အခန်း ၁၈၂
Vol. 19 Ch. 182
🍋 Chapter 182
သူ ဆယ်မိနစ်ခန့် စောင့်ဆိုင်းလိုက်သောအခါ ကော်ဖီရောက်ရှိလာသော်လည်း ဖန်ယုံကျင်းမှာမူ စာရွက်စာတမ်းများကိုသာ စိုက်ကြည့်နေဆဲဖြစ်ပြီး သူ့ကို အာရုံစိုက်မည့် အရိပ်အယောင်မျှပင် မပြသခဲ့ချေ။
သူသည်လည်း အလျင်စလိုမဖြစ်သဖြင့် စကားတစ်ခွန်းမျှမဆိုဘဲ ငြိမ်သက်နေလိုက်သည်။
‘ဘာပဲဖြစ်ဖြစ် မင်းက ငါ့ဆီ အရင်ဆက်သွယ်ခဲ့တာပဲ၊ ငါက ဘာလို့လောနေရမှာလဲ။ ငါက အလုပ်သွားစရာလည်း မလို၊ ကျောင်းတက်စရာလည်း မရှိတော့တာမို့အချိန်တွေကတော့ ပေါနေတာပဲ’
နောက်ထပ် ငါးမိနစ်ခန့် ကုန်လွန်သွားပြီးနောက်တွင်မူ ဖန်ယုံကျင်းသည် နောက်ဆုံး၌ ဖောင်တိန်နှင့် စာရွက်စာတမ်းများကို ချလိုက်ကာ သူမ၏ မျက်လုံးများကို ပွတ်သပ်လိုက်တော့သည်။
ကျိုးထျန်းသည် သူမ သုံးစွဲနေသည်မှာ ဖောင်တိန်တစ်ချောင်းဖြစ်ပြီး တန်ဖိုးကြီးပုံမရဘဲ တော်တော်လေး ဟောင်းနွမ်းနေသည်ကို သတိပြုမိလိုက်ရာ သူမ၏ သပ်ရပ်လှပသော ရုပ်ရည်နှင့်မူ သိပ်ပြီး လိုက်ဖက်မှုမရှိလှပေ။
‘တစ်စုံတစ်ယောက်ဆီက အမှတ်တရလက်ဆောင် ဖြစ်နေလို့နေမှာပါ’
ကျိုးထျန်း စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
ဤအမျိုးသမီးမှာ သူမ၏ အပြင်ပန်းသွင်ပြင်အတိုင်း အေးစက်ရက်စက်တတ်သူတစ်ယောက် မဟုတ်နိုင်ဟု သူတွေးလိုက်မိ၏။
"မစ္စတာကျိုး... ရှင်တို့ကုမ္ပဏီက အခုတလော တော်တော်လေး ရေပန်းစားနေတာပဲနော်၊ Weiboပေါ်မှာလည်း နေရာအနှံ့ ထျန်းချိုင်နည်းပညာအကြောင်းတွေချည်းပဲ"
ဖန်ယုံကျင်းက သူ့ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
ကျိုးထျန်း စိတ်ထဲ၌ တစ်ဖန် ပြန်လည်၍ မသက်မသာ ဖြစ်သွားရပြန်သည်။
သူသည် ဤအမျိုးသမီးအား မိမိက ထျန်းချိုင်နည်းပညာ၏အထက်လူကြီးဖြစ်ကြောင်း တစ်ကြိမ်တစ်ခါမျှ မပြောပြဖူးခဲ့သော်လည်း ယခုအခါ သူမက သိရှိနေပြီဖြစ်ရာ ၎င်းမှာ သူမက သူ့ကို စုံစမ်းစစ်ဆေးထားပြီး အမြဲတမ်း အာရုံစိုက် စောင့်ကြည့်နေခဲ့သည်ဟူသော သဘောပင်။
"ဒါကို ဘာလို့ လာပြောနေတာလဲ"
သူက ခပ်ပြတ်ပြတ် ပြန်လည် တုံ့ပြန်လိုက်သည်။
"ရှင်က ကုမ္ပဏီဝန်ထမ်းတွေကို မစ်ရှလင်အဆင့် နေ့လယ်စာတွေ ကျွေးမွေးမယ်လို့ အင်တာနက်ပေါ်မှာ တင်ထားတယ် မဟုတ်လား၊ ဒါကြောင့် ကျွန်မကလည်း ရှန်ဟိုင်းမှာ ရှိနေတာနဲ့ ရှင့်ကို လာတွေ့တာ"
