← Chapters

အခန်း (၃၇၃-၃၇၄)

Vol. 38 Ch. 373-374

အခန်း (၃၇၃-၃၇၄)

Vol. 38 Ch. 373-374

အပိုင်း (၃၇၃)

အလုပ်သမားများသည် နေ့လယ်စာ စားရန်နှင့် အနားယူရန်အတွက် နာရီဝက်ခန့်သာ အချိန်ရရှိကြခြင်းဖြစ်သည်။ ထိုအချိန်သည် တစ်နေ့တာလုံးတွင် သူတို့ တစ်ခုတည်းသော အနားယူနိုင်သည့်အချိန် လူစုလူဝေး ပြုလုပ်နိုင်သည့် အချိန် ဖြစ်သည်။ နှိပ်စက်ကြီးကြပ်သူများသည် ကျောက်ကွင်း၏ အဝေး အဓိကလမ်းမကြီးပေါ်သို့ ရောက်ရှိသွားကြပြီဖြစ်သည်။

ကျောက်ကွင်းမှ ထွက်ခွာရန် ထိုလမ်းတစ်လမ်းသာ ရှိသဖြင့် သူတို့သည် အလုပ်သမားများ ထွက်ပြေးမည်ကို စိုးရိမ်ခြင်း မရှိကြချေ။ ထို့အပြင် အလုပ်သမားများသည် တစ်နေ့တာလုံး ပြင်းထန်သော အလုပ်များကို လုပ်ကိုင်နေရကာ လူမဆန်သော နှိပ်စက်မှုများကိုလည်း ခံနေရသဖြင့် သူတို့၏ ခုခံလိုစိတ်များ ပျောက်ကွယ်သွားသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ ထုံထိုင်းခြင်းနှင့် သူရဲဘောကြောင်ခြင်းတို့သည် သူတို့၏ စိတ်အတွင်း၌ အမြစ်တွယ်နေသဖြင့် အလုပ်ကြမ်းသမားများသည် မည်သည့်အခါမျှ ထွက်ပြေးရန် ကြိုးပမ်းခြင်းမရှိကြတော့ပေ။

ထို့ကြောင့်ပင် နှိပ်စက်ကြီးကြပ်သူများသည် ကျောက်ကွင်း အဓိကလမ်းမကြီး၏ဘေးတစ်ဖက်ရှိ သူတို့အတွက် နေ့လည်စာပြင်ပေးထားသော စားပွဲအသီးသီး၌ဝင်ရောက်နေရာယူကာ အေးအေးလူလူစားသောက်နေကြသည်။

....

တစ်ဖက်ရှိပုန်ကန်လိုသောလူငယ်အနည်းငယ်သည် အလုပ်သမားများအတွက် အစားအစာခွဲတမ်းရရှိပြီး နောက်တွင်ထောင့်တစ်နေရာ၌အတူတကွ စုဝေးစားသောက်နေကြသည်။ သူတို့သည် စက်ဆုပ်ဖွယ်ကောင်းသော ဝက်စာရည်များကို သောက်နေကြကာ အစားအစာအတွင်းမှ စားကြွင်းစားကျန်များကို အံကြိတ် ဝါးနေကြခြင်းဖြစ်သည်။ ထို့နောက်တွင် တိုးညှင်းသော အသံဖြင့် သူတို့၏ အစီအစဉ်ကိုစတင် ဆွေးနွေးလိုက်ကြသည်။

"ဒါက အခွင့်အရေးပဲ... ငါတို့ ဒီနေရာကနေ ထွက်ပြေးပြီး ရွာကို ပြန်ဖို့ နည်းလမ်းရှာရမယ်"

"မဟုတ်ရင် ငါတို့အားလုံး ဒီနေရာမှာပဲ သေရလိမ့်မယ်"

"အာ့ဆို..ငါတို့ ဘယ်လိုလုပ်ကြမလဲ..."

"အကယ်၍ ငါတို့ အလုပ်သမားတွေအားလုံးသာ စည်းစည်းလုံးလုံးနဲ့ တစ်ခါလောက် ပြန်ပြီး ခုခံကြမယ်ဆိုရင် အခွင့်အရေး ရှိလာနိုင်တယ်"

"ငါတို့ အခုရှိနေတဲ့လူအနည်းငယ်နဲ့ဆိုရင်တော့... သေမှာပဲ"

"ဒီမှာ အလုပ်သမား စုစုပေါင်း ၈၇၃ ယောက် ရှိတယ်"

"နှိပ်စက်ကြီးကြပ်သူတွေရဲ့ အရေအတွက်က နည်းပေမဲ့လည်း တစ်ရာကျော်လောက်တော့ ရှိနေတုန်းပဲလေ"

အခြားသော အမျိုးသားတစ်ဦးသည် စိုးရိမ်စိတ်အပြည့်ဖြင့် ဝင်ရောက်ပြောဆိုလိုက်သည်။

ထိုအချိန်တွင် ပုန်ကန်လိုသူများထဲမှ အသက်အကြီးဆုံး ဖြစ်သည့် သက်လတ်ပိုင်းအရွယ် အလုပ်သမားသည် စတင် စကားပြောလိုက်သည်။

"ငါတော့ ဆက်ပြီး သည်းမခံနိုင်တော့ဘူး"

"ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် ရူးသွားမှာသေချာတယ်... အခုလည်းငါ့ရဲ့ စိတ်ထဲမှာ မီးတောက်တစ်ခု တောက်လောင်နေပြီ"

သူ၏ ဘေးရှိ သန်မာထွားကြိုင်းသောခန္ဓာကိုယ်ရှိသည့် အလုပ်သမားသည်လည်း ထိုစကားကို ခေါင်းညိတ်ထောက်ခံလေသည်။

"ငါလည်း အတူတူပဲ... ဆက်ပြီး သည်းမခံနိုင်တော့ဘူး..."

