အခန်း (၃၇၇-၃၇၈)
Vol. 38 Ch. 377-378
အပိုင်း (၃၇၇)
သို့သော် ဝူကျောင်းတိသည် ကျုံးရှန်၏အမေးများအတွက်ချက်ချင်းပြန်လည် ဖြေကြားခြင်းမရှိခဲ့ချေ။ သူမသည် တွန့်ဆုတ်နေ၏။ အဘယ်ကြောင့်ဆိုသော်သူမ၏ စိတ်နှလုံးအတွင်းရှိ အတွေးများသည် အင်ပါယာတွင် ကြီးမားသော တားမြစ်ချက်ကြီး တစ်ခု ဖြစ်ကာ အလွန် မောက်မာရိုင်းစိုင်းသော အတွေးတစ်ခု ဖြစ်ပေသည်။
တစ်ဖက်ရှိကျုံးရှန်သည်လည်း သူမ စကားပြောလာမည့် အချိန်ကို တိတ်ဆိတ်စွာစောင့်ဆိုင်းနေခဲ့သည်။ ဆန္ဒ ဟူသော စကားလုံးသည် သူမ ချိုးဖျက်ရမည့် ပထမဆုံးသော ချုပ်နှောင်မှု၏ သော့ချက် ဖြစ်သည်။
"သမီး..."
ကျုံးရှန်၏ မျက်လုံးများကို ကြည့်လာသော သူမ၏မျက်လုံးများအတွင်း၌ ပြင်းထန်စွာ ရုန်းကန်သောအတွေးများထင်ဟပ်နေသည်။ အကယ်၍ သူမသည် ဆန္ဒရှိသည် ဆိုသော စကားလုံးကိုပင် ထုတ်မပြောရဲပါက ကျုံးရှန်သည် သူမအား အခွင့်အရေး ပေးအပ်မည့် အစီအစဉ်ကို စွန့်လွှတ်လိုက်မည် ဖြစ်သည်။
"သမီး... သမီး..."
"သမီး ဆန္ဒရှိတယ်..."
နောက်ဆုံးတွင် သူမသည် မိမိ၏ အတွေးကို ခိုင်မာပြတ်သားစွာ ထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုစကားကိုကြားသောအခါ ကျုံးရှန်သည် ကျေနပ်စွာ ပြုံးလိုက်၏။
"ကောင်းတယ်... သိပ်ကောင်းတယ်..."
"ငါ မင်းကို စိတ်နှလုံးကွန်ရက်ရဲ့ စွမ်းအားတွေကို ပေးသနားမယ်..."
"နောင်တစ်ချိန်မှာ မင်းဟာ ဧကရီ တစ်ပါး ဖြစ်လာလိမ့်မယ်..."
"ငါကတော့ မင်းရဲ့ မူလရည်ရွယ်ချက်ကို မမေ့ဖို့ မျှော်လင့်တယ်... မှတ်ထားပါ... မူလရည်ရွယ်ချက်ကို မမေ့ပါနဲ့..."
ကျုံးရှန်၏ စကားလုံးများသည် ထူးခြားသော မှော်ဆန်သည့် အစွမ်းသတ္တိများ ပါရှိနေသကဲသို့ ဝူကျောင်းတိ၏ စိတ်ထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားသည်။ ထို့နောက် သူမသည် ချက်ချင်းပင် ဉာဏ် အလင်းပွင့်သွားသော အခြေအနေတစ်ရပ်သို့ ရောက်ရှိသွားကာ တစ်ချိန်တည်း၌ပင် စိတ်နှလုံး မျိုးစေ့သည် သူမ၏စိတ်နှလုံးအတွင်း အမြစ်တွယ်သွားပြီး စိတ်နှလုံး ကွန်ရက် ချိတ်ဆက်မှု အောင်မြင်သွားလေသည်။ များပြားလှသော သတင်းအချက်အလက်များသည် ဝူကျောင်းတိ၏ စိတ်အတွင်းသို့ အလုံးအရင်းဖြင့် ရုတ်တရက်ဝင်ရောက်လာသည်။
ထိုအချိန်တွင် ကျုံးရှန်သည် တိတ်တဆိတ်ပင် ထိုနေရာမှ ပျောက်ကွယ်သွားလေ တော့သည်။
"စိတ်နှလုံး ကွန်ရက်..."
ဝူကျောင်းတိ၏ မျက်လုံးနှစ်လုံးမှ နေနှင့်လကဲ့သို့ တောက်ပသော အလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။
"ငါ...ဝူ ကျောင်းတိက စည်းမျဉ်းတွေကို ပြောင်းလဲပစ်မယ်... အမှန်တရားကို ပြောင်းလဲပစ်မယ်..."
"ယောက်ျားတွေ လုပ်နိုင်တဲ့အရာကို ငါလည်းလုပ်နိုင်တယ်... ယောက်ျားတွေ မလုပ်နိုင်တဲ့အရာကိုလည်း ငါ လုပ်နိုင်ရမယ်..."
"ဒီကမ္ဘာမြေကြီးထဲမှာ ဘာရှေးရိုးစွဲ အယူအဆအဟောင်းတွေမှ မရှိစေရဘူး..."
သူမသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဝူကျောင်းတိ၏ တော်လှန်ပြုပြင်လိုသော စိတ်နှလုံးသည် အပြည့်အဝဝ နှိုးဆွခံလိုက်ရပြီ ဖြစ်သည်။ ထိုအချိန်တွင် များပြားလှသော စိတ်နှလုံးစွမ်းအားများသည် သူမ၏ စိတ်နှလုံးကွန်ရက် ဆက်သွယ်မှုမှတစ်ဆင့် စိတ်နှလုံးစနစ်နှင့် ကျုံးရှန်ထံသို့ အဆက်မပြတ် စီးဝင်သွားသည်။ တော်လှန်ပြုပြင်လိုသော စိတ်နှလုံးစွမ်းအား၏ ကြီးမားပုံသည် ခုခံတော်လှန်လိုသော စိတ်နှလုံးကို နှိုးဆွခဲ့သည့် အလုပ်သမား ငါးဦးထက်ပင် အဆပေါင်းများစွာ ပိုမို သာလွန်နေလေ၏။
အဘယ်ကြောင့်ဆိုသော် ဝူကျောင်းတိ၏ တော်လှန်ပြုပြင်လိုသော စိတ်ဆန္ဒသည် သူမ တွေ့ကြုံခံစားနေရသော အခြေအနေ ၊ ခံစားချက်များအတိုင်း အလွန်အမင်း ပြင်းထန်လှသောကြောင့်ဖြစ်သည်။
'အံ့ဩစရာကောင်းလိုက်တာ... တကယ့်ကို အံ့ဩစရာကောင်းတာပဲ...'
