အခန်း ၁၈၁
Vol. 19 Ch. 181
🍋 Chapter 181
ကျိုးထျန်းသည် ပရိုဂရမ်မာ အမြောက်အမြား လာရောက်အလုပ်လျှောက် ထားကြကြောင်းကြားသိရသောအခါ ပြုံး၍ခေါင်းညိတ်လိုက်ရုံသာ ညိတ်လိုက်သည်။
"ဒါကတော့ ဒီလိုပဲ ဖြစ်သင့်တာပေါ့"
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြည့်လျှင် နိုင်ငံခြားကုမ္ပဏီများနှင့်မူ သူ မနှိုင်းယှဉ်ရဲပေ။
အဆုံးသတ်တွင် ထိုလူဖြူများသည် လူနေမှုဘဝ အရည်အသွေးနှင့် လုပ်ငန်းခွင်ပတ်ဝန်းကျင်အပေါ် အလွန်အမင်း မြင့်မားသောတောင်းဆိုချက်များရှိကြသည်။
သို့သော် တရုတ်နိုင်ငံအတွင်း၌မူ ထျန်းချိုင်နည်းပညာကုမ္ပဏီအား ယှဉ်နိုင်သည့် ကုမ္ပဏီမျိုးအလွန်နည်းပါးလိမ့် မည်သာ။
အခြားအရာများကို ထည့်မပြောလျှင်ပင် ရှန်ဟိုင်းရှိ မိုဘိုင်းဂိမ်းကုမ္ပဏီများနှင့် နှိုင်းယှဉ်ပါက ဒါလုံကဲ့သို့ ငွေကြေးချမ်း သာသည့် ကုမ္ပဏီကြီးပင်လျှင် အချိန်ပိုဆင်းကြေးပေးဆောင်သည့် ကိစ္စ၌ လုံးဝအရေးနိမ့်သွားရသည်။
အချိန်ပိုဆင်းကြေးကို နှစ်ဆအထိလျော်ကြေးပေးသည့်အပြင် ငွေကြေးပမာဏကို မိနစ်အထိ တိကျစွာတွက်ချက်ပေးသဖြင့် အချိန်ပိုဆင်းသည့် ဝန်ထမ်းများအတွက် အကျိုးအမြတ်ကို အမြင့်မားဆုံးရရှိစေသည်။
ယင်းသို့ဖြစ်ရန် အလွန်တင်းကျပ်သော အချိန်ပိုဆင်းခြင်း စနစ်တစ်ခုရှိနေရန်လိုအပ်ပြီး မိမိစိတ်ကြိုက် အချိန်ပိုဆင်း၍မရနိုင်ပေ။
ထိုအချက်က အချိန်ပိုဆင်းချိန်ကျွေးမွေးသည့် အစားအစာများနှင့် အချိန်ပိုဆင်းကြေးများကို အခွင့်ကောင်းယူသည့် ဖြစ်ရပ်မျိုးကို လုံးဝပပျောက်စေကာ စွမ်းဆောင်ရည်မရှိသော အချိန်ပိုဆင်းခြင်းများကိုလည်း အပြီးတိုင်ချေမှုန်းနိုင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ၏အရှိန်အဝါအား အလကားလိုက် ပါစီးနင်းလိုသည့် အမှိုက်ကုမ္ပဏီများကို ငြင်းပယ်ပြီးနောက် နောက်ဆုံးတွင် သူ အလိုရှိသောပူးပေါင်းဆောင်ရွက်မှုကိုရရှိခဲ့သည်။
