← Chapters

အခန်း ၁၉၄

Vol. 20 Ch. 194

အခန်း ၁၉၄

Vol. 20 Ch. 194

🍋 Chapter 194

သူဌေးဆွေ့ ခေါ်ဆောင်လာသည့် သူငယ်ချင်းဖြစ်သူသည် ကျိုးထျန်းကို မြင်လိုက်ရသောအခါ သူ့မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်တစ်ခု ရုတ်တရက် ဖြတ်ပြေးသွားခဲ့သည်။

သူဌေးဆွေ့လည်း ဤအချက်ကို သတိပြုမိသွား၏။

"မင်း ဘာဖြစ်လို့လဲ၊ တစ်ယောက်ယောက်ကို သိလို့လား"

"ဟဲဟဲ... သေချာပေါက် သိတာပေါ့၊ အတော်လေးကို ရင်းနှီးတာ"

ဤစိတ်ဓာတ်ကျနေပုံရသည့် လူငယ်လေးသည် အခြားသူမဟုတ်၊ ကျောင်းကနေ မကြာသေးမီကမှ အတင်းအကျပ် ထွက်လိုက်ရသည့် ဟန်တုန်ပင်။

"အို... ရှောင်တုန်၊ မင်းပြောတဲ့ အသိအကျွမ်းဆိုတာ ဘယ်သူလဲ"

"ဟို တော်ဝင်အပြာရောင် ဝတ်စုံနဲ့ ကောင်လေးလေ"

ဟန်တုန်က ကျိုးထျန်း ရှိနေသည့် ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။

"အဲဒီလူလား... ငါတော့ သူ့ကို တစ်ခါမှ မမြင်ဖူးပါဘူး"

သူဌေးဆွေ့သည် ကျိုးထျန်းကို အမှန်တကယ်ပင် မမှတ်မိပေ။

"မင်းတို့က အသိအကျွမ်းတွေဆိုမှတော့ အနားသွားပြီး နှုတ်ဆက်လိုက်ရမလား"

"မလိုပါဘူး... ကျွန်တော်တို့ကြားမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိတယ်ဗျ၊ အဲဒါကို အစ်ကိုဆွေ စိတ်ဝင် စားလားတော့ မသိဘူး"

"ပြောပြပါဦး"

ဟန်တုန်နှင့် ဆွေ့ယွင်ကျန်းတို့သည် အမှန်တကယ်၌ သိကျွမ်းခဲ့ကြသည်မှာ ကြာပြီဖြစ်ပြီး ၎င်းတို့၏ ဆက်ဆံရေးက အတော်လေး နီးကပ်လှသည်။

ဆွေ့ယွင်ကျန်းသည် စီးပွားရေးလုပ်ကိုင်ရုံသာမက အမျိုးသ မီးများနှင့် ပတ်သက်ဆက်နွှယ်ရသည်ကိုလည်း သဘောကျသူ ဖြစ်သည်။

အထူးသဖြင့် ငယ်ရွယ်ပြီး ပညာတတ်သည့် အမျိုးသမီးများကို ပို၍ နှစ်သက်တတ်သည်။ ဟန်တုန်သည် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ရာထူးကို အသုံးချကာ ဆွေ့ယွင်ကျန်းထံသို့ ရုပ်ရည်ချောမောလှပသည့် အမျိုးသမီးများကို ခဏခဏ မိတ်ဆက်ပေးလေ့ရှိသည်။

အချိန်ကြာလာသည်နှင့်အမျှ သူတို့နှစ်ဦး သဘာဝအတိုင်း ရင်းနှီးသွားကြခြင်း ဖြစ်သည်။

ဟန်တုန်သည်လည်း ဆွေ့ယွင်ကျန်း၏ ဩဇာအာဏာကို အမှီပြုလိုခြင်း ဖြစ်၏။ ထိုလူကချမ်းသာပြီး အဆက်အ သွယ်ကောင်းများ ရှိနေသဖြင့် မိတ်ဆွေဖွဲ့ထားရန် လိုအပ်လှသည်။

လွန်ခဲ့သည့်ရက်က ကျောင်းကနေ အတင်းအကျပ် ထွက်လိုက်ရသဖြင့် ဟန်တုန်တစ်ယောက် စိတ်ဓာတ်ကျကာ အပန်းဖြေရန် ဘား တစ်ခုသို့ သွားရောက်ခဲ့စဉ် ဆွေ့ယွင်ကျန်းနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့ခြင်းဖြစ်သည်။

