← Chapters

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း ၁၉၆

Vol. 20 Ch. 196

🍋 Chapter 196

ကျိုးထျန်းသည် ယခင်အတိုင်းပင် ကားကို ကျောင်းထဲသို့ မောင်းမဝင်ဘဲ အနီးအနားရှိ စျေးဝယ်စင်တာတစ်ခု၌သာ ရပ်နားထားခဲ့သည်။

သူသည် ကျောင်းဝင်းထဲသို့ တစ်ယောက်တည်း လျှောက်လှမ်းဝင်လာစဉ် မိမိနှင့် ဝတ်စုံဆင်တူ ဝတ်ဆင်ထားသည့် ကျောင်းသား၊ ကျောင်းသူ အမြောက်အမြားကို ဖြတ်ကျော်လာခဲ့ရ၏။

၎င်းတို့အားလုံးသည် အလွန်ပင်ပန်းလှသည့် စစ်သင်တန်းနှင့် ရင်ဆိုင်ရတော့မည်ကို သိရှိထားကြသော်လည်း ပတ်ဝန်း ကျင်အသစ်သို့ ရောက်ရှိလာသည့် စိတ်လှုပ်ရှားမှုနှင့် မိတ်ဆွေအသစ်များ ရရှိတော့မည့် အခြေအနေများကြောင့် တက္ကသိုလ်ကျောင်းသားဘဝအပေါ် မျှော်လင့်ချက်ကိုယ်စီဖြင့် ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။

မိမိဘေးပတ်ဝန်းကျင်ရှိ လူတိုင်း နုပျိုလန်းဆန်းပြီး တက်ကြွနေကြသည်ကို မြင်တွေ့ရသောအခါ ကျိုးထျန်းသည် မိမိ၏ စိတ်နေစိတ်ထားက အနည်းငယ် ရင့်ကျက်လွန်းနေပြီလားဟု တွေးတောမိသွားသည်။

သူ့အနေဖြင့်မူ တက္ကသိုလ်ကျောင်းသားဘဝအပေါ် ထိုကဲ့သို့သော စိတ်အားထက်သန်မှုမျိုးကို မမွေးမြူနိုင်ခဲ့ချေ။

ထိပ်တန်းတက္ကသိုလ်များမှ ဘွဲ့ရရှိခဲ့သည့် ကျောင်းသားများပင်လျှင် ဘွဲ့ရပြီးနောက်ပိုင်း အလုပ်အကိုင် ရှာဖွေရခက်ခဲသည့် ပြဿနာများနှင့် ရင်ဆိုင်ကြရစမြဲ ဖြစ်သည်။

အကယ်၍ ဒေသခံများဆိုလျှင် အခြေအနေမှာ သိပ်မဆိုးလှသော်လည်း အခြားဒေသများမှနေ၍ ရှန်ဟိုင်း သို့မဟုတ် ပေကျင်းကဲ့သို့သော မြို့ကြီးများသို့ လာရောက်ပညာသင်ကြားကြသည့် ဘွဲ့ရလူငယ်များအတွက်မူ ဘွဲ့ရပြီးနောက် ရုတ်တ ရက် ကျရောက်လာမည့် ကြီးမားလှသော ဖိအားများက လူ့အဖွဲ့အစည်းထဲသို့ စတင်ဝင်ရောက်ခါစ လူငယ်လေးများကို အလွယ်တကူပင် ချေမှုန်းဖျက်ဆီးပစ်နိုင်ပေသည်။

သူတို့သည် နေရာတိုင်းတွင် ငွေကြေးပြတ်လပ်မှုများနှင့် ရုတ်တရက် ရင်ဆိုင်လာကြရလိမ့်မည်။

ဘွဲ့ရပြီးနောက်ပိုင်း မိသားစု၏ ထောက်ပံ့မှုများ မရှိတော့သည့်အခါ အိမ်လခ၊ စားစရိတ်နှင့် အခြားသော အထွေထွေကုန်ကျစရိတ်များကို ကိုယ်တိုင် ပေးချေရတော့မည် ဖြစ်သည်။

နေ့စဉ် မိနစ်ပိုင်းမှသည် နာရီပေါင်းများစွာအထိ ကြာမြင့်တတ်သည့် ရုံးတက်ရုံးဆင်း သွားလာရမှုများကပင် သူတို့အတွက် ဒုက္ခတစ်ခု ဖြစ်လာလိမ့်မည်။

