အခန်း ၁၁၈
Vol. 8 Ch. 118
အခန်း ၁၁၈ - ငွေသွေးယန်မျိုးနွယ်စု၏ လက်ဆောင်နှင့် မရဏကမ္ဘာသို့ ခရီးစဉ်
[အမည်] - ငွေသွေးကြေးနီတောင်
[အဆင့်] - အဆင့် (၈)
[အာနိသင်] - ငွေသွေးနေမင်းမျိုးနွယ်စုအတွက်သာ သီးသန့်ဖြစ်သော ကျိန်းစက်ရာနေရာဖြစ်ပြီး ၎င်းတို့၏ စွမ်းအင်လှိုင်း နှင့် ကံတရားအကျိုးအကြောင်းဆက်စပ်မှုများကို ဖုံးကွယ်ထားနိုင်သည်။
[ပေါင်နှံစျေး] - ရှစ်သိန်းငါးသောင်း မဟာတာအိုနတ်ဘုရားစွမ်းအင်
...
"နတ်ဘုရားစွမ်းအင် ရှစ်သိန်းငါးသောင်းတောင်ပါလား"
လီယွဲ့၏စိတ်ထဲတွင် ပျော်ရွှင်မှုများ လှိုင်းထလို့ သွားသည်။
ဤငွေသွေးယန်မျိုးနွယ်စုသည် တကယ်ကို အံ့ဩဖို့ကောင်းလှသည်။ ထိုမျိုးနွယ်စုဝင်များ၏ ရုပ်အလောင်းများအပါအဝင် ဆိုလျှင် သူ့အတွက် နတ်ဘုရားစွမ်းအင် တစ်သန်းခြောက်သိန်းရှစ်သောင်းကို တိုက်ရိုက်လက်ဆောင်ပေးလိုက်သလို ဖြစ်နေ၏။
သူသည် အဋ္ဌမအဆင့်နတ်ဘုရားမှ သတ္တမအဆင့်နတ်ဘုရားသို့ တိုးမြှင့်ရန် နတ်ဘုရားစွမ်းအင် ငါးသိန်းခုနစ်သောင်းသာ လိုအပ်သည်။
"ငါ့ဆီကို ပိုက်ဆံလာပေးတဲ့ ဒီလိုကောင်လေးတွေ အများကြီးရှိရင် သိပ်ကောင်းမှာပဲ"
သူ ညင်သာစွာ ပြုံးလိုက်သည်။
ငွေသွေးယန်မျိုးနွယ်စုဆီမှ ရရှိသော ဤကြီးမားလှသည့် လက်ဆောင်သည် သူ့အတွက် အချိန်များစွာ သက်သာစေခဲ့သည်။
သို့သော်လည်း…
သူ ဤကဲ့သို့ ကြီးမြတ်သော လက်ဆောင်ကို ရရှိနိုင်လျှင် အခြားသော ကြယ်တာရာပြမှ နတ်ဘုရားများသည်လည်း ၎င်းတို့၏ နတ်ဘုရားအဆင့် တိုးတက်လာပြီး ပိုင်နက်နယ်မြေ ချဲ့ထွင်သည့်အခါ ဤကဲ့သို့သော လက်ဆောင်မျိုးကို ရရှိနိုင်ပေသည်။ အဆုံးစွန်၌မူ ကမ္ဘာပေါ်တွင် အခွင့်အရေးများစွာ ရှိနေပြီး၊ သူတစ်ယောက်တည်းကသာ အကုန်လုံးကို ပိုင်ဆိုင်နိုင်မည် မဟုတ်ပါ။
"ဒါပေမဲ့ ခြေတစ်လှမ်း အရင်ဦးသူက ခြေလှမ်းတိုင်းမှာ အမြဲဦးနေမှာပဲ..."
