အခန်း ၁၈၇
Vol. 19 Ch. 187
🍋 Chapter 187
ကျောင်းအတွင်း ကျား၊မ အချိုးအစားကို ကြည့်ပြီး သိပ်တော့ မအံ့သြမိပေ။
မည်သို့ပင်ဆိုစေကာမူ ဤဘာသာရပ်မှာ စစ်စစ်ပေါက်ပေါက် လူမှုအခြေပြုသိပ္ပံဘာသာရပ် ဖြစ်ပြီး ဘွဲ့ရအများစုကလည်း ဆရာ၊ ဆရာမအလုပ်ကိုသာ ရွေးချယ်ကြမည်ဖြစ်ရာ မိန်းကလေးဦးရေ ပိုများမည်မှာ ခန့်မှန်းရလွယ်ကူလှသည်။
"ကောင်းပြီလေ အတန်းတွေက ဘယ်တော့ စမှာလဲ"
"မလောပါနဲ့ဦး အရင်ဆုံး စစ်သင်တန်း နှစ်ပတ် တက်ရဦးမှာ၊ အဲ့ဒါပြီးမှ အတန်းတွေ စမှာ၊ အဲ့ဒီကျရင် နင့်အတွက် လိုတာတွေ လာပို့ပေးမယ်လေ"
ကျန်းစီထုန်သည် အမြဲတမ်း တက်ကြွလန်းဆန်းပြီး အသက်ဝင်နေသူတစ်ဦး ဖြစ်ပုံရသည်။
စီနီယာကျောင်းသူနှစ်ယောက်နှင့် လမ်းခွဲခဲ့ပြီးနောက် ကျိုးထျန်းသည် စိတ်ထဲမှနေ၍ စတင်စီစဉ်လိုက်တော့သည်။
‘စစ်သင်တန်းတက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ငါ့ဘဝမှာ စစ်သင်တန်း လုံးဝမတက်နိုင်ဘူး။ ခွင့်တိုင်ပြီးပဲ ဖြတ်သန်းရတော့မယ်’
သူသည် စက်တင်ဘာလ၏ ပြင်းထန်လှသော နေရောင်အောက်တွင် အသားအရေ အမည်းခံရန် အစီအစဉ်မရှိပေ။
စစ်သင်တန်းတက်ပြီးနောက် လူတို့၏ရုပ်သွင် ပြောင်းလဲသွားသည့် ဓာတ်ပုံများကို အင်တာနက်ပေါ်၌ သူ မြင်ဖူးပေသည်။
တိဘက်သို့ ခရီးသွားခြင်းမှလွဲလျှင် စစ်သင်တန်းသည် လူတစ်ယောက်၏ ရုပ်ရည်ရူပကာကို အဖျက်ဆီးနိုင်ဆုံးအရာပင် ဖြစ်သည်။
‘ငါသာ သွားတက်ရင် ကျောက်မီးသွေးတုံးလို မည်းသွားလောက်တယ်’
သူ မည်သို့ခွင့်တိုင်ရမည်ကို စဉ်းစားနေစဉ်မှာပင် ဖုန်းထဲသို့ စိမ်းနေသော နံပါတ်တစ်ခုထံမှ ဖုန်းခေါ်ဆိုမှု ဝင်ရောက်လာလေသည်။
"ဟဲလို ဘယ်သူပါလဲခင်ဗျာ"
"ဟဲလို မစ္စတာကျိုးထျန်းလားရှင့်"
"ဟုတ်ပါတယ် ကျွန်တော်ပါ"
"ဟဲလို ရှန်ဟိုင်းအဆင့်မြင့် စားသောက်ကုန်လုပ်ငန်းရှင်များအသင်းက ဆက်တာပါရှင့်။ ရှင်ပေးသွင်းထားတဲ့ အသင်းဝင်ကြေးကို ကျွန်မတို့ လက်ခံရရှိပြီးပါပြီ၊ ဒါကြောင့် သန်ဘက်ခါညနေမှာ ကျင်းပမယ့် ကျွန်မတို့ရဲ့ ကော့တေးပါတီကို ဖိတ်ကြားချင်လို့ပါ၊ အချိန်လေးများ အားမလားရှင့်"
"ရပါတယ် အားပါတယ်"
