← Chapters

အခန်း (၃၇၉-၃၈၀)

Vol. 38 Ch. 379-380

အခန်း (၃၇၉-၃၈၀)

Vol. 38 Ch. 379-380

အပိုင်း (၃၇၉)

များပြားလှသော စိတ်နှလုံးမျိုးစေ့များအားဖြန့်ကျဲ ပျံ့နှံ့‌စေခြင်း။

ထိုသို့ပြုလုပ်ရခြင်းမှာ ကျုံးရှန်သည် မတူညီသောစိတ်နှလုံးများမှ ပေါက်ဖွားလာသည့် သိမ်မွေ့နက်နဲသောခံစားချက်များ၏ အကျိုးသက်ရောက်ပုံကိုသိချင်သောကြောင့် ဖြစ်သည်။

နည်းပညာလမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းနေပြီဖြစ်သော အင်ပါယာတစ်ခု ဖြစ်သည့်အလျောက် ဤနေရာတွင် စံပြ အရာများစွာကို တည်ဆောက်နိုင် လိမ့်မည်ဖြစ်သည်။ အကန့်အသတ်မရှိသော အတွေးအခေါ်များ ပွတ်တိုက်မှုမှ ထွက်ပေါ်လာသည့် မီးပွားများသည် မြောက်မြားစွာသော အံ့မခန်း အတွေ့အကြုံများကို ဖြစ်ပေါ်စေနိုင်စွမ်းရှိကာ အကျိုးဆက်အနေဖြင့် အစွမ်းထက်လှသော စိတ်နှလုံးများစွာ မွေးဖွားထွက်ပေါ်လာမည်။ အခြေအနေများ ပိုမို ရှုပ်ထွေးဆူညံသည့်အခါ ထိုရှုပ်ထွေးမှုများမှ ရရှိလာမည့် အတွေ့အကြုံနှင့် အသိတရားများသည် ပိုမို များပြားလာမည် ဖြစ်၏။

အနှီအင်ပါယာသည် ဝမ်ရှန့်နတ်ဘုရား ကောင်းကင်ဘုံ၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သည်။ ကျုံးရှန်သည် သူ၏ လုပ်ငန်းစဉ်များကို အရှိန်မြှင့်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ တစ်ဦးချင်းစီကို လိုက်လံစောင့်ကြည့်ခြင်းသည် နက်ရှိုင်းသော အတွေ့အကြုံများနှင့် အချက်အလက်များကို ပေးစွမ်းနိုင်သော်လည်း အချိန်များစွာ ကုန်ဆုံးစေသည်။

ငရဲကမ္ဘာသို့ စတင်ဝင်ရောက်ချိန်မှစ၍ ကောင်းကင်တက်မျှော်စင်၏ ထိပ်ဆုံးသို့ ရောက်ရှိပြီး ဝမ်ရှန့်နတ်ဘုရား ကောင်းကင်ဘုံကို လေ့လာစူးစမ်းသည့် အချိန်အထိ ရေတွက်ကြည့်ပါက အနှစ်သုံးဆယ်ခန့် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ နှစ်ပေါင်း သုံးဆယ်ဟူသော အချိန်သည် အတိတ်ကာလနှင့် နှိုင်းယှဉ်လျှင် ပြောပလောက်ဖွယ်ရာ မရှိသော်လည်း ယခုကဲ့သို့ နေ့စဉ်နှင့်အမျှ အဆက်မပြတ် ပြောင်းလဲတိုးတက်နေသည့် ခေတ်ကြီးတွင်မူ စက္ကန့်တိုင်းသည် အလွန်အရေးကြီးလှသည်။ ကုန်လွန်ခဲ့သည့် နှစ်ပေါင်းသုံးဆယ်အတွင်း မည်မျှလောက်သော ကမ္ဘာသစ်များ ထွက်ပေါ်လာခဲ့သည်ကို မည်သူမျှ မသိနိုင်ချေ။

ထို့ပြင် ရှေးဟောင်းအင်အားစု အဖွဲ့အစည်း မည်မျှပင် လောကထဲသို့ ပြန်လည် ထွက်ပေါ်လာခဲ့သည်ကိုလည်း မသိနိုင်ဖြစ်နေသည်။ ကျုံးရှန်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်တွင် ပြင်ဆင်မှုအချို့ပြုလုပ်ထားခဲ့သော်လည်းအချိန်ကာလများစွာ ကုန်လွန်သွားခဲ့ပြီဖြစ်သည်။ ထိုပြင်ဆင်မှုများသည် အသစ် ပေါ်ပေါက်လာမည့် အစွမ်းထက် ရန်သူများကို ခုခံနိုင်ခြင်း ရှိ ၊ မရှိဆိုသည်မှာ မရေရာလှသောကိစ္စဖြစ်သည်။

ထိုကဲ့သို့သော ကြီးမားလှသည့် အပြောင်းအလဲ ခေတ်ကြီးသည် ငါးကြီးက ငါးလေးကို ဝါးမြိုသည့် ခေတ်မျိုးသာ ဖြစ်ကာ အားနည်းသူများသည် လောကကြီးကို ပြောင်းလဲပစ်နိုင်စွမ်းရှိသည့် ပါရမီရှင်တစ်ဦး ပေါ်ထွက်လာရန်အတွက် ဝါးမြိုခြင်း ခံရပေလိမ့်မည်။ ထို့ကြောင့် ကျုံးရှန်အနေဖြင့် မိမိ၏ အရှိန်အဟုန်ကို မြှင့်တင်ရန် လိုအပ်နေလေသည်။ ကျုံးရှန်တစ်ယောက် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်သို့ ပြန်လည်ရောက်ရှိမှသာလျှင် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေအတွက် စစ်မှန်သော အားကိုးရာကို ရရှိမည် ဖြစ်သည်။

