← Chapters

အခန်း ၁၈၈

Vol. 19 Ch. 188

အခန်း ၁၈၈

Vol. 19 Ch. 188

🍋 Chapter 188

ဟန်တုန် ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဋ္ဌ ဖြစ်လာနိုင်သည်မှာ သူ၏ မိသားစုပိုင်သော ကုမ္ပဏီနှင့် တိုက်ရိုက်ပတ်သက်နေသည်။

နှစ်စဉ်နှစ်တိုင်း သူ၏မိသားစုသည် ကျောင်းရှိ ကျောင်းသားအမြောက်အမြားအတွက် အလုပ်သင်ဆင်းခွင့် အခွင့်အရေးများကို ဖန်တီးပေးလေ့ရှိသည်။

ဝေဖန်ရလျှင် သူ့မိသားစုကုမ္ပဏီက အကြီးကြီးမဟုတ်သဖြင့် ထိုမျှများပြားသော ကျောင်းသားများကို လက်ခံရန် မဖြစ်နိုင်ရာ အလုပ်သင်ဆင်းပြီးနောက် လူအနည်းငယ်သာ ကုမ္ပဏီတွင် ဆက်နေခွင့်ရကြသည်။

သို့သော် ကျောင်း၏ ဘွဲ့ရအလုပ်အကိုင်ရရှိမှုနှုန်း ပြဿနာကို ကူညီဖြေရှင်းပေးနိုင်သဖြင့် ၎င်းက ကျောင်းအတွက် အားသာချက်တစ်ခု ဖြစ်နေလေသည်။

ထို့ပြင် သူသည် အသင့်အတင့် ချမ်းသာသော မိသားစုမှ လာသူဖြစ်ရာ ငွေကြေးရှိခြင်းက ပို၍ ရိုသေလေးစားမှုကို ရရှိစေသည်။

သူသည် ကျိုးထျန်းကို နှိပ်စက်ရန် နည်းလမ်းပေါင်း ရာချီ၍ စိတ်ကူးယဉ်ပြီးသား ဖြစ်သည်။

ကျိုးထျန်းသာ ကျောင်းမထွက်ဘဲ နေမည်ဆိုလျှင် သူ့ကို သေလောက်အောင် ဖြည်းဖြည်းချင်း နှိပ်စက်သွားမည် ဖြစ်သည်။

အကယ်၍ သူသာ အရှုံးပေးပြီး မိမိခြေဖဝါးအောက်တွင် ဒူးထောက်ကာ အမှားမဝန်ခံဘူးဆိုလျှင် ဤကျောင်းတော်ဟူသော လူ့အဖွဲ့အစည်းအသေးစားလေး၏ ရက်စက်မှုကို သူ သိစေရမည်။

ယနေ့တွင်မူ ကျိုးထျန်းက ကိစ္စရပ်များကို ဖျက်ဆီးခဲ့ပြီး ကျောင်းသားသစ် မိန်းကလေးနှစ်ဦးစလုံး ထွက်ပြေးသွားခဲ့သဖြင့် သူ့ကို အလွန်အမင်း ဒေါသထွက်သွားစေသည်။

ကျိုးထျန်း၏ ရည်းစားဖြစ်သူမှာ မည်မျှချောမောလှပကြောင်း မြင်တွေ့ရသောအခါ သူ့ဒေါသက ပို၍ ပြင်းထန်လာခဲ့၏။

‘ငါ အရင်ဆုံး ဒီကောင်ရဲ့ မေဂျာက အတန်းပိုင်ဆရာ ဆီ သွားရမယ်။ အဲ့ဒီဆရာနဲ့ သေချာစကားပြောပြီး ဒီကျောင်းသားသစ်ရဲ့ စိတ်နေသဘောထားက တော်တော်လေး ဆိုးရွားနေတယ်ဆိုတာ သိအောင် လုပ်ရမယ်’

သူသည် ကန်တင်းမှ လှည့်ထွက်ခဲ့ပြီး နောက်ဘက်ရှိ စာသင်ဆောင်ဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားခဲ့တော့သည်။

ကျိုးထျန်းမှာမူ လျိုမုယန်ကို ခေါ်ဆောင်ကာ သူမ၏ မိခင်ထံ လူနာမေးရန် ဆေးရုံသို့ ရောက်ရှိနေပြီ ဖြစ်သည်။

"ကျိုးထျန်း... ခုနက ဖြစ်သွားတဲ့ ကိစ္စကလေ..."

