အခန်း ၃၃၂
Vol. 34 Ch. 332
အခန်း (၃၃၂) ဥပဒေသတစ်သောင်း ဝိညာဉ်မျက်လုံး….
လီချင်းချိုး၏ အတိဒုက္ခရင်ဆိုင် အဆင့်တက်လှမ်းနိုင်ခဲ့မှုကြီးက ချင်းရှောင်ဂိုဏ်းတစ်ခုလုံးကို အလွန်ပင် စည်ကားသိုက်မြိုက်သွားစေခဲ့ရသည်။ နောင်လာမည့် ရက်များတွင် တပည့်များ လီရွှယ်တောင်ထွတ်ဆီသို့ စဉ်ဆက်မပြတ် တက်ရောက်လျက် အတိဒုက္ခများကို ရင်ဆိုင်ကျော်ဖြတ်နေခဲ့ကြပြီဖြစ်ရာ ကောင်းကင်မိုးကြိုးသံကြီးများမှာ ချင်းရှောင်ဂိုဏ်းသားများ နေ့စဉ်ရက်ဆက် ကြားနေရသော အကျွမ်းတဝင်အရှိဆုံးသော အသံကြီး ဖြစ်လာခဲ့ရတော့သည်။
နှစ်ကုန်ပိုင်းအချိန်သို့ ရောက်ရှိလာခဲ့သည့် အခါတွင်မူ ချင်းရှောင်ဂိုဏ်း၌ ဟူယန် ၊ရှောင်ဝူချင်း နှင့် ရှဲ့ရှုတို့အပါအဝင် ဝိညာဉ်အသိအာရုံအဆင့်ရှိ တပည့်သစ် ရှစ်ဦး ထပ်မံ တိုးပွားလာခဲ့ပြီ ဖြစ်သည်။
လီချင်းချိုးက အနောက်ဘက်အန္တရာယ်နယ်မြေ မသေမျိုးမြို့တော်ဆီသို့ နောက်ထပ် အတွင်းစည်းတပည့် ငါးရာကျော်ကို ထပ်မံစေလွှတ်လိုက်ပြီ ဖြစ်သည်။ တစ်ပြိုင်နက်တည်းမှာပင် တာဝန်ခန်းမ၌လည်း အနောက်ဘက် အန္တရာယ်နယ်မြေနှင့် တောင်ဘက်ပင်လယ်ပြင် နယ်မြေများဆီသို့ သွားရောက် စူးစမ်းရှာဖွေမည့် တာဝန်များကို စတင် ထုတ်ပြန်ပေးခဲ့ရာ အတွင်းစည်းတပည့် ပေါင်းတစ်ထောင်ကျော် ထိုတာဝန်များကို လက်ခံခဲ့ကြပြီဖြစ်သဖြင့် သူတို့အားလုံး နှစ်သစ်ကူးပွဲတော်အပြီးတွင် စတင် ထွက်ခွာကြတော့မည် ဖြစ်သည်။
တပည့်များအား လွတ်လပ်စွာ သွားရောက်စူးစမ်းခွင့်ပြုခြင်းကြောင့် သေကျေထိခိုက်မှုအချို့ ရှိလာနိုင်စမြဲ ဖြစ်သော်လည်း ၎င်းမှာ အထိရောက်ဆုံးသော နည်းလမ်းတစ်ခု ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေ ချင်းရှောင်ဂိုဏ်းအနေဖြင့် ပြင်ပလောကကြီးအပေါ် သိရှိနားလည်မှု ပမာဏ အလွန်ပင် နည်းပါးလှသေးသဖြင့် ဤကဲ့သို့ ဖြန့်ကျက်ရှာဖွေခြင်းကသာ အကောင်းဆုံးသော နည်းဗျူဟာ ဖြစ်ပေလိမ့်မည်။
ချင်းရှောင်ဂိုဏ်း၏ ပွင့်လင်းလှသော မူဝါဒများကြောင့် နောင်အနာဂတ်တွင် အခြားသော ကျင့်ကြံရေးဂိုဏ်းကြီးများနှင့် သေချာပေါက် ထိပ်တိုက်ကြုံတွေ့ကြရတော့မည် ဖြစ်ရာ ၎င်းက ကံကောင်းခြင်း ဖြစ်လာမည်လော သို့မဟုတ် ဘေးဒုက္ခ ဖြစ်လာမည်လောဟူသောအချက်ကိုမူ မည်သူမျှ မသိရှိနိုင်ကြသေးချေ။
လီချင်းချိုးကိုယ်တိုင်လည်း တစ်နေရာတည်း၌ အေးဆေးစွာ ပုန်းကွယ်ရင်း တိုးတက်လာစေချင်သော်လည်း လောကကြီး၏ ထောင့်စွန်းတစ်ခု၌ ပုန်းအောင်းနေရုံမျှဖြင့် မည်သို့မျှ အသုံးဝင်လိမ့်မည်မဟုတ်ပေ။
ဂိုဏ်းတစ်ခု ပိုမိုကြီးထွားလာစေရန်အတွက် ရင်းမြစ်ပစ္စည်းပေါင်းစုံ လိုအပ်လှပေရာ ဂိုဏ်း၏ ဝန်ထုပ်ဝန်ပိုးများ ကြီးမားလာခဲ့ပြီဆိုပါက ဂိုဏ်းအတွင်းပိုင်း၌ ပြဿနာများ သေချာပေါက် ဖြစ်ပေါ်လာရစမြဲ ဖြစ်သဖြင့် ပြင်ပသို့ ဦးတည်၍ နယ်မြေချဲ့ထွင်ရန်သာ ရွေးချယ်လိုက်ရခြင်း ဖြစ်ပေသည်။
ယနေ့တွင်မူ…..
