← Chapters

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း ၁၈၉

Vol. 19 Ch. 189

🍋 Chapter 189

ဟန်တုန်သည် ဖခင်ဖြစ်သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသည်။

စီးပွားရေးလောကထဲတွင် ဆယ်စုနှစ်ပေါင်းများစွာ ထိပ်တန်းကစားသမားဖြစ်ခဲ့သည့် ဖခင်ဖြစ်သူက ယခုကဲ့သို့ ထိတ်လန့်တုန်လှုပ်နေသည်မှာ ဖြစ်နိုင်ချေမရှိပေ။

သို့သော်လည်း စကားများကို သေသေချာချာ နားထောင်ပြီးနောက်တွင်မူ သူ့ခြေထောက်များပါ လိုက်လံတုန်လှုပ်လာခဲ့တော့သည်။

"ဖေဖေ... ဖေဖေ တစ်ယောက်ယောက်ကို သွားပြစ်မှားမိလို့လား"

"ငါတို့ကုမ္ပဏီတော့ သွားပြီ"

သူသည် ဝမ်ချောင်နည်းပညာအကြောင်းကို သိထားသည်။

၎င်းမှာ သူတို့၏ ဖောက်သည်ကုမ္ပဏီဖြစ်ပြီး ထိုကုမ္ပဏီနှင့် အရောင်းအဝယ်တစ်ခု လုပ်ရရုံရုံဖြင့်ပင် သူ့ကို ဇိမ်ခံလူတန်းစားဘဝဖြင့် ရှင်သန်စေနိုင်ခဲ့သည်။

ယခုမူ ဝမ်ချောင်နည်းပညာကို ဖျက်ဆီးခဲ့သည့် အင်အားကြီးပုဂ္ဂိုလ်ကို သူတို့ သွားရောက်ပြစ်မှားမိပြီဟု တစ်စုံတစ်ယောက်က လာရောက်သတိပေးနေပြီ ဖြစ်သည်။

‘ဒါတွေက ဘာလို့ ဖြစ်ပျက်နေရတာလဲ’

သူသည် မိမိတို့ကုမ္ပဏီ ပြိုလဲသွားမည်ကို အလွန်အမင်း ကြောက်ရွံ့နေမိသည်။

သူ့၏ ချမ်းသာကြွယ်ဝသော ဘဝကြီး ပျောက်ကွယ်သွားမည်ကိုလည်း စိုးရိမ်နေမိသည်။

အတိအကျပင် ထိုအချိန်မှာပင် သူ့ဖုန်းသံ မြည်လာခဲ့ရာ အတွေးများကို ဖြတ်တောက်လိုက်တော့သည်။

"ဟဲလို ဘယ်သူလဲ"

ဖုန်းတစ်ဖက်မှ အနည်းငယ် ရင်းနှီးနေသော်လည်း နားဝင်မချိုလှသော လေသံတစ်ခု ထွက်ပေါ်လာ၏။

"ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဋ္ဌဟန်... မင်္ဂလာပါ"

တစ်ဖက်လူက ဒုတိယဥက္ကဋ္ဌဟူသော ရာထူးကို တမင်တကာ ထည့်သွင်းပြောဆိုလိုက်ခြင်းက ဖုန်းခေါ်ဆိုသူမှာ မည်သူဖြစ်ကြောင်း ဟန်တုန် ချက်ချင်း သိရှိသွားစေသည်။

"မင်း ကျိုးထျန်းလား"

"ဘာလဲ ဖုန်းဆက်ပြီး လာတောင်းပန်တာလား"

ကျိုးထျန်း ခပ်ဖွဖွ ရယ်မောလိုက်သည်။

"မင်း အတွေးလွန်နေပြီ။ ငါ ဖုန်းဆက်တာက မင်းတို့ရဲ့ ထရိုင်အန်ဂယ် စတူဒီယိုက ထျန်းချိုင်နည်းပညာဆီက ဖုန်းလက်ခံရရှိလားလို့ လာမေးတာ"

ဤစကားကို ကြားလိုက်ရသောအခါ ဟန်တုန် ကြောင်အသွားရ၏။

‘ဒီကောင်က ဒါကို ဘယ်လိုလုပ် သိနေတာလဲ’