ရှန်ဟိုင်း ထုံရှင်းတက္ကသိုလ်၏ ဆက်စပ်ဆေးရုံမှ ထျန်းချိုင်ကုမ္ပဏီထံ ဆက်သွယ်လာပြီး ဆံပင် ကျွတ်ခြင်းနှင့် ဆံပင် အစားထိုးကုသခြင်းဆိုင်ရာ သုတေသနစီမံကိန်းတစ်ခုတွင် ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းလာခြင်းဖြစ်သည်။
လျိုထျန်းအန်သည် ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးနောက် ကျိုးထျန်းထံသို့ ချက်ချင်းဆက်သွယ်ခဲ့သည်။
အထွေထွေမန်နေဂျာလျိုသည် အလွန်အကဲခတ်ကောင်းမွန်ပြီး သူ့အတွေးကို ခန့်မှန်းမိသည်ဟုပြောရမည်ပင်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းက ပုဂ္ဂလိကဆေးရုံများနှင့် ဆံပင်အစားထိုးစင်တာ အမြောက် အမြားမှ ထျန်းချိုင်နည်းပညာထံ ဆက်သွယ်ခဲ့ကြသော်လည်း ကျိုးထျန်းကမူ အားလုံးကိုငြင်းပယ်ခဲ့သည်။
၎င်းတို့သည် ထျန်းချိုင်၏ဝန်ထမ်းအချို့အတွက် လျှော့စျေးများ သို့မဟုတ် အခမဲ့ကုသပေးမည်ဟု ကမ်းလှမ်းခဲ့လျှင်ပင် သူကားပြတ်ပြတ်သားသားငြင်းဆိုခဲ့ဆဲပင်။
ကျိုးထျန်းသည် ငွေကြေးပြတ်လပ်နေသူ မဟုတ်ရာ လျှော့စျေးများကို အဘယ်ကြောင့် လိုအပ်ပါမည်နည်း။
သို့သော် ထုံရှင်းဆေးရုံမှာမူ တရားဝင်အဖွဲ့အစည်းတစ်ခုဖြစ်ရာ ပုံစံချင်းမတူညီပေ။
၎င်းသည် ရှန်ဟိုင်းရှိထိပ်တန်းဆေးရုံတစ်ရုံဖြစ်ပြီး တရုတ်နိုင်ငံ တစ်ဝန်းလုံးတွင်ပင် ဆံပင်အစားထိုးမှုကဏ္ဍ၌ထိပ်တန်း ငါးခုစာရင်းဝင်ဖြစ်နေပြန်သည်။
ထို့ပြင် ၎င်းတို့သည် အလွန်ပါးနပ်ကြ၏။ ရက်အနည်းငယ်ကြာ စဉ်းစားပြီးနောက်တွင် ပူးပေါင်းသုတေသနစီမံကိန်းဟူသော အကြံဉာဏ်ကိုထုတ်ဖော်ခဲ့ကြသည်။
ဤနည်းဖြင့် ဆေးရုံအနေဖြင့် ငွေကြေးသုံးစွဲရန်မလိုသည့်အပြင် အစိုးရထံမှ သက်ဆိုင်ရာထောက်ပံ့ကြေးများကိုလည်း ရရှိနိုင်သည်။
တစ်ချိန်တည်းမှာပင် ထျန်းချိုင်ကုမ္ပဏီထံမှလည်း မနည်းလှသော ငွေကြေးပမာဏအားရရှိနိုင်သေးသည်။
အရာအားလုံးကိုခြုံငုံကြည့်လျှင် ထုံရှင်းတက္ကသိုလ် ဆက်စပ်ဆေးရုံမှာ အမြတ်ကြီးထွက်သွားခဲ့သည်။
ထျန်းချိုင်ဘက်မှလည်း ရှုံးနိမ့်ခြင်းမရှိပေ။