မိမိအား လာရောက်နှောင့်ယှက်လေ့ရှိဖူးသော ယွင်ချိုင် ထွက်ခွာသွားခဲ့ပြီးနောက်ပိုင်းတွင် လီချင်းချိုး ပျင်းရိသလာသဖြင့် တာအိုမျိုးဆက် စနစ်မျက်နှာပြင်ကို ဖွင့်လှစ်ကြည့်ရှုလိုက်သည်။
သူ့ထံ၌ ယခုအခါ ကိုယ်ပိုင်ကံကြမ္မာကို ရွေးချယ်နိုင်မည့် အခွင့်အရေး နှစ်ကြိမ် ရှိနေခဲ့ပြီဖြစ်ရာ လောလောဆယ် တစ်ကြိမ်ကိုသာ အသုံးပြု၍ ကျန်ရှိသော တစ်ကြိမ်ကိုမူ အလွန်ပင် အစွမ်းထက်လှသော အထူးကိုယ်ပိုင်ကံကြမ္မာတစ်ခုအတွက် ကြိုတင် သိမ်းဆည်းထားရန် စီစဉ်လိုက်တော့သည်။
သူသည် ယခင်က ယွင်ချိုင်ထံမှ ‘အကြိမ်တစ်ရာသန့်စင်ခြင်း’ ကံကြမ္မာကို ကူးယူခဲ့ဖူးပြီ ဖြစ်သော်လည်း သူမ၏ ‘ဥပဒေသတစ်သောင်း ဝိညာဉ်မျက်လုံး’ အပေါ်၌မူ အခုထိ စိတ်ဝင်စားနေဆဲပင်။
ထို ‘ဥပဒေသတစ်သောင်း ဝိညာဉ်မျက်လုံး’က အလွန်ပင် ပြည့်စုံလွန်းလှပေရာ ၎င်းက ယွင်ချိုင်အား တူညီသော နယ်ပယ်အဆင့်အတွင်း၌ ပြိုင်ဘက်ကင်းလှသော ခွန်အားစွမ်းပကားများကို ပိုင်ဆိုင်စေခဲ့ခြင်း ဖြစ်သည်မဟုတ်ပါလား။
သေသေချာချာ စဉ်းစားတွက်ချက်ပြီးနောက်ပိုင်းတွင်မှ လီချင်းချိုး ၎င်းကို ကူးယူရန်အတွက် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
မိမိ၏ စစ်မှန်သော တိုက်ခိုက်ရေးစွမ်းရည်များကို မြှင့်တင်ရန်အတွက်လည်း ၎င်းမှာ သေချာပေါက် လိုအပ်သည်မဟုတ်ပါလား။
ထို့ကြောင့်ပင် ယွင်ချိုင်သည် လီချင်းချိုး၏ လက်ချက်ဖြင့် မိမိ၏ ကိုယ်ပိုင်ကံကြမ္မာအား နှစ်ကြိမ်တိုင်အောင် ကူးယူခြင်းခံခဲ့ရဖူးသော ပထမဆုံးသော လူသားတစ်ဦး ဖြစ်လာခဲ့ရှာတော့သည်။
နာရီအနည်းငယ် ကုန်လွန်သွားခဲ့ပြီးနောက်…..
‘ဥပဒေသတစ်သောင်း ဝိညာဉ်မျက်လုံး’ ကို အောင်မြင်စွာ ရရှိသွားခဲ့ပြီ ဖြစ်သဖြင့် လီချင်းချိုး မသေမျိုးဂူအတွင်းမှ လျှောက်လှမ်းထွက်လာခဲ့လေသည်။ သူ့ မျက်ဝန်းအစုံမှာ ငွေပြာရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ သူ့ မျက်စိရှေ့မှောက်ရှိ အရာခပ်သိမ်းမှာလည်း အကြီးအကျယ် ပြောင်းလဲသွားခဲ့လေပြီ။
သူသည် ဝိညာဉ်ချီစွမ်းအင်များနှင့် သစ်ပင်ပန်းမာန်များ၏ သက်စွမ်းအားများကို အထင်အရှား မြင်တွေ့နိုင်ရုံသာမက မြေပြင်ကြီးကိုပင် ဖောက်ထွင်းလျက် အောက်ခြေရှိ အခြေအနေများကိုပါ သေသေချာချာ စောင့်ကြည့်နိုင်စွမ်း ရှိနေခဲ့ပြီ ဖြစ်သည်။
ဤကဲ့သို့သော ခံစားချက်မျိုးက တကယ်ကို ဆန်းကြယ်လှပေသည်။
ယွင်ချိုင် မောက်မာဝင့်ကြွားနေခဲ့သည်မှာ မထူးဆန်းတော့ပေ။
ဤကဲ့သို့သော မျက်ဝန်းအစုံကို ပိုင်ဆိုင်ထားရသူတစ်ဦးအနေဖြင့် မည်သူကများ မောက်မာခြင်းမရှိဘဲ နေနိုင်မည်နည်း။
ဝေးကွာလှသော အရပ်ဆီသို့ မော့ကြည့်လိုက်တော့ အရွယ်အစားအမျိုးမျိုးရှိကြသော မူလချီစွမ်းအင် စုဝေးမှုကြီးများကို မြင်တွေ့လိုက်ရသည်။၎င်းတို့မှာ ချင်းရှောင်ဂိုဏ်းမှ တပည့်များပင် ဖြစ်ကြသည်။
သူသည် ဂိုဏ်းအတွင်း လှည့်လည်သွားလာနိုင်ရန်အတွက် လင်းရှောင်ဝင်းဆီသို့ ဦးတည်၍ လျှောက်လှမ်းခဲ့တော့သည်။
သူ့မျက်ဝန်းများအတွင်းရှိ ငွေပြာရောင် အရောင်အဝါများလည်း တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ပုံမှန်အခြေအနေမျိုး၌ပင် သာမန်လူသားများ မြင်တွေ့နိုင်ခြင်းမရှိသော အရာများကို မြင်တွေ့နိုင်စွမ်း ရှိသော်လည်း ဥပဒေသတစ်သောင်း ဝိညာဉ်မျက်လုံးကို အစစ်အမှန် အသက်သွင်းလိုက်မည်ဆိုပါကမူ ပိုမို ရှင်းလင်းစွာ မြင်တွေ့နိုင်မည်ဖြစ်ကာ အထူးသဖြင့် တိုက်ပွဲဝင်နေသည့် အချိန်မျိုး၌ ဖြစ်ပေသည်။
တောင်အောက်သို့ ဆင်းလာစဉ်အတွင်း လမ်းခရီးတစ်လျှောက်လုံးရှိ တပည့်များကို လှည့်လည်ကြည့်ရှုလိုက်ရာ သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ မူလချီစွမ်းအင်များနှင့် ပုန်းကွယ်နေခဲ့ကြသော လျှို့ဝှက်ခွန်အားများကိုပါ အထင်အရှား မြင်တွေ့ခဲ့ရသည်။
ဤမြင်ကွင်းက သူ့အား များစွာ အံ့အားသင့်စေခဲ့သည်။အကြောင်းမူကား တပည့်များစွာ၏ ခန္ဓာကိုယ်အတွင်း၌ လူမသိသူမသိသော လျှို့ဝှက်ခွန်အားများစွာ ပုန်းကွယ်နေကြခြင်းကြောင့် ဖြစ်ပေသည်။