‘ငါကိုယ်တိုင်တောင် အခုမှ သိတာလေ’

‘ပြီးတော့ ငါ ဖုန်းကို ဖြေတာ မဖြေတာနဲ့ သူနဲ့ ဘာဆိုင်လို့လဲ’

"မင်းပြောတာ ဘာသဘောလဲ၊ ထရိုင်အန်ဂယ် စတူဒီယိုက ငါတို့မိသားစုပိုင်တာဆိုတာ မင်း ဘယ်လိုလုပ် သိတာလဲ"

"မင်း ငါ့ဖုန်းကို ခိုးနားထောင်ထားတာလား"

ဟန်တုန်က ဒေါသတကြီး အော်ဟစ်လိုက်ရာ ဘေးနားရှိ ဖခင်ဖြစ်သူမှာ မျက်မှောင်ကြုတ်သွားရသည်။

"ဒုတိယဥက္ကဋ္ဌဟန်... ဘာဖြစ်သွားလဲဆိုတာ အခုထိ နားမလည်သေးရင် မင်းအဖေကိုပဲ မေးကြည့်လိုက်ဦး။ သူက မင်းထက် ပိုပြီး ဉာဏ်ကောင်းမှာပါ"

ကျိုးထျန်း စိတ်ပျက်သွားသည်။

‘ငါ ဒီလောက်အထိ အထင်အရှား ပြောပြနေတာတောင် သူက နားမလည်သေးဘူးလား.. ဂျက်ဆီရဲ့ သတင်းအချက်အလက်တွေ မှားနေတာများလား။ သူ စတူဒီယိုကို မသွားရသေးလို့ ထျန်းချိုင်က ထရိုင်အန်ဂယ် စတူဒီယိုကို ပိတ်ပစ်လိုက်ပြီဆိုတာ မသိသေးတာလား’

"လျှောက်မပြောနဲ့။ ငါ မင်းကို အခု ရှင်းရှင်းလင်းလင်း ပြောလိုက်မယ်၊ မင်း တောင်းပန်ရင်တောင် အလကားပဲ။ ငါ မင်းကို ဖြည်းဖြည်းချင်း ဖျက်ဆီးပစ်မယ်၊ ကျောင်းသားသမဂ္ဂဆိုတာ အလွယ်တကူ လာကစားလို့ရတဲ့နေရာ မဟုတ်ဘူးဆိုတာ မင်း သိစေရမယ်"

တူ... တူ... တူ...

ကျိုးထျန်း၏ မျက်နှာထား ပျက်သွားရသည်။

‘ဒီငတုံးက ငါ့ဖုန်းကို တကယ်ပဲ ချပစ်လိုက်တာလား’

အခြားတစ်ဖက်တွင်မူ ဟန်တုန်သည် ဒေါသတကြီးဖြင့် ဖုန်းကို ချပစ်လိုက်ပြီး ရန်လိုသော မျက်နှာထားဖြင့် ရှိနေ၏။

"ရှောင်တုန်... ခုနက မင်းကို ဘယ်သူ ဖုန်းဆက်တာလဲ"

"ကျောင်းသားသစ်တစ်ယောက်လေ။ သားတို့က သူ့ကို ပစ္စည်းအချို့ သွားကူရွှေ့ခိုင်းတာကို မသွားတဲ့အပြင် ရိုင်းရိုင်းစိုင်းစိုင်းပါ လာလုပ်နေတာ"

"မင်း သူ့ကို ငါတို့စတူဒီယိုအကြောင်း ပြောတာ ကြားလိုက်တယ်၊ မင်း ဘာပြောလိုက်တာလဲ"

ဟန်ကျွင်းသည် ဇဝေဇဝါဖြစ်သွားရသလို တစ်ပြိုင်နက်တည်းမှာပင် သတိလည်း ကြီးစွာ ထားလိုက်သည်။

"သူ ဘာတွေ လျှောက်ပြောနေမှန်း မသိဘူး။ စတူဒီယိုက ထျန်းချိုင်နည်းပညာဆီက ဖုန်းလက်ခံရရှိလားလို့ မေးနေတာ..."

