← Chapters

အခန်း ၃၃၁

Vol. 34 Ch. 331

အခန်း ၃၃၁

Vol. 34 Ch. 331

အခန်း (၃၃၁) မိစ္ဆာနှိမ်နင်းရေး စကြဝဠာလက်

[သင်သည် ကောင်းကင်နေမင်းနယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး ဝိညာဉ်အခြေအနေကိုပါ စတင် ဖောက်ထွင်းမြင်နိုင်ခဲ့ပြီ ဖြစ်သဖြင့် တာအိုမျိုးဆက်တစ်ခု၏ အရှင်သခင်ဖြစ်သော သင့်ရဲ့ နယ်ပယ်အဆင့်တက်လှမ်းမှုက ဂိုဏ်း၏ တိုးတက်မှုသမိုင်းအပေါ်၌ ကြီးမားလှသော လွှမ်းမိုးမှုများ ဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့် ကိုယ်ပိုင်ကံကြမ္မာတစ်ခုကို ရွေးချယ်နိုင်မည့် အခွင့်အရေးတစ်ကြိမ်နှင့် နတ်ဘုရားစွမ်းရည်အမွေအနှစ် ဆုလာဘ်တစ်ခုကို ရရှိထားခဲ့ပြီ ဖြစ်သည်။]

လီချင်းချိုး မျက်ခုံး အသာပင့်လိုက်မိသည်။ ဆုလာဘ်နှစ်ခုကို တစ်ပြိုင်နက်တည်း ရရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။ အထူးသဖြင့် သူအနှစ်သက်ဆုံးဖြစ်သော ကိုယ်ပိုင်ကံကြမ္မာ ရွေးချယ်နိုင်မည့် အခွင့်အရေးကိုရလိမ့်မည်ဟု ပိုလို့တောင် ထင်မထားပေ။

ကြည့်ရသည်မှာ ကောင်းကင်နေမင်းနယ်ပယ်ဟူသည်မှာ အလွန်ပင် အရေးပါလှပေလိမ့်မည်။ဤသည်ကလည်း သဘာဝကျလှပေသည်။မည်သို့ပင်ဆိုစေ ဝေထျန်းရှုံး၏ ပြောစကားအရဆိုလျှင် အကယ်၍ ဂိုဏ်းတစ်ခု၌ ကောင်းကင်နေမင်းနယ်ပယ်ရှိ ကျွမ်းကျင်သူကြီးတစ်ဦးမျှ ရှိမနေလျှင် ကောင်းကင်ငရဲပင်လယ်ပြင်အတွင်း၌ အသက်ရှင်သန်နိုင်ရန်အတွက် များစွာ ခက်ခဲလိမ့်မည် ဖြစ်သောကြောင့်ပင်။

ဇီယန်ကျွန်းသည် တတိယတန်းစား ဂိုဏ်းငယ်လေးတစ်ခုမျှသာ ဖြစ်သော်လည်း သူတို့ထံ၌ပင် ကောင်းကင်နေမင်းနယ်ပယ်ရှိ ကျွမ်းကျင်သူတစ်ဦး ရှိနေခဲ့သည်မဟုတ်ပါလား။

လီချင်းချိုး မျက်လုံးပြန်ပိတ်လိုက်ပြီးနောက် ကျင့်ကြံမှုများကို ဆက်လက်၍ ခိုင်မာအောင် လုပ်ဆောင်နေမိတော့သည်။

ကောင်းကင်ယံထက်မှ မိုးကြိုးတိမ်တိုက်ကြီးများ စတင်၍ ကွာကျသွားခဲ့ကြပြီဖြစ်ရာ တောက်ပလှသော နေရောင်ခြည်တန်းများ မြေပြင်ပေါ်သို့ ဖြာကျလာခဲ့သည့် ထိုခဏ၌မှသာ ချင်းရှောင်ဂိုဏ်းမှ တပည့်များအားလုံး မိမိတို့၏ ဂိုဏ်းချုပ် အတိဒုက္ခကို အောင်မြင်စွာ ရင်ဆိုင်ကျော်ဖြတ်ပြီးစီးသွားခဲ့ပြီ ဖြစ်ကြောင်း သဘောပေါက်သွားခဲ့ကြသည်။

ထိုအခါ ကျယ်လောင်လှသော အော်ဟစ်အားပေးသံကြီးများ ဂိုဏ်းတစ်ခွင်လုံး၌ ဟိန်းထွက်လာခဲ့ပြီး လောကကြီးတစ်ခုလုံးကို ဆူပွက်သွားစေခဲ့သည်။

ယခုတစ်ကြိမ် အတိဒုက္ခရင်ဆိုင်မှုကြီးက လူတိုင်း၏ အမြင်အာရုံများကို ပွင့်လင်းသွားစေခဲ့သည်မဟုတ်ပါလား။

ကြောက်မက်ဖွယ်ကောင်းလှသော ကောင်းကင်ဘုံ၏ နတ်ဘုရားစွမ်းပကားများက ချင်းရှောင်ဂိုဏ်းမှ တပည့်များအား မိမိတို့ ဂိုဏ်းချုပ်၏ အစစ်အမှန်ကျင့်ကြံမှုအဆင့်အပေါ် ပထမဆုံးအကြိမ်အဖြစ် လေးနက်စွာ သိရှိနားလည်သွားစေခဲ့သည်။

တောင်ထွတ်တစ်ခုချင်းစီတိုင်းတွင် ဤအကြောင်းအရာကိုသာ အပြင်းအထန် ဆွေးနွေးနေခဲ့ကြပြီး မည်သူကများ လီရွှယ်တောင်ထွတ်ဆီသို့ တက်ရောက်၍ လီချင်းချိုးကို လာရောက်မနှောင့်ယှက်ဝံ့ကြချေ။

