← Chapters

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း (၁၀၇) ဒီလိုပဲ သဘောတူလိုက်ကြတာပေါ့

အတူတူ အိုမင်းသွားမယ်တဲ့လား။ ယွီးရှောင်ရှောင်က ကုရှင်းလန်ကို နားမလည်စွာနဲ့ ကြည့်လိုက်တယ်။ တကယ်ပဲ တစ်သက်လုံး အတူတူ နေသွားနိုင်တဲ့ လင်မယားတွေ ရှိလို့လား။ သူမကို ကြီးပြင်းအောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ အဲဒီ ခွေးကောင်ကြီးကတောင် သူမနဲ့ တစ်သက်လုံး အတူတူ ရှိနေမယ်လို့ ပြောခဲ့ဖူးတာပဲ။ ဒါပေမဲ့ ရလဒ်ကကော... သူမက ဒီကမ္ဘာကို ရောက်လာပြီး သေဆုံးသွားခဲ့ပြီလေ။

ဘုရင်ကြီးက လှောင်ပြုံး ပြုံးပြီး ပြောလိုက်တယ်။

"ဘယ်လောက်ပဲ ချစ်ကြတဲ့ လင်မယား ဖြစ်ဖြစ်... တစ်ယောက်ယောက်ကတော့ အရင် ထွက်သွားရမှာပဲလေ"

အချစ်ရေးမှာ ပေါ့ပေါ့ဆဆ နေတတ်တဲ့ လူတွေက များသောအားဖြင့် အေးစက်တဲ့ နှလုံးသား ရှိတတ်ကြတယ်။ တစ်သက်လုံး အတူတူ နေသွားနိုင်တဲ့ လူရှိတယ် ဆိုတာကို မယုံကြည်လို့ လူများများနဲ့ ချစ်ကြိုက်ကြတာလေ။ ဒီလို လုပ်ခြင်းအားဖြင့် တစ်ယောက်ယောက်ကို ဆုံးရှုံးရရင်တောင် ဝမ်းနည်းမှာ မဟုတ်ဘူး။ ဘုရင်ကြီးက ဒီလို လူမျိုးပဲလေ။

ကုရှင်းလန်လို လူငယ်လေး ကတော့ ဒီလို မေးခွန်းမျိုးကို အရင်က တစ်ခါမှ မစဉ်းစားဖူးဘူး။ ဒါကြောင့် ခဏလောက် ကြောင်သွားပြီး စကားမပြောနိုင် ဖြစ်သွားတယ်။

ယွီးရှောင်ရှောင်က ခေါင်းစောင်းပြီး ခဏ စဉ်းစားလိုက်ကာ ကုရှင်းလန်ကို အလေးအနက် ပြောလိုက်တယ်။

"နောက်ကျရင် ကျွန်မ အရင် သေမယ်... ပြီးမှ ရှင် သေ"

ဘုရင်ကြီးက သမီးဖြစ်သူရဲ့ စကားကို ကြားတော့ ချက်ချင်း ဒေါသထွက်သွားပြီး အော်လိုက်တယ်။

"ဘာလို့လဲ"

ယွီးရှောင်ရှောင်က ပြောတယ်။

"ရှောင်ကုအရင် သေသွားရင် ကျွန်မ ဝမ်းနည်းရမှာပေါ့"

ဘုရင်ကြီး ဆွံ့အသွားတယ်။

ကုရှင်းလန်က ယွီးရှောင်ရှောင် မရှိတော့မဲ့ အချိန်ကို ခဏလောက် စိတ်ကူးယဉ် ကြည့်လိုက်တော့ ရင်ဘတ်ထဲက စူးခနဲ နာကျင်သွားတယ်။

ယွီးရှောင်ရှောင်က ကုရှင်းလန် ကိုင်ထားတဲ့ သူမရဲ့ လက်ကို ပိုတင်းကျပ်အောင် ဆုပ်ကိုင်လိုက်တာကို ခံစားမိတယ်။ အဲဒီ အားကြောင့် ယွီးရှောင်ရှောင်တောင် နည်းနည်း နာသွားတယ်။ သူမ ရှေ့က ဒီလူငယ်လေးကို သေချာ ကြည့်လိုက်တော့ ကုရှင်းလန်ရဲ့ မျက်လုံးတွေက နည်းနည်း နီရဲလာတာကို ယွီးရှောင်ရှောင် သတိထားမိလိုက်တယ်။ ပါးစပ် ဟလိုက်ပြီး ယွီးရှောင်ရှောင်က ပြောတယ်။