ညှိနှိုင်းမှုများပြုလုပ်ပြီးနောက် နောက်ဆုံးတွင် ဝန်ထမ်းအားလုံးအတွက် ကုသစရိတ် ၅၀ ရာခိုင်နှုန်း လျှော့စျေးရရှိခဲ့ပြီး ဤစီမံကိန်း၏ပူးပေါင်းဆောင်ရွက်မှု သက်တမ်းကို ဆယ်စုနှစ်တစ်ခုအထိ ရှည်ကြာစွာသတ်မှတ်ခဲ့ကြသည်။
သာမန်ပုဂ္ဂလိကဆေးရုံများသည် ဤကဲ့သို့ ရေရှည်ကစားပွဲမျိုးကို မကစားနိုင်ကြချေ။
ရေပန်းစားမှုကျဆင်းသွားသည်နှင့် ခြောက်လ သို့မဟုတ် တစ်နှစ်ခန့်အကြာတွင် ပူးပေါင်းဆောင်ရွက်မှုကို ဖျက်သိမ်းပစ်ကြပေလိမ့်မည်။
သူတို့အနေဖြင့် ၎င်းကို ဆုံးရှုံးသွားသော ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ်သာ သတ်မှတ်လိုက်ကြမည်သာ။
သို့သော် နိုင်ငံပိုင်ဆေးရုံကြီးများမှာမူ ကွဲပြားသည်။ ထျန်းချိုင်အနေဖြင့် နိုင်ငံပိုင်လုပ်ငန်းတစ်ခုနှင့် ရေရှည်စာချုပ် ချုပ်ဆိုလိုက်သကဲ့သို့ဖြစ်ရာ လုံးဝစိတ်ချ အားထားနိုင် သည်။
အဆုံးသတ်တွင် နိုင်ငံပိုင် ဆေးရုံကြီးတစ်ခုမှာ ထွက်ပြေးတိမ်းရှောင်သွားမည်မဟုတ်ပေ။
နှစ်ဦးနှစ်ဖက်စလုံးသည် ကနဦး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို အချောသတ်ပြီးရုံ ရှိသေးပြီး ဆေးရုံဘက်မှ သဘောတူညီချက်ကို ရရှိပြီးနောက် ထျန်းချိုင်နည်းပညာသည် ၎င်းတို့၏ တရားဝင် Weibo အကောင့်တွင် ထုံရှင်းတက္ကသိုလ် ဆက်စပ်ဆေးရုံနှင့် ပူးပေါင်းဆောင်ရွက်မှုပြုအကြောင်း ချက်ချင်းကြေညာခဲ့သည်။
ဤအချက်မှာ ပရိုဂရမ်မာများအကြား နောက်ထပ် စိတ်လှုပ်ရှားမှု လှိုင်းလုံးတစ်ခုကို ဖြစ်ပေါ်စေခဲ့ပြန်သည်။
အစပထမတွင် လူအများအပြားသည် ထျန်းချိုင်၏ဆုံးဖြတ် ချက်အား သံသယဝင်ခဲ့ကြပြီး ၎င်းမှာလူသိရှင်ကြားကြော် ငြာရုံသက်သက်သာ ဖြစ်သည်ဟု ထင်မြင်ခဲ့ကြသည်။
သို့သော် ယခုမူ နာမည်ဂုဏ်သတင်းကြီးသော တတိယအဆင့်ဆေးရုံကြီး၏ ထောက်ခံချက်ပါ ရရှိလာပြီဖြစ်ရာ အရာအားလုံးက ငြင်းပယ်၍မရအောင် အစစ်အမှန် ဖြစ်သွားခဲ့လေပြီ။
တစ်ချိန်တည်းမှာပင် ဤဖြစ်ရပ်များသည် ထျန်းချိုင်နည်းပညာအတွက် အလွန်အကျိုးရှိသော အခြား ဖြစ်ရပ်တစ်ခုကိုလည်း ဖြစ်ပေါ်စေခဲ့သည်။