ကျုံးရှန်သည် ကောင်းကင်ယံတွင် ရပ်တန့်လျက် ခေါင်းညိတ်လိုက်သည်။
'တော်လှန်ပြုပြင်လိုတဲ့ စိတ်နှလုံး စွမ်းအားက ငါ့ထင်ထားတာထက်တောင် ကျော်လွန်နေပါလား...'
'ဒီကောင်မလေး ဘယ်လောက်အထိ ကြီးထွားလာနိုင်မလဲဆိုတာကို ငါတကယ်ပဲသိချင်မိတယ်...'
ကျုံးရှန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ တော်လှန်ပြုပြင်လိုသော စိတ်နှလုံးအတွင်း၌ ပါရှိသည့် လေးနက်နက်ရှိုင်းသောအဓိပ္ပာယ်နှင့် စွမ်းအားများကို တိတ်တဆိတ် ဆင်ခြင်နေလိုက်သည်။
စိတ်နှလုံးစွမ်းအားကို စဉ်ဆက်မပြတ် ဖြည့်စွက်နိုင်ခြင်း၏ အကျိုးကျေးဇူးသည် ကျုံးရှန်အတွက်မူ သူ၏ နတ်ဘုရားဝိညာဉ်နှင့် ကျင့်ကြံခြင်းစွမ်းအားကို မဟာတာအိုအဆင့်အထိ ကျင့်ကြံခြင်းနှင့် ခြားနားမှုမရှိချေ။ အကယ်၍ ကျုံးရှန်သည် စိတ်နှလုံး၏ စွမ်းအားကို အကန့်အသတ်မရှိ ပြန်လည်ဖြည့်ဆည်းနိုင်သွားပါက စိတ်ကူးရုံမျှဖြင့် အရာခပ်သိမ်းကို ဖန်တီးနိုင်သည့် နယ်ပယ်သို့ အမှန်တကယ် ရောက်ရှိသွားမည်ဖြစ်သည်။ ထိုအခါ စိတ်ကူးတစ်ချက်ဖြင့် သူသည် ကမ္ဘာပေါ်ရှိ အရာခပ်သိမ်း၏အသွင်သို့ ချက်ချင်း ကူးပြောင်းနိုင်လာပေလိမ့်မည်။
ဝမ်ရှန့်နတ်ဘုရား ကောင်းကင်ဘုံသည် သူ့အတွက် သက်ရှိအပေါင်းတို့၏ စိတ်နှလုံးကို လေ့လာစောင့်ကြည့်ရန် အကောင်းဆုံးနေရာတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် ရိုးသားဖြူစင်သည့် သတ္တဝါများစွာရှိကာ သူတို့၏ ပါရမီအရည်အသွေးများသည်လည်း အလွန် မြင့်မားကြ သောကြောင့်ဖြစ်သည်။ နဂါးမဲ့နှလုံးသားကျင့်စဉ်သည် ပါရမီအရည်အသွေး၏ ချုပ်နှောင်မှုများကို ကျော်လွှားနိုင်သည်ဆိုသော်လည်း ပါရမီဆိုသည့်အရာသည် လူတိုင်းတွင်ရှိနေသည့်မွေးရာပါ အခြေအနေတစ်ခု
ဖြစ်သည်။
ယင်းသည် သက်ရှိတစ်ဦးနှင့်တစ်ဦးကြား တိုးတက်ကြီးထွားနိုင်မည့်လမ်းကြောင်းကိုဆုံးဖြတ်ပေးနိုင်သော စံသတ်မှတ်ချက်တစ်ခုလည်း ဖြစ်၏။ မွေးရာပါ ပါရမီကွာခြားချက်သည် ကျင့်ကြံခြင်းတွင် အဓိကအားဖြင့် နားလည်သဘောပေါက်နိုင်စွမ်းနှင့်ပတ်သက် ၍ ပိုမိုသိသာထင်ရှားလှသည်။ မွေးရာပါ သူတော်စင်အဆင့်ပါရမီရှိသူများသည် မည်သည့် ကျင့်စဉ်နှင့် သိုင်းပညာကိုမဆို လွယ်ကူစွာ တတ်မြောက်နိုင်ပြီး ဉာဏ်အလင်းပွင့်မှုမှတစ်ဆင့် ကိုယ်ပိုင် တိုက်ကွက်များကိုပင် တီထွင်နိုင်ကြလေသည်။
သူတို့သည် ကျင့်စဉ်အတွင်းရှိ အားနည်းချက်များကို ဖယ်ရှားကာ ပိုမို အစွမ်းထက်သော အစွမ်းသတ္တိများကို ထုတ်ဖော်နိုင်ကြခြင်းဖြစ်သည်။ စိတ်နှလုံးစွမ်းအားသည်လည်း ထိုမွေးရာပါပါရမီ၏ အရေးပါမှုအပေါ်တွင် မှီခိုနေသည်။ သီအိုရီအရ လူတိုင်း၏ စိတ်နှလုံးစွမ်းအား အလားအလာသည် အတူတူဖြစ်သည်။ သို့သော် စိတ်နှလုံး၏ စွမ်းအားသည် ထိုမျှလောက် လွယ်ကူစွာ နှိုးဆွနိုင်ခြင်းမရှိချေ။ ပါရမီမြင့်မားသူများသည် မိမိတို့၏ စိတ်နှလုံးကို ဖော်ထုတ်အသုံးချနိုင်မည့် နည်းလမ်းများကို ပိုမိုလွယ်ကူစွာ ရှာဖွေဖော်ထုတ်နိုင်ကြမည်သာ ဖြစ်သည်။ ထို့ကြောင့် နဂါးမဲ့နှလုံးကျင့်စဉ်၏ ပထမဆုံးခြေလှမ်းသည် ပါရမီ၏ ချုပ်နှောင်မှုများကို ချိုးဖျက်ရန် သို့မဟုတ် ရှောင်ကွင်းရန် နည်းလမ်း ရှာဖွေခြင်း ဖြစ်သည်။
