← Chapters

အခန်း ၃၄၀

Vol. 34 Ch. 340

အခန်း ၃၄၀

Vol. 34 Ch. 340

အခန်း (၃၄၀ )အနောက်ဘက်နယ်စပ်သို့ ကျူးကျော်ဝင်ရောက်ခြင်း…..

ရှောင်ဝူချင်း ဝတ်စုံနက်ဝတ် အမျိုးသားကို ဖမ်းဆီးခေါ်ဆောင်၍ ထွက်ခွာသွားပြီးနောက်၊ ဟူယန်က လီချင်းချိုးကို ကြည့်ကာ….

"ဆရာ... ကျွန်တော် အနောက်ဘက်အန္တရာယ်နယ်မြေ မသေမျိုးမြို့တော်ကို သွားချင်ပါတယ်" ဟု တောင်းဆိုလိုက်သည်။

တွမ့်ရှောင်ကျွမ်း သေဆုံးခဲ့ရသည့် အကြွေးမှာ ဝမ့်ယင်းဂိုဏ်းနှင့် တိုက်ရိုက်ပတ်သက်နေသဖြင့်၊ ဟူယန်အနေဖြင့် ဤကိစ္စကို ဤမျှဖြင့် အလွယ်တကူ လက်လွှတ်မခံလိုပေ။

လီချင်းချိုးက သူ့ကို လေးနက်စွာ စိုက်ကြည့်ပြီး….

"ဝမ့်ယင်းဂိုဏ်းက ငါတို့ကို ရန်ငြိုးဖွဲ့ ကျူးကျော်လာတာမို့၊ ဒါက သေချာပေါက် သေကျေပျက်စီးမယ့် စစ်ပွဲကြီး ဖြစ်လာမှာပဲ.. ဒါပေမဲ့ စစ်ပွဲကို ဘယ်အချိန်မှာ စတင်မလဲဆိုတာကတော့ ရန်သူ့သတင်းအချက်အလက် စုံစမ်းရရှိမှုအပေါ်မှာပဲ မူတည်တယ်… မင်းရဲ့ ရန်ငြိုးဒေါသတွေကြောင့် အမြော်အမြင် ကင်းမဲ့မသွားပါစေနဲ့… မင်းက ငါ့ရဲ့ တပည့်ဖြစ်လို့ ဂိုဏ်းရဲ့ အလုံးစုံသော အကျိုးစီးပွားကို ပိုပြီး ဦးစားပေးရမယ်…ငါ အာမခံရဲတာတစ်ခုကတော့... ဝမ့်ယင်းဂိုဏ်းကို ဒီလောကမြေပြင်ကနေ အပြီးတိုင် ပျောက်ကွယ်သွားအောင် ငါ သေချာပေါက် လုပ်ပေးမယ်ဆိုတာပဲ"

ဟူယန်က ခါးသီးစွာ ပြုံးလိုက်ရင်း…..

"ဆရာ... လက်ရှိ ကျွန်တော့်အစွမ်းနဲ့ ဝမ့်ယင်းဂိုဏ်းကို ဘယ်လိုမှ မလှုပ်ခါနိုင်ဘူးဆိုတာ သိပါတယ်…. ကျွန်တော်က ဂိုဏ်းအတွက် တတ်နိုင်တဲ့ ခွန်အားတစ်ခုခု ကူညီပေးချင်ရုံသက်သက်ပါ… အဆင်ခြင်မဲ့ လှုပ်ရှားတာမျိုး မလုပ်သလို၊ လက်လျှော့မှာလည်း မဟုတ်ပါဘူး"

တွမ့်ရှောင်ကျွမ်း သေဆုံးသွားခြင်းက သူ့ကို ကြီးစွာသော နာကျင်မှုဝေဒနာ ခံစားရစေသော်လည်း၊ သူ့ကိုယ်တွင်းရှိ ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီစွမ်းအင်က သူ့ကို စိတ်ဓာတ်ကျမသွားစေခဲ့ပေ။ သူသည် ကလဲ့စားချေနိုင်ရန်အတွက် ပိုမို အစွမ်းထက်လာစေရန် ကြိုးပမ်းအားထုတ်သွားမည်ဖြစ်သလို၊ ဂိုဏ်းအတွင်း၌ ဤကဲ့သို့သော ဝမ်းနည်းဖွယ်ရာ ကပ်ဘေးဆိုးများ လျော့နည်းသွားစေရန်အတွက်လည်း စွမ်းဆောင်သွားမည် ဖြစ်သည်။

"ကောင်းပြီလေ... ငါ သဘောတူတယ်။ မနက်ဖြန်မနက်ကျရင် နက်နဲသောနှလုံးသားနန်းဆောင် ရှေ့ကိုသွားပြီး တခြားဂိုဏ်းသားတွေနဲ့အတူ တစ်ခါတည်း ထွက်ခွာတော့"

"ဟုတ်ကဲ့ပါ!"

ဟူယန် ရိုသေစွာ ဦးညွှတ် ဂါရဝပြုပြီးနောက် ထွက်ခွာသွားခဲ့တော့သည်။

တစ်ဖက်တွင်မူ လီချင်းချိုးက သူ စုံစမ်းရရှိထားခဲ့သော သတင်းအချက်အလက်များကို ဆက်လက်၍ ဆင်ခြင်တွေးတောနေမိသည်။

သေဆုံးသွားသော ဂိုဏ်းသားများကို သတ်ဖြတ်ခဲ့သည့် ဝတ်စုံနက်ဝတ် အမျိုးသားမှာ ဝမ့်ယင်းဂိုဏ်းမှ ကျင့်ကြံသူတစ်ဦး၏ စေခိုင်းမှုကို ခံခဲ့ရခြင်းဖြစ်သော်လည်း၊ ဤကိစ္စမှာ အနည်းငယ် ထူးဆန်းနေပုံရသည်။ ထိုဝမ့်ယင်းဂိုဏ်း ကျင့်ကြံသူသည် မိမိ၏ လှုပ်ရှားမှုများကို ဝမ့်ယင်းဂိုဏ်း၏ အမှတ်တံဆိပ်အောက်တွင် မလုပ်ဆောင်လိုဘဲ ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။

ဝမ့်ယင်းဂိုဏ်း၏ ကြီးမားလှသော သြဇာအရှိန်အဝါဖြင့်ဆိုပါက ဤမျှအထိ လျှို့ဝှက်ဖုံးကွယ်နေရန် အကြောင်းမရှိပေ။ ဒါ့အပြင် သူတို့သည် ချင်းရှောင်ဂိုဏ်းနှင့် အစောကတည်းက ပဋိပက္ခဖြစ်ပွားထားပြီးဖြစ်ရာ၊ အကယ်၍ သူတို့ဘက်က စစ်ပွဲစတင်လိုပါက အဘယ်ကြောင့် ဤမျှအထိ အလုပ်ရှုပ်ခံကာ လျှို့ဝှက်လုပ်ဆောင်နေရဦးမည်နည်း။