၎င်းတို့အတွင်း၌ ထူးခြားလှသော မူလချီစွမ်းအင်များ ရှိနေခဲ့ကြသလိုဆန်းကြယ်လှသော တစ္ဆေသရဲပုံရိပ်များနှင့် အချို့သောသူများထံ၌မူ မိစ္ဆာစွမ်းအားများပင် ပုန်းကွယ်နေခဲ့ကြသည်မဟုတ်ပါလား။
ပြန်လည်တွေးတောကြည့်မည်ဆိုပါက ၎င်းမှာ သဘာဝကျလှပေသည်။ ကျင့်ကြံသူများသည် ပြင်ပလောက၌ အတွေ့အကြုံလေ့ကျင့်ရေးဆင်းနေခဲ့ကြစဉ်အတွင်း ကံကောင်းခြင်းအခွင့်အရေးပေါင်းစုံနှင့် ကြုံတွေ့ရလေ့ရှိကြစမြဲပင်။ သူ့မျက်စိထဲတွင်မူ ထိုတပည့်များမှာ ငယ်ရွယ်နုပျိုကြပြီး ခွန်အားအရာ၌ နိမ့်ကျနေကြသေးသော်လည်း သူတို့၏ ကိုယ်ပိုင်ဘဝဇာတ်ခုံထက်၌မူ သူတို့အားလုံးမှာ ကိုယ်ပိုင်ဘဝ၏ မင်းသား၊ မင်းသမီးများ ဖြစ်ကြပေသည်။
နယ်ပယ်အဆင့်တစ်ခုတည်းဖြင့် တပည့်တစ်ဦး၏ မူလချီစွမ်းအင်ကို တိုင်းတာရန် မဖြစ်နိုင်ကြောင်း ရှာဖွေတွေ့ရှိလိုက်သည်။အချို့သော တပည့်ငယ်များ၏ ခန္ဓာကိုယ်အတွင်းရှိ မူလချီစွမ်းအင် ပမာဏများက ပိုမိုမြင့်မားသော နယ်ပယ်အဆင့်ရှိ တပည့်ကြီးများထက်ပင် များစွာ ကြီးမားကျယ်ပြန့်နေခဲ့သောကြောင့် ဖြစ်ပေသည်။
လီချင်းချိုး တပည့်များအား လေ့လာစောင့်ကြည့်နေခဲ့သည့် ထိုအချိန်အတောအတွင်း သူ့ကို မြင်တွေ့လိုက်ကြရသော တပည့်များအားလုံးမှာလည်း အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့ကြသည်။
ထိုအတိဒုက္ခရင်ဆိုင်မှုကြီး ပြီးဆုံးသွားခဲ့ပြီးနောက်ပိုင်းတွင် လီချင်းချိုးကို တပည့်များအားလုံးက မသေမျိုးနတ်မင်းကြီးတစ်ပါး လူဝင်စားလာခဲ့ခြင်း ဖြစ်ရမည်ဟု အပြည့်အဝ သတ်မှတ်ထားခဲ့ကြပြီဖြစ်ကာ မူလဘိုးဘေးနတ်မင်းကြီး ငါးပါးဟူသည်မှာလည်း ဂိုဏ်းချုပ်၏ ကိုယ်ပွားပုံရိပ်များ ဖြစ်ကြရမည်ဟု ယုံကြည်ထားလိုက်ကြတော့သည်။
ဤကဲ့သို့သော ရှုမြင်ချက်များမှာ ဂိုဏ်းအတွင်း၌ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့ရုံတင်မက ရွှမ်မင်းဆက်တစ်ခုလုံးဆီသို့ပါ ဦးတည်၍ ပြန့်နှံ့သွားခဲ့ပြီ ဖြစ်၏။
ထို့ကြောင့်ပင် လီချင်းချိုး ရောက်ရှိသွားခဲ့သည့် အရပ်တိုင်း၌ ကြီးမားလှသော ဆူညံမှုများ ဖြစ်ပေါ်လာရစမြဲပင် ဖြစ်သည်။
ညနေစောင်းအချိန်သို့ ရောက်ရှိလာသောအခါမှသာ လီချင်းချိုး လင်းရှောင်ဝင်းဆီသို့ ပြန်လည်ရောက်ရှိလာခဲ့တော့သည်။
ဥပဒေသတစ်သောင်း ဝိညာဉ်မျက်လုံးများက သူ့အား လုံးဝဆန်းသစ်သော ပျော်ရွှင်မှုဆိုင်ရာ ခံစားချက်များကို ပေးစွမ်းနိုင်ခဲ့သည်။
သူတစ်ပါးကို ဤကဲ့သို့ လေ့လာစောင့်ကြည့်ရခြင်းမှာတကယ်ကို ကောင်းမွန်လှသော အရာတစ်ခု မဟုတ်ပါလား။
ယခုအခါ သူသည် တိုက်ပွဲဝင်နေသည့် အချိန်မျိုး၌ ဥပဒေသတစ်သောင်း ဝိညာဉ်မျက်လုံး၏ အစစ်အမှန် စွမ်းပကားများကို စမ်းသပ်နိုင်ရန်အတွက် လက်ရည်စမ်းမည့် လူသားတစ်ဦးကို ရှာဖွေလိုနေသည်။
တကယ်တော့ ရင်ထဲ၌ ကြိုတင် ရွေးချယ်ထားပြီးသား လူသားတစ်ဦး ရှိပြီးသားပင်။
၎င်းမှာ... ယွင်ချိုင်ပင် ဖြစ်၏။
ဥပဒေသတစ်သောင်း ဝိညာဉ်မျက်လုံးနှင့် ဥပဒေသတစ်သောင်း ဝိညာဉ်မျက်လုံးတို့ ထိပ်တိုက်တွေ့ကြမည့် ပြိုင်ပွဲမှာ သေချာပေါက် များစွာ စည်ကားသိုက်မြိုက်ပေလိမ့်မည်။
ထိုအလားအလာများကို တွေးတောမိလိုက်ရသဖြင့် လီချင်းချိုး၏ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်ထွက်လာလေသည်။
သူသည် ယွင်ချိုင်ကို သွားရောက်၍ စနောက်လိုစိတ်များဖြင့် အနည်းငယ် စိတ်မရှည်သလို ဖြစ်နေသော်လည်း ယခုအခါ အချိန်နှောင်းနေခဲ့ပြီဖြစ်သဖြင့် မနက်ဖြန်ကျမှသာ သွားရောက်ရန် ဆုံးဖြတ်လိုက်တော့သည်။
ခြံဝင်းအတွင်းသို့ ဝင်ရောက်လာခဲ့သည့်အခါ ရှောင်ဝူချင်း၏ ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။
ရှောင်ဝူချင်းက စားပွဲရှည် ရှေ့တွင်ရပ်လျက် စာအုပ်တစ်အုပ်ကို လက်ထဲ၌ ကိုင်ဆောင်ထားခြင်း ဖြစ်သည်။ ခြေသံများကို ကြသားလိုက်ရသဖြင့် ခေါင်းလှည့် မကြည့်ဘဲ မနေနိုင်ခဲ့ချေ။
ရောက်လာသူမှာ လီချင်းချိုးဖြစ်ကြောင်း မြင်တွေ့လိုက်ရသောအခါမှသာ သူ ချက်ချင်းပင် ပြုံးလိုက်ရင်း ရှေ့သို့ လျှောက်လှမ်းလာခဲ့ပြီး အရိုအသေပေးလိုက်လေသည်။
“ဂိုဏ်းချုပ်...ငှက်နီသွေးအကြောင်း ဟယ်ကျင်းရှုရဲ့ လေ့လာစမ်းသပ်မှုတွေ တိုးတက်မှုအသစ်တွေ ရရှိထားခဲ့ပြီ..”