ဟန်တုန် ပြောရင်းနှင့် တစ်ခုခု မမှန်ကန်ကြောင်း ရုတ်တရက် သတိပြုမိသွားသည်။

ကျိုးထျန်း၏ လေသံကို ကြားလိုက်ရစဉ်က သူ အလွန်အမင်း ဒေါသထွက်နေခဲ့သဖြင့် မစဉ်းစားဘဲ စကားလုံးများကို လျှောက်ပြောမိခဲ့ခြင်း ဖြစ်သည်။

ယခုမူ ထိုစကားများကို ပြန်လည်ကြားယောင်ကြည့်မိသောအခါ တစ်ခုခု လွဲချော်နေပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်ရသည်။

သူသည် ဖြည်းညှင်းစွာ ခေါင်းမော့လိုက်ပြီး ဖခင်ဖြစ်သူ၏ အကြည့်နှင့် ဆုံလိုက်၏။

သူတို့နှစ်ဦးစလုံး၏ မျက်နှာထားမှာ အလောင်းကောင်ကဲ့သို့ ဖြူလျော်သွားကြသည်။

"ဖေဖေ... မဖြစ်နိုင်တာ၊ ဒါက ဖြစ်နိုင်ပါ့မလား..."

"အဲ့ဒီလူ့နာမည်က ဘာလဲ"

ဟန်ကျွင်းက နှုတ်ခမ်းများ တုန်လှုပ်လျက် မေးလိုက်သည်။

"ကျိုးထျန်း... 'ထျန်းချိုင်' ထဲက 'ထျန်း' လေ" သူသည် ငိုသံပါကြီးဖြင့် အော်ဟစ်လိုက်မိတော့သည်။

"သူ့ဆီ အခုချက်ချင်း ဖုန်းပြန်ဆက်ပြီး သူ ဘယ်သူလဲဆိုတာ မေးကြည့်စမ်း၊ မြန်မြန်လုပ်"

ဟန်ကျွင်းသည် ရူးသွပ်သွားသည့်အလား စားပွဲနောက်မှနေ၍ ခုန်ထွက်လာပြီး သားဖြစ်သူ၏ ဖုန်းကို လုယူလိုက်တော့သည်။

"စပီကာ ဖွင့်လိုက်"

ဖုန်းခေါ်ဆိုမှုကို ပြုလုပ်လိုက်ရာ အခြားတစ်ဖက်ရှိ ကျိုးထျန်းမှာမူ စိတ်ပျက်လက်ပျက် ဖြစ်နေဆဲပင်။

‘ဘာလို့လဲ။ သူတို့က ပုံစံတူထုတ်လုပ်တဲ့ အလုပ်သင်ကုမ္ပဏီတစ်ခုပဲဟာကို ဘာလို့ ဒီလောက်တောင် မောက်မာနေရတာလဲ။ ထျန်းချိုင်လို ဖောက်သည်မျိုးက နာမည်ပျက်စာရင်း သွင်းတာကိုတောင် မကြောက်ကြဘူးလား’

‘ငါက သူတို့ကို ခြိမ်းခြောက်ရုံပဲ ခြိမ်းခြောက်ချင်တာ၊ ဒါပေမဲ့ အဆင်မပြေရင်တော့ တခြားနည်းလမ်း ရှာရတော့မယ်။ တော်တော်လေး အလုပ်ရှုပ်တာပဲ’

‘တကယ်လို့ ဘာမှလုပ်လို့မရရင် ဂျက်ဆီကို သူတို့ရဲ့ဆာဗာကို ဟက်ခ်လုပ်ခိုင်းပြီး သူတို့လက်ခံထားတဲ့ အလုပ်တွေကို အကုန်ဖျက်ဆီးပစ်ခိုင်းရမယ်’

သူ မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားနေစဉ်မှာပင် ဟန်တုန်ထံမှ ဖုန်းပြန်လည် ဝင်ရောက်လာသည်ကို မြင်လိုက်ရသည်။

‘ဟင်... သူ ဘာလို့ ဖုန်းပြန်ဆက်တာလဲ။ ငါ လုပ်ခဲ့တာတွေကို သိသွားလို့ ဒေါသထွက်ပြီး ငါ့ကို လာအော်တာများလား’

သူ ခေတ္တမျှ ဝေခွဲမရဖြစ်နေပြီးနောက် ဖုန်းကို လက်ခံဖြေကြားလိုက်၏။

"ဟဲလို..."