"ထားလိုက်ပါတော့... ရှင်ပဲ အရင် သေလိုက်ပါ... ကျွန်မ ခံနိုင်ရည် ရှိပါတယ်"

ဒါက လူပြောတဲ့ စကားလား။ ဘုရင်ကြီးက တကယ်ကို နားမလည်နိုင်တော့ဘူး။ ရယ်ချင်ပေမဲ့ ဒီလေထုက ရယ်ဖို့ မသင့်တော်ဘူးလို့ ခံစားရလို့ ဘုရင်ကြီးက အချိန်အတော်ကြာအောင် စိတ်ရှုပ်ထွေးနေရတယ်။

"ကိုယ် မင်းကို ဝမ်းနည်းအောင် မလုပ်ပါဘူး"

ကုရှင်းလန်က သူ့ဇနီးလေးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်ပြီး စကားလုံး တစ်လုံးချင်းစီ သေချာ ပြောလိုက်တယ်။

"ကိုယ် ကတိပေးပါတယ်... မင်း သွားပြီးမှ ကိုယ် ဒီလောကကြီးကနေ ထွက်ခွာသွားပါ့မယ်"

ယွီးရှောင်ရှောင်က ကုရှင်းလန်ကို အချိန်အတော်ကြာအောင် ကြည့်နေမိတယ်။ ရင်ထဲမှာ နွေးထွေးသွားသလို ခံစားရပြီး ဒီခံစားချက်က ယွီးရှောင်ရှောင်ကို ကုရှင်းလန် ကို ဖက်ပြီး နမ်းချင်စိတ် ပေါက်သွားစေတယ်။

"ကျွန်မ သူ့ကို သဘောကျတယ်"

ယွီးရှောင်ရှောင်က ကုရှင်းလန်ကို လက်ညှိုးထိုးပြပြီး ဘုရင်ကြီးကို ကြေညာလိုက်တယ်။

ဘုရင်ကြီးက သူ့တံတွေးနဲ့သူ သီးမတတ် ဖြစ်သွားတယ်။ 'မင်းက သူ့ကို လက်ထပ်ထားတာလေ... ကုရှင်းလန်ကို သဘောမကျလို့ မင်းက ဘယ်သူ့ကို သဘောကျချင်လို့လဲ' လို့ တွေးလိုက်မိတယ်။

ကုရှင်းလန်က မျက်နှာ နည်းနည်း နီသွားတယ်။ ယွီးရှောင်ရှောင်နဲ့ လက်ထပ်ထားတာ အချိန် တော်တော် ကြာပြီ ဆိုပေမဲ့ ကုသခင်လေးက ဇနီးလေးရဲ့ ရုတ်တရက် အံ့သြစရာ စကားတွေကို မခံနိုင်သေးဘူး။

ယွီးရှောင်ရှောင်က ကုရှင်းလန် ဘေးကို တိုးသွားပြီး ကုရှင်းလန်ရဲ့ ရင်ခွင်ထဲ ဝင်လှဲလိုက်တယ်။ လေသံမှာ ရှားရှားပါးပါး ပျော်ရွှင်တဲ့ အရိပ်အယောင်တွေ ပါနေပြီး ကုရှင်းလန်ကို ပြောလိုက်တယ်။

" ဒီလိုပဲ သဘောတူလိုက်ကြတာပေါ့... ကျွန်မကို ကတိပေးထားတာ သေချာပေါက် လုပ်ရမယ်နော်"

"ကောင်းပါပြီ"

ကုရှင်းလန်က သူ့ရင်ခွင်ထဲမှာ လှဲနေတဲ့ ကောင်မလေးကို ငုံ့ကြည့်ပြီး မျက်လုံးတွေမှာ အပြုံးတွေနဲ့ ယွီးရှောင်ရှောင်ကို တိုးတိုးလေး ပြောလိုက်တယ်။

"ဒီလိုပဲ သဘောတူလိုက်ကြတာပေါ့"

ဘုရင်ကြီးကတော့ ဘေးကနေ ကြည့်ရင်း မျက်စိနောက်လာတယ်။ ဒီနှစ်ယောက်က ဘေးမှာ ဘုရင်ကြီး တစ်ပါး ထိုင်နေတာကို မေ့သွားပြီလား။ ဒီလောက် ချစ်ကြည်နူးနေပြီး အချစ်မျက်လုံးတွေနဲ့ ကြည့်နေကြတာ... သူတို့ မျက်လုံးထဲမှာ သူ့လို တိုင်းပြည်ရဲ့ ဘုရင် တစ်ပါး ရှိသေးရဲ့လား။ ဘုရင်ကြီးက ချောင်းဟန့်လိုက်တယ်... အသံကျယ်ကျယ်နဲ့ ချောင်းဟန့်လိုက်တယ်။