ရှောင်ဝူချင်းက အလွန်ပင် စိတ်လှုပ်ရှားတက်ကြွနေသော လေသံဖြင့် တင်ပြလိုက်သည်။
ထိုစကားကို ကြားရသောအခါ လီချင်းချိုးက မျက်ခုံးကို အသာပင့်လိုက်ပြီးမေးမြန်းလိုက်သည်။
“သူ့ဆီမှာ ငှက်နီသွေးကို ကိုယ်တိုင်ဖန်တီးနိုင်မည့် နည်းလမ်း ရှိသွားပြီလား..”
ငှက်နီသွေးဟူသည်မှာ အတိတ်တုန်းက ကျန်းဖိန်၏ ပါရမီကို များစွာ မြင့်မားလာအောင် ကူညီပေးခဲ့ဖူးသော အရာဖြစ်သဖြင့် လီချင်းချိုး ထိုအကြောင်းကို ရင်ထဲ၌ အမြဲတမ်း မှတ်သားထားခဲ့ဖူးခြင်း ဖြစ်ပေသည်။
ထို့ကြောင့်ပင် ဟယ်ကျင်းရှု လေ့လာစမ်းသပ်နိုင်ရန်အတွက် ကျန်းဖိန်ကို သွေးအချို့ ပေးအပ်စေခဲ့ခြင်း ဖြစ်သည်။
ဟယ်ကျင်းရှုက အလွန်ပင် ရူးမိုက်လှသော ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် ကျန်းဖိန် ကြောက်လန့်တုန်လှုပ်ပြီး ထွက်ပြေးမသွားစေရန်အတွက် ဟယ်ကျင်းရှုအား ကျန်းဖိန်နှင့် တိုက်ရိုက်ထိတွေ့ခြင်း မပြုရန် ပြင်းပြင်းထန်ထန် ပိတ်ပင်ထားခဲ့ရ ဖြစ်သည်။
ကျန်းဖိန်သည်လည်း မူလက ဤကိစ္စရပ်အပေါ် စိုးရိမ်ပူပန်မှုအချို့ ရှိနေခဲ့သော်လည်း လီချင်းချိုးကို အပြည့်အဝ ယုံကြည်ထားသူဖြစ်သဖြင့် သဘောတူညီခဲ့ခြင်း ဖြစ်ပေသည်။
နောင်တွင် မည်သူမျှ မိမိထံသို့ လာရောက်၍ ပြဿနာရှာခြင်းမပြုကြတော့သည်ကို မြင်တွေ့ရသောအခါမှသာ သူသည်လည်း အပြည့်အဝ စိတ်အေးသွားခဲ့ရရှာတော့သည်။
“သူက ငရဲချီလင်ရဲ့ သွေးတွေကို အသုံးပြုပြီးတော့ လူသားတစ်ယောက်ရဲ့ အရိုးအဆစ်တွေနဲ့ ကြွက်သားတွေကို သန်မာလာစေနိုင်မယ့် ဆေးရည်တစ်မျိုးကို သန့်စင်ဖန်တီးနိုင်ခဲ့တယ်...ဒီဆေးရည်က လူတစ်ယောက်ရဲ့ ကျင့်ကြံရေးပါရမီကို မြင့်မားလာစေနိုင်မလားဆိုတဲ့ အချက်ကိုတော့ ပြောရခက်သေးပေမယ့် သေချာပေါက် တစ်စုံတစ်ခုသော အကျိုးသက်ရောက်မှုတွေ ရှိတာကတော့ အမှန်ပါပဲ...” ဟု ရှောင်ဝူချင်းက ပြန်လည်ဖြေကြားလိုက်သည်။
လီချင်းချိုးက ငရဲချီလင်၏ သွေးများကို အသုံးပြုမည့် ကိစ္စအပေါ် ကြိုတင် သဘောတူညီပေးခဲ့ဖူးခြင်း ဖြစ်ပေသည်။ ငရဲချီလင်သည်လည်း ဟယ်ကျင်းရှု၏ ကူညီပံ့ပိုးပေးမှုများကြောင့်သာ ခြေလက်အင်္ဂါများ ပြန်လည် ရရှိခဲ့ဖူးသူ ဖြစ်သဖြင့် ၎င်းသည်လည်း ဟယ်ကျင်းရှုကို ကူညီပေးရန်အတွက် စိတ်အားထက်သန်နေသည်။
၎င်းကိုယ်တိုင်က သဘောတူညီခဲ့ပြီးဖြစ်ရာ လီချင်းချိုးအနေဖြင့်လည်း ငြင်းပယ်နေရန် အကြောင်းမရှိတော့ချေ။
လီချင်းချိုး အလေးအနက်ထားဆုံးသောအရာမှာ မိမိ၏ ဂျူနီယာညီငယ်၊ ညီမငယ်များသာ ဖြစ်ကြပေသည်။ သူသည် သူတို့၏ ပါရမီများကို မြင့်မားလာစေနိုင်မည့် နည်းလမ်းပေါင်းစုံကို အသည်းအသန် လိုအပ်နေခြင်းဖြစ်ပြီး သူတို့နှင့် ရင်ခွဲနာကျလျက် သေကွဲကွဲရမည့် နေ့ရက်မျိုးနှင့် ဘယ်သောအခါမှ မကြုံတွေ့လိုသောကြောင့်ပင်။
“မနက်ဖန်... မဟုတ်ဘူး အခုချက်ချင်း ဟယ်ကျင်းရှုကို ခေါ်သွားပေးစမ်းပါ...” ဟု လီချင်းချိုးက လေးနက်တည်ကြည်စွာဖြင့် မှာကြားလိုက်တော့ ရှောင်ဝူချင်း ခေါင်းညိတ်ပြလိုက်ရင်း ချက်ချင်းပင် လမ်းပြပေးခဲ့ပြီဖြစ်ရာ သူတို့နှစ်ဦးစလုံးမှာ လင်းရှောင်ဝင်းအတွင်းမှ လျင်မြန်စွာဖြင့် ထွက်ခွာသွားခဲ့ကြသည်။
ဆည်းဆာအချိန်တွင်…..