ဖြစ်နိုင်သည်မှာ... ထိုဝမ့်ယင်းဂိုဏ်း ကျင့်ကြံသူသည် ၎င်းကိုယ်ပိုင် ရည်မှန်းချက် အာဏာလောဘများ ရှိနေပြီး တစ်စုံတစ်ရာကို လျှို့ဝှက် ပူးပေါင်းကြံစည်နေခြင်း ဖြစ်ပေလိမ့်မည်။

သို့သော်လည်း လီချင်းချိုးအနေဖြင့် ဤအချက်ကို အလွန်အမင်း တွေးတောမနေတော့ပေ။ မည်သို့ပင်ဖြစ်စေ ဤရန်ငြိုးအကြွေးကို ဝမ့်ယင်းဂိုဏ်းတစ်ခုလုံးနှင့် သေချာပေါက် ရှင်းရမည်သာ ဖြစ်၏။

ဤရန်ငြိုး မရှိလျှင်ပင်၊ ဝမ့်ယင်းဂိုဏ်းသည် ချင်းရှောင်ဂိုဏ်းအပေါ် အမြဲတစေ ဖိအားပေး ခြိမ်းခြောက်နေသဖြင့် ဤစစ်ပွဲမှာ မည်သို့မျှ ရှောင်လွှဲ၍ ရနိုင်မည်မဟုတ်ချေ။

ဝေထျန်းရှုံးနှင့် ချူကျင်းတို့ ဝမ့်ယင်းဂိုဏ်း၏ စစ်မှန်သော စွမ်းပကားနောက်ကြောင်းကို အလုံးစုံ စုံစမ်းစစ်ဆေးပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ လီချင်းချိုးဘက်က ချက်ချင်း ထိရောက်စွာ လှုပ်ရှားတော့မည် ဖြစ်သည်။

အကယ်၍ ဝမ့်ယင်းဂိုဏ်း၏ စွမ်းအားမှာ ကြီးမားခြင်းမရှိပါက၊ သူကိုယ်တိုင် တိုက်ရိုက် သွားရောက်ချေမှုန်းပစ်မည်။ အကယ်၍ အလွန်အမင်း အစွမ်းထက်နေမည်ဆိုပါကလည်း၊ သူတို့၏ ကျွမ်းကျင်သူများကို တစ်ဦးပြီးတစ်ဦး လိုက်လံနှိမ်နင်း ချေမှုန်းသွားမည် ဖြစ်သည်။

လီချင်းချိုး၏ မျက်ဝန်းများ အေးစက်ခက်ထန်နေသည်။

ယခုတစ်ကြိမ်တွင် အမှန်တကယ်ပင် ဒေါသအိုး ပေါက်ကွဲသွားခဲ့ပြီ ဖြစ်သည်။

ဆောင်းရာသီ၏ ဆီးနှင်းများ တဖွဲဖွဲ ကျဆင်းလာခဲ့ပြီး

ထိုက်ခွန်းတောင်တန်းတစ်ခွင်လုံး တဖြည်းဖြည်းနှင့် ဖွေးဖွေးလှုပ်နေသော ဆီးနှင်းဖြူကြီးများအောက်၌ အလုံးစုံ နစ်မြုပ်သွားခဲ့တော့သည်။

ဝတ်စုံနက်ဝတ် အမျိုးသားကို လီချင်းချိုး ဖမ်းဆီးရမိခဲ့ပြီးနောက်တွင်၊ အပြင်လောက၌ ချင်းရှောင်ဂိုဏ်းသားများ ရက်စက်စွာ ထပ်မံလုပ်ကြံခံရသည့် ဖြစ်ရပ်မျိုး လုံးဝ မရှိတော့ပေ။

သို့သော်လည်း ဤအရေးအခင်းကြောင့် ချင်းရှောင်ဂိုဏ်းသားအားလုံး အပြင်လောက၌ လှည့်လည်သွားလာသည့် အခါတွင် ယခင်ထက် များစွာ ပိုမို၍ သတိကြီးစွာ ထားရှိလာခဲ့ကြသည်။

လီချင်းချိုးက အနောက်ဘက်အန္တရာယ်နယ်မြေ မသေမျိုးမြို့တော်ဆီသို့ လူအင်အားများကို စဉ်ဆက်မပြတ် ပိုမိုစေလွှတ်ခဲ့သလို၊ တစ်ချိန်တည်းမှာပင် ယွီစီရင်စုနှင့် တောင်ပိုင်းချူပြည်နယ်တို့၏ နယ်စပ်အရပ်ရပ်တွင် နောက်ထပ် ခံစစ်စခန်းများနှင့် နေရာကူးပြောင်းရေးအစီအရင်များကို တိုးချဲ့တည်ဆောက်စေခဲ့သည်။

ထိုဝတ်စုံနက်ဝတ် အမျိုးသား၏ သိုလှောင်အိတ်အတွင်းမှ ရရှိလိုက်သော အမြောက်အမြားလှသည့် မှော်ပစ္စည်းများနှင့် ဝိညာဉ်ကျောက် အားလုံးကိုလည်း ဂိုဏ်း၏ ဘဏ္ဍာတိုက်အတွင်းသို့ အလုံးစုံ ထည့်သွင်းအပ်နှံခဲ့ပြီ ဖြစ်သည်။

အဆင့်မြင့်ဝိညာဉ်ကြောမှ ထွက်ရှိနေသော အဆုံးမရှိသည့် ဝိညာဉ်ကျောက် ရင်းမြစ်များနှင့် ပေါင်းစပ်လိုက်ပါက၊ ချင်းရှောင်ဂိုဏ်းအနေဖြင့် နေရာကူးပြောင်းရေးအစီအရင်တည်ဆောက်ဖို့ သုံးစွဲရခြင်းကြောင့် ကုန်ကျမည့် ကုန်ကျစရိတ်များကို ပူပန်ရန်မလိုတော့ပေ။

ဝမ့်ယင်းဂိုဏ်းဘက်က လှုပ်ရှားမှုများကို စတင်ပြုလုပ်နေပြီဖြစ်ရာ၊ လီချင်းချိုးကလည အဆိုပါ အဆင့်မြင့်ဝိညာဉ်ကြော၏ အနီးဝန်းကျင်တွင် စောင့်ကြပ်မည့် လူအင်အားများကိုလည်း တိုးမြှင့်ချထားခဲ့သည်။ ကျောက်ကျိန်းသည်လည်း မြောက်ဘက်နယ်စပ်မှနေ၍ အနောက်ဘက်နယ်စပ်ဆီသို့ အပြင်းနှင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဝိညာဉ်ကြော တည်ရှိရာနေရာတွင် ရွှီနင်းကိုယ်တိုင် စောင့်ကြပ်နေသရွေ့ လောလောဆယ်တွင် မည်သည့် ပြဿနာမျှ ရှိလာဦးမည် မဟုတ်ပေ။

