အခန်း ၃၃၄
Vol. 34 Ch. 334
အခန်း (၃၃၄ ) လီချင်းချိုး၏ မျက်ဝန်းအစုံ..….
ယွင်ချိုင်သည် လီချင်းချိုးနှင့် ကျန်ယွင်ကွီတို့၏ စကားပြောဆိုမှုကို ဘေးမှနားထောင်ရင်း စိတ်ထဲတွင် ဝေခွဲမရဘဲ ဇဝေဇဝါ ဖြစ်နေမိသည်။
'တခြားကျင့်ကြံရေးဂိုဏ်းတွေနဲ့ စစ်ပွဲဖြစ်ရင် ဒီကောင်လေးကို လိုအပ်မယ်…. ပြီးတော့ ပိုဆန်းတာက ဒီကောင်လေးကပါ အလိုလို ယုံကြည်မှုတွေ လွန်ကဲနေတာပဲ'
ကျန်ယွင်ကွီ၏ ကတိကဝတ်စကားကို ကြားပြီးနောက် လီချင်းချိုးက သူ့ကို အားပေးစကား အနည်းငယ် ထပ်မံပြောကြားလိုက်သည်။ ထို့နောက် သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပေလွှာ ငါးခုကို ထုတ်ယူကာ လေ့လာဆန်းစစ်ရန်အတွက် ပေးအပ်ခဲ့သည်။
ကျန်ယွင်ကွီသည် ကျောက်စိမ်းပေလွှာများကို လက်ခံရရှိပြီးနောက် မတ်တတ်ရပ်ကာ လီချင်းချိုးကို ဂါရဝပြလိုက်သည်။ ထို့နောက် ယွင်ချိုင်ကိုပါ ဂါရဝပြု၍ လှည့်ထွက်သွားခဲ့တော့သည်။
လီချင်းချိုးက ထွက်ခွာသွားသော ကျန်းယွင်ကွီ၏ကျောပြင်ကို ကြည့်ရင်း မျက်ဝန်းထဲတွင် ချီးမွမ်းဂုဏ်ယူရိပ်များ လွှမ်းခြုံနေလေသည်။
ကျန်ယွင်ကွီ၏ အရှိန်အဝါ အဝေးသို့ လုံးဝပျောက်ကွယ်သွားမှသာ ယွင်ချိုင်က မေးမြန်းလိုက်တော့သည်။
"သူ့မှာ ကျွန်မ မမြင်နိုင်တဲ့ တခြားပါရမီမျိုး ရှိနေလို့လား"
လီချင်းချိုးက သူမကို တစ်ချက်ဝေ့ကြည့်ကာ …
" ကျင့်ကြံခြင်းပါရမီတစ်ခုတည်းကိုပဲ ကြည့်လို့မရဘူးလေ၊ လူတစ်ယောက်မှာ တခြားထူးခြားတဲ့ ပါရမီတွေလည်း ရှိနိုင်တာပဲ" ဟု ဆိုလိုက်သည်။
"တခြားပါရမီ ဟုတ်လား…… သူ့မှာ တခြားဘာပါရမီရှိလို့ ဂိုဏ်းက တခြားကျင့်ကြံရေးဂိုဏ်းတွေကို ရင်ဆိုင်တဲ့နေရာမှာ ကူညီပေးနိုင်မှာလဲ"
"ဘာလို့ ဒီလောက်တောင် စပ်စုနေရတာလဲ။ မင်းက ဂိုဏ်းချုပ် လုပ်ချင်လို့လား"
"ဒုဂိုဏ်းချုပ်တော့ လုပ်လို့ရတာပဲလေ…. အကယ်၍ အစ်ကိုကြီး ဂိုဏ်းပြင်ပကို ကိစ္စရှိလို့ သွားစရာရှိရင် ကျွန်မက ဂိုဏ်းကို ကူညီပြီး စီမံခန့်ခွဲပေးလို့ရတာပေါ့"
"မင်းကတော့ တကယ့်ကို တွေးတတ်လွန်းတယ်"
လီချင်းချိုးက ခေါင်းခါရင်း ရယ်မောလိုက်မိသည်။
ဤမိန်းကလေးက အမှန်တကယ်ပင် ပြောရဲဆိုရဲရှိပေသည်။
ဒုဂိုဏ်းချုပ် ရာထူး…..
ထိုနေရာကို စောင်ကြည့်နေကြသူများပြားလှသဖြင့် လက်ရှိ ယွင်ချိုင်၏ အရည်အချင်းနှင့်တော့ မဖြစ်နိုင်သေးချေ။
လီချင်းချိုး မတ်တတ်ရပ်လိုက်ပြီး ယွင်ချိုင်ကို စိန်ခေါ်သောအကြည့်ဖြင့် ကြည့်ကာ…..
"ဒီအတိုင်း ပျင်းနေတာနဲ့အတူတူ လက်ရည်စမ်းကြမလား… ငါ မူလချီကို အသုံးမပြုဘူး" ဟု ပြောလိုက်သည်။
ယွင်ချိုင် ဤစကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် စိတ်ဝင်စားသွားတော့သည်။ သူမက လီချင်းချိုးကို စိုက်ကြည့်ကာ ….