သူသည် အသင်းဝင်ကြေးအတွက် ယွမ်တစ်သိန်းတောင် အကုန်အကျခံထားရသဖြင့် ဘူဖေးစားရရုံသက်သက်ပင် ဖြစ်စေကာမူ အရင်းကျေအောင် အနည်းဆုံး တစ်ကြိမ်တော့ တက်ရောက်ရမည် ဖြစ်သည်။
"ကောင်းပါပြီ အချိန်နဲ့ တည်နေရာကို ဖုန်းထဲကို မက်ဆေ့ခ်ျပို့ပေးလိုက်ပါမယ်ရှင်၊ ပါတီကို တက်ရောက်ပေးဖို့ မျှော်လင့်နေပါတယ်"
ဖုန်းချလိုက်ပြီးနောက် ကျိုးထျန်းသည် ဤအသင်းမှာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသည်ဟု တွေးမိလိုက်၏။
သူ အသင်းဝင်ပြီးရုံ ရှိသေးသည်ကို ပါတီတစ်ခုသို့ တက်ရောက်ရန် အခွင့်အရေး ရရှိနေပြီ ဖြစ်သည်။
မလှမ်းမကမ်းတွင် ကျောင်းအပ်နှံခြင်းလုပ်ငန်းစဉ် ပြီးစီးသွားသော လျိုမုယန်သည် သူ့ကို လက်လှမ်းပြနေသည်ကို တွေ့လိုက်ရသည်။
"ကျိုးထျန်း နင်ပြီးပြီလား"
"အကုန်ပြီးပြီ၊ ငါတို့ ကျောင်းဝင်းထဲ လမ်းလျှောက်ကြည့်ကြမလား"
"မရဘူးလေ၊ ခဏနေရင် ကျောင်းသားသစ်မိတ်ဆက်ပွဲ အခမ်းအနား တက်ရဦးမှာ"
ကျိုးထျန်းသည် ဤပျင်းစရာကောင်းလှသော အခမ်းအနားကို လုံးဝဂရုမစိုက်ဘဲ သူမကို တိုက်ရိုက်ပင် ဆွဲခေါ်လာခဲ့တော့သည်။
၎င်းမှာ ရုံးသုံး၊ ကျောင်းသုံး ရိုးအီနေသည့် စကားလုံးများသာ ဖြစ်လိမ့်မည်ဖြစ်ရာ ဤလူကြီးများ ဘာပြောမည်ကို သူ ခန့်မှန်း၍ရသည်။
ထိုသို့ သွားနားထောင်မည့်အစား အိမ်ပြန်ပြီး အိပ်နေလိုက်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။
သူတို့နှစ်ဦးသည် အနီးနားရှိ ကျောင်းကန်တင်းဆီသို့ ဦးတည်လျှောက်လှမ်းခဲ့ကြသည်။
ကျိုးထျန်းသည် ကန်တင်းအစားအစာများကို အထင်မသေးပေ၊ သူသည် နေ့တိုင်း ဇိမ်ခံအစားအစာများကို စားနေရန် မလိုအပ်ဟု ယူဆထားသည်။
ယေဘုယျအားဖြင့် ပြောရလျှင် ကျောင်းကောင်းလေလေ၊ ကန်တင်းအစားအစာက ပို၍ ကောင်းမွန်လေလေ ဖြစ်သည်။
သူတို့နှစ်ဦး မြည်းစမ်းကြည့်လိုက်သောအခါ အရသာမှာ အများအားဖြင့် စား၍ရသည့်အဆင့်တွင် ရှိပြီး တော်တော်လေး သန့်ရှင်းသပ်ရပ်ပုံရသည်။
သူတို့သည် အသားလုံးစွပ်ပြုတ် ၊ ကြက်သွန်ဖြူဆော့စ်ဖြင့်ကြော်ထားသော ဝက်သားမျှင်ကြော်နှင့် ထမင်းကြော်တို့ကို မှာယူလိုက်ကြ၏။