"ဘာလဲ နင်က ငါ့အတွက် စိတ်ပူနေတာလား၊ အဲ့လိုလူမျိုးက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး"

လျိုမုယန်၏ ပါးပြင်ကို ဆွဲဖျစ်လိုက်ရင်း ပြောလိုက်သည်။

"ငါ ပြောတာ အဲ့ဒါ မဟုတ်ပါဘူး။ ငါ ဆိုလိုတာက လက်လွန်ခြေလွန်တွေ မလုပ်ပါနဲ့လို့။ ဘာပဲဖြစ်ဖြစ် သူက ကျောင်းသားတစ်ယောက်ပဲဟာကို"

လျိုမုယန်သည် ကျိုးထျန်း အနိုင်ကျင့်ခံရမည်ကို စိုးရိမ်နေခြင်း လုံးဝမဟုတ်ပေ။

သူမသည် မကြာသေးမီက ကျောက်ရှင်းနှင့် အချိန်တော်တော်များများ အတူဖြတ်သန်းခဲ့ဖူးသည်။

ကျောက်ရှင်းသည် ကျိုးထျန်းကို အမြဲတမ်း ရိုသေကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်လေ့ရှိသော်လည်း ရှေ့တွင်မူ အမြဲတမ်း ရန်ဖြစ်စကားများတတ်သည်။

ကျောက်ရှင်းလို မိန်းမမျိုးပင် အနည်းငယ် ကြောက်ရွံ့နေရသည်ဆိုလျှင် မိမိ၏ ရည်းစားဖြစ်သူသည် တော်တော်လေး စွမ်းဆောင်ရည်ရှိသူ ဖြစ်ရမည်။

သူသည် ငွေရှာရာတွင် အလွန်တော်သူ ဖြစ်သဖြင့် သူ့တွင် ကိုယ်ပိုင်နည်းလမ်းများ ရှိနေမည်မှာ သေချာသည်။

သူမ စိုးရိမ်သည်မှာ ကျိုးထျန်း လက်လွန်ခြေလွန်ဖြစ်ပြီး ထိုလူကို ဒုက္ခိတဖြစ်အောင် လုပ်မိမည်ကိုသာ ဖြစ်သည်။

"အာ .. အဲ့ဒီကိစ္စအတွက် နင် လုံးဝစိတ်ပူနေစရာ မလိုပါဘူး၊ ငါ အဲ့လောက် မလုပ်ပါဘူး"

"ဒါပေမဲ့ မုယန်... နင်က ငါ့ကို စိတ္တဇကောင်လို့ မြင်နေတာလား။ ကျောက်ရှင်း ငါ့ကွယ်ရာမှာ ငါ့အတင်းတွေ လျှောက်ပြောနေတာလား"

သူ စဉ်းစားမိသမျှထဲတွင် ထိုမိန်းမတစ်ယောက်သာ ရှိသည်။

"မမရှင်းက နင့်ကို မကြာခဏ ချီးမွမ်းတတ်ပါတယ်၊ နင်က အမြင်စူးရှပြီး ထူးခြားတဲ့ စွမ်းဆောင်ရည်တွေ ရှိတယ်လို့ ပြောတာ"

"နေပါဦး 'ထူးခြားတဲ့ စွမ်းဆောင်ရည်' ဆိုတာ ချီးမွမ်းစကား ဟုတ်လို့လား နင်တို့ ငါ့ကွယ်ရာမှာ အတင်းပြောနေကြတုန်းပဲလို့ ငါ ခံစားနေရတယ်"

...