လီချင်းချိုးက ကျင့်ကြံမှု ခိုင်မာစေရန်အတွက် ငါးရက်တာ ကာလပတ်လုံး အချိန်ယူခဲ့ရသည်။ ဤငါးရက်တာ ကာလအတွင်း၌ ပြင်းထန်လှသော လေပြင်းများ လီရွှယ်တောင်ထွတ်၏ တောင်ထိပ်ပေါ်သို့ တရဟော တိုက်ခတ်နေခဲ့ကြရပြီး ၎င်းမှာ ကျယ်ပြောလှသော ဝိညာဉ်ချီစွမ်းအင်များ ဆူပွက်လာခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာရသည့် ထူးခြားလှသော သဘာဝဖြစ်စဉ်တစ်ခု ဖြစ်သည်။

မွန်းတည့်အချိန်၏

နေရောင်ခြည်မှာ ပူပြင်းတောက်ပလှပေသည်။

ထိုက်ခွန်းတောင်တန်းတစ်ခုလုံးမှာ မူလက ထူထပ်လှသော မိုးနှင်းထုကြီးများဖြင့် ဖုံးလွှမ်းနေခဲ့သော်လည်း ယခုအခါ လီချင်းချိုး ရှိနေခဲ့သော လီရွှယ်တောင်ထွတ်ပေါ်၌ နွေရာသီအလယ်ပိုင်းကဲ့သို့ အလွန်ပင် ပူပြင်း‌နေသည်။

တောင်စောင်းချောက်ကမ်းပါးထက်၌ ကျရောက်နေခဲ့သော နေရောင်ခြည်တန်းများမှာ အလင်းတံတိုင်းကြီးတစ်ခုအလား ရှိနေခဲ့ပြီး ပြင်ပလောကကြီးနှင့် လုံးဝ ခွဲထုတ်ထားသည့်နှယ် ထင်ရလောက်သည်။

လီချင်းချိုး မတ်တတ်ရပ်လိုက်ပြီး လက်နှစ်ဖက်ကို ကြည့်ရှုလိုက်တော့ ခန္ဓာကိုယ်အတွင်း၌ ပြည့်နှက်နေခဲ့သော ကျယ်ပြောလှသော မူလချီစွမ်းအင်များကို အစစ်အမှန် ခံစားလိုက်ရသဖြင့် သူ့ မျက်နှာထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဤအခိုက်အတန့်တွင် လီချင်းချိုးပိုင်ဆိုင်ထားသော မူလချီစွမ်းအင် ပမာဏများက အဆင့်မတက်လှမ်းမီအချိန်ထက် အဆပေါင်းထောင်ချီ များပြားနေပြီး မူလချီစွမ်းအင်များ၏ သန့်စင်မှုအဆင့်မှာလည်း ဝိညာဉ်အသိအာရုံအဆင့်တုန်းကနှင့် လုံးဝ နှိုင်းယှဉ်နိုင်ခြင်း မရှိတော့ချေ။

အောင်မြင်စွာအဆင့်တက်လှမ်းနိုင်ခဲ့ပြီးနောက်ပိုင်းတွင် ဓမ္မရုပ်သွင်အပေါ်၌လည်း ပိုမို နားလည်သဘောပေါက်သွားခဲ့ရပြီ ဖြစ်၏။ ယခုအခါ သူသည် မိမိ၏ ကိုယ်ပိုင်ဓမ္မရုပ်သွင်နယ်ပယ်ကို အလွယ်တကူ ဖြန့်ကျက်နိုင်စွမ်း ရှိနေခဲ့ပြီဖြစ်ရာ ၎င်းမှာ နတ်ဘုရားစွမ်းရည်တစ်ခုကို ထုတ်သုံးလိုက်သည်နှင့်ပင်အလားသဏ္ဍာန်တူနေသည်။

လီချင်းချိုး၏ အမြင်အရဆိုလျှင် ဓမ္မရုပ်သွင်နယ်ပယ်ဟူသည်မှာ ထူးခြားလှသော ကိုယ်ပိုင်နတ်ဘုရားစွမ်းရည်တစ်ခုမျှသာ ဖြစ်၏။ ကောင်းကင်နေမင်းနယ်ပယ်ရှိ ကျင့်ကြံသူတိုင်းမှာ မိမိတို့၏ သီးသန့်ထူးခြားလှသော ဓမ္မရုပ်သွင်များကို ပိုင်ဆိုင်ထားကြစမြဲ ဖြစ်သဖြင့် သူတို့၏ နယ်ပယ်များမှာလည်း တူညီကြလိမ့်မည်မဟုတ်ပေ။

ကောင်းကင်နေမင်းနယ်ပယ်ရှိ ကျင့်ကြံသူတစ်ဦးသည် ဓမ္မရုပ်သွင်၏ နတ်ဘုရားစွမ်းပကားတစ်ခုတည်းအပေါ်၌ အားကိုးရုံမျှနှင့် ဝိညာဉ်အသိအာရုံအဆင့်ရှိ မည်သည့်ဖြစ်တည်မှုကိုမဆို အလွယ်တကူပင် ဖိနှိပ်ပစ်နိုင်စွမ်း ရှိပေသည်။

ဤနယ်ပယ်အဆင့်ရှိ ကျွမ်းကျင်သူများကို အဘယ့်ကြောင့် ကျင့်ကြံသူကြီးများဟု အော်ခေါ်ခဲ့ကြသလဲဆိုသည်မှာ မထူးဆန်းတော့ပေ။

လီချင်းချိုးက လင်းရှောင်ဝင်းဆီသို့ ပြန်လည်ရောက်ရှိနိုင်ရန်အတွက် အထွတ်အထိပ်ရွေ့လျားခြင်းသိုင်းပညာကို တိုက်ရိုက်ပင် ထုတ်သုံးလိုက်တော့သည်။

ဝေထျန်းရှုံး ထိုနေရာ၌ စောင့်ဆိုင်းနေခဲ့သည်မှာ ကြာပြီ ဖြစ်သဖြင့် လီချင်းချိုး ရောက်လာသည်ကို မြင်တွေ့လိုက်ရသောအခါ ချက်ချင်းပင် လီချင်းချိုး ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီးနောက် ပြင်းထန်လှသော အကြည့်များဖြင့် သူ့အား အထက်အောက် သေသေချာချာ စုံစမ်းစစ်ဆေးကြည့်ရှုလိုက်သည်။

“ဘယ်လို ခံစားရလဲဟင်...” ဟု ဝေထျန်းရှုံးက ချက်ချင်းပင် မေးမြန်းလိုက်ရာ သူ့လေသံအတွင်း၌ မသိစိတ်အတွင်းမှ တုန်လှုပ်မှုအချို့ ပါဝင်နေခဲ့သည်။

ထိုအခါ လီချင်းချိုး၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားခဲ့ပြီး….