"အကယ်၍ ကျွန်မက အစ်ကိုကြီးကို မူလချီ သုံးလာအောင် ဖိအားပေးနိုင်ရင်ကော..." ဟု မေးလိုက်သည်။
သူမအနေဖြင့် လီချင်းချိုးတွင် ကြောက်မက်ဖွယ်ရာ အစွမ်းသတ္တိများ ရှိနေကြောင်း သိသော်လည်း ဤလက်ရည်စမ်းပွဲတွင် သူ အလေးအနက်ထား တိုက်ခိုက်မည်မဟုတ်ကြောင်း နားလည်ထားသည်။ ဤသည်မှာ သူမအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပေသည်။
"မင်း ဘာပဲတောင်းဆိုတောင်းဆို ငါ ကတိတစ်ခု တည်ပေးမယ်"
လီချင်းချိုးက တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်လည်ဖြေကြားလိုက်တော့ ကတိစကားကို ကြားလိုက်ရသဖြင့် ယွင်ချိုင် ပိုမိုစိတ်လှုပ်ရှားသွားတော့သည်။
သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် တစ်ဟုန်ထိုး ခုန်တက်ကာ တောင်ထိပ်ပေါ်သို့ သွားရောက် တိုက်ခိုက်ကြတော့သည်။
ဖေဖော်ဝါရီလကတည်းက ဂိုဏ်းသားအမြောက်အမြား တောင်အောက်သို့ ဆင်းသွားခဲ့ကြပြီ ဖြစ်သည်။ သူတို့အားလုံး ကိုးပြည်ထောင်နယ်မြေ၏ ပြင်ပရှိ အရင်းမြစ်နယ်မြေများကို ဂိုဏ်းအတွက် ရှာဖွေစူးစမ်းရန် အဖွဲ့များဖွဲ့ကာ အနောက်ဘက် သို့မဟုတ် တောင်ဘက်သို့ ဦးတည်ထွက်ခွာသွားခဲ့ကြခြင်းဖြစ်သည်။
ဂိုဏ်းသားအားလုံးက ဤသည်မှာ ဂိုဏ်း၏ နယ်မြေချဲ့ထွင်မည့် အချက်ပြမှုဖြစ်ကြောင်း နားလည်ထားကြသဖြင့် အလွန်ပင် တက်ကြွနေကြသည်။ ရှာဖွေစူးစမ်းရေး တာဝန်များနှင့် ပတ်သက်၍ အရေအတွက် ကန့်သတ်ချက်မရှိသလို၊ ဂိုဏ်းသားများသည် အခြားတာဝန်များကိုလည်း ပူးတွဲရယူနိုင်ကြသည်။
ထိုနေ့တွင် လီချင်းချိုး နောက်ဆုံး၌ ရွှီနင်းထံမှ သတင်းကို ရရှိခဲ့သည်။ ဝေထျန်းရှုံးက အဆင့်မြင့်ဝိညာဉ်ကြောတည်ရှိရာနေရာတွင် နေရာကူးပြောင်းရအစီအရင် တည်ဆောက်ပြီးစီးသွားပြီဖြစ်၍ ချင်းရှောင်တောင်သို့ အပြင်းနှင်ပြန်လာနေပြီဖြစ်ကြောင်း သူမက အကြောင်းကြားလာခြင်း ဖြစ်သည်။
ဤကိစ္စကြောင့် လီချင်းချိုး၏ စိတ်အခြေအနေ ပိုမိုကြည်လင်သွားခဲ့သည်။ ရွှီနင်း၏ ပြောပြချက်အရ အဆိုပါ အဆင့်မြင့်ဝိညာဉ်ကြောတွင် တည်ရှိနေသော ဝိညာဉ်ကျောက်အရေအတွက်မှာ အလွန်အမင်း များပြားလှပြီး၊ ပတ်ဝန်းကျင်တွင်လည်း အခြားကျင့်ကြံရေးဂိုဏ်းများ၏ အရိပ်အယောင် စိုးစဉ်းမျှ မရှိချေ။
ဝေထျန်းရှုံး ပြန်ရောက်လာပြီး ဂိုဏ်းတွင် နောက်ထပ် နေရာကူးပြောင်းရေးစင်မြင့်တစ်ခုကို ချိတ်ဆက်တည်ဆောက်ပြီးပါက ချင်းရှောင်ဂိုဏ်းအနေဖြင့် ဝိညာဉ်ကျောက်များကို သွားရောက်တူးဖော်နိုင်တော့မည် ဖြစ်သည်။
ဝိညာဉ်ကျောက်များကို လီချင်းချိုး စိတ်ချရစေရန်အတွက် ထိုက်ခွန်းတောင်တန်းသို့ သယ်ဆောင်လာရမည် ဖြစ်သည်။ ၎င်းတို့ကို သိုလှောင်ရန်အတွက် လီချင်းချိုးက ကျူးယန်ကို ရှာဖွေကာ ကောင်းကင်လက်မှုပညာခန်းမကို မြေအောက်နန်းတော်တစ်ခု တည်ဆောက်ခိုင်းလိုက်သည်။
ကျူးယန်ကလည်း သဘာဝကျစွာပင် ငြင်းဆန်ခြင်းမရှိဘဲ ထိုနေ့ကတည်းက စတင်စီမံ ဆောင်ရွက်ပေးခဲ့သည်။
နောက်တစ်နေ့ နံနက်အစောပိုင်းတွင် ပိုင်နင်းအာ လင်းရှောင်ခြံဝင်းသို့ ရောက်လာခဲ့သည်။