အစပိုင်းတွင် ဤဖြစ်ရပ်ကို အလွန်အနီးကပ်စွာ စောင့်ကြည့်နေခဲ့သည့် ပြန်ကြားရေးဌာနသည် ထျန်းချိုင်ကုမ္ပဏီအနေ ဖြင့် ဆေးရုံနှင့် စတင် ညှိနှိုင်းနေပြီး သုတေသနစီမံကိန်းများ လုပ်ဆောင်နေကြောင်း သိရှိပြီးနောက်တွင်မူ မသိချင်ယောင်ဆောင်၍ မျက်စိမှိတ်ပေးထားခဲ့သည်။
အဆုံးသတ်တွင် မည်သည့်ကြီးမားသော မတော်တဆမှုမျှ ဖြစ်ပွားခြင်းမရှိခဲ့ဘဲ ယခုအခါတွင် ၎င်းတို့သည် နိုင်ငံတော်နှင့်လိမ္မာပါးနပ်စွာ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ရာ ယခင်က သေးငယ်သော အနှောင့်အယှက်များအားလျစ်လျူရှုထားနိုင်ခဲ့သည်။
အစိုးရအရာရှိများကို ဧည့်ခံနေသည့် လောင်ချန်သည်လည်း သက်ပြင်းတစ်ချက်ချနိုင်ခဲ့တော့သည်။
သူ့အထက်လူကြီးမှာ ကံကောင်းရုံသက်သက်လား သို့မဟုတ် အရာအားလုံးကို စုံလင်စွာ စီစဉ်ထားခြင်းလား ဆိုသည်ကို သူ မဝေခွဲနိုင်သော်လည်း သူ သေချာသိသည့် အချက်တစ်ခုမှာမူ သူ့အထက် လူကြီးက သူ့ထက် များစွာပိုမိုအရည်အချင်း ရှိသည်ဟူသော အချက်ပင်။
Weibo တွင် စာတင်ပြီး ငါးမိနစ်ပင်မပြည့်မီ ကျိုးထျန်းက အသိပေးသံတစ်ခုကို ကြားလိုက်ရသည်။
[ဒင်~... စနစ်အသိပေးချက် - တာဝန်အောင်မြင်ပြီးမြောက်ပါပြီ၊ စနစ်မှ တာဝန်အပေါ် အကဲဖြတ်နေပါသည်]
[တာဝန်အကဲဖြတ်ချက် - စံပြ]
[ရရှိသည့် ဆုလာဘ် - သံပရာအာရုံခံနိုင်စွမ်း]
[မှတ်ချက် - သံပရာအာရုံခံနိုင်စွမ်းသည် Host အား အန္တရာယ်ကိုသိရှိနိုင်သော အာရုံခံစွမ်းရည် ပေးအပ်မည်ဖြစ်သည်။ အန္တရာယ်ရှိမှု အဆင့်အတန်းအပေါ် မူတည်၍ သံပရာအာရုံခံနိုင်စွမ်းသည် Host အား သတိပေးရန်အတွက် မတူညီသော အချဉ်ဓာတ် အဆင့်များကို ထုတ်လုပ်ပေးလိမ့်မည်]
"ပြီးသွားပြီ"
ကျိုးထျန်း လက်ဖျောက်တစ်ချက် တီးလိုက်သည်။
အမြင့်မားဆုံး အချဉ်ဓာတ်အဆင့်ငါးထောင်ကို အလွယ်တကူပင် ပြီးမြောက်အောင်မြင်သွားခဲ့ပြီဖြစ်သည်။
ထျန်းချိုင်နည်းပညာကုမ္ပဏီသာ မရှိလျှင် ဤတာဝန်ကအလွန်အမင်းခက်ခဲလိမ့်မည်ဖြစ်သည်။
