အခန်း ၁၀၅
Vol. 11 Ch. 105
အခန်း (၁၀၅) အကြောင်းမရှိဘဲ မျက်နှာချိုသွေးလာရင် အကြံအစည် ရှိလို့ပဲ
ကျန့်ဟွာနန်းဆောင်မှာတော့ ဟွာမိဖုရားက သူမ ရှေ့မှာ ရပ်နေတဲ့ တော်ဝင် သမားတော်ချုပ်ကို ပြုံးကြည့်ပြီး တိုးတိုးလေး ပြောလိုက်တယ်။
"ကျောင်းမိဖုရား နေမကောင်းဘူးဆိုရင်လည်း ရှင်တို့က သူမကို သေချာ ကုသပေးလိုက်ပေါ့။ အရှင်မင်းကြီးက အခုချိန်ထိ ချူချင်း နန်းဆောင်ကို မသွားသေးဘူး ဆိုတာက အရှင်မင်းကြီးက ကျောင်းမိဖုရား အပေါ် ဒေါသ မပြေသေးဘူး ဆိုတာကို ပြနေတာပဲ"
"မိဖုရားရဲ့ စကားကို ကျွန်တော်မျိုး နားလည်ပါတယ်" လို့ တော်ဝင် သမားတော်ချုပ်က အမြန် ပြန်ဖြေတယ်။
ဟွာမိဖုရားက တော်ဝင် သမားတော်ချုပ်ကို လက်ကာပြပြီး ထွက်သွားခိုင်းလိုက်တယ်။
တော်ဝင် သမားတော်ချုပ် ခေါင်းငုံ့ပြီး ထွက်သွားတော့မှ ဟွာမိဖုရား ဘေးက မောမောက တိုးတိုးလေး မေးလိုက်တယ်။
"မိဖုရား... တကယ်လို့ ကျောင်းမိဖုရား တစ်ခုခု ဖြစ်သွားရင် အရှင်မင်းကြီးက အပြစ်တင်မလား"
ဟွာမိဖုရားက ဂရုမစိုက်သလို ပြုံးပြီး ပြောလိုက်တယ်။
"နေမကောင်း ဖြစ်တာပဲ... တခြားလူက သူမကို ဒုက္ခပေးတာမှ မဟုတ်တာ"
"ဒါပေမဲ့ ကျောင်းမိဖုရား ရောဂါက အရမ်း ရုတ်တရက် ဆန်လွန်းတယ်" လို့ မောမောက ပြောတယ်။
"သူများတွေကို အမြဲတမ်း ဒုက္ခပေးနေတဲ့သူက သူများ ဒုက္ခပေးတာကို ခံရတဲ့ အရသာကိုလည်း ခံစားကြည့်သင့်တာပေါ့"
ဟွာမိဖုရားရဲ့ မျက်နှာပေါ်က အမူအရာက အခုချိန်မှာ တော်တော်လေး ကျေနပ်နေပုံ ပေါက်ပြီး ဂုဏ်ယူဝင့်ကြွားနေသလိုတောင် ဖြစ်နေတယ်။ ဒုက္ခပေးတဲ့သူက ဘယ်သူပဲ ဖြစ်ဖြစ် ဟွာမိဖုရားက စိတ်ထဲကနေ အဲဒီလူကို ကျေးဇူးတင်နေမိတယ်။
မောမောက ဟွာမိဖုရား ဝမ်းသာနေတာကို မြင်တော့ ပြုံးပြီး ဟွာမိဖုရားရဲ့ စကားကို ထောက်ခံလိုက်တယ်။
"ကျောင်းမိဖုရားက ဒီတစ်ခါ ဘယ်သူ့ကို သွားစော်ကားမိလဲ မသိဘူးနော်"