“အတော်လေး ကောင်းတယ်... အတိတ်က ဘယ်အချိန်ထက်မဆို ပိုပြီးတော့ အဆင်ပြေနေတယ်...”

သူ မည်မျှအထိ သန်မာလာခဲ့သနည်းဟူသောအချက်ကို သူကိုယ်တိုင်သာ အသိဆုံး ဖြစ်ပေမည်။

သူ့ရင်ထဲ၌ ယုံကြည်မှုများ ကြီးမားစွာဖြမြင့်တက်လာခဲ့ရပြီ ဖြစ်၏။နောင်တွင် ဝမ့်ယင်းဂိုဏ်းနှင့် ကြုံတွေ့ရသည်ဖြစ်စေ သို့မဟုတ် တောင်ဘက်အရပ်မှ ဇီယန်ကျွန်းနှင့် ထိပ်တိုက်တွေ့ရသည်ဖြစ်စေ သူ့ထံ၌ အပြည့်အဝ အနိုင်ယူနိုင်မည့် ယုံကြည်ချက်များ ရှိနေခဲ့ပြီ ဖြစ်သည်။

ထိုစကားကို ကြားရသောအခါမှသာ ဝေထျန်းရှုံးပိုမိုစိတ်လှုပ်ရှားသွားခဲ့လေသည်။

“မင်းရဲ့ ဓမ္မရုပ်သွင်နယ်ပယ်ကို အစစ်အမှန် ကြည့်ပါရစေ...”

လီချင်းချိုးက ပြုံးပြလိုက်ပြီးနောက် ကိုယ်ပိုင်ဓမ္မရုပ်သွင်ကို ချက်ချင်းပင် စတင်အသက်သွင်းလိုက်လေသည်။

တစ်ခဏအတွင်းမှာပင် သူ့ခန္ဓာကိုယ်အတွင်းမှနေ၍ ကြောက်မက်ဖွယ်ကောင်းလှသော ခွန်အားစွမ်းပကားများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး အရပ်မျက်နှာအသီးသီးဆီသို့ လွှမ်းမိုးသွားခဲ့လေသည်။

ဝေထျန်းရှုံးမှာ မိမိ၏ မျက်စိရှေ့မှောက်ရှိ လောကကြီးတစ်ခုလုံး ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားခဲ့လိုပင် ခံစားလိုက်ရတော့သည်။ သူသည် ပြိုလဲပျက်စီးနေသော မြေရိုင်းပြင်ကြီးတစ်ခု အပေါ်သို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်ပြီး ဝေးကွာလှသော အရပ်၌ ပေါက်ကွဲနေကြသော မီးတောင်များကို မြင်တွေ့ရကာ စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲလှသော ဖိအားများလည်း မိမိထံသို့ တစ်ဟုန်းထိုး ဦးတည် တိုက်ခိုက်လာသည်ကို ခံစားနေရသည်။

ထို့နောက်တွင်မူ သူသည် ဝေးကွာလှသော မိုးကုတ်စက်ဝိုင်း၏ အဆုံး၌ ခမ်းနားထည်ဝါလှသော ပုံရိပ်ကြီးငါးခု တဖြည်းဖြည်းချင်း မတ်တတ်ရပ်လာကြသည်ကို မြင်တွေ့လိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်များမှာ ကောင်းကင်ယံကြီးကိုပင် ဖောက်ထွင်းတော့မည့်အလား ရှိနေခဲ့ကြသည်။

ဤဓမ္မရုပ်သွင်ကြီး ငါးခု၏ ရှေ့မှောက်၌ ရပ်တည်နေရသဖြင့် ဝေထျန်းရှုံးခင်မျာ မိမိကိုယ်မိမိ အလွန်ပင် သေးသိမ်လွန်းလှပြီး တွားသွားနေရသော ပိုးကောင်ငယ်တစ်ကောင်အလား ခံစားလိုက်ရသည်။

သူသည် မျက်လုံးများကို ပြူးကျယ်ထားခဲ့မိပြီး သူ့မျက်နှာထက်၌လည်း မယုံကြည်နိုင်လောက်သော အမူအရာများ ပြည့်နှက်နေခဲ့သည်။

“သူ့ရဲ့ ဓမ္မရုပ်သွင်နယ်ပယ်က ဘာဖြစ်လို့ ဒီလောက်ထိ ကျယ်ပြောလှရတာလဲ...”

ဝေထျန်းရှုံး၏ ရင်ထဲ၌ ပြင်းထန်လှသော လှိုင်းလုံးကြီးများ ဆူပွက်သွားလေပြီ။

သူသည် လီချင်းချိုး၏ ဓမ္မရုပ်သွင်နယ်ပယ်က ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု ကြိုတင်တွက်ချက်ထားခဲ့ဖူးသော်လည်း ၎င်းမှာ ဤကဲ့သို့သောအခြေအနေမျိုးအထိ ရောက်ရှိနိုင်လိမ့်မည်ဟု လုံးဝ ထင်မှတ်ထားခဲ့ခြင်းမျိုး မဟုတ်ချေ။

ဓမ္မရုပ်သွင်နယ်ပယ်ဟူသည်မှာ သတ်မှတ်ချက်အတိုင်းအတာအချို့ ရှိကြစမြဲဖြစ်သော်လည်း ဤနေရာ၌ ရပ်တည်နေရသော်လည်း လီချင်းချိုး၏ ဓမ္မရုပ်သွင်၏ အဆုံးစွန်ကို မည်သို့မျှ အာရုံခံမိနိုင်ခြင်း မရှိခဲ့ချေ။

