← Chapters

အခန်း ၁၈၅

Vol. 19 Ch. 185

အခန်း ၁၈၅

Vol. 19 Ch. 185

🍋 Chapter 185

နောက်တစ်နေ့ နံနက် ၉ နာရီတွင် ထျန်းချိုင်နည်းပညာ သည် အင်တာနက်စာမျက်နှာထက်၌ နောက်တစ်ကြိမ် ရေပန်းစားသော ခေါင်းစဉ်တစ်ခု ပြန်လည်ဖြစ်လာခဲ့ပြန်သည်။

"တောင်ပုံရာပုံ ငွေသားဆုလာဘ်များ... မိုဘိုင်းဂိမ်းလောကထဲက နတ်ဘုရားဆန်တဲ့ ကုမ္ပဏီတစ်ခု"

ဤသတင်းခေါင်းစဉ်က ကြည့်ရှုသူ အမြောက်အမြားကို ဆွဲဆောင်နိုင်ခဲ့သည်။

သတင်းနှင့်အတူ ပါရှိလာသည့် "ငွေသားပုံကြီးများ" ၏ ဓာတ်ပုံများအပြင် Weibo စာမျက်နှာနှင့် ဆောင်းပါးများတွင် တိုက်ရိုက်ထုတ်လွှင့်မှု၏ ဗီဒီယိုဖိုင်တိုများကိုပါ ပူးတွဲဖော်ပြထားခဲ့ကြသည်။

ဝန်ထမ်းများ၏ အော်ဟစ်အောင်ပွဲခံသံများနှင့် မီးရောင်အောက်တွင် တောက်ပနေသည့် ငွေသားပုံကြီးများက အွန်လိုင်းကြည့်ရှုသူ ရာပေါင်းများစွာ၏ အာရုံကြောများကို လှုံ့ဆော်ပေးခဲ့လေသည်။

"ထျန်းချိုင်နည်းပညာက နေ့တိုင်း သတင်းခေါင်းစဉ်ကြီးတွေ ဖြစ်နေတာပဲ။ ငါလည်း အာရုံမလာချင်တော့ပါဘူးဆိုမှ ကြည့်ပြီး သွားကျိန်းစရာကြီး ဖြစ်နေတုန်းပဲ... ငါ ဘာလုပ်ရမလဲ"

"အဲ့ဒါကို ထည့်တောင်မပြောနဲ့တော့၊ ငါတောင် အလုပ်ထွက်ဖို့ စဉ်းစားနေပြီ။ ဒီနတ်ဘုရားဆန်တဲ့ ကုမ္ပဏီက အလုပ်ခေါ်နေတုန်းပဲလားဟင်"

"ငါကြားတာတော့ သာမန်ဝန်ထမ်းတွေတောင် လစာကို ဆုကြေးငွေအဖြစ် ရကြတယ်တဲ့"

"မင်းက သတင်းနောက်ကျနေပြီ။ ငါကြားတာတော့ တစ်နှစ်စာ လစာကို ဆုကြေးငွေအဖြစ် ရတာတဲ့"

"မဟုတ်ဘူး... ၁၈ လစာကွ"

"၃၆ လစာပါ..."

ကောလဟာလများသည် ပညာရှိသူများထံအရောက်တွင် ရပ်တန့်သွားတတ်ကြသော်လည်း အင်တာနက်ပေါ်တွင်မူ ထိုသို့မဟုတ်ပေ။

မိနစ်ပိုင်း အနည်းငယ်အတွင်းမှာပင် ထျန်းချိုင်နည်းပညာသည် စီမံကိန်းဆုကြေးငွေအဖြစ် သုံးနှစ်စာ လစာကို ပေးအပ်နေသည်ဟူသော သတင်းများက အင်တာနက်တစ်ခွင် ပျံ့နှံ့သွားခဲ့တော့သည်။

