အခန်း ၁၉၉
Vol. 20 Ch. 199
🍋 Chapter 199
လူတိုင်း မနာလိုဖြစ်သွားစေမည့် ထူးခြားသော ပါရမီကို ရုတ်တရက် ထုတ်ပြလိုက်သည့် အတန်းဖော်မလေးကို ဂရုမစိုက်တော့ဘဲ ကျိုးထျန်းသည် မုယန်ကို ဆွဲကာ ကျောင်းကနေ အိမ်ပြန်ခဲ့ကြသည်။
"မိန်းကလေးတွေ မိတ်ကပ်လိမ်းရတာ ဒီလိုခံစားချက်မျိုးကိုး၊ ဒါ ငါ့အတွက် ပထမဆုံးအကြိမ်ပဲ"
ကျိုးထျန်းသည် မိမိ၏မျက်နှာကို တို့ထိရင်း အတော်လေး စိတ်မသက်မသာ ဖြစ်နေမိသည်။
ပူပြင်းလှသော နွေရာသီ၏အပူရှိန်ကြောင့် ရိုက်ကူးရေးအတွက် လိမ်းခြယ်ထားခဲ့သည့် မိတ်ကပ်များသည် ချွေးများနှင့်အတူ ပျက်စီးနေခဲ့ရာ သူသည် ဤအခြေအနေကို အလွန်တရာ စိတ်ပျက်နေမိခြင်း ဖြစ်သည်။
"အခုမှ မိန်းကလေးဖြစ်ရတာ ဘယ်လောက်ခက်ခဲလဲဆိုတာ သိပြီမလား၊ ခဏနေရင် ငါနဲ့အတူ ဟိုတယ်အခန်းထဲကို လိုက်ခဲ့ဦး၊ အဲဒီမှာ ငါ့ရဲ့ မိတ်ကပ်ဖျက်ဆေး ရှိတယ်"
နာရီဝက်ခန့် ကြာမြင့်ပြီးနောက် ဟိုတယ်အခန်းအတွင်း
ကျောက်ရှင်းသည် သူမ၏ ဗိုက်ကိုနှိပ်ကာ သူ့ကို လှောင်ရယ်နေတော့သည်။
"ဟားဟားဟား... ငါတို့ရဲ့ စီအီးအိုကျိုးတောင်မှ မင်းသားချောလေးလိုမျိုး မိတ်ကပ်အပြင်ခံရတဲ့နေ့ ရှိသေးတာပဲကိုး"
သူမက စနောက်နေခဲ့သော်လည်း ကျိုးထျန်း၏ မိတ်ကပ်များကိုမူ သေချာစွာ ဖျက်ပေးနေခဲ့သည်။
အလုပ်အတွက် နေ့စဉ် မိတ်ကပ်လိမ်းခြယ်နေရသည့် အမျိုး သမီး အနုပညာရှင်တစ်ဦးဖြစ်သည့်အတွက် သူမ၏ မိတ်ကပ်ဖျက်သည့် အရည်အချင်းက မုယန်ထက် အဆပေါင်းများစွာ ပိုမိုကျွမ်းကျင်လှပေသည်။
"ဥက္ကဋ္ဌကျိုး... ဒီတစ်ကြိမ် မနက်ခင်းမှာ ဘာတွေ ကြံစည်နေတာလဲ၊ မုယန်နဲ့ တရားဝင် တွဲခုတ်ချင်ရုံသက်သက်တင် မဟုတ်တာတော့ သေချာပါတယ်နော်"
ကျောက်ရှင်းသည် သေချာပေါက် သူ၏ စစ်သင်တန်း အစီအစဉ်ကို သိရှိထားသည်၊ အဘယ်ကြောင့်ဆိုသော် ရိုက်ကူးရေးအဖွဲ့သားများ အားလုံးမှာ ဟွမ်ရှီရုပ်ရှင်ထုတ်လုပ်ရေးက ဖြစ်သောကြောင့်ပင်။
"ဟူး... ဘယ်လိုပြောရမလဲ၊ မင်းရဲ့ အိုင်ကျူ နဲ့ဆိုရင် ငါ့ရဲ့ လုပ်တာတွေကို နားလည်နိုင်မှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒါက မင်းရဲ့ အပြစ်တော့ မဟုတ်ပါဘူးလေ"
"ဟွန့်... နင်ကသာ အူတူတူ ထုံပေပေကြီး"