ကျုံးရှန်တွင်မူ လောကရှိ သတ္တဝါအပေါင်းကို အုပ်ချုပ်သူများ ဖြစ်လာစေရန် ဟူသော ကြီးမြတ်လှသည့် အတွေးမျိုး မရှိပေ။ သူသည် လက်ရှိတွင် မတူကွဲပြားသော စိတ်နှလုံးများ၏ ပြောင်းလဲမှုအမျိုးမျိုးကို စဉ်ဆက်မပြတ် စောင့်ကြည့်ခြင်း၊ စမ်းသပ်ခြင်းနှင့် လေ့လာဆင်ခြင်ခြင်းတို့ကိုသာ ပြုလုပ်နေခြင်းဖြစ်သည်။ ထိုလုပ်ဆောင်မှုများသည် ပြီးပြည့်စုံသော စိတ်နှလုံးတစ်စုံကို ပုံဖော်ရန်အတွက် ကြိုးစားနေခြင်းဖြစ်၏။
သတ္တဝါအပေါင်းတို့၏ စိတ်နှလုံးကို လေ့လာဆင်ခြင်၍ ပြီးပြည့်စုံသော စိတ်နှလုံးတစ်ခု ဖန်တီးခြင်း။
ကျုံးရှန် လျှောက်လှမ်းနေသည့် လမ်းခရီးသည် အလွန် ရှည်လျားလှသောလမ်းစဉ်ဖြစ်သည်။ သို့သော် ဝမ်ရှန့်နတ်ဘုရား ကောင်းကင်ဘုံရှိ လူများအတွက်မူ စိတ်နှလုံး မျိုးစေ့တစ်ခုချင်းစီတိုင်းသည် မျှော်လင့်ချက်တစ်ခု ၊ ဘဝတစ်ခုလုံးကိုပြောင်းလဲပေးနိုင်သော အလင်းရောင်သာ ဖြစ်လေသည်။ ကျုံးရှန်သည် ဝူကျောင်းတိကို နောက်ဆုံးတစ်ချက် ကြည့်လိုက်သည်။
ထိုအခါ သူမသည် မည်သည့်နေရာမှရရှိလာမှန်းမသိရသော နွားလှည်းတစ်စီးကို အိမ်သို့ယူဆောင်လာသည်ကို မြင်တွေ့လိုက်ရသည်။ သူမသည်အိမ်သို့ရောက်လျှင် အိမ်ထဲမှ ညီမလေးများကို နွားလှည်းပေါ်သို့ တင်လိုက်ကာ နွားလှည်းကို ဆွဲ၍ သူမ၏ ညီမလေးများနှင့်အတူ ရွာထဲမှ ထွက်ခွာသွားတော့သည်။ နေဝင်ဆည်းဆာအောက်တွင် လျှောက်လှမ်းနေစဉ် နေဝင်ချိန်၏ ရောင်ခြည်ဖြာကျမှုသည် ၁၂နှစ်အရွယ် ကလေးငယ်တစ်ဦး၏သေးငယ်သောအရိပ်ကို ရှည်လျားသွားစေခဲ့၏။
ဝူကျောင်းတိသည် သတ်ဖြတ်ခြင်း၊ ကလဲ့စားချေခြင်း၊ ဖျက်ဆီးခြင်းမျိုးပြုလုပ်ခဲ့ခြင်း မရှိချေ။ သို့သော် ကျုံးရှန်သည် သူမ တစ်နေ့နေ့တွင် ဤရွာသို့ပြန်လာလိမ့်မည်ကို သိနေခဲ့သည်။ စွမ်းအားနှင့် မျှော်လင့်ချက်များကို သူမအား ပေးအပ်ခဲ့ပြီးဖြစ်သဖြင့် အနာဂတ်တွင် မည်သည့်အခြေအနေသို့ ပြောင်းလဲသွားမည်ဆိုသည်မှာ သူမကိုယ်တိုင်အပေါ်၌သာ မူတည်ပေတော့မည်။
ကျုံးရှန်သည် ဝင်ရောက်စွက်ဖက်ဟန့်တားမည် မဟုတ်ဘဲ စိတ်ထဲတွင် မျှော်လင့်စောင့်စားနေမိသည်။ တော်လှန်ပြုပြင်လိုသော စိတ်နှလုံးသည် အမြစ်တွယ် ကြီးထွားလာပြီးနောက်တွင် ချိုမြိန်ကာ ဆွဲဆောင်မှုရှိသော အသီးအပွင့်များ သီးပွင့်လာပေလိမ့်မည်။ ထိုအချိန်ကို ကျုံးရှန်အမှန်ပင် မြင်တွေ့ချင်မိခြင်းသာ ဖြစ်သည်။
နေဝင်ဆည်းဆာအောက်တွင်ပျောက်ကွယ်သွားသည့် ဝူကျောင်းတိကိုကြည့်ပြီးနောက်တွင် ကျုံးရှန်၏ ခန္ဓာကိုယ်သည် တစ်ချက်အသာအယာ လှုပ်ရှားသွားကာ ထိုအင်ပါယာအတွင်းမှ ထွက်ခွာသွားတော့သည်။
....