ကောလဟာလများက တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့ပြီး အချို့လူများကမူ မိမိတို့ကိုယ်ကိုယ် ထျန်းချိုင်နည်းပညာ၏ ဝန်ထမ်းအသစ်များဖြစ်ကြောင်း၊ သုံးလအတွင်းမှာပင် ယွမ်ငါးသိန်း ဆုကြေးငွေရရှိခဲ့ကြောင်း ပြောဆိုကာ ယွမ်သိန်းချီသော ငွေသားများကို ကိုင်ဆောင်ထားသည့် ဓာတ်ပုံများကိုပါ တင်လာခဲ့ကြသည်။

ဤကဲ့သို့ သိသာထင်ရှားစွာပင် ယုတ္တိမရှိဘဲ လုပ်ကြံဖန်တီးထားသည့် ပြောဆိုချက်များက ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေခဲ့သည်။

ယင်းကို မြင်တွေ့ရသည့်အခါ ကျိုးထျန်းက ထျန်းချိုင်နည်းပညာ၏ စီမံခန့်ခွဲမှုအဖွဲ့အား ထိုကဲ့သို့ ချဲ့ကားပြောဆိုနေသူများကို မည်သည့် ရှင်းလင်းချက်မျှ သွားရောက်မပေးရန် အထူးညွှန်ကြားလိုက်ပြီး သူတို့ဘာသာ ဆူညံအောင် လုပ်ခွင့်ပေးလိုက်ရန်၊ သူတို့ ပိုမိုဆူညံလေလေ မိမိတို့အတွက် ပိုမိုကောင်းမွန်လေလေ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ထျန်းချိုင်နည်းပညာသည် ၎င်းတို့၏ တရားဝင် Weiboအကောင့်မှတစ်ဆင့် Baoge အုပ်စု နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့သည်။

ဤသတင်းက သာမန်လူများအတွက်မူ ဆွဲဆောင်မှု သိပ်မရှိလှပေ။

"Baoge ဟိုတယ်တွေက တန်ဖိုးကြီးလွန်းလို့ ငါတို့က သွားတည်းမှာလည်း မဟုတ်ဘူး၊ ဒါက သာမန်လူတွေနဲ့ ဘာဆိုင်လို့လဲ"

သို့သော် လုပ်ငန်းတူ အခြားပြိုင်ဘက်များအတွက်မူ ပုံစံတစ်မျိုး ဖြစ်သွားခဲ့သည်။

ယွမ်သန်းပေါင်းများစွာ တန်ဖိုးရှိသော ကုမ္ပဏီတစ်ခုနှင့် ယွမ်သန်းပေါင်းသောင်းချီ တန်ဖိုးရှိသော ဟိုတယ်အုပ်စုကြီးတစ်ခုတို့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ကြသည်လော။

မည်သို့သော အားကောင်းသည့် နောက်ခံအာဏာမျိုး ရှိမှ ဤကဲ့သို့ အောင်မြင်မှုကို ရယူနိုင်မည်နည်း။

ယခင်က ကျိုးထျန်း၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားအပေါ် သံသယရှိခဲ့ကြသူများသည် ယခုအခါတွင်မူ သံသယဖြစ်ရာမှတစ်ဆင့် သူသည် မြို့တော်ရှိ သြဇာအာဏာကြီးမားသော မိသားစုတစ်ခု၏ ဒုတိယမျိုးဆက် ဖြစ်သည်ဟူသော ကောလဟာလကို လုံးဝ ဥဿုံ ယုံကြည်သွားခဲ့ကြတော့သည်။

အထူးသဖြင့် ဒါလုံ မှ လီဟိုင်ပေါ်သည် ဤသတင်းကို မြင်ပြီးနောက် မိမိကိုယ်ကိုယ် ပါရမီရှင်တစ်ဦးအဖြစ် တွေးတောမိလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် သူက ကျိုးထျန်း၏ တောင်းဆိုချက်ကို သဘောတူခဲ့မိပြီး နောက်ဆုံးမိနစ်တွင် နောက်ဆုတ်မသွားခဲ့မိချေ။