"ပန်းတွေက ရက်တစ်ရာလုံး လှပမနေနိုင်ပါဘူး။ ကျောင်းယင်းရှန်းက အရှင်မင်းကြီးရဲ့ အချစ်တော် ဖြစ်နေတာ အချိန် တော်တော်ကြာပြီပဲ... သူလည်း ရောင့်ရဲသင့်ပြီ" လို့ ဟွာမိဖုရားက ပြောတယ်။
မောမောက ဟွာမိဖုရားကို ရေနွေးကြမ်း တစ်ခွက် ကမ်းပေးပြီး တိုးတိုးလေး မေးလိုက်တယ်။
"ကျွန်တော်မျိုးမ တော်ဝင် သမားတော် ဌာနကို သွားပြီး သတင်း သွားမေးကြည့်ရမလား... မိဖုရား အနားယူတော့မလား"
ဟွာမိဖုရားက သူမရဲ့ မှန်တင်ခုံကို လှည့်ကြည့်ပြီး မောမောကို ပြောလိုက်တယ်။
"ငါ့ရဲ့ သီးသန့် ပစ္စည်းထားတဲ့ အခန်းကို သွားဖွင့်ပြီး ရှားပါးတဲ့ ပစ္စည်းကောင်းလေး တချို့ကို ရွေးထားလိုက်။ မနက်ဖြန် မနက်စောစောကျရင် မင်းက အဲဒါတွေကို မင်းသမီးကြီးဆီ သွားပို့ပေးလိုက်"
မောမောကြောင်သွားပြီး မေးလိုက်တယ်။
"ဒါဆို ကျွန်တော်မျိုးမက မင်းသမီးလေးကို ဘာပြောရမလဲ"
"ဘာမှ ပြောစရာ မလိုဘူး" လို့ ဟွာမိဖုရားက ဖြေတယ်။
"မင်းသမီးလေးကို အဲဒါတွေ လက်ခံယူအောင်သာ လုပ်လိုက်"
မောမောက အမိန့်ကို နာခံပြီး ထွက်သွားတယ်။
ဟွာမိဖုရား တစ်ယောက်တည်း ထိုင်ခုံဘေးက ပန်းပြတင်းပေါက် ရှေ့မှာ ရပ်နေတယ်။ ကျောင်းမိဖုရား အခုတလော စော်ကားမိတဲ့ သူတွေ အကြောင်း စဉ်းစားကြည့်တော့ လင်းလုံမင်းသမီးကလွဲပြီး တခြား ဘယ်သူမှ မရှိဘူးလေ။ ဟွာမိဖုရားက ပြတင်းပေါက် အပြင်က ပန်းခြံလေးကို ကြည့်ရင်း ကျန်မိဖုရားခေါင်ကြီး သက်ရှိထင်ရှား ရှိစဉ်က လင်းလုံမင်းသမီးရဲ့ ပုံစံလေးကို ပြန်တွေးမိပြီး ခေါင်းခါလိုက်တယ်။ သူတို့ နန်းတွင်းက အမျိုးသမီးတွေ အကုန်လုံး အထင်မှားခဲ့ကြတာပဲ။ အန္တရာယ် မရှိတဲ့ ပုံစံလေးနဲ့ ယွီးလင်းလုံက တကယ်တော့ ရက်စက်တဲ့ သူ တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူ ထင်ထားခဲ့မလဲ။
ချွေ့ယွီက အဲဒီအချိန်မှာ တော်ဝင် သမားတော် ဌာနရဲ့ ဧည့်ခန်းမထဲမှာ ရပ်ပြီး အချိန်အတော်ကြာအောင် စကားတွေ ပြောနေပေမဲ့ သူမ ရှေ့မှာ ရပ်နေတဲ့ သမားတော်က မျက်ခွံလေး တစ်ချက်ပဲ ပင့်ကြည့်ပြီး ချွေ့ယွီကို စကားတစ်ခွန်းမှ ပြန်မပြောဘူး။
