← Chapters

အခန်း ၃၃၉

Vol. 34 Ch. 339

အခန်း ၃၃၉

Vol. 34 Ch. 339

အခန်း (၃၃၉ )သေခြင်းထက် ဆိုးဝါးသော ကံကြမ္မာ…..

လက်မောင်း ပြတ်တောက်သွားပြီးနောက် ဝတ်စုံနက်ဝတ် အမျိုးသား မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သွေးများ သူ့မျက်နှာပေါ်သို့ ပန်းထွက်လာပြီးနောက်တွင်မှ ရောက်ရှိလာသောသူ၏ ရုပ်ရည်ကို သဲသဲကွဲကွဲ မြင်တွေ့လိုက်ရသည်။

၎င်းမှာ အသက်တစ်ဆယ့်ရှစ်၊ တစ်ဆယ့်ကိုးနှစ်ခန့်သာ ရှိသေးပုံရသည့် နုပျိုချောမောသော လူငယ်တစ်ဦး၏ မျက်နှာ ဖြစ်သည်။ သို့သော် ထိုသူ၏ အမူအရာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်ခက်ထန်နေပြီး၊ ထိုမျက်ဝန်းများအတွင်းမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုစိတ် အရှိန်အဝါများ သူ့နှလုံးသားကို တိုက်ရိုက် ထိုးဖောက်သွားသဖြင့် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

ဝတ်စုံနက်ဝတ် အမျိုးသားက ချက်ချင်းပင် အနောက်သို့ တစ်ဟုန်ထိုး ဆုတ်ခွာလိုက်ပြီး၊ မြစ်တစ်ဖက်ကမ်းဆီသို့ ခုန်ကူး၍ လီချင်းချိုးနှင့် ကိုက်ဆယ်ဂဏန်းမက အကွာအဝေးကို ခွာလိုက်သည်။

သူသည် လီချင်းချိုးကို မယုံကြည်နိုင်လောက်သော အကြည့်များဖြင့် စိုက်ကြည့်နေမိသည်။ စောစောက လီချင်းချိုး မည်သို့ လှုပ်ရှားသွားသည်ကိုပင် မမြင်လိုက်ပေ။

အရာအားလုံးမှာ မြန်ဆန်လွန်းလှသည်။ လီချင်းချိုး သူ့အနောက်သို့ မည်သည့်အချိန်တွင် မည်သို့ ရောက်ရှိလာခဲ့သည်ကိုပင် သူ ရိပ်မိခြင်း မရှိခဲ့ပေ။

"မင်း... ဘယ်သူလဲ" ဟု ဝတ်စုံနက်ဝတ် အမျိုးသားက လေးနက်သော လေသံဖြင့် မေးမြန်းလိုက်သည်။ သူ့ မျက်နှာပေါ်ရှိ မည်းနက်နေသော မှော်စာလုံးများမှာလည်း ဆတ်ဆတ်တုန်နေသော နှလုံးသားကဲ့သို့ပင် အဆက်မပြတ် လှုပ်ရှားနေကြသည်။

လီချင်းချိုးက ပြန်လည်ဖြေကြားခြင်း မပြုဘဲ ညာလက်ကို မြှောက်လိုက်ပြီး မြေပြင်ပေါ်၌ လဲလျောင်းနေသော တပည့်ကလေးထံသို့ အပ် သုံးချောင်း လှမ်း၍ ပစ်လိုက်သည်။

၎င်းကို မြင်တွေ့လိုက်ရသောအခါ ဝတ်စုံနက်ဝတ် အမျိုးသားက ချက်ချင်းပင် လှည့်၍ ထွက်ပြေးရန် ကြံရွယ်လိုက်၏။ သို့သော် ညာခြေထောက်ကို လှည့်လိုက်ရုံမျှသာ ရှိသေးသည့်အချိန်တွင် လီချင်းချိုးက သူ့အနောက် လေဟာနယ်ထဲမှ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး၊ သူ့ နောက်ကျောတည့်တည့်သို့ တံတောင်ဆစ်ဖြင့် ပြင်းထန်စွာ ထိုးနှက် တိုက်ခိုက်လိုက်သည်။

ဤတံတောင်ဆစ်ချက်မှာ ဝတ်စုံနက်ဝတ် အမျိုးသားအား ဧရာမတောင်ကြီးတစ်လုံး၏ ရိုက်ခတ်မှုကို ခံလိုက်ရသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းခဲ့သည်။ ကိုယ်တွင်းအင်္ဂါအားလုံး ကြေမွ ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ရပြီး၊ မျက်လုံးများ ချက်ချင်း လည်ထွက်သွားကာ အသိစိတ်ပင် ခဏမျှ လုံးဝ လွတ်ထွက်သွားခဲ့သည်။

သူသည် မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ကျရောက်သွားခဲ့ပြီး မြေကွက်လပ်ကြီးကိုပင် ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားစေခဲ့သည်။

လီဟန်သည် သာမန် လယ်သမားမိသားစုတစ်ခုမှ မွေးဖွားလာခဲ့သူ ဖြစ်သည်။ သူသည် မွေးရာပါ ခန္ဓာကိုယ် အေးစက်သော အခြေခံရှိသဖြင့် 'ဟန်' (Han - အေးစက်ခြင်း) ဟု အမည်မှည့်ခေါ်ခြင်း ခံခဲ့ရသည်။ မူလက သူ့ထံ၌ လီဟူသော မျိုးရိုးအမည် မရှိခဲ့ပေ။ မိသားစုက သူ့ကို မချစ်ကြသည့်အပြင် အစ်ကို၊ အစ်မများကလည်း သူ့ကို အမြဲတစေ နှိပ်စက်ညှင်းပန်းလေ့ရှိသဖြင့်၊ ရွာမှ ထွက်ပြေးလာခဲ့ပြီးနောက်တွင်မှ မိမိကိုယ်မိမိ 'လီ' ဟူသော မျိုးရိုးအမည်သို့ ပြောင်းလဲမှည့်ခေါ်ခဲ့ခြင်း ဖြစ်သည်။

