← Chapters

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း (၁၀၈) ကျောင်းမိဖုရားရဲ့ သူငယ်ချင်းလေး နှိပ်စက်ခံရခြင်း

ဘုရင်ကြီးက ဒေါသတကြီး အော်လိုက်တယ်။

"ဘယ်သူက ငါကိုယ်တော်ကို လိမ်ရဲတာလဲ"

"ဟဲဟဲ" လို့ ယွီးရှောင်ရှောင်က ရယ်လိုက်တယ်။

ဒါက လူကို အသက်ရှင်ခွင့် မပေးတော့ဘူးလား။ ဘုရင်ကြီးက ခုန်ပေါက်ပြီး ဒေါသတွေ ပေါက်ကွဲချင်နေပြီ၊ ဒီသမီးမိုက်ကိုလည်း နှင်ထုတ်ပစ်ချင်နေပြီ။

ယွီးရှောင်ရှောင်က မေးလိုက်တယ်။

"ကျောင်းပေချန်က ဘာလုပ်ခဲ့လို့လဲ"

ဘုရင်ကြီးက ချက်ချင်း ဒေါသတွေ ပျောက်သွားပြီး ဝမ်းနည်းမှုတွေပဲ ကျန်တော့တယ်။ ဟုတ်တယ်လေ။ ကျောင်းပေချန်က သူ့ကို လိမ်ခဲ့တာပဲ။ သူ့ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့ ဒီလို သမိုင်းဆိုးကြီးကို သမီးဖြစ်သူ မေ့သွားအောင် ဘယ်လို လုပ်ရမလဲ။

ယွီးရှောင်ရှောင်က အိတ်ထဲမှာ ကျန်နေသေးတဲ့ သစ်အယ်သီးလှော် တွေကို ကုရှင်းလန် လက်ထဲ ထည့်ပေးလိုက်ပြီး ပြောတယ်။

"စားလိုက်ပါ။ မလောက်ရင် အပြင်ရောက်မှ ထပ်ဝယ်တာပေါ့"

ကုရှင်းလန်က ဘုရင်ကြီးရဲ့ မည်းမှောင်ပြီး ရှည်ထွက်နေတဲ့ မျက်နှာကြီးကို တစ်ချက် ကြည့်လိုက်တယ်။ ဘုရင်ကြီးလည်း ဖြစ်၊ ယောက္ခထီးလည်း ဖြစ်တဲ့သူကို ဒေါသထွက် ရူးသွပ်သွားတဲ့အထိ စိတ်တိုအောင် လုပ်ဖို့ ကုသခင်လေးက မရက်စက်နိုင်သေးပါဘူး။ ဒါကြောင့် သစ်အယ်သီးတွေကို ပါးစပ်ထဲ မထည့်တော့ဘူး။

ဘုရင်ကြီးက မကျေမနပ်နဲ့ ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။

"ကျောင်းမိဖုရားက မိန်းမကောင်း တစ်ယောက်ပါ။ လင်းလုံ။ အဲဒီ မိန်းမယုတ် ဆိုတဲ့ စကားကို မင်းကို ဘယ်သူ သင်ပေးထားတာလဲ"

ယွီးရှောင်ရှောင်က ပြန်ဖြေတယ်။

"သူက ကျောင်း မျိုးရိုးလေ"

"ကျောင်းပေချန်က ကျောင်းပေချန်၊ ကျောင်းမိဖုရားက ကျောင်းမိဖုရားလေ" လို့ ဘုရင်ကြီးက ရှင်းပြတယ်။

"အဖေ တစ်ယောက်တည်းက မွေးတာလေ" လို့ ယွီးရှောင်ရှောင်က ပြန်ပြောလိုက်တယ်။

"ဘာကွာလို့လဲ။ ခွေးက လူတစ်ယောက် မွေးလာနိုင်လို့လား"

နန်းတော်ထဲ ဝင်လာကတည်းက မြင်းလှည်း ပြတင်းပေါက်ကို လိုက်ကာ ချထားပေမဲ့ ကုရှင်းလန်က ပြတင်းပေါက်ကို ကြည့်နေတုန်းပဲ။ ဇနီးသည်က ကျောင်းချိုးမင်ကို ဆဲနေတာကို ကြားရတာ အရမ်း ပျော်ဖို့ ကောင်းပေမဲ့ ယောက္ခထီး ရှေ့မှာတော့ သူ ဘာမှ မကြားလိုက်သလိုပဲ ဟန်ဆောင်နေတာ ကောင်းပါတယ်။