တောင်စောင်းတစ်ခုပေါ်တွင် လူနှစ်ဦး ရှေ့ဆီသို့ ဆက်လက်၍ ချီတက်နေခဲ့ကြသည်။ ထွက်ပေါ်လာခဲ့သော နေရောင်ခြည်တန်းများမှာလည်း သူတို့၏ ကိုယ်ပေါ်သို့ အလိုက်သင့် ကျရောက်နေခဲ့သည်။
ရှေ့မှ ဦးဆောင်လျက် လျှောက်လှမ်းနေခဲ့သူမှာ အခြားသူမဟုတ်ဘဲ ရှန်ယွဲ့ပင် ဖြစ်၏။ သူသည် ဝတ်စုံနက်ကို ပြောင်းလဲဝတ်ဆင်ထားခဲ့ပြီဖြစ်ကာ ခမောက်တစ်ခုကို ဆောင်းထားဆဲ ဖြစ်သော်လည်း သူ့မျက်နှာထက်၌မူ ရာသီဥတုဒဏ်များကြောင့် ရင့်ကျက်မှုများ ပြည့်နှက်နေခဲ့ပြီဖြစ်ပြီး ခါးထက်၌လည်း နောက်ထပ် ဓားနှစ်လက်ကို ထပ်မံ ချိတ်ဆွဲထားသည်။
ရှန်ယွဲ့၏ လက်တစ်ဖက်ထက်၌ သံကြိုးတစ်ချောင်းကို ပတ်ထားပြီး ထိုသံကြိုးက သူ့နောက်ကွယ်မှ အမျိုးသားတစ်ဦးနှင့် ဆက်နွှယ်နေခဲ့ခြင်း ဖြစ်ပေသည်။
ထိုအမျိုးသား ဝတ်ဆင်ထားသော ဝတ်စုံများမှာ စုတ်ပြဲနေပြီး ဆံပင်များမှာလည်း ဖရိုဖရဲ ဖြစ်နေခဲ့ရုံတင်မက ခန္ဓာကိုယ်တစ်ခုလုံး၌လည်း ဒဏ်ရာပေါင်းစုံ ပြည့်နှက်နေခဲ့ရှာကာ လက်နှစ်ဖက်စလုံးမှာလည်း သံကြိုးဖြင့် တင်းကြပ်စွာ ချည်နှောင်ခြင်း ခံထားရရှာသည်။ သူသည် ယိုင်ထိုးလျက် ရှေ့သို့ လျှောက်လှမ်းနေခြင်းဖြစ်ပြီး ဘယ်အချိန်မဆို မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့မည့်အလားပင်။
ရှန်ယွဲ့ မိမိ၏ တာဝန်ကို ထမ်းဆောင်ရန်အတွက် ပြင်ပသို့ ထွက်ခွာလာခဲ့သည်မှာ သုံးနှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ သူ ယင်အိမ်တော်ဆီသို့ ရောက်ရှိခဲ့ဖူးသော်လည်း ယင်ကျင်းထျန်း၏ ပုံရိပ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိချေ။
သို့သော်လည်း လက်လျှော့ခဲ့ခြင်းမရှိဘဲ ဝမ့်ယင်းဂိုဏ်း၏ အခြေအနေများကို စတင် စုံစမ်းစစ်ဆေးခဲ့ခြင်း ဖြစ်ပေသည်။
သူ ဖမ်းဆီးခေါ်ဆောင်လာခဲ့သော ထိုလူသားမှာ ဝမ့်ယင်းဂိုဏ်းမှ ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
ထိုကျင့်ကြံသူ၏ လမ်းညွှန်မှုများကြောင့် ဝမ့်ယင်းဂိုဏ်း ပိုင်ဆိုင်ထားခဲ့သော ဝိညာဉ်သတ္တုတွင်းတစ်ခုဆီသို့ ရှန်ယွဲ့ ဦးတည် ချီတက်နေခဲ့ခြင်း ဖြစ်သည်။
သူ စုံစမ်းသိရှိရသလောက်ဆိုလျှင် ဝမ့်ယင်းဂိုဏ်းသည် လောကီလူသားများကို ဖမ်းဆီး၍ သတ္တုတူးဖော်ခိုင်းရသည်ကို များစွာ သဘောကျတတ်ကြကြောင်း သိခဲ့ရသည်။ သူတို့သည် လူသားများကို ဖမ်းဆီးသည့် အခါမျိုး၌ မည်သို့သော စည်းကမ်းသတ်မှတ်ချက်မျိုးမျှ ရှိမနေခဲ့ကြဘဲ အသက် ခုနစ်ဆယ်၊ ရှစ်ဆယ်အရွယ်ရှိပြီဖြစ်သော အဘိုးအိုများမှစ၍ အသက် နှစ်နှစ်၊ သုံးနှစ်အရွယ်ရှိသေးသော ကလေးငယ်များအထိ အားလုံးကို ဖမ်းဆီးခေါ်ဆောင်သွားလေ့ရှိကြစမြဲပင်။
ဖမ်းဆီးခြင်းခံရသော လူသားမျာ အလုပ်လုပ်နိုင်စွမ်း ခွန်အားများ ဆိတ်သုဉ်းသွားခဲ့ရပြီဆိုပါကလည်း ဝမ့်ယင်းဂိုဏ်းက ထိုသူတို့ကို မိစ္ဆာတစ္ဆေများကို အစာအဖြစ် တိုက်ရိုက်ကျွေးမွေးလေ့ရှိကြသည်။ သူတို့၏ နည်းလမ်းများမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်လှပေသည်။