ဝမ်ရှန့်နတ်ဘုရား ကောင်းကင်ဘုံ၏ တစ်နေရာ။
ဝူကျောင်းတိရှိသည့် နေရာမှထွက်ခွာလာသော ကျုံးရှန်သည် အင်ပါယာတစ်ခုသို့ ထပ်မံကူးပြောင်းရောက်ရှိလာသည်။ သို့သော် ယခုနေရာ၏ ယဉ်ကျေးမှုသည် ပဒေသရာဇ်စနစ်မှ နည်းပညာယဉ်ကျေးမှုဆီသို့ တဖြည်းဖြည်း ကူးပြောင်းနေပြီဖြစ်သည်။ ရေနွေးငွေ့တာဘိုင်ကို တီထွင်နိုင်ခဲ့ကြပြီ ဖြစ်သဖြင့် မတူညီသော စက်ပစ္စည်းများနှင့် ကိရိယာများ၏ စွမ်းအားကိုမောင်းနှင်အသုံးပြုနိုင်သည့် ခေတ်သို့ရောက်ရှိ နေလေသည်။
လုပ်အားခေတ်မှသည် ရေနွေးငွေ့ကို အသုံးပြု၍ စက်ကိရိယာများကိုတီထွင်အသုံးပြုသော ခေတ်သို့ကူးပြောင်းခဲ့ပြီဖြစ်ကာ အင်ပါယာတစ်ခုလုံး၏ လူမှုကုန်ထုတ်စွမ်းအားသည် အကြီးအကျယ် မြင့်တက်နေ၏။ ကျုံးရှန်သည် လက်ပိုက်ကာ သူ၏ အောက်ဘက်ရှိမြင်ကွင်းကို စိတ်ဝင်တစား ကြည့်ရှုနေမိသည်။
အဘယ်ကြောင့်ဆိုသော် အနှီအင်ပါယာသည် သူ၏ အတိတ်ဘဝ ကမ္ဘာမြေယဉ်ကျေးမှု၏ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းနှင့် အနည်းငယ် ဆင်တူနေသောကြောင့်ဖြစ်သည်။ အကယ်၍ ဆက်လက်တိုးတက်လာမည်ဆိုပါက ဤအင်ပါယာ၏ နည်းပညာအဆင့်အတန်းသည် အလွန်မြင့်မားသော အခြေအနေတစ်ခုသို့ ရောက်ရှိသွားပေလိမ့်မည်။ မည်သူမျှ စွမ်းအင်ကျင့်ကြံခြင်းကိုမလုပ်ဆောင်နိုင်သည့် ဝမ်ရှန့်နတ်ဘုရားကောင်းကင်ဘုံ၏ အခြေအနေမျိုးတွင် နည်းပညာယဉ်ကျေးမှုကိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းသည် အရာရာကို လွှမ်းမိုးချုပ်ကိုင်နိုင်သော အင်အားကို ရရှိစေမည်ဖြစ်သည်။
သို့သော် နည်းပညာများ စတင်ထွန်းကားစပြုလာသော အင်ပါယာဖြစ်နေသည့်တိုင် မငြိမ်မသက်ဖြစ်နေသော စိတ်နှလုံးများစွာ ရှိနေဆဲ ဖြစ်သည်။ နည်းပညာသည် ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးသဖြင့် ဟောင်းနွမ်းဆွေးမြည့်နေသည့် ခေတ်ဟောင်းစနစ်များသည် တိုးမြှင့်လာသော ကုန်ထုတ်စွမ်းအားများနှင့် ဆန့်ကျင်ဘက် ဖြစ်လာခြင်းဖြစ်သည်။ ယင်းသည် ပဋိပက္ခများ စတင်ပေါ်ပေါက်လာခြင်းကို အဓိပ္ပာယ်ဆောင်နေ၏။
ထိုအချိန်တွင် အင်ပါယာ၏ မြို့တော်အတွင်းရှိ လမ်းများပေါ်တွင် အလုပ်သမားဝတ်စုံများကို ဝတ်ဆင်ထားကာ အလျင်အမြန် သွားလာနေကြသော စက်ရုံအလုပ်သမားများဖြင့် ပြည့်နှက်နေသည်။ မြို့တော်တစ်ခုလုံး၏ ကောင်းကင်ယံတွင် မီးခိုးမြူများ ရစ်ဆိုင်းနေကာ မြူဆိုင်းနေသောမြို့တော်ကြီးတစ်ခုထဲသို့ ရောက်ရှိနေသကဲ့သို့ ခံစားရစေလေသည်။ ကြီးမားထည်ဝါသော စက်ရုံကြီးများရှိ ဧရာမ မီးခိုးခေါင်းတိုင်ကြီးများသည် မီးခိုးများ အဆက်မပြတ် မှုတ်ထုတ်နေသည်။
ထိုသည်က စက်မှုလုပ်ငန်း၏ စွမ်းအားဖြစ်သကဲ့သို့ စက်မှုလုပ်ငန်းမှထွက်ပေါ်လာသော ဆူညံညစ်ညမ်းမှုလည်း ဖြစ်ပေသည်။ ကျုံးရှန်သည် ကောင်းကင်ပြင်တွင် လမ်းလျှောက်နေခဲ့သည်။ သို့သော် ကောင်းကင်ကြီးသည်လည်း အခြားအရာများဖြင့် ပြည့်နှက်နေပြီဖြစ်ကြောင်း သူ သတိထားမိလိုက်သည်။
ကြီးမားလှသော လေသင်္ဘောကြီးများသည် လေထဲသို့ ပျံတက်ကာ မြို့တော်၏ အထက်ကောင်းကင်ယံအတွင်း ဖြတ်သန်းသွားလာ နေကြခြင်းဖြစ်သည်။ အနှီအင်ပါယာကြီးတစ်ခုလုံးသည် စက္ကန့်တိုင်းတွင် အဆက်မပြတ် တိုးတက်ပြောင်းလဲနေခြင်းသာဖြစ်လေတော့သည်။
အပိုင်း (၃၇၈)