သူ လောကီလောက၌ လှည့်လည်သွားလာနေစဉ်အတွင်း၊ ချင်းရှောင်ဂိုဏ်း၏ အကြောင်းများနှင့် ဂိုဏ်းချုပ် လီချင်းချိုး၏ သူရဲကောင်းဆန်စွာ လူသားလောကကို ကယ်တင်ခဲ့သည့် ပုံပြင်များကို ကြားသိခဲ့ရသဖြင့် စိတ်ထဲ၌ လွန်စွာ တမ်းတအားကျခဲ့မိသည်။ ထို့ကြောင့် သတ္တိမွေးကာ ချင်းရှောင်တောင်ဆီသို့ ဦးတည်လျှောက်လှမ်းခဲ့ပြီး ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည်။

သူမထင်မှတ်ထားခဲ့သည်မှာ... မိမိကိုယ်မိမိ အမြဲတမ်း ကံဆိုးသူဟု သတ်မှတ်ထားခဲ့သော်လည်း၊ ဤတစ်ကြိမ်တွင်မူ ကံကြမ္မာနတ်ဘုရားက သူ့ကို မျက်နှာသာပေးခဲ့သည်။ ဂိုဏ်းဝင်စမ်းသပ်မှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး ချင်းရှောင်ဂိုဏ်း၏ အမည်ခံတပည့်တစ်ဦး ဖြစ်လာခဲ့သည်။ ထိုစဉ်က စမ်းသပ်ပေးခဲ့သော မသေမျိုးဆရာသခင်က သူ့တွင် တာဝန်သိစိတ်ကင်းမဲ့နေကြောင်း၊ မဟုတ်ပါက အပြင်စည်းတပည့်အဖြစ် တိုက်ရိုက် တက်လှမ်းနိုင်ခဲ့လိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ဖူးရာ ၎င်းမှာ သူ့ကို များစွာ စိတ်ထိခိုက်စေခဲ့သည်။

သူသည် မိမိနှင့် မသက်ဆိုင်သည့် သာမန်လူသားများကို ကူညီရန်အတွက် အဘယ်ကြောင့် ဤမျှကြီးမားသော တာဝန်သိစိတ်များကို ထမ်းဆောင်ရမည်နည်းဟူ၍ ထိုစဉ်က တွေးတောခဲ့သည်။

နောက်ပိုင်းတွင် သူ အလုပ်လုပ်နေစဉ်အတွင်း၊ အဆင့်မြင့်လူကြီးတစ်ဦးက သူ့ကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျင့်ကြံနိုင်ရန်အတွက် တာဝန်ခန်းမဆောင်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထိုနေရာသို့ ဝင်ရောက်ပြီးနောက်တွင်မှ သူသည် ဤခန်းမဆောင်တပည့်များ၏ အရေးပါပုံကို သိရှိသွားခဲ့ရပြီး အတိုင်းအဆမဲ့သော ဝမ်းမြောက်မှုကို ခံစားလိုက်ရသည်။

သူသည် တာဝန်ခန်းမဆောင်တွင် ကျင့်ကြံခြင်းရင်းမြစ်များကို အမြောက်အမြား ရရှိခဲ့သည့်အပြင်၊ အချိန်အများစုကိုလည်း ကျင့်ကြံခြင်းအတွက်သာ လွတ်လပ်စွာ အသုံးချခွင့် ရရှိခဲ့သည်။ ရံဖန်ရံခါမှသာ တာဝန်ခန်းမဆောင်၏ အလုပ်များကို ကူညီပေးခဲ့ရသည်။

နေ့ရက်များမှာ လွန်စွာ အေးချမ်းဆဲဖြစ်ရာ ၎င်းမှာ သူ ယခင်က အိပ်မက်ပင် မမက်ဝံ့ခဲ့ဖူးသော နတ်ဘုရားတို့၏ ဘဝမျိုးပင် ဖြစ်ပေသည်။

သူ ခန္ဓာကိုယ်အတွင်းမူလချီကို စတင်ပျိုးထောင်နိုင်ခဲ့ပြီးနောက်တွင်၊ သူ့ထံ၌ ထူးခြားသော ပါရမီတစ်ခု ရှိနေကြောင်း ထွက်ပေါ်လာခဲ့သည်၊ ၎င်းမှာ မူလချီစွမ်းအင်များကို အလွယ်တကူပင် ရေခဲ အဖြစ်သို့ ပြောင်းလဲနိုင်ခြင်းပင်။ ဤပါရမီမှာ တာဝန်ခန်းမဆောင်တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး၊ ခန်းမသခင် ရွှယ်ကျင်းကိုယ်တိုင် သူ့ကို သီးသန့်ခေါ်ယူ တွေ့ဆုံခဲ့သဖြင့် လွန်စွာ ဂုဏ်ယူဝင့်ကြွားခဲ့ရသည်။

ထိုစဉ် ရွှယ်ကျင်း၏ ပြောပြချက်အရ သူ မယုံနိုင်လောက်သော အမှန်တရားတစ်ခုကို သိရှိခဲ့ရသည်။ သူ တာဝန်ခန်းမဆောင်သို့ ဝင်ရောက်ခွင့်ရရှိခဲ့ခြင်းမှာ... အမှန်စင်စစ်တွင်တော့ ဂိုဏ်းချုပ်ကိုယ်တိုင် သူ့ကို ရွေးချယ်ပေးခဲ့ခြင်းကြောင့် ဖြစ်ပေသည်။