ထိုသို့တွေးတောပြီးနောက်တွင် ကျုံးရှန်သည် မိမိ၏ ခန္ဓာကိုယ်အား နေမင်းတစ်စင်းအသွင်သို့ ပြောင်းလဲပစ်လိုက်ကာ ဝမ်ရှန့်နတ်ဘုရား ကောင်းကင်ဘုံ၏ အထက် ကောင်းကင်ယံသို့ မြင့်မားစွာပျံတက်သွားသည်။ ထို့နောက် စိတ်နှလုံးမျိုးစေ့များကို ဆက်လက်၍ အဆက်မပြတ် ဖြန့်ကြဲတော့သည်။ ထိုသို့ဖြင့် သုံးရက်နှင့် သုံးညတိုင်တိုင် စိတ်နှလုံးမျိုးစေ့ သန်းချီပြီး အဆက်မပြတ်ဖြန့်ကြဲခဲ့လေသည်။

ထိုမျိုးစေ့များသည် ခြူးပန်းပွင့်၏ မျိုးစေ့များကဲ့သို့ ဝမ်ရှန့်နတ်ဘုရား ကောင်းကင်ဘုံတစ်ခုလုံးသို့ ပျံ့နှံ့ရိုက်ခတ်သွားကာ အင်ပါယာများအပါအဝင် လူသားများ တည်ရှိနေသည့် နေရာတိုင်းသို့ ရောက်ရှိသွားသည်။ ထို့နောက် ကျုံးရှန်သည် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ကာ လူသားအသွင်သို့ ပြန်လည် ပြောင်းလဲလိုက်သည်။ ကျုံးရှန်သည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ စမ်းသပ်မှုများကို ဖြတ်သန်းခဲ့ပြီး သူတစ်ယောက်အနေဖြင့် အံ့ဩစရာကောင်းလှသော နတ်ဘုရားစွမ်းရည် အမြောက်အမြားကို ပိုင်ဆိုင်ထားသည်။

ထို့ကြောင့်ပင် နေမင်းတစ်စင်းကဲ့သို့အလွယ်တကူ အသွင်ပြောင်းလိုက်နိုင်ခြင်းဖြစ်သည်။ ကျုံးရှန်လူသားအသွင်ပြန်၍ပြောင်းပြီး နာရီအနည်းငယ်ခန့်ကြာသောအခါ သူ၏စိတ်နှလုံးအတွင်း၌ သန်းပေါင်းများစွာသော စိတ်နှလုံးကွန်ရက် အချက်အချာနေရာများ တစ်ပြိုင်နက်တည်း နိုးထလာသည်။ ကျုံးရှန်၏ စိတ်နှလုံးကွန်ရက်သည် နောက်ဆုံးတွင် အခြေခံကျသော ပုံစံငယ်တစ်ခုကို ရရှိသွားကာ စိတ်နှလုံးစနစ်နှင့် ကျုံးရှန်၏ ကိုယ်ပိုင်စွမ်းအားများသည်လည်း ပိုမို မြင့်မားလာ၏။

ယခုအချိန်တွင် ကျုံးရှန် ပြုလုပ်ရမည့်အရာသည် စောင့်ဆိုင်းရန်သာ ဖြစ်သည်။ ဝမ်ရှန့်နတ်ဘုရား ကောင်းကင်ဘုံအတွင်းရှိ သန်းပေါင်းများစွာသော စိတ်နှလုံးအချက်အချာများသည် မိမိဘာသာ ပြောင်းလဲခြင်း သို့မဟုတ် အပြန်အလှန် တိုက်ခိုက်ကြခြင်းများကို စတင်ပြုလုပ်နေကြသည်။ ထိုသို့ဖြင့် နောက်ဆုံးတွင် အစွမ်းထက်ဆုံး စိတ်နှလုံးသားပိုင်ဆိုင်သည့် သူတစ်ဦး ပေါ်ထွက်လာကာ ဝမ်ရှန့်နတ်ဘုရား ကောင်းကင်ဘုံတစ်ခုလုံးကို အုပ်ချုပ်သွားပေလိမ့်မည်။

သူတို့အချင်းချင်း တိုက်ခိုက်ကြသည်ဖြစ်စေ၊ တော်လှန်ကြသည်ဖြစ်စေ၊ ပူးပေါင်းဆောင်ရွက်ကြသည်ဖြစ်စေ နောက်ဆုံးတွင်မူ အမျိုးမျိုးသော စိတ်နှလုံးအတွေ့အကြုံများကို ဖြစ်ပေါ်စေကာ ကျုံးရှန်၏ စိတ်နှလုံးကို ပိုမို ပြည့်စုံလာစေမည် ဖြစ်၏။ လူတစ်ဦးတစ်ယောက်တည်း၏ စိတ်နှလုံးကိုသာ‌လေ့လာခြင်းသည် စုံလင်လှပရန် ခဲယဉ်းလှသည်။ စစ်မှန်သော ပြီးပြည့်စုံသည့် စိတ်နှလုံးဆိုသည်မှာ လောကရှိ သတ္တဝါအပေါင်းတို့၏ စိတ်နှလုံးများဆီမှစုစည်းထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုစိတ်နှလုံးများတွင်ပါဝင်သည့် အရာခပ်သိမ်းကို လက်ခံကာ အရာရာကို လွှမ်းခြုံနိုင်သည့်စိတ်နှလုံးကိုဖြစ်တည်စေမှသာ ပြီးပြည့်စုံခြင်းကိုရရှိမည် ဖြစ်သည်။ အကယ်၍ ပြီးပြည့်စုံသော စိတ်နှလုံးကို ပိုင်ဆိုင်သွားပါက ကျုံးရှန်၏ စိတ်နှလုံးအဆင့်အတန်းသည် ဒဏ္ဍာရီလာ အခြေအနေသို့ ချက်ချင်း ရောက်ရှိသွားပေမည်။ စိတ်နှလုံးမျိုးစေ့များကို ကြဲဖြန့်ပြီး ဝမ်ရှန့်နတ်ဘုရား ကောင်းကင်ဘုံ၏ စိတ်နှလုံးကွန်ရက်ကို တည်ဆောက်ပြီးစီးသွားချိန်တွင် ကျုံးရှန်သည် လက်ကို ခါယမ်းလိုက်သည်။

'ပြင်ဆင်မှုတွေ ပြီးဆုံးသွားပြီ... အခုတော့ အရာအားလုံးကို အချိန်ဆီပဲ အပ်နှံရတာပေါ့...'