ယခုမူ အရာအားလုံး ပြည့်စုံသွားခဲ့ပြီ။ သူက တာဝန်ကိုလည်းပြီးမြောက်စေခဲ့ပြီး ထျန်းချိုင်နည်းပညာ၏နာမည်ဂုဏ်သတင်းကိုလည်း မြှင့်တင်နိုင်ခဲ့ရာ နှစ်ဦးနှစ်ဖက် အမြတ်ထွက်သည့် ကိစ္စပင်။
‘ဒါပေမဲ့ ဒီသံပရာအာရုံခံနိုင်စွမ်းက အတိအကျ ဘာ အတွက် သုံးရတာလဲ၊ စာသားရဲ့ အဓိပ္ပာယ်ကိုတော့ ငါ နားလည်တယ်၊ ဒါပေမဲ့ ဘယ်လောက်အထိ ထိရောက်မှုရှိမလဲဆိုတာ မသိဘူး’
မှတ်ချက်များအရမူ ၎င်းက အန္တရာယ်ကို သိရှိသည့်အခါမှသာ အချဉ်ဓာတ်ဖြင့် အသုံးပြုသူကို သတိပေးမည်ဖြစ်သော ကြောင့် ဤစွမ်းရည်က နေ့စဉ်လူနေမှုဘဝတွင် အသုံးမဝင်လှဟု ထင်ရသည်။
သို့သော် စနစ်အပေါ် ယုံကြည်စိတ်ချသဖြင့် ကျိုးထျန်းသည် ဤစွမ်းရည်က တစ်နေ့နေ့တွင် အသုံးဝင်လာလိမ့်မည်ဟု ခံစားရသောကြောင့် ၎င်းကို လတ်တလော ဘေးဖယ်ထားလိုက်သည်။
တာဝန် ဆုလာဘ်များအပြင် သူသည် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ထျန်းချိုင်နည်းပညာရှိ လူတိုင်း၏ အချဉ်ဓာတ်ကို မျှဝေခံစားခြင်းဖြင့် အမြောက်အမြားသော စည်းစိမ်ဥစ္စာများကိုလည်းရရှိခဲ့သည်။
[Host - ကျိုးထျန်း
အသက် - ၁၈
ရုပ်ရည် - ၉၃
ခန္ဓာကိုယ် - ၇၉
ကျန်းမာရေး - ၉၂
အချဉ်ဓာတ် လက်ကျန်ပမာဏ - (ထုတ်ယူနိုင်သည်)]
လက်ရှိတွင် သူ့ထံ ငွေကြေးလက်ကျန် ၄၇ သန်းကျော် ရှိနေသည်။
ယခင် "Planetary Home" ရုပ်ရှင်တွင် သန်း ၁၀၀ နီးပါး ရင်းနှီးမြှုပ်နှံခဲ့သဖြင့် သူ့ထံ၌ ဆယ်သန်းကျော်သာ ကျန်ရှိတော့ခြင်းဖြစ်သည်။
သို့သော် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အင်တာနက် အသုံးပြုသူများထံမှရရှိသည့် အချဉ် ဓာတ်မှ သူ့အတွက် အလွန်လိုအပ်နေသော ငွေအားကိုပေးစွမ်းခဲ့သည်။
ထို့ပြင် သူသည် ရန်ပုံငွေအတွက် နောက်ထပ် စိုးရိမ်ပူပန်နေရန်မလိုတော့ပေ။
လက်ရှိတွင် အမြင့်မားဆုံး အချဉ်ဓာတ်ကို ထုတ်လုပ်ပေးမှုကြောင့် လူပေါင်း ၅၆၀၀ ခန့်တွင် သံပရာစေ့များစိုက်ပျိုးထားပြီးဖြစ်သည်။