သူသည် ဂိုဏ်းချုပ်ကိုယ်တိုင် သူ့ကိုခေါ်၍ တာဝန်တစ်ခု သွားရောက်ထမ်းဆောင်မည် ဖြစ်သောကြောင့် အလွန် စိတ်လှုပ်ရှားနေသည်။
မည်သည့်တာဝန်ဖြစ်ကြောင်း မသိရသေးသော်လည်း ဂိုဏ်းချုပ်၏ နောက်သို့ လိုက်ပါရမည်ဖြစ်သဖြင့် မည်သည့်အန္တရာယ်ကိုမျှ စိုးရိမ်ပူပန်ခြင်း မရှိချေ။
လီချင်းချိုး ခြံဝင်းထဲသို့ ထွက်လာသောအခါ ပိုင်နင်းအာက ဦးစွာ အရိုအသေပြုလိုက်ပြီးနောက်…
"ဂိုဏ်းချုပ်... ကျန်းဖိန်ကိုကော တစ်ခါတည်း ခေါ်သွားမလို့လား " ဟု မေးမြန်းလိုက်သည်။
ကျန်းဖိန်နှင့် လီချင်းချိုးတို့ကြားတွင် ရင်းနှီးသော ဆက်ဆံရေးရှိကြောင်း သူ သိထားသဖြင့် ကျန်းဖိန်၏အမည်ကို အဆိုပြုလိုက်ခြင်း ဖြစ်သည်။
လီချင်းချိုးက ခေါင်းခါလိုက်ပြီး …"သူ့သဘာဝက သတိကြီးလွန်းတယ်။ ဒါကြောင့် သူ့ကို စွန့်စားရမယ့် ခရီးတွေဆီ ခေါ်မသွားတာ ပိုကောင်းပါတယ်၊ ဂိုဏ်းထဲမှာပဲ နေပါစေ" ဟု ပြောလိုက်သည်။
"ဒါက စွန့်စားရတာမျိုး မဟုတ်လောက်ပါဘူးဗျာ…ဂိုဏ်းချုပ် ရှိနေတာပဲ၊ ဘာအန္တရာယ်မှ ရှိမှာမဟုတ်ပါဘူး။ သူပါ လိုက်ခဲ့ရင် ဒီခရီးကနေတစ်ဆင့် ကံကောင်းခြင်း အခွင့်အလမ်းတွေတောင် ရသွားနိုင်တာပေါ့" ဟု ပိုင်နင်းအာက တိုက်တွန်းလိုက်သည်။
ထိုစဉ် လီချင်းချိုးက ကျန်းဖိန်၏ ကံကြမ္မာဟောင်းကို ပြောင်းလဲပေးနိုင်မည့် အခွင့်အရေး နှစ်ကြိမ် ကျန်ရှိနေသေးသော ကံကြမ္မာပါရမီကို ရုတ်တရက် သတိရသွားမိသည်။
"ဒါဆိုရင်လည်း ငါ သူ့ကို လှမ်းခေါ်ပြီး မေးကြည့်လိုက်မယ်"
လီချင်းချိုးက ခေါင်းညိတ်လိုက်ပြီးနောက် ဂိုဏ်းချုပ်တံဆိပ်ပြားကို ထုတ်ယူ၍ ကျန်းဖိန်ကို ဆက်သွယ်လိုက်သည်။
သူ့ရဲ့ ဂိုဏ်းချုပ်တံဆိပ်ပြားက ဂိုဏ်းသားအားလုံးကို တိုက်ရိုက်ဆက်သွယ်နိုင်ခြင်း မရှိသော်လည်း ဂိုဏ်း၏ အဆင့်မြင့်လူကြီးများအပြင် သူ အထူးအလေးထားသော တပည့်များကို ထည့်သွင်းချိတ်ဆက်ထားခြင်း ဖြစ်သည်။
မကြာမီအချိန်အတွင်းမှာပင် ကျန်းဖိန် ခြံဝင်းထဲသို့ ရောက်ရှိလာခဲ့ပြီး ပိုင်နင်းအာက တာဝန်အကြောင်းကို သူ့အား မဆိုင်းမတွ တက်ကြွစွာ ပြောပြလိုက်တော့သည်။
ထိုအခါ ကျန်းဖိန် တိတ်ဆိတ်သွားပြီး ပိုင်နင်းအာကို မကျေမနပ်အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
လီချင်းချိုးက ကျန်းဖိန်ကို ကြည့်ကာ…
"ငါ့နောက်ကို လိုက်ခဲ့ပါ၊ မင်းတို့ကို ကာကွယ်ပေးနိုင်ဖို့ ငါ့မှာ အပြည့်အဝ ယုံကြည်မှု ရှိပါတယ်… ဒါပေမဲ့ မင်း တကယ် မလိုက်ချင်ဘူးဆိုရင်လည်း ငါ အတင်းအကျပ် မတိုက်တွန်းပါဘူး" ဟု ဆိုလိုက်သည်။
ဂိုဏ်းချုပ်၏ ရှေ့မှောက်တွင် ကျန်းဖိန်အနေဖြင့် မငြင်းဆန်ဝံ့တော့ဘဲ ချက်ချင်းပင်… "ကျန်းဖိန် သွားဖို့ အသင့်ပါခင်ဗျာ" ဟု ပြောလိုက်ရတော့သည်။
သူ့စိတ်ထဲတွင်မူ ဂိုဏ်းချုပ်က ယုံကြည်မှု လွန်ကဲလွန်းနေသည်ဟု တွေးတောနေမိပြီး အခြေအနေကို သူကိုယ်တိုင် စောင့်ကြည့်ရမည်ဟု ဆုံးဖြတ်လိုက်သည်။ မိမိတွင် အစွမ်းအစ မလုံလောက်သော်လည်း အကဲခတ် ကောင်းမွန်သဖြင့် ဂိုဏ်းချုပ်ကို တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင်လိမ့်မည်ဟုလည်း ယူဆထားသည်။
"ဘာတာဝန်လဲ... ကျွန်မလည်း လိုက်မယ်!"