သူ့ စိတ်အခြေအနေ မကောင်းသည်ကို မြင်ရသဖြင့် သူတို့နှစ်ဦး မိုးလင်းသည်အထိ တစ်ညလုံး အတူတူ သောက်ဖြစ်ခဲ့ကြသည်။

မွန်းလွဲပိုင်း ရောက်မှသာ ဟိုတယ်အခန်းထဲတွင် နိုးလာခဲ့ကြသည်။ ဟန်တုန် အမူးပြေသွားသော်လည်း သူ၏ စိတ်ပျက်အားလျော့မှုများကမူ အရက်နှင့်အတူ ပျောက်ကွယ်မသွားခဲ့ပေ။

သူ စိတ်ဓာတ်ကျနေဆဲဖြစ်သည်ကို မြင်ရသဖြင့် တိုက်တိုက်ဆိုင်ဆိုင်ပင် ယနေ့ညနေတွင် သူတို့ရှိနေသည့်နေရာနှင့် မလှမ်းမကမ်း၌ စားသောက်ကုန်လုပ်ငန်းရှင်များအသင်း၏ လူမှုရေးပွဲ ရှိနေသည်ကို သတိရသွားသောကြောင့် ဆွေ့ယွင်ကျန်းမှာ ဟန်တုန်ကို အမြင်ကျယ်စေရန် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

သူ့ကို မိတ်ဆွေအသစ်များ ပိုမိုရရှိစေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သော်လည်း ဟန်တုန်ကမူ လုံးဝ စိတ်ဝင်စားခြင်းမရှိဘဲ တစ်ယောက်တည်း ဝိုင်သောက်နေခဲ့ရာမှ ကျိုးထျန်းကို တိုက်ဆိုင်စွာ မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

ဟန်တုန်သည် ဆွေ့ယွင်ကျန်း၏ နားနားသို့ကပ်ကာ ဇာတ် လမ်းတစ်ခုလုံးကို ပုံကြီးချဲ့၍ တိုးတိုးလေးပြောပြလိုက်သည်။

သူက မိမိကိုယ်ကိုယ် အပြစ်ကင်းစင်သူအဖြစ် ပုံဖော်ပြီး ကျိုးထျန်းကိုမူ မောက်မာရိုင်းစိုင်းသည့် ဒုတိယမျိုးဆက် သူဌေးသားအဖြစ် သရုပ်ဖော်လိုက်သည်။

ပထမဦးစွာ ကျိုးထျန်းက သူ့ကားမှန်ကို ရိုက်ခွဲခဲ့ပြီးနောက် သူ့မိသားစုကုမ္ပဏီကို ဖျက်ဆီးကာ နောက်ဆုံးတွင် သူ့ကို ကျောင်းကပါ ထွက်သွားအောင် အတင်းအကျပ် ဖိအားပေးခဲ့သည်ဟု ဆိုကာ အမှန်တရားကို အစွမ်းကုန် လိမ်လည်လှည့်ဖြား၍ ဒေါသတကြီးပြောဆိုတော့သည်။

ဆွေ့ယွင်ကျန်း ဤအကြောင်းကို ကြားပြီးနောက် အံ့ဩသွားခဲ့ရသည်။

‘ဒီကျိုးထျန်းဆိုတဲ့ကောင်က တကယ်ကို အာဏာကြီးလှပါလား’

ဟန်တုန်က သူ့ကို ဤသို့ ပြောပြရသည့် ရည်ရွယ်ချက်မှာ ရိုးရိုးရှင်းရှင်း ညည်းပြရုံသက်သက် မဟုတ်ပေ။ သူသည် ဆွေ့ယွင်ကျန်း၏ စွမ်းဆောင်ရည်ကို အလွန် ကောင်းမွန်စွာ သိရှိထားသည်။

‘မင်း... ကျိုးထျန်း၊ ငါ့ရှေ့မှာ ဒီလောက်တောင် မောက်မာပြနေတယ်ပေါ့၊ မင်း ဘယ်လောက်တောင် စွမ်းနိုင်လဲဆိုတာ ငါ ကြည့်ချင်သေးတယ်'