"ရှင်တို့ ဒါ ဘာသဘောလဲ"
ချွေ့ယွီက အဲဒီ သမားတော်ကို ဒေါသတကြီးနဲ့ မေးလိုက်တယ်။
သမားတော်က အေးအေးဆေးဆေးပဲ ပြန်ဖြေတယ်။
"သမားတော်ချုပ် မရောက်သေးဘူးလေ"
"ဘာ"
ချွေ့ယွီက အဲဒီ သမားတော်ကို မယုံနိုင်စွာနဲ့ ကြည့်လိုက်တယ်။
ဒါပေမဲ့ သမားတော်က အတွင်းခန်းကို လှည့်ထွက်သွားပြီး ချွေ့ယွီကို စကားဆက်ပြောဖို့ အခွင့်အရေး မပေးတော့ဘူး။
ကျောင်းမိဖုရား အနားကို ရောက်လာကတည်းက ချွေ့ယွီက နန်းတော်ထဲမှာ ဒီလို အေးစက်စက် ဆက်ဆံတာကို တစ်ခါမှ မခံရဖူးဘူးလေ။ ရုတ်တရက်ဆိုတော့ ချွေ့ယွီတစ်ယောက် တော်ဝင် သမားတော် ဌာနရဲ့ ဧည့်ခန်းမ ထဲမှာ ဘာလုပ်ရမှန်း မသိဘဲ ရပ်နေမိတယ်။
ပန်းကန်လုံး စားသောက်ဆိုင် မှာတော့ ယွီးရှောင်ရှောင်က သူမ ပန်းကန်ထဲက နောက်ဆုံး ကြက်သွန်မြိတ်လေး တစ်ပင်ကို အကုန် စားပစ်လိုက်ပြီး ခေါင်းမော့ကြည့်လိုက်တော့ အားလုံးက သူမကို ကြည့်နေတာ တွေ့လိုက်ရတယ်။
ကျင်းမော့က ယွီးရှောင်ရှောင်ရဲ့ စားနိုင်တဲ့ စွမ်းရည်ကို သိထားပြီးသားမို့ ဘုရင်ကြီးလို အံ့သြမနေတော့ဘူး။ ယွီးရှောင်ရှောင် ပါးစပ်ထဲကို စားစရာတွေ ထပ်မထည့်တော့တာ မြင်တော့ သူက တိုးတိုးလေး မေးလိုက်တယ်။
"ဗိုက်ဝပြီလား"
ယွီးရှောင်ရှောင်က ခေါင်းညိတ်ပြတယ်။ သူမက ဆက်စားနိုင်သေးပေမဲ့ တခြားသူတွေ အကုန်လုံးက မစားကြတော့ဘူးဆိုတော့ သူမ တစ်ယောက်တည်း စားနေရတာလည်း ဘာမှ အဓိပ္ပာယ် မရှိဘူးလေ။
ဘုရင်ကြီး သက်ပြင်းချလိုက်တယ်။ သူ့သမီးက အစားအသောက်တွေနဲ့တင် အသက်ရှူကျပ် သေသွားမလားလို့ သူ တကယ် စိတ်ပူနေတာ။
"သွားကြစို့" လို့ ယွီးရှောင်ရှောင်က ကုရှင်းလန်ကို ပြောလိုက်တယ်။
"အင်း" လို့ ကုရှင်းလန်က ပြန်ထူးလိုက်တယ်။
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က လာပြီး ကုရှင်းလန်ကို ကုလားထိုင်ပေါ် တင်လိုက်ကြတယ်။ ပြီးတော့ အဲဒီ ကုလားထိုင်ကို မပြီး အပြင်ထွက်ဖို့ လုပ်ကြတယ်။