သူမက စကားပြောရင်း သူမ၏လက်ဆွဲအိတ်ထဲမှ ဖိုင်တွဲတစ်ခုကို ထုတ်ယူကာ ကျိုးထျန်း ရှေ့သို့ တွန်းပေးလိုက်သည်။
"ဒါက ငါတို့ Baoge အုပ်စုနဲ့ ဟွမ်လုံတို့အကြားက စာချုပ်ဖျက်သိမ်းတဲ့ သဘောတူညီချက်ပဲ၊ အခု သူက လွတ်လပ်တဲ့လူ ဖြစ်သွားပြီ"
ကျိုးထျန်းသည် ထိုဖိုင်တွဲကို ကောက်မကိုင်ဘဲ မျက်မှောင်ကုတ်ရင်း ဤအမျိုးသမီးကို စိုက်ကြည့်လိုက်မိသည်။
‘တောက်... ငါက အဲ့ဒီကြေညာချက်ထဲမှာ တစ်ခွန်းပဲထည့်ပြောခဲ့တာကို ဒီအမျိုးသမီးက ငါ ဘာလုပ်မလဲဆိုတာ တန်းခနဲ ခန့်မှန်းမိသွားတာပဲ’
‘ငါပြောခဲ့တဲ့ မစ်ရှလင်အဆင့် စားသောက်ဆိုင်ဆိုတာ နောက်ပိုင်းမှာ ငါဖွင့်မယ့် ဟွမ်လုံ ဦးဆောင်မယ့် အဆင့်မြင့်စားသောက်ဆိုင်ကို ဆိုလိုတာဆိုတာ သူမ သေချာပေါက် သိနေတာပဲ’
‘ငါတို့ရဲ့ အလောင်းအစားက Planetary Home ရုပ်ရှင်ရဲ့ ရုံဝင်ငွေပေါ်မှာ အခြေခံထားတာလေ’
‘ဒါပေမဲ့ အခု ရုပ်ရှင်က ရုံတင်တောင် မတင်ရသေးဘူး၊ သူမက စားဖိုမှူးရဲ့ စာချုပ်ကို အရင် ဖျက်သိမ်းပေးလိုက်ပြီး ငါ့ဆီ အရောက် ပို့ပေးနေတာကတော့ ရှင်းနေတာပဲ’
‘ဒါက ဒီရုပ်ရှင်က သေချာပေါက် အကြီးအကျယ်ပေါက်လိမ့်မယ်လို့ သူမ အပြည့်အဝ ယုံကြည်စိတ်ချနေတဲ့ သဘောပဲ’
‘ဒီလိုမျိုး သတ္တိနဲ့ အမြော်အမြင်ကတော့ လူတိုင်းလုပ်နိုင်တဲ့အရာ မဟုတ်တာ အမှန်ပဲ’
‘ဒါပေမဲ့ သူမ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ’
‘ဒီအမျိုးသမီးက ပြင်းထန်တဲ့ စရိုက်ရှိတာ၊ အမြတ်အစွန်းအတွက် ဖြစ်ရင်တောင် ဘယ်သူ့ကိုမှ ဦးညွှတ်မယ့်လူ မဟုတ်ဘူး။ အခုလို ကြိုတင် အရှုံးပေးသလိုမျိုး ကိစ္စကိုတော့ သူမဘက်က အကြောင်းပြချက်မရှိဘဲ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး’
သူက သူမ၏ရည်ရွယ်ချက်ကို အထွင်းအဖောက်မြင်နိုင်ရန် မျက်လုံးများကို ကျဉ်းမြောင်းလျက် စိုက်ကြည့်နေလိုက်သည်။
ဖန်ယုံကျင်းလည်း အလျှော့ပေးမည့်ပုံ မရှိချေ။ အကြည့်ချင်း ဆုံသည့်အခါ မျက်နှာလွှဲသွားတတ်သည့် သာမန် မိန်းကလေးများနှင့် မတူဘဲ သူမက ဆန့်ကျင်ဘက်ကို ပြုလုပ်ခဲ့သည်။
သူမက ရှောင်လွှဲခြင်း မရှိသည့်အပြင် ကျိုးထျန်း၏အကြည့်ကို ပြန်လည်စိုက်ကြည့်ရင်း တုံ့ပြန်ခဲ့သည်။