ထိုစဉ် အသံတစ်သံ ထွက်ပေါ်လာပြီးနောက် ယွင်ချိုင် အပြင်းနှင် ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရသည်။
သူမကို မြင်လိုက်ရသောအခါ လီချင်းချိုး ခေါင်းခဲသွားလေသည်။
လီချင်းချိုးက ဥပဒေသတစ်သောင်းဝိညာဉ်မျက်လုံးအစွမ်းဖြင့် သူမကို စနောက်ကျီစယ်ခဲ့သည့် အချိန်မှစ၍ သူမ သူ့နောက်သို့ တကောက်ကောက်လိုက်ကာ နောက်ထပ် လက်ရည်စမ်းရန် အမြဲ ပူဆာနေခဲ့ခြင်း ဖြစ်သည်။
"မင်းက ဘာလို့ လိုက်မှာလဲ…ဂိုဏ်းကို စောင့်ရှောက်ဖို့ မင်း လိုအပ်တယ်လေ"
လီချင်းချိုးက သက်ပြင်းချရင်း မတတ်သာဘဲ ပြောလိုက်ရသည်။
ယွင်ချိုင်က မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်ကာ…
"အခု ဂိုဏ်းမှာ ကမ္ဘာငယ်ကောင်းကင်စက်ဝန်းအစီအရင်ရှိနေတာပဲ၊ ပြီးတော့ ဂိုဏ်းထဲမှာ ဝိညာဉ်အသိအာရုံအဆင့ရှိတဲ့ တပည့်တွေလည်း အများကြီးဆိုတော့ ဘာမှ ဖြစ်မှာမဟုတ်ပါဘူး… ဒါ့အပြင် ကျွန်မ တောင်အောက်မဆင်းရတာလည်း ကြာပြီလေ" ဟု ဆိုလိုက်သည်။
လီချင်းချိုးက သူမ၏ တောင်းပန်တိုးလျှိုးနေသော အမူအရာကို မြင်တွေ့ရသောအခါ စိတ်ပျော့သွားပြီး …
"ကောင်းပြီလေ... တောင်အောက်ဆင်းဖို့ သွားပြင်ဆင်ကြတော့၊ ငါတို့ မွန်းတည့်ချိန်ကျရင် စတင်ထွက်ခွာမယ်" ဟု အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ!"