ယွီးရှောင်ရှောင်က ကျင်းမော့ကို ပြောလိုက်တယ်။
"ကျေးဇူးပဲ... နောက်နေ့ကျရင် ကျွန်မနဲ့ ရှောင်ကုရှင်ကို ထမင်းပြန်ကျွေးမယ်"
ကျော်ယို့က ချက်ချင်း ဝင်ပြောတယ်။
"ဒါဆို ကျွန်တော်ကော... ကျွန်တော်လည်း မင်းသမီးကို ထမင်းဖိတ်ကျွေးဖူးတယ်လေ"
ကျော်ယို့ရဲ့ နောက်လိုက် သုံးယောက်က ခေါင်းတောင် မမော့ရဲကြတော့ဘူး။ ခွေးလေး တစ်ကောင်လို အမြီးနှံ့ပြီး အချစ်ခံရဖို့ တောင်းဆိုနေတဲ့ ဒီလူက တကယ်ပဲ သူတို့ သခင်လား။
ယွီးရှောင်ရှောင်က ကျော်ယို့ကို တစ်ချက် ကြည့်လိုက်တယ်။ ကျော်ယို့ရဲ့ ပုံပန်းသွင်ပြင်က မင်းသမီးလေးရဲ့ စိတ်ဝင်စားမှုထဲမှာ မပါပါဘူး။ ယွီးရှောင်ရှောင်က နောက်ထပ် လူတစ်ယောက်ကို ထမင်းဖိတ်ကျွေးရမယ်ဆိုတော့ ပိုက်ဆံတွေ အများကြီး ပိုကုန်တော့မှာပဲလို့ တွေးလိုက်မိတယ်။ ပိုက်ဆံဆိုတာ စားစရာနဲ့ ညီမျှတယ်လေ။ သူမ လက်ထဲက စားစရာတွေ အများကြီး လျော့သွားတော့မယ် ဆိုတာ တွေးမိလိုက်တာနဲ့ ယွီးရှောင်ရှောင်က ရင်နာသွားပြီး ကိုယ်ပေါ်က အသားတွေတောင် နာလာသလို ခံစားလိုက်ရတယ်။
ကုရှင်းလန်က ယွီးရှောင်ရှောင် ဘာမှ မပြောတာကို မြင်တော့ ကျော်ယို့ကို ပြောလိုက်တယ်။
"အဲဒီအချိန်ကျရင် အိမ်တော်က အစေခံတွေကို လွှတ်ပြီး စစ်သူကြီးကို လာဖိတ်ခိုင်းပါ့မယ်... စစ်သူကြီးက အထင်မသေးဘူး ဆိုရင်ပေါ့"
ကျော်ယို့ နှုတ်ခမ်းတွန့်သွားတယ်။ စစ်သူကြီး ကျော်ယို့ရဲ့ အမြင်မှာတော့ အခုချိန်မှာ ကုရှင်းလန်က စစ်မြေပြင်တုန်းကထက် ပိုပြီး မျက်စိနောက်စရာ ကောင်းနေတယ်။
"အိမ်ပြန်မယ်" လို့ ယွီးရှောင်ရှောင်က ရှောင်ကျွမ်းနဲ့ ရှောင်ဝေကို ပြောလိုက်တယ်။
ဘုရင်ကြီးက သမီးနဲ့ သမက်က အခုလို ထွက်သွားတော့မယ် ဆိုတာ မြင်တော့ ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ပြောတယ်။
"မင်းတို့က ဒီအတိုင်း ထွက်သွားတော့မလို့လား"
ယွီးရှောင်ရှောင်က ပြောတယ်။
"ရှင်က ထပ်စားချင်သေးလို့လား"
"ငါ... ငါကိုယ်တော်က..."