ထိုအချိန်ကျမှသာ တက္ကသိုလ်ကျောင်းသားဘဝက မည်မျှအထိ ပျော်ရွှင်စရာကောင်းခဲ့ကြောင်းကို သူတို့ သဘောပေါက်သွားကြလိမ့်မည်။

သို့ဖြစ်ရာ ပျော်ရွှင်မှုဟူသည်မှာ နှိုင်းယှဉ်ချက်တစ်ခုမျှသာ ဖြစ်သည်။

ကျိုးထျန်းတွင်မူ သာမန်လူများကဲ့သို့သော စိုးရိမ်ပူပန်မှုမျိုး မရှိပေ။

အဘယ်ကြောင့်ဆိုသော် ကမ္ဘာပေါ်ရှိ ဒုက္ခအပေါင်း၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းသည် အကြောင်းရင်းတစ်ခုတည်းကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး ၎င်းမှာ ငွေကြေးမရှိခြင်းပင် ဖြစ်သည်။

သူသည် မိမိ၏ ရွယ်တူချင်းများ ဘဝပေါင်းများစွာ ကြိုးစားအားထုတ်လျှင်ပင် မရှာဖွေနိုင်မည့် ငွေကြေးပမာဏထက်မက ပိုမိုရှာဖွေထားပြီး ဖြစ်သဖြင့် ကျောင်းသားဘဝအပေါ် ထားရှိသည့် မျှော်လင့်ချက်မှာ သိသိသာသာ လျော့နည်းနေခြင်း ဖြစ်သည်။

သူသည် ကျောင်း၏ အားကစားကွင်းကြီးအတွင်းသို့ ရောက်ရှိလာပြီးနောက် မိမိအထူးပြုဘာသာရပ်၏ အစုအဖွဲ့ကို ရှာဖွေလိုက်သည်။

တရုတ်ဘာသာစကားနှင့် စာပေအထူးပြု အဖွဲ့ငယ်လေးထဲတွင် သူနှင့် အခြားအမျိုးသားသုံးဦးမှလွဲ၍ ကျန်ရှိသည့်လူများအားလုံးမှာ မိန်းကလေးများသာ ဖြစ်ကြသည်။

"ကျိုးထျန်း... နင် ရောက်လာပြီပဲ"

"ကျိုးထျန်းက စစ်ဝတ်စုံနဲ့ဆိုရင် တကယ့်ကို အတော်လေး ကြည့်ကောင်းတာပဲနော်"

"ကျိုးထျန်းရဲ့ ခန္ဓာကိုယ်အချိုးအစားက တကယ်ကို မိုက်တယ်"

သူ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် မိန်းကလေးတစ်စုက သူ့ကို တက်တက်ကြွကြွဖြင့် လှမ်း၍နှုတ်ဆက်ကြတော့ သည်။

ယခုအခါ သူသည် ပန်းခင်းကြီးထဲက သစ်ရွက်စိမ်းတစ်ရွက်ကဲ့သို့ ဖြစ်နေပြီး ပန်းပွင့်တိုင်းက သူ့အနားသို့ ချဉ်းကပ်ချင်နေကြသည်။

သူသည် လူတိုင်းကို ပျူငှာစွာ ပြန်လည်တုံ့ပြန်လိုက်ပြီးနောက် အဝေးသို့ လှမ်း၍ မျှော်ကြည့်လိုက်သည်။

ဂျာနယ်လစ်ဌာန၏အစုအဖွဲ့မှာ အတော်လေး ဝေးကွာလှသည်၊ အဘယ်ကြောင့်ဆိုသော် သူတို့က မတူညီသည့် မဟာဌာနနှစ်ခု ဖြစ်နေသောကြောင့်ပင်။

ကံကောင်းထောက်မစွာဖြင့် သူ့ အမြင်အာရုံက ကောင်းမွန်လှသဖြင့် လူအုပ်ကြီးထဲတွင် ရှိနေသည့် မုယန်ကို လှမ်း၍ တွေ့ရှိသွားခဲ့သည်။