"မစ္စတာ... မစ္စတာကျိုးထျန်းလားခင်ဗျာ၊ ကျွန်တော် ရှောင်ဟန်ပါ"

တုန်လှုပ်နေသော လေသံနှင့် မိမိကိုယ်ကိုယ် ရှောင်ဟန်ဟု နှိမ့်ချသုံးနှုန်းလိုက်ပုံကို ကြားလိုက်ရုံဖြင့် ကျိုးထျန်းသည် သူတို့ ဘာဖြစ်နေသည်ကို ရိပ်မိသွားပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်ရသည်။

"ဒုတိယဥက္ကဋ္ဌဟန်... မင်း ငါ့ကို ဘာကိစ္စရှိလို့လဲ"

"ကျွန်တော့်ကို ရှောင်ဟန်လို့ပဲ ခေါ်ပါဗျာ၊ ကျွန်တော် မေးချင်တာက မစ္စတာကျိုးထျန်းနဲ့ ထျန်းချိုင်နည်းပညာကုမ္ပဏီနဲ့ ဘာပတ်သက်မှု ရှိလို့လဲဟင်"

"ဪ... အဲ့ဒါလား၊ သိပ်ပြီး ထူးထူးခြားခြားတော့ မရှိပါဘူး"

ဤစကားကို ကြားလိုက်ရသောအခါ ဟန်တုန် သက်ပြင်းချနိုင်သွားသည်။

"ထူးထူးခြားခြား မရှိပါဘူး၊ ငါ စီမံခန့်ခွဲနေတဲ့ စီးပွားရေးလုပ်ငန်း အသေးစားလေးတစ်ခုပါပဲ"

ဟန်တုန် အသက်ရှူရပ်မတတ် ဖြစ်သွားရသည်။

‘ဒီကောင်က တကယ်ပဲ စကားကို လှည့်ပြောနေတာလား’

ဘေးနားတွင် ရပ်နေသည့် ဟန်ကျွင်းမှာမူ မျက်နှာတစ်ခုလုံး ဖြူလျော်ရာမှ ခရမ်းရောင်သို့ ပြောင်းလဲသွားပြီး မျက်နှာထားမှာ ပိုမိုဆိုးရွားလာခဲ့သည်။

သူသည် သားဖြစ်သူကို ဘေးသို့ တွန်းဖယ်လိုက်ပြီး ဖုန်းထဲသို့ တိုက်ရိုက် စကားပြောလိုက်၏။

"ဟဲလို... မစ္စတာကျိုးခင်ဗျာ၊ ကျွန်တော် ထရိုင်အန်ဂယ် စတူဒီယိုရဲ့ ပိုင်ရှင် ဟန်ကျွင်းပါဗျာ၊ ကျွန်တော့်ကို... ရှောင်ဟန်လို့ပဲ ခေါ်လို့ရပါတယ်"

"မင်းတို့ သားအဖနှစ်ယောက်စလုံးက ရှောင်ဟန်တွေချည်းပဲလား၊ ကျနော်က ဘယ်လို ပြောရမှာလဲ"

"မစ္စတာကျိုးက သဘောထားကြီးပါတယ်ဗျာ၊ ကျွန်တော့်သားက မစ္စတာကျိုးကို မသိလို့ ပြစ်မှားမိတာပါ၊ သူ့ရဲ့ တောင်းပန်မှုကို လက်ခံပေးဖို့ မျှော်လင့်ပါတယ်"

ဟန်ကျွင်း သားဖြစ်သူကို ခပ်ပြင်းပြင်း တစ်ချက် ရိုက်လိုက်သည်။

"မြန်မြန် တောင်းပန်စမ်း"

"တောင်းပန်ပါတယ် မစ္စတာကျိုးခင်ဗျာ၊ ကျွန်တော်..."