သူသည် အမှန်တကယ်ပင် သက်ပြင်းချနိုင်ခဲ့တော့သည်။

ထို့ပြင် ဤဖြစ်ရပ် ဖြစ်ပွားပြီးကတည်းက ဒါရိုက်တာအဖွဲ့အတွင်းရှိ သူ၏ ရာထူးနေရာမှာလည်း အနည်းငယ် မြင့်မားလာခဲ့ပုံပေါ်ပြီး ကျိုးထျန်းနှင့် ပတ်သက်၍ သူ၏ ဆုံးဖြတ်ချက်များကိုလည်း အဖွဲ့ဝင်များက အသိအမှတ်ပြုလာကြသည်။

တစ်ချိန်တည်းမှာပင် ကျိုးထျန်းသည် တက္ကသိုလ်ကျောင်းအပ်ရန်အတွက် ပြင်ဆင်နေခဲ့သည်။

စက်တင်ဘာလက နီးကပ်လာပြီဖြစ်ရာ သူ တက္ကသိုလ်တက်ရမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

မုရန်သည် သူမ အနှစ်သက်ဆုံး ဖြစ်သည့် ဂျာနယ်လစ် ဘာသာရပ်ကို လျှောက်ထားခဲ့သည်။

ကျိုးထျန်းကမူ ဘွဲ့ရပြီးနောက် အလုပ်အကိုင် ရှာဖွေရန် ခက်ခဲနိုင်သည့် တရုတ်ဘာသာစကားနှင့် စာပေ မေဂျာကို ရွေးချယ်ခဲ့သည်။

သူ့အနေဖြင့် အလုပ်အကိုင် ရှာဖွေရန် အမှန်တကယ် မလိုအပ်သောကြောင့် လူကြိုက်နည်းသော မေဂျာတစ်ခုကို ရွေးချယ်ခြင်းက အဆင်ပြေလှပေသည်။

စက်တင်ဘာလ ၁ ရက်နေ့တွင် သူနှင့် မုရန်တို့သည် ဖူတန့်တက္ကသိုလ် ဝင်းအတွင်းသို့ ရောက်ရှိလာခဲ့ကြသည်။

အထုတ်အပိုး အိတ်အကြီးကြီးများကို သယ်ဆောင်လာကြသည့် အခြားသော ကျောင်းသားများနှင့် မတူဘဲ ဤဒေသခံ နှစ်ဦးမှာမူ အထူးပင် ပေါ့ပေါ့ပါးပါး ရှိနေကြသည်။

သူတို့က ကျောပိုးအိတ် တစ်လုံးစီဖြင့်သာ လာခဲ့ကြခြင်း ဖြစ်၏။

ထို့ပြင် သူတို့က ကျောင်းအိပ်ကျောင်းစား လုံးဝနေထိုင်ကြမည် မဟုတ်ပေ။

မုရန်၏ မိခင်မှာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်သဖြင့် သူမအနေဖြင့် မကြာခဏ သွားရောက်ကြည့်ရှုရန် လိုအပ်သည်။

ကျိုးထျန်းမှာမူ ကျောင်းတွင်း၌ နေထိုင်ရန် ပို၍ပင် အကြောင်းမရှိချေ။ သူက နေ့တိုင်း ကျောင်းသို့ ကားမောင်း၍ အကြိုအပို့ လုပ်မည် ဖြစ်သည်။

ဖူတန့်တက္ကသိုလ်၏ အဆောင်များမှာ တော်တော်လေး ကောင်းမွန်လှပေသည်။

၎င်းမှာ အကောင်းဆုံး အထောက်အပံ့ပစ္စည်းများ ရှိသည့် ထိပ်တန်း တက္ကသိုလ်တစ်ခု ဖြစ်သည်။