ဘုရင်ကြီးက ယွီးရှောင်ရှောင်ကို လက်ညှိုးထိုးပြီး မျက်ခုံး နှစ်ဖက်လုံး ပူးကပ်လုနီးပါး ဖြစ်နေကာ အသံကျယ်ကြီးနဲ့ မေးလိုက်တယ်။

"ဒီလို ရိုင်းစိုင်းတဲ့ စကားတွေကို မင်းကို ဘယ်သူ သင်ပေးထားတာလဲ။ မင်း ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားရတာလဲ"

"ဟဲဟဲ"

ယွီးရှောင်ရှောင်က ထပ်ရယ်လိုက်ပြန်တယ်။ သူမသာ ဒီကမ္ဘာကို ရောက်မလာဘူး ဆိုရင် အခုချိန်မှာ ရက်စက်တဲ့ ဘုရင်မက ရှောင်ချီလေးကို ခေါ်ပြီး ခေါင်ဖျားတဲ့ ဒေသမှာ ငတ်သေဖို့ စောင့်နေရလောက်ပြီ။ ဒီအရူးဘုရင်က သူမ ဘယ်လို ဖြစ်သွားတာလဲ လို့တောင် မေးနေသေးတယ်။ ဒီလို လူမျိုးနဲ့ ဘယ်လို သွားပေါင်းရမလဲ။

"မိုက်ရိုင်းလိုက်တာ"

ဘုရင်ကြီးက ဟဲဟဲဆိုတဲ့ ရယ်သံကို ကြားတော့ ဒေါသထွက်သွားပြီး ယွီးရှောင်ရှောင်ကို အော်လိုက်တယ်။

"ငါကိုယ်တော် ရှေ့မှာ နောက်တစ်ခါ ဟဲဟဲ လို့ မရယ်နဲ့"

"ဟဲဟဲ"

ယွီးရှောင်ရှောင်က ရယ်မြဲ ရယ်နေတယ်။ သူမက ဒီလို ရယ်တော့ ဒီအရူးဘုရင်က သူမကို ဘာလုပ်နိုင်မှာလဲ။

ဘုရင်ကြီး တကယ် ဒေါသပေါက်ကွဲသွားပြီ။ လူဆိုတာ ဒေါသထွက်လာရင် အသိဉာဏ် လွတ်သွားတတ်တယ်လေ။ အခုချိန်မှာ ဘုရင်ကြီးက သူ့သမီးကို ရိုက်နှက်ချင်နေပြီ။

"အရှင်မင်းကြီး"

ကုရှင်းလန်က ဘုရင်ကြီး မြင်းလှည်းထဲမှာ ထရပ်ဖို့ လုပ်တာကို မြင်တော့ ချက်ချင်း အော်ခေါ်လိုက်တယ်။

ယွီးရှောင်ရှောင်က မလှုပ်မယှက် ထိုင်နေပြီး သူမ အဖေကို မျက်စောင်းထိုး ကြည့်နေတယ်။

ကုသခင်လေး အော်လိုက်တဲ့ အသံက ကျယ်ပေမဲ့ နောက်ကျသွားပြီ။ ဘုရင်ကြီးရဲ့ ခေါင်းက မြင်းလှည်း ခေါင်မိုးနဲ့ ဆောင့်မိသွားပြီး ချက်ချင်းပဲ မျက်လုံးထဲမှာ ကြယ်တွေ လတွေ မြင်သွားပြီးတော့ မျက်နှာချင်းဆိုင်က သမီးရဲ့ မျက်နှာကတောင် နှစ်ခု ဖြစ်သွားတယ်။

ကုရှင်းလန်က ဘုရင်ကြီးရဲ့ ခေါင်းမှာ အဖုကြီး တစ်ခု ထွက်လာတာကို မြင်တော့ ဘုရင်ကြီး ဒဏ်ရာ ရသွားပြီ ဆိုတာ သိလိုက်ပြီး မျက်နှာထားရော၊ လေသံပါ စိုးရိမ်တကြီးနဲ့ ဘုရင်ကြီးကို မေးလိုက်တယ်။

"အရှင်မင်းကြီး။ အရှင်မင်းကြီး ဘာမှ မဖြစ်ဘူး မဟုတ်လား"

ခေါင်းမှာ အဖုထွက်တာက ယွီးရှောင်ရှောင် အတွက်တော့ ဒဏ်ရာလို့တောင် မသတ်မှတ်ဘူးလေ။ မင်းသမီးလေးက မေးလိုက်တယ်။

"ခေါင်းမူးသွားပြီလား။ ကောင်းကောင်းမွန်မွန် နေပါလား။ ဘာလို့ မတ်တတ် ထရပ်ရတာလဲ"