မွန်းလွဲ ၃ နာရီတွင် ဟန်တုန်သည် မိမိ၏ ကားကို ဝပ်ရှော့သို့ ပို့ဆောင်ပြီးနောက် တက္ကစီစီးကာ မိသားစုပိုင် ကုမ္ပဏီသို့ ထွက်ခွာခဲ့သည်။

သူသည် များသောအားဖြင့် ကုမ္ပဏီတွင် အလုပ်သင်ဆင်းလေ့ရှိသည်။

အလုပ်မှာ သူတက်နေသည့် မေဂျာနှင့် လုံးဝမသက်ဆိုင်သော်လည်း ၎င်းမှာ မိသားစုစီးပွားရေးသာ ဖြစ်ပြီး ရူပဗေဒမေဂျာကလည်း ငွေအများကြီး ရှာမပေးနိုင်ပေ။

သူသည် ဘွဲ့တစ်ခုရရုံသာ တက်နေခြင်းဖြစ်ပြီး အနာဂတ်တွင် စီးပွားရေးလုပ်ငန်းဖြင့်သာ ငွေရှာရမည် ဖြစ်သည်။

"သခင်လေးဟန် ရောက်လာပြီပဲ"

"မင်္ဂလာပါ သခင်လေးဟန်"

"သခင်လေးဟန် ရောက်လာပြီ"

သူသည် ကုမ္ပဏီတွင် သဘာဝကျကျပင် အထူးအခွင့်အရေးများ ရရှိသည်။

အကြောင်းမူကား သူ့ဖခင်က ကုမ္ပဏီ၏ တစ်ဦးတည်းသော ပိုင်ရှင်ဖြစ်သောကြောင့်ပင်။

သူသည် ဖခင်ဖြစ်သူ၏ ရုံးခန်းတံခါးကို တွန်းဖွင့်ကာ အထဲသို့ တည့်တည့် ဝင်သွားခဲ့သည်။

ထိုအရာမှာလည်း အခွင့်ထူးခံ ဖြစ်သောကြောင့်ပင်၊ မိမိ၏ဖခင်ကို တွေ့ဖို့ တံခါးခေါက်နေစရာ မလိုအပ်ပေ။

"ဖေဖေ... ဖေဖေက..."

သူ ဝင်လာသည်နှင့်တစ်ပြိုင်နက် ဖခင်ဖြစ်သူ ဖုန်းပြောနေသည်ကို မြင်လိုက်ရသဖြင့် စကားကို ဖြတ်လိုက်ပြီး ဘေးနားတွင် ဝင်ထိုင်နေလိုက်၏။

"အကိုချန်... ဘာလို့ ဒီလို ဖြစ်ရတာလဲ"

"ဒါက တော်တော်လေး ရုတ်တရက် ဆန်လွန်းတယ်"

"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး၊ ကျွန်တော်တို့ ဒါကို သေချာဆွေးနွေးလို့ ရပါတယ်"

"ဟူး... ကျွန်တော် နားလည်ပါပြီ..."

ဖုန်းတစ်ဖက်မှလူနှင့် စကားပြောနေရင်း ဖခင်ဖြစ်သူ၏ မျက်နှာထားမှာ ပိုမိုဆိုးရွားလာသည်ကို ကြည့်ရင်း နောက်ဆုံးတွင် ဖုန်းချလိုက်ပြီး သက်ပြင်းအရှည်ကြီး ချလိုက်သည်။

"ဖေဖေ ဘာဖြစ်လို့လဲ"

ဟန်ကျွင်း လျှာတသပ်သပ်ဖြင့် စိတ်ပျက်လက်ပျက် ရှင်းပြလိုက်သည်။

"ဖောက်သည်တစ်ယောက်က ဘာအကြောင်းပြချက်မှ မပေးဘဲ ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရုတ်တရက် ရပ်စဲလိုက်တယ်"

"အဲ့ဒါက အဓိက ဖောက်သည်ကြီးမို့လို့လား အဖေ" ဟန်တုန်က သတိထား၍ မေးလိုက်၏။

"ဟုတ်တယ်၊ ပြီးတော့ ဒီကုမ္ပဏီက မကြာသေးခင်ကမှ သိသိသာသာ တိုးတက်လာတာ၊ လုပ်ငန်းနယ်ပယ်ထဲမှာ အဓိကဦးဆောင်သူ ဖြစ်လာမယ့်ပုံပဲ၊ ဒီလို ပူးပေါင်းဆောင်ရွက်မှု ရပ်စဲလိုက်တာက ငါတို့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်လိမ့်မယ်"

"ဖေဖေကလည်း... ကိစ္စမရှိပါဘူး။ ငါတို့မှာ နိုင်ငံခြားက ဖောက်သည်တွေ အများကြီး ရှိသေးတာပဲ၊ အထူးသဖြင့် တောင်ကိုရီးယားက 3D ပုံစံတူထုတ်လုပ်တဲ့လုပ်ငန်း က နှစ်စဉ် တိုးတက်နေတာဆိုတော့ ဆုံးရှုံးမှုကို ကာမိသွားမှာပါ"