သူ ရေခဲဓာတ်မူလချီကို မပျိုးထောင်နိုင်သေးမီ ကာလကတည်းက၊ ဂိုဏ်းချုပ်က သူ့ကို သဘောကျနှစ်သက်ခဲ့သဖြင့် အစောပိုင်းကာလကတည်းက ဤကဲ့သို့သော အခွင့်အရေးကောင်းကို ကြိုတင် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ဂိုဏ်းချုပ်က လောကတွင် ပုန်းကွယ်နေသော ပါရမီရှင်များကို အမြဲတစေ ရှာဖွေတွေ့ရှိနိုင်ပြီး ၎င်းတို့အတွက် သင့်လျော်သော စောင့်ရှောက်မှုများကို ပေးအပ်တတ်ကြောင်း၊ ထို့ကြောင့် ဂိုဏ်းချုပ်၏ ကြီးမားလှသော ကျေးဇူးတရားကို အစဉ်အမြဲ နှလုံးသွင်းထားရန် ရွှယ်ကျင်း သူ့ကို မှာကြားခဲ့သည်။

လီဟန်သည် မူလကပင် လီချင်းချိုး၏ ပုံပြင်များကြောင့် ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်ခဲ့သူဖြစ်ရာ၊ ယခု ဤကဲ့သို့ ဂိုဏ်းချုပ်၏ တိုက်ရိုက်စောင့်ရှောက်မှုကို ခံခဲ့ရသည်ဟု သိလိုက်ရသည့်အခါတွင် အဘယ်ကြောင့် စိတ်လှုပ်ရှားခြင်း မရှိဘဲ နေနိုင်မည်နည်း။

ထိုအချိန်မှစ၍ ဂိုဏ်းချုပ်၏ ကျေးဇူးကို ပြန်လည်ပေးဆပ်ရန်အတွက် ဘဝ၏ တစ်ခုတည်းသော ရည်မှန်းချက်အဖြစ် သတ်မှတ်လိုက်တော့သည်။ထို့ကြောင့် ကြိုးပမ်းအားထုတ် ကျင့်ကြံခဲ့ပြီး တတိယမြောက် ဓမ္မညီလာခံတွင် ပါဝင်ဆင်နွှဲခဲ့ဖူးသော်လည်း၊ ကံဆိုးစွာဖြင့် သူ့ရဲ့ စွမ်းဆောင်ရည်မှာ အလွန်အမင်း ထူးခြားပြောင်မြောက်ခြင်း မရှိခဲ့ပေ။

သူသည် ဟူယန်ကို မြင်တွေ့ရသည့် အကြိမ်တိုင်း၌ စိတ်ထဲတွင် လွန်စွာ အားကျမနာလို ဖြစ်မိခဲ့သည်။ အကယ်၍ မိမိ၏ ပါရမီသာ ဤထက်မက ပိုမိုထက်မြက်ခဲ့မည်ဆိုပါက၊ ဂိုဏ်းချုပ်က ဒီအတိုင်း စောင့်ရှောက်ရုံမျှတင်မကဘဲ တပည့်အဖြစ် လက်ခံ၍ ကိုယ်တိုင် လမ်းညွှန်ပြသပေးလိမ့်မည်ဖြစ်ကြောင်း သူ သိရှိထားသည်။

ချင်းရှောင်ဂိုဏ်းအတွင်း၌ သူ့ရဲ့ ပါရမီမှာ ထိပ်တန်းအဆင့်အထိ ရောက်ရှိရန် မလုံလောက်သေးပေ။ သို့သော် အပြင် သိုင်းလောကသို့ ရောက်ရှိပြီး တခြားသော ဂိုဏ်းငယ်လေးများမှ ကျင့်ကြံသူများနှင့် ဆုံတွေ့ရသည့်အခါမှသာ၊ မိမိ၏ ပါရမီမှာ အမှန်တကယ်ပင် မည်မျှအထိ မြင့်မားနေကြောင်းကို သဘောပေါက်လိုက်ရတော့သည်။

ထိုအချိန်မှစ၍ လောကီလောက၌ အတွေ့အကြုံဆင်းရခြင်းကို ပိုမိုနှစ်သက်လာခဲ့ပြီး ရံဖန်ရံခါတွင် ကံကောင်းခြင်း အခွင့်အလမ်းအချို့ကိုလည်း ရရှိခဲ့ဖူးသည်။

လွန်ခဲ့သောတရက်ခန့်က အမည်မသိ လျှို့ဝှက်ကျင့်ကြံသူတစ်ဦး၏ ရက်စက်စွာ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ တထက်လူက ဂိုဏ်းချုပ်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို အတင်းအကျပ် မေးမြန်းရန် ကြံရွယ်နေခြင်းဖြစ်ရာ ၎င်းမှာ သူ့အတွက် ကြီးမားသော စော်ကားမှုပင် ဖြစ်၏။ထို့ကြောင့် အညံ့ခံမည့်အစား သေဆုံးရန်သာ ရွေးချယ်လိုက်သည်။

မည်သို့သော ရက်စက်လှသည့် နှိပ်စက်ညှင်းပန်းမှုမျိုးကိုမဆို ရင်ဆိုင်ရပါစေ၊ သူ စကားတစ်လုံးမျှ ပြောခဲ့ခြင်း မရှိပေ။

သူ စိတ်ဓာတ်ကျပြီး အညံ့ခံတော့မည့် အကြိမ်တိုင်း၌၊ ယခင် ဂိုဏ်းဝင်စမ်းသပ်မှုပြုလုပ်စဉ်က စီနီယာအစ်ကိုကြီး ပြောကြားခဲ့ဖူးသည့် 'သူ့တွင် တာဝန်သိစိတ် ကင်းမဲ့နေသည်' ဟူသော စကားကို အမြဲတစေ ပြန်လည်သတိရမိသည်။