"ငါက အများကြီး ရှေ့ရောက်နေတာကို ကမ္ဘာမြေက တခြားနတ်ဘုရားတွေက ဘယ်လိုလုပ် လိုက်မီနိုင်မှာလဲ"
သူ့မျက်နှာ အမူအရာ တည်ငြိမ်နေသည်။
သူသည် တုံ့ဆိုင်းမနေဘဲ ငွေသွေးကြေးနီတောင် ဟု အမည်ရသော ဤအဆင့် (၈) ပစ္စည်းကို နတ်ဘုရားဆိုင်သို့ တိုက်ရိုက်ရောင်းချလိုက်သည်။
ရုတ်တရက်ပင်…
နတ်ဘုရားစွမ်းအင် ရှစ်သိန်းငါးသောင်းသည် သူ့ခန္ဓာကိုယ်ထဲတွင် လေဟာနယ်ထဲမှ ထွက်ပေါ်လာသကဲ့သို့ ပေါ်ပေါက်လာသည်။
လှိုင်းထနေသော နတ်ဘုရားစွမ်းအင်များသည် ပင်လယ်သမုဒ္ဒရာကြီးကဲ့သို့ပင် သူ့နတ်ဘုရားခန္ဓာကိုယ်အတွင်း၌ နိမ့်ချည်မြင့်ချည် စီးဆင်းသွားသည်။ စုစုပေါင်း နတ်ဘုရားစွမ်းအင် တစ်သန်းခုနစ်သိန်းနှစ်သောင်းကျော် ရှိသွားပြီဖြစ်သည်။
"တစ်ညတည်းနဲ့ ချမ်းသာသွားသလို ခံစားရတာပဲ"
"ဟိုစကားပုံက ဘယ်လိုရှိတာလဲ"
"မြင်းဆိုတာ ညဘက် မြက်မစားရင် မဝတုတ်နိုင်ဘူး… လူဆိုတာလည်း မထင်မှတ်တဲ့ စည်းစိမ်မရရင် မချမ်းသာနိုင်ဘူး တဲ့"
"ဒီလို မမျှော်လင့်ဘဲရတဲ့ လာဘ်လာဘက ငါ့ကို တကယ့်ကို ဝဝလင်လင် စားခွင့်ပေးလိုက်တာပဲ"
လီယွဲ့ လုံးဝ စိတ်ကျေနပ်သွားသည်။
သူသည် အခြားသော ကြယ်တာရာပြာနတ်ဘုရားများ၏ လက်ရှိအခြေအနေကို သိရှိနိုင်ရန်အတွက် ဒေသတွင်းစကားပြောခန်းကို ဖွင့်လှစ်ကြည့်ရှုလိုက်သည်။
ဒေသတွင်းစကားပြောခန်းမှနေ၍ အသုံးဝင်သော အချက်အလက်များစွာကို ရရှိနိုင်၏။ ထို့ကြောင့် သူ အချိန်ရတိုင်း ၎င်းကို ဖွင့်ကြည့်လေ့ရှိသည်။
အကြောင်းမှာ ၎င်းတို့အားလုံးသည် နတ်ဘုရားများဖြစ်ကြပြီး သူတို့ ရရှိနိုင်သော အချက်အလက်များသည် သာမန်သိုင်းပညာရှင်များ လက်လှမ်းမီနိုင်သည်ထက် အဆပေါင်းများစွာ သာလွန်နေသောကြောင့် ဖြစ်သည်။
ကမ္ဘာမြေမှ နတ်ဘုရားများ ပြောဆိုနေကြသော အကြောင်းအရာများသည် သိုင်းပညာရှင်များအတွက် လျှို့ဝှက်ချက်ကြီးများ ဖြစ်သည်။
ဥပမာအားဖြင့် သူသည် ဒေသတွင်းစကားပြောခန်းမှတစ်ဆင့် လူသားဧကရာဇ်ခေတ် နှင့် ကိုးပါးကောင်းကင်ခေတ် အကြောင်း အချက်အလက်များစွာကို ရရှိခဲ့သည်။
ထိုခေတ်နှစ်ခေတ် လွှမ်းမိုးထားသော နယ်မြေများသည် သူထင်ထားသည်ထက် များစွာ ပိုမိုကျယ်ဝန်းကြောင်း သိရှိခဲ့ရ၏။ ထို့အပြင် သူနေထိုင်သော ကမ္ဘာတစ်ခုတည်းတင်မကဘဲ ကမ္ဘာပေါ်ရှိ နေရာအများအပြားကလည်း "လူသားဧကရာဇ်ခေတ်" နှင့် "ကိုးပါးကောင်းကင်ခေတ်" ဟူသော ဝေါဟာရများကို လက်ခံထားကြသည်။
