← Chapters

အခန်း (၃၇၅-၃၇၆)

Vol. 38 Ch. 375-376

အခန်း (၃၇၅-၃၇၆)

Vol. 38 Ch. 375-376

အပိုင်း (၃၇၅)

ကျုံးရှန်သည် ကောင်းကင်ထက်၌ ဖုံးကွယ်ထားသည့်အခြေအနေဖြင့် မတ်တပ်ရပ်နေကာ အရာအားလုံးကို ဖန်ဆင်းရှင်တစ်ပါးကဲ့သို့ စောင့်ကြည့်နေသည်။ သူ၏အောက်ဘက်တွင်မူ ခုခံတော်လှန်သူ လူငယ်ငါးဦးသည် မိမိတို့၏ စွမ်းအားများ ကွယ်ပျောက်သွားခြင်း မရှိသည်ကို သိရှိသွားကြပြီဖြစ်သည်။ လူငယ်များသည် သူတို့တွေ့ကြုံ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် စိတ်အထင်မှားနေခြင်း မဟုတ်ဘဲ စစ်မှန်သော လက်တွေ့ဘဝ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကြလေသည်။

ထိုခဏ၌ပင် သူတို့၏မျက်နှာ၌ ကြောက်မက်ဖွယ်ကောင်းသော ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များ ပေါ်လာသည်။ သူတို့သည် ကြီးမားသောခွန်အားများကိုပိုင်ဆိုင်ထားပြီဖြစ်ကာ လက်ထဲရှိ ကျောက်တူးတူများကိုအသုံးပြုရန်ပင် မလိုအပ်တော့ဘဲ လက်ဗလာဖြင့်တိုက်ခိုက်နိုင်သွားပြီဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ သူတို့သည် တော်လှန်ပုန်ကန်လိုသည့် စိတ်နှလုံး၏စွမ်းအားမှ တစ်ဆင့်စိတ်နှလုံးကွန်ရက်ကို တည်ဆောက်ကာ ထိုစိတ်နှလုံးစွမ်းအားအမြောက်အမြားများကို အသုံးပြု၍ နျန်းဘီဒင်္ဂါး အတော်အတန် လဲလှယ်နိုင်ခဲ့ကြသောကြောင့်ဖြစ်သည်။

ထိုနျန်းဘီဒင်္ဂါးများသည် သူတို့၏ စိတ်ကူးစိတ်သန်းများနှင့် တောင်းဆိုချက်များအတိုင်း သူတို့၏ ကိုယ်ခန္ဓာများပေါ်၌ သန်မာမှု အဆင့်များမြှင့်တင်ပေးခဲ့သဖြင့် ယခုအချိန်တွင် သူတို့ထဲမှ တစ်ယောက်ချင်းစီသည် အနှိုင်းမဲ့ ခွန်အားများကိုပိုင်ဆိုင်ထားသော နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်လာကြလေသည်။ လူငယ်ငါးဦးသည် သူတို့၏လက်သီးတစ်ချက် ဝှေ့ယမ်းလိုက်ရုံမျှဖြင့် နှိပ်စက်ကြီးကြပ်သူတစ်ဦးကို လွင့်ထွက်သွားစေကာ လက်သီးအရှိန်ကြောင့်လေပြင်းများကိုပင် ထွက်ပေါ်လာစေ၏။ ထိုအဖြစ်ကိုမြင်သောအခါ သူတို့သည် တစ်ယောက်လျှင် လက်သီးတစ်ချက်နှုန်းဖြင့် စတင်တိုက်ခိုက်လိုက်ကြသည်။

မည်သည့် နှိပ်စက်ကြီးကြပ်သူမျှ သူတို့၏လက်သီးချက်ကို တောင့်ခံနိုင်ခြင်း မရှိကြချေ။ ထိုလက်သီးချက်များဖြင့်အထိုးခံရသူတိုင်းသည် အသားစိုင်၊အသားဖတ်များအဖြစ်သို့ ပြောင်းလဲသွားကာ လေထဲတွင်ပင် ခန္ဓာကိုယ်များ ပေါက်ကွဲသွားကြသည်။

ရက်စက်ကြမ်းကြုတ်လှသော ကိုယ်ကာယခွန်အား။

ခွန်အားသည် အခြားစွမ်းအားများကဲ့သို့ရှုပ်ထွေးမှုမရှိဘဲ လွယ်ကူရိုးရှင်းစွာဖြင့် ထုတ်ဖော်နိုင်သည့် ကြီးမားလှသောစွမ်းအားတစ်ခုဖြစ်သည်။ ကံကြမ္မာလှည်းဘီးသည် တစ်ပတ်ပြန်လည်လာလေသည်။ မူလက လက်နက်အားကိုးဖြင့် ပုန်ကန်သူအလုပ်သမားများကို ရက်စက်စွာသတ်ဖြတ်ခဲ့သောနှိပ်စက်ကြီးကြပ်သူများသည် ထွက်ပြေးရန်ပင် အချိန်မရကြတော့ချေ။

သူတို့၏ ဓားချက်များအောက်၌ မြေပြင်ပေါ်သို့ အလဲလဲအပြိုပြို လဲကျနေခဲ့သော အဆင့်နိမ့်အလုပ်သမားများသည် မျက်စိတစ်မှိတ်အတွင်း ပြန်လည်ရှင်သန်လာကြကာ အနှိုင်းမဲ့ ခွန်အားကြီးမားသော မိစ္ဆာကောင်များအဖြစ် ပြောင်းလဲသွား သောကြောင့်ဖြစ်သည်။ ထိုအလုပ်သမားများ ယခုကဲ့သို့ ကြောက်မက်ဖွယ်ရာအစွမ်းထက်လာလိမ့်မည်ဟု သူတို့ လုံးဝ တွေးထင်ထားခဲ့ခြင်းမရှိပေ။ ခုခံတော်လှန်သူ လူငယ်ငါးဦးသည် သတ်ဖြတ်ခြင်း လေဆင်နှာမောင်းများအသွင် ပြောင်းလဲသွားကာ သူတို့ ရောက်ရှိရာ နေရာတိုင်း၌ သွေးမုန်တိုင်းများကို တိုက်ခတ်စေလိုက်သည်။

