းလန်ကို သူ မကြိုက်တာက သီးခြား ကိစ္စပေမဲ့ ယွီးတော်ဝင်မိသားစုရဲ့ မင်းသမီးက ဖောက်ပြန်တဲ့ မိန်းမ တစ်ယောက် ဖြစ်လို့ မရဘူးလေ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကုရှင်းလန် သေတဲ့အထိတော့ စောင့်သင့်တာပေါ့။

"လင်းလုံ"

ဘုရင်ကြီးက ယွီးရှောင်ရှောင်ကို ခေါ်လိုက်တယ်။

"ဣန္ဒြေစောင့်ပါ"

ထမင်းစားတာကို ဘာ ဣန္ဒြေစောင့်စရာ လိုလို့လဲ။ ယွီးရှောင်ရှောင်က ဒီထမင်းကို မစားရသေးခင် အထိတော့ ဒီအဖေ ဆိုတဲ့ လူကို ဂရုမစိုက်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။

အဲဒီအချိန်မှာ နန်းတော်ထဲက ကျောင်းမိဖုရား ရှိတဲ့ ချူချင်း နန်းဆောင်မှာတော့ အစေခံတွေ၊ မိန်းမစိုးတွေ အကုန်လုံး ဗြောင်းဆန်နေကြတယ်။

ကျောင်းမိဖုရားက မျက်နှာတွေ ဖြူရော်နေပြီး ချွေးတွေ ရွှဲနေတယ်။ လှုပ်လို့ရရင် ကျောင်းမိဖုရားက ခုတင်ပေါ်မှာ လူးလှိမ့်ပြီး အော်နေလောက်ပြီ။ ဝမ်းဗိုက်ထဲမှာ လူတစ်ယောက်က ဓားနဲ့ ခြစ်နေသလို နာကျင်မှုတွေက အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာပြီး တိုးတိုးလေး ညည်းတွားရာကနေ အသံကျယ်ကြီးနဲ့ အော်ဟစ်လာရတယ်။

ကျောင်းမိဖုရားရဲ့ ယုံကြည်ရတဲ့ အစေခံ ချွေ့ယွီက ချူချင်း နန်းဆောင်ကနေ ထွက်ပြေးလာပြီး စာကြည့်ဆောင်ဆီကို တောက်လျှောက် ပြေးလာခဲ့တယ်။

ကျင်းကျုံးက စာကြည့်ဆောင်ရဲ့ အရှေ့ဘက် ခြံဝင်းထဲမှာ ရပ်နေရင်း ချွေ့ယွီရဲ့ ဆံပင်တွေ ဖရိုဖရဲ ဖြစ်နေတာကို မြင်တော့ လန့်သွားပြီး မေးလိုက်တယ်။

"ကျောင်းမိဖုရား ဘာဖြစ်လို့လဲ"

ချွေ့ယွီက အလောတကြီး ပြန်ဖြေတယ်။

"ကျင်းကုန်းကုန်း မိဖုရားက ရုတ်တရက် ဗိုက်တွေ အရမ်း နာနေလို့ အရှင်မင်းကြီးနဲ့ တွေ့ခွင့် တောင်းချင်လို့ပါ"

ကျင်းကျုံးက ချွေ့ယွီကို ခေါ်ပြီး စာကြည့်ဆောင်ထဲကို အမြန် ဝင်သွားတယ်။ အခန်းထဲမှာ သီချင်းဆို ကခုန်နေတာတွေက ဆက်ရှိနေတုန်းပဲ။ ကျင်းကျုံးက တံခါးဝမှာ ရပ်ပြီး အသံကျယ်ကျယ်နဲ့ လျှောက်တင်လိုက်တယ်။

"အရှင်မင်းကြီး။ ကျောင်းမိဖုရား ရုတ်တရက် အပြင်းအထန် နေမကောင်း ဖြစ်နေပါတယ်"

ကန့်လန့်ကာ အနောက်ကနေ ဘာသံမှ ထွက်မလာဘူး။

ကျင်းကျုံးက ထပ်ပြောတယ်။

"အရှင်မင်းကြီး။ ကျောင်းမိဖုရား နေမကောင်း ဖြစ်နေပါတယ်"

ကန့်လန့်ကာ အနောက်မှာ အသံ မကြားရသေးဘူး။

ချွေ့ယွီက မြေကြီးပေါ် ဒူးထောက်ချလိုက်ပြီး ငိုယိုကာ လျှောက်တင်တယ်။

"အရှင်မင်းကြီး။ မိဖုရားကို ကယ်တော်မူပါ"

ဘုရင်ကြီးရဲ့ အသံက ထွက်မလာသေးဘူး။ အခန်းထဲက ကြီးမားတဲ့ ကန့်လန့်ကာကြီးက ကမ္ဘာနှစ်ခုကို ခြားထားသလိုပဲ။

ကျင်းကျုံးက အော်ခေါ်လိုက်တယ်။

"အရှင်မင်းကြီး"

အခန်းထဲက ဂီတမှူးတွေနဲ့ ကချေသည်တွေက ဘုရင်ကြီး အမိန့်မပေးမချင်း တီးခတ် ကခုန်တာကို မရပ်ရဲကြဘူး။

ကျင်းကျုံးက အခန်းဝမှာ ခဏ တွေဝေသွားပြီး အခန်းထဲကို လျှောက်ဝင်သွားကာ ကြီးမားတဲ့ ကန့်လန့်ကာကို ကြည့်ပြီး ပြောလိုက်တယ်။

"အရှင်မင်းကြီး။ ကျွန်တော်မျိုး ကျင်းကျုံး အရှင်မင်းကြီးကို တွေ့ခွင့် တောင်းပါတယ်"