လူသုံးဦးစလုံးက ချက်ချင်းပင် သဘောတူညီကြပြီးနောက် အသီးသီး ထွက်ခွာသွားကြတော့သည်။
ပိုင်နင်းအာနှင့် ယွင်ချိုင်တို့ အလွန် စိတ်လှုပ်ရှားနေကြသော်လည်း ကျန်းဖိန်၏ ကျောပြင်ကမူ လေးလံထိုင်းမှိုင်းနေပုံရ၏။
လီချင်းချိုး ယခုတစ်ကြိမ် သွားရောက်မည့် ခရီးစဉ်မှာ ထိုက်ကျွယ်နတ်ဘုရားဓားကို သွားရောက်သိမ်းပိုက်ရန် ဖြစ်သည်။
ထိုဓားကို ရရှိရုံမျှဖြင့် ကိုယ်ပိုင်အစွမ်းသတ္တိ ပိုမိုထက်မြက်လာပေလိမ့်မည်။
အတိုင်းအဆမဲ့သော မူလချီစွမ်းအင်၊ အဆုံးမဲ့သော ခွန်အားနှင့် ပြိုင်ဘက်ကင်းလှသော ဓားချီတို့နှင့်အတူ လီချင်းချိုးတွင် မည်သည့် အားနည်းချက်မျှ ရှိတော့မည်မဟုတ်ပေ။
ကောင်းကင်နေမင်းနယ်ပယ်သို့ အသစ်စတင် တက်လှမ်းနိုင်ခဲ့ရုံမျှသာ ရှိသေးသော်လည်း ဤနယ်ပယ်တစ်ခုလုံးကို အလွယ်တကူ လွှမ်းမိုးနိုင်လိမ့်မည်ဟု သူ အပြည့်အဝ ယုံကြည်ထားသည်။
မွန်းမတည့်မီအချိန်တွင် ယွင်ချိုင်နှင့် ကျန်နှစ်ဦးစလုံး လင်းရှောင်ခြံဝင်း တံခါးဝသို့ ရောက်ရှိလာကာ စောင့်ဆိုင်းနေကြသည်။ လီချင်းချိုး ထွက်ပေါ်လာပြီးနောက် သူတို့သုံးဦးစလုံးကို မူလချီစွမ်းအင်ဖြင့် တိုက်ရိုက်ပတ်ပတ်လည် ဝန်းရံလျက် မိုးကုပ်စက်ဝိုင်းဆီသို့ ပျံသန်းထွက်ခွာသွားခဲ့တော့သည်။
ကောင်းကင်နေမင်းနယ်ပယ်သို့ ရောက်ရှိသွားပြီဖြစ်၍ ဓားပျံစီးရန်မလိုဘဲ လေဟာနယ်ထဲတွင် အလွယ်တကူ ပျံသန်းနိုင်သည့်အပြင် လူသုံးဦးကိုပါ မူလချီဖြင့်သယ်ယူပျံသန်းခြင်းက သူ့အတွက် စိုးစဉ်းမျှ အားစိုက်ထုတ်ရန် မလိုချေ။
ယွင်ချိုင်ကတော့ အဆင်ပြေနေသည်။ သူမအနေဖြင့် လီချင်းချိုး၏ မူလချီစွမ်းအင်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် အစွမ်းထက်ကြောင်း ကြိုတင်သိရှိထားပြီးဖြစ်၍ ဖြစ်သည်။ သို့သော် ပိုင်နင်းအာနှင့် ကျန်းဖိန်တို့ကတော့ အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားကြသည်။
သူတို့အတွက်မူ အခြားသူတစ်ဦး၏ မူလချီစွမ်းအင်ဖြင့် ဝန်းရံခံရကာ ကောင်းကင်အမြင့်သို့ မြှောက်တက်ပျံသန်းရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူတို့တွေ ရုန်းထွက်၍မရနိုင်ဘဲ ပြင်းထန်သော လေပြင်းကို အံတုလျက် လေထဲတွင် အရုပ်များသဖွယ် ပါးစပ်အဟောင်းသား လိုက်ပါသွားကြရတော့သည်။
လီချင်းချိုး၏ ပျံသန်းမှုအရှိန်မှာ အလွန်အမင်း မြန်ဆန်လှပြီး သွားရမည့်လမ်းကြောင်းကိုလည်း အမှတ်ရနေဆဲပင်။
ယွင်ချိုင်နှင့် အခြားသူများ တောင့်ခံနိုင်သည့် အမြင့်ဆုံးအရှိန်နှုန်းဖြင့် ပျံသန်းခဲ့ရာ အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလုနီးပါး အချိန်အတွင်းမှာပင် လိုရာခရီးသို့ ရောက်ရှိခဲ့သည်။
ယခင်က ရှန်ယွဲ့၊ ယန်တောက်ကျုံးနှင့် ပိုင်နင်းအာတို့ ဖောက်ထွင်းခဲ့ဖူးသော မြေအောက်လိုဏ်ခေါင်းလမ်းကြောင်းအတိုင်း မြေအောက်ထဲသို့ ဆင်းသက်လိုက်တော့
ပိုင်နင်းအာက လမ်းတစ်လျှောက်ရှိ အခြေအနေများကို စတင်ရှင်းပြခဲ့ပြီး မကြာမီအချိန်အတွင်းမှာပင် သူတို့ မြေပြင်ပေါ်သို့ ခြေချနိုင်ခဲ့ကြသည်။
မြေအောက်ကမ္ဘာကြီးသည် မှေးမှိန်မှောင်မိုက်နေပြီး ရှေ့တွင် ကျယ်ဝန်းလှသော လိုဏ်ခေါင်းလမ်းကြီးတစ်ခု ရှိနေသည်။
ပိုင်နင်းအာနှင့် အခြားသူများ ယခင်က ဤလိုဏ်ခေါင်းလမ်းအတိုင်း ထွက်ပြေးလွတ်မြောက်ခဲ့ကြခြင်း ဖြစ်သည်။
"ဂိုဏ်းချုပ်... ဂရုစိုက်နော် ဒီနေရာမှာ မန္တန်ထောင်ချောက်တွေ အများကြီးရှိပြီး အဲဒီထောင်ချောက်တွေက နေရာရွေ့လျားနိုင်တာမို့ ကာကွယ်ရ အင်မတန် ခက်ခဲပါတယ်" ဟု ပိုင်နင်းအာက သတိပေးလိုက်သည်။
လီချင်းချိုးက ရှေ့သို့ လှမ်းတက်လိုက်ပြီး….