ကျိုးထျန်း၏ သရော်မှုကို ခံရသည့်အခါတိုင်း သူမသည် ချက်ချင်းပင် တုံ့ပြန်တတ်ပြီး မကျေနပ်ချက်များကို နောက်တစ်နေ့အထိ ဘယ်တော့မှ သယ်ဆောင်မသွားတတ်ချေ။
"ဘာပဲဖြစ်ဖြစ်... ငါပြောတဲ့အတိုင်းသာ လုပ်၊ ငါ့စကားကို နားထောင်ရင် ဘယ်တော့မှ မမှားစေရဘူး"
ကျောက်ရှင်းသည် နှာခေါင်းလေးရှုံ့ကာ ခေါင်းညိတ်လိုက်သည်။ ပိုက်ဆံရှာသည့် ကိစ္စနှင့် ပတ်သက်လာလျှင် သူမသည် ကျိုးထျန်းကို အပြည့်အဝ ယုံကြည်ထားဆဲပင်။
ထို့အပြင် ဟွမ်ရှီ ရုပ်ရှင်ထုတ်လုပ်ရေးကလည်း နစ်နာမှုမရှိချေ၊ ရိုက်ကူးရေးအဖွဲ့အတွက် ပိုက်ဆံများက ရောက်ရှိနေပြီဖြစ်ပြီး ကျိုးထျန်းကလည်း အလွန်ပင် လက်ဖွာလှပေသည်။
"ဒါနဲ့... မင်း နောက်ထပ် ရက်အနည်းငယ်ကြာရင် ရိုက်ကူးရေးအတွက် ဟန်တျန့်ကို ပြန်သွားရတော့မယ် မဟုတ်လား"
"ဟုတ်တယ်၊ ငါ ဆေးရုံမှာ နောက်ဆက်တွဲ သွားပြခဲ့တာ၊ ဆရာဝန်က ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်သရွေ့တော့ ပုံမှန်အတိုင်း နေလို့ရပြီလို့ ပြောတယ်"
ကျောက်ရှင်းသည် သူမ၏ ခြေထောက်များကို ပုတ်ရင်း အလွန် ဝမ်းမြောက်နေပုံရသည်။
သူမ အလုပ်မလုပ်ရသည်မှာ တစ်လနီးပါး ရှိနေပြီဖြစ်ရာ ဒီထက်မက ထပ်မံနားနေရပါက ခန္ဓာကိုယ်တစ်ခုလုံး သံချေးတက်သွားပေလိမ့်မည်။
ထို့အပြင် အလုပ်မရှိလျှင် ပိုက်ဆံမရှိ၊ ပိုက်ဆံမရှိလျှင် ဖခင်ဖြစ်သူ၏ အကြွေးများကို မဆပ်နိုင်၊ အကြွေးများ မဆပ်နိုင်ပါက ဖခင်ဖြစ်သူသည် ထောင်ထဲတွင် ဆက်လက် ဒုက္ခရောက်နေရမည် ဖြစ်သည်။
သူမသည် စိတ်ထဲကနေ အမှန်တကယ်ပင် စိုးရိမ်ပူပန်နေခဲ့သော်လည်း အလောတကြီး ဖြစ်နေ၍လည်း မထူးကြောင်း သိထားသည်။
ကံကောင်းထောက်မစွာဖြင့် ကျိုးထျန်း၏ ကူညီမှုကြောင့် သူမသည် မိမိ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့် မာခွန်းကို ဖြေရှင်းနိုင်ခဲ့ရုံတင်မကဘဲ ကုမ္ပဏီ၏ ရုပ်ရှင်ဇာတ်ကားကြီးကိုပါ ပြန်လည်အသက်သွင်းနိုင်ခဲ့သည်။
ရက်အနည်းငယ်အတွင်းမှာတင် ရုပ်ရှင်ရုံတင် ဝင်ငွေများကို ပြန်လည်ရရှိတော့မည်ဖြစ်ပြီး မျှော်မှန်းထားသည့် အကျိုး အမြတ်ကလည်း အလွန်အလားအလာ ကောင်းမွန်လှသည်။
ကျိုးထျန်းက ရုပ်ရှင်ရုံတင် ဝင်ငွေခွဲဝေမှုကို ၃၀/၇၀ အချိုးဖြင့် ကမ်းလှမ်းထားခဲ့သော်လည်း သူမ အဒေါ်ဖြစ်သူ၏ တွက်ချက်မှုအရ ၎င်းတို့အနေဖြင့် အရင်းကျေရန်အတွက် ပြဿနာမရှိချေ။