ခံစားချက်တွေ အပြည့် ဖြစ်နေတဲ့ အချိန်မှာ ဒီလို အနှောင့်အယှက် ပေးခံရတော့ ယွီးရှောင်ရှောင်က တော်တော်လေး မကျေမနပ် ဖြစ်သွားပြီး ပြောလိုက်တယ်။

"ပါးစပ်ပိတ်ထား"

ကုရှင်းလန်ကတော့ ဘုရင်ကြီးကို မကြည့်ရဲဘဲ ဘာမှ မကြားလိုက်ရသလို ဟန်ဆောင်နေလိုက်တယ်။

ကုရှင်းလန် ရင်ခွင်ထဲမှာ ကြောင်ပျင်းလေး တစ်ကောင်လို ခွေနေတဲ့ သမီးကို ကြည့်ပြီး ဒါက သူ့ရဲ့ သမီးအရင်း ဆိုတာကို သတိရတော့ ခွေးကောင်တွေ ဆိုတဲ့ စကားလုံးကို ဘုရင်ကြီးက မျိုသိပ်ထားလိုက်ရတယ်။ ဒါပေမဲ့ 'သားသမီးတွေ ဆိုတာ အကြွေးရှင်တွေပဲ' ဆိုတဲ့ စကားပုံရဲ့ အဓိပ္ပာယ်ကိုတော့ သူ တကယ် နားလည်သွားပြီ။ ဒီသမီးက သူနဲ့ မိဖုရားခေါင်ကြီးတို့ မမွေးခဲ့ဘူး ဆိုရင် ကောင်းမယ်လို့ ဘုရင်ကြီး တွေးလိုက်မိတယ်။

ယွီးရှောင်ရှောင်ရဲ့ အသက်ရှူငွေ့တွေက ကုရှင်းလန်ရဲ့ လက်ခုံကို လာထိနေတယ်။ နည်းနည်း ယားကျိကျိနဲ့ ထုံကျင်ကျင် ခံစားရတယ်။ ကုရှင်းလန်က မနေနိုင်ဘဲ ယွီးရှောင်ရှောင်ရဲ့ ဆံပင်တွေကို ပွတ်သပ်ပေးလိုက်တယ်။ မျက်နှာ အမူအရာ သိပ်မရှိတဲ့ လူတွေရဲ့ ဆံပင်က အရမ်း နူးညံ့တတ်တယ်တဲ့။ ကုရှင်းလန်က ဇနီးသည်ရဲ့ ဆံပင်ရှည်တွေကို အချိန်အတော်ကြာအောင် ပွတ်သပ်ပေးနေပြီး တဖြည်းဖြည်းနဲ့ ယွီးရှောင်ရှောင်ကို ကြည့်ရင်း ငေးမောသွားတယ်။

ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ ရင်ခွင်ထဲမှာ တစ်ပတ် လှိမ့်လိုက်တယ်။ ဒီကမ္ဘာကို ရောက်လာပြီး ကတည်းက မင်းသမီးလေးက လူတစ်ယောက်ရဲ့ မျက်နှာကို ပထမဆုံး အကြိမ် သေချာ ကြည့်မိတာပါ။ ဒီယောက်ျားရဲ့ မျက်နှာက ဘယ်လောက် ချောလဲ ဆိုတာကို ကြည့်ဖို့ မဟုတ်ဘဲ ဒီလူငယ်လေးရဲ့ ရုပ်ရည်ကို မှတ်မိချင်လို့ပါ။

ကုရှင်းလန်က ယွီးရှောင်ရှောင်ရဲ့ အကြည့်ကို ခံရတော့ မျက်နှာ ပူလာတယ်။ ဒါပေမဲ့ သူက စနောက်ချင်တဲ့ စိတ်လေး ပေါ်လာလို့ ဇနီးလေးကို တိုးတိုးလေး မေးလိုက်တယ်။

"ရှောင်ရှောင်... ကိုယ့် ရုပ်ရည်ကို မင်း သဘောကျရဲ့လား"

ယွီးရှောင်ရှောင်က ဝမ်မောမောသေချာ ဆွဲပေးထားတဲ့ မျက်ခုံးကို တစ်ချက် ပင့်လိုက်ပြီး ကိုယ်ကို မတ်လိုက်ကာ ကုရှင်းလန်ရဲ့ နှုတ်ခမ်းကို တစ်ချက် နမ်းလိုက်ပြီး ပြောလိုက်တယ်။