အကယ်၍ ယင်ကျင်းထျန်းသာ အသက်ရှင်နေဦးမည်ဆိုပါက သေချာပေါက် ဝမ့်ယင်းဂိုဏ်း၏ ဝိညာဉ်သတ္တုတွင်းတစ်ခုခုတွင် ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရပေလိမ့်မည်ဟု ယူဆထားသည်။ ထို့ကြောင့် ဝမ့်ယင်းဂိုဏ်းမှ တပည့်တစ်ဦးကို ဖမ်းဆီးပြီး အပြင်းအထန် စစ်ဆေးမေးမြန်းခဲ့ကာ ဝိညာဉ်သတ္တုတွင်းများ၏ တည်နေရာကို စတင်ရှာဖွေခဲ့ခြင်း ဖြစ်သည်။
သူသည် ယခင်က ဝိညာဉ်သတ္တုတွင်း နှစ်ခုဆီသို့ သွားရောက်ရှာဖွေခဲ့ဖူးပြီ ဖြစ်သော်လည်း ထိုနေရာများ၌ အသက် နှစ်နှစ်၊ သုံးနှစ်အရွယ်ရှိသော ကလေးငယ်များ၏ ပုံရိပ်ကို မြင်တွေ့ခဲ့ခြင်း မရှိချေ။
လမ်းခရီးတစ်လျှောက်လုံး၌ မိမိ မြင်တွေ့ခဲ့ရဖူးသမျှ အရာအားလုံးက သူ့အား ဝမ့်ယင်းဂိုဏ်း၏ ယုတ်ညံ့လှသော စရိုက်လက္ခဏာများကို ပိုမို နက်နဲစွာ သိရှိနားလည်သွားစေခဲ့သည်။
စစ်မှန်သော မိစ္ဆာလမ်းစဉ်ဟူသည်မှာ လူသားချင်းစာနာထောက်ထားမှုများ လုံးဝ ဆိတ်သုဉ်းနေခဲ့ကြခြင်းဖြစ်ပြီး ဇွတ်တရုတ် လုပ်ဆောင်တတ်ကြစမြဲဖြစ်ကာ အလွန်ပင် ခွန်အားကြီးမားလှကြပေသည်။
မိမိ၏ လက်ရှိခွန်အားစွမ်းရည်များဖြင့်ဆိုလျှင် သူသည် ဝမ့်ယင်းဂိုဏ်းတစ်ခုလုံး တုန်လှုပ်သွားစေရန်အတွက် မည်သို့မှ မတတ်နိုင်စွမ်းသေးချေ။ သူသည် ထိုဝေဒနာခံစားနေကြရရှာသော လူသားများကို ကယ်တင်နိုင်စွမ်းမရှိသဖြင့် မိမိ၏ ကိုယ်ပိုင်တာဝန်အပေါ်၌သာ အပြည့်အဝ အာရုံစိုက်လျက် လျှို့ဝှက်စွာဖြင့် ယင်ကျင်းထျန်းကိုသာ ရှာဖွေနေခဲ့ရသည်။
“အခုလိုရှာဖွေနေတာက... ပင်လယ်ပြင်ထဲမှာ အပ်ရှာနေတာနဲ့ ဘာမှမထူးဘူး... ခင်ဗျား ဘာဖြစ်လို့ ဒီလောက်အထိ ဒုက္ခခံနေရတာလဲ...”
ဖမ်းခံထားရသော ဝမ့်ယင်းဂိုဏ်းတပည့်က စကားဆိုလိုက်ခြင်းဖြစ်ပြီး သူ့လေသံမှာ အလွန်ပင် ပျော့ခွေလျက် ခွန်အားမဲ့နေခဲ့သည်။
ရှန်ယွဲ့ကမူ မည်သို့သော ပြန်လည်ဖြေကြားမှုကိုမှ မပြုလုပ်ဘဲ ရှေ့ဆီသို့သာ ဆက်လက် လျှောက်လှမ်းနေခဲ့သည်။
သူ့အကြည့်များ ကျရောက်ရာ အရပ်မျက်နှာဆီသို့ လှမ်း၍ ကြည့်ရှုလိုက်မည်ဆိုပါက တောင်စောင်း၏ အောက်ခြေတွင် ဆိတ်သုဉ်းခြောက်ကပ်လှသော မြေရိုင်းပြင်ကြီးတစ်ခု ရှိနေပြီး
ကျောက်ဆောင်များစွာဖြင့် ပြည့်နှက်နေကာ မည်သည့်သစ်ပင်ပန်းမာန်ကိုမှ မြင်တွေ့ရခြင်း မရှိချေ။
ထိုခြောက်ကပ်လှသော မြင်ကွင်းကြီးက ကမ္ဘာမြေ၏ အဆုံးစွန်အထိ တည်ရှိနေခဲ့သည်မဟုတ်ပါလား။
ရှန်ယွဲ့ မျက်မှောင်ကြုံ့လိုက်မိသည်။
ဤနယ်မြေအတွင်းရှိ ဝိညာဉ်ချီစွမ်းအင် ပမာဏမှာ အလွန်ပင် နည်းပါးလွန်းလှသဖြင့် ၎င်းမှာ ဝိညာဉ်သတ္တုတွင်း ရှိနေနိုင်မည့် နေရာတစ်ခုနှင့် မတူသလို ခံစားနေရသည်။
ရှန်ယြွဲ ခေါင်းလှည့်၍ ဝမ့်ယင်းဂိုဏ်းတပည့်ကို လှမ်းကြည့်လိုက်ပြီးနောက် မေးမြန်းလိုက်သည်။
“မင်း သေချာလို့လား... မင်း ငါ့ကို လမ်းမှားအောင် ခေါ်လာခဲ့တာမဟုတ်ဘူးလား...”