ထိုအချိန်တွင် ကျုံးရှန်သည် သူ၏နတ်ဘုရားအာရုံကိုဖြန့်ကျင်လိုက်သောအခါ ကမ္ဘာကြီး၏ စည်းမျဉ်းများကို လေ့လာသုံးသတ်ကာ အဆက်မပြတ် လေ့လာစမ်းသပ်မှုများ ၊ သုတေသနများပြုလုပ်နေကြသည့် ပညာရှင်အမျိုးမျိုးကိုလည်း တွေ့လိုက်ရသည်။
သုတေသနပြုလုပ်ခြင်းမှသည် လက်တွေ့ အသုံးချခြင်း။
ထိုဖြစ်စဉ်သည် အမှန်စင်စစ်တွင် ကျင့်ကြံခြင်းနှင့် တူညီသော သဘောတရား ရှိနေ၏။ ကျုံးရှန်သည် အနှီအင်ပါယာ၏ ဖွံ့ဖြိုးတိုးတက်မှုကို ကြည့်ခြင်းမှတစ်ဆင့် အတိတ်ဘဝ၏ စကားလုံးတစ်ခုကို သတိရလိုက်မိသည်။
စက်မှုတော်လှန်ရေး။
ကျင့်ကြံခြင်းလောက၏ ကမ္ဘာတစ်ခု၌ စက်မှုတော်လှန်ရေးကို တွေ့မြင်ရခြင်းသည် မဆီလျော်သကဲ့သို့ ထင်ရသော်လည်း ထိုဖြစ်စဉ်သည် ကမ္ဘာတစ်ခု ဖွံ့ဖြိုးတိုးတက်မှုအတွက် မဖြစ်မနေ လျှောက်လှမ်းရမည့် လမ်းစဉ်တစ်ခုသာ ဖြစ်သည်။ ဝမ်ရှန့်နတ်ဘုရားကောင်းကင်ဘုံကမ္ဘာတွင် ကျင့်ကြံခြင်းကိုမပြုလုပ်နိုင်ကြသော်လည်း လူသားတို့၏ စူးစမ်းလိုစိတ်သည် အကန့်အသတ်မရှိချေ။ သူတို့သည် အတွေးအခေါ်များဆင့်ကဲပြောင်းလဲမှု ၊ မြောက်မြားစွာသောလေ့လာစမ်းသပ်မှုများမှတစ်ဆင့် မတူကွဲပြားသော လမ်းကြောင်းများစွာကို ရှာဖွေဖော်ထုတ်နေကြဆဲပင်ဖြစ်သည်။
နည်းပညာယဉ်ကျေးမှု၏ အခြေခံပုံစံကို ဖော်ထုတ်နိုင်ခြင်းသည် အလွန်အမင်း အံ့ဩစရာကောင်းသော အရာတစ်ခု မဟုတ်ပါပေ။ အဘယ်ကြောင့်ဆိုသော် နည်းပညာယဉ်ကျေးမှုနှင့် ကျင့်ကြံခြင်းယဉ်ကျေးမှု၏ အဆုံးသတ် အနှစ်သာရသည် တူညီသောကြောင့် ဖြစ်သည်။ ယဉ်ကျေးမှုနှစ်ခုစလုံးသည် စည်းမျဉ်းများကို လေ့လာအသုံးချခြင်း ၊ ထိန်းချုပ် ပြောင်းလဲခြင်း နှင့် အသစ်ဖန်တီးခြင်းကို ဦးတည်ရည်ရွယ်လေသည်။
ကျင့်ကြံခြင်းတွင် သူတော်စင်အဆင့် စွမ်းအားရှင်များသည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားများကိုအသုံးပြုကာ သူတော်စင်နိုင်ငံတော်ကို ဖန်တီးကြသည်။ နတ်ဘုရားအဆင့် ကျင့်ကြံသူများသည် သက်ရှိများကို မွေးမြူပြီး ကိုးကွယ်ယုံကြည်မှုများကို စုဆောင်းကာ သူတော်စင်ကမ္ဘာ၏ အဆင့်အတန်းကို တဖြည်းဖြည်း မြှင့်တင်ကြသည်။ သူတို့သည် မိမိတို့၏ကိုယ်ပိုင်ကမ္ဘာကို အဆင့်မြင့် ကမ္ဘာကြီးတစ်ခုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲပစ်နိုင်စွမ်းရှိကြ၏။
အမှန်စင်စစ်အားဖြင့် နည်းပညာယဉ်ကျေးမှုသည်လည်း အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားပါက ဟင်းလင်းပြင်အတွင်း စူးစမ်းလေ့လာခြင်း၊ သုတေသနပြုခြင်းနှင့် ဟင်းလင်းပြင် အသစ်တည်ဆောက်ဖန်တီးခြင်းတို့ကို ပြုလုပ်နိုင်လာမည်ဖြစ်သည်။
ပိုမိုမြှင့်မားသောနေရာဆီသို့ အဆင့်မြှင့်တင်ခြင်း။
အသစ်အသစ်များ ရှာဖွေဖော်ထုတ်တည်ဆောက်ခြင်း။
ထိုအချက်များသည် ယဉ်ကျေးမှုနှစ်ခု၏ ဦးတည်ရာလမ်းကြောင်းသည် မတူညီကြသော်လည်း ပန်းတိုင်သည် အတူတူပင်ဖြစ် ကြောင်းဖော်ပြနေသည်။
ထိုအချိန်တွင် မြို့တော်ဆင်ခြေဖုံးရှိ စွန့်ပစ်ထားသော စက်ရုံဟောင်းတစ်ခုအတွင်း၌ ခေါင်းစွပ်အင်္ကျီများကို ဝတ်ဆင်ထားသည့် လူငယ်အချို့ စုဝေးနေကြသည်။
"ဒီအင်ပါယာကြီးက ယိုယွင်းပျက်စီးနေပြီ... ငါတို့ ဖြုတ်ချကြရမယ်..."
"မင်းဆက်တစ်ဆက်ကပဲ လွှမ်းမိုးချုပ်ကိုင်တဲ့အင်ပါယာစနစ်ကိုဖြုတ်ချပြီး... နိုင်ငံသားအားလုံးပါဝင်တဲ့ အုပ်ချုပ်ရေးစနစ်ရှိတဲ့နိုင်ငံတစ်ခုကို ဖန်တီးရမယ်..."