ဟန်တုန်က ဖခင်ဖြစ်သူကို နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။

"ဖြစ်နိုင်တာပဲ"

ဟန်ကျွင်းက ခဏမျှ စဉ်းစားလိုက်သော်လည်း တစ်ခုခု မမှန်ကန်သကဲ့သို့ ခံစားနေရဆဲပင်။

"ငါ သူငယ်ချင်းတစ်ချို့ဆီ ဖုန်းဆက်ပြီး မေးကြည့်ဦးမယ်။ ငါ အကြောင်းပြချက်တစ်ခုခု သိချင်တယ်"

သူသည် ချက်ချင်းပင် နံပါတ်တစ်ခုကို နှိပ်လိုက်ပြီး လုပ်ငန်းနယ်ပယ်ထဲမှ သူငယ်ချင်းတစ်ဦးထံ ဖုန်းခေါ်ဆိုလိုက်သည်။

"ဟဲလို အကိုကျန်းလားဗျာ... ကျွန်တော် ထရိုင်အန်ဂယ် စတူဒီယို က ဟန်ကျွင်းပါ၊ ဟုတ်ကဲ့ ဟုတ်ကဲ့ မတွေ့ရတာ ကြာပြီနော်"

"ကျွန်တော် မေးစရာလေးတစ်ခု ရှိလို့ပါ..."

သူသည် သတင်းအချက်အလက် စုံစမ်းရန်အတွက် ဆက်တိုက်ဆိုသလို ဖုန်းသုံးကြိမ် ခေါ်ဆိုခဲ့သည်။

ငါးမိနစ်ခန့် ကြာပြီးနောက် သူငယ်ချင်းဖြစ်သူက ဖုန်းပြန်ခေါ်လာ၏။

"အကိုဟန်... ခင်ဗျားတို့ စတူဒီယိုက တစ်စုံတစ်ယောက်ကို သွားပြစ်မှားမိလို့လား"

တစ်ဖက်လူ၏ လေသံမှာ ထူးဆန်းနေသည်။

"မရှိပါဘူး"

"ဒါဆိုရင် ဘာလို့ ထျန်းချိုင်နည်းပညာကုမ္ပဏီက ခင်ဗျားတို့ကို ဒီလုပ်ငန်းနယ်ပယ်ထဲမှာ နာမည်ပျက်စာရင်း သွင်းလိုက်ပြီး ဘယ်တော့မှ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်လိုက်ရတာလဲ"

"ဗျာ" ဟန်ကျွင်း၏ မျက်လုံးများ မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားရသည်။

ဟန်တုန် ဝင်လာစဉ်က ဖုန်းပြောနေသည့် လူမှာ ချန်ကွမ်ချီ ဖြစ်သည်။

လွန်ခဲ့သော နာရီဝက်ခန့်က သူသည် ထရိုင်အန်ဂယ် စတူဒီယိုနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ချက်ချင်းဖြတ်တောက်ရန် ကျိုးထျန်း၏အမိန့်ကို လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။

ကျိုးထျန်းက သူ့ကို အကြောင်းပြချက် မပြောခဲ့ဘဲ ညွှန်ကြားချက်အတိုင်းသာ လုပ်ရန် ပြောခဲ့သည်။

ဟန်မိသားစုသည် ဂိမ်းစတူဒီယိုတစ်ခုကို လည်ပတ်နေခြင်းဖြစ်သော်လည်း ၎င်းတို့တွင် ဂိမ်းများကို လွတ်လပ်စွာ တီထွင်နိုင်စွမ်း မရှိပေ။

၎င်းတို့သည် ကုမ္ပဏီကြီးများထံမှ ပုံစံတူထုတ်လုပ်သည့် အလုပ်များကိုသာ လက်ခံလုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြခြင်း ဖြစ်သည်။

ယခုမူ အောင်မြင်ကျော်ကြားနေသည့် ထျန်းချိုင်နည်းပညာက ၎င်းတို့ကို နာမည်ပျက်စာရင်း သွင်းလိုက်ပြီဖြစ်သည်။