"ပြန်ပြီး ခုခံတာကမှ ငါတို့အတွက် တစ်ခုတည်းသော ရှင်သန်ခွင့်လို့ထင်တာပဲ"

"ကျောက်တူးတဲ့ တူကြီးတွေက ငါတို့အတွက် အကောင်းဆုံး လက်နက်တွေ ဆိုတော့...အဲဒီ ခွေးကောင်တွေရဲ့ ခေါင်းကို ရိုက်ခွဲပစ်ကြတာပေါ့"

သန်မာထွားကြိုင်း သောခန္ဓာကိုယ်ရှိသည့် အလုပ်သမားသည် တည်ကြည်လေးနက်သော မျက်နှာဖြင့် ပြောဆိုလိုက်သည်။

သူ၏ နဖူးပေါ်တွင် အကြောများ ထောင်ထနေကာ ဆက်လက် သည်းခံနိုင်စွမ်း မရှိတော့သည်မှာ သိသာလှပေသည်။ ထိုလူအနည်းငယ်သည် အချင်းချင်းသဘောတူညီမှု ရရှိသွားပြီးနောက်တွင် သူတို့၏ စိတ်အတွင်းရှိ နောက်ဆုံးသော တွန့်ဆုတ်မှုများ ပျောက်ကွယ်သွားကာ လူတိုင်း၏ ရင်ဘတ်အတွင်း၌ ပြင်းထန်လှသော ခုခံလိုစိတ် မီးတောက်များ ပိုမိုတောက်လောင်လာကြ သည်။

"ကောင်းပြီလေ...မင်းပြောတဲ့အတိုင်းလုပ်ကြတာပေါ့"

"ဒါနဲ့... ငါတို့ တခြားလူတွေကိုပါ ခေါ်ကြမလား"

လူပိုပြီးများလာပါက အင်အားပိုပြီးတောင့်လာမည် ဖြစ်သဖြင့် သူတို့သည် အခြားလူများထံမှ အကူအညီများကို လိုချင်နေကြခြင်းဖြစ်သည်။

ထိုအခါမှသာ သူတို့၏ လွတ်မြောက်မှုအတွက် ပိုမို သေချာမှု ရှိစေမည် မဟုတ်ပါလော။

ခုခံပုန်ကန်မှုဟူသည် သေကြောင်းကြံစည်ခြင်း မဟုတ်ဘဲ အားနည်းချက်ကို အားသာချက်အဖြစ် ပြောင်းလဲပစ်ခြင်း ဖြစ်သည်။ အနှီလူငယ်တို့အဖွဲ့သည် သဘောတူညီမှုရရှိပြီးနောက်တွင် သူတို့၏ ဦးနှောက်အတွင်းသို့ သွေးများ စောင့်တိုးဝင်လာသကဲ့သို့ခံစားလိုက်ရကာ မျက်နှာများ နီရဲလာကြသည်။

"သတ်ကြ"

သူတို့သည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကာ ကျောက်တုံးများကြားတွင်ချထားသည် ကျောက်တူးတူများကို ကောက်ကိုင်လိုက်ကြသည်။

"ငါတို့အားလုံး သူတို့ကို ပြန်ပြီး ခုခံကြမယ်"

ထို့နောက် ပိုမိုကျယ်လောင်သော အော်ဟစ်သံတစ်ခု ထပ်မံ ထွက်ပေါ်လာကာ အခြားသော အလုပ်သမားများကို နိုးကြားလာစေရန် ကြိုးစားလိုက်သည်။ သို့သော်လည်း စိတ်မကောင်းစရာ ကောင်းသည်မှာ လူအများစုသည် ထိုအသံကိုကြားသော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရှိဘဲ ငြိမ်သက်နေကြဆဲ ဖြစ်သည်။ လူအနည်းငယ်မျှသာ မျက်လုံးများ လင်းလက်သွားကာ ကျောက်တူးတူများကို တိတ်ဆိတ်စွာ ကိုင်ဆောင်လိုက်ကြသော်လည်း မတ်တပ်ရပ်လာကြသည်။

ထိုသို့ တုံ့ပြန်လာ သူများ၏ အရေအတွက်သည် အလုပ်သမား အားလုံး၏ ဆယ်ပုံတစ်ပုံပင် မပြည့်ဘဲ လူအနည်းငယ်မျှသာ ရှိနေသည်။ သူတို့သည် မိမိတို့၏အခြေအနေကိုကြည့်ကာ သက်ပြင်းတစ်ချက်ကို တိတ်ဆိတ်စွာ ချလိုက်မိကြသည်။ ယနေ့တွင် သူတို့အားလုံး ဤနေရာ၌ သေဆုံးကြရပေတော့မည်။

ထိုသို့တွေးမိလိုက်သောအခါ သူတို့၏တက်ကြွသောပုန်ကန်လိုစိတ်သည် အနည်းငယ် ကျဆင်းသွား၏။ ထိုအချိန်တွင် ရုတ်ရုတ်သဲသဲလှုပ်ရှားမှုများသည် မနီးမဝေးရှိ ကျောက်ကွင်း၏အဓိကလမ်းမကြီးဘေး၌ နေ့လည်စာစားနေကြသော နှိပ်စက်ကြီးကြပ်သူများ၏ အာရုံကို ဆွဲဆောင်နိုင်လိုက်ပြီဖြစ်သည်။ နှိပ်စက်ကြီးကြပ်သူများသည် သူတို့၏ တူများကို ချလိုက်ကာ ကြိမ်လုံးများကို ခါးပတ်တွင် ချိတ်လိုက်ကြပြီး ရက်စက်သော အကြည့်များဖြင့် ပုန်ကန်ရန်ကြိုးစားနေသည့် အလုပ်သမားများဆီသို့ အပြေးအလွှား ရောက်လာကြသည်။

အနှီယုတ်မာလှသော လူအဆင့်အတန်းပင်မမှီသည့် အလုပ်သမားများသည် ဆူပူသောင်းကျန်းရန်အတွက် အမှန်တကယ် ကြိုးစားလာကြခြင်းဖြစ်သည်။

ထိုသူများသည် မည်သည့်နေရာမှထိုကဲ့သို့သတ္တိမျိုးရရှိလာကြပါသနည်း။

"ညီအစ်ကိုတို့... ဒီရက်စက်မိုက်ရိုင်းတဲ့ လူယုတ်မာတွေကို..တိုက်ခိုက်ကြစမ်း"

"ငါတို့ဒီနေရာမှာ နေ့ရောညပါ အလုပ်လုပ်နေရတယ်..."