သို့သော် မည်မျှပင် အကောင်းဆုံး အဆောင်ဖြစ်ပါစေ မိမိကိုယ်ပိုင်အိမ်နှင့်မူ နှိုင်းယှဉ်၍ မရနိုင်ချေ။

ထို့ပြင် သူသည် ယခင်က တက္ကသိုလ်ဘွဲ့ရပြီးနောက် အိမ်တစ်လုံးဝယ်ယူကာ မိဘများနှင့် သီးသန့် ခွဲနေရန် စဉ်းစားခဲ့ဖူးသည်။

ယခုအခါတွင်မူ အားလုံးက အဆင်ပြေသွားခဲ့ပြီဖြစ်ရာ သူ အိမ်ဝယ်ရန်ပင် မလိုတော့ချေ။

ဝေဖေးယွီတို့မှ လွန်ခဲ့သည့် တစ်ခေါက်က သူ့အား သီးသန့် ဗီလာအဟောင်းတစ်လုံး ပေးအပ်ခဲ့ကြရာ သူ ထိုနေရာတွင် မနေရသေးသောကြောင့် သူ တစ်ယောက်တည်း နေထိုင်ရန်အတွက် အကွက်တိပင် ဖြစ်သည်။

သို့သော် ဤနေရာက ကျောင်းဖြစ်သောကြောင့် သူက လူသိမခံဘဲ အေးအေးဆေးဆေး နေလိုသဖြင့် ကားကို အနီးနားရှိ ဈေးဝယ်စင်တာတစ်ခုတွင် ရပ်နားထားခဲ့ပြီး ကျောင်းဝင်းထဲသို့ ကားတိုက်ရိုက်မောင်းမဝင်ဘဲ မုရန်နှင့်အတူ လမ်းလျှောက်၍သာ ဝင်လာခဲ့သည်။

သူတို့ ကျောင်းဝင်းအတွင်း လမ်းလျှောက်နေကြစဉ် ကျောင်းဝင်း၏ ရင်းနှီးသလိုလိုနှင့် စိမ်းသက်သလိုလို ရှိနေသည့် အငွေ့အသက်များက သူတို့စိတ်ထဲတွင် ရင်းနှီးမှုနှင့် ဆန်းသစ်မှု ခံစားချက် နှစ်ခုလုံးကို ဖြစ်ပေါ်စေခဲ့သည်။

"ကျိုးထျန်း... ဒီနေရာက တော်တော်ကျယ်တာပဲ၊ အမှတ် (၁) အထက်တန်းကျောင်းထက် အများကြီး ပိုကြီးတယ်" မုရန်က ဘေးပတ်ပတ်လည်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရင်း ပြောလိုက်သည်။

"ဟုတ်တယ်၊ တော်တော်လေးကို ကြီးတာ။ ကျောင်းထဲမှာ လမ်းတွေ အများကြီး ရှိပြီး ထမင်းစားဖို့ သွားရင်တောင် စက်ဘီးစီးသွားရတယ်"

ကျောင်းသား အများအပြား စက်ဘီးစီးရင်း အစားအသောက်ဘူးများကို သယ်ဆောင်သွားကြသည်ကို မြင်ရသည့်အခါ ကျိုးထျန်းလည်း အနာဂတ်အပေါ် တောင့်တမှု ခံစားချက်ကို ရရှိမိသည်။

နောက်ကွယ်ကနေ အရာရာကို စီမံနေတဲ့သူတစ်ယောက်အနေဖြင့် သူ၏ လေးနှစ်တာ တက္ကသိုလ်ကျောင်းသားဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရမည် ဖြစ်သည်။

သူတို့နှစ်ဦးသည် လမ်းမကြီးပေါ်တွင် လက်ချင်းချိတ်ကာ လမ်းလျှောက်နေကြရာ လူအများအပြား၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။