ကျိုးထျန်းက သူ့စကားကို ချက်ချင်း ဖြတ်လိုက်၏။

"ဟူး... တောင်းပန်နေစရာ မလိုပါဘူး၊ မင်း တောင်းပန်ရင်တောင် အလကားပဲ၊ ငါ မင်းကို ဖြည်းဖြည်းချင်း ဖျက်ဆီးပစ်မယ်”

“ကျောင်းသားသမဂ္ဂဆိုတာ ဘယ်လိုမျိုးလဲဆိုတာ သိစေရမယ် မဟုတ်သေးပါဘူး၊ ငါတို့ ထျန်းချိုင်နည်းပညာက အလွယ်တကူ လာကစားလို့ရတဲ့ အရာမဟုတ်ဘူးဆိုတာ မင်း သိစေရမယ်"

ဖခင်နှင့် သားဖြစ်သူတို့သည် ကျိုးထျန်းက ခုနက မိမိတို့ပြောခဲ့သည့် စကားများကို အတိအကျ ပြန်လည်ပြောဆိုနေခြင်းဖြစ်ကြောင်း ချက်ချင်း ရိပ်မိသွားကြသည်။

"မစ္စတာကျိုးခင်ဗျာ... ကျွန်တော် ခုဏက စကားတွေကို မပြောခဲ့ဘူးလို့ပဲ သဘောထားပေးပါဗျာ၊ ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ"

"ဟုတ်ပါတယ် မစ္စတာကျိုးခင်ဗျာ... ကျွန်တော်တို့က မပြောပလောက်တဲ့ ကုမ္ပဏီအသေးစားလေးပါ၊ ကျွန်တော်တို့ကို ချမ်းသာပေးပါဗျာ"

သူတို့နှစ်ဦးစလုံးက တပြိုင်နက်တည်း တောင်းပန်တိုးလျှိုးနေကြသဖြင့် ကျိုးထျန်းပင် အနည်းငယ် အနေရခက်သွားရသည်။

‘ဒီလောက်အထိ လိုအပ်လို့လား။ ထျန်းချိုင်နည်းပညာဆီက အမှာစာကြီးတစ်ခု ဆုံးရှုံးရုံတင် ရှိသေးတာကို အခုလိုမျိုး လာတောင်းပန်နေကြတာလား။ သူတို့က ပိုက်ဆံအတွက်နဲ့ သိက္ခာကို လုံးဝမငဲ့ကြတော့ဘူးလား’

သူသည် မိမိကိုယ်ကိုယ် စီးပွားရေးလောကထဲတွင် ဤမျှအထိ ကြောက်စရာကောင်းသော ဂုဏ်သတင်း ကျန်ရစ်နေခဲ့သည်ကို မသိရှိခဲ့ပေ။

သူ့၏ လွှမ်းမိုးမှုအရိပ်အယောင်တစ်ခုတည်းဖြင့်ပင် ထိုလူနှစ်ဦးကို အလွန်အမင်း ထိတ်လန့်သွားစေခဲ့ခြင်း ဖြစ်သည်။

"ကဲ... ဒါဆိုရင်လည်း ဒီလိုလုပ်ကြတာပေါ့၊ ငါ မင်းတို့ကို နောက်တစ်ခါ ထပ်မမြင်ချင်တော့ဘူး။ အဝေးကိုပဲ လစ်လိုက်ကြတော့"

သူ့စိတ်ကူးက ရိုးရှင်းပေသည်၊ သူတို့ကို သင်ခန်းစာတစ်ခု ပေးချင်ရုံသာ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ထိုကောင်က မောက်မာသော်လည်း သူ့ကို တကယ့်လက်တွေ့မှာ ထိခိုက်အောင် မလုပ်ခဲ့ပေ။

‘ကျောင်းသားတစ်ယောက်က ဘယ်လောက်အထိ ဖျက်ဆီးနိုင်မှာမို့လို့လဲ’

မာခွန်းလို လူမျိုးနှင့် ယှဉ်လျှင် ဘာမှမဟုတ်ပေ။

သူ ဟန်တုန်ကို လစ်လိုက်တော့ဟု ပြောခြင်းမှာ နောက်နောင် သူ့ရှေ့သို့ ပေါ်မလာရန် သတိပေးလိုက်ခြင်းသာ ဖြစ်သည်။