သူ့မျက်လုံးများက ဝေ့ဝဲသွားပြီးနောက် မျက်နှာအမူအရာက ချက်ချင်းပင် စိုးရိမ်ထိတ်လန့်သွားဟန် ပြုလုပ်လျက် ဆွေ့ယွင်ကျန်း၏ ပုခုံးကို လှမ်းဖက်လိုက်သည်။

"အစ်ကိုဆွေ... ဒီကျိုးထျန်းကို လုံးဝ သွားမပတ်သက်နဲ့နော်၊ မဟုတ်ရင် အစ်ကိုပါ ဒုက္ခရောက်သွားလိမ့်မယ်"

"ဟက်... ငါ့ကို ဒုက္ခပေးမယ် ဟုတ်လား၊ ငါ မွေးကတည်းက ဘယ်သူ့ရဲ့ ဒုက္ခပေးတာကိုမှ မခံခဲ့ဖူးဘူး၊ ငါကပဲ သူများကို အမြဲ ဒုက္ခပေးခဲ့တာ"

ဟန်တုန်၏စကားကို ကြားလိုက်ရသောအခါ ဆွေ့ယွင်ကျန်း စိတ်ထဲ၌ မကျေနပ်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

"အစ်ကိုဆွေ... ကျွန်တော် အတည်ပြောနေတာပါ၊ ဒီကျိုးထျန်းက စိတ်သဘောထား သေးသိမ်ပြီး ကလဲ့စားချေတတ်တဲ့သူ၊ ကျွန်တော်တို့ သူ့ကို တတ်နိုင်သမျှ ဝေးဝေးက ရှောင်တာက အကောင်းဆုံးပဲ"

"လျှောက်မပြောနဲ့ ငါက ဘာလို့ သူ့ကို ရှောင်ရမှာလဲ"

"ရှန်ဟိုင်းတစ်မြို့လုံးမှာ ငါ ရှောင်ရမယ့်သူ တစ်ယောက်မှ မရှိဘူး"

ဆွေ့ယွင်ကျန်းသည် သိသိသာသာပင် ဒေါသမီးဟုန်းဟုန်း တောက်သွားခဲ့ပြီ ဖြစ်သည်။

ဟန်တုန်သည် သူ့တုံ့ပြန်မှုကို မြင်သောအခါ စိတ်ထဲမှနေ၍ ခိုးပြုံးလိုက်ပြီး ဆက်၍ ပြောလိုက်သည်။

"အစ်ကိုဆွေ... ကျွန်တော် တောင်းပန်ပါတယ်ဗျာ၊ သူက ကျွန်တော့်ကို ဒုက္ခအလုံအလောက် ပေးခဲ့ပြီးပြီ၊ အစ်ကိုပါ ကျွန်တော့်လို အဖြစ်မျိုး မရောက်ပါစေနဲ့ ကျွန်တော်တို့ ဒီနေရာကနေ တိတ်တိတ်ဆိတ်ဆိတ်ပဲ ထွက်သွားကြရအောင်၊ ကျွန်တော်တို့ သူ့ကို မပြိုင်နိုင်ရင် တတ်နိုင်သမျှ ရှောင်သွားတာပေါ့"

"ရှောင်တုန်... ငါ ဒီမှာ ရှိနေတာကို မင်းက ဘာကို ကြောက်နေတာလဲ၊ အဲဒီလို ကလေးကလားကောင်က ငါတို့ကို ရန်ပြုနိုင်လိမ့်မယ်လို့ ငါ မယုံဘူး”

“ငါနဲ့ လိုက်ခဲ့၊ ငါ သူ့ကို မင်းကိုတောင်းပန်ခိုင်းပြီးလျော်ကြေး ပေးခိုင်းမယ်၊ မဟုတ်ရင် သူ ဒီနေ့ ဒီနေရာကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး"

ဆွေ့ယွင်ကျန်းသည် ဟန်တုန်၏ လက်မောင်းကို ဆွဲကာ ရှေ့သို့ အားမနာပါးနာ လျှောက်လှမ်းသွားခဲ့သည်။

ဟန်တုန်မှ ရုန်းကန်ရင်း သူ့ကို တားဆီးရန် ကြိုးစားနေခဲ့သော်လည်း ထိုအရာအားလုံးက ဟန်ဆောင်မှုသက်သက်သာ ဖြစ်သည်။ လက်တွေ့တွင်မူ သူက စိတ်ထဲ၌ ခိုးရယ်နေခဲ့သည်။