ချင်းရှောင်ဂိုဏ်းသည် စစ်ပွဲကြီးတစ်ခုအတွက် အဘက်ဘက်မှ ပြည့်စုံလုံလောက်စွာ ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ ဝိညာဉ်ပစ္စည်းခန်းမ၊ ကျင့်ကြံရေးခန်းမ၊ ကောင်းကင်လက်မှုပညာခန်းမနှင့် သားရဲထိန်းကျောင်းရေးခန်းမတို့သည်လည်း တိုက်ပွဲဝင် အရင်းမြစ်ပစ္စည်းအမျိုးမျိုးကို အဆင်သင့် စုဆောင်းထားကြသည်။ တာဝန်ခန်းမဆောင် သည်လည်း ၎င်းတို့၏ တာဝန်အားလုံးကို အနောက်ဘက်နယ်စပ်ဆီသို့သာ စုပြုံဦးတည်ပေးထားသဖြင့်၊ လိုအပ်ပါက အပြင်လောကရှိ ဂိုဏ်းသားအားလုံးကို စစ်ကူအဖြစ် ချက်ချင်း ဆင့်ခေါ်နိုင်ပေသည်။

ဓားဂိုဏ်း၊ သိုင်းဘိုးဘေးခန်းမနှင့် ကျင့်ကြံရေးခန်းမတို့သည် ကုကျိုးစီရင်စု၏ အနီးဝန်းကျင်တွင် ကင်းလှည့်မှုများကို စတင်တိုးမြှင့်ခဲ့ကြပြီး၊ ဆက်သွယ်ရေးခန်းမကတော့ ကိုးပြည်ထောင်နယ်မြေ အရပ်ရပ်ရှိ ကျင့်ကြံသူမျိုးနွယ်စုကြီးများနှင့် အထက်တန်းလွှာ မင်းစိုးရာဇာများကြားက ဆက်ဆံရေးကို အစဉ်တစိုက် ထိန်းသိမ်းထားရှိစေရာ၊ လောကတွင်ရှိသမျှ လူအားလုံးကို ချင်းရှောင်ဂိုဏ်း၏ မျက်စိနှင့် နားများသဖွယ် အသုံးချနိုင်ရန် ကြိုးပမ်းနေသည်။

တပည့်များ၏ မှတ်တမ်းမှတ်ရာများကို စီမံခန့်ခွဲရသော ထိန်းချုပ်ရေးခန်းမသည်လည်း ၎င်းတို့၏ အဓိက ဦးဆောင်အဖွဲ့ကို စနစ်တကျ ဖွဲ့စည်းပြီးစီးခဲ့ပြီ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ချင်းရှောင်တံဆိပ်ပြားများကို အမြဲမပြတ် စောင့်ကြည့်စစ်ဆေးကာ ရန်သူ့သတင်းအချက်အလက်များကို အချိန်မရွေး စုဆောင်းနိုင်ရန်အတွက်လည်း လူအင်အားများ တိုးမြှင့်ထားသည်။

ခန်းမဆောင်တစ်ခုချင်းစီအလိုက် မိမိတို့၏ ကဏ္ဍများကို စည်းစနစ်ကျစွာ စွမ်းဆောင်နေကြသည်။ အမှောင်ခန်းမပင်လျှင် လှုပ်ရှားမှုများကို စတင်ပြုလုပ်နေပြီဖြစ်ရာ၊ ဂိုဏ်းအပေါ် သစ္စာဖောက်ဖျက်ကာ ရန်သူထံ ခိုလှုံလိုသော ကျင့်ကြံရေးဂိုဏ်းငယ်များနှင့် ကျင့်ကြံသူမျိုးနွယ်စုများကို ဂရုတစိုက် စောင့်ကြည့်စစ်ဆေးနေပြီး၊ ပြဿနာတစ်စုံတစ်ရာ ပေါ်ထွက်လာမည့် အရိပ်အယောင် ရှိသည်နှင့်တစ်ပြိုင်နက် ကျူပင်ခုတ်ကျူငုတ်မကျန် ချက်ချင်း ချေမှုန်းပစ်ရန် ပြင်ဆင်ထားကြသည်။

ခန်းမဆောင်အားလုံး တစ်ပြိုင်နက်တည်း အားသွန်ခွန်စိုက် လှုပ်ရှားလာကြသည့် အခါမှသာ၊ လီချင်းချိုးမှ မိမိအနေဖြင့် အလုံးစုံသော အခြေအနေအရပ်ရပ်ကို အပြည့်အဝ ချုပ်ကိုင်ထားနိုင်ပြီဟု ခံစားလိုက်ရတော့သည်။

ဤကဲ့သို့သော ခံစားချက်မျိုးမှာ အလွန်ပင် ဆန်းကြယ်အံ့ဩဖွယ် ကောင်းလှပေသည်။ ၎င်းမှာ တစ်ကိုယ်တော် စွမ်းပကားဖြင့် ရန်သူများကို လိုက်လံသတ်ဖြတ်ရခြင်းနှင့် လုံးဝ ကွဲပြားခြားနားလှပြီး၊ ကမ္ဘာကြီးကို ဗျူဟာမြောက်စစ်တုရင်ကစားကွက်ပမာ စီမံခန့်ခွဲနေရသလို ခံစားချက်မျိုး ပေးစွမ်းနေသည်။

သူ ဂိုဏ်းကို ဤမျှအထိ ကြီးထွားအောင် ပျိုးထောင်ခဲ့ရခြင်းမှာလည်း မိမိအတွက် အမှန်တကယ် အသုံးဝင်လာစေရန် ရည်ရွယ်ချက်ကြောင့် ဖြစ်ပေသည်၊ မဟုတ်ပါက အမြဲတစေ သူတစ်ဦးတည်း၏ ခွန်အားပေါ်တွင်သာ အရာရာတိုင်းကို ပုံအော တွန်းအားပေးနေရမည် မဟုတ်ပါလား။