ရုပ်ရည်ချောမောခြင်းမှာ အဓိက ဆွဲဆောင်မှုတွန်းအား ဖြစ်သောကြောင့် ယောင်္ကျားလေးများက မုရန်ကို ကြည့်ကြပြီး မိန်းကလေးများကမူ သူ့ကို စိုက်ကြည့်နေကြသည်။

ကျိုးထျန်းသည် ယခုအခါ စင်မြင့်ထက်တွင် လမ်းလျှောက်နေရသကဲ့သို့ ခံစားချက်မျိုးကို ဖယ်ခွာနိုင်ခဲ့ပြီ ဖြစ်သဖြင့် ရရှိလာသည့် အာရုံစိုက်မှုများက တော်တော်လေး သာယာဖွယ် ကောင်းနေခဲ့သည်။

သူတို့နှစ်ဦး လမ်းလျှောက်နေကြစဉ်မှာပင် နောက်မှ အင်ဂျင်သံ အကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။

ရှေးဟောင်း စတိုင် M3 ကားတစ်စီးသည် လမ်းမကြီးအတိုင်း ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့သည်။

ပုံမှန်အားဖြင့်ဆိုပါက ဤမျှ နှေးကွေးသော အရှိန်နှုန်းဖြင့် မောင်းနှင်လျှင် ဤမျှ ကျယ်လောင်သော အိတ်ဇောသံ ထွက်ပေါ်လာမည် မဟုတ်သော်လည်း ကားမောင်းသူကမူ ဂီယာကို ပထမဂီယာ တွင် တမင်တကာ ထားပုံရသဖြင့် "နက်ရှိုင်းသော" အသံကို ထွက်ပေါ်စေခြင်း ဖြစ်သည်။

ကျိုးထျန်းက နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်ပြီး အထင်သေးသလို ခေါင်းခါလိုက်၏။

"M3 အဟောင်းကြီးပဲ၊ ကြည့်ရတာ တစ်ပတ်ရစ် ကားဖြစ်ရမယ်၊ တန်ဖိုးက ယွမ်ငါးသိန်းဝန်းကျင်လောက်ပဲ ရှိမှာပါ။ အဲ့ဒါကို ဘာတွေ ကြွားချင်နေတာလဲ မသိဘူး"

သူက အမှန်အတိုင်း ပြောဆိုခြင်း ဖြစ်ပြီး ဤကဲ့သို့သော အပြုအမူမျိုးကို သူက စစ်မှန်စွာပင် အထင်သေးမိသည်။

"ငါတောင် ကားကို အဝေးကြီးမှာ ရပ်ထားခဲ့ရတာ၊ မင်းက ကျောင်းဝင်းထဲမှာ ယွမ်သိန်းဂဏန်းလောက်ပဲ တန်တဲ့ တစ်ပတ်ရစ် ကားအဟောင်းကြီးနဲ့ အင်ဂျင်သံ လာပေးနေတယ် ဟုတ်လား။ တကယ်ကို အဆင့်မရှိတာပဲ"

သူက ကားကို လမ်းပေးရန်အတွက် မုရန်ကို ဘေးသို့ ဆွဲခေါ်လိုက်သည်။

သို့သော် ထိုကားက သူတို့၏ ရှေ့တည့်တည့်တွင် ရပ်တန့်သွားခဲ့ပြီး ကားမှန်တံခါး ပွင့်လာခဲ့သည်။

ကိုရီးယားစတိုင် ဆံပင်ကောက်ကောက်နှင့် အဆီပြန်နေသော မျက်နှာတစ်ခု ကားအတွင်းမှ ထွက်ပေါ်လာခဲ့သည်။