"သဘောကျတယ်"

ဘုရင်ကြီးက သူ့မျက်လုံးတွေ ကန်းတော့မယ်လို့ ခံစားလိုက်ရတယ်။

ကုရှင်းလန်က ယွီးရှောင်ရှောင်ရဲ့ ဆံပင် တစ်စုကို လက်ချောင်းနဲ့ လိမ်ကစားနေတယ်။ သူ့မျက်နှာပေါ်က အပြုံးက သိပ်မသိသာပေမဲ့ အရမ်း နူးညံ့နေတယ်။

ဘုရင်ကြီးက သူ စကားပြောမှ ဖြစ်မယ်လို့ တွေးလိုက်တယ်။ မဟုတ်ရင် ဒီဖက်နေတဲ့ နှစ်ယောက်က သူ့ကို ဒီထက် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတာတွေ လုပ်ပြလာမလား။

ဘုရင်ကြီး ဒေါသပေါက်ကွဲတော့မဲ့ အချိန်မှာပဲ မြင်းလှည်းက ရပ်သွားတယ်။

အရိပ်ကိုယ်ရံတော် ခေါင်းဆောင်ရဲ့ အသံက မြင်းလှည်း အပြင်ဘက်ကနေ ထွက်လာတယ်။

"အရှင်မင်းကြီး... နန်းတော်ကို ရောက်ပါပြီ"

ယွီးရှောင်ရှောင်က အရိပ်ကိုယ်ရံတော် ခေါင်းဆောင်ရဲ့ စကားကို ကြားတော့ ဘုရင်ကြီးကို ကြည့်ပြီး ပြောလိုက်တယ်။

"အဖေ အိမ်ပြန်တော့လေ... ကျွန်မတို့လည်း ပြန်တော့မယ်"

ဘုရင်ကြီးက ဒီအရှက်မရှိတဲ့ နှစ်ယောက်ကို မြန်မြန် ထွက်သွားစေချင်ပေမဲ့ သူ ဘာမှ မပြောရသေးခင်မှာပဲ မြင်းလှည်း အပြင်ဘက်ကနေ ကျင်းကျုံးရဲ့ အသံ ထွက်လာတယ်။

"အရှင်မင်းကြီး"

ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ ရင်ခွင်ထဲကနေ ထထိုင်လိုက်တယ်။ ဒီမိန်းမစိုး ပေါ်လာရင် ကောင်းတဲ့ ကိစ္စ ဘယ်တော့မှ မဖြစ်ဘူးလို့ မင်းသမီးလေးက ယုံကြည်တယ်။

ဘုရင်ကြီးက ပြောတယ်။

"ဘာကိစ္စလဲ"

ကျင်းကျုံးက မြင်းလှည်း အပြင်ဘက်မှာ ရပ်နေပြီး ချွေးတွေ ရွှဲနေတယ်။ သူ လူတွေကို ခေါ်ပြီး နန်းတော် တစ်ခုလုံးကို ရှာတာတောင် ဘုရင်ကြီးကို မတွေ့ဘူးလေ။ မြို့တံခါးတွေ ပိတ်ပြီး တော်ဝင်ကိုယ်ရံတော်တွေနဲ့ မြို့ထဲ ဆင်းရှာဖို့တောင် ပြင်နေပြီ။

"သူက စကားမပြောဘူး ဆိုရင် အဖေ နန်းတော်ထဲ ပြန်ဝင်တော့လေ" လို့ ကျင်းကျုံးက ချက်ချင်း ပြန်မဖြေတာကို မြင်တော့ ယွီးရှောင်ရှောင်က ဘုရင်ကြီးကို တိုက်တွန်းလိုက်တယ်။

"ဘာကိစ္စ ရှိရှိ မနက်ဖြန်မှ ပြောကြတာပေါ့။ ကျွန်မ ရှင့်ကို အထဲထိ လိုက်ပို့ပေးရဦးမလား"

ကျင်းကျုံးက ယွီးရှောင်ရှောင် ရှေ့မှာ ကျောင်းမိဖုရား ကိစ္စကို မပြောချင်ဘူး။ ဟွာမိဖုရားလိုပဲ ကျင်းကုန်းကုန်းကလည်း ကျောင်းမိဖုရား ရုတ်တရက် နေမကောင်း ဖြစ်တာက လင်းလုံမင်းသမီးရဲ့ လက်ချက်လို့ ယုံကြည်နေတယ်။ အခု ယွီးရှောင်ရှောင်ရဲ့ စကားကို ကြားတော့ ဒီမင်းသမီးက ဘုရင်ကြီးကို နန်းတော်ထဲ လိုက်ပို့ပေးရင်း ဘုရင်ကြီး ကျောင်းမိဖုရား နေမကောင်းဘူး ဆိုတဲ့ သတင်းကို မသိအောင် ဖုံးကွယ်ထားချင်နေတာလား လို့ တွေးလိုက်မိတယ်။