၎င်းမှာ သေဒဏ်ပေးလိုက်တာနှင့် အတူတူပင်။

"အကိုဟန်... ကျွန်တော် စုံစမ်းကြည့်သလောက်တော့ ထျန်းချိုင်နည်းပညာရဲ့ ဥက္ကဋ္ဌကိုယ်တိုင် အမိန့်ပေးခဲ့တာဗျ။ အဲ့ဒါကြောင့် ခင်ဗျား တစ်ယောက်ယောက်ကို ပြစ်မှားမိသလားလို့ မေးရတာ။ ခင်ဗျားဘာသာ သေသေချာချာ ပြန်စဉ်းစားကြည့်ပါဦး၊ ကျွန်တော်လည်း အများကြီး မကူညီနိုင်ဘူး"

"ဟူး... ခင်ဗျားကလည်းဗျာ၊ ခင်ဗျားကူညီပြီး စုံစမ်းပေးတာတင်ပဲ ကျွန်တော် တော်တော်လေး ကျေးဇူးတင်နေပါပြီ"

"ရပါတယ် နောက်မှ ပြန်တွေ့ကြတာပေါ့"

ပထမဆုံး ဖုန်းခေါ်ဆိုမှု ပြီးဆုံးသွားပြီးနောက် ဒုတိယဖုန်းခေါ်ဆိုမှု ချက်ချင်း ဝင်လာပြန်သည်။

"အကိုဟန်... ခင်ဗျား ထျန်းချိုင်ရဲ့ ဥက္ကဋ္ဌကို သွားပြစ်မှားမိလို့လား"

ဤလူသည်လည်း ပထမလူကဲ့သို့ပင် မေးခွန်းထုတ်လာသော်လည်း လေသံမှာမူ ပို၍ သတိထားနေပုံရသည်။

"ကျွန်တော် ထျန်းချိုင်ရဲ့ ဥက္ကဋ္ဌကိုတောင် မသိပါတာ ဘယ်လိုလုပ် သွားပြစ်မှားနိုင်မှာလဲ"

"ဒါဆို ထူးဆန်းတယ်ဗျ။ ကျွန်တော် ခင်ဗျားအတွက် စုံစမ်းပေးကြည့်တော့ ထျန်းချိုင်က ဘယ်သူမှ အကြောင်းပြချက်ကို မသိကြဘူး။ ဒါပေမဲ့ ကျွန်တော် ဒါလုံက သူငယ်ချင်းတစ်ယောက်ကို မေးကြည့်လိုက်တယ်”

“ ကုမ္ပဏီနှစ်ခုက အမြဲတမ်း ပြိုင်ဘက်တွေ ဖြစ်နေတာ ခင်ဗျား သိတာပဲလေ"

"ဒါပေမဲ့ ကျွန်တော် ခင်ဗျားရဲ့ ကိစ္စကို ပြောလိုက်တာနဲ့ တစ်ပြိုင်နက် တစ်ဖက်လူက ထိတ်လန့်သွားတယ်။ သူက ကျွန်တော့်ကို ပြောတယ်၊ ခင်ဗျား ထျန်းချိုင်ရဲ့ ဥက္ကဋ္ဌကို သွားမပြစ်မှားနဲ့၊ သူတို့ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဥက္ကဋ္ဌတောင်မှ သူ့ကို မပြစ်မှားရဲဘူးတဲ့"

ဟန်ကျွင်းသည် ဤစကားကို ကြားလိုက်ရသောအခါ အသက်ရှူရပ်မတတ် ဖြစ်သွားရ၏။

"ဟုတ်ကဲ့... အဲ့ဒါက ဘာကို ဆိုလိုတာလဲ"

"ခင်ဗျား ဝမ်ချောင်နည်းပညာ ကို သိတယ်မလား"

"သိတာပေါ့၊ လွန်ခဲ့တဲ့ ရက်ပိုင်းကတင် ပိတ်သိမ်းခံလိုက်ရတာလေ။ သူတို့ရဲ့ ဥက္ကဋ္ဌ ဖမ်းဆီးခံလိုက်ရတယ်လို့ ပြောကြတာပဲ... သူတို့ကို တမင်တကာ ဖြိုခွဲလိုက်တာလို့ လုပ်ငန်းနယ်ပယ်ထဲမှာ ကောလာဟလတွေ ကြားတယ်"