အရေးအကြီးဆုံးအချက်မှာ လီချင်းချိုး အဘယ်ကြောင့် ဓမ္မရုပ်သွင်ကြီး ငါးခုကို တိုက်ရိုက်ပင် တစ်ပြိုင်နက်တည်း သွန်းလုပ်နိုင်ခဲ့သလဲဆိုသည်ကို နားမလည်နိုင်ခြင်းပင်။

တောင်တန်းကြီးများအလား ခမ်းနားထည်ဝါလှသော ထိုဓမ္မရုပ်သွင်ကြီး ငါးခု၏ ရှေ့မှောက်၌ သူ့ရင်ထဲ၌ မည်သို့သော ခုခံလိုစိတ်မျိုးမှ ဖြစ်ပေါ်လာခြင်းမရှိတော့ဘဲ အဆုံးမရှိသော ကြောက်ရွံ့မှုများသာ ပြည့်နှက်နေခဲ့လေသည်။

ထိုစဉ်မှာပင် လောကကြီးတခုလုံး ထပ်မံ၍ ပြောင်းလဲသွားခဲ့ပြန်း ဝေထျန်းရှုံး လင်းရှောင်ဝင်းအတွင်းသို့ ပြန်လည်၍ ရောက်ရှိသွားခဲ့သည်။

သူသည် လီချင်းချိုးကို စိုက်ကြည့်လိုက်ရင်း ရင်ထဲမှ အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ရသဖြင့် မြေပြင်ပေါ်သို့ တိုက်ရိုက်ပင် ဒူးထောက်လိုက်တော့သည်။

“ တကယ့်ကို မယုံနိုင်စရာကောင်းလွန်းတယ်... ဂိုဏ်းချုပ်... မင်းက လူ့လောကကို ဆင်းသက်လာခဲ့တဲ့ မသေမျိုးနတ်မင်းကြီးတစ်ပါး ဖြစ်နေခဲ့တာလား...”

ဝေထျန်းရှုံး၏ စကားလုံးများကို ကြားလိုက်ရသောအခါ လီချင်းချိုး ရယ်ရမလို ငိုရမလိုပင် ဖြစ်သွားခဲ့သည်။ ဝေထျန်းရှုံးကို မြေပြင်ပေါ်မှ ဆွဲထူပေးလိုက်ပြီး….

“ကောင်းကင်ငရဲပင်လယ်ပြင်အတွင်းမှာဆိုရင် ငါ့ရဲ့ ဓမ္မရုပ်သွင်က ဘယ်လိုမျိုး အဆင့်အတန်းအတွင်းမှာ ရှိနေနိုင်မလဲ..”

“ဘယ်လိုမျိုး အဆင့်အတန်းလဲဆိုတော့... ပြိုင်ဘက်ကင်း အဆင့်အတန်းပေါ့ကွာ...”

ဝေထျန်းရှုံး၏ အသံမှာ ရုတ်တရက်ဆိုသလို ကျယ်လောင်သွားခဲ့သဖြင့် ၎င်းက လီချင်းချိုးကို ပြေားရာစကားများပျောက်ရှစေခဲ့‌သော်လည်း သေချာသည်မှာ ရင်ထဲ၌မူ ကြီးမားလှသော အောင်မြင်မှုဆိုင်ရာ ခံစားချက်များကို ခံစားလိုက်ရခြင်း ဖြစ်ပေသည်။

ကောင်းကင်နေမင်းနယ်ပယ်ရှိ ဝေထျန်းရှုံးလို ကျင့်ကြံသူကြီးတစ်ဦးအား ဤမျှအထိ ထိတ်လန့်သွားစေခဲ့ရသည်ကို ကြည့်ခြင်းအားဖြင့် သူ့ရဲ့ ဓမ္မရုပ်သွင်က အလွန်ပင် ပြင်းထန်လှကြောင်း ထင်ရှားနေသည်။

လီချင်းချိုးက ဝေထျန်းရှုံးကို လှမ်းကြည့်လိုက်ပြီးနောက် လေးနက်စွာဖြင့်….

“ဒုတိယခန်းမသခင်ဝေ...ဒါဆို ချင်းရှောင်ဂိုဏ်းအနေနဲ့ နောင်အနာဂတ်ကျရင် ပိုမိုများပြားလှတဲ့ အစီအစဉ်တွေကို ဆက်လက် အကောင်အထည်ဖော်လို့ ရပြီပေါ့...”

“ကံကြမ္မာအရှိန်အဝါက ချင်းရှောင်ဂိုဏ်းဆီကို ရောက်ရှိနေခဲ့ပြီ... ချင်းရှောင်ဂိုဏ်းက လူသားလောကရဲ့ ကျင့်ကြံရေးလောကတစ်ခုလုံးကို ကြီးစိုးနိုင်ဖို့အတွက် အစွမ်းကုန် ကူညီပေးပါ့မယ်...”

လီချင်းချိုးအနေနှင့် ဝေထျန်းရှုံး၏ ပါးစပ်မှ ဤကဲ့သို့သော စကားလုံးများ ထွက်ပေါ်လာလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်းမရှိပေ။

သူ မသိရှိခဲ့သည်မှာ ဝေထျန်းရှုံးက အဓိပ္ပာယ်မရှိ စကားလုံးများကို ပြောဆိုနေခြင်းမျိုး လုံးဝ မဟုတ်ချေ။ လီချင်းချိုး၏ ဓမ္မရုပ်သွင်ကို ကိုယ်တိုင် မြင်တွေ့လိုက်ရပြီးနောက်ပိုင်းတွင် သူသည် ချင်းရှောင်ဂိုဏ်း၏ အနာဂတ်ဟူသည်မှာ စိတ်ကူးပုံဖော်ရန်ပင် ခက်ခဲလောက်အောင် မြင့်မားလာလိမ့်မည်ဖြစ်ကြောင်း အပြည့်အဝ ယုံကြည်သွားခဲ့ခြင်း ဖြစ်ပြီး ၎င်းမှာ ထာဝရမသေမျိုးမဟာမိတ်အဖွဲ့လို အင်အားစုမျိုးပင် လုံးဝ နှိုင်းယှဉ်၍ ရနိုင်‌သောကြောင့်ပင်။