ထိုအခါအသက်ရှူကြိမ် အနည်းငယ်အတွင်းပင် ကွင်းပြင်အတွင်းရှိ နှိပ်စက်ကြီးကြပ်သူ အားလုံးသည် အသားစိုင်များအဖြစ် ပေါက်ကွဲပျက်စီးသွားကြတော့သည်။ သူတို့၏ခန္ဓာကိုယ် အစိတ်အပိုင်းများသည်ပင်အပြည့်အစုံ ကျန်ရစ်ခဲ့ခြင်း မရှိချေ။ တော်လှန်ပုန်ကန်မှုတွင် ပါဝင်ခဲ့ကြသော အလုပ်သမားများ ဖြစ်စေ၊ ပါဝင်ခြင်း မရှိခဲ့ကြသည့် အလုပ်သမားများ ဖြစ်စေ ထိုကဲ့သို့ ရက်စက်သွေးအေးလှသော မြင်ကွင်းကိုမြင်သောအခါ ကြောက်လန့်တုန်လှုပ်သွားကြကာ ထောင့်စွန်းနေရာများ၌ စုပြုံကာ ပုန်းကွယ်နေလိုက်ကြသည်။

ကြီးကြပ်နှိပ်စက်သူအားလုံးကိုသတ်ပြီးသောအခါ လူငယ်ငါးဦးသည် ထိုပုန်းကွယ်နေသူများရှိရာသို့ အကြည့်ရောက်သွားလေသည်။ သူတို့သည် သတ်ဖြတ်ခြင်း နတ်ဘုရားများကဲ့သို့ ဖြစ်နေကာ အလုပ်သမားများကို လှည့်ကြည့်လိုက်ကြသည့်အခါတွင် မျက်နှာပေါ်၌ မောက်မာဝင့်ကြွားမှုနှင့် ဂုဏ်ယူဝင့်ကြွားမှုများ ထင်ဟပ်နေခဲ့၏။ သူတို့သည် ထိုအလုပ်သမားများကို သူတို့နှင့်တိုက်ပွဲဝင်ခဲ့သည့်လူများကဲ့သို့ အလေးအနက်ထားခြင်း မရှိကြတော့ချေ။

ထိုသည်က စွမ်းအားကြောင့် ပြောင်းလဲသွားသောလူတို့၏ စိတ်နေစိတ်ထား ပြောင်းလဲမှုပင်ဖြစ်သည်။ စိတ်နှလုံးအတွင်း၌ ကောင်းမွန်သော စွမ်းအားများသာ အတိုင်းအဆမဲ့ တည်ရှိနေခြင်း မဟုတ်ဘဲ လောဘတရား၊ မနာလိုဝန်တိုမှု၊ အတ္တဆန်မှု စသည့် မကောင်းသော စိတ်ဓာတ်ပိုင်းဆိုင်ရာ စွမ်းအားများသည်လည်း တည်ရှိနေသည်။ ထို့ကြောင့် လူတိုင်း၌ စိတ်နှလုံး ပိုင်ဆိုင်ကြသော်လည်း ထိုအရာကို ထိုးထွင်းသိမြင်နိုင်သူမှာမူ အနည်းငယ်မျှသာ ရှိနေခြင်းဖြစ်သည်။

ကျုံးရှန်သည် စိတ်နှလုံး၏ ပြောင်းလဲမှု ဖြစ်စဉ်တွင် အမှန်တရားသည် မကောင်းမှုကို အောင်နိုင်မည်လော သို့မဟုတ် မကောင်းမှုသည် အမှန်တရားကို လွှမ်းမိုးသွားမည်လော ဆိုသည်ကို စောင့်ကြည့်လေ့လာလိုခြင်း ဖြစ်သည်။ စိတ်နှလုံး၏ စွမ်းအားသည် အနှိုင်းမဲ့ အင်အားတစ်ခု ဖြစ်သဖြင့် စနစ်တကျ လမ်းညွှန်ပြသပေးရန်နှင့် ပြုပြင်ပြောင်းလဲပေးရန် လိုအပ်လေသည်။

ထိုသို့မဟုတ်ပါက ထိုစွမ်းအားသည် အလွယ်တကူထိန်းချုပ်မှုကင်းမဲ့သွားနိုင်ပြီး အဖျက်အဆီးများကိုယူဆောင်လာသည့် စွမ်းအားတစ်ခု ဖြစ်လာကာ နောက်ဆုံးရလာဒ်သည် လူသားများကို သူတို့၏ မူလရည်ရွယ်ချက်နှင့် ဆန့်ကျင်ဘက်သို့ ရောက်ရှိသွားစေနိုင်စွမ်းရှိပေသည်။

ထိုအချိန်တွင် စိတ်နှလုံးကွန်ရက်ကို ရရှိခဲ့ခြင်းကြောင့် စိတ်နှလုံးစွမ်းအားများကို ဖော်ထုတ်၍ နျန်းဘီဒင်္ဂါးများမှတစ်ဆင့် ကိုယ်ခန္ဓာ ကြံ့ခိုင်မှု စွမ်းအားအဖြစ် ပြောင်းလဲခဲ့ကြသော ခုခံတော်လှန်သူ ငါးဦးသည် အလုပ်သမားများဘက်သို့ မျက်နှာမူလိုက်ကြသည်။

"ငါတို့ဆီမှာ အညံ့ခံကြစမ်း..."

"အခု မင်းတို့ကိုဦးဆောင်ပြီး ခရိုင်အစိုးရရုံးကိုသွားတိုက်ခိုက်မယ်..."

ထိုအမိန့်စကားသံကိုကြားလျှင်အလုပ်သမားများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြကာ ထို့နောက်တွင် တွန့်ဆုတ်ခြင်းမရှိ အညံ့ခံဒူးထောက်လိုက်ကြသည်။

အလုပ်သမားများအားလုံး သူတို့ငါးဦးစီသို့အညံ့ခံလာသည်ကိုမြင်လျှင် လူငယ်ငါးဦးထဲမှတစ်ဦးသည် အကြံပြုချက်တစ်ခုဆိုလာသည်။

"နောင်ဆိုရင် ငါတို့ ငါးယောက်က ဘုရင်အဖြစ် အုပ်ချုပ်မယ်..."

"အရှေ့၊ အနောက်၊ တောင်၊ မြောက်နဲ့ အလယ်..."

"အရပ်မျက်နှာ ငါးခုကို ခွဲဝေပြီး အုပ်ချုပ်ရင် ဘယ်လိုလဲ..."

သို့သော် အသက်အရွယ် အကြီးဆုံး ဖြစ်သော တော်လှန်ရေးသမားသည် အနည်းငယ် တွန့်ဆုတ်နေဟန် ရှိသည်။

"မင်းတို့အားလုံး... ငါတို့ကို စွမ်းအားတွေ ပေးသနားခဲ့တဲ့ အရှင်ကို မေ့သွားကြပြီလား..."