'အချိန်ရဲ့ မိတ်ဆွေတစ်ယောက် ဖြစ်လာအောင် လုပ်ရမယ်...'

ကျုံးရှန်၏ မျက်နှာပေါ်တွင် ပေါ့ပါးသော အပြုံးတစ်ခု ပေါ်လာသည်။

သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့် ဝမ်ရှန့်နတ်ဘုရား ကောင်းကင်ဘုံကို လွှမ်းခြုံကာ ဝမ်ရှန့်နတ်ဘုရား ကောင်းကင်ဘုံ၏ အချိန်စီးဆင်းမှုကို တိုက်ရိုက် အရှိန်မြှင့်တင်နိုင်သော်လည်း ထိုသို့မလုပ်ခဲ့ပေ။ တစ်နည်းအားဖြင့်ဆိုရလျှင် ကျုံးရှန်သည် ထိုသို့ ပြုလုပ်ရန် မရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အချို့အရာများသည် အလောကြီးရန်မလိုအပ်ပဲ သဘာဝအတိုင်းအချိန်ယူတိုးတက်လာရန်လိုအပ်လေသည်။

''ကဲအခု... မင်းကို ရှာဖွေရမယ့် အချိန်ကို ရောက်လာခဲ့ပြီပဲ...''

ကျုံးရှန်၏ အသံသည် အဝေးသို့ လွင့်ပျံသွားကာထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

....

ဝမ်ရှန့်နတ်ဘုရား ကောင်းကင်ဘုံသည် အလွန် ကြီးမားလှသော အလယ်အလတ်ကမ္ဘာတစ်ခုဖြစ်ပြီး အနှီကမ္ဘာ၏ဆင့်ကဲ ပြောင်းလဲတိုးတက်မှုဖြစ်စဥ်သည် အလွန်ပင် ပြည့်စုံလှသည်။ ကမ္ဘာ၏ ခိုင်ခံ့လှသော ကမ္ဘာ့အတားအဆီးများသည်ပင်လျှင် မဟာကမ္ဘာ တစ်ခုနှင့် နှိုင်းယှဉ်နိုင်စွမ်းရှိနေခြင်းဖြစ်သည်။ ယခုအချိန်တွင် ဝမ်ရှန့်နတ်ဘုရား ကောင်းကင်ဘုံ၏ အတားအဆီး အထက်ပိုင်း၌ရေပူဖောင်းတစ်ခုကဲ့သို့သေးငယ်သော အထပ်တစ်ထောင်ကမ္ဘာငယ်တစ်ခုရှိနေသည်။

ထိုကမ္ဘာငယ်လေးနှင့် ဝမ်ရှန့်နတ်ဘုရား ကောင်းကင်ဘုံတို့သည် အတားအဆီးဖြင့် ပိုင်းခြားထားသော်လည်း တစ်ခုတည်းသော အဖွဲ့အစည်းအဖြစ် တည်ရှိနေကြ၏။ ထိုနေရာသည် ဝမ်ရှန့်နတ်ဘုရား ကောင်းကင်ဘုံ၏ အဓိက အကျဆုံး အချက်အချာနေရာ ဖြစ်သည့် ကောင်းကင်နန်းတော်ပင်ဖြစ်သည်။ ယင်းသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ ရှေးဟောင်း ဧကရီများနှင့် နတ်ဘုရားမင်းဆက်များ ထီးနန်းစိုက်ရာ နေရာ ဖြစ်ကာ အလွန်နက်ရှိုင်းလှသော သမိုင်းအမှတ်အသားများနှင့် အဓိပ္ပာယ်များစွာ ရှိနေသည့် နေရာလည်းဖြစ်သည်။

ကျုံးရှန်သည် ထိုကမ္ဘာငယ်၏ အပြင်ဘက်တွင် ရုတ်တရက်ပေါ်လာသည်။ ထို့နောက်ရုတ်တရက် လက်ကို ဆန့်ထုတ်လိုက်ကာ ကောင်းကင်နန်းတော်ဆီသို့ လှမ်း၍ ဖမ်းဆွဲလိုက်သည်။ ကျုံးရှန်၏လက်နှင့် ရေပူဖောင်းအတားအဆီးထိတွေ့သွားလျှင် ပြင်းထန်လှသော တွန်းကန်မှုစတင်ဖြစ်ပေါ်လာသည်။

သို့သော်လည်း ကျုံးရှန်သည် မဟာကမ္ဘာအဆင့် ကောင်းကင်တာအိုခန္ဓာကိုယ်၏ အင်အားကိုအသုံးပြု၍ ဆွဲယူခြင်းဖြစ်သဖြင့် နောက်ဆုံးတွင် ကောင်းကင်နန်းတော်သည် ဝမ်ရှန့်နတ်ဘုရား ကောင်းကင်ဘုံ၏ အတားအဆီးထဲမှ ဆွဲထုတ်ယူခြင်းခံလိုက်ရ လေတော့သည်။ ထို့နောက်တွင် ကျုံးရှန်သည် ဝမ်ရှန့်နတ်ဘုရားကောင်းကင်ဘုံမှ ပျောက်ကွယ်သွားကာ ငရဲမဟာကမ္ဘာကြီး၏ ဟင်းလင်းပြင်ထဲတွင်ပြန်၍ပေါ်လာသည်။ သူ၏ လက်ထဲတွင်ဆုပ်ကိုင်ထားသည်မှာ ဒဏ္ဍာရီအတွင်း ကျော်ကြားလှသည့် ကောင်းကင်နန်းတော်ဖြစ်သည်။

ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်တွင် ကောင်းကင်နန်းတော်ကို ရရှိသူသည် ထိုမဟာကမ္ဘာ၏ အရှင်သခင် ဖြစ်လာလိမ့်မည်ဟူသော ဆိုရိုးစကားတစ်ခု ရှိ၏။ ကောင်းကင်နန်းတော်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ အချက်အချာသာမက ဝမ်ရှန့်နတ်ဘုရား ကောင်းကင်ဘုံတစ်ခုလုံး၏ ဗဟိုချက်မလည်း ဖြစ်ကာ မြောက်မြားစွာ‌သော ထူးခြားမှုများရှိ နေသည်။

"ဒါဆိုရင်... ကောင်းကင်နန်းတော်ထဲမှာ ဘယ်လို ထူးခြားဆန်းပြားတဲ့အရာတွေ ရှိနေမလဲဆိုတာ ကြည့်ရသေးတာပေါ့..."

ကျုံးရှန်သည် ကောင်းကင်နန်းတော်ကို လက်ဝါးထဲတွင် ဆုပ်ကိုင်ထားကာ မျက်နှာထက်၌ စိတ်ဝင်စားသော အပြုံးတစ်ခု ပေါ်လာသည်။

ထို့နောက် သူ၏ ခန္ဓာကိုယ်သည် ထိုနေရာမှ ပျောက်ကွယ်သွားကာ ကောင်းကင်နန်းတော်၏ ကမ္ဘာငယ်လေးအတွင်းသို့ ဝင်ရောက်သွားလေသည်။ ထိုကမ္ဘာငယ်လေးအတွင်းတွင် ကုန်းမြေတိုက်များ ၊ အသက်ရှင်နေသည့် မည်သည့်သက်ရှိမျှရှိမနေဘဲ မျောလွင့်နေသည့် ကောင်းကင်နန်းတော်တစ်ခုသာ ရှိနေခဲ့သည်။ ကျုံးရှန် ဝင်ရောက်သွားပြီးနောက် စက္ကန့်အနည်းငယ်အကြာတွင် သူရပ်ခဲ့သည့် ငရဲကမ္ဘာ၏ဟင်းလင်းပြင်နေရာ၌ အမည်းရောင်ဝတ်ရုံကို ဆင်မြန်းထားသည့် လူရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုပုံရိပ်သည် လက်တစ်ဖက်ကိုဆန့်ထုတ်လိုက်ကာ ဖန်သားလုံးလေးကိုဆုပ်ကိုင်လိုက်သည်။ ရောက်ရှိလာသူသည် ငရဲကမ္ဘာ ကောင်းကင်တာအိုကိုယ်ပွားဖြစ်သည့်ဟွာထျန်းပင် ဖြစ်သည်။ ကျုံးရှန်ကို လာရောက် ရန်စဝံ့သည့် သတ္တိရှိသူသည် သူတစ်ဦးသာရှိကာ အခြားသော ငရဲကမ္ဘာမှ အစွမ်းထက်ပုဂ္ဂိုလ်များသည် ဤနေရာသို့ လုံးဝ လာရောက်ဝံ့ခြင်း မရှိကြချေ။

"သတ္တိကောင်းလှချည်လား... တကယ်လို့ မင်းက ကောင်းကင်တက်လှမ်းမျှော်စင်ထဲမှာ ပုန်းနေမယ်ဆိုရင် ငါ မင်းကို ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး..."

"ဒါပေမဲ့ မင်းက ဒီလောက်အထိ မာနထောင်လွှားနေတာကိုး..."

"ဒီနေရာက ဘယ်နေရာလဲ... ဒါက ငါ့ရဲ့ ငရဲမဟာကမ္ဘာပဲ..."

"မင်းက ဒီနေရာမှာတင် ကောင်းကင်နန်းတော်ရဲ့ ကမ္ဘာငယ်ထဲကို တိုက်ရိုက်ဝင်သွားရဲတယ်..."

"အတော်ပဲ... ငါက မင်းနဲ့ကောင်းကင်တက်လှမ်းမျှော်စင်ကို တစ်ခါတည်း အမြစ်ဖြုတ်ပေးရတာပေါ့..."

ငရဲမဟာကမ္ဘာသည် ယွမ်စွမ်းအားယူနစ်များစွာကို ပိုင်ဆိုင်ထားသည့် အစွမ်းထက်မဟာကမ္ဘာ တစ်ခု ဖြစ်သည်။ အကယ်၍ ဟွာထျန်းသည် ကျုံးရှန်နှင့် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကို ငရဲမဟာကမ္ဘာ အတွင်း အမြစ်ပြတ်ချေမှုန်းကာ သူတို့၏စွမ်းအင်များကိုဆုပ်ယူနိုင်မည်ဆိုပါက ငရဲမဟာကမ္ဘာ၏ စွမ်းအားသည် အဆမတန် မြင့်တက်လာပေလိမ့်မည်။ သို့ဖြင့် ဟွာထျန်းသည် သူ၏စကားများနှင့်အညီ ယွမ်စွမ်းအားကိုစတင်ဖော်ဆောင်လိုက်ကာ မဟာကမ္ဘာ ကြီး၏ စွမ်းအားများကို ထုတ်ဖော်လိုက်သည်။