လီချင်းချိုးက ခေါင်းယမ်းပြလိုက်ရင်း ရယ်မောလိုက်ပြီးနောက် ဝေထျန်းရှုံးကို လင်းရှောင်ခေါင်းလောင်းကိုတီးရန် မှာကြားလိုက်လေသည်။

ယခုတစ်ကြိမ်တွင်မူ ဝေထျန်းရှုံးထံ၌ မည်သို့သော မကျေနပ်မှုမျိုးမှ ရှိမနေခဲ့တော့ဘဲ အလွန်ပင် တက်ကြွစွာ ခေါင်းလောင်းတီးလိုက်လေသည်။

လင်းရှောင်ခေါင်းလောင်းသံကြီး ပြင်းထန်စွာ မြည်ဟိန်းလာခဲ့သည်နှင့်အမျှ ဂိုဏ်း၏ အဆင့်မြင့်အရာရှိကြီးများ မကြာမီမှာပင် တစ်ဦးပြီးတစ်ဦး လင်းရှောင်ဝင်းဆီသို့ ရောက်ရှိလာခဲ့ကြသည်။

သူတို့အားလုံး လီချင်းချိုးကို အလွန်ပင် စိတ်အားထက်သန်နေသော မျက်နှာထားများဖြင့် ကြည့်ရှုနေခဲ့ကြသော်လည်း သူတို့၏ အမူအရာများက ဝေထျန်းရှုံးလောက် ချဲ့ကားခြင်း မရှိကြသေးချေ။

လူတိုင်း စုံစုံလင်လင် စုဝေးမိကြပြီးနောက် လီချင်းချိုးက….

“ငါ အခု ဝိညာဉ်အသိအာရုံအဆင့်ရဲ့ အထက်မှာ ရှိနေတဲ့ ကောင်းကင်နေမင်းနယ်ပယ်ဆီကို အောင်မြင်စွာအဆင့်တက်လှမ်းနိုင်ခဲ့ပြီ...”

ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လင်းရှောင်ဝင်းအတွင်း၌ ချက်ချင်းပင် ပေါက်ကွဲဆူညံသွားခဲ့လေသည်။

“ကောင်းကင်နေမင်းနယ်ပယ် ဟုတ်လား... ဒါဆို ဘယ်လောက်အထိ ခွန်အားကြီးမား‌မှာလဲ..”

“ဂိုဏ်းချုပ်... ဝိညာဉ်အသိအာရုံအဆင့်မှာလည်း ကိုးဆင့် ရှိနေခဲ့တာ မဟုတ်ဘူးလား...”

“ကောင်းကင်နေမင်းနယ်ပယ်ဆိုတာ ဘယ်လိုမျိုး အဆင့်လဲ...”

“ဂိုဏ်းချုပ်နဲ့ နှိုင်းယှဉ်လိုက်ရင် ဂိုဏ်းထဲက ပါရမီရှင်ကလေးတွေဆိုတာ ဘာမှမဟုတ်တော့ဘူးပဲ...”

“ကောင်းကင်တိဒုက္ခရဲ့ စွမ်းအားတွေကို ကြည့်ရုံနဲ့တင်ကောင်းကင်နေမင်းနယ်ပယ်က ဘယ်လောက်အထိ ကြောက်မက်ဖွယ်ကောင်းသလဲဆိုတာ ပြသနေတာပဲ..”

လူတိုင်း အလွန်ပင် စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးပြောဆိုနေခဲ့ကြပြီး ဝေထျန်းရှုံးက ယန်ကျွယ်တိန်၏ စကားလုံးများကို ကြားသိလိုက်ရသည့်အခါတွင် နှုတ်ခမ်းကို အသာအယာ စေ့လိုက်မိသည်။

ကောင်းကင်နေမင်းနယ်ပယ်ရှိ ကျွမ်းကျင်သူတိုင်းက ဤမျှအထိ ခွန်အားကြီးမားကြတာ မဟုတ်ဘူးဟုသာ အော်ပြောလိုက်ချင်တော့သည်။

လီချင်းချိုး၏ ဓမ္မရုပ်သွင်နယ်ပယ်ကို ကိုယ်တိုင် မြင်တွေ့လိုက်ရပြီးနောက်ပိုင်းတွင် ဝေထျန်းရှုံး၏ စိတ်နေသဘောထားများ လုံးဝ ပြောင်းလဲသွားခဲ့ပြီဖြစ်ကာ လီချင်းချိုးအပေါ် ထားရှိသော ရိုသေလေးစားမှုများမှာလည်း ရင်ထဲမှ အစစ်အမှန် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပေသည်။

လီချင်းချိုးကတော့ အစောကတင် ဝေထျန်းရှုံး၏ သစ္စာစောင့်သိမှုကို စစ်ဆေးခဲ့ပြီးပြီဖြစ်သည်။ သစ္စာစောင့်သိမှု များစွာ မြင့်တက်လာခဲ့ပြီဖြစ်ပြီး လီချင်းချိုးတစ်ဦးတည်းအပေါ်၌ပင် ၉၇ အထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

လီချင်းချိုးက လူအုပ်ကြီးအား အတန်ကြာအောင် ဆွေးနွေးခွင့်ပြုလိုက်ပြီးနောက်မှသာ စားပွဲဝိုင်းကို အသာအယာ ခေါက်လိုက်လေသည်။ထိုအခါ လူတိုင်း ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့ကြပြီး သူ့အား ပြင်းထန်လှသော အကြည့်များဖြင့် စူးစိုက်ကြည့်ရှုလိုက်ကြတော့သည်။

“ငါ့ရဲ့ နယ်ပယ်အဆင့်နဲ့ ပတ်သက်ပြီးတော့ ဂိုဏ်းအတွင်းက တပည့်တွေကို လတ်တလော ထုတ်ဖော်ပြောဆိုဖို့ မလိုအပ်သေးဘူး... မနက်ဖြန်ကစပြီးတော့ အနောက်ဘက်နယ်စပ်နဲ့ တောင်ဘက် ပင်လယ်ပြင်နယ်မြေတွေကို သွားပြီး နယ်မြေချဲ့ထွင်ဖို့ အသင့်ပြင်ဆင်ထားကြတော့... လူအင်အား ဖြန့်ကျက်မယ့် ကိစ္စရပ်တွေကိုတော့ ကျူးယန် တာဝန်ယူလိမ့်မယ်… ခန်းမသခင်အားလုံးကလည်း ကိုယ်စွမ်းရှိသမျှ အပြည့်အဝ ပံ့ပိုးကူညီပေးကြရမယ်...”