ဒီဇင်ဘာလသို့ ရောက်ရှိလာသောအခါ၊ ဝေထျန်းရှုံးထံမှ သတင်းစကား ရောက်ရှိလာခဲ့သည်။ သူသည် ဝမ့်ယင်းဂိုဏ်း၏ နောက်ကြောင်းအခြေအနေများကို အတိုင်းအတာတစ်ခုအထိ တိတိကျကျ စုံစမ်းသိရှိရပြီ ဖြစ်ကြောင်းနှင့်၊ ဂိုဏ်းအနေဖြင့် အန္တရာယ်ရှိသော တားမြစ်နယ်မြေတစ်ခွင်သို့ တပည့်အမြောက်အမြား စေလွှတ်ကာ ဝမ့်ယင်းဂိုဏ်းအပေါ် ဘက်ပေါင်းစုံမှ ဖိအားပေးမှုများ စတင်ပြုလုပ်သင့်ကြောင်း အကြံပြုလာခဲ့သည်။

ဝမ့်ယင်းဂိုဏ်းက အဆိုပါ အနောက်ဘက် တားမြစ်နယ်မြေအပေါ်တွင် အလုံးစုံသော အချုပ်အာဏာ သက်ရောက်ထားခြင်း မရှိပေ။

အကယ်၍ သူတို့အနေနှင့် ချင်းရှောင်ဂိုဏ်းကို လာရောက်တိုက်ခိုက်လိုပါက၊ တားမြစ်နယ်မြေကို မလွဲမသွေ ဖြတ်ကျော်လာကြရမည် ဖြစ်သည်။

ထို့ကြောင့် ထိုအခြေအနေ မတိုင်မီအချိန်အတွင်းမှာပင်၊ ချင်းရှောင်ဂိုဏ်းအနေဖြင့် အဆိုပါ တားမြစ်နယ်မြေကို ကြိုတင်၍ ဦးစွာ အလုံးစုံ ထိန်းချုပ်ထားသင့်ပေသည်။

လီချင်းချိုးက ဝမ့်ယင်းဂိုဏ်း၏ လက်ရှိအခြေအနေမှန်ကို သိရှိရပြီးနောက် ဝေထျန်းရှုံး၏ ဗျူဟာမြောက် စစ်ရေးအစီအစဉ်ကို သဘောတူညီခဲ့ပြီး စစ်ပွဲ၏ စီမံခန့်ခွဲရေးအာဏာအားလုံးကို ဝေထျန်းရှုံးအား အပြည့်အဝ လွှဲပြောင်းပေးအပ်လိုက်တော့သည်။

ဝမ့်ယင်းဂိုဏ်းတွင် ကောင်းကင်နေမင်းနယ်ပယ်သို့ ရောက်ရှိနေကြသော ကျွမ်းကျင်သူကြီး သုံးဦး ရှိပြီး၊ ဂိုဏ်းသားဦးရေ နှစ်သိန်းထက်မက ရှိပေသည်။

နယ်ပယ်တစ်ခုချင်းစီအလိုက် ရှိနေကြသော ၎င်းတို့၏ တပည့်ဦးရေမှာ ချင်းရှောင်ဂိုဏ်းထက် များစွာ ပိုမိုများပြားလှသော်လည်း၊ ဝမ့်ယင်းဂိုဏ်း၏ ပတ်ပတ်လည်တွင် တခြားသော ကျင့်ကြံရေးဂိုဏ်းကြီးများ ဝိုင်းရံပိတ်ဆို့ထားကြသဖြင့် ချင်းရှောင်ဂိုဏ်းကို တိုက်ခိုက်ရန်အတွက် မိမိတို့၏ အင်အားအားလုံးကို အကုန်အစင် ထုတ်သုံးနိုင်စွမ်း မရှိပေ။

လီချင်းချိုးအနေဖြင့် ထိုကောင်းကင်နေမင်းနယ်ပယ် ကျွမ်းကျင်သူကြီး သုံးဦးကို ရင်ဆိုင်ရန်အတွက် အပြည့်အဝ ယုံကြည်မှု ရှိနေသည်။

လီချင်းချိုးသည် ကောင်းကင်နေမင်းနယ်ပယ်၌ နှစ်ဖက်အင်အားချင်း ညီမျှအောင် စွမ်းဆောင်ပေးနိုင်သရွေ့၊ ချင်းရှောင်ဂိုဏ်းအနေဖြင့် ဝမ့်ယင်းဂိုဏ်းနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရန်အတွက် အပြည့်အဝ ယုံကြည်မှု ရှိနေမည် ဖြစ်သည်။

ကျင့်ကြံရေးဂိုဏ်းအချင်းချင်း ဖြစ်ပွားသော စစ်ပွဲများမှာ မလွဲမသွေ အခြားတစ်ဖက်ကို အမြစ်ပြတ် ချေမှုန်းပစ်ရန် မလိုအပ်ပေ။ သူတို့အနေဖြင့် ဝမ့်ယင်းဂိုဏ်းကို အပြင်းအထန် ထိုးနှက်၍ ထိတ်လန့်ခြောက်ခြားသွားအောင် စွမ်းဆောင်နိုင်သရွေ့၊ ချင်းရှောင်ဂိုဏ်းအတွက် ပိုမိုကြီးမားသော အကျိုးစီးပွားများနှင့်၊ မိမိတို့ ပိုမိုအစွမ်းထက်လာစေရန်အတွက် ပိုမိုများပြားသော အချိန်များကို သေချာပေါက် ရရှိသွားနိုင်မည် ဖြစ်သည်။

ဝမ့်ယင်းဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းပစ်ချင်သည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ ၎င်းကို တစ်ချက်တည်းဖြင့် ချက်ချင်း စွမ်းဆောင်ရန် မလိုအပ်သေးပေ။အကယ်၍ အမြစ်ပြတ် ချေမှုန်းနိုင်မည့် အခွင့်အရေးကောင်းနှင့် ကြုံတွေ့ရမည်ဆိုပါကလည်း၊ ဘယ်သောအခါမှ လွယ်လွယ်ကူကူ လက်လွှတ်လိမ့်မည် မဟုတ်ချေ။

သူသည် စစ်ရေးကွပ်ကဲမှုအာဏာကို ဝေထျန်းရှုံးထံသို့ လွှဲပြောင်းပေးအပ်ပြီးနောက်၊ ထိန်းချုပ်ရေးခန်းမကို အနောက်ဘက်အန္တရာယ်နယ်မြေ မသေမျိုးမြို့တော်ဆီသို့ နောက်ထပ် စစ်မှန်သော အတွင်းစည်းတပည့်ပေါင်း သုံးထောင်ကို ထပ်မံစေလွှတ်ခိုင်းလိုက်သည်။