[ဟာဟာဟာ… ငါ့နတ်စင်ဂေါပကက တကယ်ကို ကြိုးစားရှာတာပဲ… သူ့ကို ကြက်ပေါင်တစ်ခု ဆုချရမယ်… နောက်ဆုံးတော့ သူက အဆင့် (၄) မိစ္ဆာတစ်ကောင်ကို ဆွဲဆောင်နိုင်ခဲ့ပြီ… ဒီမိစ္ဆာကို သတ်ပြီးရင် ငါ့မှာ နတ်ဘုရားစွမ်းအင် အမျှင်တန်းတစ်ထောင် စုမိပြီ… ငါ့ကို ရှိခိုးကြစမ်း… အနာဂတ်ရဲ့ နဝမအဆင့် နတ်ဘုရားကြီးကို]
[ဟာ... အလကားပဲ… ငါ့နတ်စင်ဂေါပကရဲ့ လူသုံးယောက်တောင် သေသွားတာ… အဆင့် (၄) မိစ္ဆာနှစ်ကောင်ပဲ ဆွဲဆောင်နိုင်သေးတယ်… ဒီက မိစ္ဆာတွေက ပိုလည်နေကြတာလား]
[ဟေ့ လူလေး… မင်းရွေးထားတဲ့ နတ်စင်ဂေါပကကပဲ အူတူတူနိုင်နေတာ မဟုတ်ဘူးလား… မျက်စိမှိတ်ပြသောပုံ]
[ခံစားချက်တွေ ပေါက်ကွဲကုန်ပြီ… တကယ်ကို ပေါက်ကွဲကုန်ပြီ… အဆင့် (၄) အထွတ်အထိပ် မိစ္ဆာတစ်ကောင်ကို လွတ်သွားအောင် လုပ်မိလိုက်တယ်လေ… အားးးးးးးးး စိတ်တိုလွန်းလို့ သေတော့မယ်… (ဒေါသထွက်နေသောပုံ)]
[တုန်လှုပ်ချောက်ချားဖွယ်ပဲ… ငါ့နတ်စင်ဂေါပကက ငါ့ကို ဖြားယောင်းဖို့ ကြိုးစားနေတယ်… တကယ့်ကို အရှက်မရှိတာပဲ… သူက စာခြောက်ရုပ်လို ယောက်ျားပီသတဲ့ ဗိုက်သားတွေ ရှိနေရင်လည်း ဘာဖြစ်လဲ… ငါ့လို နတ်ဘုရားမက သူ့ကို လှည့်တောင်မကြည့်ဘူး (မာနကြီးသောပုံ)]
[ဟေ့လူတို့… လူသားဧကရာဇ်အကြောင်း ကြားဖူးကြလား]
[ငါ့ဆီမှာ ဒဏ္ဍာရီတစ်ခု ရှိတယ်… လူသားဧကရာဇ်ခေတ်တုန်းက ပြိုင်ဘက်ကင်းတဲ့ လူသားဧကရာဇ် ရှစ်ပါး ရှိခဲ့ဖူးပြီး တစ်ပါးစီက အတုမရှိ အစွမ်းထက်ကြတာကြောင့် လူသားမျိုးနွယ်ကို ကောင်းကင်နဲ့ မြေကြီးရဲ့ အဓိကသခင် ဖြစ်စေခဲ့ပြီး တခြားမျိုးနွယ်စုတွေအားလုံးရဲ့ အထက်မှာ ရပ်တည်စေခဲ့တာတဲ့]
[ငါ့ဆီမှာလည်း ဒဏ္ဍာရီတစ်ခု ရှိတယ်… လူသားဧကရာဇ်ရဲ့ နာမတော်ကို မပြောရဲကြဘူး… နာမတော်ကို ရွတ်ဆိုမိရင် ကံတရားအကျိုးဆက်က အရမ်းကြီးမားလွန်းလို့ ငါတို့လို အဆင့်နိမ့်နတ်ဘုရားတွေ မခံနိုင်ဘူး တဲ့… (ရယ်မောလျက်)]
[ဘာလူသားဧကရာဇ်လဲ… မင်းတို့ ဘာတွေ ပြောနေကြတာလဲ (နားမလည်သောပုံ)]
[လူသားဧကရာဇ်ဆိုတာ လူသားမျိုးနွယ်ကို တကယ်ပဲ ထွန်းတောက်အောင် လုပ်ပေးခဲ့တဲ့ ပြိုင်ဘက်ကင်း သတ္တဝါကြီးတွေပေါ့… သူတို့ခေတ်တုန်းက ကမ္ဘာပေါ်မှာ ပြိုင်ဘက်မရှိခဲ့ဘူး… ဒါကို ငါ ရှေးဟောင်းစာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတာ]
[ငါကတော့ စွမ်းဆောင်ချက်တွေ အများကြီးရှိခဲ့ပြီး လူသားမျိုးနွယ်က သောင်းခြောက်ထောင်လမ်းစဉ်ရဲ့ လူသားဧကရာဇ် လို့ ကြည်ညိုကြတဲ့ လူသားဧကရာဇ်တစ်ပါးရဲ့ နာမတော်ကို သိတယ်။]
...