သူမ၏ ပုံစံကို ကြည့်ရရုံဖြင့်ပင် အတန်းထဲတွင် အတော်လေး ရေပန်းစားနေပုံရကြောင်း သိနိုင်သည်။

မိန်းကလေးအချို့က သူမ ဘေးနားတွင် ဝိုင်းအုံကာ ပျော်ပျော်ရွှင်ရွှင် စကားပြောဆိုနေကြသည်။

ထို့ပြင် အဝေးကနေ ကြည့်လျှင်ပင် ထိုမိန်းကလေးများအားလုံးသည် ခန္ဓာကိုယ်အချိုးအစားနှင့် ရုပ်ရည်က အတော်လေး ကောင်းမွန်ကြကြောင်း သိသာလှသည်။

ရုပ်ရည်ချောမောပြီး ထူးချွန်ထက်မြက်သည့် လူများက သဘာဝအတိုင်း အစုအဖွဲ့တစ်ခုအဖြစ် အလိုအလျောက် ဖွဲ့စည်းသွားကြခြင်း ဖြစ်သည်။ သေချာပေါက် အိုတကူ များသည်လည်း အလိုအလျောက် အုပ်စုဖွဲ့သွားကြစမြဲပင်။

မနက် ၉ နာရီ ထိုးခါနီးအချိန်တွင် စစ်သင်တန်းဆရာ တစ်စုသည် စင်မြင့်အရှေ့တွင် စုဝေးကာ တပ်ခွဲမှူး၏ မိန့်ခွန်းကို နာခံရန် ပြင်ဆင်လိုက်ကြသည်။

မနက် ၉ နာရီ တိတိတွင် အားကစားကွင်းအတွင်း၌ သီချင်းသံများ စတင်ထွက်ပေါ်လာခဲ့ပြီး ကျောင်းသားအားလုံးသည် မိမိတို့၏ အထူးပြုဘာသာရပ်နှင့် တပ်ခွဲများအလိုက် စနစ်တကျ နေရာယူလိုက်ကြသည်။

စစ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို တရားဝင် စတင်လိုက်ပြီ ဖြစ်သည်။

ကျောင်းအုပ်ကြီးနှင့် ကျောင်းအာဏာပိုင်အဖွဲ့ဝင်များက စင်မြင့်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် တက်ရောက်ကာ အားပေးစကားများနှင့် လှုံ့ဆော်စကားများကို ပြောကြားကြသည်။

ကျိုးထျန်းသည် ဤအဓိပ္ပာယ်မရှိသည့် စကားများကို နားထောင်ရင်း အိပ်ငိုက်လုနီးပါး ဖြစ်သွားခဲ့သော်လည်း စိတ်ကို ဇွတ်အတင်း ထိန်းချုပ်ထားခဲ့ရသည်။

မိန့်ခွန်းပြောကြားမှုများမှာ တစ်နာရီနီးပါးမျှ ကြာမြင့်သွားခဲ့ပြီးနောက် ကင်မရာမျိုးစုံ ကိုင်ဆောင်ထားသည့် လူတစ်စုသည် စင်မြင့်၏ ဘေးဘက်တွင် ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

၎င်းတို့၏ ခေါင်းဆောင်မှာ အပေါ်ကုတ်အင်္ကျီလက်ပြတ်နှင့် ဘေ့စ်ဘောဦးထုပ်ကို ဝတ်ဆင်ထားသည့် အလတ်တန်းစား အမျိုးသားတစ်ဦး ဖြစ်သည်။

ကျိုးထျန်းသည် ထိုလူများကို မြင်လိုက်ရသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှား တက်ကြွသွားသည်။

'ငါ အစီအစဉ်ဆွဲထားတဲ့ လူတွေ ရောက်လာကြပြီပဲ'

နောက်ဆုံးကျောင်းအာဏာပိုင်တစ်ဦး မိန့်ခွန်းပြောကြားပြီးနောက် အလတ်တန်းစား အမျိုးသားကြီးအား စင်မြင့်ပေါ်သို့ တက်ရောက်ရန် ဖိတ်ကြားလိုက်သည်။