ကျုံးရှန်သည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ အရှင်သခင်ဖြစ်သွားပြီဖြစ်သည်။ ထို့ကြောင့် ဟွာထျန်း၏ ယွမ်စွမ်းအားများဖြင့်ဖွဲ့စည်းထားသည့် မဟာကမ္ဘာ၏စွမ်းအားများသည် ကောင်းကင်နန်းတော်၏ ကမ္ဘာငယ်လေးအပါအဝင် ယင်းအတွင်းရှိ ကျုံးရှန်နှင့် ကောင်းကင်တက်လှမ်းမျှော်စင်တို့ကိုပါ ချုပ်နှောင်ထားလိုက်သည်။ ထို့နောက် ငရဲမဟာကမ္ဘာတစ်ခုလုံး၏ ကောင်းကင်နှင့်မြေကြီး စွမ်းအားများသည် ဧရာမ စကြာဘီးကြီးတစ်ခုအသွင်သို့ ပြောင်းလဲကာ ပြင်းထန်စွာ လည်ပတ်လာပြီး ကျုံးရှန်ရှိနေသည့် ဖန်လုံးငယ််အသွင် ကမ္ဘာလေးကိုကြိတ်ခြေပစ်ရန် ကြိုးစားလာလေတော့သည်။

အပိုင်း (၃၈၀)

ထိုအချိန်တွင်။

ကောင်းကင်နန်းတော်အတွင်း‌၌။

ကောင်းကင်နန်းတော်၏ပျက်စီးယိုယွင်းနေသည့် နန်းတော်အဆောက်အအုံများ ရှေ့တွင် ကျုံးရှန်တစ်ယောက် ရပ်တန့်နေသည်။ သူသည် ရုတ်တရက် ခေါင်းကိုမော့ကာ ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက်တွင် သူ၏ မျက်နှာပေါ်၌ လှောင်ပြုံးတစ်ခု ပေါ်လာ၏။

''မင်းလိုကောင်မျိုး စိတ်မထိန်းနိုင်ဘဲ ထွက်လာမယ်ဆိုတာ ငါ ကြိုသိပြီးသားပဲ...''

''ကောင်းပြီ... ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကိုမပြန်ခင် အကြီးအကျယ် တစ်ပွဲလောက်နွှဲကြတာပေါ့...''

''အခု ငရဲကမ္ဘာရဲ့ ထူးထူးခြားခြား စည်းလုံးလာတာက ဟွာထျန်း ပေါ်ထွက်လာတာနဲ့ သေချာပေါက် ပတ်သက်မှုရှိနေတယ်...''

''ဝမ်ရှန့်နတ်ဘုရား ကောင်းကင်တာအိုကို မနှိမ်နင်းခင် မင်းရဲ့ မာန်မာနကို အရင်ဆုံး ချိုးနှိမ်ပစ်ရတာပေါ့...''

ကျုံးရှန်သည် အေးဆေးစွာဖြင့် တစ်ဦးတည်း ရေရွတ်လိုက်သည်။

ထို့နောက်တွင် သူသည် အပြင်လောကကိုဂရုမစိုက်တော့ဘဲ ပျက်စီးနေသော နန်းတော်အဆောက်အအုံများဆီသို့သာ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားလေတော့သည်။ ကောင်းကင်နန်းတော်သည် အလွန်ပင် ကြီးကျယ်ခမ်းနားလှပြီး မိုင်ပေါင်း သန်းနှင့်ချီ၍ ရှည်လျားတည်ရှိနေကာ ဖန်လုံးကမ္ဘာငယ်လေး၏ ထက်ဝက်ကျော်နေရာ ယူထားသည်။ နန်းတော်အတွင်း၌ ကြီးကျယ်လှသော ညီလာခံခန်းမများ၊ အိမ်တော်များ၊ နန်းဆောင်ကြီးများ အပြင် လေ့ကျင့်ရေးကွင်းများ၊ စစ်စခန်းများ၊ ဆေးဖော်စပ်ဆောင်များနှင့် လက်နက်သွန်းလုပ်ဆောင်မှုများ စသည့် နေရာအမြောက်အမြား ယူထားသော အဆောက်အအုံများလည်း ရှ်ိနေသည်။

အနှီအဆောက်အအုံများသည် နှစ်ပေါင်း သန်းနှင့်ချီ၍ စွန့်ပစ်ခြင်း ခံထားရသော်လည်း ခိုင်ခံ့လှသော အစီအရင်များနှင့် အကာအကွယ်အတားအဆီးများဖြင့် ကောင်းမွန်စွာထိန်းသိမ်းခြင်းခံထားရဆဲ ဖြစ်သည်။ ဤနေရာသည် အတိတ်ကာလဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရှိ မင်းဆက်အဆက်ဆက်မှ ဧကရာဇ်များနှင့် စွမ်းအားကြီးအရှင်သခင်များ၏ နန်းတော်ကြီး တည်ရှိရာ နေရာဖြစ်ခဲ့ပြီး နောက်ဆုံး ခုခံရေးစည်းဟုလည်းဆိုရပေမည်။ ထို့ကြောင့် ကမ္ဘာငယ်တစ်ခုလုံးတွင် စစ်မက်ဖြစ်ပွားပါက အသုံးပြုနိုင်မည့် အသုံးအဆောင်ပစ္စည်းများ အားလုံး စုံလင်စွာ ရှိနေကာ မည်သည့်အဖွဲ့အစည်းအတွက်မဆို အခြေစိုက်စခန်းကြီးတစ်ခုအဖြစ် အသုံးပြုနိုင်လေသည်။

ကောင်းကင်နန်းတော်သည် မည်သည့်အဖွဲ့အစည်း၏ အခြေခံ လည်ပတ်မှုများကိုမဆို ထောက်ပံ့ပေးနိုင်စွမ်း ရှိနေခြင်းဖြစ်သည်။ ထိုအချက်သည် ကောင်းကင်နန်းတော်သည် အဖိုးမဖြတ်နိုင်သော သာမန်အဆင့်ထက် ကျော်လွန်သည့်ရတနာတစ်ခုဖြစ်ကြောင်းဖော်ပြနေ၏။ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကဲ့သို့ ရတနာထူးများနှင့် မနှိုင်းယှဉ်နိုင်သော်လည်း ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်အောက် နိမ့်ကျခြင်း မရှိချေ။