လီချင်းချိုးက တည်ကြည်လေးနက်လှသော မျက်နှာထားဖြင့် မှာကြားလိုက်ရာ မည်သူမျှ ငြင်းပယ်ရန် မဝံ့ရဲကြချေ။

အစစ်အမှန်မူ ချင်းရှောင်ဂိုဏ်းသည် ယခုအတောအတွင်း ရင်းမြစ်ပစ္စည်းများ၏ ဖိအားများကို အထင်အရှား ခံစားနေရပြီ ဖြစ်ပြီး အထူးသဖြင့် ဝိညာဉ်ကျောက်တုံးများ ဖြစ်၏။ တပည့်များ၏ လိုအပ်ချက် ပမာဏမှာ အလွန်ပင် ကြီးမားလှပေသဖြင့် ပြင်ပအရပ်များဆီသို့ သွားရောက်လျက် နယ်မြေချဲ့ထွင်လိုနေခဲ့ကြသည်မှာ ကြာပြီဖြစ်သော်လည်း လီချင်းချိုး၏ အမိန့် မရှိခဲ့သဖြင့် ဇွတ်တရုတ် လုပ်ဆောင်ရန် မဝံ့ရဲခဲ့ကြခြင်း ဖြစ်ပေသည်။

“ဒါ့အပြင်... အနောက်ဘက်အန္တရာယ်နယ်မြေ မသေမျိုးမြို့တော်ဆီကိုလည်း လူအင်အားများများ စေလွှတ်ရမယ်... ဒီကိစ္စကိုတော့ ခန်းမသခင် ကျန်းယွီချွန်း က တာဝန်ယူပြီး ဆုံးဖြတ်ချက် ချမှတ်ပေးလိမ့်မယ်...”

ကျန်းယွီချွန်းက ချက်ချင်းပင် အမိန့်ကို နာခံလိုက်ပြီဖြစ်ရာ သူသည်လည်း ရင်ထဲ၌ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။

လီချင်းချိုး အောင်မြင်စွာ အဆင့်တက်လှမ်းနိုင်ခဲ့ခြင်းက သူတို့အား ကြီးမားလှသော ယုံကြည်မှုများကို ပေးစွမ်းနိုင်ခဲ့သဖြင့် မည်သို့သော ဘေးအန္တရာယ်မျိုးကိုမှ မကြောက်ရွံ့ဝံ့စေတတော့ပေ။

“နောင်အနာဂတ်ကျရင် ငါတို့တွေ အခြားသော ကျင့်ကြံရေးဂိုဏ်းကြီးတွေရဲ့ တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့ရဖို့ ရာခိုင်နှုန်း များတယ်... လူတိုင်း ကြိုတင်ပြင်ဆင်ထားကြဖို့ အသိပေးချင်တယ်... ဒါဟာ အကြပ်အတည်းတစ်ခု ဖြစ်နိုင်သလို တစ်ပြိုင်နက်တည်းမှာလည်း စမ်းသပ်မှုတစ်ခု ဖြစ်လာနိုင်တာပဲလေ... အကယ်၍ ငါတို့တွေ ကျင့်ကြံရေးဂိုဏ်းတစ်ခုကိုတောင်မှ အောင်မြင်အောင် မတိုက်ခိုက်နိုင်ဘူးဆိုရင် မိစ္ဆာနယ်မြေအတွင်းက မိစ္ဆာတွေရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ခက်ခဲလိမ့်မယ်… တောင်ဘက်ပင်လယ်ပြင်ဆီ နယ်မြေချဲ့ထွင်မယ့် ကိစ္စတွေဆိုရင် ပြောနေဖို့တောင် မလိုတော့ဘူး...”

လီချင်းချိုးက လူတိုင်းကို လှည့်လည်ကြည့်ရှုလိုက်ရင်း လေးနက်စွာ မိန့်ကြားလိုက်သည်။

လူတိုင်း မိမိတို့၏ မျက်နှာထက်မှ အပြုံးများကို ရုပ်သိမ်းလိုက်ကြပြီး ခိုင်မာစွာဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။

အချို့သောအရာများကို သေချာပေါက် ကိုယ်တိုင် ဖြတ်သန်းကြရမည်သာ။

ဤသည်ကလည်း ဂိုဏ်း၏ တိုးတက်မှု သမိုင်းကြောင်းအတွင်း သေချာပေါက် ကျော်ဖြတ်ရမည့် အဟန့်အတားတစ်ခုလည်း ဖြစ်ပေသည်။

ညဉ့်နက်ပိုင်းအချိန်၌

လီချင်းချိုး မသေမျိုးဂူအတွင်းရှိ ကျောက်ကုတင်ထက်၌ တင်ပလ္လင်ခွေလျက် ထိုင်နေခဲ့ပြီး နတ်ဘုရားစွမ်းရည်အမွေအနှစ်ကို စတင်၍ အသုံးပြုလိုက်တော့သည်။

[နတ်ဘုရားစွမ်းရည်အမွေအနှစ် ဆုလာဘ်ကို ယူမည်]

[တာအိုမျိုးဆက် နတ်ဘုရားစွမ်းရည်အမွေအနှစ်ကို ဖွင့်လှစ်ပါ]

[သင်သည် နတ်ဘုရားစွမ်းရည် - မိစ္ဆာနှိမ်နင်းရေး စကြဝဠာလက်ချောင်းသိုင်းကို ရရှိထားသည်]

[ အမွေအနှစ်ကို လက်ခံရန်မည်လော]

မိစ္ဆာနှိမ်နင်းရေး စကြဝဠာလက်ချောင်းသိုင်း ဟုတ်လား...