စားသောက်ဆိုင်ငယ်လေးတစ်ခု၏ သခင်လေး၊ စားသောက်ဆိုင်ကြီးတစ်ခု၏ ပိုင်ရှင်ဖြစ်သူ ကျိုးထျန်း၏ အမြင်ဖြင့် ဝေဖန်ရလျှင်
ကြက်သွန်ဖြူဆော့စ်ဖြင့် ဝက်သားမျှင်ကြော်သည် လုံလောက်အောင် မစပ်သော်လည်း ပမာဏမှာမူ အတော်လေး များပြားသည်။
အသားလုံးစွပ်ပြုတ်အိုးသည် အရသာ သိပ်မပြည့်စုံသော်လည်း ပမာဏကတော့ အားရစရာပင်။
ထမင်းကြော်မှာမူ အိုကေသည်ဟု ဆိုရမည်၊ ၎င်းတွင် ကြက်ဥနှင့် ထမင်းသာပါပြီး ကြက်သွန်မြိတ် အနည်းငယ်သာ ပါဝင်ရာ ယေဘုယျအားဖြင့် လက်ခံနိုင်သောအဆင့်တွင် ရှိသည်။
သူ အစားအစာ၏ အရည်အသွေးကို အလေးအနက် ဝေဖန်သုံးသပ်နေစဉ်မှာပင် ခုနက မိမိကိုယ်ကိုယ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟု မိတ်ဆက်ခဲ့သည့်ကောင်သည် တခြားလူအနည်းငယ်နှင့်အတူ ဝင်ရောက်လာလေသည်။
သူတို့သည် ဝင်လာသည်နှင့်တစ်ပြိုင်နက် ဘေးဘီသို့ ဝေ့ဝဲကြည့်ရှုကြရာ တစ်စုံတစ်ယောက်ကို ရှာဖွေနေကြခြင်းမှာ ထင်ရှားလှ၏။
သူတို့သည် ကျိုးထျန်းကို လျင်မြန်စွာ မြင်တွေ့သွားပြီး ရန်လိုသော အမူအရာဖြင့် လျှောက်လာကြသည်။
"ကျိုးထျန်း မင်းက စားကောင်းနေတာပဲ"
ဥက္ကဋ္ဌဖြစ်သူသည် သူတို့စားပွဲဘေးတွင် ရပ်လိုက်ပြီး ကျိုးထျန်း၏ ပုခုံးကို ခပ်ပြင်းပြင်း ပုတ်လိုက်သည်။
"မင်း နောက်တစ်ခါ ပြန်ပေါ်လာပြန်ပြီလား၊ ကျောင်းသားသမဂ္ဂကလူတွေက ဒီလောက်တောင် အားနေကြတာလား"
"ဟဲဟဲ မင်းက စကားပြောစွမ်းရည်က တော်တော်ထက်မြက်တာပဲ၊ ပြီးတော့ ကြည့်ရတာလည်း သန်သန်မာမာနဲ့ အတော်ပဲ၊ ထောက်ပံ့ရေးဌာနမှာ ရွှေ့ရမယ့် စာအုပ်သေတ္တာတွေ အများကြီး ရှိနေတယ်၊ အဲ့ဒါကြောင့် ကျိုးလေးကို လာကူညီဖို့ ဖိတ်ခေါ်ရတာပေါ့"
ဥက္ကဋ္ဌသည် သူ့ကို မကောင်းဆိုးဝါးအပြုံးဖြင့် ကြည့်လိုက်သည်။
‘ငါ့ကို လာရှုပ်ရဲတယ်ပေါ့၊ မင်းလို ကျောင်းသားသစ်ကို ငါ အကျပ်ကိုင်ပစ်မယ်’
သို့သော် ကျိုးထျန်းသည် ခေါင်းပင်မဖော့ဘဲ တိုက်ရိုက်ပင် ပြန်လည်ဖြေကြားလိုက်သည်။
"ငါမသွားဘူး"
"မင်း ဘာပြောလိုက်တယ်၊ ငါတို့က မင်းကို ကူညီခိုင်းတာကို မသွားဘူး ဟုတ်လား။ မင်းက ငါတို့ကျောင်းသားသမဂ္ဂကို ခေါင်းထဲမထည့်တာတာလား"