ကျုံးရှန်၏ နတ်ဘုရားအာရုံသည် သမုဒ္ဒရာကြီးကဲ့သို့ ကောင်းကင်နန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားကာအတားအဆီးများ၊ အစီအရင်များ၊ လျှို့ဝှက်ခန်းများနှင့် ကမ္ဘာငယ်လေးများအားလုံးကို ထိုးဖောက် ကြည့်ရှုလိုက်သည်။ ထိုအခါ အတွင်းရှိ အတိတ်နှစ်ပေါင်းများစွာအကြာမှ ကျန်ရှိနေခဲ့သည့် ရတနာပစ္စည်းများအားလုံးကို တစ်ပြိုင်နက်တည်း မြင်တွေ့လိုက်ရသည်။ သူသည် ရုတ်တရက် လှုပ်ရှားလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်လျှင်နောက်တစ်စက္ကန့်တွင် ကောင်းကင်နန်းတော်၏ အရှေ့မှ ပျောက်ကွယ်သွားကာ နန်းဆောင်တစ်ခုအတွင်း၌ ပြန်၍ပေါ်လာသည်။

ထိုနန်းဆောင်၏ အတွင်းပိုင်းသည် အလွန် ရှုပ်ပွနေသဖြင့် ရတနာများ ရှာဖွေလုယက်ခြင်း ခံထားရသည်မှာ ထင်ရှားလှသည်။ နန်းဆောင်၏ အနက်ရှိုင်းဆုံး နေရာတွင်အိပ်ဆောင်တစ်ခု ရှိနေ၏။ အိပ်ဆောင်အတွင်း၌ ရွှေချည်မျှင်ဖြင့်ရက်လုပ်ထားသော အိပ်ယာခင်းတစ်ခုရှိသည့်ကျောက်စိမ်းခုတင်ပေါ်တွင် ခန့်ညားထည်ဝါလှသော အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး တင်ပျဉ်ခွေလျက် ထိုင်နေသည်။

ထိုအမျိုးသားသည် မျက်လုံးများကို ဒေါသတကြီး ဖွင့်ကြည့်နေခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အဝတ်အစားများသည် ချွတ်ခွာခြင်း ခံထားရကာ ရင်ဘတ်တွင်လည်း ကြီးမားလှသော အပေါက်ကြီးတစ်ပေါက် ရှိနေသည်။ သူ၏ ဝိညာဉ်သည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာအကြာကပင် ပျက်စီးပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ဆွေးမြည့်ခြင်း မရှိသည့် အစွမ်းထက် ခန္ဓာကိုယ် ကျန်ရှိနေခဲ့လေသည်။

အနှီပုဂ္ဂိုလ်သည် နတ်ဘုရားအဆင့် စွမ်းအားရှင်တစ်ဦး ဖြစ်ခဲ့ကာ နတ်ဘုရားအမြုတေ ကို ပိုင်ဆိုင်ထားသည့် စစ်မှန်သော နတ်ဘုရားတစ်ပါးလည်း ဖြစ်သည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ သူ၏ နတ်ဘုရားအမြုတေသည် သူတစ်ပါး၏ ယူဆောင်ခြင်းကို ခံလိုက်ရပြီး အဝတ်အစားမရှိဘဲ စော်ကားခြင်းကို ခံနေရသည်။ ကောင်းကင်နန်းတော်၏ ကမ္ဘာငယ်လေး မပိတ်ဆို့မီအချိန်တွင် ဤနေရာ၌ အလွန် ပြင်းထန်လှသော ပဋိပက္ခများ ဖြစ်ပွားခဲ့ဟန်ရှိကာ အစွမ်းထက်ဆုံး ပုဂ္ဂိုလ် အနည်းငယ် သည် အပြန်အလှန် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်နိုင်ပေသည်။

သို့မဟုတ်ပါက စစ်မှန်သော နတ်ဘုရားအဆင့် စွမ်းအားရှင်တစ်ဦး၏ ဝိညာဉ်ကို ထိုမျှ မြန်ဆန်စွာ ဖျက်ဆီးပစ်နိုင်ရန် မဖြစ်နိုင်ချေ။ သို့သော်လည်း ရတနာများကို လုယက်သူများသည် အလွန် အလောတကြီး ပြုလုပ်ခဲ့ကြပုံရ၏။ သူတို့သည် တန်ဖိုးရှိပုံရသော ပစ္စည်းများကိုသာ ယူဆောင်သွားခဲ့ကြကာ အမှန်တကယ် စစ်မှန်သော တန်ဖိုးရှိသည့်အရာဖြစ်သည့် မပျက်စီးနိုင်သော နတ်ဘုရားခန္ဓာကိုယ်ကို ချန်ရစ်ထားခဲ့ကြသည်။

ဤမပျက်စီးနိုင်သော ခန္ဓာကိုယ်သည် အဘယ်‌ကြောင့် အဖိုးထိုက်တန်ပါသနည်း။

အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်အတွင်း၌ စစ်မှန်သည့် ဒဏ္ဍာရီလာ ကျီကျိုက် ခန္ဓာကိုယ်ဖွဲ့စည်းပုံတည်ရှိနေသောကြောင့်ဖြစ်သည်။ အတိတ်ကာလတွင် ကျုံးရှန်သည် ကျီကျိုက် ခန္ဓာကိုယ်ကို အသုံးပြု၍ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ ကောင်းကင်တာအိုမှ ပေးစွမ်းခဲ့သော ကံတရားကျိန်စာ အတားအဆီးများကို ချိုးဖျက်ရန် ကြံစည်ခဲ့ဖူးသည်။ သို့သော် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကို တက်လှမ်းနေစဉ်အတွင်းတိုက်ဆိုင်စွာဖြင့် သူသည် မဟာကမ္ဘာအဆင့် ကောင်းကင်တာအိုခန္ဓာကိုယ် ကို ရရှိသွားခဲ့သည်။