၎င်းက တကယ်ကို မောက်မာဝင့်ကြွားလှသော အမည်တစ်ခု ဖြစ်ပေသည်။

ထို့ကြောင့် လီချင်းချိုး အမွေအနှစ်ကို လက်ခံရန်အတွက် ချက်ချင်းပင် ရွေးချယ်လိုက်တော့သည်။ထိုအခါ ကျယ်ပြောလှသော အမှတ်သညာများစွာ သူ့ဦးနှောက်အတွင်းသို့ တစ်ဟုန်းထိုး ဝင်ရောက်လာခဲ့ပြီဖြစ်ကာ သူ့ရဲ့ စိတ်အာရုံမှာလည်း ဆန်းကြယ်လှသော အခြေအနေတစ်ခုအတွင်းသို့ လျင်မြန်စွာ နစ်မြုပ်သွားခဲ့လေသည်။

ယခုတစ်ကြိမ်တွင်မူ အမွေအနှစ် လက်ခံရရှိမှု ကြာမြင့်ချိန်မှာ အတိတ်က ဘယ်အချိန်ထက်မဆို ပိုမို ကြာမြင့်ခဲ့သဖြင့် ၎င်းက မိစ္ဆာနှိမ်နင်းရေး စကြဝဠာလက်ချောင်းသိုင်း၏ ကြီးမားလှသော ခွန်အားစွမ်းပကားများကို အထင်အရှား သက်သေပြနေခြင်းပင် ဖြစ်သည်။

ညဉ့်နက်ပိုင်း ကာလလွန်ပြီးနောက်ပိုင်းမှသာ အမွေအနှစ်လက်ခံခြင်းပြီးဆုံးခဲ့သည်။

‘ကြည့်ရတာ နတ်ဘုရားစွမ်းရည်အမွေအနှစ်နဲ့ တာအိုမျိုးဆက်အမွေအနှစ် အားလုံးက ငါ့ရဲ့ ကျင့်ကြံမှုအဆင့်အပေါ်မှာ အခြေခံထားပုံရတယ်... ဒီနတ်ဘုရားစွမ်းရည်က အတိတ်က ဘယ်အရာထက်မဆို ပိုပြီးတော့ နက်နဲဆန်းပြားသလို ပိုပြီးတော့လည်း မောက်မာဝင့်ကြွားတယ်...’

လီချင်းချိုးသည် ရင်ထဲမှ တိတ်တဆိတ် တွေးတောလိုက်ပြီ ညာလက်ကို မြှောက်လိုက်ပြီးနောက် လက်ညှိုးနှင့် လက်ခလယ်နှစ်ဖက်ကို အသာအယာ စုစည်းလိုက်လေသည်။

ထိုအခါ မူလချီစွမ်းအင်များ လက်ချောင်းနှစ်ချောင်း၏ ထိပ်ဖျားပေါ်၌ စတင် စုစည်းလာခဲ့ပြီး ၎င်းက မသေမျိုးဂူတစ်ခုလုံးကိုပင် အနည်းငယ် တုန်ခါသွားစေခဲ့သည်။

ထို့ကြောင့် လင်းချွမ်နှင့် နန်ကုန်းအာတို့ ချက်ချင်း ခေါင်လှည့်၍ သူ့အား ထိတ်လန့်တုန်လှုပ်စွာဖြင့် စိုက်ကြည့်လိုက်ကြသလို ညာလက်နောက်ကျောဘက်ရှိ တစ္ဆေနဂါးကြီးမှာလည်း ကြောက်ရွံ့ထိတ်လန့်စိတ်များဖြင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားခဲ့ရှာသည်။

လီချင်းချိုး မိစ္ဆာနှိမ်နင်းရေး စကြဝဠာလက်ညှိုးတော်ကို ဆက်လက် ထုတ်သုံးခြင်းမျိုး မပြုတော့ချေ။ အကြောင်းမူကား ဤနတ်ဘုရားစွမ်းရည်က အလွန်ပင် မောက်မာပြင်းထန်လှပြီး ၎င်း၏ ဖျက်ဆီးမှု စွမ်းအားများက ကျန်းကျောက်ရှား ရရှိခဲ့ဖူးသော ရှန်းကျယ် ဓားသုံးလက် ထက်ပင် များစွာ ပိုမို ကြောက်မက်ဖွယ်ကောင်းလှသောကြောင့်ပင်။

ဤသည်က သူ့ရဲ့ ကိုယ်ပိုင်လူသတ်တိုက်ကွက်

အသစ် ဖြစ်လာပေလိမ့်မည်။

လီချင်းချိုး လက်ကို ပြန်လည် ရုပ်သိမ်းလိုက်မှသာ မသေမျိုးဂူ၏ တုန်ခါမှုများ ရပ်တန့်သွားခဲ့ပြီး တစ္ဆေကျွန် သုံးဦး၏ ကိုယ်ပေါ်သို့ လွှမ်းမိုးထားခဲ့သော ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားကြီးလည်း ပျောက်ကွယ်သွားခဲ့လေသည်။

“မင်းတို့တွေသေချာ ကျင့်ကြံနေကျ... ငါ့ကို ဂရုစိုက်မနေနဲ့...”ဟု

မှာကြားပြီးနောက် လီချင်းချိုးက တာအိုမျိုးဆက် စနစ်မျက်နှာပြင်ကို ထပ်မံ ဖွင့်လှစ်လိုက်ပြီး ကြိုတင်သိမ်းဆည်းထားခဲ့ဖူးသော ကံကောင်းခြင်းအခွင့်အရေးကို စတင် အသုံးပြုလိုက်တော့သည်။

[ကံကောင်းခြင်း ဆုလာဘ်ကိုလက်ခံမည်]

[ကံကောင်းခြင်းကို ဖွင့်လှစ်ပါ]

[ကံကောင်းခြင်းများကို စတင်ရှာဖွေပါ]

[ကံကောင်းခြင်းကို အောင်မြင်စွာ ဖမ်းဆုပ်နိုင်ပြီ။ အဆင့်မြင့် ဝိညာဉ်အကြောတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ သင့်အနေဖြင့် ကံကောင်းခြင်း လမ်းညွှန်မှုများကို လက်ခံလိုပါသလား]

အဆင့်မြင့် ဝိညာဉ်အကြောတစ်ခု...