ဘေးနားရှိ အရပ်ရှည်ရှည်ကောင်တစ်ယောက်က ကျိုးထျန်းကို အော်ဟစ်ဆဲဆိုလိုက်ရာ နားထဲ စူးခနဲ ဖြစ်သွားရသည်။
"လူအများကြားထဲမှာ လာပြီး အော်မနေနဲ့။ ပြီးတော့ ငါက ကျောင်းသားသမဂ္ဂအဖွဲ့ဝင်လည်း မဟုတ်ဘူး၊ မင်းတို့မှာ ငါ့ကို အမိန့်ပေးပိုင်ခွင့် မရှိဘူး"
"ဖယ်ကြစမ်း၊ ငါ ထမင်းစားနေတာကို လာမနှောင့်ယှက်နဲ့"
သူသည် လျိုမုယန်၏ မျက်နှာအမူအရာ အနည်းငယ် မကောင်းသည်ကို သတိပြုမိလိုက်၏။
မည်သို့ပင်ဆိုစေ ဤနေ့သည် သူတို့နှစ်ဦးအတွက် ပထမဆုံးနေ့သာ ရှိသေးပြီး ယခုကဲ့သို့ စိမ်းသက်သော ပတ်ဝန်းကျင်တွင် လူစုလူဝေးဖြင့် ဝိုင်းရံခံရခြင်းက သူမကို စိတ်မသက်မသာ ဖြစ်စေမည်မှာ သေချာသည်။
ဤအချက်မှာ သူ့အား အနည်းငယ် ဒေါသထွက်သွားစေသည်။
‘ငါက မင်းတို့နဲ့ မရှုပ်ချင်ပါဘူးဆိုမှ မင်းတို့က လူစုပြီး ငါ့တံခါးဝအထိ လာရှာနေကြတာပဲ’
"ငါတို့မှာ အမိန့်ပေးပိုင်ခွင့် ရှိမရှိဆိုတာ ငါတို့အပေါ်မှာပဲ မူတည်တယ်။ ငါမင်းကို ပြောလိုက်မယ်၊ ဒါက ကျောင်းကွ၊ ကျောင်းသားသမဂ္ဂက ဥပဒေပဲ”
“မင်း ငါတို့ပြောတဲ့အတိုင်း လုပ်ရင်လုပ်၊ ဒါမှ မင်းအတွက် အသက်ရှင်ခွင့်ရမယ်။ မဟုတ်ရင်တော့ ရှင်ဆိုရှင် သေဆိုသေ ဆိုတဲ့ အာဏာက ဘာလဲဆိုတာ မင်းကို ငါ ပြပေးရလိမ့်မယ်"
ကျောင်းသားသမဂ္ဂဥက္ကဋ္ဌသည် စကားတစ်လုံးမှမပြောဘဲ ထိုင်နေသည့် လျိုမုယန်ကို တစ်ချက်ဝေ့ကြည့်ရင်း သူ့ကို လှောင်ပြုံးပြလိုက်သည်။
ကျိုးထျန်းသည် ဂရုမစိုက်သလို၊ ဥက္ကဋ္ဌ၏ စကားများကြောင့်လည်း ဒေါသမထွက်ဘဲ တည်ငြိမ်စွာဖြင့် ဆက်စားနေလိုက်၏။
"မင်း ငါ့နာမည်ကို သိနေတယ်ဆိုတော့ မင်း ငါ့အကြောင်းကို စုံစမ်းထားတယ်ပေါ့ ဟုတ်လား"
"ဟဲဟဲ ကျောင်းသားတစ်ယောက်ရဲ့ အချက်အလက်ကို ရှာဖွေရတာ ငါတို့အတွက်တော့ အသေးအဖွဲကိစ္စလေးပါ"
"ကောင်းပြီလေ၊ ဒါဆို အပြန်အလှန်အနေနဲ့ မင်းအပေါ်ထားတဲ့ ငါ့ရဲ့ ထင်မြင်ချက်ကို ပြောပြရတာပေါ့"
ကျိုးထျန်းသည် ဖြည်းညှင်းစွာ ထရပ်လိုက်သည်။