"မင်းက ဇာတ်လမ်းတွဲ ရိုက်ကူးရေးကွင်းဆီ ပြန်သွားပြီး ရိုက်ကူးရေး ဆက်လုပ်မှာလား"
"ဟုတ်တယ်၊ သူတို့တွေက ငါပြန်လာမှာကို စောင့်နေကြတာ၊ ငါက ရိုက်ကူးရေးကွင်းဆီ မသွားဘဲ နောက်ခံအစိမ်းရောင်ပိတ်ကားပေါ်မှာတင် ပေါင်းစပ်ပြီး ရိုက်ကူးလို့ မရဘူးလေ၊ ဒါဆိုရင် လုပ်ငန်းခွင်ထဲမှာ ငါ့နာမည်ပျက်သွားလိမ့်မယ်"
သူမသည် မိမိ၏ နာမည်ဂုဏ်သတင်းကို အလွန်တရာ တန်ဖိုးထားဆဲပင်၊ ပိုက်ဆံအမြန်ရဖို့အတွက်သာ စဉ်းစားပြီး နောက်ဆက်တွဲဆိုးကျိုးများကို ထည့်မတွက်ဘဲ ရူးသွပ်စွာ ပြုမူတတ်သည့် အချို့လူများနှင့် လုံးဝ ကွဲပြားလှပေသည်။
သူမ စိတ်ထဲတွင် အခြေခံ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်မှာ အမြဲတမ်း ပထမ ဖြစ်သည်။ ၎င်းမှာ လုပ်ငန်းခွင် စည်းကမ်းပင်။
"ကောင်းပြီ... မင်းက ရိုက်ကူးရေးကွင်းထဲမှာပဲ အာရုံစိုက်ပြီး ရိုက်လိုက်၊ ငါလည်း နောက်ထပ် ရက်အနည်းငယ်ကြာရင် ဟန်တျန့်ကို လာခဲ့မှာဖြစ်ပြီး ရိုက်ကူးရေးကွင်းဆီကို လာလည်ဦးမယ်"
"တကယ်လား... ဒါဆိုရင် နင် ငါ့အတွက် အရသာရှိတဲ့ အစားအစာတွေ သေချာပေါက် ယူလာပေးရမယ်နော်"
"ဟမ်..."
"နေဦး... နင်က နောက်ထပ် ရက်အနည်းငယ်ကြာရင် အတန်းထဲက ကျောင်းသားတွေ အားလုံးကို ဟန်တျန့်ကို ခေါ်သွားဖို့ စီစဉ်ထားတာ မဟုတ်ဘူးလား၊ နင်က ရိုက်ကူးရေးကွင်းဆီကို လာလည်မယ်ဆိုတာ... အတန်းဖော် ဆယ်ဂဏန်းမကကို တစ်ခါတည်း ခေါ်လာခဲ့မှာတော့ မဟုတ်ပါဘူးနော်"
ကျောက်ရှင်းသည် သူမ၏ မေးစေ့ကို လက်ဖြင့်ထောက်ကာ အကဲခတ်သည့် အမူအရာ ပြုလုပ်လိုက်သည်။
"ဂုဏ်ယူပါတယ်... မင်း ခန့်မှန်းတာ ကွက်တိပဲ"
"မရဘူးလေ... နင် တစ်ယောက်တည်း လာတာက အဆင်ပြေပေမဲ့ လူတွေ အများကြီး ခေါ်လာမယ်ဆိုရင်တော့ ပိုက်ဆံပေးရလိမ့်မယ်"
ကျောက်ရှင်းသည် လောဘကြီးသည့် မျက်နှာအမူအရာတစ်ခုကို ထုတ်ပြလိုက်သည်။
"မင်းက ဘယ်လောက် လိုချင်လို့လဲ"
"ပေါက်စျေးအရဆိုရင်တော့... လက်မှတ်ထိုးပေးတာနဲ့ ဓာတ်ပုံအတူတူရိုက်တာ အပါအဝင် တစ်နာရီကို ယွမ် ၁ သန်းပဲ"
ကျိုးထျန်းသည် သူမ၏ တောင်းဆိုစျေးနှုန်းကို ကြားလိုက်ရသည့်အခါ ရယ်မောလိုက်မိသည်။