၎င်းက ဝိညာဉ်ကျောက်တုံးများ ထွက်ရှိမည့် တောင်တန်းကြီးတစ်ခု ဖြစ်နိုင်ပါသလား…….

ဝိညာဉ်ကျောက်တုံးများ ထွက်ရှိမည့် တောင်တန်းကြီးတစ်ခု ဖြစ်နိုင်သလား….

လီချင်းချိုး အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ချေပြီ။

ချင်းရှောင်ဂိုဏ်းသည် လက်ရှိအချိန်၌ ဝိညာဉ်ကျောက်တုံး ပမာဏများစွာ လိုအပ်နေခဲ့ခြင်း ဖြစ်သည်မဟုတ်ပါလား။

တပည့်များ ကျင့်ကြံရန်အတွက် ဝိညာဉ်ကျောက်တုံးများ လိုအပ်သလို အစီအရင်များအတွက်လည်း ဝိညာဉ်ကျောက်တုံးများ လိုအပ်ပြီး မှော်ပစ္စည်းများ သွန်းလုပ်ရာ၌လည်း ဝိညာဉ်ကျောက်တုံးများကို သုံးစွဲရစမြဲပင် ဖြစ်သည်။

နောင်အနာဂတ်၌ ကျင့်ကြံရေးဂိုဏ်းကြီးများနှင့် မဟာစစ်ပွဲ ဆင်နွှဲရသည့် အခါမျိုး၌လည်း ဝိညာဉ်ကျောက်တုံး သုံးစွဲမှု ပမာဏမှာ သေချာပေါက် ပိုမို ကြီးမားကျယ်ပြန့်လာလိမ့်မည် ဖြစ်သည်။

ဤကဲ့သို့သော ပစ္စည်းမျိုးကတော့ များလေလေ ပို၍ ကောင်းလေလေပင် မဟုတ်ပါလား….

ထို့ကြောင့် လီချင်းချိုးက ကံကောင်းခြင်း လမ်းညွှန်မှုများကို လက်ခံရန်အတွက် ချက်ချင်းပင် ရွေးချယ်လိုက်တော့သည်။

လမင်းကြီး ကွယ်ပျောက်ပြီး နေမင်းကြီး ပြန်လည် ထွက်ပေါ်လာခဲ့ပြီဖြစ်ရာ နေ့ရက်အသစ်တစ်ခုသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

လီချင်းချိုး မသေမျိုးဂူအတွင်းမှ ထွက်ခွာလာခဲ့ပြီးနောက် ဂိုဏ်းချုပ်တံဆိပ်ပြားကို ထုတ်ယူလိုက်ကာ ရွှီနင်းထံ ဆက်သွယ်လိုက်ရင်း လင်းရှောင်ဝင်းဆီသို့ ဦးတည် လျှောက်လှမ်းလာခဲ့သည်။

ကောင်းကင်နေမင်းနယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီးနောက်ပိုင်းတွင် ဝိညာဉ်အသိအာရုံမှာလည်း အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မနေ့ညက ကျောက်စိမ်းပေလွှာထက်၌ မြေပုံလမ်းကြောင်းများကို ထုဆစ်ခဲ့စဉ်တုန်းက အချိန်များစွာ ကုန်လွန်ခဲ့ခြင်းမရှိဘဲ လျင်မြန်စွာထုဆစ်နိုင်ခဲ့သည်။

ကံတရား၏ စီမံဖန်တီးမှုအရ အဆိုပါ အဆင့်မြင့်ဝိညာဉ်ကြောသည် အနောက်ဘက်တားမြစ်နယ်မြေအတွင်း၌ တည်ရှိနေခြင်း ဖြစ်သည်။ ဤအချက်က ချင်းရှောင်ဂိုဏ်းအနေဖြင့် အနောက်ဘက် တားမြစ်နယ်မြေဆီသို့ မလွဲမသွေ နယ်မြေချဲ့ထွင် လှုပ်ရှားရတော့မည်ဖြစ်ကြောင်း ညွှန်းဆိုနေပေသည်။

​လီချင်းချိုးက အထူးယုံကြည်စိတ်ချရသော ရွှီနင်းကို အဆိုပါ အဆင့်မြင့်ဝိညာဉ်ကြောအား သွားရောက်ရှာဖွေစူးစမ်းရန် စေလွှတ်ရန် ဆုံးဖြတ်လိုက်တော့သည်။

​ထိုမျှတင်မကဘဲ သူသည် ဝိညာဉ်ကြောတည်ရှိရာ နေရာတွင် နေရာကူးပြောင်းရေးအစီအရင်တစ်ခု တည်ဆောက်နိုင်ရန်အတွက်၊ လမ်းခရီးတွင် အတူတူလိုက်ပါမည့် ထူးချွန်လှသော အတွင်းစည်းတပည့်အုပ်စုတစ်စုကိုပါ စနစ်တကျ ရွေးချယ်ပေးခဲ့သေးသည်။

​သူသည် ရွှီနင်းကို အရင်ဆုံး ဆင့်ခေါ်ပြီးနောက်တွင် ဝေထျန်းရှုံးနှင့် ရွှယ်ကျင်းတို့ကိုပါ ထပ်မံ၍ ဆင့်ခေါ်လိုက်သည်။

​ဤအဆင့်မြင့်ဝိညာဉ်ကြောမှာ ဂိုဏ်းအတွက် အလွန်အမင်း အရေးပါလှသဖြင့်၊ လီချင်းချိုးအနေဖြင့် မည်သည့် အမှားအယွင်းမျိုးကိုမျှအဖြစ်ခံမည်မဟုတ်ပေ။ ထို့ကြောင့် တစ်စုံတစ်ရာ အခက်အခဲမရှိစေဘဲ အလုံးစုံ ဘေးကင်းလုံခြုံမှု ရှိစေရန်အတွက် အထူးထိပ်တန်း ကျွမ်းကျင်သူများကိုသာ ဤခရီးစဉ်အတွက် သေချာပေါက် စေလွှတ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။

All Chapters