'ဒီဆွေ့ယွင်ကျန်းက အလွန်အမင်း မောက်မာတဲ့သူပဲ၊ သူ့မိသားစုရဲ့ အဆက်အသွယ်တွေကြောင့် သူက လူတိုင်းကို အမြဲ အထင်သေးတတ်တာ'

'တကယ်လို့ မင်းက သူ့ကို မြှောက်ပင့်ပေးပြီး နောက်လိုက်တစ်ယောက်လို ပြုမူမယ်ဆိုရင် သူက မင်းအပေါ် အလွန် ရက်ရောလိမ့်မယ်'

'ဒါပေမဲ့ မင်းက သူ့ရှေ့မှာ မတုန်မလှုပ် တည်တည်ငြိမ်ငြိမ် ပြုမူမယ်၊ ဒါမှမဟုတ် အနည်းငယ် အထင်သေးတဲ့ အရိပ်အ ယောင် ပြသလိုက်မယ်ဆိုရင် သူက ဒေါသထွက်နေတဲ့ သားရဲတစ်ကောင်လို ဖြစ်သွားပြီး သူ့ကိုယ်သူ သက်သေပြဖို့ အစွမ်းကုန် ကြိုးစားလိမ့်မယ်'

'ပြီးတော့ ဒီကျိုးထျန်းကလည်း ဘယ်သူ့ကိုမှ ခေါင်းငုံ့မဲ့ကောင်မျိုးမှ မဟုတ်တာ ရှင်းနေတာပဲ။ သူတို့နှစ်ယောက်ကြားထဲမှာ သွေးထိုးပေးလိုက်တာက တကယ့်ကို ခမ်းနားတဲ့ ပြကွက်ကြီးတစ်ခု ဖြစ်လာတော့မှာ'

"ဟဲဟဲဟဲ... ငါကတော့ ဒီနှစ်ယောက် အပြန်အလှန် ကိုက်ကြတာကို ဘေးကနေ ထိုင်ကြည့်နေရုံပဲ၊ သူတို့ကတော့ မျောက်လိုမျိုး ကစားခံနေရမှန်း သိကြမှာ မဟုတ်ဘူး"

'ဟုတ်တယ်... မျောက်လို ကစားခံရတာ၊ ဒီမျောက်နှစ်ကောင်ထဲက ဘယ်ကောင်က ပိုပြီးအစွမ်းထက်လဲဆိုတာ ငါ ကြည့်ချင်သေးတယ်'

ဆွေ့ယွင်ကျန်း၏ နောက်မှ လိုက်ပါရင်း ကျိုးထျန်း၏ ဘေးနားသို့ ရောက်ရှိလာချိန်တွင် အနှစ်သာရရှိလှသော သရုပ် ဆောင်ကောင်းဖြစ်သည့် ဟန်တုန်သည် တမင်တကာပင် ထိတ်လန့်ကြောက်ရွံ့နေဟန် ပြုလုပ်ကာ သူ့ ကိုယ်ခန္ဓာတစ်ဝက်ကို သူငယ်ချင်းဖြစ်သူ၏ နောက်ကွယ်တွင် ဖုံးကွယ်ထားခဲ့သည်။

ကျိုးထျန်းသည် သူဌေးကျန်းနှင့် စကားပြောဆိုနေခဲ့သဖြင့် မည်သူတစ်ဦးတစ်ယောက် ချဉ်းကပ်လာသည်ကို သတိမပြုမိခဲ့ပေ။

"မင်းက ကျိုးထျန်းမလား"

ကျိုးထျန်းသည် တစ်စုံတစ်ဦးက မိမိ၏ နာမည်ကို လှမ်းခေါ်သည်ကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သည်။

ထိုအခါ သူသည် မောက်မာမှုနှင့် မကျေနပ်မှုများ ပြည့်နှက်နေသည့် မချိပြုံး ပြုံးထားသော မျက်နှာကြီးတစ်ခုကို ချက်ချင်း မြင်တွေ့လိုက်ရသည်။

"ခင်များက... မစ္စတာဆွေ့လား"