"အဲ့အရှင်က ငါတို့ကို စိတ်နှလုံးရဲ့ စွမ်းအားတွေကို ပြန့်ပွားအောင် လုပ်ဖို့ မိန့်ကြားခဲ့တာ ... ငါတို့က တစ်ဆင့်ပြန်ပြီး အုပ်ချုပ်သူ လူတန်းစား ဖြစ်လာဖို့ မဟုတ်ဘူး..."

သူ၏ စကားများကြောင့် ဝင့်ကြွားနေခဲ့ကြသော ကျန်ရှိသည့် တော်လှန်ရေးသမား လေးဦး ထိတ်လန့်သွားကြသည်။

"ဒါက..."

သူတို့သည် ချက်ချင်းပင် တုံ့ဆိုင်းသွားကြ၏။

အဘယ်ကြောင့်ဆိုသော်ကျုံးရှန်ပြသခဲ့သည့် အရှိန်အဝါနှင့် ကြောက်မက်ဖွယ်ကောင်းသောအစွမ်းသည် သူတို့၏စိတ်အတွင်း၌ အလွန် နက်ရှိုင်းစွာကျန်ရစ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ရုတ်တရက် သူတို့သည် ကျုံးရှန်၏ ပုံရိပ်ကို ရှာဖွေရန် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ကြသည်။ စိတ်နှလုံးကွန်ရက်သည် အစစ်အမှန်တည်ရှိ နေခြင်းဖြစ်သောကြောင့် စိတ်နှလုံးကွန်ရက်မှတစ်ဆင့် ရရှိခဲ့သော သတင်းအချက်အလက်များသည်လည်း စစ်မှန်ကြောင်း သူတို့ သိရှိကြသည်။

သို့ဖြစ်၍ ထိုကဲ့သို့သူတို့ကိုအလွယ်တကူအစွမ်းချီးမြောက်နိုင်သည့် ပုဂ္ဂိုလ်ကို အလွန်သတိထားနေကြခြင်းဖြစ်သည်။

"အရှင်က ငါတို့ကို စိတ်နှလုံးရဲ့ စွမ်းအားတွေကို ဖြန့်ဝေခိုင်းတာ ဆိုတော့..."

"ဒါဆိုရင် လူတိုင်းက ငါတို့လိုမျိုး စွမ်းအားတွေကို ပိုင်ဆိုင်သွားကြတော့မှာ မဟုတ်ဘူးလား..."

တော်လှန်ရေးသမားတစ်ဦးသည် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

ထိုစကားကိုကြားသောအခါ လူငါးဦးစလုံးသည် ခေါင်းများ မော့လာကာ တစ်ဦးနှင့်တစ်ဦး အကြည့်ခြင်းဖလှယ်လိုက်ကြသည်။ ထိုအချိန်တွင် သူတို့သည် တိတ်တဆိတ် သဘောတူညီမှုတစ်ခုရရှိသွားကြလေသည်။ ထိုသည်မှာ စိတ်နှလုံး စွမ်းအားကို အခြားသူများထံသို့ လုံးဝ မပြန့်ပွားစေရန်ဖြစ်သည်။

အကယ်၍လူတိုင်းသာ စိတ်နှလုံးစွမ်းအားကိုအသုံးပြုနိုင်လာပါက သူတို့သည်လည်း သာမန်လူအုပ်ကြီးထဲတွင် ရောနှောသွားပေလိမ့်မည် ဖြစ်သည်။

ထိုသို့ ဖြစ်လာလျှင် သူတို့၏ ရုတ်တရက်သန်မာလာခြင်းသည် မည်သို့သော ထူးခြားမှုမျိုး ကျန်ရှိပါမည်နည်း။

ဥပမာအားဖြင့် ကမ္ဘာပေါ်ရှိ လူတိုင်းသည် သူဌေးများ ဖြစ်လာကြပါက ဆင်းရဲ၊ချမ်းသာကွာခြားချက် ရှိတော့မည် မဟုတ်ဘဲ လူသားတစ်ဦး၏ အထက်တန်းဆန်သော ဝင့်ကြွားမှုကို ဆုံးရှုံးသွားမည် ဖြစ်သည်။

သို့ဖြင့် လူငယ်ငါးဦးသည် အလုပ်သမားများကို ဆက်လက် စုစည်းနေကြသော်လည်း ဘုရင်အဖြစ် အုပ်ချုပ်မည့် ကိစ္စကိုမူ ထပ်မံ၍ ထုတ်ဖော်ပြောဆိုခြင်း မရှိကြတော့ချေ။ ကျုံးရှန်သည် ထိုအဖြစ်အပျက် အားလုံးကို စောင့်ကြည့်နေသဖြင့် သူတို့တစ်ဦးချင်းစီ၏ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို သိမြင်နေခဲ့သည်။ လူငါးဦးသည် အလုပ်သမားများကို စည်းရုံးပြီးနောက် အလုပ်ကြမ်းစခန်း၏ သိုလှောင်ရုံကို ဦးစွာ တိုက်ခိုက်ဖျက်ဆီးကာ လူတိုင်းကို ဝဝလင်လင် စားသောက်စေခဲ့သည်။

ထို့နောက်တွင် ခရိုင်အစိုးရရုံးဆီသို့ တိုက်ရိုက် ချီတက်သွားကြတော့သည်။ မူလက တည်ရှိခဲ့သော ခရိုင်အာဏာပိုင်များ၏ စွမ်းအားသည် ထိုလူငါးဦး၏ ရှေ့မှောက်၌ စက္ကူကဲ့သို့ အလွန် အားနည်းလှသဖြင့် ထည့်သွင်းပြောဆိုရန်ပင် မလိုတော့ချေ။ ထိုသို့ဖြင့် သူတို့သည် သူဌေးကြီးများနှင့် အစိုးရရုံး အားလုံးကို တိုက်ခိုက်ချေမှုန်းခဲ့ကာ ပုန်ကန်သူစစ်တပ်ကို ပို၍ ကြီးမားလာ စေကာ ကျိုင်းကောင်အုပ်ကြီးကဲ့သို့ ခရိုင်တစ်ခုလုံးကို စတင်ဝါးမြိုဖျက်ဆီးပစ်လေသည်။