ဘုရင်ကြီးက ပြောတယ်။
"မင်းက ငါကိုယ်တော်ကို နန်းတော်ထဲကနေ ခေါ်ထုတ်လာပြီးတော့ အခု ဒီအတိုင်း ထားခဲ့တော့မလို့လား"
ယွီးရှောင်ရှောင်က ဒီအရူးဘုရင်က တကယ်ကို ဂျစ်ကန်ကန်နိုင်တာပဲ လို့ တွေးလိုက်တယ်။ အိမ်ပြန်တဲ့ လမ်းကို မသိတာလည်း မဟုတ်ဘဲနဲ့ ဒီလူက လိုက်ပို့ခိုင်းနေတာလား။
ကုရှင်းလန်က ယွီးရှောင်ရှောင် မျက်မှောင်ကြုတ်သွားတာကို မြင်တော့ ယွီးရှောင်ရှောင်ရဲ့ လက်ကို အသာလေး ကိုင်လိုက်ပြီး စကားမပြောဖို့ အချက်ပြလိုက်ကာ သူကိုယ်တိုင် ဘုရင်ကြီးကို ပြောလိုက်တယ်။
"အရှင်မင်းကြီး... ကျွန်တော်မျိုးနဲ့ မင်းသမီးက အရှင်မင်းကြီးကို နန်းတော်အထိ လိုက်ပို့ပေးပါ့မယ်"
ဘုရင်ကြီးက ယွီးရှောင်ရှောင်ကို ကြည့်လိုက်တယ်။ ကုရှင်းလန်ရဲ့ ရိုသေမှုမျိုးကို သူ ဂရုမစိုက်ဘူး။
ယွီးရှောင်ရှောင် သက်ပြင်းချလိုက်ပြီး ပြောတယ်။
"ကောင်းပြီလေ... ကျွန်မ အဖေ့ကို အိမ်ပြန်ပို့ပေးမယ်"
ပြောပြီးတာနဲ့ မင်းသမီးလေးက ဘုရင်ကြီး အနားကို လျှောက်သွားတယ်။
"ငါကိုယ်တော် ပြတင်းပေါက်ကနေ မခုန်ချချင်ဘူးနော်"
ဘုရင်ကြီးက သမီးဖြစ်သူက သူ့ကို လာဆွဲမဲ့ ပုံစံကို မြင်တော့ အမြန် အော်လိုက်တယ်။
ဖူး
ကျင်းမော့ရဲ့ နောက်လိုက် တစ်ယောက်က ရယ်ချင်စိတ်ကို မထိန်းနိုင်ဘဲ လက်ဖက်ရည်တွေ သီးကုန်တယ်။
ယွီးရှောင်ရှောင်က ဆန့်တန်းထားတဲ့ လက်ကို ပြန်ရုပ်လိုက်ပြီး ဘုရင်ကြီးကို ပြောတယ်။
"ရှောင်ကုက လမ်းမလျှောက်နိုင်သေးဘူးလေ... ဘာလို့ ပြတင်းပေါက်ကနေ ခုန်ချရမှာလဲ။ သူ့ဒဏ်ရာ ပိုဆိုးသွားရင် ဘယ်သူ တာဝန်ယူမလဲ"
ဘုရင်ကြီးက သူ့ရင်ဘတ်ကို သူ ပွတ်လိုက်တယ်။ တကယ်ကို ရင်နာစရာ ကောင်းတာပဲ... ဒီကောင်မလေးက ကုမျိုးရိုးကောင်လေးကိုပဲ တွေးနေပြီး သူ အဖေကို နည်းနည်းလေးတောင် မစဉ်းစားပေးဘူး။
"အဖေ ဘာကိစ္စ ရှိသေးလို့လဲ" လို့ ဘုရင်ကြီး မတ်တတ်ရပ်ပြီး ဘာမှ မလုပ်တာကို မြင်တော့ ယွီးရှောင်ရှောင်က ထပ်မေးလိုက်တယ်။
"ဟမ့်"
ဘုရင်ကြီးက အေးစက်စက်နဲ့ "ဟမ့်" လို့ အသံပြုလိုက်ပြီး အခန်းပြင်ကို ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်ထွက်သွားတယ်။ သူ အိမ်ပြန်ချင်ပြီ... အခု ချက်ချင်း အိမ်ပြန်ချင်ပြီ။
ယွီးရှောင်ရှောင်က ဒေါသတကြီး ထွက်သွားတဲ့ ဘုရင်ကြီးကို ကြည့်ပြီး ကုရှင်းလန်ကို မေးလိုက်တယ်။
"သူ ဘာဖြစ်သွားပြန်တာလဲ"
ကုရှင်းလန်...