ဝမ့်ယင်းဂိုဏ်းတပည့်မှာ ရှန်ယွဲ့၏ အကြည့်များကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားခဲ့ပြီး အလျင်အမြန်ပင် ပြန်လည်ဖြေကြားလိုက်လေသည်။
“လမ်းမမှားပါဘူး... ကျွန်တော် လွန်ခဲ့တဲ့ ရှစ်နှစ်တုန်းက ဒီနေရာကို ရောက်ဖူးတာပါ... ဒါပေမဲ့ နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီဖြစ်လို့ ဖြစ်နိုင်တာက ဒီနေရာမှာ အပြောင်းအလဲအချို့ ရှိနေခဲ့တာ ဖြစ်လိမ့်မယ်... ဝမ့်ယင်းဂိုဏ်းက အစွမ်းထက်တာ မှန်ပေမယ့်လည်း ကျွန်တော်တို့မှာ ရန်သူတွေ အများကြီး ရှိနေခဲ့တာလေ... ကျွန်တော်တို့တွေက အခြားဂိုဏ်းတွေကို သွားပြီး တိုက်ခိုက်သလိုမျိုး အခြားဂိုဏ်းတွေကလည်း ကျွန်တော်တို့ကို ပြန်ပြီး လာရောက်တိုက်ခိုက်လေ့ ရှိကြတာပဲ...”
တစ်ဖက်လူက အလွန်ပင် ပြာပြာသလဲ စိုးရိမ်တုန်လှုပ်နေသည်ကို မြင်တွေ့လိုက်ရသောအခါမှသာ ရှန်ယွဲ့သည်လည်း ထိုသူ လိမ်လည်ပြောဆိုနေခြင်း မဟုတ်ကြောင်း သဘောပေါက်သွားခဲ့သည်။
ရှန်ယွဲ့အနေဖြင့် အရပ်မျက်နှာ ပြောင်းလဲရမည်လောဟူသည့်အချက်အပေါ် ဝေခွဲမရ ဖြစ်နေခဲ့သည့် ထိုခဏ၌ အရှေ့ဘက် ထွက်ပေါ်လာခဲ့သော ကြီးမားလှသော ဓားဆန္ဒတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်သည်။ ၎င်းမှာ အလွန်ပင် ဝေဝါးလှသော်လည်း သေချာပေါက် တည်ရှိနေခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ချက်ချင်းပင် လေထဲသို့ ခုန်တက်လိုက်ပြီးနောက် ဓားပျံစီးနင်းလိုက်သဖြင့် ဝမ့်ယင်းဂိုဏ်းတပည့်မှာလည်း ၎င်း၏နောက်မှနေ လေထုထဲသို့ အသည်းအသန် ဆွဲခေါ်ခြင်း ခံလိုက်ရရှာသဖြင့် ခေါင်းများပင် မူးနောက်၍ သတိလစ်လုနီးပါးအထိ ဖြစ်သွားခဲ့သည်။
ခန္ဓာကိုယ်ထက်၌ ကြီးမားလှသော ဝေဒနာများကို ခံစားနေရရှာသော်လည်း ဝမ့်ယင်းဂိုဏ်းတပည့်မှာ မည်သည့်အသံကိုမှ ထွက်ပေါ်စေရန် မဝံ့ရဲခဲ့ချေ။မည်သို့ပင်ဆိုစေ ရှန်ယွဲ့၏ ပြင်းထန်လှသော နည်းလမ်းများကို ကောင်းစွာ သိရှိနားလည်ထားပြီးသား ဖြစ်သောကြောင့်ပင်။
မိုင်ပေါင်းတစ်ရာခန့် ဖြတ်သန်းပျံသန်းပြီးနောက်ပိုင်းတွင် ရှန်ယွဲ့ မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်လိုက်လေသည်။
ဘုန်း…..
ဝမ့်ယင်းဂိုဏ်းတပည့်၏ ခန္ဓာကိုယ်မှာ တောင်ပေါ်မြေပြင်ထက်သို့ ပြင်းထန်စွာ ပြုတ်ကျသွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ဆတ်ဆတ်ခါ တုန်ယင်နေသည်။
သွေးများအိုင်ထွန်းနေအောင် သူ့ ခန္ဓာကိုယ်အောက်ခြေမှ စီးဆင်းလာခဲ့ပြီး ခဏမျှ လှုပ်ရှားပြီးနောက်တွင် လုံးဝ သတိလစ်မေ့မြောသွားခဲ့လေသည်။
ရှန်ယွဲ့ကတော့ အရှေ့ဘက်က တောင်စောင်းခြေဆီသို့သာ လှမ်း ကြည့်လိုက်သည်။ထိုအခါ ကျောက်ချပ်တချပ်၏ ရှေ့တွင် ကျောက်သားဓားတစ်လက် ရှိနေခဲ့ပြီး ၎င်းမှာ ထုဆစ်ထားခြင်းသလိုထင်ရသော်လည်း ၎င်း၏ အတွင်း၌ ပြည့်နှက်နေသော ဓားဆန္ဒများကို အထင်အရှား အာရုံခံနေရသည်။
သူသည် လက်ထဲရှိ သံကြိုးကို လွှတ်လိုက်ပြီးနောက် ထိုကျောက်သားဓားဆီသို့ ဦးတည်၍ လျှောက်လှမ်းသွားခဲ့တော့သည်။
‘ဘာဖြစ်လို့ ဒီနေရာမှာ ဒီလိုဓားတစ်လက် ရှိနေရတာလဲ... ဝမ့်ယင်းဂိုဏ်းက ချန်ထားခဲ့တာလား...’