အချိန်အတော်ကြာ ရှာဖွေပြီးနောက် လီယွဲ့သည် နောက်ဆုံးတွင် အသုံးဝင်သော အချက်အလက်အချို့ကို တွေ့ရှိခဲ့သည်။
"သောင်းခြောက်ထောင်လမ်းစဉ်ရဲ့ လူသားဧကရာဇ်..."
"သူက လူသားဧကရာဇ်ခေတ်ရဲ့ ဧကရာဇ်ရှစ်ပါးထဲက တစ်ပါး ဖြစ်ရမယ်"
"ရွှမ်ရှန်းခရိုင် က မိသားစုတစ်စု စုဆောင်းထားတဲ့ ရှေးဟောင်းစာအုပ် နှစ်အုပ်ထဲမှာ ဒီစာလုံးအချို့ကို ငါ မြင်ဖူးခဲ့တယ်"
သူ့မျက်လုံးများ ဝင်းလက်သွားသည်။ ပိုင်နက်နယ်မြေသည် ရွှမ်ရှန်းခရိုင်မြို့ကို လွှမ်းမိုးသွားပြီးနောက် ရွှမ်ရှန်းခရိုင်ရှိ အရာအားလုံးသည် သူ့မျက်စိရှေ့တွင် အထင်အရှား ပေါ်ပေါက်လာခဲ့သည်။ သူသည် စာအုပ်များတွင် မှတ်တမ်းတင်ထားသော အရေးကြီး အချက်အလက်များကို တစ်ချက်ကြည့်ရုံဖြင့် အလွတ်မှတ်မိသွားသည်။
ထိုအထဲတွင် ဤ သောင်းခြောက်ထောင်လမ်းစဉ်၏ လူသားဧကရာဇ် အကြောင်း မှတ်တမ်းအချို့ ပါဝင်သည်။ မှတ်တမ်းများအရ ဤဧကရာဇ်သည် နေရာအနှံ့သို့ ခရီးလှည့်လည်ခဲ့ပြီး လူသားမျိုးနွယ်အတွက် ထိတ်လန့်ဖွယ်ရာ ရန်သူများစွာကို ရှင်းလင်းပေးခဲ့သည်။ သို့သော် မည်သည့်ရန်သူများကို ရှင်းလင်းခဲ့သည်ကိုမူ အတိအကျ မှတ်တမ်းတင်ထားခြင်း မရှိပါ။ ၎င်းကို စာအုပ်တွင် မှတ်တမ်းတင်ရန် မဖြစ်နိုင်ပုံရသည်။
"ဒါပေမဲ့ ကြည့်ရတာ..."
"ကမ္ဘာမြေက နတ်ဘုရား အများစုကတော့ နဝမအဆင့် နတ်ဘုရားအဆင့်မှာပဲ ရှိသေးတယ်"
"ဒါပေမဲ့ အနည်းငယ်မျှသော နတ်ဘုရားအချို့ကတော့ နဝမအဆင့် အထွတ်အထိပ်ကို ရောက်လာကြပြီ"
"သူတို့က အဆင့် (၄) မိစ္ဆာတွေကို သူတို့ရဲ့ ပိုင်နက်နယ်မြေထဲ ဆွဲဆောင်ပြီး သတ်ဖြတ်ကာ နတ်ဘုရားစွမ်းအင်အတွက် ရောင်းချမယ့် နည်းလမ်းကို ရှာတွေ့နေကြပြီ"
သူ ပြုံးလိုက်သည်။
အဆင့် (၄) မိစ္ဆာတစ်ကောင်၏ ရုပ်အလောင်းသည် နတ်ဘုရားစွမ်းအင် တစ်ရာ သို့မဟုတ် နှစ်ရာခန့် တန်ဖိုးရှိသည်။ ၎င်းတို့ထဲမှ ခြောက်ကောင် သို့မဟုတ် ခုနစ်ကောင်ကို သတ်ဖြတ်နိုင်လျှင် နဝမအဆင့် နတ်ဘုရားနယ်ပယ်သို့ တိုးမြှင့်ရန် လုံလောက်သော နတ်ဘုရားစွမ်းအင်ကို စုဆောင်းနိုင်သည်။
သို့သော်လည်း…