"မိဘကျေးဇူး မသိတတ်တဲ့ သမီး" လို့ ဘုရင်ကြီးက ခေါင်းကို ကိုင်ပြီး ယွီးရှောင်ရှောင်ကို ဆဲလိုက်တယ်။

မိဘကျေးဇူး မသိတတ်ဘူး ဆိုတဲ့ အပြစ်က ယွီးရှောင်ရှောင် အတွက်တော့ ဘာမှ မဟုတ်ပေမဲ့ ကုရှင်းလန် အတွက်တော့ အပြစ်ကြီး တစ်ခုပဲ။ ဒါကြောင့် ကုရှင်းလန်က အမြန်ပဲ ဘုရင်ကြီးကို ရှင်းပြဖို့ လုပ်တယ်။

"အရှင်မင်းကြီး။ မင်းသမီးက...”

"မင်း ဘာမှ ဝင်မပြောနဲ့" လို့ ဘုရင်ကြီးက ကုရှင်းလန်ကို ဟန့်တားလိုက်တယ်။

"သူက အခု မင်းမိန်းမ ဖြစ်နေပြီလေ။ ငါကိုယ်တော်က သူ့ကို မပိုင်တော့ဘူး"

ကုရှင်းလန် ငြိမ်သွားတယ်။ ဘုရင်ကြီးရဲ့ ဆိုလိုရင်းက ပစ္စည်း ရောင်းပြီးသွားရင် ပြန်မအမ်းတော့ဘူး ဆိုတဲ့ သဘောပဲလေ။

ယွီးရှောင်ရှောင်က စကားပြောဖို့ ပါးစပ် ဟလိုက်တယ်။

"မင်း နောက်တစ်ခါ ဟဲဟဲ လို့ ထပ်ရယ်ကြည့်စမ်း" လို့ ဘုရင်ကြီးက သမီးဖြစ်သူကို ခြိမ်းခြောက်လိုက်တယ်။

ယွီးရှောင်ရှောင်က ဒီကမ္ဘာကြီးရဲ့ မကောင်းတဲ့ အငွေ့အသက်တွေကို ဘုရင်ကြီးကို ထပ်ပြီး ခံစားစေချင်ပေမဲ့ မြင်းလှည်းက အဲဒီအချိန်မှာ ဘယ်ညာ ယိမ်းယိုင်သွားပြီး ရပ်သွားတယ်။

"အရှင်မင်းကြီး"

မြင်းလှည်း ရပ်သွားတာနဲ့ အပြင်ဘက်ကနေ အမျိုးသမီးတွေရဲ့ ငိုသံတွေ ထွက်လာတယ်။

ဘုရင်ကြီးက ဒေါသတကြီးနဲ့ မြင်းလှည်းပေါ်ကနေ ဆင်းသွားတယ်။

ယွီးရှောင်ရှောင်လည်း လိုက်ဆင်းဖို့ လုပ်တုန်း ကုရှင်းလန်က လက်ကို လှမ်းဆွဲထားပြီး တိုးတိုးလေး သတိပေးလိုက်တယ်။

"ရှောင်ရှောင်။ ကျောင်းမိဖုရားကို သတိထားနော်"

ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ ပခုံးကို ပုတ်လိုက်ပြီး ပြောတယ်။

"ကိစ္စမရှိပါဘူး။ အဲဒီ မိန်းမယုတ်က ကျွန်မကို ဒုက္ခမပေးနိုင်ပါဘူး"

လိုအပ်ရင် အဲဒီ မိန်းမယုတ်ကို နောက်တစ်ခေါက် မိုးကြိုး ပစ်ချခိုင်းလိုက်မယ်လေ။

ကုရှင်းလန်က ယွီးရှောင်ရှောင် မြင်းလှည်းပေါ်က ခုန်ဆင်းသွားတာကို ကြည့်ပြီး ကျောင်းမိဖုရားကို သူ့ဇနီး ရင်ဆိုင်ရမှာ စိတ်မချပေမဲ့ မြင်းလှည်းထဲမှာပဲ စိတ်ရှည်ရှည်နဲ့ စောင့်နေရုံပဲ တတ်နိုင်တယ်။

မြင်းလှည်း အပြင်ဘက်မှာ ချွေ့ယွီက ချူချင်း နန်းဆောင်က အစေခံတွေ၊ မိန်းမစိုးတွေကို ခေါ်ပြီး ဘုရင်ကြီးရဲ့ ခြေရင်းမှာ ဒူးထောက်ကာ ငိုယိုနေကြတယ်။