အဟန့်အတားမဲ့သော တိုက်ခိုက်မှုအောက်တွင် လူငါးဦးသည် ခရိုင်ရုံးကို ခဏချင်းအတွင်း သိမ်းပိုက်နိုင်သွားကာခရိုင်အတွင်းရှိ ရတနာပစ္စည်းများကို အလျင်အမြန် ခွဲဝေယူလိုက်ကြသည်။ မူလက နှိပ်စက်ညှင်းပန်းခံခဲ့ရသော အလုပ်သမားများနှင့် ဆင်းရဲသားများသည် အုပ်ချုပ်သူနေရာသို့ ရောက်ရှိလာကာ အာဏာရှိခဲ့သော အရာရှိများနှင့် သူဌေးကြီးများသည် ပြန်လည်၍ ကျွန်ပြုခြင်းကို ခံလိုက်ကြရသည်။

အခြေအနေများပြောင်းလဲသွားသော်လည်း ထိုရလာဒ်သည်

လူငယ်ငါးဦး၏စိတ်နှလုံးပြောင်းလဲမှုကြောင့် သူတို့မူလရည်ရွယ်ထားသော မိမိ၏ကိုယ်ပိုင်ကံကြမ္မာကိုထိန်းချုပ်ပြီး လွတ်မြောက်ခြင်းကိုဦးတည်သည့်ရလာဒ်မျိုးမဟုတ်ခဲ့ပေ။

ဤအဖြစ်အပျက်ကို ကြည့်ကာ ကျုံးရှန်သည် တိတ်တဆိတ် ခေါင်းခါယမ်းလိုက်မိသည်။ သူ၏ အမြင်တွင် ထိုအရာအားလုံးသည် မည်သည့် ပြောင်းလဲမှုမျှ ရှိမနေချေ။ နှိပ်စက်ခံရသူများသည် စွမ်းအားကို ရရှိလာချိန်တွင် အခြားသူများကို ပြန်လည်၍ နှိပ်စက်ညှင်းပန်းကြခြင်းသာ ဖြစ်သည်။

သို့သော်လည်း ယင်းသည် စမ်းသပ်မှုတစ်ခု ဖြစ်သဖြင့် စမ်းသပ်မှု၏ ရလဒ်ကို သူ လက်ခံရမည် ဖြစ်သည်။ စိတ်နှလုံးသည် အတိုင်းအဆမရှိသကဲ့သို့ လောဘ၊ မနာလိုမှုနှင့် အတ္တများသည်လည်း အနန္တ ဖြစ်သည်။ နောက်ဆုံး၌ ထိုလူငါးဦးသည် မည်သို့သော အခြေအနေသို့ ရောက်ရှိသွားမည်ကို မည်သူမျှ မသိနိုင်ချေ။

ကျုံးရှန်ကိုယ်တိုင်ပင်လျှင် စောင့်ကြည့်လေ့လာသူအဖြစ်သာ တည်ရှိနေခြင်း ဖြစ်သည်။ လူသားတို့၏ စိတ်နှလုံးသည် အပြောင်းအလဲမြန်လှကာ လောကကြီးရှိ အရာအားလုံးသည်လည်း ကာလ ဒေသအလိုက် ပြောင်းလဲတတ်သည့် သဘောရှိသည်။ ထိုသည်က လောကနိယာမဖြစ်ကာ အခြေအနေ အမျိုးမျိုးအောက်တွင် စိတ်နှလုံးသည် မည်သို့ ပြောင်းလဲသွားမည်ကို မည်သူမျှ ကြိုတင် မသိနိုင်ချေ။

ကောင်းကင်ဘုံ၏ ကံကြမ္မာမြစ်ကြောင်းသည်ပင်လျှင် အပြောင်းအလဲများ ရှိနေခြင်းဖြစ်သည်။ အချို့သော အင်အားကြီးမားလှသူများသည် ကံကြမ္မာမြစ်ကြောင်းကိုဆန့်ကျင် ကျော်လွန်ကာ မိမိတို့ စိတ်တိုင်းကျ လွတ်လပ်စွာ ရှင်သန်နိုင်စွမ်းရှိကြပေသည်။

"ဒီလူငါးယောက်က စမ်းသပ်ခံပစ္စည်းတွေ ပဲ..."

"ရှောင်ထျန်းရွာက ရွာသားတွေကလည်း စမ်းသပ်ခံပစ္စည်းတွေ ဖြစ်တယ်..."

"ကဲနောက်ထပ် အစမ်းသပ်ခံပစ္စည်းအသစ်တွေထပ်ရှာတာပေါ့..."

ကျုံးရှန်သည် တစ်ကိုယ်တည်းရေရွတ်လိုက်ကာ ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။

ဝမ်ရှန့်နတ်ဘုရားကောင်းကင်ဘုံသည် အလွန်ပင် ကျယ်ပြောလှသည့် အလယ်အလတ်အဆင့် ကမ္ဘာတစ်ခုဖြစ်သည်။ ထို့ကြောင့် ယင်းကမ္ဘာတွင် လူသားတို့၏ အင်အားစုများသည် သေးငယ်ခြင်း မရှိလှဘဲ ဝမ်ရှန့်နတ်ဘုရားကောင်းကင်ဘုံ ၏အနှံ့အပြား၌ လူသားတို့အုပ်ချုပ်နေသော တိုင်းပြည်ပေါင်း ထောင်နှင့်ချီ၍ ရှိနေကြသည်။ ဤကမ္ဘာတွင် တိရစ္ဆာန်များ ရှိသော်လည်း မိစ္ဆာသားရဲများ မရှိကြချေ။

ကောင်းကင်နှင့် မြေပြင်၏ နိယာမ ကန့်သတ်ချက်များသည် တိရစ္ဆာန်များကို မိစ္ဆာသားရဲများအဆင်သို့ဆင့်ကဲပြောင်းလဲခြင်းခွင့်မပြုသောကြောင့်ဖြစ်သည်။ သူတို့သည် မိစ္ဆာသားရဲအဖြစ် မပြောင်းလဲနိုင်ကြရုံသာမက လူသားအသွင်လည်း မပြောင်းလဲနိုင်ဘဲ အသိဉာဏ်ဖွံ့ဖြိုးလာခြင်းလည်း မရရှိနိုင်ကြပေ။ ဝမ်ရှန့်နတ်ဘုရားကောင်းကင်ဘုံသည် လူသားများကိုသာ အဓိက အခြေခံထားသောကမ္ဘာတစ်ခု ဖြစ်သည်။