"ယွင်ချိုင်... မင်း နောက်ဆုံးကနေ စောင့်ရှောက်ပေး" ဟု အမိန့်ပေးလိုက်သည်။
ယွင်ချိုင်က ကန့်ကွက်ခြင်းမရှိဘဲ ပိုင်နင်းအာနှင့် ကျန်းဖိန်တို့ ရှေ့မှ လျှောက်လှမ်းသွားသည်အထိ စောင့်ဆိုင်းပြီးမှ နောက်ကနေ လိုက်ပါခဲ့သည်။
ပိုင်နင်းအာနှင့် ကျန်းဖိန်တို့အနေနှင့် ယွင်ချိုင်၏ စွမ်းပကားမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှကြောင်း သိထားကြသဖြင့် သူမ နောက်ကနေ လိုက်ပါစောင့်ရှောက်ပေးသည်ကို သိရရုံဖြင့် စိတ်အေးသွားကြရသည်။
ထို့အပြင် လီချင်းချိုး၏ ကျောပြင်ကို ကြည့်ရင်း စိတ်ထဲတွင် အတိုင်းအဆမဲ့သော လုံခြုံမှုကိုပါ ခံစားလိုက်ရသည်။
ကျန်းဖိန်အနေဖြင့် ပထမဆုံးအကြိမ်အဖြစ် စိတ်ဖိစီးမှုများ လျော့ကျသွားခဲ့ရသည်။ လီချင်းချိုး သူ့ကို ကောင်းကင်ပေါ်တွင် ပျံသန်းခေါ်ဆောင်လာခဲ့သည့် စွမ်းပကားကပင် လီချင်းချိုး၌ မိမိတို့ကို ကာကွယ်ပေးနိုင်စွမ်း အပြည့်အဝ ရှိကြောင်း လုံးဝ ယုံကြည်သွားစေခဲ့ပြီ ဖြစ်သည်။
လီချင်းချိုးက ရှေ့ဆုံးမှ လျှောက်လှမ်းနေပြီး ခြေလှမ်းများမှာ မနှေးလှပေ။ ဥပဒေသတစ်သောင်းဝိညာဉ် မျက်ဝန်းရှေ့မှောက်တွင် ဤမြေအောက်နန်းတော်၏ ထောင်ချောက်များနှင့် တားမြစ်ချက်မန္တန်အားလုံးမှာ အရေးမပါသော အရာများကဲ့သို့ ထင်ထင်ရှားရှား မြင်တွေ့နေရသည်။
သူသည် စီးဆင်းနေသော တားမြစ်ချက်မန္တန်များနှင့် မှောင်မိုက်သောလေဟာနယ်ထဲတွင် ပုန်းကွယ်နေသော ဝိညာဉ်အကြွင်းအကျန်များကိုပါ အတိုင်းသား မြင်နေရသည်။
ဤနေရာသို့ ရောက်ရှိလာပြီးနောက် ထိုက်ကျွယ်နတ်ဘုရားဓားက သူ့ကို လှမ်းခေါ်နေသလို ခံစားချက်မျိုးကို စတင် ရရှိနေပြီဖြစ်သည်။ ဤခံစားချက်မှာ အလွန် ဆန်းကြယ်လှသည်။ ဓားသခင်ကြီး၏ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့ရုံမျှသာ ရှိသေးသော်လည်း၊ ထိုက်ကျွယ်နတ်ဘုရားဓားနှင့် တိုက်ရိုက် စိတ်ချင်းဆက်သွယ်မှုကို ထူထောင်နိုင်ခဲ့ပြီ ဖြစ်သည်။
သူ့ခြေလှမ်းများ ပိုမို မြန်ဆန်လာသဖြင့် ပိုင်နင်းအာနှင့် အခြားသူနှစ်ဦးမှာ မနည်းမှီအောင် အမီလိုက်ကြရတော့သည်။
မကြာမီပင် သူတို့တွေ ကြီးမားကျယ်ပြန့်လှသော နန်းဆောင်ကြီးတစ်ခုအတွင်းသို့ ရောက်ရှိလာခဲ့ကြသည်။ ဤနေရာတွင် အလင်းရောင်များ လင်းထိန်နေပြီး ဧရာမ ကျောက်တိုင်ကြီးများ အရပ်မျက်နှာအနှံ့ မတ်တတ်ရပ်နေကာ အဆုံးသတ်ကို မမြင်နိုင်လောက်အောင် ကျယ်ဝန်းလှသည်။
လီချင်းချိုးဘက်က ခြေလှမ်းများကို လျှော့ချမည့် အရိပ်အယောင် စိုးစဉ်းမျှ မပြသဖြင့် ကျန်းဖိန်လည်း မတတ်သာဘဲ လှမ်း၍ သတိပေးလိုက်ရသည်။
"ဂိုဏ်းချုပ်... ကျွန်တော်တို့ ပေါ့ဆလို့ မဖြစ်ဘူးနော်"
လီချင်းချိုးက နောက်သို့ပင် လှည့်မကြည့်ဘဲ …
"ကိစ္စမရှိပါဘူး၊ ငါ ဒီနေရာက တားမြစ်ချက်မန္တန်တွေကို အားလုံး ဖောက်ထွင်းမြင်နေရပြီ… ငါ ရှာနေတဲ့ အရာကလည်း ငါ့မျက်စိရှေ့တင် ရှိနေပြီလေ" ဟု ပြန်ပြောလိုက်သည်။