ကျောင်းအုပ်ကြီးမှ ထိုသူကို လူတိုင်းအား တက်တက်ကြွကြွဖြင့် မိတ်ဆက်ပေးလာခဲ့သည်။

"ကျောင်းသား၊ ကျောင်းသူတို့... ဒီနှစ် စစ်သင်တန်းမှာ နောက်ထပ် ထူးခြားတဲ့ အစီအစဉ်တစ်ခု ရှိနေပါတယ်။ ဆရာ့ရဲ့ ဘေးမှာ ရပ်နေတဲ့သူကတော့ ဟွမ်ရှီ ရုပ်ရှင်ထုတ်လုပ်ရေး က ဒါရိုက်တာဝူ ဖြစ်ပါတယ်။ အားလုံးပဲ လက်ခုပ်တီးပြီး ကြိုဆိုလိုက်ကြရအောင်"

(TN- Huanxi Flims ကို ဟွမ်ရှီ ရုပ်ရှင်ထုတ်လုပ်ရေးလို့ ပြောင်းလိုက်ပါတယ်)

ကျောင်းအုပ်ကြီးက ဦးဆောင်၍ လက်ခုပ်တီးလိုက်ရာ အခြားသော ကျောင်းအာဏာပိုင်များနှင့် ကျောင်းသားများကလည်း သဘာဝအတိုင်း လိုက်လံ လက်ခုပ်တီးကြတော့သည်။

ရောက်ရှိနေကြသည့် ကျောင်းသားများအားလုံးကမူ ဇဝေဇဝါ ဖြစ်သွားကြရသည်။

‘ဟွမ်ရှီရုပ်ရှင်ထုတ်လုပ်ရေးဆိုတာ ဘယ်ကနေ ရောက်လာတာလဲ၊ ပြီးတော့ စစ်သင်တန်းနဲ့ကော ဘာဆိုင်လို့လဲ’

အားကစားကွင်းကြီးတစ်ခုလုံးတွင် ရှိနေသည့် ရာနှင့်ချီသော ကျောင်းသားများထဲတွင် နှစ်ယောက်တည်းသာ ဟွမ်ရှီရုပ် ရှင်ထုတ်လုပ်ရေးနှင့် ပတ်သက်၍ သိရှိထားကြခြင်း ဖြစ်သည်။

ကျိုးထျန်းကမူ သေချာပေါက်သိရှိထားသည်။ အဘယ့် ကြောင့်ဆိုသော် အရာအားလုံးကို သူကိုယ်တိုင် စီစဉ်ထားခဲ့ခြင်း ဖြစ်သောကြောင့်ပင်။

မလှမ်းမကမ်းတွင် ရှိနေသည့် မုယန်သည်လည်း ကျောင်း အုပ်ကြီး၏စကားကို ကြားပြီးနောက် ထူးဆန်းသည့် မျက်နှာအမူအရာတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။

'ဟွမ်ရှီ ရုပ်ရှင်ထုတ်လုပ်ရေးဆိုတာ အစ်မရှောင်ရှင်းရဲ့ ကုမ္ပဏီ မဟုတ်ဘူးလား။ ဘာလို့ သူတို့လူတွေက ငါတို့ကျောင်းကို ရောက်နေရတာလဲ'

ကျောင်းအုပ်ကြီးက ဆက်လက်၍ ပြောကြားလိုက်သည်။

"ဒါရိုက်တာဝူနဲ့ သူ့ရဲ့ အဖွဲ့သားတွေက ဒီနေ့ ဒီနေရာကို ပရိုမိုးရှင်းဗီဒီယိုတစ်ခု ရိုက်ကူးဖို့အတွက် ရောက်ရှိလာတာ ဖြစ်ပါတယ်"

"ကျောင်းသားတို့ သိကြတဲ့အတိုင်းပဲ၊ လာမယ့် စက်တင်ဘာ ၉ ရက်နေ့မှာ ပြည်တွင်းဖြစ် သိပ္ပံရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တဲ့ Planet House ကို ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်"

"ဒီရုပ်ရှင်ဇာတ်ကားကြီးက ဟွမ်ရှီ ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီရဲ့ ဖန်တီးမှုတစ်ခု ဖြစ်ပါတယ်"

ဤစကားကို ကြားလိုက်ရသောအခါ ကျောင်းသားအားလုံးသည် ချက်ချင်းသဘောပေါက်သွားကြသည့် မျက်နှာအမူအရာများ ဖြစ်ပေါ်လာကြသည်။