ရုပ်ရည်တစ်ခုတည်းဖြင့် ဆုံးဖြတ်ရလျှင် ဤလူသည် တကယ်တော့ တော်တော်လေး ချောမောလှသော်လည်း သူ၏ ငယ်ရွယ်သော အသက်အရွယ်နှင့် မလိုက်ဖက်အောင်ပင် ချန်ကွမ်ချီကဲ့သို့ပင် ပါးနပ်လွန်းသော၊ ချောပစ်နေသော အငွေ့အသက်များ ရှိနေသည်။

"ချောမောလှပတဲ့ ညီမလေး... ကျောင်းအပ်ဖို့ လာတဲ့ ကျောင်းသူသစ်လား.... ဘယ်မေဂျာကလဲ၊ အစ်ကို လိုက်ပို့ပေးလို့ ရမလား"

ကျိုးထျန်းက တစ်ချက် အကဲခတ်ကြည့်လိုက်ရာ သူ၏ ကားအတွင်း၌ မိန်းကလေး နှစ်ဦး ရှိနှင့်နေပြီးဖြစ်ကာ နှစ်ဦးလုံးမှာ တော်တော်လေး လှပကြသော်လည်း အိတ်အကြီးကြီးများကို ကိုင်ဆောင်ထားကြသဖြင့် သေချာပေါက် ကျောင်းအပ်သည့် ပထမဆုံးနေ့ ဖြစ်ဟန်တူသည်။

မုရန်သည်လည်း မိုက်မဲသူ မဟုတ်သောကြောင့် သူ့ကို လျစ်လျူရှုထားလိုက်သည်။

‘ငါက ငါ့ရည်းစားနဲ့ လက်ချင်းချိတ်ထားတာကို နင်က ငါ့ကို ကားကြိုစီးဖို့ ကမ်းလှမ်းနေတယ် ဟုတ်လား။ တကယ်ကို အရှက်မရှိတာပဲ’

သူမက မျက်နှာလွှဲလိုက်ပြီး ကျိုးထျန်းနှင့်အတူ ဆက်လက် လမ်းလျှောက်ခဲ့သည်။

ကျိုးထျန်းက ထိုလူကို ပြုံးပြလိုက်ပြီးနောက် ခေါင်းခါလျက် ထွက်ခွာခဲ့တော့သည်။

ကားထဲက လူကမူ အပြုံးမပျက်ဘဲ သူတို့နောက်သို့ ဖြည်းညှင်းစွာ လိုက်ပါလာခဲ့၏။

"စိတ်မရှိပါနဲ့ဗျာ၊ ကျောင်းဝင်းက တော်တော်လေး ကျယ်တော့ လမ်းလျှောက်ရတာ ပင်ပန်းလိမ့်မယ်၊ အစ်ကိုက စေတနာနဲ့ လိုက်ပို့ပေးဖို့ ကမ်းလှမ်းတာပါ၊ အထင်မလွဲပါနဲ့"

"ဒါနဲ့... အစ်ကိုက ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌပါ။ အကယ်၍ ညီမလေးအနေနဲ့ ကျောင်းနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို လျှောက်ထားချင်တာပဲဖြစ်ဖြစ်၊ ကျောင်းသားသမဂ္ဂထဲ ဝင်ချင်တာပဲဖြစ်ဖြစ် အစ်ကို့ဆီ လာခဲ့လို့ ရပါတယ်"

ထိုစကားကို ကြားသည့်အခါ ကျိုးထျန်း လမ်းလျှောက်နေရာမှ ရပ်တန့်လိုက်ပြီး ကားဆီသို့ ခြေလှမ်းပြင် လျှောက်လှမ်းသွားခဲ့သည်။

သူက ကားတံခါးပေါ်သို့ လက်နှစ်ဖက် တင်လိုက်ရင်း မျက်မှောင်ကုတ်လျက် မေးလိုက်၏။

"မင်းက ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ဟုတ်လား"

"ဟုတ်ပါတယ်၊ ငါပဲလေ" သူက ကျိုးထျန်းကို စိတ်ဝင်စားမှု မရှိသည်မှာ ထင်ရှားလှသော်လည်း မျက်နှာပေါ်တွင်မူ ဟန်ဆောင်အပြုံးကို ဆင်မြန်းထားဆဲ ဖြစ်သည်။