"အော်... ခင်ဗျား သိနေရင် ကောင်းတာပေါ့။ ဒါဆို အဲ့ဒါကို ဘယ်သူ ဖြိုခွဲခဲ့တာလဲ ခန့်မှန်းကြည့်စမ်း"

တစ်ဖက်လူ၏ လေသံတွင် သနားစိုးရိမ်မှုများ ပါဝင်နေပြီး ဟန်ကျွင်းမှာ နောက်ထပ် ပစ်မှတ်ဖြစ်လာတော့မည့်အတိုင်းပင်။

ဟန်ကျွင်း ခဏမျှ စဉ်းစားလိုက်ပြီးနောက် ချက်ချင်းပင် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထောင်သွားရတော့သည်။

"ခင်ဗျား... ခင်ဗျား... ခင်ဗျား ဆိုလိုတာက ဝမ်ချောင်ကို ဖြိုခွဲခဲ့တာ ထျန်းချိုင်ရဲ့ ဥက္ကဋ္ဌပေါ့"

"ကျွန်တော့်သူငယ်ချင်းက အများကြီး မပြောပေမဲ့ အမှန်တရားနဲ့ တော်တော်လေး နီးစပ်ပါတယ်၊ ပြီးတော့ သုံးခဲ့တဲ့ နည်းလမ်းတွေက တော်တော်လေး ဆန်းကြယ်တယ်။ စဉ်းစားကြည့်လေ၊ ဝမ်ချောင်က ဒေဝါလီခံရုံတင် မဟုတ်ဘဲ အစိုးရကပါ ပိတ်သိမ်းလိုက်တာ။ ဒါက အခြေခံကျကျ ကွဲပြားခြားနားတယ်"

"ကျွန်တော် အများကြီး မပြောနိုင်တော့ဘူး။ သတိထားပါဦး"

တူ... တူ... တူ...

တစ်ဖက်လူက ဖုန်းချလိုက်သည်။

ဟန်ကျွင်း တစ်ကိုယ်လုံး ချွေးစေးများ ပြန်လာပြီး နှလုံးခုန်သံများ မြန်ဆန်လာခဲ့သည်။

‘ငါ ဘယ်တုန်းက ဒီလို ကြောက်စရာကောင်းတဲ့ လူမျိုးကို သွားရှုပ်မိလို့လဲ’

‘ဒါလုံရဲ့ ဥက္ကဋ္ဌလီတောင် ကြောက်ရွံ့နေရတာလေ... သူတို့သာ ငါ့ကို ကစားချင်ရင် ဘောလုံးတစ်လုံးကို ကစားသလိုပဲ၊ ငါ့ကို ကြိုက်သလို နင်းခြေလို့ရတယ်’

ဝမ်ချောင်ဆိုသည်မှာ ယွမ်သန်းပေါင်းထောင်ချီ တန်ဖိုးရှိတဲ့ ဂိမ်းကုမ္ပဏီတစ်ခု ဖြစ်ပြီး ယခုအခါ အစပျောက်အောင် ပျက်ဆီးသွားရသည်။

လူ ၃၀ ကျော်ပဲရှိသော သူ၏ကုမ္ပဏီသေးသေးလေးမှာ သူတို၏မျက်လုံးထဲတွင် ပုရွက်ဆိတ်တစ်ကောင်ထက် မပိုပေ။

ထိုအချိန်မှာပင် ရုံးခန်းအတွင်း၌ ဖုန်းသံ ထပ်မံမြည်လာခဲ့သည်။

ဟန်ကျွင်းသည် ထိတ်လန့်တကြားဖြင့် မိမိ၏ ဖုန်းကို ကြည့်လိုက်ရာ မိမိဖုန်း မဟုတ်ကြောင်း သိလိုက်ရသဖြင့် သားဖြစ်သူထံ လှည့်ကြည့်လိုက်၏။

ဟန်တုန်သည် တုန်လှုပ်ချောက်ချားသော မျက်နှာထားဖြင့် မိမိ၏ ဖုန်းကို ကောက်ကိုင်လိုက်ရာ ဖုန်းမျက်နှာပြင်ပေါ်တွင် နံပါတ်စိမ်းတစ်ခုကို မြင်တွေ့လိုက်ရတော့သည်။

All Chapters