"မင်းရဲ့ စျေးနှုန်းက တော်တော်မြင့်နေပါလား။ သူငယ်ချင်းတွေအတွက် လျှော့စျေး မရှိဘူးလား"
"တခြားလူတွေအတွက် ရှိပေမဲ့... နင့်အတွက်တော့ မရှိဘူး" ကျောက်ရှင်းက မာနတစ်ခွဲသားဖြင့် ကြည့်လိုက်သည်။
ကျိုးထျန်း ခေါင်းခါလိုက်မိသည်။
"မုယန်... လာပြီးတော့ နင့်ရဲ့ ရည်းစားလေးကို ကူညီပေးပါဦး" သူက အော်ဟစ်လိုက်တော့သည်။
"အာ... ဘာဖြစ်လို့လဲ"
မုယန်သည် မိတ်ကပ်ဖျက်ပြီးခါစဖြစ်၍ မျက်နှာကို သုတ်နေဆဲပင်။
သူမသည် မျက်သုတ်ပုဝါကို ကိုင်ဆောင်ကာ ထွက်လာခဲ့ပြီး ကျိုးထျန်း ဘေးတွင် ထိုင်လိုက်သည်။
"ငါတို့ နောက်ထပ် ရက်အနည်းငယ်ကြာရင် ဟန်တျန့်ကို သွားကြတော့မှာ၊ အဲဒီအခါ ကျောင်းသားတွေ အားလုံးကို ဒီလူအူတူတူမလေးရဲ့ ရိုက်ကူးရေးကွင်းဆီ ခေါ်သွားဖို့ ငါ စီစဉ်ထားတာ။ ဒါပေမဲ့ နင့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းမက ယွမ် ၁ သန်း တောင်းနေတယ်၊ ဒါက ကျိုးကြောင်းဆီလျော်မှု ရှိရဲ့လား"
မုယန်သည် ဤစကားကို ကြားလိုက်ရသောအခါ အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။
"အစ်မရှင်း... အစ်မက တကယ်ကို စျေးကြီးလွန်းတာပဲ"
"ကျိုးထျန်း... ဒါဆိုရင် ငါတို့တွေ မသွားဘဲ နေလိုက်ကြရအောင်၊ ယွမ် ၁ သန်းဆိုရင် ပစ္စည်းတွေ အများကြီး ဝယ်လို့ရတယ်"
မုယန်က အံ့သြတုန်လှုပ်စွာဖြင့် ပြောလိုက်သည်။
"ကောင်းပြီ... ဒါဆိုရင် ငါတို့ မသွားတော့ဘူး"
"ဟေး... နင်တို့တွေက ဘာလို့ ဒီလိုမျိုးလဲ၊ နှစ်ယောက်ပေါင်းပြီး ငါ့ကို လာအနိုင်ကျင့်နေကြတာပဲ၊ မုယန်... ငါတို့တွေ ပူးပေါင်းပြီး လူဆိုးတွေကို တိုက်ထုတ်ကြမယ်လို့ သဘောတူထားကြတယ် မဟုတ်ဘူးလား"
ကျောက်ရှင်းသည် မုယန်ကို မိမိဘက်သို့ ဆွဲခေါ်ကာ ဖက်လိုက်တော့သည်။
"ဒါပေမဲ့ ယွမ် ၁ သန်းက တကယ်ကို များလွန်းတယ်လေ... အစ်မ... လျှော့စျေး အနည်းငယ် ပေးရင်ကော ဘယ်လိုလဲ"
မုယန်သည် ကျိုးထျန်းဘက်သို့ လှည့်ကြည့်ကာ မျက်စိမှိတ်ပြလိုက်သည်။
ကျိုးထျန်းက လက်တစ်ဖက်ကို ဆန့်ထုတ်ပြလိုက်၏။
"အာ... ယွမ် ၅ သိန်းလား၊ နင်က စျေးဆစ်တာ တကယ်ကို လွန်လွန်းတယ်"
ကျောက်ရှင်းသည် ဒေါသထွက်နေသည့် ကြောင်တစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်တော့သည်။