သူသည် မိမိတွင် တာဝန်သိစိတ် ရှိကြောင်းကို ယခုတစ်ကြိမ်၌ သေချာပေါက် သက်သေပြရပေမည်။

ထိုစဉ်အခါက အသက်အရွယ်အားဖြင့် ငယ်ရွယ်လွန်းသေးသဖြင့်၊ ဤကဲ့သို့သော အမှန်တရားများကို မည်သူတစ်ဦးတစ်ယောက်မျှ သင်ကြားပြသပေးခဲ့ခြင်း မရှိခဲ့ပေ။ သူ စာနာစိတ် ကင်းမဲ့နေခြင်းမဟုတ်ဘဒ

အခွင့်အရေးကိုသာ အမိအရ ဆုပ်ကိုင်လိုခဲ့ခြင်း ဖြစ်သည်။ အခြားသူများကို မကူညီမီ အရင်ဆုံး မိမိကိုယ်မိမိ ဘေးကင်းအောင် ကာကွယ်ရမည် မဟုတ်ပါလား။

သို့သော် ယခုတစ်ကြိမ်တွင်မူ မိမိကိုယ်မိမိ ကာကွယ်ရန် မရွေးချယ်တော့ဘဲ၊ ဂိုဏ်းချုပ်ကို ကာကွယ်ရန်အတွက်သာ ရွေးချယ်လိုက်တော့သည်။

ဂိုဏ်းချုပ်အတွက် သေဆုံးရခြင်းမှာ လွန်စွာ ဂုဏ်ယူဝင့်ကြွားစရာ ကောင်းလှသည်ဟု ခံစားလိုက်ရသည်။

မှေးမှိန်ဝေဝါးနေသော အသိစိတ်ကမ္ဘာအတွင်း၌၊ မေးခွန်းတစ်ခုကိုသာ တွေးတောနေမိသည်။

သူ သေဆုံးသွားခြင်းက ဂိုဏ်းချုပ်ကို စိတ်မကောင်းဖြစ်စေမလား…

နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့လျှင်ရော ဂိုဏ်းချုပ် သူ့ကို မှတ်မိနေဦးမလား…

အကယ်၍ သူ့ရဲ့ သေဆုံးမှုက ဂိုဏ်းချုပ်ကို ထာဝရ အမှတ်ရသွားစေမည်ဆိုပါက၊ စွန့်လွှတ်အနစ်နာခံမှုမှာ အလဟဿ ဖြစ်မည်မဟုတ်ပေ။

ငယ်စဉ်ကတည်းက မိဘများက သူ့ကို မချစ်ခဲ့ကြသလို၊အစ်ကို၊ အစ်မများကလည်း နှိပ်စက်ခဲ့ကြသည်။ သူ ရွာမှ ထွက်ပြေးလာခဲ့စဉ်အခါက ရွာပြင်၌ နှစ်ရက်ခန့် စောင့်ဆိုင်းနေခဲ့ဖူးသော်လည်း၊ မည်သူတစ်ဦးတစ်ယောက်မျှ သူ့ကို လိုက်လံရှာဖွေခြင်း မရှိသဖြင့် ထာဝရ ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

လီချင်းချိုးကသာ သူ့အပေါ် ပထမဆုံးအနေဖြင့် ကောင်းမွန်စွာ ဆက်ဆံပေးခဲ့သူဖြစ်ပြီး၊ အပြန်အလှန်အားဖြင့် မည်သည့်အရာကိုမျှ တောင်းဆိုခြင်းမရှိသလို ကျေးဇူးတင်မှုကိုပင် တကူးတက လိုလားခြင်း မရှိခဲ့ပေ။

လီဟန်သည် ချင်းရှောင်ဂိုဏ်းတွင် ပညာသင်ကြားခဲ့ရသဖြင့် အမှန်တရားများစွာကို နားလည်ခဲ့ရသည်။ လူ့ဘဝတွင် အရေးကြီးဆုံးအရာမှာ ကျေးဇူးတရားကို သိတတ်ခြင်းနှင့် ကျေးဇူးပြန်ဆပ်ခြင်းပင် ဖြစ်သည်ဟု ယူဆထားသည်။

ရုတ်တရက် ဟူယန်ကို ထပ်မံသတိရသွားမိပြန်သည်။ ဓမ္မညီလာခံပွဲစဉ်အတွင်း ဟူယန် မည်မျှအထိ စိတ်ဓာတ်တက်ကြွပြီး တောက်ပလန်းဆန်းနေခဲ့သနည်း။

ဂိုဏ်းချုပ်၏ တိုက်ရိုက်တပည့်တစ်ဦး ဖြစ်ရသည့် ခံစားချက်က မည်သို့ရှိမည်နည်းဟုတွေးတောရင်း ဟူယန်အပေါ် ထပ်မံ၍ အားကျမနာလို ဖြစ်မိပြန်သည်။

ဘုန်း... ဘုန်း... ဘုန်း…

အသိစိတ် လွတ်မြောက်လုနီးပါး ဖြစ်နေသော လီဟန်၏ အာရုံထဲ၌ အသံအချို့ကို ဝေဝေဝါးဝါး ကြားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ပေါ်၌ ခံစားချက်များ ပြန်လည် ထွက်ပေါ်လာခဲ့ပြီး မျက်ခွံများ တုန်ခါလာခဲ့သည်။

အချိန်အတန်ကြာ အားစိုက်လိုက်ပြီးနောက်တွင် မျက်လုံးများကို အသည်းအသန် ဖွင့်ကြည့်လိုက်သည်။ ထိုအသံမှာ ပိုမို ကျယ်လောင်လာခဲ့ပြီး၊ ဧရာမ သံတူကြီးတစ်လုံးဖြင့် သူ့ နှလုံးသားကို ပြင်းထန်စွာ ထုနှက်နေသကဲ့သို့ ဖြစ်နေသဖြင့် သူ့ နှလုံးသားမှာလည်း ၎င်းနှင့်အတူ လိုက်လံတုန်ခါနေခဲ့သည်။