ဥက္ကဋ္ဌနှင့် မျက်နှာချင်းဆိုင်လိုက်စဉ် သူ့မျက်လုံးများက တည်ငြိမ်စူးရှနေသဖြင့် ဥက္ကဋ္ဌမှာ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားရ၏။
"မင်းနာမည်က ဟန်တုန် ဟုတ်တယ်မလား၊ တတိယနှစ်၊ ရူပဗေဒဌာန၊ ကျောင်းသားသမဂ္ဂရဲ့ ဒုတိယဥက္ကဋ္ဌ"
"ဒါနဲ့ နောက်တစ်ခါ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရင် ဒုတိယဥက္ကဋ္ဌဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပါဦး။ 'ဥက္ကဋ္ဌ... ဥက္ကဋ္ဌ' လို့ပဲ နေ့တိုင်း အော်မနေနဲ့၊ မင်းကိုယ် မင်း လူကြီးလူကောင်းတစ်ယောက်လို လုပ်နေတာ ပျင်းစရာကောင်းတယ်"
"မင်းက ငါ့ကို စုံစမ်းရဲတယ်ပေါ့" ဟန်တုန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး အလွန်အမင်း ဒေါသထွက်သွားသည်။
ကျောင်းတွင် သူတစ်ဦးတည်းသာ တခြားလူများ၏ အချက်အလက်ကို ရယူနိုင်ခဲ့ခြင်း ဖြစ်ရာ ယခုကဲ့သို့ မိမိ၏ အချက်အလက်များကို ရဲရဲဝံဝံ ပြန်လည်ဖော်ထုတ်ရဲသည့် ကျောင်းသားသစ်မျိုးကို သူ ပထမဆုံးအကြိမ် ဆုံတွေ့ဖူးခြင်း ဖြစ်သည်။
"မင်းက ငါ့ကို အရင်စုံစမ်းတာလေ၊ ဒါက အပြန်အလှန် သက်သက်ပဲ"
"မင်းက တော်တော်လေး မောက်မာတဲ့ ကောင်စုတ်လေးပဲ၊ ငါ မင်းကို နောက်ဆုံးအကြိမ် မေးမယ်၊ ပစ္စည်းတွေ သွားရွှေ့မလား၊ မရွှေ့ဘူးလား"
"ဒါဆို ငါလည်း မင်းကို နောက်ဆုံးအကြိမ် မေးပါရစေ၊ မင်း ငါ့ရဲ့ရန်သူ ဖြစ်ဖို့ အသင့်ပြင်ထားပြီလား"
ကျိုးထျန်းသည် ခိုင်မာပြတ်သားစွာ ပြောဆိုလိုက်ပြီး ဘေးနားရှိ ကျောင်းသား လေးငါးယောက်ကို အေးစက်စူးရှသော အကြည့်ဖြင့် ဝေ့ကြည့်လိုက်သည်။
သန်သန်မာမာဖြင့် အရပ်ရှည်လှသော ကောလိပ်ကျောင်းသားအချို့သည် သူ့အကြည့်ကြောင့် ကြောက်လန့်သွားကြပြီး ချက်ချင်းပင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြ၏။
ဟန်တုန်လည်း ကြောင်အသွားသည်။
‘ဒီကောင်က မိစ္ဆာကောင်များလား’
ခြင်္သေ့ သို့မဟုတ် ကျားတစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ အဘယ်ကြောင့် ကြောက်ရွံ့စိတ် ဝင်နေရသနည်း။
‘မဖြစ်နိုင်တာ၊ ငါက ကျောင်းသားသမဂ္ဂဥက္ကဋ္ဌပဲလေ၊ ဘယ်ကျောင်းသားမှ ငါ့ကို မနာခံဘဲ မနေရဲပါဘူး’