သူတို့နှစ်ဦးသည် ငါးမိနစ်ခန့် အချိန်အထိ အပြန်အလှန် စိုက်ကြည့်နေခဲ့ကြပြီး နောက်ဆုံးတွင်မူ ကျိုးထျန်းကသာ မျက်တောင်ခတ်လျက် အရှုံးပေးလိုက်ရတော့သည်။
‘ဟာကွာ... ဒီအမျိုးသမီးက ဘယ်လိုတောင်လဲကွာ၊ သူမက အမြဲတမ်း လူတိုင်းနဲ့ တိုက်ခိုက် ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေတာပဲ၊ သူမက ပုံမှန်ရော ဟုတ်ရဲ့လား၊ အရှုံးလည်း မပေးဘူး၊ မျက်တောင်တောင် မခတ်ဘူး၊ တော်တော်လေး ဇွတ်တရွတ်နိုင်တာပဲ’
"ဟေး... မစ္စဖန်၊ မင်းက ဒီလောက်တောင် ကြင်နာပြနေရအောင် ဘာတွေ ကြံစည်နေတာလဲ"
"ငါက ရုပ်ချောလွန်းလို့ ငါ့ကို အထူးအခွင့်အရေးတွေ ပေးနေတာလား"
သူက မျက်လုံးများကို ပွတ်သပ်ရင်း ရရှိသွားသော အရှုံးကြောင့် ဖြစ်ပေါ်လာသည့် အနေရခက်မှုကို ပြေလျော့စေရန် ရွှတ်နောက်နောက် စကားအချို့ဆိုလိုက်သည်။
"မစ္စတာကျိုး... ငါတို့က အကြိမ်ပေါင်းများစွာ ဆုံဖူးခဲ့ပြီဆိုတော့ အသိမိတ်ဆွေတွေလို့ သတ်မှတ်လို့ရတယ် မဟုတ်လား၊ ဒါမှမဟုတ် သူငယ်ချင်းတွေလို့ ပြောရမလား"
ဖန်ယုံကျင်းက ကော်ဖီခွက်ကို မြှောက်၍ တစ်ငုံသောက်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူမက ကော်ဖီခွက်ကို ကိုင်ထားရင်း ကျိုးထျန်း မမြင်စေရန် လက်ချောင်းတစ်ချောင်းဖြင့် သူမ၏ မျက်လုံးကို တိတ်တဆိတ် ပွတ်သပ်လိုက်ရ၏။
သူမသည်လည်း အနေရခက်မှုကို ခံစားနေရသော်လည်း အရှုံးကိုမူ လုံးဝ အသိအမှတ် မပြုနိုင်ပေ။
"မင်းပြောသလိုပဲ ထားပါတော့၊ အသိမိတ်ဆွေပဲဖြစ်ဖြစ်၊ သူငယ်ချင်းပဲဖြစ်ဖြစ် ငါတို့ အလုပ်အကြောင်းပဲ တရားဝင်စကားပြောကြရအောင်"
ကျိုးထျန်းသည် သူမနှင့် သူငယ်ချင်း ဖြစ်ရန် ရည်ရွယ်ချက် မရှိသလို ဖန်ယုံကျင်းတွင်လည်း သူငယ်ချင်းဟူ၍ ရှိလိမ့်မည် မဟုတ်ဟုခံစားနေရသည်။
သူမ၏စရိုက်နှင့် အပြုအမူမျိုးကို မည်သူမျှ သည်းခံနိုင်လိမ့်မည် မဟုတ်ပေ။
ထို့ပြင် သူမအနေဖြင့် သူငယ်ချင်းဖွဲ့ရန် အချိန်ရောရှိမည် မဟုတ်ပေ။
"ကောင်းပြီ... မစ္စတာကျိုးက ဒီလောက်ပြတ်သားနေမှတော့ ကျွန်မလည်းပြတ်ပြတ်သားသားပဲ ပြောတော့မယ်၊ ကျွန်မကလည်း ပိုပြီးထိရောက်တဲ့ ဆက်သွယ်မှုကိုပဲ သဘောကျတာ"