အနှီကမ္ဘာတွင် လူသားသည် သက်ရှိအားလုံး၏ အထွတ်အထိပ် ဖြစ်ကာ သက်ရှိအားလုံး၏ ဦးဆောင်သူ ဖြစ်သည်။ သူတို့သည် သဘာဝအလျောက် ကြီးရင့်သောဉာဏ်ပညာနှင့် ထိုးထွင်းသိမြင်မှုများကို ပိုင်ဆိုင်ထားကြသည်။ လူသားများသည် ကောင်းကင်နှင့် မြေပြင်၏ မျက်နှာသာပေးမှုကို အခံရဆုံးသော သက်ရှိများ ဖြစ်သည်ဟုပင် ဆိုနိုင်ပေသည်။

အပိုင်း (၃၇၆)

ကျုံးရှန်သည် သူ၏ခန္ဓာကိုယ်ကိုတစ်ချက် လှုပ်ရှားလိုက်ပြီး ချင်ထျန်း ခရိုင်မှထွက်ခွာလာကာ မိုင်ပေါင်းများစွာ ဝေးကွာသည့် နေရာတွင်ပြန်၍ပေါ်လာသည်။ သူသည် အကယ်ဒမီကြီးတစ်ခု၏ ကောင်းကင်ထက်သို့ ရောက်ရှိသွားခြင်းဖြစ်သည်။ ထိုအကယ်ဒမီသည် အလွန် ကြီးမားလှသောအဆောက်အအုံဖြစ်ကာ အတွင်း၌ ကလေးငယ် ရာဂဏန်းခန့်သည် စာအုပ်များကို ကိုင်ဆောင်ကာ ကျယ်လောင်စွာ စာဖတ်နေကြသည်။

စာသင်ခန်း၏ အပြင်ဘက်တွင်မူ အသက် ၁၂ အရွယ်ခန့် ရှိသော မိန်းကလေးတစ်ဦးသည် ခြေထောက်အောက်တွင် အုတ်ခဲများဆင့်ကာ နင်းထားပြီး ပြတင်းပေါက်မှတစ်ဆင့် အတွင်း၌ စာဖတ်နေကြသော ယောက်ျားလေးများကို လှမ်းကြည့်နေသည်။ သူမ၏ မျက်လုံးများအတွင်း၌ လိုလားတောင့်တမှုနှင့် မျှော်လင့်ချက်များ အပြည့် ရှိနေ၏။

"သမီးလည်း စာဖတ်ခွင့်ရရင် သိပ်ကောင်းမှာပဲ..."

သူမသည် စာသင်ခန်းအတွင်းရှိ အခြေအနေကို ခိုးကြောင်ခိုးဝှက် ကြည့်ပြီး တီးတိုးရေရွတ်လိုက်သည်။ ထို့အချိန်တွင် ခန္ဓာကိုယ် ထွားကျိုင်းလှသော အမျိုးသမီးတစ်ဦးသည် သူမ၏ နောက်ကွယ်သို့ ရောက်ရှိလာကာ မည်သည့် စကားမျှ မဆိုဘဲ သူမ၏ နားရွက်ကို ဆွဲလိမ်လိုက်လေတော့သည်။

"ကောင်မစုတ်လေး..."

"အိမ်မှာ အလုပ်ကောင်းကောင်းမလုပ်ဘဲ အကယ်ဒမီလာပြီး စာသင်တာ ခိုးနားထောင်နေပြန်တာလား..."

"ပညာသင်ပြီး အရာရှိစာမေးပွဲဖြေဖို့ဆိုတာ ယောက်ျားလေးတွေရဲ့ အလုပ်လေ..."

"မိန်းကလေးဆိုတာ အိမ်မှာပဲ အလုပ်လုပ်ပြီး အိမ်မှုကိစ္စတွေ လုပ်ရမယ်..."

ခန္ဓာကိုယ် တောင့်တင်းခိုင်မာသော အမျိုးသမီးကြီးသည် ထိုမိန်းကလေးငယ်၏ နားရွက်ကို ဆွဲလိမ်ကာ စာသင်ခန်းမှအဝေးသို့ခေါ်ဆောင်သွားသည်။

"အမေ... သမီးနားရွက်ကို မဆွဲပါနဲ့... သမီးနာတယ်..."

မိန်းကလေးငယ်သည် ငိုကြွေးကာ တောင်းပန်လာသည်။ သူမ၏ငိုကြွေးမှုသည် နားရွက်မှ ခံစားရသော ပြင်းထန်သည့် နာကျင်မှုထက် သူမ၏ စိတ်နှလုံးအတွင်းရှိ ဝမ်းနည်းကြေကွဲမှုကြောင့်သာဖြစ်သည်။

သူမသည် ယောက်ျားလေးများကဲ့သို့ အကယ်ဒမီသို့ သွားရောက်ကာ ပညာသင်ကြားလိုစိတ် ပြင်းပြနေသူဖြစ်သည်။ မိန်းကလေးငယ်ကို သူမ၏ မိခင်ဖြစ်သူက အဝေးသို့ဆွဲခေါ်သွားသည်နှင့် တစ်ပြိုင်နက် စာသင်ခန်းအတွင်းမှ ကျယ်လောင်သော လှောင်ပြောင်ရယ်မောသံများ ထွက်ပေါ်လာသည်။ ထိုရယ်မောသံများသည် သူမ၏ နားထဲတွင် အလွန် နားဝင်ဆိုးလှ၏။

ကျုံးရှန်အခုရောက်ရှိနေသည့် အနှီအင်ပါယာသည် အလွန် ရှေးရိုးစွဲဆန်သော ကွန်ဖြူးရှပ် မင်းဆက်တစ်ခုမှ တည်ထောင်ထားခြင်း ဖြစ်သည်။ အင်ပါယာ၏အစဉ်အလာအရ ယောက်ျားလေးများကိုသာ ဦးစားပေးပြီး မိန်းကလေးများကို နှိမ့်ချသည့် အယူအဆကို လက်ကိုင်ထားလေသည်။ အမျိုးသမီးများတွင် စာသင်ကြားခွင့်နှင့် ပညာသင်ယူခွင့် မရှိဘဲ နိုင်ငံရေးအတွင်းသို့ ဝင်ရောက်စွက်ဖက်ခွင့်လည်း မရှိကြချေ။

ဆင်းရဲသော မိသားစုမှ မိန်းကလေးများသည် လယ်ယာလုပ်ငန်းကိုသာ လုပ်ကိုင်ရပြီး လယ်ယာစိုက်ပျိုးရေး နည်းပညာများကို တတ်နိုင်သမျှ ပိုမို ကျွမ်းကျင်အောင် သင်ယူရသည်။ အလယ်အလတ်တန်းစား မိသားစုများမှ အမျိုးသမီးများသည်မူ တူရိယာတီးခတ်ခြင်း၊ ကခုန်ခြင်း အတတ်ပညာများကို သင်ယူကြကာ မိမိတို့၏ အလှအပကို အသုံးပြု၍ မျိုးရိုးကောင်းသော ခင်ပွန်းသည်များကို ရှာဖွေကြရသည်။ အထက်တန်းစား မိသားစုမှ မိန်းကလေးများသာလျှင် ပညာအချို့ကို သင်ယူခွင့် ရရှိကြခြင်းဖြစ်သည်။