ထိုခန္ဓာသည် ဒဏ္ဍာရီလာ ကျီကျိုက် ခန္ဓာကိုယ်ထက် အဆပေါင်းများစွာ သာလွန်လှသော အစွမ်းထက်ဆုံး ခန္ဓာကိုယ် ဖြစ်သည်။ သို့သော်လည်း ကျီကျိုက် ခန္ဓာကိုယ်သည်လည်း အလွန် ထူးခြားနေဆဲ ဖြစ်ကာ ကျုံးရှန်ကိုယ်တိုင်အတွက် အသုံးမလိုတော့သော်လည်း မိမိ၏ နောက်လိုက်ငယ်သားကို ပေးရန်အတွက်မူ အဆင်ပြေလှသည်။ သူသည် မိမိ၏ ငယ်သားများအတွက် ရတနာများ ပေးအပ်တတ်သည့် အဘိုးအိုတစ်ဦး ဖြစ်၏။

လောကကြီးမှ နှစ်ပေါင်း တစ်သန်းတိုင်တိုင် ကွယ်ပျောက်နေခဲ့စဉ်အတွင်း သူ၏ မျိုးဆက်များအား စောင့်ရှောက်မှု မပေးနိုင်ခဲ့သည်များကို ပြန်လည် ကုစားလိုခြင်း လည်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျုံးရှန်သည် မိမိကိုယ်တိုင် ဂိုဏ်းတစ်ခုကို တည်ထောင်ခဲ့သော်လည်း သူတို့ကို အထွတ်အထိပ်သို့ ရောက်ရှိအောင် မစွမ်းဆောင်ပေးနိုင်ခဲ့ချေ။ သို့သော်လည်း အရာအားလုံးက နောက်မကျသေးပေ။

ယခုအချိန်တွင် ကျုံးရှန်၌ သူတို့ကို အလွန် ဝေးကွာလှသော အမြင့်ဆုံးနေရာအထိ ခေါ်ဆောင်သွားနိုင်မည့် အရည်အချင်းများကို ပိုင်ဆိုင်လာပြီဖြစ်သောကြောင့်ဖြစ်သည်။ အ‌တွေးများစွာဖြင့်နစ်မျောပြီးနောက်တွင် ကျုံးရှန်သည် ခေါင်းယမ်းလိုက်ကာ လက် တစ်ချက်ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သူ၏ လက်ဝါးဆီမှ ဆွဲငင်အားတစ်ခုထွက်ပေါ်လာကာ တင်ပျဥ် ခွေလျက်ရှိနေသောအလောင်းဆီမှ ပုံရိပ်ယောင်တစ်ခုကို ဆွဲထုတ်လိုက်သည်။

ပုံရိပ်ယောင်သည် အလောင်း၏ခန္ဓာကိုယ်မှထွက်ပေါ်လာလျှင် လွတ်မြောက်ခြင်းနှင့် အချုပ်အနှောင်မဲ့ခြင်း အသိတရားများ ပါဝင်နေသည့် စိမ်းပြာရောင် အလင်းလုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ကျီကျိုက် ခန္ဓာကိုယ် ဖွဲ့စည်းပုံ၏ မူလအရင်းအမြစ်။

ကျီကျိုက်ခန္ဓာကိုယ်၏ ထူးခြားဆန်းပြားသော အချက်မှာ လောကသုံးပါး၏ ပြင်ပသို့ ကျော်လွန်နိုင်ပြီး မည်သည့်အရာ၏ လွှမ်းမိုးမှုကိုမျှ မခံရခြင်း ဖြစ်သည်။ အနှီခန္ဓာကိုယ်သည် နတ်ဘုရားအဆင့် အတားအဆီးကို ချိုးဖျက်ကာ ကောင်းကင်အရှင် တစ်နည်းအားဖြင့် လွတ်မြောက်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန်အတွက် အခွင့်အလမ်းကောင်းများ ပေးနိုင်စွမ်းရှိသည့် ခန္ဓာကိုယ်မျိုးဖြစ်သည်။ ကျီကျိုက်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခြင်းသည် ကန့်သတ်ချက်များကို ကျော်လွန်သည့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် အခြေခံအရည်အချင်းများကို ရရှိလိုက်ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

ထို့ကြောင့် ကျီကျိုက်ခန္ဓာကိုယ် ဖွဲ့စည်းပုံသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရှိ အမြင့်မားဆုံးသော ဧကရာဇ်ခန္ဓာကိုယ်များနှင့် နှိုင်းယှဉ်လျှင်ပင် အဆင့်နိမ့်ကျခြင်း မရှိချေ။သို့သော်လည်း ယခုအချိန်တွင် ကျုံးရှန်သည် ထိုအရာကို မျက်စိထဲ ထည့်စရာ မလိုတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ့၌ မဟာကမ္ဘာအဆင့် ကောင်းကင်တာအိုခန္ဓာကိုယ်ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။

ထိုခန္ဓာကိုယ်၏အလားအလာသည် မဟာကမ္ဘာတစ်ခုလုံးတွင် အနှိုင်းမဲ့ အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ မဟာကမ္ဘာအနှစ်သာရထက်ပင် ပို၍ အစွမ်းထက်နေသေး၏။ ကျုံးရှန်သည် သူ၏ ခန္ဓာကိုယ်၊ နတ်ဘုရားဝိညာဉ်နှင့် ကျင့်ကြံခြင်းစွမ်းအား (ဝိညာဥ်စွမ်းအင် အရည်အသွေး) များကို မဟာကမ္ဘာ ကောင်းကင်တာအိုအဆင့်သို့ မြှင့်တင်ခြင်းဖြင့် မည်သူမျှရောက်ရှိဖူးခြင်းမရှိသေးသည့် အဆင့်တစ်ခုသို့ တက်လှမ်းရန် ရည်ရွယ်ထားသည်။ ထို့ကြောင့် ယခုအခါ ကျီကျိုက်ခန္ဓာကိုယ်သည် သူ့အတွက်ပြောပလောက်သော အရာမဟုတ်ပါတော့ချေ။

သူ၏ လက်ရှိစွမ်းရည်သည် လွတ်မြောက်ခြင်းအဆင့်ကိုကျော်လွန်ကာ ထျန်းယွမ်အဆင့်ရှိအစွမ်းထက်ပုဂ္ဂိုလ်များနှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပြီဖြစ်‌သည်။

'ဒီခန္ဓာကိုယ်က မဆိုးဘူး... ချီမင်က ယွဲ့အာရဲ့ မွေးရာပါ ကျောက်စိမ်းရိုးတွင်းခြင်ဆီ ခန္ဓာကိုယ်ကို ရထားပြီးသားဆိုတော့... ဒီကျီကျိုက်ခန္ဓာကိုယ်နဲ့ပါ ပေါင်းစပ်လိုက်ရင် ပိုပြီးတော့ အံ့ဩစရာကောင်းသွားမှာပဲ...'