ယွီးရှောင်ရှောင်က ဆင်းလာပြီး အခြေအနေကို ကြည့်ကာ မေးလိုက်တယ်။

"ကျောင်းမိဖုရား သေသွားပြီလား"

ဘုရင်ကြီးရဲ့ ရင်ဘတ်က တစ်ချက် တုန်သွားပြီး မေးလိုက်တယ်။

"ကျောင်းမိဖုရား မရှိတော့ဘူးလား"

ချွေ့ယွီရဲ့ ငိုသံက ရုတ်တရက် ရပ်သွားတယ်။ လင်းလုံမင်းသမီးက သူမ သခင်မ သေဖို့ မျှော်လင့်နေတာ သေချာပေမဲ့ အခု ဘုရင်ကြီးကပါ သူမ သခင်မ သေဖို့ မျှော်လင့်နေတာလား။

"မြေမြှုပ်ဖို့ တွင်းတူးလိုက်ပါ" လို့ ယွီးရှောင်ရှောင်က ပြတ်ပြတ်သားသားပဲ ဘုရင်ကြီးကို ပြောလိုက်တယ်။

"ဖေဖေ။ သူ့အလောင်းကို ကြည့်ရက်မှာ မဟုတ်ရင် ကျွန်မကပဲ သူ့ကို မြေမြှုပ်ပေးလိုက်ရမလား"

ဘုရင်ကြီးရဲ့ မျက်လုံးထဲကနေ မျက်ရည်တွေ ပေါက်ခနဲ ကျလာတယ်။ သူ အပြင်ထွက်ပြီး ထမင်းစားတဲ့ အချိန်လေး အတွင်းမှာတင် ချစ်လှစွာသော မိဖုရားလေးက သေသွားပြီလား။

ယွီးရှောင်ရှောင်က ဘုရင်ကြီး မျက်ရည်ကျနေတာကို မြင်တော့ ဒီအရူးဘုရင်ကို ပိုပြီးတောင် အထင်သေးသွားတယ်။ ယောက်ျား ဆိုတာ သွေးထွက်ရင် ထွက်မယ်။ မျက်ရည် မကျရဘူး လို့ ပြောကြတာ မဟုတ်ဘူးလား။ အခု ဒီလူက မတ်တတ်ရပ်ရင်း ငိုနေတာကို ဘယ်လို ရှင်းပြမလဲ။

"သမားတော်ကော"

ဘုရင်ကြီးက ငိုသံပါကြီးနဲ့ မေးလိုက်တယ်။

"ကျောင်းမိဖုရား ဘာရောဂါနဲ့ သေသွားတာလဲ"

သမားတော် တချို့က တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ဘာမှ မပြောရဲဘဲ ဖြစ်နေကြတယ်။

ယွီးရှောင်ရှောင်က မေးလိုက်တယ်။

"ရှင်တို့က သူ ဘယ်လို သေသွားလဲ ဆိုတာကို မသိဘူးလား"

"ကျောင်းမိဖုရားက သူများ လုပ်ကြံတာ ခံရတာလား" လို့ ဘုရင်ကြီးက အလန့်တကြား မေးလိုက်တယ်။

ချွေ့ယွီက တုန်တုန်ရီရီနဲ့ လျှောက်တင်လိုက်တယ်။

"အရှင်မင်းကြီး။ မိဖုရားက နေမကောင်း ရုံပဲ ရှိပါသေးတယ်။ မသေသေးပါဘူး"

ယွီးရှောင်ရှောင် ချက်ချင်း စိတ်ပျက်သွားတယ်။ အလကား အပျော်လွန်သွားတာပဲ။

ဘုရင်ကြီးက ကျောင်းမိဖုရား အတွက် လက်စားချေပေးမယ်လို့ ကျိန်တွယ်ဖို့ လုပ်နေတုန်း ချွေ့ယွီက ကျောင်းမိဖုရား နေမကောင်းရုံပဲ ရှိသေးတယ်၊ မသေသေးဘူးလို့ ပြောလိုက်တော့ ဘုရင်ကြီးက ဒေါသထွက်ပြီး မျက်နှာတွေ နီရဲလာတယ်။

ယွီးရှောင်ရှောင်က ကျောင်းမိဖုရားရဲ့ သူငယ်ချင်းလေးကို တစ်ချက် ကြည့်ပြီး ပြောလိုက်တယ်။

"ကျောင်းမိဖုရား မသေသေးရင် မင်းက ဘာလို့ ဒီလောက် ငိုနေရတာလဲ"