သုံးရက်ပင် မပြည့်သေးသော အချိန်အတွင်းမှာပင်၊ ချင်းရှောင်ဂိုဏ်းဘက်က အနောက်ဘက် တားမြစ်နယ်မြေအတွင်းသို့ တပည့်ပေါင်း ငါးထောင်ထက်မက အောင်မြင်စွာ စေလွှတ်နိုင်ခဲ့ပြီ ဖြစ်သည်။ ဤတပည့်များကို တစ်ဖွဲ့လျှင် တစ်ဆယ့်ငါးဦးစီဖြင့် အဖွဲ့ငယ်များ ခွဲခြား ဖွဲ့စည်းထားပြီး၊ တားမြစ်နယ်မြေ၏ အရပ်မျက်နှာအနှံ့သို့ ရှာဖွေစူးစမ်းရန် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

အဖွဲ့ငယ်တစ်ခုချင်းစီအတွင်း၌ ကောင်းကင်လက်မှုပညာခန်းမမှ တပည့်နှစ်ဦးစီ မလွဲမသွေ ပူးတွဲ ပါဝင်စေခဲ့သည်။

ယွမ်လီနှင့် ကျောက်ကျိန်းတို့သည်လည်း အဆိုပါ အနောက်ဘက် တားမြစ်နယ်မြေအတွင်းသို့ လျှို့ဝှက်စွာ ဝင်ရောက်သွားခဲ့ကြပြီ ဖြစ်သည်။

သူတို့အားလုံးမှာ စစ်မှန်သော ကျင့်ကြံသူများ ဖြစ်ကြသော်လည်း၊ အတိုင်းအဆမဲ့ ကျယ်ဝန်းလှသော အနောက်ဘက် တားမြစ်နယ်မြေကြီးနှင့် နှိုင်းယှဉ်ပါက ဤလူအင်အားမှာ နည်းပါးလွန်းလှသေးသည်။ သို့သော်လည်း သူတို့၏ လက်ရှိတာဝန်မှာ ဝမ့်ယင်းဂိုဏ်းကို တိုက်ရိုက် သွားရောက်တိုက်ခိုက်ရန် မဟုတ်ဘဲ၊ စစ်‌မြေပြင်ကို ပိုမိုကျယ်ပြန့်အောင် ချဲ့ထွင်ရန်အတွက်သာ ဖြစ်သည်။

နောက်ပိုင်းကျမှသာ အဆိုပါ တားမြစ်နယ်မြေ၏ အနောက်ဘက်အစွန်းတွင် နောက်ထပ် နေရာကူး‌ပြောင်းရေးအစီအရင်တခု တည်ဆောက်ကြမည်ဖြစ်ရာ၊ စစ်မြေပြင်ကြီးကို ကိုးပြည်ထောင်နယ်မြေနှင့် အဝေးဆုံးသို့ တွန်းပို့ထားရန် ကြံရွယ်ခြင်း ဖြစ်ပေသည်။

ချင်းရှောင်ဂိုဏ်း၏ ထူးချွန်လှသော ပါရမီရှင်များစွာ ဤစစ်ဆင်ရေးအတွင်း၌ ပူးတွဲပါဝင်လာခဲ့ကြပြီး ၎င်းတို့ထဲတွင် အထီးကျန်ဓား၊ ရှောင်ဝူတိ၊ ရှောင်ဝူမင်၊ ရွှယ်ကျင်း၊ မြို့စားမင်းလုချင်း၊ ယန်ရွှမ် နှင့် အခြားသူများစွာ ပါဝင်နေကြသည်။

သူတို့ထဲမှ အများစုမှာ ထူးခြားဆန်းကြယ်သော ကံကြမ္မာပါရမီများနှင့် ကြီးမားလှသော ကံကောင်းခြင်း စွမ်းအင်များကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြသည်။

လီချင်းချိုးက သူတို့ကို မတူညီသော အဖွဲ့ငယ်များတွင် ခွဲခြား ထည့်သွင်းပေးထားခဲ့ပြီး၊ သူတို့သည် ဂိုဏ်းအတွက် အံ့ဩဖွယ်ရာ အောင်မြင်မှုများကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားခြင်း ဖြစ်သည်။

ဂိုဏ်း၏ ဤမျှအထိ ကြီးမားလှသော စစ်ရေးလှုပ်ရှားမှုကြောင့်၊ ဂိုဏ်းသားများမှာလည်း နောင်တွင် ဝမ့်ယင်းဂိုဏ်းနှင့် စစ်ပွဲကြီး အမှန်တကယ် ဖြစ်ပွားတော့မည်ဖြစ်ကြောင်း အလိုလို သိရှိနားလည်သွားကြပြီး၊ ထိုသတင်းမှာ လောကီလူသားလောကအတွင်းသို့ပါ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားခဲ့တော့သည်။

ယွင်ချိုင်သည်လည်း လီချင်းချိုးထံသို့ လာရောက်ကာ ဤစစ်ပွဲအတွင်း ပါဝင်တိုက်ခိုက်လိုကြောင်း ပူဆာခဲ့သော်လည်း၊ လီချင်းချိုးက သူမ၏ ဥပဒေသတစ်သောင်းဝိညာဉ်မျက်လုံး စွမ်းပကားမှာ ချင်းရှောင်တောင်ပေါ်၌သာ ရှိနေခြင်းက ဂိုဏ်းအတွက် ပိုမိုအကျိုးရှိလိမ့်မည်ဟု ယူဆကာ ငြင်းပယ်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်လည်း ဝမ့်ယင်းဂိုဏ်း၏ ကောင်းကင်နေမင်းနယ်ပယ် ကျွမ်းကျင်သူကြီးများကို ရင်ဆိုင်ရန်အတွက် စစ်မြေပြင်ဆီသို့ အချိန်မရွေး သွားရောက် တိုက်ခိုက်ရနိုင်သောကြောင့် ဖြစ်ပေသည်။

ဆောင်းရာသီ၏ ဆီးနှင်းများ တဖွဲဖွဲ ကျဆင်းနေဆဲပင်……

အသက်သုံးနှစ်အရွယ်ရှိပြီဖြစ်သော ယင်ကျင်းထျန်းသည် တောင်စောင်းတစ်ခုပေါ်၌ ဆောင့်ကြောင့်ထိုင်နေသည်။သူသည် စုတ်ပြတ်ဟောင်းနွမ်းနေသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး၊ မျက်နှာတစ်ခုလုံးတွင်လည်း မီးခိုးပြာများ ပေကျံနေသည်။ သူသည် သေးငယ်လှသော မျက်နှာကလေးကို လက်နှစ်ဖက်ဖြင့် ထောက်ထားလျက်၊ ကောင်းကင်ယံထက်က တောက်ပနေသော နေမင်းကြီးကို စိုက်ကြည့်နေခြင်း ဖြစ်၏။

နေရောင်ခြည် ဤမျှအထိ တောက်ပနေပါလျက်နှင့်၊ ကောင်းကင်မှ ကျဆင်းနေသော ဆီးနှင်းများကိုမူ အလုံးစုံ အရည်မပျော်စေနိုင်ပေ။