သူမက ကျိုးထျန်း၏ သဘောထားကို သဘောတူသည့်အနေဖြင့် အနည်းငယ် ပြုံးလိုက်သည်။
"ကျွန်မ ရှင့်ကို ဒီကိုဖိတ်ရတာက ထျန်းချိုင်နည်းပညာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စကို ဆွေးနွေးချင်လို့ပါ"
"ပူးပေါင်းဆောင်ရွက်မှု ဟုတ်လား ? ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်မှုလဲ" ကျိုးထျန်း ဇဝေဇဝါဖြင့် မေးလိုက်သည်။
သို့သော် ချက်ချင်းပင် သူ နားလည်သွားခဲ့၏။
‘ဒီအမျိုးသမီးက သူတစ်ပါးရဲ့ အရှိန်အဝါကို အလကား လိုက်စီးချင်နေတာပဲ’
‘သူမ မိသားစုက ဟိုတယ်လုပ်ငန်း ပိုင်ဆိုင်တာလေ။ အကယ်၍ ထျန်းချိုင်နည်းပညာနဲ့ ပူးပေါင်းဆောင်ရွက်ချင်တယ်ဆိုရင် ကဏ္ဍအချို့ပဲ ရှိနိုင်တာပေါ့’
‘ခရီးသွား နေထိုင်မှုတွေ၊ အစည်းအဝေးကြီးတွေ၊ အောင်ပွဲခံ အခမ်းအနားတွေ၊ နှစ်ပတ်လည် အစည်းအဝေးတွေနဲ့ အခြား စီးပွားရေး လုပ်ငန်းတွေပေါ့’
‘ဒီလိုမျိုး ကိစ္စတွေ ဖြစ်ရမယ်’
‘ငါတို့ကုမ္ပဏီက အခုတလော အင်တာနက်ပေါ်မှာ ရေပန်းအစားဆုံး ဖြစ်နေတာဆိုတော့ သူမက ဒီပူးပေါင်းဆောင်ရွက်မှုကို သုံးပြီး သူမရဲ့ ကုမ္ပဏီကို အလကား ကြော်ငြာချင်နေတာပဲ’
သူ့ထံမှ စဉ်းစားတွေးတောနေသည့် မျက်နှာပေးကို မြင်ရသည့်အခါ ဖန်ယုံကျင်းက စကားမဆိုဘဲ သူကိုယ်တိုင် နားလည်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့သည်။
သူမက သူမအလိုရှိသော ပူးပေါင်းဆောင်ရွက်မှုကို သူမရှေ့ရှိ လူက ချက်ချင်း နားလည်လိမ့်မည်ဟု ယုံကြည်ထား၏။
အဘယ်ကြောင့်ဆိုသော် သူမသည် လူမိုက်များနှင့် ဘယ်သောအခါမျှ စကားမပြောသောကြောင့် ဖြစ်သည်။
"ကောင်းပြီ... ငါ သိပြီ။ ဒါဆို မင်းက ထျန်းချိုင်နည်းပညာနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု တစ်ခုကိုတည်ဆောက်ချင်ပြီး ငါတို့ကုမ္ပဏီရဲ့ လှုပ်ရှားမှု အားလုံးကို မင်းတို့နဲ့ ချိတ်ဆက်ထားချင်တာပေါ့"
ဖန်ယုံကျင်းက ကျိုးထျန်း ငြင်းပယ်မည်မဟုတ်ကြောင်း ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သူမ မျှော်လင့်ထားသည့်အတိုင်းပင် ကျိုးထျန်းက သဘောတူခဲ့သည်။
"မင်းရဲ့ ပူးပေါင်းဆောင်ရွက်မှု အဆိုပြုချက်ကို ငါ သဘောတူပါတယ်၊ ဒါပေမဲ့ မင်းတို့က ကြယ်ငါးပွင့် ဟိုတယ်ဆိုတော့ စျေးနှုန်းနဲ့ ပတ်သက်ရင်..."