တစ်နာရီလျှင် မျိုးစေ့တစ်စေ့နှုန်းဖြင့် ၎င်းတို့ကကျိုးထျန်းအား တစ်နှစ်လျှင် ရန်ပုံငွေ ၄၉ သန်းပံ့ပိုးပေးမည်ဖြစ်ပြီး လစဉ် လတိုင်း ၎င်းတို့၏အကောင့်ထဲသို့ ငွေသား ၄ သန်းခန့်အလိုအလျောက် ရောက်ရှိလာမည်ဖြစ်သည်။
သူသည် နေ့စဉ် ငွေကြေး မည်မျှရရှိနိုင်သည်အား တွက်ချက်နေစဉ်မှာပင် သူ့ဖုန်း မြည်လာခဲ့သည်။
သူ့တွက်ချက်မှုများမှာ ကြားဖြတ်နှောင့်ယှက်ခြင်းခံလိုက်ရသည်။
ဖုန်းကို ကောက်ကိုင်လိုက်သည့်အခါ ခေါ်ဆိုသူ၏အမည်နေရာတွင် "ဖန်ယုံကျင်း" ဟူသော စာလုံးကြီး သုံးလုံးပေါ်လာခဲ့သည်။
"ဟေး... မစ္စဖန်၊ ခင်ဗျား ဒီလောက်အလုပ်ရှုပ်နေတာ ကျနော့်ဆီ ဖုန်းဆက်ဖို့ အချိန် ဘယ်လိုလုပ်ရှိနေတာလဲ"
သူ ဤအမျိုးသမီးကို သတိထားနေခဲ့သည်။
သူမသည် အလွန်ပါးနပ်လွန်းလှပြီး သူ့အား ဖောက်ထွင်းမြင်နိုင်လောက်အောင် ပါးနပ်ဟုဆိုရမည်။
မည်သူမှ မိမိအား ဖောက်ထွင်းမြင်နေသည်ကို သဘောမကျကြချေ။
၎င်းက လူတစ်ယောက်၏ရှေ့တွင် ကိုယ်လုံးတီး ဖြစ်နေရသကဲ့သို့ ခံစားရစေကာ စိတ်မသက်မသာ ဖြစ်ရုံသာမက ချမ်းစိမ့်စိမ့်ပင်ဖြစ်စေသည်။
"ဟိုတယ်အောက်ထပ်က ကော်ဖီဆိုင်ကို အခု ချက်ချင်းဆင်းလာခဲ့၊ နင့်ကို ပေးစရာရှိတယ်"
ထိုသို့ပြောပြီးနောက် သူမ ဖုန်းချသွားခဲ့သည်။
ကျိုးထျန်း အားကိုးရာမဲ့စွာ သက်ပြင်းချလိုက်မိသည်။
သူက လက်ရှိတွင် လျိုမုယန်၏အခန်းထဲ၌ ရှိနေခြင်းဖြစ်ပြီး သူမက "အောက်ထပ်က ကော်ဖီဆိုင်" ဟု ပြောသည့်အခါ ၎င်းက ဟိုတယ်၏ပထမထပ်ရှိဆိုင်ကို ဆိုလိုခြင်းဖြစ်ကြောင်း ထင်ရှားသည်။
ဤအမျိုးသမီးက သူ ဘယ်မှာရှိနေသည်ကို သိနေခဲ့သည်။
သို့သော် ၎င်းကဖြစ်သင့်ပေသည်။ ဤဟိုတယ်ကား သူမ၏ဟိုတယ်ဖြစ်ရာ သူ ရှိနေသည့်နေရာအား သိရှိရန်မှာ သူမအတွက်အလွန်လွယ်ကူလှသည်။
သို့ရာတွင် သူမသည် အေးဆေးတည်ငြိမ်စွာဖြင့် အာဏာပြသမှုက အမှန်တကယ်ပင် လွှမ်းမိုးချုပ်ကိုင်လွန်းလှသည်။
အကယ်၍ အခြားသူသာဖြစ်ပြီး သူ့အား စကားတစ်ခွန်းမှမဆိုဘဲ ဒီကိုလာ၊ ဟိုကိုသွားဟု ပြောပါက သူ လုံးဝနားထောင်မည်မဟုတ်ပေ။
သို့သော် ဤအမျိုးသမီးမှာမူ ကွဲပြားသည်။