ကျုံးရှန်သည် မေးစေ့ကို ပွတ်သပ်လျက် လက်ထဲရှိ ကျီကျိုက် ခန္ဓာကိုယ် ဖွဲ့စည်းပုံ၏ မူလအရင်းအမြစ်ကို ကြည့်ကာ ထိုအရာကို မည်သည့်မျိုးဆက်သစ်အား ပေးအပ်ရမည်ဆိုသည်ကို တွေးတောလိုက်သည်။

ယခုကျုံးမျိုးဆက်တွင် သူနှင့် ရင်းနှီးသော မြေး၊ မြစ်များမှာ အနည်းငယ်မျှသာ ရှိသည်။ ကျုံးချီထျန်းကိုမူ သူသည် နတ်ဘုရားအာရုံဖြင့်သာ အကဲခတ်ဖူးပြီး လူချင်း မတွေ့စုံဖူးသေးပါချေ။ ကျုံးရှန်သည် ကျီကျိုက် ခန္ဓာကိုယ်မူလအရင်းအမြစ်ကို အေးဆေးစွာ သိမ်းဆည်းပြီးနောက်တွင် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။

ထို့နောက် တစ်စက္ကန့်အကြာတွင် နန်းတော်တစ်ခု၏ အပြင်ဘက်ရှိ ပျက်စီးနေသော နေရာတစ်ခု၌ ပြန်၍ ပေါ်လာသည်။ ထိုနေရာတွင် ခေါင်းသုံးလုံးနှင့် မိစ္ဆာအရှင်သခင်တစ်ဦး၏ အလောင်းတစ်ခု သိသာထင်ရှားစွာ ရှိနေသည်။ သူ၏ ခေါင်းသုံးလုံးအနက် နှစ်လုံးသည် တိုက်ခိုက်မှုများကြောင့် တစ်ဝက်ခန့် ပျက်စီးနေခဲ့ပြီးဖြစ် သော်လည်း တစ်ခုတည်းသော ပြည့်စုံနေသည့် ခေါင်း၏ မျက်နှာပေါ်တွင် ခန့်ညားထည်ဝါသော အရှိန်အဝါများ ထင်ကျန် ရှိနေဆဲ ဖြစ်သည်။

နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့သော်လည်း အနှီ မိစ္ဆာအရှင်သခင်ထံမှပြင်းထန်သော မိစ္ဆာဖိအားများသည် လှိုင်းလုံးကြီးများကဲ့သို့ အဆက်မပြတ် ထွက်ပေါ်နေဆဲ ဖြစ်သည်။ သို့သော် ထိုမိစ္ဆာဖိအားများသည် ကျုံးရှန်၏ ရှေ့မှောက်သို့ ရိုက်ခတ်လာလျှင် အတားအဆီးတစ်ခုနှင့် တွေ့ဆုံသကဲ့သို့ ဘေးဘက်သို့ လွင့်ပါးသွားသည်။ ကျုံးရှန်သည် ဝတ်ရုံစကို အသာအယာ ဝှေ့ယမ်းလိုက်ကာ မိစ္ဆာဖိအားအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

သူ၏ ရှေ့မှပုဂ္ဂိုလ်သည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် သေဆုံးသွားခဲ့သည့် နတ်ဘုရား အဆင့် ၃ အထွတ်အထိပ် မိစ္ဆာအရှင်သခင် ဖြစ်သည်။ သို့သော်လည်း မည်သည့်အကြောင်းကြောင့် ကောင်းကင်နန်းတော်သို့ ရောက်ရှိနေသည်ကိုမူ မည်သူမျှမသိနိုင်ပါချေ။ မိစ္ဆာအရှင်သခင်သည် ငရဲမဟာကမ္ဘာ၏ ကြီးကျယ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သင့်သော်လည်း ထိုခေတ်က ဖြစ်ပွားခဲ့သော ကမ္ဘာပျက်ကပ် တိုက်ပွဲကြီးအတွင်း သေဆုံးခဲ့ရသည်။

ထိုတိုက်ပွဲကြီးပြီးဆုံးပြီးနောက်တွင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ နောက်ဆုံး ဧကရာဇ်ဖြစ်သည့် ဧကရာဇ် ချင် သည်လည်း ကွယ်လွန်ခဲ့ရလေသည်။ ထိုသို့ဖြင့် ရှေးဟောင်း ဧကရာဇ်ခေတ် ကုန်ဆုံးခဲ့ကာ မျက်မှောက်ခေတ် ကာလသစ်တစ်ခု စတင်ခဲ့ခြင်းဖြစ်သည်။ ကောင်းကင်နန်းတော်၏ ပျက်စီးခြင်းသည် ခေတ်ဟောင်းတစ်ခု၏ ကုန်ဆုံးခြင်းကို ကိုယ်စားပြုနေသည်ဟု ဆိုနိုင်သည်။

ကောင်းကင်နန်းတော်သည် ကာလသစ်တစ်ခု၏ မွေးဖွားခြင်းကို သက်သေပြနေသည့် အမွေအနှစ်အကြွင်းအကျန်တစ်ခုသာ ဖြစ်‌လေတော့သည်။

Book 38 end.

All Chapters