သူသည် ယမန်နေ့ညက ရက်စက်စွာ နှိပ်စက်ညှင်းပန်းခံခဲ့ရသည့် အတွေ့အကြုံဆိုးကို အလိုလို ပြန်လည်တွေးတောမိစေသည်။

၎င်းကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သော်လည်း ယခု ပြန်တွေးမိသည့်အခါတွင် စိတ်ဝိညာဉ်တစ်ခုလုံး တုန်လှုပ်ခြောက်ခြားသွားခဲ့ပြန်သည်။

သူသည် အသံထွက်ပေါ်ရာ အရပ်မျက်နှာဆီသို့ လှမ်းကြည့်လိုက်တော့ မြစ်တစ်ဖက်ကမ်းတွင် ပုံရိပ်တစ်ခုက မြေပြင်ပေါ်ရှိလူကို အဆက်မပြတ် ခြေထောက်ဖြင့် နင်းခြေတိုက်ခိုက်နေသည်ကို မြင်တွေ့လိုက်ရသည်။

'ဒီလူ ဘာတွေလုပ်နေတာလဲ...'

လီဟန်သည် အရိုးများ ကျိုးပဲ့ပျက်စီးသွားသည့် ကြောက်မက်ဖွယ်ရာ အသံများကို ဝေဝေဝါးဝါး ကြားနေရသည်။ ဤသည်မှာ ထိုဝတ်စုံနက်ဝတ် အမျိုးသားက အခြားသူတစ်ဦးကို ထပ်မံ၍ ရက်စက်စွာ နှိပ်စက်နေခြင်း ဖြစ်မလား။ နောက်ထပ် ကံဆိုးလှသော ဂိုဏ်းသားတစ်ဦး ထပ်မံပေါ်ထွက်လာခဲ့ပြန်ပြီလား။

လီဟန်အနေဖြင့် မိမိတွင် တာဝန်သိစိတ် ကင်းမဲ့နေဆဲဖြစ်ကြောင်း ဝန်ခံရမည် ဖြစ်သည်။ ဂိုဏ်းသားတစ်ဦး ဒုက္ခရောက်နေသည်ကို မြင်ရသော်လည်း သူ့စိတ်ထဲ၌ စိုးရိမ်ပူပန်စိတ် စိုးစဉ်းမျှ မရှိပေ။ အဓိကအားဖြင့် လက်ရှိတွင် သူကိုယ်တိုင်လည်း ဘာမျှ လုပ်ဆောင်နိုင်စွမ်း မရှိတော့ပေ။

သို့သော် စိတ်အာရုံ ပိုမိုရှင်းလင်းလာသည်နှင့်အမျှ မျက်စိသူငယ်အိမ်များ ဆတ်ခနဲ ကျုံ့ဝင်သွားပြီး အသက်ရှူသံများလည်း အလွန်အမင်း မြန်ဆန်လာခဲ့တော့သည်။

သူသည် လီချင်းချိုး၏ ပုံရိပ်ကို စိုက်ကြည့်လိုက်ပြီး လီချင်းချိုး ဝတ်ဆင်ထားသော ဝတ်စုံကို ချက်ချင်း မှတ်မိသွားခဲ့သည်၊ ၎င်းမှာ ချင်းရှောင်ဂိုဏ်း၏ အဆင့်မြင့်လူကြီးများသာ ဝတ်ဆင်ခွင့်ရှိသော ဝတ်စုံ ဖြစ်သည်။

မဟုတ်သေးဘူး... ဘယ်အဆင့်မြင့်လူကြီးမှ ဒီလို ဝတ်စုံမျိုး ဝတ်ဆင်ခွင့် မရှိဘူး....ဒါ..ဒါ ဂိုဏ်းချုပ်ပဲ

လီဟန် စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်‌နေသည်။

ကြည်လင်လှသော သွေးပူလှိုင်းလုံးကြီးတစ်ခု သူ့ နှလုံးသားအောက်ခြေမှနေ၍ ဦးခေါင်းထက်ဆီသို့ တဟုန်ထိုး ပြေးတက်သွားခဲ့သည်။ မိမိကိုယ်မိမိ မျက်စိမှားနေခြင်းဖြစ်မလားဟု သံသယဝင်မိသဖြင့် မျက်လုံးများကို အတင်းအကျပ် ပုတ်ခတ်ကာ ထပ်မံကြည့်ရှုလိုက်ရာ၊ အမှန်တကယ်ပင် မျက်စိမှားခြင်း မဟုတ်ကြောင်း အတည်ပြုလိုက်နိုင်တော့သည်။

သူသည် ဂိုဏ်းချုပ်၏ ခြေဖဝါးအောက်တွင် နင်းခြေခြင်းခံနေရသော လူကိုလည်း မြင်တွေ့လိုက်ရသည်။ ၎င်းမှာ အခြားသူမဟုတ်ဘဲ ထိုဝတ်စုံနက်ဝတ် အမျိုးသားပင် ဖြစ်ပေသည်!

ဂိုဏ်းချုပ်က ထိုကောင်ကို ရက်စက်စွာ ခြေထောက်ဖြင့် နင်းခြေ နှိပ်စက်နေခြင်း ဖြစ်၏!