သို့သော်လည်း တစ်ဖက်လူကမူ အဓိပ္ပာယ် ကောက်လွဲသွားခဲ့၏။

"ကျွန်တော်တို့ နားလည်ပါပြီ မစ္စတာကျိုးခင်ဗျာ။ ကျွန်တော် ဟန်တုန်ကို အခုချက်ချင်း ကျောင်းထုတ်ပစ်လိုက်ပါမယ်၊ မဟုတ်ဘူး... ကျောင်းကနေ ထုတ်ပယ်ပစ်လိုက်ပါမယ်။ သူ ဘယ်တော့မှ ကျောင်းမှာ ထပ်ပြီး ပေါ်မလာစေရပါဘူး"

"အာ... ကောင်းပြီလေ၊ ဒါဆိုလည်း အဲ့ဒီအတိုင်းပဲ လုပ်လိုက်ကြတာပေါ့"

ကျိုးထျန်းသည် သူတို့၏ ကမ်းလှမ်းမှုကို ငြင်းပယ်ရန် အနည်းငယ် အနေရခက်သွားသည်။

သူတို့က ကျောင်းထုတ်ပစ်ပါမည်ဟု အလွန်ယဉ်ကျေးစွာ ပြောဆိုနေကြသဖြင့် ငြင်းပယ်လိုက်လျှင် မကောင်းပေ။

"ကျေးဇူးတင်ပါတယ် မစ္စတာကျိုးခင်ဗျာ။ ဒါဆို မစ္စတာကျိုးရဲ့ကုမ္ပဏီက ကျွန်တော်တို့အပေါ် ထုတ်ပြန်ထားတဲ့ နာမည်ပျက်စာရင်းကို ပြန်လည်ရုပ်သိမ်းပေးလို့ ရမလားခင်ဗျာ"

ကျိုးထျန်းက မျက်မှောင်ကြုတ်လိုက်သည်။

"ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ စကားကို ခဏခဏ ပြောင်းလဲနေတာက ဂုဏ်သတင်းကြီးတဲ့ ကုမ္ပဏီတစ်ခု လုပ်ဆောင်ရမယ့် အလုပ်မျိုး ဟုတ်လို့လား"

သူ့အဓိပ္ပာယ်က ရှင်းလင်းပေသည်၊ အမိန့်တစ်ခု ထုတ်ပြန်ပြီးပြီးချင်း ချက်ချင်း ပြန်လည်ရုပ်သိမ်းရအောင် ထျန်းချိုင်နည်းပညာကို မူလတန်းကျောင်းဟု ထင်နေကြသည်လော။

"ဒါပေမဲ့ ကျွန်တော်တို့..."

"စကားတွေ အများကြီး လျှောက်မပြောနဲ့တော့၊ မင်းတို့ သားအဖနှစ်ယောက်စလုံး ကိုယ့်ကိုယ်ကိုယ် သေသေချာချာ ဆင်ခြင်ကြ၊ မင်းတို့ရဲ့ လုပ်ရပ်တွေကို ပြန်လည်သုံးသပ်ပြီး ဒီလိုအမှားမျိုး နောက်တစ်ခါ ထပ်မလုပ်မိစေနဲ့။ ဒါပဲ"

သူသည် ဖုန်းကို ချပစ်လိုက်ရာ ထိုလူနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်ရင်း ကျန်ရစ်ခဲ့တော့သည်။

"အဖေ... ကျွန်တော် တကယ်ပဲ ကျောင်းထုတ်ခံရမှာလား"

"မင်းက ရူးနေတာလား၊ သူရှိနေတဲ့ ကျောင်းမှာ မင်း ဆက်နေရင် ဘာကောင်းတာ ဖြစ်လာမှာမို့လို့လဲ၊ ငါ မင်းကို ပိုက်ဆံနည်းနည်း ပေးမယ်၊ နိုင်ငံခြားမှာပဲ ကျောင်းသွားတက်တော့"

"ဟူး…”

‌

All Chapters