ဤစကားကြောင့် ကျန်းဖိန်နှင့် ပိုင်နင်းအာတို့ ဆွံ့အမှင်တက်သွားကြသည်။
ယွင်ချိုင်ကမူ မျက်မှောင်ကြုတ်လိုက်မိသည်။သူမလည်း ဥပဒေသတစ်သောင်းဝိညာဉ်မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ လီချင်းချိုး လမ်းတစ်လျှောက်ရှိ ထောင်ချောက်အားလုံးကို အမှန်တကယ် ရှောင်ကွင်းသွားနိုင်ခဲ့ကြောင်း တွေ့ရှိလိုက်ရသည်။
ယခင်က လီချင်းချိုးနှင့် လက်ရည်စမ်းစဉ်အခါက သူမ၏ ဥပဒေသတစ်သောင်းဝိညာဉ်မျက်လုံးပင် လီချင်းချိုး၏ အရှိန်အဟုန်ကို မမှီနိုင်ကြောင်း ခံစားခဲ့ရဖူးသည်။
သူမအနေဖြင့် လီချင်းချိုး၏ အားနည်းချက်ကို မြင်တွေ့လိုက်ရလျှင်ပင် ထိုအားနည်းချက်မှာ ချက်ချင်းဆိုသလို ပြန်လည်ပျောက်ကွယ်သွားတတ်သည်။
'သူ့ရဲ့မျက်ဝန်းတွေက ငါ့ထက်တောင် ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်တာလား...'
ယွင်ချိုင် အံ့အားသင့်စွာ တွေးတောလိုက်မိသည်။ သူမအနေဖြင့် ဤအချက်ကို ရူးနှမ်းသော အတွေးဟု မယူဆခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် လီချင်းချိုးက သူမ ကျင့်ကြံခြင်း မပြုရသေးမီကတည်းက သူမ၏ ထူးခြားသော ပါရမီကို ကြိုတင်သိမြင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ရာ၊ လီချင်းချိုး၏ မျက်ဝန်းသည် ဘယ်လိုမှ သာမန်မဟုတ်နိုင်ကြောင်း သက်သေပြနေသည်။
သူမ ပိုမိုတွေးတောလေလေ၊ ဖြစ်နိုင်ချေ ရှိလေလေဟု ခံစားရလေလေပင်။
လောကတွင် မဖော်ထုတ်ရသေးသော ပါရမီရှင်များကို လီချင်းချိုး အမြဲတစေ ရှာဖွေတွေ့ရှိနိုင်ခြင်းမှာ သူ့ရဲ့မျက်ဝန်းများက အမှန်တကယ်ပင် ထူးခြားအံ့ဩဖွယ် ကောင်းနေသောကြောင့် ဖြစ်ပေလိမ့်မည်။
ယွင်ချိုင်တစ်ယောက် စိတ်ကူးယဉ်အတွေးကမ္ဘာထဲတွင် နစ်မြောနေစဉ် လီချင်းချိုးက ရုတ်တရက် လက်သီးကို မြှောက်လိုက်တော့သည်။
လက်သီးတစ်ချက် ဝှေ့ယမ်းလိုက်ရုံမျှဖြင့် ထွက်ပေါ်လာသော စွမ်းအားမှာ နဂါးတစ်ကောင်ကဲ့သို့ အဟုန်ပြင်းလှပြီး၊ ပြင်းထန်သော လေလှိုင်းလုံးကြီးများက ရှေ့မှောက်ရှိ နန်းဆောင်မြေပြင်များကို ကြေမွ ပျက်စီးသွားစေကာ ကျောက်တိုင်ကြီးများကိုလည်း ရိုက်ခွဲပစ်လျက် အဆုံးသတ်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားခဲ့သည်။
ဤလက်သီးချက်မှာ ရုတ်တရက် ဆတ်ခနဲ ထွက်ပေါ်လာခြင်း ဖြစ်သဖြင့် ပိုင်နင်းအာနှင့် အခြားသူများကို ထိတ်လန့်တုန်လှုပ်သွားစေကာ တစ်ကိုယ်လုံး တုန်ခါသွားရတော့သည်။
ထို့နောက်တွင်မူ လှိုင်ခေါင်းထဲမှ ဧရာမ မိစ္ဆာမြွေကြီးတစ်ကောင်နှင့် တူသော ကတ္တရာစေးကဲ့သို့ မည်းနက်နေသော ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။ သို့သော် ထိုအရာ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လီချင်းချိုး၏ လက်သီးလေလှိုင်းကြောင့် ကွဲအက်ပျက်စီးသွားခဲ့ရလေသည်။
တဆက်တည်းမှာပင် ရှေ့မှောက်၌ နံရံတစ်ခု ပေါ်ထွက်လာရာ အဆုံးမရှိဟု ထင်မှတ်ထားရသော နန်းဆောင်ကြီး၏ အဆုံးသတ်ကို မြင်တွေ့လိုက်ရတော့သည်။