ကျိုးထျန်း သူမကို ပြုံးပြလိုက်သည်။
Baoge ၏စျေးနှုန်းများက မြင့်မားလှသည်၊ အဆင့်မြင့် ဝန်ဆောင်မှုနောက်တွင် မြင့်မားသော ကုန်ကျစရိတ်က အလိုအလျောက် လိုက်ပါလာစမြဲပင်။
အကယ်၍ လျိုထျန်းအန်ကဲ့သို့ မန်နေဂျာအဆင့် လူမျိုးများအလုပ်ကိစ္စဖြင့် ခရီးသွားလာလျှင် ကြယ်ငါးပွင့် ဟိုတယ်တွင် တည်းခိုခြင်းက ပြဿနာမရှိပေ။
သို့သော် သာမန်ဝန်ထမ်းများအတွက်မူ တစ်ရက်လျှင် ရာဂဏန်း သို့မဟုတ် ထောင်ဂဏန်းအထိ ရှိသော တည်းခိုနေထိုင်ခွင့် ထောက်ပံ့ကြေးကို ပေးဆောင်ရန် မဖြစ်နိုင်ချေ။
ထို့ပြင် ထျန်းချိုင်၏ ဝန်ထမ်းအင်အားက သိသိသာသာ လျင်မြန်စွာ တိုးပွားနေပြီး နှစ်ကုန်ပိုင်းတွင် လူဦးရေမှာ နှစ်ဆထက်မက ဖြစ်လာပေလိမ့်မည်။
ထိုအချိန်တွင် နှစ်ပတ်လည် အစည်းအဝေးအတွက် ကြီးမားလှသော ခန်းမကြီးတစ်ခုကို ငှားရမ်းရမည်ဖြစ်ရာ အသုံးစရိတ်များက အဆမတန် မြင့်တက်လာမည် ဖြစ်သည်။
ငွေကြေး မချွေတာချင်သည့် အထက်လူကြီးမှာ ကမ္ဘာပေါ်တွင် ရှိမည် မထင်ပေ။
သူသည်လည်း Baoge ဘက်မှ အလွန်အမင်း သက်သာသော လျှော့စျေး၊ ပိုကောင်းသည်မှာ အထူးလျှော့စျေးမျိုး ပေးနိုင်ရန် မျှော်လင့်နေခြင်းပင်။
ဖန်ယုံကျင်းသည်လည်း သူ ဘာတွေးနေသည်ကို သေချာပေါက် သိရှိပေသည်။
ထို့အချိန် သူမ၏လက်ဆွဲအိတ်ထဲမှ နောက်ထပ် စာရွက်စာတမ်းတစ်ခုကို ထုတ်ယူကာ ကျိုးထျန်းထံသို့ ကမ်းပေးလိုက်သည်။
"ဒါက ကျွန်မ ကြိုတင် ပြင်ဆင်ထားတဲ့ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ပဲ။ အခြေအနေ အမျိုးမျိုးအောက်မှာ ကျွန်မတို့အုပ်စုဘက်က ပေးအပ်နိုင်တဲ့ ပူးပေါင်းဆောင်ရွက်မှု စိတ်ရင်းစေတနာတွေကို အသေးစိတ် ရေးထားတယ်"
"သူတို့က တကယ်ကို အကုန်အစင် ပြင်ဆင်ထားတာပဲ" သူ တိုးတိုးလေး ရေရွတ်လိုက်မိသည်။
‘သူမက ငါ သဘောတူလိမ့်မယ်ဆိုတာ သိနေခဲ့တာပဲ’
‘ဒါပေမဲ့ ငါ့ဘက်က ငြင်းပယ်ဖို့ အကြောင်းပြချက်လည်း တကယ်မရှိပါဘူး’