"ဒါပေမဲ့..ထမင်းလည်း ဝအောင်မစားရသလို... မသေရုံတမယ်နှိပ်စက်ခံနေရတယ်"

"ဒီလို ဘဝမျိုးက အဓိပ္ပာယ်မရှိတဲ့ရှင်သန်ခြင်းမျိုးပဲ.."

"မင်းတို့ဒီဘဝနဲ့တစ်သက်လုံးနေသွားချင်ကြတာလား"

"မျှော်လင့်ချက်မရှိတဲ့ ပင်ပင်ပန်းပန်းအလုပ်ကိုတစ်သက်လုံးလုပ်ချင်ကြတာလား"

"အေး...ငါတို့ကတော့မသေချင်ဘူး...အဲ့အတွက်မသေခင်မှာ.. တစ်ခါလောက်တော့ ပြန်ပြီး တိုက်ခိုက်မယ်"

"ညီအစ်ကိုတို့ ပြန်ပြီး ခုခံကြစမ်းပါ...ငါတို့နဲ့အတူတိုက်ခိုက်ကြစမ်းပါ"

"ရှင်သန်မှု လမ်းစ ရဖို့အတွက် ငါတို့အားလုံးတိုက်ခိုက်ကြဖို့လိုတယ်"

"သူတို့ဘက်မှာ လူတစ်ရာကျော်ပဲ ရှိတာ... သူတို့ကို သတ်ပစ်နိုင်ရင် ငါတို့ ထွက်ပြေးလို့ ရပြီ"

ပုန်ကန်ရန်စတင်ခဲ့သည့်လူငယ်များသည် ပြင်းပြင်းထန်ထန် သွေးတိုးလှုံ့ဆော်နေကြကာ စိတ်ဓာတ်ပျက်ပြားနေကြသည့်ဝါရင့်အလုပ်ကြမ်းသမားကို ပုန်ကန်မှုအတွင်းပါဝင်လာစေရန် ကြိုးစားနေကြသည်။ ထိုအခါ မကြာမီတွင် ပိုမိုများပြားလှသောအလုပ်ကြမ်းသမားများသည် ပုန်ကန်လှုပ်ရှားမှုအတွင်းသို့ဝင်ရောက်လာကြသည်။ အလုပ်သမား သုံးပုံတစ်ပုံခန့်သည် ပြင်းထန်လှသော လှုံ့ ဆော်မှုစကားများကြောင့် စိတ်ဓာတ်များ တက်ကြွလာကြကာ ကျောက်တူးတူများနှင့် သံရွှေများကို ကိုင်ဆောင်ပြီး ခုခံရန်အတွက် ပြင်ဆင်လိုက်ကြသည်။

ကျန်ရှိနေသော သုံးပုံနှစ်ပုံသည်မူ တစ်ဦးနှင့်တစ်ဦး ဖက်တွဲကာ တွန့်ဆုတ်နေကြဆဲဖြစ်သည်။ ထို တွန့်ဆုတ်နေကြသူများ၏အမူအရာကိုမြင်လျှင် ဦးဆောင်သူ အနည်းငယ်သည် ခေါင်းကို ခါယမ်းလိုက်ကြ၏။ သို့သော်လည်း ယခုအခါတွင် အလုပ်သမား သုံးရာကျော်ခန့်သည် တော်လှန်ခုခံရန်အတွက် ပါဝင်လာပြီဖြစ်သည်။

ထိုပမာဏသည် နှိပ်စက်ကြီးကြပ်သူများကို ပြန်လည် တိုက်ခိုက်ရန်အတွက် လုံလောက်သော အင်အား ဖြစ်လေသည်။ သို့သော်လည်းသူတို့သည် အချိန်တိုအတွင်း အနိုင်တိုက်နိုင်ရန် လိုအပ်နေသေးသည်။ အဘယ်ကြောင့်ဆိုသော် မကြာမီ အချိန်အတွင်း ခရိုင်မြို့အတွင်းမှ စစ်ကူများ ရောက်ရှိလာကာ သူတို့အားလုံးအသတ်ခံရနိုင်ဖွယ်ရှိသောကြောင့်ဖြစ်သည်။

ကျုံးရှန်သည် သူ၏မျက်စိရှေ့မှမြင်ကွင်းကို မြင်သောအခါ ခေါင်းညိတ်လိုက်သည်။

တော်လှန်ပုန်ကန်လိုသော စိတ်နှလုံး၏ စွမ်းအား။

ထိုစွမ်းအားသည် တစ်စုံတစ်ယောက်၏တုန့်ပြန်မှုမှ ပိုမိုများပြားသောတုံ့ပြန်မှုဆပွားများကို ဖန်တီးနိုင်စွမ်း ရှိနေသည်။ သို့သော်လည်း စိတ်မကောင်းစရာ ကောင်းသည်မှာ အလုပ်သမားများ၏ကျန်ရှိနေသော သုံးပုံနှစ်ပုံ၏ စိတ်နှလုံးသည် မူလကပင်တိုက်ခိုက်လိုစိတ်များအားလုံး ဆုံးရှုံးနေခဲ့ပြီ ဖြစ်သည်။ ထိုသို့တိုက်ခိုက်လိုစိတ် မရှိ သူများ၏ စိတ်နှလုံးကို နိုးကြားလာအောင် ပြုလုပ်ရန်သည် မည်သို့မျှ မဖြစ်နိုင်ချေ။

ကျုံးရှန်သည် သူ၏ မေးစေ့ကို လက်ဖြင့် ပွတ်သပ်ကာ မျက်စိရှေ့မှ ဖြစ်ရပ်များကို သုံးသပ်နေမိသည်။ နှိပ်စက်ကြီးကြပ်သူများသည် ကျားနှင့် ဝံပုလွေများကဲ့သို့ ကြမ်းတမ်းလှကာ ပုံမှန်အားဖြင့် အလုပ်ကြမ်းသမားများကို အလွန်အထင်သေးကြသည်။ ထို့ကြောင့် အလုပ်သမား သုံးပုံတစ်ပုံခန့် ပြန်လည် ခုခံရန် ကြိုးစားလာသည်ကို မြင်သောအခါတွင် သူတို့သည် ကြောက်ရွံ့ရမည့်အစား ပိုမို၍ပင် ဒေါသထွက်လာကြသည်။