ထိုသည်ပင်လျှင် သူမတို့သည် တစ်ချိန်တည်း၌ အမျိုးသမီးတို့ စောင့်ထိန်းအပ်သော ကျင့်ဝတ်များနှင့် အမူအကျင့်ကောင်းများကို သင်ယူကြရသည်။ အထက်တန်းစား မိန်းကလေးငယ်များအရွယ်ရောက်လာပါက အဆင့်မြင့် အရာရှိကြီးများနှင့် ထူးချွန်ထက်မြက်သူများထံသို့ ထိမ်းမြားပေးခံကြရလေ့ရှိပေသည်။ အနှီအင်ပါယာတွင် ယောက်ျားလေးများသည် ပညာရေးအသင်းအဖွဲ့များတွင် ပါဝင်ခြင်း ၊ အရာရှိစာမေးပွဲများ ဖြေဆိုအောင်မြင်ခြင်းဖြင့် မိမိတို့၏ လူတန်းစားအဆင့်အတန်းနှင့် ကံကြမ္မာကို ပြောင်းလဲနိုင်ကြသည်။

သို့သော် မိန်းကလေးများအတွက်မူ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ အိမ်ထောင်ပြုခြင်းသည်သာလျှင် သူတို့ ပြုလုပ်နိုင်သော တစ်ခုတည်းသော အရာ ဖြစ်နေ၏။

ကျုံးရှန်သည် ထိုမိန်းကလေးငယ်၏ နောက်သို့ တိတ်တဆိတ် လိုက်ပါသွားလေသည်။ အဘယ်ကြောင့်ဆိုသော် မိန်းကလေးငယ်၏ စိတ်နှလုံးအတွင်း၌ စွမ်းအားတစ်မျိုး အညှောက်ပေါက်နေသည်ကို သတိထားမိလိုက်သောကြောင့်ဖြစ်သည်။ ထိုစွမ်းအားသည် အနိုင်မခံအရှုံးမပေးတတ်သော၊ ချုပ်နှောင်မှုများကို ချိုးဖျက်လိုသော စိတ်နှလုံး စွမ်းအား တစ်မျိုး ဖြစ်သည်။

တော်လှန်ပြုပြင်လိုသော စိတ်နှလုံး။

ထိုစွမ်းအားသည် ခုခံတော်လှန်လိုသော စိတ်နှလုံးနှင့် အသွင်တူကာ ဖိနှိပ်မှုနှင့် မတရားမှုများကြားမှ မွေးဖွားလာသောအရာ ဖြစ်သည်။ သို့သော် ခုခံတော်လှန်လိုသော စိတ်နှလုံးကဲ့သို့ ရှိပြီးသား စည်းမျဉ်းနည်းစနစ်တည်ဆောက်ပုံ ၊ လူမှုအဖွဲ့အစည်းစသည့် အရာအားလုံးကို ဖျက်ဆီးပစ်ခြင်းမျိုး မဟုတ်ချေ။ တော်လှန်ပြုပြင်လိုသော စိတ်နှလုံး၏ အဓိက အချက်သည် ပြုပြင်ပြောင်းလဲခြင်း ဖြစ်၏။

အနှီစိတ်နှလုံးသည် တော်လှန်မှု ဆိုသည့် ပြုပြင်ပြောင်းလဲခြင်း နှင့် အသစ်တဖန် အစားထိုးမွမ်းမံခြင်းကို ကိုယ်စားပြုသည်။ မူလရှိနှင့်ပြီးသား ဖွဲ့စည်းတည်ဆောက်ပုံကို မတူညီကွဲပြားသော ဖွဲ့စည်းပုံအခြေခံအသစ်ဖြင့် အစားထိုးသည့် သဘောတရားသာ ဖြစ်လေသည်။

ချုပ်နှောင်မှုများကို ချိုးဖျက်ပြီး တစ်ချိန်တည်း၌ တိုးတက်မှုကိုလိုလားခြင်း။

ထိုသည်က တော်လှန်ပြုပြင်လိုသော စိတ်နှလုံး၏ အဓိပ္ပာယ်ပင် ဖြစ်သည်။

'ဒီမိန်းကလေးက စိတ်ဝင်စားဖို့ ကောင်းတယ်...'

'ကောင်းမွန်တဲ့ စမ်းသပ်ခံပစ္စည်း တစ်ခု ဖြစ်လာနိုင်လောက်တယ်...'

ကျုံးရှန်သည် အနည်းငယ် ပြုံးလိုက်ကာ ဆက်လက် စောင့်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။

လူသားတို့၌ စိတ်နှလုံး အမျိုးအစားပေါင်း သောင်းနှင့်ချီ၍ ရှိကာ အမျိုးအစား တစ်ခုစီတိုင်းတွင် ထူးခြားသော စွမ်းအားများ ရှိကြပေသည်။ ကျုံးရှန် လေ့လာစောင့်ကြည့်လိုသော အရာသည် မတူညီသော ပတ်ဝန်းကျင် အခြေအနေများအောက်တွင် ပြောင်းလဲသွား သော မတူညီသော စိတ်နှလုံး စွမ်းအားများ၏ဖြစ်စဉ်အဆင့်ဆင့်ပင် ဖြစ်သည်။ ထိုဖြစ်စဉ်များသည် သူ၏ စိတ်နှလုံးစွမ်းအင်အပေါ်နားလည်မှုများကို ပိုမိုနက်ရှိုင်းစေကာ ကောင်းကင်ကို အနိုင်ယူကျော်လွှားခြင်း တာအိုလမ်းစဉ်၏ လေးနက်မှုများကို ဖော်ထုတ်နိုင်ရန်အတွက် အလွန် အထောက်အကူပြုသောကြောင့်ဖြစ်သည်။