ယခုအချိန်တွင် လီဟန်သည် စိတ်လှုပ်ရှားလွန်းသဖြင့် အားရပါးရ အော်ဟစ်လိုက်ချင်သော်လည်း၊ သူ့ထံ၌ ခွန်အား စိုးစဉ်းမျှ မရှိတော့ပေ။ သူအခုလို အသိစိတ် ပြန်လည်ရရှိလာနိုင်ခြင်းမှာ လီချင်းချိုး အသုံးပြုခဲ့သော စိတ်ဝိညာဉ်ပြန်လည်နုပျိုခြင်း တစ္ဆေအပ်ကြောင့်ဖြစ်ပြီး၊ ဒဏ်ရာများမှာ ပြန်လည်ကောင်းမွန်လာရန်အတွက်တော့ အချိန်အတန်ကြာ လိုအပ်ပေဦးမည်။

လီချင်းချိုးက လီဟန်၏ အကြည့်ကို စိုးစဉ်းမျှ အာရုံမစိုက်ခဲ့ပေ။ သူသည် အမူအရာမဲ့စွာဖြင့် ဝတ်စုံနက်ဝတ် အမျိုးသားကို ရက်စက်စွာ ခြေထောက်ဖြင့် ဆက်လက်နင်းချေနေသည်။

လက်ရှိတွင် ဝတ်စုံနက်ဝတ် အမျိုးသား၏ ရင်ဘတ်တစ်ခုလုံး ကြေမွ ပျက်စီးသွားခဲ့ပြီဖြစ်ပြီး၊ မျက်နှာတစ်ခုလုံးလည်း လိမ်တွန့်ပျက်စီးနေသဖြင့် သေလုမြောပါး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဝတ်စုံနက်ဝတ် အမျိုးသားက လည်ချောင်းအတွင်းမှ သွေးညှီနံ့အချို့ ထွက်ပေါ်နေပြီး တစ်စုံတစ်ရာကို ပြောဆိုရန် ကြိုးပမ်းနေပုံရသော်လည်း၊ လီချင်းချိုးက သူ့ကို လုံးဝ လျစ်လျူရှုထားခဲ့ပြီး ၎င်း၏ခန္ဓာကိုယ်ကို ရက်စက်စွာ နင်းခြေ နှိပ်စက်နေခဲ့သည်။

လီချင်းချိုး သူ့ကို ရည်ရွယ်ချက်ရှိရှိဖြင့် ချက်ချင်း မသတ်ပစ်ဘဲ ဟူယန်ထံသို့ ကိုယ်တိုင် လွှဲပြောင်းပေးအပ်ရန်အတွက် အသက်ရှင်ခွင့်ပေးထားခြင်းပင်။

သူသည် ယခုအချိန်တွင် ဤဝတ်စုံနက်ဝတ် အမျိုးသားကို ရည်ရွယ်ချက်ရှိရှိဖြင့် အပြင်းအထန် နှိပ်စက်နေခြင်းဖြစ်ပြီး၊ ဤယုတ်မာပတ်စက်လှသော ကောင်အား လီဟန် ခံစားခဲ့ရသည့် နာကျင်မှုထက် အဆပေါင်းမြောက်မြားစွာ ပိုမိုဆိုးဝါးလှသော ဝေဒနာကို ခံစားရစေရန် ပြုလုပ်နေခြင်း ဖြစ်ပေသည်။

လီဟန်သည် အပြင်းအထန် ဒဏ်ရာရရှိထားသဖြင့် လီချင်းချိုးအနေဖြင့် သူ မည်သူမည်ဝါဖြစ်ကြောင်း တိတိကျကျ မသိရှိရသေးပေ။ သို့သော်လည်း မည်သူပင်ဖြစ်စေကာမူ ချင်းရှောင်ဂိုဏ်းသားတစ်ဦး ဖြစ်နေသရွေ့၊ လီချင်းချိုးကတော့ ၎င်းအတွက် သေချာပေါက် အစွမ်းကုန် ကလဲ့စားချေပေးမည်သာ။

ဝတ်စုံနက်ဝတ် အမျိုးသား အလုံးစုံ မေ့မြောသွားခဲ့ပြီးနောက်တွင် လီချင်းချိုး နောက်ဆုံး၌ လှုပ်ရှားမှုများကို ရပ်တန့်လိုက်တော့သည်။ သူသည် ခြေထောက်တစ်ချက် ဝှေ့ယမ်းကာ ဝတ်စုံနက်ဝတ် အမျိုးသားကို အထက်သို့ မြှောက်တင်လိုက်ပြီး၊ လက်တစ်ဖက်ဖြင့် သယ်ဆောင်လျက် လီဟန်ရှိရာ အရပ်မျက်နှာဆီသို့ လှည့်၍ လျှောက်လှမ်းလာခဲ့၏။

လီဟန်သည် လီချင်းချိုး ထိုအမျိုးသားကို ခွေးတစ်ကောင်ကဲ့သို့ သယ်ဆောင်ကာ မိမိထံသို့ လျှောက်လှမ်းလာသည်ကို ကြည့်ရင်း မျက်ဝန်းထဲတွင် ကိုးကွယ်အားကျရိပ်များဖြင့် ပြည့်နှက်နေမိတော့သည်။

ဂိုဏ်းသို့ ဝင်ရောက်ပြီးနောက်တွင် လီချင်းချိုးကို အဝေးမှသာ လှမ်း ကြည့်ခဲ့ရသဖြင့် မြင်ဖူးပေသည်။ ဂိုဏ်းချုပ်၏ ရှေ့သို့ လျှောက်လှမ်းကာ ကျေးဇူးတရားများကို ကိုယ်တိုက်ထုတ်ဖော်ပြောဆိုလိုသည့် အကြိမ်တိုင်း၌၊ လီချင်းချိုး၏ ဘေးတွင် အခြားသော တပည့်အမြောက်အမြား အမြဲတစေ စုပြုံဝန်းရံနေလေ့ရှိသဖြင့်၊ လီချင်းချိုးနှင့် သီးသန့်တွေ့ဆုံ၍ မိမိ၏ စိတ်ခံစားချက်များကို ပြောပြခွင့် လုံးဝ မရရှိခဲ့ဖူးပေ။