"မင်း... မင်း စောင့်နေလိုက်။ ငါ အခုချက်ချင်း ကျောင်းသားရေးရာရုံးကို သွားတိုင်မယ်။ မင်းက ဒီလိုအလုပ်လေးကိုတောင် မလုပ်နိုင်တဲ့ ကျောင်းသားသစ်ပဲ၊ ငါတို့ကျောင်းမှာ ကျောင်းသားဖြစ်ဖို့ မထိုက်တန်ဘူး"
သူသည် ဒေါသထွက်နေသော်လည်း ခြေထောက်များမှာ တုန်လှုပ်နေပြီး ရှေ့သို့ တစ်လှမ်းမျှပင် မတိုးဝံ့တော့ပေ။
လူညံ့တစ်ယောက်ကဲ့သို့ ခြိမ်းခြောက်စကားများကိုသာ လျှောက်ပြောနိုင်သည်။
ကျိုးထျန်းသည် ခပ်ဖွဖွ ရယ်မောလိုက်၏။
"ငါ့ကို စောင့်ခိုင်းတာလား"
"မင်းကို စောင့်နေဖို့ ငါ့မှာ အချိန်မရှိဘူး"
"ငါ ထမင်းစားနေတာကို လာနှောင့်ယှက်ရင် ဘာဖြစ်မလဲဆိုတာ မင်း မကြာခင် သိစေရမယ်"
"လျိုမုယန် သွားကြစို့၊ ဒီထမင်းဝိုင်းကတော့ တကယ့်ကို စိတ်ပျက်စရာကောင်းသွားပြီ"
လျိုမုယန်ကို ခေါ်ဆောင်ကာ ထွက်ခွာသွားစဉ် တခြားလူတစ်ယောက်မှလည်း သူ့ကို တားဆီးရန် မဝံ့ရဲကြပေ။
သူတို့နှစ်ဦး ထွက်ခွာသွားသည်ကို ကြည့်ရင်း ဟန်တုန်သည် နှာခေါင်းရှုံ့ကာ ၎င်းတို့၏ ကျောပြင်ကို ကြည့်၍ လှောင်ပြုံး ပြုံးလိုက်သည်။
"အစ်ကိုတုန်၊ သူ့ကို ငါတို့ နောက် ဘာဆက်လုပ်ကြမလဲ။ ဒီလောက် မောက်မာတဲ့ ကျောင်းသားသစ်မျိုး တစ်ခါမှ မမြင်ဖူးဘူး"
"မလောပါနဲ့၊ သူ ဒီကျောင်းမှာ လေးနှစ်တောင် နေရဦးမှာ။ သူ့ကို ကျောင်းသားဘဝကို ဖြည်းဖြည်းချင်း ခံစားစေရတာပေါ့"
ဟန်တုန်သည် "ခံစား" ဆိုသည့် စကားလုံးကို သွားကြိတ်၍ ပြောလိုက်ရင်း လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
"ဒါဆို အစ်ကိုတုန်၊ ကျွန်တော်တို့ အလုပ်အကိုင် ကိစ္စကကော..."
အရပ်ရှည်ရှည်ကောင်မှာ အနည်းငယ် ဖားသည့်လေသံဖြင့် မေးလိုက်သည်။ သူသည် ယခုနှစ်တွင် စီနီယာဖြစ်နေပြီဖြစ်ရာ အလုပ်သင်ဆင်းရန် အချိန်ကျရောက်နေပြီ ဖြစ်သည်။
ဟန်တုန်၏မိသားစုသည် ကုမ္ပဏီတစ်ခု ပိုင်ဆိုင်ထားပြီး ၎င်းတို့ကုမ္ပဏီတွင် လစာပေးသည့် အလုပ်သင်အခွင့်အရေးများ ပေးမည်ဟု ကတိပြုထားပြီးသား ဖြစ်သည်။
"အဲ့ဒါက ဘာမှမဟုတ်ပါဘူး၊ စိတ်မပူနဲ့"
"ဟဲဟဲ အဲ့ဒါဆိုရင်တော့ ကောင်းတာပေါ့၊ ကျေးဇူးပါပဲ အစ်ကိုတုန်”