"ဒီမိုက်ရိုင်းတဲ့ ကောင်မကို ဆွဲထုတ်သွားစမ်း"

ဘုရင်ကြီးက ဒေါသတွေ ပေါက်ကွဲဖို့ နေရာ ရှာတွေ့သွားပြီး ချွေ့ယွီကို အမိန့်ပေးလိုက်တယ်။

"စကားတောင် သေချာ မပြောတတ်တဲ့ မင်းလို ကောင်မကို ငါကိုယ်တော်က ဘာလုပ်ဖို့ ထားရမှာလဲ"

ချွေ့ယွီကြောင်သွားတယ်။ ချူချင်း နန်းဆောင် ရှေ့မှာ ဒူးထောက်ပြီး သတင်း လာပို့တာလေးကို သူမက အသက်ဘေးနဲ့ ကြုံရပြီလား။

အစောင့် နှစ်ယောက်က ရှေ့ထွက်လာပြီး ချွေ့ယွီကို ဆွဲခေါ်သွားဖို့ လုပ်ကြတယ်။

"အရှင်မင်းကြီး။ အသက်ချမ်းသာပေးပါ"

ချွေ့ယွီက ဘုရင်ကြီးကို အော်ဟစ် တောင်းပန်ပြီး မျက်ရည်တွေက ခုနကထက်တောင် ပိုကျလာသေးတယ်။

ကျင်းကျုံးက ဘုရင်ကြီးကို တိုးတိုးလေး လျှောက်တင်တယ်။

"အရှင်မင်းကြီး။ ဒီမိန်းမကို ကွပ်မျက်လိုက်ရမလား"

ဘုရင်ကြီးက "ဟွန့်" လို့ အသံပြုလိုက်ပြီး ချူချင်း နန်းဆောင်ထဲကို လျှောက်ဝင်သွားတယ်။

"သူက ကျောင်းမိဖုရားရဲ့ သူငယ်ချင်းလေးလေ" လို့ ယွီးရှောင်ရှောင်က ဘုရင်ကြီး နောက်ကနေ လိုက်သွားရင်း ပြောလိုက်တယ်။

"ဖေဖေက တကယ်ပဲ သူ့ကို သတ်မှာလား"

ဘုရင်ကြီးက ဒီအစေခံမက ကျောင်းမိဖုရား ဘေးမှာ အားထားရဆုံး သူ ဆိုတာ သိတယ်။ အသက်ပြင်းပြင်း ရှူလိုက်ပြီး သူက အမြော်အမြင် ရှိတဲ့ ဘုရင် ပါလို့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးကာ စကားကို ပြောင်းပြောလိုက်တယ်။

"ဆွဲထုတ်ပြီး ရိုက်လိုက်။ စကား သေချာ ပြောတတ်အောင် သင်ပေးလိုက်"

"ဟုတ်ကဲ့ပါ" လို့ ကျင်းကျုံးက အမြန် ပြန်ထူးလိုက်တယ်။

"ကျွန်တော်မျိုး အမိန့်နာခံပါတယ်"

အစောင့် နှစ်ယောက်က ကျင်းကျုံးရဲ့ အချက်ပြမှုနဲ့ ချွေ့ယွီရဲ့ ပါးစပ်ကို ပိတ်ပြီး ချူချင်း နန်းဆောင်ရဲ့ ရံရွှေတော်ခေါင်းဆောင်ကို ဆွဲထုတ်သွားကြတယ်။ အဲဒီမှာ ရှိနေတဲ့ သူတွေ အကုန်လုံးက ချွေ့ယွီကို သနားပေမဲ့ ဒေါသထွက်နေတဲ့ ဘုရင်ကြီး ရှေ့မှာ ဘယ်သူကမှ ဝင်မတောင်းပန်ရဲကြဘူး။

ဘုရင်ကြီးက ကျောင်းမိဖုရားရဲ့ အိပ်ခန်းထဲ ဝင်တာနဲ့ သွေးနံ့တွေ ရလိုက်တယ်။ ဒီအနံ့ကြောင့် ဘုရင်ကြီးက အိပ်ခန်း တံခါးဝမှာတင် ယိုင်လဲလုမတတ် ဖြစ်သွားတယ်။ သူ့ကို မူးမေ့သွားစေမဲ့ အနံ့ဆိုးတွေကို အောင့်အည်း သည်းခံပြီး ဘုရင်ကြီးက ကျောင်းမိဖုရားရဲ့ ခုတင်နားကို ခပ်သွက်သွက် လျှောက်သွားတယ်။

…

All Chapters