"တော်ဝင်မိသားစုကို ဆက်ပြီး ချယ်လှယ်ဗိုလ်ကျခွင့် ခွင့်ပေးလို့မရတော့ဘူး..."
"ငါတို့ ရဲ့အတွေးအမြင်တွေကိုဖော်ပြနိုင်ဖို့တွက်..."
"အားလုံးရဲ့ကိုယ်ပိုင်လူ့အခွင့်အရေးကိုပေးစွမ်းနိုင်ဖို့အတွက်...ငါတို့အားလုံး တော်လှန်ပုန်ကန်ရမယ်..."
"အခုအရင်ဆုံး... အလုပ်သမားအားလုံးကို စည်းရုံးပြီး စက်ရုံပိုင်ရှင်တွေကို ဖြုတ်ချဖို့ကနေ စရမယ်..."
ထိုလူငယ်အချို့သည် စိတ်လှုပ်ရှားစွာဖြင့် မိမိတို့၏ လွတ်လပ်မှုအတွေးအခေါ်များကို ပြောဆိုနေကြခြင်းဖြစ်သည်။
ကျုံးရှန်သည် ကောင်းကင်မှကိုယ်ယောင်ဖျောက်ကာဆင်းသက်လာပြီး သူတို့၏အနားသို့ ရောက်ရှိလာသည်။ သူတို့၏ ဆွေးနွေးမှုများကို နားထောင်ပြီးသောအခါ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာ၏။
'ကောင်းပြီ... ဒါကမှ...စစ်မှန်တဲ့ တော်လှန်မှု စိတ်နှလုံး'
'ငါရှာနေတဲ့ အရာပဲ...'
ကျုံးရှန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ တက်ကြွလှုပ်ရှားနေသော လူငယ်များကို တိတ်တဆိတ် ဆက်လက်စောင့်ကြည့်ရန်ဆုံးဖြတ်လိုက်လေသည်။
အနှီလူငယ်များသည် တက်ကြွဖျတ်လတ်ပြီး ခေတ်ဟောင်းနှင့် ခေတ်သစ်ယဉ်ကျေးမှုတို့၏ အပြန်အလှန် ရိုက်ခတ်မှုများကို ရင်ဆိုင်နေကြရသူများ ဖြစ်သည်။ ထိုသည်ပင်လျှင် စစ်မှန်သော တော်လှန်မှု စိတ်နှလုံးကို မွေးဖွားဖြစ်ပေါ်လာစေခြင်း ဖြစ်သည်။ လူငယ်များသည် ခေတ်ဟောင်းနှင့် ခေတ်သစ် ကူးပြောင်းချိန်တွင် မွေးဖွားလာသည့် သန့်စင်သော တက်ကြွမှု၊ ဖန်တီးနိုင်စွမ်းနှင့် ပြောင်းလဲလိုစိတ်တို့ဖြင့် ပြည့်နှက်နေသော စိတ်ဝိညာဉ်ပိုင်ရှင်များပင် ဖြစ်သည်။
တော်လှန်မှုတွင် ကျယ်ပြန့်သော အဓိပ္ပာယ်နှင့် ကျဉ်းမြောင်းသော အဓိပ္ပာယ်ဟူ၍ ခွဲခြားထား၏။ ကျယ်ပြန့်သော အဓိပ္ပာယ်အရ တော်လှန်မှုဆိုသည်မှာ အရာဝတ္ထုများ၏ အခြေခံကျသော ပြောင်းလဲမှုကို တွန်းအားပေးခြင်းဖြစ်ပြီး မူလရှိနှင့်ပြီးသောအဆင့်မှ သစ်လွင်သောအဆင့်အတန်းတစ်ခုဆီသို့ ခုန်ပျံကျော်လွှားသွားစေခြင်းကို ဆိုလိုသည်။ ကျဉ်းမြောင်းသော အဓိပ္ပာယ်အရတော်လှန်မှုဆိုသည် အဓိကအားဖြင့် အင်ပါယာတစ်ခု၏ ကံကြမ္မာနှင့် အုပ်ချုပ်ရေးစနစ်များကို ပြောင်းလဲတော်လှန်ခြင်းကို ညွှန်းဆိုလေသည်။
စစ်မှန်သည့် တော်လှန်မှု စိတ်နှလုံးနှင့် တော်လှန်ပြုပြင်လိုသော စိတ်နှလုံးတို့သည် ဆင်တူသောအချက်များစွာ ရှိသော်လည်း မတူညီသော ကွဲပြားချက်များလည်း ရှိနေသည်။ စစ်မှန်သည့် တော်လှန်မှုသည် ကံကြမ္မာပြောင်းလဲခြင်း အပေါ်တွင် မူတည်နေပြီး အင်ပါယာတစ်ခုလုံးရှိ ပြည်သူလူထုတစ်ရပ်လုံး၏ စိတ်နေသဘောထားကို ပြောင်းလဲစေမည့် လှိုင်းလုံးကြီးတစ်ခု ဖြစ်သည်။
လူအပေါင်းတို့၏ စိတ်ဆန္ဒကို စုစည်းကာ ကြီးမားသောအပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာစေရန် တွန်းအားပေးခြင်း။
တော်လှန်ပြုပြင်ခြင်းသည်မူ လူတစ်ဦးတစ်ယောက်၏ စိတ်နှလုံးစွမ်းအားဖြင့် တစ်လောကလုံးကို မှောက်လှန်ပစ်ခြင်း ဖြစ်သည်။ ကျုံးရှန်သည် လက်ပိုက်လျက် ဘေးတစ်နေရာတွင် ရပ်တန့်ကာ ထိုလူငယ်များ သူတို့၏ အတွေးအမြင်များနှင့် ရည်မှန်းချက်များကို ထုတ်ဖော်ပြောဆိုနေကြသည်ကို တိတ်တဆိတ် နားထောင်နေခဲ့သည်။ သူတို့၏ စကားလုံးများထဲတွင် အလွန်အမင်း ပြင်းထန်ပြီး အစွန်းရောက်သော အတွေးအခေါ်များလည်း ပါဝင်နေသဖြင့် အင်ပါယာ၏ အုပ်ချုပ်သူများ၏အမြင်တွင် ကြီးလေးသော ပြစ်မှုပင် ဖြစ်ပေသည်။