ယမန်နေ့ညက ရက်စက်စွာ နှိပ်စက်ညှင်းပန်းခံနေရစဉ်အတွင်း၊ ဂိုဏ်းချုပ်ကိုယ်တိုင် မိမိကို လာရောက်ကယ်တင်လိမ့်မည်ဟူ၍ စိတ်ကူးယဉ် အိမ်မက်မက်ခဲ့ဖူးသော်လည်း၊ ၎င်းမှာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်သည်ဟု ယူဆခဲ့သည်။ သူသည် ထိုအချက်အတွက် ဂိုဏ်းချုပ်အပေါ် စိုးစဉ်းမျှ ရန်ငြိုးဖွဲ့ခြင်းမရှိခဲ့ဘဲ သေဆုံးရန်အတွက်သာ စိတ်ပိုင်းဖြတ်ထားခဲ့သည်။

အခုတော့ ဂိုဏ်းချုပ် အမှန်တကယ်ပင် ရောက်ရှိလာခဲ့ပြီး မိမိကို နှိပ်စက်ခဲ့သောသူအား မိမိထက် အဆပေါင်းများစွာ ပိုမိုဆိုးဝါးလှသော နာကျင်မှုဝေဒနာကို ခံစားရအောင် ကလဲ့စားချေပေးခဲ့ပြီဖြစ်ရာ၊ အဘယ်ကြောင့် စိတ်လှုပ်ရှားခြင်း မရှိဘဲ နေနိုင်မည်နည်း။

လီချင်းချိုး သူ့ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီး၊ အခြားသော လက်တစ်ဖက်ကို အသုံးပြုကာ သူ့ကို မြေပြင်မှ ပွေ့ချီလိုက်ပြီး ပခုံးပေါ်သို့ တင်လိုက်တော့သည်။ ထို့နောက်တွင်မူ လေထဲသို့ တစ်ဟုန်ထိုး ခုန်တက်လိုက်ကာ မိုးကုပ်စက်ဝိုင်းဆီသို့ အရှိန်ပြင်းစွာ ပျံသန်းထွက်ခွာသွားခဲ့လေတော့သည်။

မွန်းတည့်ချိန်၌…….

လင်းရှောင်ခြံဝင်းအတွင်းသို့ ဟူယန် အမောတကော ဝင်ရောက်လာခဲ့ပြီး၊ သူ့အကြည့်က စားပွဲရှည်ကြီး၏ ရှေ့မှ မြေပြင်ပေါ်၌ လဲလျောင်းနေသော ဝတ်စုံနက်ဝတ် အမျိုးသားထံသို့ ချက်ချင်း ကျရောက်သွားခဲ့သည်။

ထိုကောင်၏ ရုပ်ပျက်ဆင်းပျက် သွင်ပြင်ကို မြင်လိုက်ရသောအခါ သူ့ မျက်ဝန်းအစုံအတွင်းမှ သတ်ဖြတ်လိုစိတ် အရှိန်အဝါများ ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

သူသည် ခြေတစ်လှမ်းတည်းဖြင့် ဝတ်စုံနက်ဝတ် အမျိုးသား၏ ရှေ့သို့ ရောက်ရှိသွားခဲ့ပြီး လက်ဖဝါးကို မြှောက်ကာ ၎င်း၏ ဦးခေါင်းကို ရိုက်ခွဲပစ်ရန် ကြံရွယ်လိုက်သော်လည်း၊ ချက်ချင်းပင် လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။

သူသည် တွမ့်ရှောင်ကျွမ်းကို ရက်စက်စွာ သတ်ဖြတ်ခဲ့သော လူသတ်သမားကို ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း သတင်းရရုံမျှဖြင့် ချက်ချင်း အပြင်းနှင် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး၊ တွမ့်ရှောင်ကျွမ်းအတွက် ချက်ချင်း ကလဲ့စားချေလိုစိတ် ပြင်းပြနေခြင်း ဖြစ်သည်။

သို့သော်လည်း အသိစိတ်က..ဤလူသည် တွမ့်ရှောင်ကျွမ်းတစ်ဦးတည်းကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခြင်းမဟုတ်ဘဲ၊ ချင်းရှောင်ဂိုဏ်းတစ်ခုလုံးကို ရန်ပြုနေခြင်းဖြစ်ကြောင်း သတိပေးနေသည်။ ထို့ကြောင့် ဤလူကို လွယ်လွယ်ကူကူဖြင့် ချက်ချင်း မသတ်ပစ်သင့်ပေ။

ပိုမိုများပြားသော ဂိုဏ်းသားများ ထပ်မံ၍ ဘေးဒုက္ခမကြုံတွေ့ရစေရန်အတွက်၊ ဤလူ၏ နောက်ကြောင်းနောက်ခံကို အရင်ဆုံး တိတိကျကျ စုံစမ်းသိရှိရန် လိုအပ်ပေသည်။

ထို့ကြောင့် လက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး သက်ပြင်းတစ်ချက်ချကာ လီချင်းချိုးထံသို့ လှည့်ကြည့်လိုက်ပြီး …

"ဆရာ... ဆရာ သူ့ရဲ့ စိတ်ဝိညာဉ်ကို ဖောက်ထွင်းရှာဖွေပြီးပြီလား" ဟု မေးမြန်းလိုက်သည်။

လီချင်းချိုးက စားပွဲရှည်ကြီး၏ အနောက်တွင် တည်ငြိမ်စွာ ထိုင်နေပြီး ဟူယန်ကို ကြည့်ကာ…

"ရှာဖွေပြီးပါပြီ…သူက ဝမ့်ယင်းဂိုဏ်းက စေလွှတ်လိုက်တဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးပဲ" ဟု ပြန်လည်ဖြေကြားခဲ့သည်။

"ဝမ့်ယင်းဂိုဏ်း..." ဟူယန်၏ မျက်ဝန်းများ ချက်ချင်းပင် အေးစက်ခက်ထန်သွားခဲ့ပြီး ရန်ငြိုးဖွဲ့မှုအားလုံးကို ဝမ့်ယင်းဂိုဏ်းတစ်ခုလုံးထံသို့ လွှဲပြောင်းပေးအပ်လိုက်တော့သည်။

လီချင်းချိုးက သူ့ကို စိုက်ကြည့်ကာ …

"ငါ လိုအပ်တဲ့ သတင်းအချက်အလက်အားလုံးကို ရထားပြီးပြီ... မင်း သူ့ကို သတ်နိုင်ပြီ" ဟု ဆိုလိုက်သည်။

ဟူယန်က နှလုံးသားနာကျင်စွာဖြင့် ….