"ကြည့်ရတာ ဒီကျောင်းက ထင်သလောက် မကောင်းလှသေးဘူးပဲ။ ဒီလိုလူမျိုးက ဘယ်လိုလုပ်ပြီး ဥက္ကဋ္ဌ ဖြစ်နေရတာလဲ"

ကျိုးထျန်းက သူ့မျက်နှာကို ကြည့်ရင်း တိုးတိုးရေရွတ်လိုက်သည်။

"မင်း ဘာပြောလိုက်တာလဲ"

တစ်ဖက်လူ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့ရသည်။ ကျိုးထျန်းက တမင်တကာ ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း သူ သိလိုက်သောကြောင့် ဖြစ်၏။

"ဘာမှမဟုတ်ပါဘူး၊ ဒီတိုင်း ရိုးရိုးပြောလိုက်တာ။ မင်းရဲ့ ကားထဲမှာ နောက်ကြည့်မှန် ပါတယ်မလား၊ အဲ့ဒါနဲ့ မင်းမျက်နှာကို မင်း ပြန်ကြည့်လိုက်ဦး"

"ဟေ့ကောင်... မင်းက ကျောင်းသားသစ်မလား၊ စီနီယာ တွေကို ဘယ်လို ရိုသေရမလဲဆိုတာ မသိဘူးလား"

ထိုလူက ဂျူနီယာတစ်ယောက်ကို ဆုံးမသကဲ့သို့ ကျိုးထျန်း၏ ပခုံးကို ပုတ်လိုက်သည်။

"ဒါက တရုတ်နိုင်ငံကွ၊ ကိုရီးယား မဟုတ်ဘူး။ ဘာစီနီယာ ဂျူနီယာလဲ။ မင်းက အဲ့ဒီအချက်နဲ့ ငါ့ကို လာပြီး ခြိမ်းခြောက်နိုင်မယ် ထင်နေတာလား"

ကျိုးထျန်းသည် သူ့အား တစ်ချက်လောက် ပညာပေးပြီး အရှိန်အဝါဆိုသည်မှာ ဘာလဲဆိုတာကို သင်ခန်းစာ ပေးရမလားဟု တွေးတောလိုက်မိသည်။

သို့သော် သူ ဘာမှမလုပ်ရသေးမီမှာပင် ကားတံခါးအောက်ရှိ ပစ္စည်းထည့်သည့် အကန့်ထဲ၌ သေတ္တာတစ်လုံး ရှိနေသည်ကို သတိပြုမိလိုက်သည်။

သူက ကမန်းကတန်းပင် လက်လှမ်း၍ ယင်းကို ဆွဲထုတ်လိုက်ပြီးနောက် ကားနောက်ခန်းရှိ မိန်းကလေး နှစ်ဦးထံသို့ ပြုံးလျက် ချဉ်းကပ်သွားခဲ့တော့သည်။

"ဝါး... မင်းတို့က တော်တော်လေး ကြိုတင်ပြင်ဆင်ထားတာပဲ၊ ကားထဲမှာ ပူဖောင်း(ကွန်ဒုံး) တွေ ဒီလောက်တောင် အများကြီးပဲ... ဘာပွဲလုပ်ဖို့ စီစဉ်ထားကြတာလဲ"

နောက်ခန်းရှိ မိန်းကလေး နှစ်ဦးသည် သူတို့ရှေ့မှောက်ရှိ သေတ္တာကို မြင်လိုက်ရသည့်အခါ မျက်နှာများ ချက်ချင်း နီမြန်းသွားခဲ့ကြပြီး ကားပေါ်မှ ချက်ချင်းဆင်းကာထွက်ပြေးသွားကြသည်။

‌

All Chapters