ရှန်ယွဲ့ နားမလည်နိုင်စွာဖြင့် တွေးတောနေချေပြီ။ သူသည် ဝိညာဉ်အသိအာရုံကို ဘေးပတ်ပတ်လည်သို့ ဖြန့်ကျက်လိုက်ပြီးနောက် မည်သည့် လျှို့ဝှက်တိုက်ခိုက်မှုမျိုးမှ ရှိမနေခဲ့ကြောင်း သေချာစေခဲ့ပြီးမှသာ လက်လှမ်း၍ ထိုကျောက်သားဓားကို ဆုပ်ကိုင်ရန် ပြင်လိုက်သည်။
ထိုကျောက်သားဓားကို ဆုပ်ကိုင်လိုက်သည့် ထိုခဏ၌ ထိုကျောက်သားဓားမှာ အလွန်ပင် လေးလံပြီး အင်မတန် မာကျောလှကြောင်း အာရုံခံမိလိုက်သည်။
ရှိသမျှသော ခွန်အားအားလုံးကို အသုံးချလိုက်သည့်တိုင်အောင် ထိုကျောက်သားဓားကို မြေပြင်ပေါ်မှ ဆွဲထုတ်နိုင်စွမ်း လုံးဝ မရှိခဲ့ချေ။
ထို့ကြောင့် ကိုယ်ပိုင်ဓားဆန္ဒများကိုပါ ၎င်းအတွင်းသို့ သေချာပေါက် ထည့်သွင်းရပေမည်။
ဝုန်းးးးးး
ထိုစဉ် မြေပြင် ပြင်းထန်စွာ လှုပ်ခါလာပြီး ရှန်ယွဲ့က လက်တစ်ဖက်ဖြင့် ထိုကျောက်သားဓားကို တင်းတင်းဆုပ်ကိုင်ထားကာခန္ဓာကိုယ်မှာ အောက်သို့ နိမ့်ကျလျက် ခြေဖဝါးနှစ်ဖက်စလုံးဖြင့် အားပြုထားခဲ့သော်လည်း ထိုကျောက်သားဓားကို အနည်းငယ်မျှပင် လှုပ်ရှားအောင် လုပ်ဆောင်နိုင်စွမ်း မရှိခဲ့သဖြင့် ပို၍ပင် တွေးရခက်လာသည်။
“မင်းရဲ့ ဓားဆန္ဒက မဆိုးဘူးပဲ... ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ မင့်ရဲ့ ကျင့်ကြံမှုအဆင့်ကတော့ အလွန် နိမ့်ကျလွန်းနေသေးတယ်...”
အေးစက်လှသော စကားသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သဖြင့် ၎င်းက ရှန်ယွဲ့အား များစွာ ထိတ်လန့်သွားစေခဲ့သည်။ သူ မော့ကြည့်လိုက်သည့် အခါတွင်မူ အရှေ့ဘက်က တောင်စောင်းပေါ်တွင် ဝတ်စုံဖြူနှင့် အမျိုးသားတစ်ဦး မည်သည့်အချိန်ကတည်းက ရောက်ရှိနေခဲ့မှန်းမသိဘဲ ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။
ထိုလူသားသည် ငယ်ရွယ်နုပျိုပြီး ခန့်ညားလှသော မျက်နှာထားကို ပိုင်ဆိုင်ထားသော်လည်း
ဆံပင်တွေဖြူဖွေးနေကာ ခန္ဓာကိုယ်ထက်ရှိ ဝတ်စုံများမှာလည်း မည်သည့်ဖုန်မှုန့်မျှ မရှိဘဲ စင်ကြယ်နေခဲ့ကာ လောကီပြင်ပမှ ရောက်ရှိလာခဲ့သော မသေမျိုးတစ်ပါးအလား အရှိန်အဝါများကို ပိုင်ဆိုင်ထားသည်။
ရှန်ယွဲ့ လက်ကို ပြန်လည်၍ ရုပ်သိမ်းလိုက်ပြီးနောက် ထိုဝတ်စုံဖြူနှင့် အမျိုးသားကို စိုက်ကြည့်လိုက်ရင်း….
”နောင်ကြီက ဘယ်သူများလဲ ဝမ့်ယင်းဂိုဏ်းနဲ့ ဘယ်လိုမျိုး ဆက်ဆံရေးမျိုး ရှိနေလို့လဲ...”
ဝတ်စုံဖြူနှင့် အမျိုးသားက ရှန်ယွဲ့ကို အေးစက်လှသော အကြည့်များဖြင့် ငုံ့ကြည့်လိုက်ရင်း….
“အဲဒီမေးခွန်းက မင်းကို ပြန်မေးရမယ့် မေးခွန်း...”
ရှန်ယွဲ့ ပြန်လည် ဖြေကြားရန် ပြင်လိုက်သည့် ထိုခဏ၌ပင် တောင်စောင်းထက်မှနေ၍ လွှမ်းမိုးလာခဲ့သော အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသော ခွန်အားစွမ်းပကားကြီးတစ်ခုကို ရုတ်တရက် အာရုံခံလိုက်သည်။
ဤအခြေအနေကို မတုံ့ပြန်နိုင်သေးမီ အချိန်အတွင်းမှာပင် လောကကြီးတစ်ခုလုံး အကြီးအကျယ် ပြောင်းလဲသွားခဲ့ရလေပြီ။
ကောင်းကင်ယံကြီး မှောင်မိုက်သွားခဲ့ပြီဖြစ်ပြီး ဘေးပတ်ပတ်လည်၌လည်း ရှည်လျားလှသော ဓားမြောက်မြားစွာ ပေါ်ထွက်လာခဲ့ကြပြီဖြစ်ကာ အားလုံးမှာ မြေပြင်ပေါ်သို့ ထိုးစိုက်ခြင်း ခံထားကြသည်။
ရှန်ယွဲ့ မျက်စိတစ်ဆုံးအထိ လှည့်လည်ကြည့်ရှုလိုက်ရာ အရပ်မျက်နှာအသီးသီး၌ ဓားများဖြင့်သာ ပြည့်နှက်နေသည်။
ရှန်ယွဲ့၏လက်ရှိအခြေနေမှာ မရေမတွက်နိုင်သော ရှေးဟောင်းဓားပေါင်းစုံ မြှုပ်နှံခြင်း ခံထားရသော မြေရိုင်းလွင်ပြင်ကြီးတစ်ခုအပေါ်သို့ ရောက်ရှိသွားခဲ့ရသည့်အလား ရှိနေသည်။
ရှန်ယွဲ့ ခေါင်းလှည့်၍ ဝတ်စုံဖြူနှင့် အမျိုးသားကို ရှာဖွေလိုက်သော်လည်း ထိုဝတ်စုံဖြူနှင့် အမျိုးသား၏ ပုံရိပ်မှာမ ယခုအခါ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကြောင်းကို အံ့ဩဖွယ်ရာ ရှာဖွေတွေ့ရှိလိုက်ရရှာသည်။