သူ အသိစိတ်ဝင်ပြီး မှတ်ဉာဏ်များ ရှိလာခဲ့သည့် အချိန်မှစ၍၊ ဤဝိညာဉ်ကျောက်တွင်း (Mine) ကြီးအတွင်း၌သာ အစဉ်တစိုက် ရှင်သန်ကြီးပြင်းခဲ့ရခြင်း ဖြစ်သည်။ သူ့ရဲ့ ကမ္ဘာငယ်လေးမှာ အလွန် သေးငယ်လှသဖြင့်၊ မိမိကိုယ်မိမိ အကျဉ်းသား ကျွန်တစ်ယောက် ဖြစ်နေသည်ကိုပင် ယခုအချိန်အထိ ရိပ်မိခြင်း မရှိသေးပေ။

ထိုစဉ် ပုံရိပ်တစ်ခု ဘေးဘက်မှနေ၍ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်၊ ၎င်းမှာ အခြားသူမဟုတ်ဘဲ ရှန်ယွဲ့ ပင် ဖြစ်သည်။

ယခုအချိန်တွင် ရှန်ယွဲ့၌ ယခင်ကလို ပြိုင်ဘက်ကင်း ဓားဆန္ဒရှင်ကြီး၏ ခန့်ညားထည်ဝါသော အရှိန်အဝါမျိုး စိုးစဉ်းမျှ မရှိတော့ပေ။ သူသည်လည်း အခြားသော ကျောက်တွင်းကျွန်များကဲ့သို့ပင် ညစ်ပတ်စုတ်ပြတ်နေသော အဝတ်အစားဟောင်းများကို ဝတ်ဆင်ထားရသည်။ သူ့ခန္ဓာကိုယ်မှာ ယခင်ထက် များစွာ ပိန်ချုံး အားနည်းသွားခဲ့ပြီဖြစ်ပြီး၊ ဖြူဖွေးနေသော ဆံကေသာများမှာလည်း ဖားလျားကျ ရှုပ်ထွေးနေသဖြင့်၊ ကြည့်ရသည်မှာ အခြားသော အသက်ကြီးရင့်နေသည့် ကျွန်အိုကြီးများနှင့် ဘာမျှ ကွဲပြားခြားနားခြင်း မရှိတော့ပေ။

"မင်း ဘာတွေ တွေးနေတာလဲ..."

ရှန်ယွဲ့က ယင်ကျင်းထျန်း၏ ဘေးသို့ လျှောက်လာပြီး ညင်သာစွာ မေးမြန်းလိုက်သည်။

ယင်ကျင်းထျန်းကို ကြည့်ရင်း သူ့ မျက်ဝန်းများအတွင်း၌ ရှုပ်ထွေးလှသော စိတ်မကောင်းသည့်အရိပ်များဖြင့် ပြည့်နှက်နေသည်။

ယင်ကျင်းထျန်းကို ရှာဖွေတွေ့ရှိနိုင်ရန်အတွက် အရာရာတိုင်းကို စွန့်လွှတ်အနစ်နာခံခဲ့ရသည်။ သူသည် နောက်ဆုံး၌ ဤကျောက်တွင်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သော်လည်း၊ ကံဆိုးစွာဖြင့် ဘေးဒုက္ခဆိုးနှင့် ကြုံတွေ့ခဲ့ရပြီး ကျင့်ကြံမှုအားလုံးမှာ ဝမ့်ယင်းဂိုဏ်း ကျင့်ကြံသူများ၏ ရက်စက်စွာ ဖျက်ဆီးခြင်းကို ခံခဲ့ရသဖြင့်၊ ယခုအခါ သာမန်လူသားတစ်ယောက်နှင့် ဘာမျှ မခြားနားတော့ပေ။

သို့သော်လည်း သူ့စိတ်ထဲ၌ ယခင် ဓားမိစ္ဆာစီနီယာကြီး ချန်ထားခဲ့သော အမွေအနှစ်ကျင့်စဉ်ကို တွေးမိလိုက်သည့် အခါတွင်မူ မျှော်လင့်ချက် ရှင်သန်နေဆဲပင်။

အလုံးစုံ ပျက်စီးသွားပြီးမှသာ အသစ်တစ်ဖန် ပြန်လည်တည်ဆောက်နိုင်မည်...

သူ ထိုနတ်ဘုရားကျင့်စဉ်ကို အောင်မြင်စွာ တတ်မြောက်သွားသရွေ့၊ မိမိ၏ ကျင့်ကြံမှုကို ပြန်လည်ရရှိနိုင်မည်ဖြစ်ရုံသာမက ပိုမိုအစွမ်းထက်လှသော ဓားဆန္ဒကိုပါ ပိုင်ဆိုင်သွားနိုင်မည်။ထိုအချိန်ကျမှသာ ယင်ကျင်းထျန်းကို ကိုးပြည်ထောင်နယ်မြေဆီသို့ ဘေးကင်းစွာ ပြန်လည်ခေါ်ဆောင်သွားနိုင်ပေလိမ့်မည်။

လက်ရှိအချိန်တွင် ယင်ကျင်းထျန်းကို ပိုမိုကောင်းမွန်သော စောင့်ရှောက်မှုများ မပေးနိုင်သေးပေ။ ဂိုဏ်းချုပ်၏ သေးငယ်လှသော ဤတပည့်ကလေး ဆာလောင်မွတ်သိပ်နေရသည်ကို မြင်တွေ့ရသည့်အခါတိုင်း၊ သူ့ စိတ်ထဲ၌ အလွန်ပင် အပြစ်မကင်းသလို ခံစားရကာ စိတ်မကောင်း ဖြစ်မိနေသည်။

အကယ်၍ မိမိသာ ယခင်ကထက် ပိုမိုအစွမ်းထက်ခဲ့မည်ဆိုပါက၊ ဤမျှအထိ အချိန်အကြာကြီး စောင့်ဆိုင်းနေရန်မလိုပေ။ ခန့်မှန်းချက်အရ သူ နောက်ထပ် အနည်းဆုံး တစ်နှစ်ခန့် အချိန် ထပ်မံ၍ ငစောင့်ဆိုင်းရဦးမည် ဖြစ်သည်။

ယင်ကျင်းထျန်းက သူ့ကို မော့ကြည့်လိုက်ကာ သွားလေးများ ပေါ်အောင် ဖြူစင်စွာ ပြုံးပြလိုက်ရင်း…

"အဘိုးရှန်... ကျွန်တော် ကောင်းကင်က နေမင်းကြီးကို ကြည့်နေတာပါ…သူက အင်မတန် နွေးထွေးတာပဲနော်" ဟု ဆိုလိုက်သည်။

ရှန်ယွဲ့ကလည်း ကောင်းကင်သို့ မော့ကြည့်လိုက်ကာ….