မိန်းကလေးငယ်သည် အိမ်ဆီသို့ အဆွဲခေါ်ခံလာရခြင်းဖြစ်သည်။ သူမ၏ နားရွက်များသည် ပြင်းထန်စွာဆွဲလိမ်မှုကြောင့် နီရဲယောင်ယမ်းနေပြီဖြစ်သည်။ သူမ၏ မိခင် ကိုယ်တိုင်သည် အမျိုးသမီး တစ်ဦး ဖြစ်နေသော်ငြားလည်း မိမိ၏ သမီးအပေါ်တွင် ကိုယ်ချင်းစာစိတ် အလျဉ်းမရှိခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် အင်ပါယာတစ်ခု၏ ဓလေ့ထုံးတမ်းများသည် အချို့သော ကိစ္စရပ်များကို သူမ၏ စိတ်နှလုံးအတွင်း၌ အကြွင်းမဲ့ အမှန်တရားအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူမသည် မိမိ သမီး၏ စိတ်ကူးများကို နားလည်ပေးနိုင်ခြင်းမရှိဘဲ ရှက်ရွံ့ခြင်းနှင့် အံ့သြခြင်းများကိုသာ ခံစားနေရလေသည်။ မိန်းကလေးငယ်သည် သူမ၏အိမ်သို့ပြန်၍ရောက်ရှိလာသည်။

အိမ်အတွင်းရှိ ကုတင်ပေါ်တွင် သူမထက် ငယ်ရွယ်သော ကလေးငယ် လေးငါးဦးခန့် အိပ်ပျော်နေကြ၏။ ထိုကလေးငယ် အားလုံးသည် ခြွင်းချက်မရှိ မိန်းကလေးများသာ ဖြစ်ကြသည်။

"ဝူကျောင်းတိ... မြန်မြန် ပေါက်တူးယူပြီး လယ်ထဲသွား အလုပ်လုပ်စမ်း..."

"နင့်လို ကံဆိုးတဲ့ကောင်မကြောင့် ငါ ယောက်ျားလေး မမွေးနိုင်ရတာ..."

"အခုတော့ ငါက ရွာထဲမှာ လှောင်ပြောင်စရာ ဖြစ်နေပြီ..."

သူမ၏ မိခင်ဖြစ်သူသည် ယူကြုံးမရဖြစ်စွာဖြင့် အပြစ်တင် အော်ဟစ်လိုက်သည်။

အိမ်အတွင်းရှိ သူမ၏ ညီမလေးများသည်တစ်ကိုယ်လုံး ညစ်ပတ်ပေရေနေကာ နှပ်ရေများနှင့် တံတွေးများ နေရာအနှံ့ ပေကျံနေပြီး ယင်ကောင်များသည် သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ဝဲပျံနေသည်။ ထိုအချက်များသည် အနှီကလေးငယ်များသည် ကောင်းမွန်သော ပြုစုစောင့်ရှောက်မှုကို မရရှိခဲ့ ကြောင်း ဖော်ပြနေခြင်းဖြစ်၏။ အင်ပါယာ၏ ကျေးလက်ဒေသများတွင်ကလေးမွေးဖွားခြင်းသည် ပြိုင်ပွဲတစ်ခုသဖွယ် ဖြစ်သည်။

မိသားစုတစ်ခုတွင် ယောက်ျားလေး ပိုများပါက ထိုမိသားစုသည် ပို၍ ဩဇာအာဏာ ရှိလာမည်ဖြစ်သည်။ ယောက်ျားလေးများသည် ခွန်အားရှိရုံသာမက ပညာသင်ကြားနိုင်ခြင်း၊ စစ်တပ်သို့ ဝင်ရောက်နိုင်ခြင်း စသည်ဖြင့် နေရာတိုင်း၌ အဆင်ပြေချောမွေ့မှုများ ရှိနေပေသည်။ ထို့ကြောင့် ယောက်ျားလေး များပြားသော မိသားစုသည် အင်အားကြီးမားခြင်းကို ကိုယ်စားပြုကာ ရွာသူရွာသားများသည် ထိုမိသားစုများကို အလွယ်တကူ စော်ကားဝံ့ခြင်းမရှိကြချေ။

ကျုံးရှန်သည် ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ခေါင်းခါယမ်းလိုက်မိသည်။ ပုံပျက်နေသော အယူအဆများနှင့် ယဉ်ကျေး ထုံးတမ်းမှုဓလေ့များအောက်တွင် တိုးတက်ကြီးပွားမှုဟူသည် ရှိလာမည် မဟုတ်ပေ။ ထိုအချိန်တွင် တော်လှန်ပြုပြင်လိုသော စိတ်နှလုံးသည် မဖြစ်မနေ လိုအပ်လာမည်ဖြစ်သည်။

အနှီအင်ပါယာကြီးသည် နှစ်ပေါင်း ထောင်နှင့်ချီ၍ တည်ရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မရေမတွက်နိုင်သော တော်လှန်ပြုပြင်လိုသည့် စိတ်ကူးများသည် နောက်ဆုံးတွင် မြစ်ရေများ ပင်လယ်ထဲ စီးဝင်သွားသကဲ့သို့ စုစည်းသွားကာ ဝူကျောင်းတိဟူသော မိန်းကလေးကို မွေးဖွားလာစေခဲ့လေသည်။ သူမသည် အိမ်ထောင့်စွန်းတစ်နေရာမှ ပေါက်တူးကို ကောက်ယူလိုက်ကာ လက်တစ်ဖက်သည် နာကျင်နေသော နားရွက်ကို ကိုင်ပြီး ဆင်းရဲနွမ်းပါးသဖြင့် ပြိုကျပျက်စီးလုနီးပါး ဖြစ်နေသော အိမ်လေးထဲမှ ထွက်ခွာသွားသည်။

ဝူကျောင်းတိသည် အိမ်နှင့် မဝေးလှသောနေရာရှိ လယ်ကွက်များဆီသို့ လျှောက်လာခဲ့ခြင်းဖြစ်သည်။ ထိုလယ်ကွက်များသည် မြေဆီ မြေဩဇာမရှိသည့် ကျက်တီးမြေများကဲ့သို့ဖြစ်နေကာအချိန်များစွာ ပေး၍ သေချာ စိုက်ပျိုးပြုစုလျှင်ပင် အထွက်နှုန်းကောင်းရန် မဖြစ်နိုင်သောမြေအမျိုးအစား ဖြစ်သည်။ သို့ဖြစ်၍ ထိုလယ်ကွက်များမှရိတ်သိမ်းရရှိသော စပါးများသည် ဝမ်းရေးအတွက် မငတ်ရုံမျှ ဖြေရှင်းနိုင်ရုံသာရှိလေသည်။