"ဆရာ... ရှောင်ကျွမ်းရဲ့ စိတ်ဝိညာဉ်ကို သူ သတ်ပစ်လိုက်တာလား " ဟု ထပ်မံမေးမြန်းပြန်သည်။

"သူက စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်နိုင်တဲ့ ကျိန်စာမန္တန်ကို တတ်မြောက်ထားတယ် သူ အခုလိုလုပ်ဆောင်ရခြင်းက သူ့ရဲ့ တည်နေရာနောက်ကြောင်း လုံခြုံရေးအတွက် ဖုံးကွယ်ချင်လို့"

လီချင်းချိုး ဤစကားကို ပြောဆိုစဉ်အတွင်း၌လည်း စိတ်ထဲတွင် ဝတ်စုံနက်ဝတ် အမျိုးသားအပေါ် ကြီးစွာသော မုန်းတီးမှုကို ခံစားနေရဆဲပင်။

ဤကောင်သည် ရက်စက်ကြမ်းကြုတ်လှရုံသာမက အလွန်အမင်းလည်း သတိကြီးလွန်းလှသည်။ ဤဝတ်စုံနက်ဝတ် အမျိုးသားကို မတွေ့ရှိမီအချိန်အထိ သူ့ရဲ့ အရှိန်အဝါကို စိုးစဉ်းမျှ အာရုံခံနိုင်ခြင်း မရှိခဲ့ပေ။

အခုလို ရှာဖွေတွေ့ရှိနိုင်ခဲ့ခြင်းမှာ... လီချင်းချိုး၏ ပျံသန်းမှုအရှိန် အလွန်အမင်း မြန်ဆန်လှပြီး၊ ယွီစီရင်စုတစ်ခုလုံးကို မြေလှန်ပစ်လုနီးပါး ပိုက်စိပ်တိုက် ရှာဖွေခဲ့ခြင်းကြောင့်သာ ဖြစ်ပေသည်။

ထိုစကားကို ကြားရသောအခါ ဟူယန်က ဝတ်စုံနက်ဝတ် အမျိုးသားကို ထပ်မံ၍ စိုက်ကြည့်လိုက်မိပြန်သည်။

"ဆရာ... သူ့ကို မိစ္ဆာနှိမ်နင်းရေးစေတီတော်ထဲကို ပစ်ထည့်ပြီး၊ သူ့ရဲ့ ဘဝကို သေခြင်းထက် ဆိုးဝါးတဲ့ ကံကြမ္မာမျိုး ခံစားရအောင် လုပ်ပေးလို့ရမလား " ဟု တောင်းဆိုခဲ့သည်။

တွမ့်ရှောင်ကျွမ်း၏ ရုပ်အလောင်းကို ချင်းရှောင်ဂိုဏ်းသို့ ပို့ဆောင်ပြီးဖြစ်ရာ၊ အတူတူသွားခဲ့ကြသော တပည့်များထဲတွင် တစ်ဦးတည်းသာ တစ်ချက်တည်းဖြင့် သေဆုံးခဲ့ရပြီး၊ ကျန်ရှိသူအားလုံးမှာ ရက်စက်စွာ နှိပ်စက်ညှင်းပန်းခံရပြီးမှ ရုပ်ပျက်ဆင်းပျက် သေဆုံးခဲ့ကြရခြင်း ဖြစ်သဖြင့်၊ ဟူယန်အနေဖြင့် ဤလူသတ်သမားကို လွယ်လွယ်ကူကူဖြင့် တိုက်ရိုက် မသတ်ပစ်ချင်သေးပေ။

လီချင်းချိုးက….

"ကောင်းပြီ…မင်း သူ့ကို ဘယ်အချိန် သေစေချင်သလဲ၊ အဲဒီအချိန်ကျမှ သူ သေရလိမ့်မယ် သူ့ကို သေချာပေါက် နှိပ်စက်ဖို့ ဟယ်ကျင်းရှူကို တာဝန်ပေးလိုက်မယ်"

ဟယ်ကျင်းရှု ဟူသောအမည်ကို ကြားလိုက်ရသောအခါ ဟူယန်၏ မျက်ဝန်းထဲတွင် ကျေနပ်သည့်အရိပ်အ‌ယောင်တစ်ခု ဖြတ်သန်းသွားခဲ့သည်။ သူသည်လည်း ဟယ်ကျင်းရှု၏ ရက်စက်လှသော စမ်းသပ်မှု နည်းလမ်းများကို အစောကတည်းက ကြားသိထားသည်။

ထို့နောက်တွင်မူ လီချင်းချိုးက ရှောင်ဝူချင်းကို ခြံဝင်းအတွင်းသို့ ခေါ်ယူလိုက်ပြီး၊ ဝတ်စုံနက်ဝတ် အမျိုးသားကို မိစ္ဆာနှိမ်နင်းရေးစေတီတော်၏ အနိမ့်ဆုံးအဆင့်သို့ ပစ်ထည့်ခိုင်းလိုက်ကာ၊ ထိုကိစ္စကို အလုံးစုံ ကိုင်တွယ်ဖြေရှင်းရန်အတွက် ဟယ်ကျင်းရှုအား တိုက်ရိုက် လွှဲပြောင်းမှာကြားခိုင်းလိုက်လေသည်။

All Chapters