'ဒါက ပုံရိပ်ယောင်ပဲကိုး...' ဟု ကျန်းဖိန်က စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိသည်။ တစ်ချိန်တည်းမှာပင် ဂိုဏ်းချုပ်၏ လက်သီးစွမ်းအားကြောင့်လည်း အကြီးအကျယ် တုန်လှုပ်သွားခဲ့ရသည်။
မည်မျှ ကြောက်မက်ဖွယ်ကောင်းသော လက်သီးချက်နည်း။
စောစောက လက်သီးချက်က သူ့ကို ကောင်းကင်ပြိုကျပြီး မြေပြင်ကွဲအက်သွားသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းခဲ့သည်။
လီချင်းချိုး၏ နောက်ကနေ လိုက်ပါနေရသော်လည်း ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားနေရဆဲပင်။
လီချင်းချိုးက ပျက်စီးသွားသော လမ်းပိုင်းကို ဖြတ်ကျော်၍ သူတို့ကို ဦးဆောင်ကာ နန်းဆောင်နံရံ၏ ရှေ့သို့ အမြန် ရောက်ရှိလာခဲ့သည်။
ယခုတစ်ကြိမ်တွင်မူ အတင်းအကျပ် ဖောက်ထွင်းရန် မရွေးချယ်တော့ဘဲ လက်ကိုမြှောက်ကာ နံရံပေါ်ရှိ နေရာတစ်ခုကို ဖိနှိပ်လိုက်သည်။ ထို့နောက်တွင်မူ နန်းဆောင်နံရံကြီး တုန်ခါလာပြီး နံရံ၏ အလယ်ဗဟိုတွင် အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာကာ ဖြည်းညှင်းစွာ ပွင့်ဟသွားခဲ့သည်။
နန်းဆောင်နံရံကြီး ပွင့်သွားသည်နှင့်တစ်ပြိုင်နက် လူလေးဦး၏ မျက်စိရှေ့မှောက်သို့ ရောက်ရှိလာသည်မှာ လောကပြင်ပရှိ နတ်ဘုရားတို့ ဖန်တီးထားသော သာယာလှပသည့် သုခဘုံကမ္ဘာငယ်လေးတစ်ခု ဖြစ်နေသည်။
သူတို့တွေ ဂူတစ်ခု၏ အတွင်း၌ ရပ်နေကြသလို ဖြစ်ပြီး၊ ဂူအပြင်ဘက်တွင်မူ ထူထပ်လှသော သစ်တောကြီး၊ မဟာမြစ်ကြီးနှင့် အဝေးဆီတွင် ပြာလွင်နေသော ကောင်းကင်ယံကြီးကို မြင်တွေ့နေရခြင်း ဖြစ်သည်။
"ဒါက..."
ပိုင်နင်းအာ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ယခင် လာခဲ့စဉ်အခါက ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
လီချင်းချိုးက ရှေ့သို့ လှမ်းလိုက်တော့ အခြားသူများသည်လည်း အံ့အားသင့်နေမှုကို ဂရုမစိုက်နိုင်တော့ဘဲ ကမန်းကတန်း နောက်ကနေ လိုက်ပါခဲ့ကြသည်။
'ဒီနေရာမှာ ကမ္ဘာငယ်လေးတစ်ခုကိုတောင် ဖန်တီးထားနိုင်တာပဲ... ဒီနေရာက တားမြစ်ချက်မန္တန်တွေက တကယ့်ကို ထူးခြားဆန်းကြယ်လွန်းလှတယ်' ဟု လီချင်းချိုး စိတ်ထဲမှ ကျိတ်၍ ချီးမွမ်းလိုက်မိသည်။
ရှေ့မှောက်ရှိ ကောင်းကင်ယံကြီးမှာ တစ်စုံတစ်ရာသော တားမြစ်ချက်မန္တန်ကြောင့် ပြောင်းလဲဖန်တီးထားခြင်း ဖြစ်သည်။
သူတို့တွေ အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွားခြင်း မဟုတ်ဘဲ မြေအောက်ထဲတွင်သာ တည်ရှိနေဆဲပင်။
ထိုက်ကျွယ်နတ်ဘုရားဓားက အရှေ့ရှိ တောင်တောသစ်တောကြီးအတွင်း၌ ပုန်းကွယ်နေပြီး ရှေးဟောင်းကာလမှ အစွမ်းထက်လှသော ဝိညာဉ်ကြီးတစ်ခုက စောင့်ကြပ်နေသည်။ ထိုဝိညာဉ်တွင် ဓားသခင်ကြီးနှင့် ထပ်တူကျသော အရှိန်အဝါမျိုး ရှိနေသဖြင့် လီချင်းချိုးအနေဖြင့် ၎င်းမှာ ဓားသခင်ကြီး၏ ခွဲထွက်ဝိညာဉ်အကြွင်းအကျန်တစ်ခု ဖြစ်လိမ့်မည်ဟု ခန့်မှန်းလိုက်လေသည်။