Planet House အကြောင်းကို မည်သူက မသိဘဲ နေပါမည်နည်း။ ထိုရုပ်ရှင်သည် လက်ရှိအချိန်တွင် အလွန်တရာ ရေပန်းစားနေခြင်း ဖြစ်သည်။

ထို့အပြင် လူငယ်များသည် အထူးပြုလုပ်ချက် များစွာ ပါဝင်သည့် ရုပ်ရှင်များကို သဘာဝအတိုင်း ပိုမိုစိတ်ဝင်စားကြသဖြင့် ၎င်းတို့အားလုံးသည် ဤရုပ်ရှင်ဇာတ်ကားကြီးအပေါ် မျှော်လင့်ချက်အပြည့် ရှိနေကြသည်။

"ဒါရိုက်တာဝူက ကျွန်တော်တို့ ကျောင်းသားတွေရဲ့ စစ်သင် တန်းထဲက အတန်းတစ်ခုကို ဒီရိုက်ကူးရေးအတွက် အဓိကဇာတ်ကောင်အဖြစ် ရွေးချယ်သွားမှာ ဖြစ်ပါတယ်"

"ဒီပရိုမိုးရှင်းဗီဒီယိုကို ရုပ်ရှင်ဇာတ်ကားကြီးနဲ့အတူ ထည့် သွင်းပြသသွားမှာဖြစ်ပြီး ရိုက်ကူးရေးမှာပါဝင်ခဲ့တဲ့ ကျောင်း သားအားလုံးကိုလည်း အထူးပွဲတက်ရောက်ဖို့ ဖိတ်ကြားသွားမှာ ဖြစ်ပါတယ်"

ဝိုး...

ပရိသတ်ကြီးတစ်ခုလုံး ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့် ဆူညံသွားခဲ့တော့သည်။

‘ဒါက ကိုယ့်ကိုယ်ကိုယ် ထင်ပေါ်ကျော်ကြားစေဖို့အတွက် တကယ့်ကို ရွှေရောင်အခွင့်အရေးကြီးပဲ’

‘ပရော်ဖက်ရှင်နယ်အဖွဲ့သားတွေရဲ့ ရိုက်တာကို ခံရပြီး ပရိုမိုးရှင်းဗီဒီယိုတစ်ခု ဖြစ်လာမယ်ဆိုရင် ဒါက တစ်သက်လုံး ကြွားလုံးထုတ်လို့ရမယ့် ကိစ္စပဲ’

သူတို့ နှစ်သစ်ကူး၍ အိမ်ပြန်သောအခါ ဆွေမျိုးတွေအားလုံးကို ကြွားလုံးထုတ်နိုင်လိမ့်မည် ။

ထိုအရာထက် ကောင်းသော အရာ ရှိမည် မဟုတ်ပေ။

ထို့အပြင် ရုပ်ရှင်အထူးပွဲကို တက်ရောက်ခွင့်ရရှိခြင်းက ၎င်းတို့အနေဖြင့် နာမည်ကျော်အနုပညာရှင်များစွာကို သေချာ ပေါက် မြင်တွေ့ရမည် ဖြစ်ရာ ဒါက တစ်သက်တွင် တစ်ခါသာ ကြုံရခဲသည့် အခွင့်အရေး ဖြစ်သည်။

ရုပ်ရှင်၏ ကြိုတင်လက်မှတ်ရောင်းချမှုနှုန်းမှာ အလွန်တရာ မြင့်မားနေပြီး လက်မှတ်များပင် ကုန်စင်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

ယခုမူ အခမဲ့ကြည့်ရှုခွင့်ရမည့်အပြင် အထူးပွဲကိုပါ တက်ရောက်ရမည် ဖြစ်ရာ ဒါက အိမ်မက်တစ်ခု အမှန်တကယ် ဖြစ်လာသလိုမျိုးပင်။

ကျောင်းအုပ်ကြီးမှ ဒါရိုက်တာဝူထံသို့ မိုက်ခရိုဖုန်းကို လွှဲပြောင်းပေးအပ်ကာ စကားအချို့ ပြောကြားစေလိုက်သည်။