"ကျွန်တော့်ဆီက ဘာလိုချင်လို့လဲ"

ကျိုးထျန်းအနေဖြင့် ဤအမျိုးသားနှင့် ပတ်သက်၍ မကောင်းသည့် သတင်းများစွာ ကြားထားခဲ့ရသော်လည်း သူတို့နှစ်ဦးက ရင်းနှီးကြသည်မဟုတ်ရာ အခြားလူများ၏ အမြင်သက်သက်ဖြင့် သူစိမ်းတစ်ယောက်အပေါ် ဆုံးဖြတ် ချက်ချမည် မဟုတ်သော်လည်း သူ့အပေါ် ထားရှိသည့် အမြင်ကမူ အမှန်တကယ် မကောင်းမွန်ပေ။

"ဘာကိစ္စလဲ ဟုတ်လား"

"မင်းက အတော်လေး စွမ်းဆောင်ရည်ရှိပြီး အဆက်အသွယ်ကောင်းတွေ ရှိနေတယ်လို့ ငါ ကြားထားတယ်၊ ပြီးတော့ ငါ့သူငယ်ချင်းက မင်းကို အရမ်းကြောက်နေရတယ်တဲ့"

ဆွေ့ယွင်ကျန်း လှောင်ပြောင်လိုက်သည်။

"သူငယ်ချင်း ဟုတ်လား၊ ဘယ်သူ့ကို ပြောတာလဲ၊ ကျွန်တော် ခင်များကို မသိပါဘူး"

ကျိုးထျန်းသည် သူ့ပြုမူဆက်ဆံပုံအပေါ် အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။

‘ငါက မင်းကို သိတောင်မသိဘဲနှင့် မင်းက အနားရောက်လာပြီး အပြစ်တင် စွပ်စွဲနေတာက တော်တော် ရိုင်းစိုင်းတာပဲ’

"ဟမ့်... အခုထိ ဝန်မခံသေးဘူးပဲ၊ ရှောင်တုန်... ရှောင်တုန်"

ဆွေ့ယွင်ကျန်းက နောက်သို့ လှည့်ကာ မိမိ၏ နောက်ကွယ်တွင် ကုန်းကုန်းကွကွဖြင့် ပုန်းကွယ်နေသည့် ဟန်တုန်ကို လှမ်း၍ ခေါ်လိုက်သည်။

"ဒီကိုလာခဲ့... သူ့ကို ကြောက်နေစရာ မလိုဘူး"

ကျိုးထျန်းသည် ဆွေ့ယွင်ကျန်း၏ နောက်ကွယ်သို့ ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားခဲ့သည်။

'ဟန်တုန်... ဒီကောင်က ဘာလို့ ဒီနေရာကို ရောက်နေတာလဲ'

'မစ္စတာဆွေ့ ပြောတဲ့ သူငယ်ချင်းဆိုတာ သူ ဖြစ်နေတာလား'

သူသည် စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်ပြီးနောက် အခြေ အနေတစ်ခုလုံးကို ချက်ချင်း ရိပ်မိသွားခဲ့သည်။

'ဒီကောင်က အခုတော့ ကြောက်ဒူးတုန်နေတဲ့ ပုံစံမျိုး လုပ်ပြနေတာပဲ၊ ငါ့ရှေ့မှာတုန်းက ပြုမူခဲ့တဲ့ ပုံစံနဲ့ လုံးဝကွဲပြားနေတာ။ ဒါကြောင့် ဒါက သရုပ်ဆောင်နေတာ ဖြစ်ဖို့ ရာခိုင်နှုန်း အများကြီးပဲ'

'ကြောက်နေဟန်ဆောင်ပြနေတဲ့ပုံစံကိုက အရင်တုန်းက ငါက သူ့ကို အနိုင်ကျင့်ခဲ့ပါတယ်ဆိုတာကို လူသိရှင်ကြား ဖြစ်အောင် လုပ်နေတာပဲ'

သူက ဟန်တုန်ကို လှမ်း၍ ပြုံးပြလိုက်သည်။

"စီနီယာဟန်... ဒီမှာ ဆုံရတာ တကယ့်ကို တိုက်ဆိုင်တာပဲနော်၊ ကျွန်တော်တို့ တကယ့်ကို ရေစက်ရှိကြတာပဲ"