"ဟုတ်တာပေါ့... အင်မတန် နွေးထွေးတာပဲ… ဆီးနှင်းတွေ ကျနေရင်တောင်မှ ငါတို့ ချမ်းတယ်လို့မခံစားရဘူးမလား" ဟု ဖြည့်စွက်ပြောဆိုလိုက်သည်။

ယင်ကျင်းထျန်းက ခေါင်းကလေးကို စောင်းလိုက်သည်။ သူ နေမင်းကြီးကို ကြည့်ရခြင်းကို နှစ်သက်သည်မှာ ၎င်းက နွေးထွေးမှုကို ပေးစွမ်းနိုင်သောကြောင့်တစ်ခုတည်း မဟုတ်ပေ။

ဘာဖြစ်လို့ နေမင်းကြီးကို ကြည့်ရခြင်းကို ဤမျှအထိ စွဲလန်းနှစ်သက်နေရသလဲဆိုသည်ကိုမူ သူကိုယ်တိုင်လည်း မသိပေ။ သို့သော် သူ့အကြည့်က နေမင်းကြီးထံသို့ ကျရောက်သွားသည့် အကြိမ်တိုင်း၌၊ အကြည့်များကို ပြန်လည်ရုပ်သိမ်းရန် အလွန် ခဲယဉ်းလှသည်ဟု ခံစားရလေ့ ရှိသည်။

ရှန်ယွဲ့ သူ့ဘေးတွင် ဝင်ထိုင်လိုက်ပြီးနောက် ပျော်ရွှင်စွာ စကားစမြည် စတင်ပြောဆိုခဲ့သည်။

ယင်ကျင်းထျန်းသည် အသက်အရွယ်အားဖြင့် ငယ်ရွယ်သေးသော်လည်း၊ မိခင်ဖြစ်သူက စာဖတ်ခြင်းကို အစောကတည်းက သင်ကြားပြသပေးခဲ့ဖူးသည့်အပြင်၊ ရှန်ယွဲ့ကလည်း သူ့အား ဟွမ်ယွမ်ကျမ်းစာ၏ စာလုံးများကို လျှို့ဝှက်စွာ သင်ကြားလမ်းညွှန်ပြသပေးနေသည်။

ဝေးကွာလှသော အရပ်မျက်နှာတစ်ခုမှနေ၍

လင်းလင်ကျိုးက ရှန်ယွဲ့နှင့် ယင်ကျင်းထျန်းတို့နှစ်ဦးကို တိတ်တဆိတ် စောင့်ကြည့်နေသည်။ ယင်ကျင်းထျန်း ဤကျောက်တွင်းအတွင်းသို့ ပထမဆုံး စတင်ဝင်ရောက်လာခဲ့သည့် အချိန်မှစ၍၊ သူသည် မိမိ၏ အတိတ်ဘဝအခြေအနေဆိုးကို ပြန်လည်သတိရမိသဖြင့်၊ ဤကျောက်တွင်းအတွင်းရှိ အငယ်ဆုံးသော ကလေးငယ်ကလေးအပေါ် အထူးတလည် ဂရုစိုက်မိလာခြင်း ဖြစ်သည်။ သူတစ်ယောက်တည်းတင်မကဘဲ၊ အခြားသော ကျောက်တွင်းကျွန်အားလုံးကလည်း ယင်ကျင်းထျန်းကို အလွန်အမင်း ချစ်ခင်ကြသဖြင့်၊ ဤနေရာ၌ ယင်ကျင်းထျန်းအနေဖြင့် အခြားသူများ၏ နှိပ်စက်ညှင်းပန်းမှုကို ခံရခြင်းမျိုးမရှိပေ။

'ကျွန်အိုကြီးရဲ့ ရည်ရွယ်ချက်က ဘာလဲ... သူက ဘာဖြစ်လို့ ကလေးတစ်ယောက်နားကို တကောက်ကောက် ကပ်နေရတာလဲ...'

လင်းလင်ကျိုး မျက်မှောင်ကြုတ်ကာ တွေးတောနေမိသည်။ သူသည် ရှန်ယွဲ့မှာ ယခင်က စစ်မှန်သော ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့ဖူးကြောင်း သိရှိသလို၊ အခြားသူများကလည်း ထိုအချက်ကို သိရှိထားကြသည်၊ အဘယ်ကြောင့်ဆိုသော် ရှန်ယွဲ့က ယခင်က ဝမ့်ယင်းဂိုဏ်း ကျင့်ကြံသူများနှင့် ပြင်းထန်စွာ တိုက်ပွဲဝင်ခဲ့ဖူးသောကြောင့်ပင်။

ထိုစဉ်အခါက ယင်ကျင်းထျန်းမှာ အလွန် ငယ်ရွယ်လွန်းသေးသဖြင့် သူ့စိတ်ထဲ၌ ဤမှတ်ဉာဏ်ဆိုးများ ကျန်ရစ်ခဲ့ခြင်း မရှိပေ။

လင်းလင်ကျိုးအနေနှင့် ကျင့်ကြံသူများအပေါ် အထင်အမြင် ကောင်းမွန်ခြင်း မရှိပေ။ ယခင် ထျန်ချင်းဂိုဏ်းမှ ကျင့်ကြံသူများက အလွန် မောက်မာဝင့်ကြွားကြပြီး သူ့ကို အမြဲတစေ အထင်သေးခဲ့ကြသလို၊ ဤဝမ့်ယင်းဂိုဏ်းမှ ကျင့်ကြံသူများကလည်း ၎င်းထက် များစွာ ပိုမို၍ ရက်စက်ကြမ်းကြုတ် ယုတ်မာပတ်စက်လှပေသည်။

ထို့ကြောင့် ရှန်ယွဲ့ ကလေးငယ်တစ်ဦး၏ အနီးသို့ တကောက်ကောက် ကပ်နေခြင်းမှာ နောက်ကွယ်၌ တစ်စုံတစ်ရာသော မရိုးသားသည့် လျှို့ဝှက်ရည်ရွယ်ချက်ဆိုးများ ရှိနေရမည်ဟု ယူဆထားခြင်း ဖြစ်သည်။

ရှန်ယွဲ့တယောက် ယင်ကျင်းထျန်းအပေါ် အလွန်အမင်း ဂရုစိုက်ပူပန်နေကြောင်းကို အရပ်မျက်နှာအနှံ့ရှိ လူအားလုံး အကဲခတ်မိနေကြသည်။