"အားလုံးပဲ မင်္ဂလာပါဗျာ၊ ကျွန်တော်ကတော့ ဟွမ်ရှီရုပ်ရှင်ထုတ်လုပ်ရေးက ဝူယီ ဖြစ်ပါတယ်။ ကျွန်တော် ဒီနေ့ ဒီနေရာကို ရောက်ရှိလာရတာကတော့ ကျွန်တော်တို့ကုမ္ပဏီကိုယ်စား ဖူတန့်တက္ကသိုလ်နဲ့ ပူးပေါင်းပြီး လူငယ်ဘဝနဲ့ စိတ်ကူးစိတ် သန်းတွေအကြောင်း ပရိုမိုးရှင်းဗီဒီယိုတစ်ခု ရိုက်ကူးဖို့အတွက် ဖြစ်ပါတယ်"

"နှစ်စဉ်ပြုလုပ်တဲ့ စစ်သင်တန်းဟာ ကျောင်းသားတွေရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ခန္ဓာကိုယ်ကျန်းမာမှုကို မြှင့်တင်ပေးရုံတင်မကဘဲ သူတို့ရဲ့ လူငယ်ဘဝ စွမ်းအင်တွေကို ထုတ်ဖော်ပြသနိုင်မယ့် ခမ်းနားတဲ့ စင်မြင့်ကြီးတစ်ခုလည်း ဖြစ်ပါတယ်"

"ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ဘဝရဲ့ အတောက်ပဆုံးသော အချိန်တွေကို မှတ်တမ်းတင် ရိုက်ကူးသွားဖို့ပဲ ဖြစ်ပါတယ်"

"ကျောင်းအုပ်ကြီး စောစောက ပြောသွားခဲ့သလိုပါပဲ၊ ကျွန် တော်တို့က ကျောင်းသားတွေထဲက အတန်းတစ်ခုကို ကျပန်းစနစ်နဲ့ ရိုက်ကူးရေးအတွက် ရွေးချယ်သွားမှာ ဖြစ်ပါတယ်"

"ဒီပရိုမိုးရှင်းဗီဒီယိုကို ရုပ်ရှင်အထူးပွဲမှာ ပြသသွားမယ့်အပြင် တက်ရောက်ဖို့ ဖိတ်ကြားသွားမှာ ဖြစ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး"

"ကံကောင်းလို့ ရွေးချယ်ခံရတဲ့ ကျောင်းသားတွေဟာ ဟွမ်ရှီ ရုပ်ရုပ်ထုတ်လုပ်ရေး ရဲ့ အစီအစဉ်နဲ့ ဟန်တျန့်ရုပ်ရှင်မြို့တော် မှာရှိတဲ့ ရုပ်ရှင်ရိုက်ကူးရေးကွင်းပြင်ဆီကိုပါ အခမဲ့ သွားရောက်လေ့လာခွင့် ရရှိကြမှာ ဖြစ်ပါတယ်"

ဒါရိုက်တာဝူ စကားများက ကျောင်းသားများ၏ စိတ်လှုပ်ရှားမှုများကို ပိုမိုမီးမွှေးပေးလိုက်သလိုမျိုး ဖြစ်သွားခဲ့သည်။

"ဝိုး... ကျွန်တော်တို့က အထူးပွဲကိုလည်း တက်ရမှာအပြင် ဟန်တျန့်ကိုပါ အခမဲ့ သွားရမှာလား"

"ဒါက အခမဲ့ ခရီးစဉ်တစ်ခု မဟုတ်ဘူးလား"

"ကျွန်မ ကြားဖူးတာတော့ အဲဒီနေရာမှာနာမည်ကြီး အနုပညာ ရှင်တွေ အများကြီး ရှိတယ်တဲ့၊ တကယ်လို့ ကျွန်မသာ ရွေးချယ်ခံရရင် လက်မှတ်ထိုးဖို့ စာအုပ်ကို သေချာပေါက် ယူသွားရမယ်"

မိမိ၏အတန်းဖော်များ စိတ်လှုပ်ရှားနေကြသည်ကို မြင်တွေ့ရသောအခါ ကျိုးထျန်းသည် ကျေနပ်စွာဖြင့် ပြုံးလိုက်မိသည်။

'ဒါက ငါ အလိုချင်ဆုံး အကျိုးသက်ရောက်မှုပဲ'