အတိတ်တွင်လည်း ယခုကဲ့သို့အလုပ်သမားများ၏ တော်လှန်ခုခံမှုများ ရှိခဲ့ဖူးသည်။ သို့သော်လည်း ထိုအချိန်ကအလုပ်သမားများသည် အစားအစာ ငတ်မွတ်နေကာ အချိန်ကြာမြင့်စွာ အလုပ်လုပ်ထားရသဖြင့် သူတို့၏ ကိုယ်ခန္ဓာ အခြေအနေသည် အလွန်ပင် ဆိုးရွားနေခဲ့ကာ သန်မာထွားကြိုင်းလှသော နှိပ်စက်ကြီးကြပ်သူများကို မည်သို့မျှ ယှဉ်ပြိုင်နိုင်စွမ်းမရှိခဲ့ကြချေ။ သို့ဖြင့် နှိပ်စက်ကြီးကြပ်သူများသည် ထိုပုန်ကန်သူအလုပ်သမားများကို အလွယ်တကူပင် သတ်ဖြတ်နိုင်ခဲ့ကြလေသည်။

ထိုအချိန်က ပုန်ကန်ခုခံမှုတွင် ပါဝင်ခဲ့သော သူများသည် အသတ်မခံရလျှင်ပင် သူတို့၏ ခြေလက်များအချိုးခံရကာ ခွေးစာကျွေးခြင်းကို ခံကြရသည်။ ယင်းသည် အလွန်ပင် ဝမ်းနည်းဖွယ်ကောင်းသော အဆုံးသတ်တစ်ခု ဖြစ်ခဲ့၏။

....

ယခုအချိန်တွင် သုံးရာကျော်သောပုန်ကန် တော်လှန်ရန်တက်ကြွလာကြသည့် အလုပ်သမားများထံသို့ နှိပ်စက်ကြီးကြပ်သူ အယောက်တစ်ရာကျော်သည် ဆာလောင်မွတ်သိပ်နေသော တောဝံပုလွေများအလား ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများဖြင့် အပြင်းအထန် ပြေးဝင်လာကြပြီဖြစ်သည်။ နှိပ်စက်ကြီးကြပ်သူတို့၏ မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေကာ လက်ထဲရှိ ရှည်လျားလှသော ကြိမ်လုံးများနှင့် ဓားမြှောင်များကို လေထဲတွင် အဆက်မပြတ်ဝှေ့ယမ်းနေသည်။ တစ်ဖက်ရှိ တော်လှန်ပုန်ကန်ရန်ဆုံးဖြတ်ထားကြသော အလုပ်သမားသုံးရာကျော်သည် ရှေ့တန်းမှ ဦးဆောင်နေသည့် လူငယ်ငါးဦး၏ နောက်ကွယ်တွင် နေရာယူထားကြသည်။

ထိုအလုပ်သမားတိုင်း၏ စိတ်နှလုံးအတွင်း၌ မတရားခံရမှုကို တော်လှန်ခုခံလိုသော ဆန္ဒများ အထွတ်အထိပ်သို့ ရောက်ရှိနေကာ သေလူများကဲ့သို့ စိတ်ပိုင်းဖြတ်ပြီး တိုက်ခိုက်ရန်အသင့်ပြင့်ထားကြခြင်း ဖြစ်သည်။ အမှန်စင်စစ်အားဖြင့် ထိုအလုပ်သမားများသည် ကာလရှည်ကြာစွာ နှိပ်စက်ညှင်းပန်းမှုများကို ခံစားခဲ့ကြရသူများ ဖြစ်သည်။ သို့သော်လည်း အခြားသော အလုပ်သမားများနှင့် မတူညီသည်မှာ သူတို့သည် မိမိတို့၏ တိုက်ခိုက်လိုစိတ်ကို လုံးဝဥဿုံ ဆုံးရှုံးသွားခြင်း မရှိသေးခြင်းပင် ဖြစ်သည်။

အနှီအလုပ်သမားများသည် နှိပ်စက်ခံရပြီး သေဆုံးမည့်အစား တိုက်ပွဲဝင်ရင်း သေဆုံးခြင်းကမှ သူတို့အတွက် ရှင်သန်ခွင့် တစ်စုံတစ်ရာ ရရှိနိုင်မည်ဟု ယုံကြည်နေကြသူများဖြစ်သည်။ ထို့ကြောင့်သူတို့သည် ပုန်ကန်မှုစတင်ရန်သွေးထိုးလှုံ့ဆော်ပေးသည့်အချိန်တွင် မိမိတို့၏ကျောက်တူးတူကြီးများကိုကောက်ကိုင်ကာ တိုက်ပွဲဝင်ရန်ပါဝင်လာကြခြင်းဖြစ်သည်။ သူတို့ဆီသို့ လက်နက်များဖြင့် ပြေးဝင်လာနေသည့် နှိပ်စက်ကြီးကြပ်သူများကို ကြည့်ကာတိုက်ခိုက်ကြရန် အသင့်ပြင်လိုက်သည်။

မကြာမီတွင် နှိပ်စက်ကြီးကြပ်သူ အယောက်တစ်ရာကျော်သည် ခုခံတိုက်ခိုက်ရန်အသင့်စောင့်ကြိုနေသော အလုပ်သမားများ၏ ရှေ့သို့ ရောက်ရှိလာသည်။ နှိပ်စက်ကြီးကြပ်သူများ၏ အရေအတွက်သည် အလုပ်သမားများထက် နည်းပါးသော်လည်း သူတို့၏ မျက်နှာပေါ်တွင် မည်သည့် ကြောက်ရွံ့မှု အရိပ်အယောင်မျှ ရှိမနေဘဲ ရက်စက်လှသော အပြုံးများသာ ရှိနေကြသည်။ သူတို့အတွက်မူ အနှီအလုပ်သမားများ၏ ပုန်ကန်မှုသည် တိုက်ပွဲတစ်ခု မဟုတ်ဘဲ သာမန်တိရစ္ဆာန်များကို သတ်ဖြတ်ရသည့် သတ်ဖြတ်ပွဲတစ်ခုသာ ဖြစ်သည်။

နှိပ်စက်ကြီးကြပ်သူများသည် သူပုန်ထသူများကိုပြန်လည်ထိန်းချုပ်မည်မဟုတ်ဘဲ သွေးချောင်းစီးသတ်ဖြတ်မည်ဖြစ်သည်။

အပိုင်း (၃၇၄)

"တိုက်ကြ..."