အကယ်၍ သူ မသွားပါက သူမ သူ့အား မရမက လာခိုင်းရန် တစ်စုံတစ်ခုသော လှည့်ကွက်သုံးလာလိမ့်မည်ကို သူ အမှန်တကယ် ကြောက်ရွံ့မိသည်။
ထိုသို့ဖြစ်မည့်အစား ၎င်းနှင့် လိုက်လျောညီထွေ ရှိနေခြင်းက ပိုကောင်းပေလိမ့်မည်။
အခြားသူ၏နယ်မြေတွင် ဖြစ်ရာ သူ ခေါင်းငုံ့ထားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိချေ။
သူ ဓာတ်လှေကားဖြင့် အောက်ထပ်သို့ ဆင်းလာခဲ့ပြီး ကော်ဖီဆိုင်ဆီသို့ တန်းတန်းမတ်မတ်လျှောက်လှမ်းခဲ့သည်။
ထိုနေရာတွင် ဖန်ယုံကျင်းထိုင်နေပြီးဖြစ်ကာ စာရွက်စာတမ်း အချို့ကိုလေ့လာနေသည်အား သူ တွေ့လိုက်ရသည်။
တစ်ချိန်တည်းမှာပင် သူမသည် ဖောင်တိန်တစ်ချောင်းအားကိုင်ဆောင်ထားပြီး စာရွက်စာတမ်းများပေါ်တွင် အဆက် မပြတ်ရေးသားကာ ခြစ်ခြစ်ထားခဲ့သည်။
‘ဒီလောက် ငယ်ရွယ်တဲ့ အသက်အရွယ်နဲ့ ဘီလီယံချီတန်ဖိုးရှိတဲ့ အုပ်စုကြီးကို စီမံခန့်ခွဲနိုင်တဲ့ ပါရမီရှင်ဖြစ်တာ မဆန်းပါဘူး၊ သူမက တစ်စက္ကန့်မျှတောင် အချိန်မဖြုန်းဘဲ အမြဲတမ်းအလုပ်လုပ်နေတာပဲ’
သူ သက်ပြင်းချရင်း လျှောက်သွားလိုက်သည်။
"မစ္စဖန်၊ ခင်ဗျား ဒီလောက် ခေတ်နောက်ကျလိမ့်မယ်လို့ ကျနော် မထင်ထားဘူး၊ ခင်ဗျား ကွန်ပျူတာသုံးရတာကို သဘောမကျဘဲ စာရွက်စာတမ်းတွေကို အသက်ကြီးတဲ့ လုပ်ငန်းရှင်တွေလိုမျိုး စာရွက်တွေပေါ်ပြင်ဆင်နေတုန်းပဲနော်"
"စာရွက်စာတမ်းတွေက ငါ့မျက်စိအတွက် အဲ့လောက် မဆိုးပါဘူး၊ ငါ နေ့တိုင်း အလုပ်လုပ်ချိန်အရမ်းများတော့ ဆရာဝန်ကကွန်ပျူတာကိုပဲ အမြဲတမ်း စိုက်မကြည့်ဖို့ ပြောထားလို့ပါ"
ဖန်ယုံကျင်း မော့ပင်မကြည့်ဘဲ ပြန်လည်ဖြေကြားခဲ့သည်။
"ကျနော် ထင်တာတော့ ဆရာဝန်က စာရွက်စာတမ်းတွေကို ကြည့်ပြီး မျက်စိညောင်းတာကို လျှော့ဖို့ပြောတာ ထင်တယ်၊ စာရွက်ကိုကြည့်တာက ခင်ဗျားရဲ့ မျက်စိကိုကာကွယ်ပေးလိမ့်မယ်လို့တော့ ပြောတာ မဟုတ်လောက်ပါဘူး"
ဟု ပြောကာ ကုလားထိုင်တစ်လုံးကအား ဆွဲထုတ်ကာ ထိုင်လိုက်ပြီး ကော်ဖီတစ်ခွက်မှာယူလိုက်သည်။