သူသည် ထိုနေ့က ကျောက်ဖန်ထံသို့ ဖုန်းဆက်ကာ ဤအစီအစဉ်ကို ဆောင်ရွက်စေခဲ့ခြင်း ဖြစ်သည်။

သူ၏အစီအစဉ်မှာ ပရိုမိုးရှင်းဗီဒီယိုအတွက် လိုအပ်သည့် ကုန်ကျစရိတ်ကို သူကိုယ်တိုင် ထောက်ပံ့ပေးမည်ဖြစ်ပြီး ဟွမ်ရှီရုပ်ရှင်ထုတ်လုပ်ရေးကမူ ရိုက်ကူးရေးအဖွဲ့သားများကို ပံ့ပိုးပေးရမည် ဖြစ်သည်။

ရိုက်ကူးရေးတွင် ပါဝင်ရမည့် ကျောင်းသားများသည် အခြားလူများကဲ့သို့ပင် ပင်ပန်းဆင်းရဲလှသည့် စစ်သင်တန်းကို အပြည့်အဝ တက်ရောက်ရန် မလိုအပ်တော့ချေ။

၎င်းတို့သည် စားသောက်စရာများနှင့် အအေးများ ရရှိမည့်အပြင် မိတ်ကပ်ပြင်ဆင်မှုများကိုပါ ရရှိကြမည်ဖြစ်ပြီး ရိုက်ကူးရေး နားချိန်များတွင်လည်း အနားယူခွင့် အပြည့်အဝ ရရှိကြလိမ့်မည်။

ကျိုးထျန်းသည် ဤလုပ်ငန်းစဉ်တစ်ခုလုံးကို နောက်ကွယ်ကနေ စိတ်ကြိုက် ညွှန်ကြားနိုင်မည်ဖြစ်သည်။

သူသည် ဟွမ်ရှီရုပ်ရှင်ထုတ်လုပ်ရေးက ကျောင်းထံသို့ လာရောက်ကမ်းလှမ်းလျှင် ကျောင်းဘက်က သေချာပေါက် သဘောတူလိမ့်မည်ဖြစ်ကြောင်း အသေအချာ ယုံကြည်ထားခဲ့သည်။

ထိုအရာမှာ ကျောင်း၏ဂုဏ်သိက္ခာကို မြှင့်တင်ရန်အတွက် အလွန်ကောင်းမွန်သည့် အခွင့်အရေးတစ်ခု ဖြစ်သည့်အပြင် အပိုဝင်ငွေ အချို့ကိုပါ ရရှိစေနိုင်သောကြောင့် ဖြစ်သည်။

ပမာဏအားဖြင့် အလွန်အမင်း မများပြားသော်လည်း မျှော်လင့်မထားသည့် ဝင်ငွေဟူသည်မှာ အမြဲတမ်း ကောင်းမွန်လှပေသည်။

တက္ကသိုလ်များသည် နှစ်စဉ် ရန်ပုံငွေများ လျှောက်ထားကြရစမြဲဖြစ်ရာ ကောင်းမွန်သည့် ပုံရိပ်ရှိနေခြင်းက ရန်ပုံငွေ ပိုမိုရရှိစေရန် အထောက်အကူဖြစ်စေသည်။

ဤပရိုမိုးရှင်းဗီဒီယိုသည် ဖူတန့်တက္ကသိုလ်ကျောင်းသားများ၏ ကောင်းမွန်သော ပုံရိပ်ကို မြှင့်တင်ရန်အတွက် အကောင်းဆုံးသော အခွင့်အရေးတစ်ခု ဖြစ်သည်။

ထို့အပြင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် ပြင်ဆင်နေသည့် နောက်ထပ် ထူးချွန်ကျောင်းသားများကို ဖူတန့်တက္ကသိုလ်သို့ ဆွဲဆောင်နိုင်လိမ့်မည် ဖြစ်သည်။

‘မြို့တော်မှာရှိတဲ့ တက္ကသိုလ်ကြီးနှစ်ခုဆီကိုပဲ အမြဲမသွားကြနဲ့၊ ငါတို့ကျောင်းကလည်း တကယ့်ကို အဆင့်မြင့်ပါတယ်’ ဟူ၍ ဖြစ်သည်။

All Chapters