ထိုစဉ်၌ လင်းလင်ကျိုးသည် မိုးကုပ်စက်ဝိုင်းဆီမှနေ၍ မည်းနက်နေသော မိစ္ဆာတိမ်လိပ်ကြီးများ တဟုန်ထိုး လိပ်တက်လာသည်ကို လှမ်း၍ မြင်တွေ့လိုက်ရသည်။ ဝမ့်ယင်းဂိုဏ်းမှ အဆင့်မြင့် ကျွမ်းကျင်သူကြီးတစ်ဦး ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်သည်။ဤကဲ့သို့သော အဆင့်မြင့် ကျွမ်းကျင်သူများ ကျောက်တွင်းဆီသို့ ရောက်ရှိလာသည့် အကြိမ်တိုင်း၌၊ ကျွန်အမြောက်အမြားကို အတင်းအကျပ် ရွေးချယ် ခေါ်ဆောင်သွားလေ့ ရှိကြသည်။

သူ သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။ လက်ရှိအချိန်တွင် ယင်ကျင်းထျန်းအတွက် စိုးရိမ်ပူပန်ပေးနေရန် အချိန်မရှိတော့ပေ။

သူသည် ရောက်ရှိလာတော့မည့် ဤကြီးမားလှသော ဘေးဒုက္ခဆိုးကြီးမှ မိမိကိုယ်မိမိ မည်သို့ ဘေးကင်းအောင် ရှင်သန်ရမလဲဆိုသည့် နည်းလမ်းကိုသာ အရင်ဆုံး ကြံဆရတော့မည် ဖြစ်သည်။

အခြားသော ကျွန်များအားလုံးလည်း အဆိုပါ မိစ္ဆာတိမ်လိပ်ကြီးများကို မြင်တွေ့လိုက်ရသောအခါ လွန်စွာ တုန်လှုပ်ခြောက်ခြားသွားကြပြီး၊ မိမိတို့အပေါ်သို့ ကပ်ဘေးဆိုး ကျရောက်လာလေမလားဟူ၍ အကြီးအကျယ် ထိတ်လန့်နေကြတော့သည်။

ရှန်ယွဲ့လည်း ခေါင်းလှည့်ကြည့်လိုက်မိပြီး မျက်မှောင်ကြုတ်လိုက်မိသည်။

ဝမ့်ယင်းဂိုဏ်းနှင့် နှစ်ပေါင်းများစွာ ရန်ငြိုးဖွဲ့ ရင်ဆိုင်ခဲ့ဖူးသဖြင့်၊ ဝမ့်ယင်းဂိုဏ်း၏ စစ်မှန်သော စွမ်းပကားကြီးကို အပြည့်အဝ သိရှိနားလည်ထားသည်။ မိမိ၏ ကျင့်ကြံမှုများ အလုံးစုံ ပြန်လည်မကောင်းမွန်လာမီ အချိန်အတွင်းမှာပင်၊ ယင်ကျင်းထျန်းကို ဝမ့်ယင်းဂိုဏ်းက အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်မသွားရန်သာ စိတ်ထဲမှ အပြင်းအထန် ဆုတောင်းနေမိတော့သည်။

တစ်ဖက်တွင်မူ…….

သစ်တောကြီးအတွင်း၌ ဟူယန်သည် ဓားပျံစီး၍ ပျံသန်းနေပြီး၊ သစ်ပင်ကြီးများကို တစ်ပင်ပြီးတစ်ပင် အရှိန်အဟုန်ဖြင့် ဖြတ်ကျော်နေသည်။ သူ့အနောက်တွင် ချင်းရှောင်ဂိုဏ်းသား တပည့်အုပ်စုတစ်စု ကပ်လျက် လိုက်ပါလာကြပြီး၊ သူတို့ကို ဦးဆောင်လာသူမှာ အခြားသူမဟုတ်ဘဲ ကျောက်ကျိန်းပင် ဖြစ်သည်။

ကျောက်ကျိန်းက ဟူယန်၏ ကျောပြင်ကို ကြည့်ရင်း မျက်မှောင်ကြုတ်ထားမိပြီး၊ မျက်ဝန်းအတွင်း၌လည်း စိုးရိမ်ပူပန်ရိပ်များ ပြည့်နှက်နေသည်။

လက်ရှိ ဟူယန်၏ သွင်ပြင်နှင့် စိတ်နေစိတ်ထားမှာ... အတိတ်က မိမိ၏ ဘဝဟောင်းအခြေအနေဆိုးနှင့် လွန်စွာ ထပ်တူကျနေသည်။ သူသည် ဟူယန်အား မိမိကဲ့သို့သော လမ်းဟောင်းအတိုင်း ဆက်လက်၍ မလျှောက်လှမ်းစေချင်ပေ။

ဖြစ်နိုင်သည်မှာ... ဤအကြောင်းရင်းကြောင့်ပင် ဆရာဖြစ်သူက သူတို့နှစ်ဦးကို အဖွဲ့ငယ်တစ်ခုတည်းအတွင်း၌ ပူးတွဲ ထည့်သွင်းပေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ဤအချက်ကို တွေးမိလိုက်သည်နှင့်တစ်ပြိုင်နက်၊ ကျောက်ကျိန်းက ပျံသန်းမှုအရှိန်ကို ချက်ချင်း မြှင့်တင်လိုက်ကာ ဟူယန်နှင့် စကားစမြည်ပြောဆိုရန်အတွက် အမှီလိုက်လိုက်တော့သည်။

ရှူး…

ထိုစဉ်၌ လေထုကို ဖောက်ထွင်းလာသော စူးရှလှသည့် အသံတစ်သံ ရှေ့တည့်တည့်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ဟူယန်က ရှောင်တိမ်းခြင်း မပြုဘဲ၊ သူ့ ကိုယ်တွင်းမှ ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီ စွမ်းအင်ကို တိုက်ရိုက် လှုံ့ဆော်လိုက်ကာ မိမိထံသို့ တဟုန်ထိုး ပျံသန်းလာသော ဓားပျံကို တစ်ခါတည်း ဘေးသို့ အရှိန်ပြင်းစွာ လွှင့်စင်သွားအောင် ရိုက်ထုတ်ပစ်လိုက်သည်။

ထို့နောက် ရှေ့သို့ ဂရုတစိုက် စိုက်ကြည့်လိုက်ရာ၊ ရှေ့မှောက်ရှိ သစ်ကိုင်းကြီးတစ်ခုပေါ်တွင် ဝတ်စုံပြာ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး မတ်တတ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုသူ၏ ဘယ်ဘက်လက်အတွင်း၌ အစိမ်းရောင် ကျောက်စိမ်းပုလင်းရှည် တစ်လုံးကို ကိုင်ဆောင်ထားဆဲ ရှိနေသေးရာ၊ ၎င်းမှာ အပြင်လောကမှ ကျင့်ကြံသူတစ်ဦး ဖြစ်သည်မှာ သေချာလှပေသည်။

All Chapters