"အရှင်မင်းကြီး" လို့ ကျင်းကျုံးက ချက်ချင်းပဲ အသံတုန်တုန်နဲ့ ဘုရင်ကြီးကို လျှောက်တင်လိုက်တယ်။

"ကျောင်းမိဖုရား ရုတ်တရက် အပြင်းအထန် နေမကောင်း ဖြစ်နေပါတယ်"

မြင်းလှည်းထဲက သုံးယောက်လုံး ကြောင်သွားကြတယ်။

ဘုရင်ကြီးက အခုချိန်မှာ ကျောင်းမိသားစု အပေါ် ဒေါသထွက်နေပေမဲ့ ကျောင်းမိဖုရား အပေါ်တော့ သံယောဇဉ် ရှိနေတုန်းပဲ။ သတိပြန်ဝင်လာတော့ အမြန် မေးလိုက်တယ်။

"ကျောင်းမိဖုရား ဘာဖြစ်လို့လဲ"

ယွီးရှောင်ရှောင်က ကျင်းကျုံး ပြန်မဖြေခင် ဝင်ပြောလိုက်တယ်။

"သူက မူလကတည်းက နေမကောင်း ဖြစ်နေတာလေ။ မိုးကြိုး နှစ်ခါ ပစ်ခံရတာတောင် မသေတဲ့ လူမာကြီးက နေမကောင်းလို့ သေသွားနိုင်မလား။ ကျွန်မ မယုံဘူး"

ကျင်းကျုံးက ပြောတယ်။

"အသေးစိတ်ကို ကျွန်တော်မျိုး မသိပါဘူး"

ယွီးရှောင်ရှောင်က ဘုရင်ကြီးကို ပြောတယ်။

"ကျွန်မ အဖေနဲ့ အတူတူ အဖေ့မယားငယ်ဆီ လိုက်ကြည့်ပေးမယ်"

ဘုရင်ကြီးက အခုချိန်မှာ ကျောင်းမိဖုရားကို စိတ်ပူနေတာမို့ 'မယားငယ်' ဆိုတာကိုတောင် အာရုံမစိုက်နိုင်တော့ဘဲ အမိန့်ပေးလိုက်တယ်။

"နန်းတော်ထဲ ဝင်"

မြင်းလှည်းက နန်းတော် တံခါးထဲကို ဝင်သွားတယ်။

ကုရှင်းလန်က ပြောတယ်။

"အရှင်မင်းကြီး... ကျွန်တော်မျိုးလည်း ကျောင်းမိဖုရားဆီ လိုက်သွားရမှာလား"

ဒါက မသင့်တော်ဘူးလေ။

ဘုရင်ကြီးက အခုမှ သမက်တော်လည်း မြင်းလှည်းထဲမှာ ရှိနေသေးတယ် ဆိုတာကို သတိရသွားတယ်။

ယွီးရှောင်ရှောင်က ပြောတယ်။

"ရှောင်ကုက မြင်းလှည်းထဲမှာပဲ စောင့်နေလိုက်လေ... ဟို မိန်းမယုတ်ကို သွားကြည့်စရာ ဘာအကြောင်း ရှိလို့လဲ"

ဘုရင်ကြီးက ယွီးရှောင်ရှောင်ကို လက်ညှိုးထိုးပြီး ပြောတယ်။

"မင်း မြန်မြန် ထွက်သွားစမ်း"

ယွီးရှောင်ရှောင်က ပြောတယ်။

"ကျွန်မ နန်းတော်ထဲ ရောက်နေပြီလေ။ အဲဒီ မိန်းမယုတ်ကို သွားကြည့်လိုက်ပါ့မယ်။ ဖေဖေ... ကျွန်မရဲ့ ဆေးပညာက တော်တော် ကောင်းပါတယ်နော်။ မိန်းမယုတ်က ဖျားချင်ယောင် ဆောင်ပြီး သနားအောင် လုပ်နေတယ် ဆိုရင် ကျွန်မ သေချာပေါက် ဖော်ထုတ်ပေးမယ်။ သူ့လိမ်တာကို မခံရအောင် စိတ်ချပါ"

…

All Chapters