လူငယ်များသည် အင်ပါယာ၏ အုပ်ချုပ်သူကို ဖြုတ်ချကာ အခြေအနေသစ်တစ်ရပ်ကို ဖန်တီးလိုကြသဖြင့် အုပ်ချုပ်သူ လူတန်းစား၏ ဆန့်ကျင်ဘက် အခြေအနေသို့ ရောက်ရှိနေလေသည်။ သူတို့သည် စိတ်အားထက်သန်စွာဖြင့် ဆွေးနွေးနေကြစဉ်တွင် အပြင်ဘက်၌ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော အင်ပါယာ စစ်သည်အဖွဲ့များ ချဉ်းကပ်လာသည်ကို လုံးဝ သတိမထားမိခဲ့ကြပေ။
လူငယ်များ၏ ဆွေးနွေးငြင်းခုံမှု အရှိန်အဟုန် အပြင်းထန်ဆုံး အချိန်သို့ ရောက်ရှိလာချိန်တွင်။
စက်ရုံ၏ သစ်သားတံခါးကြီးသည် ကြမ်းတမ်းစွာဖြင့် တွန်းဖွင့်ခြင်း ခံလိုက်ရကာ ရေနွေးငွေ့ဖြင့်မောင်းနှင်သည့် သံကိုယ်ထည် မော်တော်ကားအစီးပေါင်းများစွာ စက်ရုံအတွင်းသို့ တရကြမ်း မောင်းနှင်ဝင်ရောက်လာသည်။ ထိုအခါစွန့်ပစ်စက်ရုံဟောင်းထဲရှိ ဖုန်မှုန့်များသည် လေထဲတွင် တလွင့်လွင့် ထွက်ပေါ်လာတော့သည်။ ထိုမျှကြီးမားသော အင်အားကို အသုံးပြုခြင်းသည် လူငယ်အနည်းငယ်ကို ဖမ်းဆီးရန်အတွက် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် အနှီလူငယ်များသည် ခေတ်သစ်အတွေးအခေါ် လှိုင်းလုံးကြီးတစ်ရပ်ကို ဆော်ဩလှုံ့ဆော်နေကြသောကြောင့် ဖြစ်သည်။ ထိုအတွေးအခေါ်များသည် လူထုအား ရုန်းကန်တော်လှန်ရန်၊ လူတန်းစား ခွဲခြားမှုများကို ချိုးဖျက်ရန်နှင့် ကုန်ထုတ်စွမ်းအား တိုးတက်ထွန်းကားလာသည့် မျက်မှောက်ခေတ်ကြီးတွင် အင်ပါယာ၏ အုပ်ချုပ်မှုကို ဖြုတ်ချပစ်ရန် လှုံ့ဆော်ပေးနိုင်စွမ်းရှိလေသည်။ သူတို့သည် မိမိအသက်ကို ပေးဆပ်ကာ လူတိုင်း တန်းတူညီမျှမည့် ခေတ်သစ်တစ်ခုကို ဖန်တီးရန် ရည်ရွယ်နေကြခြင်းဖြစ်သည်။
အင်ပါယာ၏ အုပ်ချုပ်သူများအတွက်မူ အနှီလူငယ်များ၏ လုပ်ရပ်များသည် အုပ်ချုပ်ရေးယန္တရားကို မှောက်လှန်ရန် ကြံစည်နေသည့် သစ္စာဖောက် ပုန်ကန်မှုကြီးတစ်ခုနှင့် ခြားနားမှု မရှိချေ။ ယခုအချိန်တွင် ထပ်ဆင့်ဝိုင်းရံ ပိတ်ဆို့ခြင်း ခံလိုက်ရသောအခါ လူငယ်များသည် အလွယ်တကူ လက်နက်ချ အဖမ်းခံကြခြင်းမရှိဘဲ အစွမ်းကုန် ပြန်လည် တိုက်ခိုက်ကြလေသည်။ မည်သို့ပင်ဖြစ်စေ အဆုံးသတ်တွင်သေရမည်ဖြစ်သဖြင့် တော်လှန်မှုအတွင်း သေဆုံးရခြင်းသည် ပို၍ ကောင်းမွန်လိမ့်မည်ဟုခံယူထားကြခြင်းဖြစ်သည်။
သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ အင်အားချင်း မမျှသဖြင့် မကြာမီပင် တော်လှန်မှုစတင်ရန် ဆွေး နွေးတိုင်ပင်နေကြသည့် လူငယ် အားလုံး အဖမ်းဆီး ခံလိုက်သည်။ စစ်သည်များသည် အလွန် ထိန်းချုပ်ထားကြကာ လူငယ်များကို ထိခိုက်ဒဏ်ရာရရုံသာ ပြုလုပ်ပြီး သေဆုံးသည်အထိ တိုက်ခိုက်ခြင်း မပြုကြချေ။ သူတို့၏ရည်ရွယ်ချက်သည်သည် ပုန်ကန်ရန် လူစုနေကြသော လူငယ်များအားလုံးကို အရှင်ဖမ်းဆီးထိန်းသိမ်းရန်ဖြစ်သည်သည်။
"ဖြောင်း... ဖြောင်း... ဖြောင်း..."
ထိုအချိန်တွင် အင်ပါယာ စစ်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် ခေါင်းကိုမော့ကာ စက်ရုံဟောင်းအတွင်းသို့ ကျော့ကျော့မော့မော့ လျှောက်လှမ်းဝင်ရောက်လာသည်။
"ကောင်းတယ်... အင်ပါယာရဲ့ အတွေးအခေါ် ဦးဆောင်သူတွေပီသပါပေတယ်... မင်းတို့ရဲ့ အခုလုပ်ဆောင်မှု တွေအားလုံးဟာ အင်ပါယာရဲ့ ထူးချွန်တဲ့ ပါရမီရှင်တွေဆိုတာ သက်သေပြဖို့ လုံလောက်တယ်..."