Baoge ကကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ထျန်းချိုင်ကမူ ဤမျှသာ ရှိသေးရာ သူတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းက ဘယ်လိုမှမရှုံးနိုင်ချေ။
ယခုအခါ အစိုးရပိုင်းတွင်မူ ထုံရှင်းတက္ကသိုလ် ဆက်စပ်ဆေးရုံနှင့် ပူးပေါင်းဆောင်ရွက်မှုက ထျန်းချိုင်အား သုတေသနဆိုင်ရာ ပူးပေါင်းဆောင်ရွက်သူဟူသော ဂုဏ်ပုဒ်ကိုရရှိစေခဲ့သည်။
ယခုတစ်ဖန် Baoge နှင့် ပူးပေါင်းဆောင်ရွက်မှုက တရုတ်နိုင်ငံ၏ ထိပ်တန်း ကုမ္ပဏီ ၅၀၀ စာရင်းဝင် လုပ်ငန်းတစ်ခု၏မိတ်ဖက်ဖြစ်သည်ဟူသော ဂုဏ်ပုဒ်ကိုထပ်လောင်းပေးအပ်လိုက်ပြန်သည်။
ဤဘွဲ့ထူးနှစ်ခုတည်းနှင့်ပင် တန်ဖိုးဖြတ်၍မရနိုင်ဘဲ ထျန်းချိုင်နည်းပညာ၏အခြေအနေကို ချက်ချင်းပင် များစွာပိုမိုခိုင်မာတောင့်တင်းသွားစေသည်။
ကျိုးထျန်းသည် ထိုစာရွက်စာတမ်းများကို ယူလိုက်သော်လည်း ဖတ်မကြည့်ခဲ့ပေ။
ယခုအခါ ဤကဲ့သို့သော ကိစ္စရပ်များကို လျိုထျန်းအန်ထံသို့သာ လွှဲအပ်ထားပြီးဖြစ်ကာ အရာအားလုံးကို လက်လွှတ်စပယ်ထားရှိသော မန်နေဂျာတစ်ဦးအဖြစ်သာ နေထိုင်တော့သည်။
ဖန်ယုံကျင်းက သူမ၏ နာရီကို တစ်ချက် ကြည့်လိုက်ပြီးနောက် ထွက်ခွာရန် ထရပ်လိုက်သည်။
"ရှင်က သဘောတူပြီဆိုတော့ ဒီနေ့အတွက် ဒီလောက်နဲ့ပဲ ရပ်ကြရအောင်၊ ကျွန်မ လုပ်စရာ ရှိသေးလို့ အရင် သွားနှင့်မယ်"
ထိုသို့ပြောပြီးနောက် သူမက နေကာမျက်မှန်ကို တပ်ဆင်ကာ နောက်သို့ လှည့်မကြည့်ဘဲ ထွက်ခွာသွားခဲ့တော့သည်။
‘ဒီအမျိုးသမီးကတော့ တကယ်ကိုအလုပ်တွင်လွန်းတာပဲ၊ ဒီလောက် ကြီးမားတဲ့ ပူးပေါင်းဆောင်ရွက်မှုကို မိနစ်အနည်းငယ်အတွင်းမှာပဲ အချောသတ်သွားတာပဲ’
‘နောင်ကျရင် သူမနဲ့ အဆက်အသွယ် လုပ်တာကို ငါ ရှောင်ရမယ်၊ သူမရဲ့ ဘေးနားမှာ ရှိနေရင် အမြဲတမ်း အထက်လူကြီးတစ်ယောက်နဲ့ ရင်ဆိုင်နေရသလိုမျိုး ခံစားနေရတယ်’