ကန့်လန့်ကာ အနောက်မှာ ဘာသံမှ မကြားရသေးဘူး။

ကျင်းကျုံးက ကန့်လန့်ကာ အနောက်ကို သွားကြည့်လိုက်တော့ ကန့်လန့်ကာ အနောက်မှာ ဘယ်သူမှ မရှိတာကို တွေ့လိုက်ရတယ်။ ဘုရင်ကြီးရဲ့ အပေါ်ဝတ်ရုံက ကုလားထိုင်ပေါ်မှာ ပစ်ချထားပြီး အရက်ကလည်း မီးဖိုလေးပေါ်မှာ တည်ထားတုန်းပဲ၊ ဒါပေမဲ့ လူကတော့ ပျောက်နေတယ်။ ကျင်းကျုံးက ကန့်လန့်ကာကို တွန်းဖယ်လိုက်ပြီး ဂီတမှူးတွေနဲ့ ကချေသည်တွေကို အသံကျယ်ကြီးနဲ့ မေးလိုက်တယ်။

"အရှင်မင်းကြီးကော"

ဂီတမှူးတွေနဲ့ ကချေသည်တွေ အကုန်လုံး မြေကြီးပေါ် ဒူးထောက်ချလိုက်ပြီး ကျင်းကျုံးကို ဦးတိုက်ကြပေမဲ့ ဘုရင်ကြီး ဘယ်ရောက်သွားလဲ ဆိုတာကိုတော့ ဘယ်သူမှ မပြောနိုင်ကြဘူး။

"သွားရှာကြစမ်း" လို့ ကျင်းကျုံးက အသံကျယ်ကြီးနဲ့ အမိန့်ပေးလိုက်တယ်။

စာကြည့်ဆောင် တစ်ခုလုံး ဗြောင်းဆန်သွားတယ်။

ချွေ့ယွီက ကျင်းကျုံး လူတွေကို ခေါ်ပြီး စာကြည့်ဆောင် အပြင်ကို ထွက်သွားမလို့ လုပ်တာကို မြင်တော့ အမြန် တားပြီး မေးလိုက်တယ်။

"ကျင်းကုန်းကုန်း… မိဖုရားက ဘယ်လို လုပ်ရမလဲ"

"သမားတော် သွားခေါ်လေ" လို့ ကျင်းကျုံးက ချွေ့ယွီကို ပြောလိုက်တယ်။

"တခြားကိစ္စတွေကို အရှင်မင်းကြီးကို တွေ့မှပဲ ဆက်ပြောကြတာပေါ့"

ချွေ့ယွီ ဒုတိယ စကား တစ်ခွန်းတောင် မပြောလိုက်ရခင် ကျင်းကျုံးက လူတွေကို ခေါ်ပြီး အမြန် ထွက်သွားတယ်။ ဘုရင်ကြီး ဘေးက အရိပ်ကိုယ်ရံတော် လေးယောက်လည်း မရှိဘူးဆိုတော့ ဘုရင်ကြီးက စိတ်ကူးပေါက်ပြီး ဘယ်မိဖုရား အဆောင်ကိုများ သွားနေပြန်ပြီလဲလို့ ကျင်းကျုံးက တွေးမိနေတယ်။

ချွေ့ယွီလည်း တော်ဝင် သမားတော် ဌာနကို အမြန် ပြေးရပြန်တယ်။

ချူချင်း နန်းဆောင်မှာတော့ ကျောင်းမိဖုရား ခုတင်ဘေးမှာ စောင့်နေတဲ့ အစေခံ တစ်ယောက်က အလန့်တကြား အော်လိုက်တယ်။

"သွေးတွေ။ မိဖုရား သွေးတွေ ထွက်နေတယ်"

မောမော တချို့က ကျောင်းမိဖုရားကို ကြည့်လိုက်တော့ ကျောင်းမိဖုရား အောက်က အိပ်ရာခင်းမှာ စောင်မခြုံထားတဲ့ နေရာတွေ အကုန်လုံး သွေးတွေ ရဲနေတာကို တွေ့လိုက်ရတယ်။

မောမော တစ်ယောက်က ကျောင်းမိဖုရား ကိုယ်ပေါ်က စောင်ကို အမြန် လှန်လိုက်တယ်။

"အာ...”

အစေခံ တချို့က တစ်ပြိုင်နက်တည်း အလန့်တကြား အော်လိုက်ကြတယ်။

ကျောင်းမိဖုရားရဲ့ အောက်ပိုင်းကနေ သွေးတွေ အများကြီး ထွက်ကျနေပြီး အောက်က အိပ်ရာခင်းကိုတောင် ရွှဲနစ်နေပြီ။

"အရှင်မင်းကြီး"

ကျောင်းမိဖုရားက အခုချိန်မှာ အသံကျယ်ကျယ်တောင် မအော်နိုင်တော့ဘဲ ဘုရင်ကြီးကိုပဲ တိုးတိုးလေး အဆက်မပြတ် ခေါ်နေတယ်။

မောမောတွေက အခုချိန်မှာ ကျောင်းမိဖုရားကို မထိရဲကြဘူး။ အသက်အကြီးဆုံး မောမောက ကျောင်းမိဖုရားကို ချော့ပြောလိုက်တယ်။

"မိဖုရား နည်းနည်းလေး သည်းခံပါဦး။ အရှင်မင်းကြီး မကြာခင် ရောက်လာတော့မှာပါ။ နည်းနည်းလေး ထပ်သည်းခံပါဦး။ ဘာမှ မဖြစ်စေရပါဘူး မိဖုရား"

…

All Chapters