"သတ်ကြစမ်း..."

သို့နှင့် ခဏချင်းအတွင်း၌ နှစ်ဖက် အင်အားစုများ ထိပ်တိုက်တွေ့ဆုံသွားကြသည်။ အလုပ်သမားများသည် ကာလရှည်ကြာစွာ ငတ်မွတ်နေခဲ့ကြသူများ ဖြစ်သဖြင့် သူတို့၏ ကိုယ်ခန္ဓာသည် အလွန်ပင် အားနည်းလှ၏။ ထို့ကြောင့် နှစ်ဖက်အင်အားစုနှစ်ခု ထိတွေ့မှု စတင်သည်နှင့် တစ်ပြိုင်နက် ရှုံးနိမ့်မှု ရလဒ်မှာ သိသာထင်ရှားလာတော့သည်။

အလုပ်သမားများဘက်မှ လူများသည် စပါးပင်များရိတ်သိမ်းခံရသကဲ့သို့ တစ်ယောက်ပြီး တစ်ယောက် လဲကျနေသည်။ သူတို့ ကိုင်ဆောင်ထားသော ကျောက်တူးတူများသည် အလွန်ပင် လေးလံလှသဖြင့် အားနည်းနေသော ကိုယ်ခန္ဓာဖြင့် ထိုလက်နက်များကို လျင်မြန်စွာ အသုံးမပြုနိုင်ကြချေ။ ထို့ကြောင့် ယင်းတို့၏ လှုပ်ရှားမှုများသည် အလွန် တုံ့နှေးနေကာ နှိပ်စက်ကြီးကြပ်သူများ၏ လျင်မြန်လှသော ဓားချက်များကိုရှောင်တိမ်းရန်အခွင့်အရေးမရခင်တွင်ပင် အသတ်ခံလိုက်ကြရသည်။

သို့သော်လည်း ဦးဆောင်နေသူ အလုပ်သမားလူငယ်ငါးဦးသည် အနည်းငယ် ခုခံနိုင်စွမ်း ရှိနေကြသေး၏။ သူတို့သည် အလုပ်ကြမ်းစခန်းသို့ ရောက်ရှိလာသည်မှာ အခြားအလုပ်သမားများလောက်မကြာသေးသဖြင့် အခြားသူများထက် ကိုယ်ခန္ဓာ ကျန်းမာရေး ပိုမို ကောင်းမွန်နေကြခြင်း ဖြစ်သည်။ သူတို့ ကိုင်ဆောင်ထားသော ကျောက်တူးတူများသည် လေထဲတွင် ပေါက်ကွဲသံများမြည်ဟည်းလျက် နှိပ်စက်ကြီးကြပ်သူ အနည်းငယ်ကို တိုက်ရိုက်ရိုက်သတ်ပစ်လိုက်သည်။

ခဏချင်းအတွင်းပင် နှိပ်စက်ကြီးကြပ်သူ အနည်းငယ် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ သို့သော်လည်း လူငါးယောက်၏တိုက်ခိုက်မှုအရှိန်အဟုန်သည် အလုံးစုံသော တိုက်ပွဲအခြေအနေကို များစွာပြောင်းလဲနိုင်စွမ်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် နှိပ်စက်ကြီးကြပ်သူများနှင့် အလုပ်သမားများအကြားရှိ ကိုယ်ကာယအင်အားကွာခြားချက်သည် အလွန် ကြီးမားလှသောကြောင့်ဖြစ်သည်။

မိနစ်အနည်းငယ်အတွင်း ပုန်ကန်ခုခံသူအလုပ်သမား သုံးပုံတစ်ပုံခန့် အသတ်ခံလိုက်ရသည်။ နှိပ်စက်ကြီးကြပ်သူများသည် ရှည်လျားလှသော ဓားများကို အသုံးပြုကာ လက်တစ်ချက် ဝှေ့ယမ်းလိုက်တိုင်းတွင် သွေးစက်များ လေထဲ လွင့်စင်သွားပြီး အလုပ်သမားများ၏ နာကျင်စွာ အော်ဟစ်ညည်းတွားသံများထွက်ပေါ်လာစေသည်။ ထိုအလုပ်သမားများ၏နာကျင်စွာအော်ဟစ်သံများသည် ကျောက်ကွင်းတစ်ခုလုံး၌ ဟိန်းထွက်နေ၏။

"ဒီယုတ်မာတဲ့ အောက်တန်းစားတွေကို... အကုန် သတ်ပစ်ကြစမ်း"

နှိပ်စက်ကြီးကြပ်သူ တစ်ဦးသည် ကျောက်တူးတူဖြင့် မျက်နှာကို အရိုက်ခံလိုက်ရသဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။

အလုပ်သမားများဘက်မှ အခြေအနေသည် အချိန်ကြာမြင့်လာသည်နှင့်အမျှ ပိုမို၍ ဆိုးရွားလာကာ ရှုံးနိမ့်တော့မည့် အခြေအနေသို့ ရောက်ရှိလာသည်။ သို့သော်နှိပ်စက်ကြီးကြပ်သူများဘက်တွင်မူ လဲကျသွားသူသည် အယောက်နှစ်ဆယ်ပင် မပြည့်သေးပေ။ ယင်းသည် လုံးဝကို တစ်ဖက်သတ် ဆန်လှသော သတ်ပွဲတစ်ခုသာ ဖြစ်ချေသည်။