နဝမအဆင့် နတ်ဘုရားတစ်ပါး၏ နတ်စင်ဂေါပကသည်ပင် ဒုတိယအဆင့် အစွမ်းသာ ရှိသဖြင့် အဆင့် (၄) မိစ္ဆာများကို ၎င်းတို့၏ [ပိုင်နက်နယ်မြေ] အတွင်းသို့ ခေါ်ဆောင်လာရန်မှာ သဘာဝအတိုင်း အလွန်ခက်ခဲပေလိမ့်မည်။ ဤနည်းလမ်းသည် နတ်စင်ဂေါပကအတွက် အသက်ဘေးအန္တရာယ်လည်း အလွန်ကြီးမားလှ၏။ အခြားသော သက်ဝင်ယုံကြည်သူများ ရနိုင်သော်လည်း နဝမအဆင့် နတ်ဘုရားများ၏ လက်အောက်ခံ နောက်လိုက်များထဲတွင် နတ်စင်ဂေါပကသည် အစွမ်းအထက်ဆုံး ဖြစ်သင့်သည်။
"ကမ္ဘာမြေက နတ်ဘုရားအများစုက နတ်ဘုရားစွမ်းအင် အမျှင်တန်းတစ်ထောင်ရဖို့ ရုန်းကန်နေရတုန်းပဲ"
"ဒါပေမဲ့ ငါ့မှာတော့ နတ်ဘုရားစွမ်းအင် တစ်သန်းခုနစ်သိန်းနှစ်သောင်း ရှိနေပြီ"
"အခုမှပဲ ချမ်းသာတဲ့သူတွေရဲ့ ပျော်ရွှင်မှုကို ငါ နားလည်တော့တယ်"
သူသည် ဒေသတွင်းစကားပြောခန်း မျက်နှာပြင်ပေါ်ရှိ အချက်အလက်များကို အချိန်အတော်ကြာ ကြည့်ရှုပြီးနောက် ပိတ်လိုက်သည်။
ထို့နောက်…
သူ့မျက်နှာအမူအရာ အနည်းငယ် တည်တံ့သွားပြီး ကိုယ်ပိုင်တာဝန်ကို ကြည့်လိုက်သည်။
သူ အဋ္ဌမအဆင့်နတ်ဘုရားအဖြစ် မတိုးမြှင့်မီက မရဏကမ္ဘာ ရှိ ထာဝရနတ်ဘုရားမြို့တော် သို့ သွားရောက်ရန် လိုအပ်သော [ကိုယ်ပိုင်တာဝန် - ၁၄] ကို လက်ခံရရှိခဲ့သည်။ ယခုအခါ သူသည် အဋ္ဌမအဆင့် နတ်ဘုရားအဆင့်သို့ တိုးမြှင့်ခံရပြီး ဖြစ်သဖြင့် သူ၏အစွမ်းသည် လူသားအဆင့် (၆) နတ်ဘုရားအဆင့်၏ သာမန်ကန့်သတ်ချက်ကို ကျော်လွန်ကာ အဆမတန် တိုးတက်လာခဲ့ပြီ ဖြစ်သည်။
"အခု ဒီတာဝန်ကို သွားပြီး ပြီးမြောက်အောင် လုပ်လို့ရပြီ"
"မရဏကမ္ဘာ..."
လီယွဲ့၏ မျက်လုံးများက တောက်ပနေသည်။ သူသည် ဤကမ္ဘာ၏ မရဏကမ္ဘာအကြောင်းကို အလွန်စိတ်ဝင်စားနေဆဲ ဖြစ်သည်။ အဆုံးစွန်၌မူ သူသည် နတ်ဘုရားတစ်ပါး ဖြစ်သည်။ ရာထူး ဖြစ်စေ၊ အသစ်တိုးမြှင့်လိုက်သော ရာထူး ဖြစ်စေ၊ နှစ်ခုစလုံးသည် မရဏကမ္ဘာနှင့် ခွဲခြား၍မရအောင် ဆက်စပ်နေသည်။
"ဒီကမ္ဘာရဲ့ မရဏကမ္ဘာကို သွားပြီး ကြည့်ကြရအောင်..."
လီယွဲ့ မိမိဘာသာ ရေရွတ်လိုက်သည်။
သူ့စိတ်ကူးအတိုင်းပင်၊ သူ့ နတ်ဘုရားနယ်မြေ အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော ဝဲဂယက်တစ်ခု ပေါ်လာသည်။ သူသည် ခြေတစ်လှမ်း လှမ်းလိုက်ပြီး ထိုဝဲဂယက်အတွင်းသို့ ဝင်ရောက်ကာ မရဏကမ္ဘာသို့ ဦးတည်သွားတော့သည်။