"မင်းတို့ရဲ့ တော်လှန်ပြုပြင်လိုတဲ့ စိတ်ဓာတ်ကို ငါ တကယ် သဘောကျမိတယ်..."
"ဒါပေမဲ့ မင်းတို့ စဉ်းစားဖူးလား... အင်ပါယာက တိုတောင်းလှတဲ့ အနှစ် နှစ်ရာအတွင်းမှာ ဒီလိုအဆင့်အထိ ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်ဆိုတာ..."
"အကယ်၍မင်းတို့ပြောသလိုမျိုး ဆွေးမြည့်ပျက်စီးနေတဲ့ စနစ်တစ်ခုဆိုရင်...အခုလိုတိုးတက်လာဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
စစ်ဗိုလ်လူငယ်၏ စကားပြောစွမ်းရည်သည် အလွန်ပင် ကောင်းမွန်လှ၏။
သူ၏ အသက်အရွယ်သည် ငယ်ရွယ်လွန်းကာ တော်လှန်ရေးသမား လူငယ်များနှင့် မတိမ်းမယိမ်းပင် ဖြစ်သည်။ သို့သော်လည်း နှစ်ဖက်စလုံးသည် ဆန့်ကျင်ဘက် လူတန်းစားနှစ်ခုတွင် ရပ်တည်နေကြသည်။
"ယွမ်ဖေး... မင်းက အင်ပါယာရဲ့ အငယ်ဆုံး စစ်ဗိုလ်ချုပ်ပဲ... ကြီးကျယ်ခမ်းနားတဲ့ မျိုးရိုးနောက်ခံလည်း ရှိတယ်..."
"ငါတို့လို လူတန်းစားတွေရဲ့ ဘဝအခြေအနေကို.. မင်း နားမလည်နိုင်ပါဘူး..."
တော်လှန်ရေးအဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ လူငယ်တစ်ဦးသည် အေးစက်စွာ ပြုံးလျက် ပြောဆိုလိုက်သည်။
သူ၏စကားများအရ သူသည် စစ်ဝတ်စုံနှင့် လူငယ်ကို အလွန် အထင်သေးနေဟန်ရှိသည်။ ယွမ်ဖေးဟု အမည်ရသည့် စစ်ဝတ်စုံနှင့် လူငယ်သည် ထိုစကားကိုကြားသောအခါသက်ပြင်းချလျက် ခေါင်းကို ခါယမ်းလိုက်သည်။ ထို့နောက် လက်ကို ဝှေ့ယမ်းကာ ပတ်ဝန်းကျင်ရှိ စစ်သည်များကို အမိန့်ပေးလိုက်၏။
"သူတို့အားလုံးကို ဖမ်းဆီးပြီး မြို့တော်ရဲ့ အကျဉ်းထောင်ထဲ ထည့်ထားလိုက်... သေသေချာချာ စောင့်ကြပ်ပြီး တရားရုံးရဲ့ စီရင်ချက်ကို စောင့်ဆိုင်းရမယ်..."
ကျုံးရှန်သည် ထိုနေရာအထိ မြင်တွေ့ပြီးနောက်တွင် ဆက်လက် စောင့်ကြည့်လိုစိတ် မရှိတော့ချေ။
သူသည် လက်ကို ဝှေ့ယမ်းကာ စိတ်နှလုံးမျိုးစေ့များကို စတင် ဖြန့်ကြဲလိုက်သည်။ ထိုအခါ စိတ်နှလုံးမျိုးစေ့များသည် လူ့လောကထဲသို့ ကြွေလွင့်လာသည့် ကြယ်ပွင့်များကဲ့သို့ တော်လှန်မှုကို လိုလားသော လူငယ်များ၏ ရင်ဘတ်ထဲသို့သာမက စစ်ဗိုလ်လူငယ်၏ ရင်ဘတ်အတွင်းသို့လည်း ထိုးဖောက် ဝင်ရောက်သွားလေသည်။ အချို့သော မျိုးစေ့များသည် ဘေးပတ်လည်တွင် စောင့်ကြပ်နေသည့်စစ်သည်များ၏ ရင်ဘတ်များထဲသို့ပင် လွင့်မျော ဝင်ရောက်သွားကြသည်။
ထို့နောက် ကျုံးရှန်သည် ကောင်းကင်ယံသို့ ပျံတက်သွားကာ အင်ပါယာ၏ ကောင်းကင်ထက်မှနေ၍ စိတ်နှလုံးမျိုးစေ့ ပေါင်း ထောင်ဂဏန်းကို ထပ်မံ ကြဲဖြန့်လိုက်ပြန်သည်။ ထောင်ပေါင်းများစွာသော စိတ်နှလုံးမျိုးစေ့များသည် လေနှင့်အတူ လွင့်ပါးသွားကာ မတူညီသော လူသားအသီးသီး၏ ရင်ဘတ်မှတစ်ဆင့် စိတ်နှလုံးအတွင်းသို့ ဝင်ရောက်သွားတော့သည်။ အချို့သည် အကျဉ်းထောင်များထဲသို့ လွင့်မျောသွားကာ အချို့မူ အင်ပါယာမြို့တော်၏ နန်းတော်အတွင်းသို့ ဝင်ရောက်သွားသည်။
အချို့စိတ်နှလုံးမျိုး စေ့များသည် လယ်သမားများ၏ အိမ်ငယ်များအပါအဝင် မြို့ပြ၏ ဆင်ခြေဖုံးနေရာများပါမကျန် စက်မှုတော်လှန်ရေးခေတ်သို့ရောက်ရှိနေသည့် အင်ပါယာတစ်ခုလုံးသို့ပျံ့နှံ့ရောက်ရှိသွားလေတော့သည်။