ကျုံးရှန်သည် ထိုမြင်ကွင်းကို မြင်သောအခါ ခေါင်းကို ခါယမ်းလိုက်မိသည်။

မကြာမီတွင် ဦးဆောင်သူ ငါးဦးသည်လည်း မြေပြင်ပေါ်သို့ လဲကျသွားကြကာ နှိပ်စက်ကြီးကြပ်သူများ၏ ဓားချက်များအောက်တွင် အသားစိုင်များအဖြစ် ပြောင်းလဲတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်လိုက်ရလေသည်။ ထိုအချိန်တွင် အခြေအနေကို စောင့်ကြည့်နေသော ကျုံးရှန်သည် နောက်ဆုံး၌ ထပ်မံဝင်ပါရန် ဆုံးဖြတ်ချက်ချလိုက်သည်။သို့နှင့် သူသည် လက်ကို အသာအယာ ဝှေ့ယမ်းလိုက်၏။

ထိုအခါ ပြန်လည်တိုက်ခိုက်နေကြသော အလုပ်သမားများအတွင်း ဦးဆောင်သူငါးဦးမှအပ နှိပ်စက်ကြီးကြပ်သူများအပါအဝင် ကျန်ရှိနေသောလူများအားလုံး ရပ်တန့်သွားလေသည်။

အချိန်နှင့် ဟင်းလင်းပြင် ရပ်တန့်အေးခဲသွားခြင်း။

ကျုံးရှန်သည် သူ၏ ကြီးမားလှသော စွမ်းအားဖြင့် ဝမ်ရှန့်နတ်ဘုရားကောင်းကင်ဘုံ၏ အချိန်စက်ဝန်းကို အတင်းအဓမ္မ နှောင့်ယှက်လိုက်ခြင်းဖြစ်သည်။ အရာအားလုံး ရပ်တန့်သွားချိန်တွင် ကျုံးရှန်၏ ပုံရိပ်သည် ပုန်ကန်နေကြသည့်အလုပ်သမားများအရှေ့၌ ဖြည်းညှင်းစွာ ပေါ်လာသည်။ လက်ရှိတွင် အသက်ရှင်ကျန်ရစ်သော အလုပ်သမား အရေအတွက်မှာ အယောက်တစ်ရာပင် မပြည့်တော့ချေ။

ဦးဆောင်သူ ငါးဦးသည် သေဆုံးခြင်း မရှိသေးသော်လည်း တစ်ကိုယ်လုံး သွေးများဖြင့် စိုရွှဲနေကာ အသက်ရှူရန်ပင် ခဲယဉ်းနေကြပြီ ဖြစ်သည်။ ကျုံးရှန်သည် ပန်းခြံအတွင်း၌ လမ်းလျှောက်နေသကဲ့သို့ အေးဆေးတည်ငြိမ်စွာဖြင့် လမ်းလျှောက်လာကာ ထိုလူငယ်ငါးဦး၏ ရှေ့တွင်ရပ်လိုက်သည်။ အနှီလူငါးဦး၏ ပါရမီသည် မွေးရာပါ သူတော်စင်အဆင့်တွင် ရှိနေ၏။

အကယ်၍ သူတို့သာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်တွင် ရှိနေခဲ့ပါက ကျင့်ကြံခြင်း အထွတ်အထိပ်သို့ ရောက်ရှိကာ ဂိုဏ်းကြီးများကို တည်ထောင်နိုင်သူများ ဖြစ်ကြပေလိမ့်မည်။ သို့သော် ဝမ်ရှန့်နတ်ဘုရား ကောင်းကင်ဘုံကမ္ဘာတွင်မူ သူတို့သည် အဖိုးတန် ကျောက်မျက်ရတနာများ ဖြစ်ပါသော်လည်း ရွှံ့နွံအတွင်း၌ နစ်မြုပ်နေသောပတ္တမြားကဲ့သို့ သနားစဖွယ် အလုပ်သမားများအဖြစ် ဘဝကို ကုန်ဆုံးနေကြရသည်။

"မင်းတို့အားလုံးတော်ကြပါပေတယ်..."

"တော်လှန်ပုန်ကန်မှုက မအောင်မြင်ခဲ့ဘူးဆိုပေမဲ့ မင်းတို့ရဲ့ စိတ်နှလုံးထဲက သတ္တိနဲ့ အရှုံးမ ပေး ခုခံလိုတဲ့ စိတ်ဓာတ်ကိုတော့ ငါ မြင်လိုက်ရတယ်..."

"အဲဒီတော့... "

"ငါ့ထံမှာ အညံ့ခံကြလော့... ငါက မင်းတို့ကို စိတ်နှလုံးကွန်ရက်ရဲ့ စွမ်းအားတွေကို ပေးသနားမယ်"

ကျုံးရှန်သည် နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါစွာ ရပ်နေခဲ့ကာ သူ၏ လက်ကို ဝှေ့ယမ်းလိုက်လျှင် ကြယ်ရောင်ကဲ့သို့ လင်းလက်နေသော အလင်းတန်းများထွက်ပေါ်လာသည်။

ထိုအလင်းတန်းများသည် အလုပ်သမားများ၏ ကိုယ်ပေါ်သို့ ကျရောက်သွားချိန်တွင် သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ကြောက်မက်ဖွယ်ရာ ဒဏ်ရာများအားလုံး တစ်ခဏချင်းအတွင်း ပြန်လည် ပျောက်ကွယ်သွားလေသည်။ ဦးဆောင်သူ ငါးဦးသည် မြေပြင်ပေါ်လဲကျနေရာမှ အံ့အားသင့်စွာဖြင့် မတ်တပ်ထရပ်လိုက်ကြကာ မိမိတို့၏ ကိုယ်ခန္ဓာကို ပြန်လည် စစ်ဆေးလိုက်ကြသည်။

"ဒဏ်ရာတွေ... ငါတို့ရဲ့ ဒဏ်ရာတွေ အကုန် ပျောက်ကုန်ပြီ"

"အဲဒီ ခွေးသူတောင်းစား နှိပ်စက်ကြီးကြပ်သူတွေလည်း မလှုပ်နိုင်ကြတော့ဘူး"

"ခင်ဗျားက ကျုပ်တို့ကို ကယ်လိုက်တာလား"

ထိုလူငယ်ငါးဦးသည် ကျုံးရှန်ကို သံသယဖြစ်သည့်အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