သူ၏စကားကို ကြားလိုက်ရသောအခါ ဟန်တုန်သည် ချက်ချင်းပင် ခေါင်းငုံ့လိုက်ပြီး တစ်ကိုယ်လုံး တုန်ယင်နေဟန် ပြုလုပ်လိုက်သည်။

ပြင်ပလူတစ်ဦး၏ အမြင်တွင်မူ သူသည် အမှန်တကယ် ထိတ်လန့်ကြောက်ရွံ့နေသည်ဟု ထင်မှတ်သွားပေလိမ့်မည်။

ဆွေ့ယွင်ကျန်းလည်း ထိုအတိုင်းပင် ထင်မှတ်သွားခဲ့သည်။

"ရှောင်တုန်... မင်းက ဘာလို့ သူ့ကို ကြောက်နေရတာလဲ၊ ငါ ဒီမှာ ရှိနေတာပဲ"

သူက ကျိုးထျန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"သူဌေးကျိုးက အရမ်းလွန်လွန်းပါတယ်၊ ကိစ္စအသေးအမွှားလေးတစ်ခုအတွက်နဲ့ ငါ့သူငယ်ချင်းကို ကျောင်းကနေ ထွက်သွားအောင် အတင်းအကျပ် ဖိအားပေးခဲ့ပြီးတော့ အခုထိ သူ့ရှေ့မှာ မောက်မာပြနေတုန်းပဲ၊ ငါ ဒါကို လုံးဝ သဘောမကျဘူး"

"မင်းတို့နှစ်ယောက်ကြားမှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ငါ ဂရုမစိုက်ဘူး၊ အခု ချက်ချင်း မင်း ရှောင်တုန်ကို ခေါင်းငုံ့ပြီး တောင်းပန်လိုက်၊ ပြီးတော့ သူ ကျောင်းက ထွက်လိုက်ရတဲ့အတွက် လျော်ကြေးအဖြစ် ယွမ် ၂ သန်း ပေးလျော်လိုက်၊ အဲဒါဆိုရင် ဒီကိစ္စက ပြီးသွားလိမ့်မယ်"

ဆွေ့ယွင်ကျန်း ခါးထောက်လျက်ရပ်နေပြီး ခေါင်းဆောင် တစ်ဦးကဲ့သို့ အမိန့်ပေးနေခြင်း ဖြစ်သည်။

ကျိုးထျန်း ပြုံးလျက် လက်ကို ဝေ့ယမ်းလိုက်သည်။

"ဥက္ကဋ္ဌဆွေ... ကျွန်တော်တို့ကြားမှာ အထင်အမြင်လွဲမှားမှု အချို့ ရှိနေပုံရတယ်၊ ခင်များက ဟန်တုန်နဲ့ ကျွန်တော့်ကြားမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်တွေကို အပြည့်အဝ နားလည်ထားပုံ မရဘူး၊ ကျွန်တော့်ဘက်က အကြောင်းပြချက်ကိုလည်း နားထောင်ပေးမလား၊ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့က တစ်ဖက်သတ် စကားကိုပဲ နားထောင်လို့ မရဘူးလေ"

သူ၏ ဆိုလိုရင်းမှာ ရှင်းလင်းလှသည်။

ဟန်တုန် ပြောပြသည့် ဇာတ်လမ်းက သေချာပေါက် ပြဿနာ ရှိနေသည်။ ရှင်းပြခွင့်ပေးရန်နှင့် ၎င်းနောက်မှ မည်သူက မှန်သည်၊ မည်သူက မှားသည်ကို ခင်များ ဆုံးဖြတ်ပါဟူ၍ ဖြစ်သည်။

"မင်း ဘာမှ ပြောနေစရာမလိုဘူး၊ ငါလည်း နားမထောင်ချင်ဘူး၊ ရှောင်တုန်က ငါ့ရဲ့ ညီအစ်ကိုအရင်းအခြာလိုပဲ၊ ငါ သူ့ကို သိတယ်၊ သူက လူတစ်ယောက်ကို မတရား စွပ်စွဲမယ့်သူ မဟုတ်ဘူး၊ ငါ အခု မင်းကို ရွေးချယ်စရာ တစ်ခုပဲပေးမယ် ၊ တောင်းပန်ပြီး ပိုက်ဆံပေးလျော်လိုက်”

All Chapters