ထိုအဖြစ်သည် သူမတို့အိမ်ရှိများပြားလှသော ကလေးငယ်များအတွက် လူနေမှုအဆင့်အတန်းအလွန်နိမ့်ကျလှသည့်အခြေအနေတွင်ရှိကြောင်း ဖော်ပြနေသည်။ သို့သော်လည်း ဝူကျောင်းတိသည် ခိုင်မာပြတ်သားသောအမူအရာဖြင့် ပေါက်တူးကို အသုံးပြု၍ လယ်ကွက်ထဲရှိ ပေါင်းပင်များကို စိတ်ရှည်လက်ရှည် ရှင်းလင်းနေသည်။ သူမ၏ အနာဂတ်သည် မှောင်မိုက်ကာ ထွက်ပေါက် တစ်စက်ကလေးမျှပင် မမြင်တွေ့ရချေ။

အရာအားလုံးသည် အမှောင်ထုကြီး ဖြစ်နေခြင်းဖြစ်သည်။ ရုတ်တရက် ဝူကျောင်းတိသည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ကာ မြေပေါ်သို့ ပေါက်တူးကို ပစ်ချလိုက်သည်။ ထို့နောက်တွင် သူမသည် စိတ်ပျက်လက်ပျက်ဖြင့် မြေပြင်ပေါ်သို့ ထိုင်ချလိုက်၏။

သို့သော် အိမ်တွင် ဗိုက်ဆာနေမည့် သူမ၏ ညီမလေးများကို ပြန်၍သတိရလိုက်မိလေသည်။ ထိုအခါ သူမသည် စိတ်အတွင်းရှိ မငြိမ်သက်မှုများကို အတင်းအဓမ္မ ဖိနှိပ်လိုက်ကာ ပေါက်တူးကို ပြန်ကောက်ပြီး အလုပ်ကို ပြန်လည် စတင်ရန် ပြင်ဆင်လိုက်သည်။ တော်လှန်ပြုပြင်လိုသော စိတ်နှလုံးသည် အမှောင်ထုအတွင်းသို့တစ်ဖန် ပြန်လည် နစ်မြုပ်သွားသည်။

ထိုစဉ် ဝူကျောင်းတိသည် သူမ၏ခေါင်းပေါ်ရှိ ကောင်းကင်ကြီး ရုတ်တရက်မှောင်မိုက်သွားသည်ဟု ခံစားလိုက်ရကာ မော့ကြည့်လိုက်လျှင် အဖြူရောင် ဝတ်ရုံကို ဆင်မြန်းထားသော ရုပ်ရည်ချောမောသည့် အမျိုးသား တစ်ဦးကို တွေ့မြင်လိုက်ရသည်။ အမျိုးသားသည် အသက် ၁၉နှစ် အရွယ်ခန့်သာ ရှိပုံပေါ်ပြီး လောကီနှင့် ကင်းကွာနေကာ အေးချမ်းသော အငွေ့အသက်များ ရှိနေသဖြင့် ပတ်ဝန်းကျင်ရှိ ရှုခင်းများနှင့် လုံးဝ ကိုက်ညီမှု မရှိလှချေ။ ထိုအချိန်တွင် သူသည် ရုတ်တရက် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ဝူကျောင်းတိလက်ထဲရှိပေါက်တူးကို ဖမ်းဆုပ်လိုက်ပြီးအခြား လက်တစ်ဖက်ဖြင့်သူမ၏ မေးစေ့ကို ပင့်တင်လိုက်သည်။

သူ၏ မျက်နှာပေါ်တွင် တည်ငြိမ်သော အပြုံးတစ်ခု ရှိနေ၏။

"နှမြောစရာပဲ... ဝမ်ရှန့်နတ်ဘုရား ကောင်းကင်ဘုံမှာ ဆိုရင်တော့ မင်းက ဧကရီ တစ်ပါး ဖြစ်လာနိုင်တဲ့ အလားအလာ ရှိတယ်..."

"ဒါပေမဲ့ ဒီမှာတော့ လယ်လုပ်တဲ့ မိန်းကလေး တစ်ယောက်ဖြစ်နေတာပဲ..."

ဝူကျောင်းတိ၏အရှေ့သို့ရောက်ရှိလာသူသည် ကျုံးရှန်ပင် ဖြစ်သည်။

"အရှင်... အရှင်က ဘယ်သူလဲ..."

"အကယ်ဒမီက အသစ်ရောက်လာတဲ့ ဆရာလားဟင်..."

ဝူကျောင်းတိသည် အနည်းငယ် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မေးမြန်းလိုက်သည်။

သူမ၏ အမြင်တွင် အမျိုးသား၏ ခမ်းနားသော အရှိန်အဝါသည် သူမ၏ စိတ်နှလုံးအတွင်း အလေးစားဆုံး ဖြစ်သည့် အကယ်ဒမီမှ ဆရာနှင့်သာ နှိုင်းယှဉ်၍ ရနိုင်မည်ဟု တွေးထင်နေခြင်းဖြစ်သည်။ ကျုံးရှန်သည် သူမ၏စကားကိုကြားသောအခါ ခေါင်းခါယမ်းလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် တည်ငြိမ်သော အပြုံးတစ်ခု တည်ရှိနေဆဲ ဖြစ်လေသည်။

"ငါက ဆရာ မဟုတ်ဘူး... ငါက မင်းကို ကူညီပေးဖို့ လာတဲ့သူ..."

"ငါ မင်းကို မေးမယ်..."

"မင်း ဒီလက်ရှိ အခြေအနေတွေ အားလုံးကို ပြောင်းလဲပြီး အရာအားလုံးကို တော်လှန်ပြုပြင်ချင်သလား..."

"အမျိုးသမီးတွေလည်း ယောက်ျားတွေလိုပဲ ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ပြီး ယောက်ျားတွေရဲ့ လက်အောက်ခံ မဖြစ်တော့ဘဲ တန်းတူယှဉ်ပြိုင်နိုင်အောင် လုပ်ချင်သလား..."

"မင်းမှာ အမျိုးသမီးတွေလည်း တန်းတူညီမျှတဲ့ လူ့အခွင့်အရေးကိုရအောင်ဆောင်ရွက်ဖို့ ဆန္ဒရှိသလား..."

ကျုံးရှန်၏ အသံသည် အလွန် တည်ငြိမ်နေသော်လည်း သူ၏စကားလုံး တစ်ခွန်းချင်းစီတိုင်းသည် တူ တစ်လက်ကဲ့သို့ သူမ၏ စိတ်နှလုံးကို တစ်ချက်ချင်းစီ ထုရိုက်နေသကဲသို့ ခံစားလိုက်ရလေသည်။

All Chapters