ဖြစ်ပျက်သမျှ အရာအားလုံးသည် သူတို့၏ သိမြင်နားလည်မှုထက် ကျော်လွန်သွားပြီဖြစ်သည်။ သာမန်သေမျိုးများဖြစ်သည့်သူတို့အနေဖြင့် ထိုကဲ့သို့အပြောင်းအလဲမျိုးကိုနားလည်နိုင်စွမ်းမရှိကြတော့ပေ။ ထို့ကြောင့်သူတို့သည်‌ ကြောက်ရွံ့မှုမရှိဘဲ ကျုံးရှန်ကို သံသယဖြင့်မေးမြန်းရဲကြခြင်းဖြစ်သည်။

ကျုံးရှန်သည် သူတို့၏မေးခွန်းကို ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပါချေ။

"ဘာကိုမှ မမှုတဲ့ ခုခံလိုစိတ် ရှိတာက ကောင်းတဲ့အရာပဲ... ဒါပေမဲ့ မင်းတို့အနေနဲ့ ငါ့ကိုတော့ အညံ့ခံရမယ်"

သူ၏ အသံသည် အေးစက်တည်ငြိမ်နေကာ မည်သို့သော စိတ်ခံစားချက်မှ ပါဝင်နေခြင်း မရှိပေ။

လူငယ်ငါးဦးသည် ကျုံးရှန်၏စကားများကိုကြားသောအခါ တစ်ဦးနှင့်တစ်ဦး အကြည့်ခြင်းဖလှယ်လိုက်ကာ မည်သို့ တုံ့ပြန်ရမည်ကို မသိဘဲ ဖြစ်သွားကြသည်။ ကျုံးရှန်သည် သက်ပြင်းတစ်ချက် အသာအယာ ချလိုက်၏။

"ဟူး... မင်းတို့က အညံ့မခံချင်ဘူးနဲ့ တူတယ်... အဲဒီတော့ အရာအားလုံးကို မူလအတိုင်းပဲ ပြန်ထားလိုက်တာပေါ့"

ကျုံးရှန်သည် ရုတ်တရက် ထူးဆန်းစွာ ပြုံးလိုက်ပြီး လက် တစ်ဖက်ကို ထပ်မံ ဝှေ့ယမ်းလိုက်ပြန်သည်။

ထိုအခါ လူငယ်ငါးဦးသည် မြေပြင်ပေါ်သို့ ပြန်လည် လဲကျသွားကြကာ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများလည်း မူလအတိုင်း ပြန်လည် ပေါ်ပေါက်လာသည်။ သူတို့သည် တစ်ခါမျှ ဒဏ်ရာ ပျောက်ကင်းခဲ့ခြင်း မရှိသကဲ့သို့ နာကျင်မှုဝေဒနာများကိုပြန်လည်ခံစားလိုက်ရသည်။ ထို့နောက်တွင် ပတ်ဝန်းကျင်ရှိ အချိန်စက်ဝန်းသည်လည်း ပြန်လည် လည်ပတ်လာကာ နှိပ်စက်ကြီးကြပ်သူများ၏ ရက်စက်သော မျက်နှာများသည် ပြန်၍လှုပ်ရှားလာပြီး သူတို့၏ ဓားများသည် အလုပ်သမားများ၏ ကိုယ်ပေါ်သို့ ကျရောက်လာတော့သည်။

နာကျင်မှုသည် အလွန်ပင် ပြင်းထန်လှ၏။ သူတို့၏ခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာများပျောက်ကွယ်သွားခဲ့ကာ နှိပ်စက်ကြီးကြပ်သူများနှင့် အရာအားလုံးရပ်တန့်သွားခဲ့သည့် ခဏတာအချိန်သည် အိမ်မက်တစ်ခုကဲ့သို့ပင် ထင်မှတ်ရလေသည်။

'အညံ့ခံပါတယ်... ကျုပ်တို့အားလုံး အညံ့ခံပါပြီ'

ထိုလူငယ်ငါးဦးသည် အလောတကြီးအော်ဟစ်လိုက်ကာ ကျုံးရှန်ထံတွင် အညံ့ခံရန် ဆုံးဖြတ်လိုက်ကြသည်။ နောက်တစ်စက္ကန့်တွင် အချိန်များသည် နောက်ပြန် လည်ပတ်သွားကာ ကျုံးရှန်သည် သူတို့၏ ရှေ့တွင် တစ်ဖန် ပြန်လည် ပေါ်ပေါက်လာပြန်သည်။

"အခုမှ သဘောပေါက်သွားတာလား"

"ငါက မင်းတို့ ခုခံရမယ့် ရန်သူမဟုတ်ဘူး... ဆန့်ကျင်ဘက်အနေနဲ့ မင်းတို့ကို ကူညီဖို့နဲ့ ဒီဒုက္ခကုန်းမြေကနေ ကယ်ထုတ်ဖို့ ရောက်လာတဲ့သူ ဖြစ်တယ်"

"မင်းတို့ရဲ့ စိတ်နှလုံးတွေက အရမ်းသန်မာပြီး အလားအလာ အများကြီး ရှိတယ်"

"စိတ်နှလုံးရဲ့ စွမ်းအားကိုသာ ဖော်ထုတ်နိုင်မယ်ဆိုရင် စစ်မှန်တဲ့ လွတ်မြောက်မှုကို ရရှိနိုင်လာလိမ့်မယ်"

ကျုံးရှန်၏ အသံသည် တည်ငြိမ်နေသော်လည်း ထိုစကားလုံးတိုင်းသည် လူငယ်ငါးဦး၏ စိတ်နှလုံးအတွင်းသို့ စွဲမြဲဝင် ရောက်သွားသည်။

ရှင်သန်လိုသော ဆန္ဒကြောင့် သူတို့သည် နှိပ်စက်ကြီးကြပ်သူများ၏ လက်တွင်းမှ လွတ်မြောက်လိုကြသည်။ ထို့ကြောင့်ပင် တော်လှန်ပုန်ကန်ရန်စတင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ ကျုံးရှန်၏စကားများကြောင့် သူတို့၏စိတ်အတွင်း၌ တံခါးတစ်ချက်ပွင့်သွားသကဲ့သို့ခံစားလိုက်ရလေသည်။

"အရှင်... ကျွန်တော်တို့ အားလုံး အရှင့်ထံမှာ အညံ့ခံပါတယ်"