ရှောင်ဝေက ရှောင်ကျွမ်းကို မျက်စိနဲ့ အချက်ပြလိုက်ပြီး နှစ်ယောက်သား ကုရှင်းလန်ကို ထမ်းကာ အပြင်ကို ထွက်သွားကြတယ်။ သူတို့ မြန်မြန် ထွက်သွားတာ ပိုကောင်းမယ်... ဒီထက် ပိုကြာရင် မင်းသမီးလေးက စကားပြောရင်း ဘာပြဿနာတွေ ထပ်ရှာဦးမလဲ ဆိုတာ ဘယ်သူ သိမှာလဲ။
ယွီးရှောင်ရှောင် ထွက်သွားတာကို ကြည့်ပြီး ကျော်ယို့က တိုးတိုးလေး ပြောလိုက်တယ်။
"ကုရှင်းလန်က ဘာတွေများ ကောင်းနေလို့လဲ"
ကျင်းမော့က သူ့ရှေ့က အရက်ခွက်ကို တွန်းဖယ်လိုက်ပြီး တိုးတိုးလေး ပြန်မေးလိုက်တယ်။
"ဒါဆို လင်းလုံမင်းသမီးကကော ဘာတွေများ ကောင်းနေလို့လဲ"
ကျော်ယို့က ကျင်းမော့ကို မျက်စောင်းထိုးပြီး ပြောလိုက်တယ်။
"မင်းက ဘာအကြံအစည်တွေ ရှိနေတာလဲ။ အကြောင်းမရှိဘဲ မျက်နှာချိုသွေးလာရင် အကြံအစည် ရှိလို့ပဲ။ မင်း ဘာလုပ်ချင်တာလဲ"
"ပိုက်ဆံ ရှင်းမယ်" လို့ ကျင်းမော့က ကျော်ယို့ကို ဂရုမစိုက်ဘဲ သူ့ကိုယ်ရံတော် တစ်ယောက်ကို အမိန့်ပေးလိုက်တယ်။
ကျော်ယို့က စားပွဲကို ရိုက်လိုက်ပြီး ပြတင်းပေါက်ကနေ ခုန်ထွက်သွားတယ်။
ကျင်းမော့က ပွင့်နေတဲ့ ပြတင်းပေါက်ကို ကြည့်ပြီး နှုတ်ခမ်းထောင့်က အပြုံးတွေက ပိုနက်ရှိုင်းသွားသလိုပဲ။ ကုမိသားစုက စစ်သူကြီးတွေ အကုန်လုံး ရာထူး ပြန်ရသွားပြီ။ ဖုန်းထျန်း တိုင်းပြည်တော့ အပြောင်းအလဲ ကြီးကြီး ဖြစ်တော့မယ် ထင်တယ်။ မိန်းမယုတ်တွေ အာဏာ ကျဆင်းသွားပြီး သစ္စာရှိတဲ့ အမတ်တွေ ပြန်လည် ဦးမော့လာတော့မှာလား။
"စိတ်ဝင်စားစရာပဲ" လို့ ကျင်းမော့က သူ့ဘာသာ ရေရွတ်လိုက်ပြီး သူ့နောက်က ကိုယ်ရံတော်ကို အမိန့်ပေးလိုက်တယ်။
"ဒီည လင်းလုံမင်းသမီး ဘာတွေ လုပ်ခဲ့လဲ ဆိုတာကို သွားစုံစမ်းကြည့်စမ်း"
…