"ကျွန်တော်တို့ရဲ့ စိတ်နှလုံးထဲက စွမ်းအားတွေကို ဖော်ထုတ်ပေးဖို့ တောင်းဆိုပါတယ်"

လူငယ်ငါးဦးသည် မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်ကာ ကျုံးရှန်ကို ဦးညွှတ် ဂါရဝပြုလိုက်ကြသည်။

"ကောင်းပြီ... စိတ်နှလုံးမျိုးစေ့ကို မင်းတို့ရဲ့ ရင်ဘတ်ပေါ်မှာ ထားလိုက်ကြစမ်း"

ကျုံးရှန်သည် လက်ကို ဆုပ်လိုက်ကာ စိတ်နှလုံးမျိုးစေ့ ငါးစေ့ကို ဖန်တီးလိုက်ပြီး သူတို့ဆီသို့ ပစ်လွှတ်လိုက်သည်။

ထို့နောက်တွင် စိတ်နှလုံးကွန်ရက်၏ ဆုံမှတ်များကို စတင် အသက်သွင်းလိုက်၏။ ထိုအခါ လူငယ်ငါးဦးသည် စိတ်နှလုံးကွန်ရက်၏ ဆုံမှတ်များ ဖြစ်လာကာ များပြားလှသော သတင်းအချက်အလက်များသည် သူတို့၏ ဦးနှောက်အတွင်းသို့ စီးဝင်လာလေသည်။

"နျန်းဘီဒင်္ဂါး"

"စွမ်းအား..ငါတို့ရဲ့ ကံကြမ္မာကိုထိန်းချုပ်နိုင်ဖို့...ရန်သူအားလုံးကို နှိမ်နင်းနိုင်တဲ့ စွမ်းအားတွေကို လိုချင်တယ်"

လူငယ်ငါးဦးသည် ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်ကြကာ နျန်းဘီဒင်္ဂါးများကို အသုံးပြုပြီး သူတို့၏ ကိုယ်ခန္ဓာ စွမ်းအားများကို မြှင့်တင်လိုက်ကြသည်။

ထိုအခါ သူတို့၏ အင်အားသည် ဝမ်ရှန့်နတ်ဘုရားကောင်းကင်ဘုံရှိ သာမန်လူသားများကို အလွယ်တကူပင် ကျော်လွန်သွားလေ‌ တော့သည်။ ကျုံးရှန်သည် ခန္ဓာကိုယ်တစ်ချက် လှုပ်ရှားလိုက်ကာ ကောင်းကင်ထက်သို့ ပျံတက်သွားသည်။

"ကဲ...အခုချိန်ကစပြီး မင်းတို့ ငါးယောက်ရဲ့ တာဝန်က စိတ်နှလုံးကွန်ရက်ကို ပိုပြီး ကျယ်ပြန့်လာအောင် လုပ်ဖို့ပဲ"

"မင်းတို့ ငါ့ကို လိုအပ်ရင် စိတ်နှလုံးကွန်ရက်ကနေတစ်ဆင့် ခေါ်လိုက်ပါ... ငါ အရောက်လာခဲ့မယ်"

"မှတ်ထားကြ... မင်းတို့ အခု အမုန်းဆုံး ဖြစ်နေတဲ့ လူမျိုးတွေအဖြစ် ဘယ်တော့မှ မပြောင်းလဲသွားကြစေနဲ့ "

ကျုံးရှန်၏ အသံသည် လေထုအတွင်းမှတစ်ဆင့် သူတို့၏ နားအတွင်းသို့ တိုးဝင်ရောက်ရှိလာသည်။

ထို့နောက်တွင် ဝမ်ရှန်နတ်ဘုရားကောင်းကင်ဘုံကမ္ဘာ၏အချိန်စက်ဝန်းသည် ပြန်၍ လည်ပတ်လာသည်။ အသတ်ခံလိုက်ရသော ပုန်ကန်သူအလုပ်သမားများသည် အံ့သြဖွယ်ကောင်းစွာဖြင့် ပြန်လည် အသက်ရှင်လာကြ၏။ ထိုခဏ၌ နှိပ်စက်ကြီးကြပ်သူများ၏ ဓားများ လူငယ်ငါးဦး၏ ကိုယ်ပေါ်သို့ ကျရောက်သွားလျှင် သတ္တုချင်း ထိတွေ့သကဲ့သို့ အသံများ ထွက်ပေါ်လာသည်။

"ဟားဟားဟား"

"ဒါက အိမ်မက် မဟုတ်ဘူး"

"စိတ်နှလုံးရဲ့ စွမ်းအား.. စိတ်နှလုံးရဲ့ စွမ်းအားပဲ"

ထိုလူငယ်ငါးဦးသည် ကောင်းကင်ကို ကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။ သူတို့၏ အသံအတွင်း၌ ဝမ်းမြောက်မှု၊ စိတ်လှုပ်ရှားမှုနှင့် လက်စားချေလိုစိတ်များ ရောပြွမ်းနေ၏။

ကျုံးရှန်သည် ကောင်းကင်ထက်တွင် ရပ်တန့်နေဆဲ ဖြစ်သော်လည်း သူ၏ ပုံရိပ်ကိုမူ ပြန်လည်၍ဖုံးကွယ်ထားပြီးဖြစ်သည်။

'ကောင်းတယ်... စိတ်နှလုံးရဲ့ သိမ်မွေ့နက်ရှိုင်းတဲ့သဘောတရားအပြောင်းအလဲတွေကို အများကြီးလေ့လာလိုက်ရတာပဲ'

'နှမြောစရာ ကောင်းတာက စိတ်နှလုံးကွန်ရက်က ကောင်းကောင်း မကြီးထွားသေးဘူး... အဲဒါကြောင့် ဒီလူတွေကို စိတ်နှလုံးမျိုးစေ့ ဖန်တီးနိုင်တဲ့ စွမ်းရည် မပေးနိုင်သေးတာပဲ'

'ကဲ... ဒီလူငယ်ငါးယောက်မှာ ပုန်ကန်တော်လှန်လိုတဲ့စိတ်နဲ့ စွမ်းအားတွေ ရှိလာပြီဆိုတော့... ဘာတွေ ဆက်လုပ်ကြမလဲဆိုတာ စောင့်ကြည့်ရတာပေါ့'

All Chapters