"ဘယ်သူက ယွမ် ၅ သိန်းလို့ ပြောလဲ၊ ယွမ် ၅၀၀၀ ပဲ၊ ယူရင်ယူ မယူရင်နေ တကယ်လို့ မင်း မယူဘူးဆိုရင်လည်း ငါက လူတွေကို အလကားပဲ ခေါ်သွားမှာ"
"မဖြစ်နိုင်တာ"
"တကယ်လို့ မရဘူးဆိုရင်လည်း... ငါ နောက်ထပ် ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်တော့ဘူး"
"ကောင်းပါပြီ... ယွမ် ၅၀၀၀ လည်း ၅၀၀၀ ပေါ့"
ကျောက်ရှင်းသည် သူ့ စကားကြောင့် လုံးဝ စကားဆွံ့အသွားခဲ့ရသည်။
ရင်းနှီးမြှုပ်နှံသူ ဟူသည်မှာ အမြဲတမ်း စကားအရာတွင် အသာစီး ရစမြဲပင်။
ကျိုးထျန်းနှင့် မုယန်တို့သည် အောင်ပွဲခံသည့်အနေဖြင့် လက်ချင်းရိုက်လိုက်ကြသည်။
ကျောက်ရှင်းသည် ဤလူမိုက်၏ အနိုင်ကျင့်မှုကို အကြိမ် ကြိမ် ခံနေရသဖြင့် အနည်းငယ် စိတ်ပျက်နေမိသော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားခဲ့သည်။
"ငါ ပိုက်ဆံအနည်းငယ်ပဲ ယူတာ လက်ခံပေးလို့ရပေမဲ့... နင် ငါ့ကို အချက်တစ်ချက်တော့ ကတိပေးရမယ်"
"ပြောလေ..."
"ဟန်တျန့်မှာရှိတဲ့ လူအများစုက နင့်ရဲ့ နာမည်ကို ကြားဖူးကြပြီးတော့ နင်နဲ့အတူ ထမင်းတစ်နပ်လောက် အတူတူ စားချင်နေကြတယ်၊ မကြာသေးခင်ကတင် လူအတော်များများက ငါ့ကို ဆက်သွယ်လာကြပြီး ငါ့ကတစ်ဆင့် နင်နဲ့ သိကျွမ်းခွင့်ရဖို့ ကြိုးစားနေကြတာ၊ နင် ဟန်တျန့်ကို သွားတဲ့အခါ သူတို့နဲ့ တွေ့ပေးရင်ကော ဘယ်လိုလဲ"
"ဘာပဲဖြစ်ဖြစ်... လုပ်ငန်းခွင်ထဲက ဝါရင့်လူကြီးအချို့ကပါ ငါ့ကို လာပြီး အကူအညီတောင်းနေကြတာဆိုတော့ သူတို့ကို အကြိမ်ကြိမ် ငြင်းပယ်ရတာ အဆင်မပြေဘူးလေ"
'Planet House’ ရုပ်ရှင်ဇာတ်ကားကြီး ပျက်စီးလုနီးပါး အခြေအနေကနေ ပြန်လည်အသက်ဝင်လာခဲ့ပြီးနောက် မရေမတွက်နိုင်သော လူများသည် ကျိုးထျန်း၏ အကြောင်းကို စုံစမ်းနေကြခြင်း ဖြစ်သည်။
သူ၏ ယွမ် သန်း ၁၀၀ နီးပါးရှိသောကြီးမားလှသည့် ငွေကြေး အင်အားကို အသာထားဦး၊ ကျင့်ချိုင်ရုပ်ရှင်ကုမ္ပဏီ ရုတ်တ ရက် ဒေဝါလီခံသွားရသည့် အချက်တစ်ခုတည်းဖြင့်ပင် အနုပညာရှင်များစွာသည် တစ်စုံတစ်ခု ထူးခြားနေကြောင်း ရိပ်မိနေကြပြီ ဖြစ်သည်။
နောက်ခံ အင်အားမရှိဘဲ ဤကဲ့သို့သော ကိစ္စမျိုးကို လုပ်ဆောင်နိုင်မည့်သူ ရှိပါမည်နည်း။
အကယ်၍ တစ်စုံတစ်ဦးက မည်သည့် အဆက်အသွယ်မျှ မရှိဘဲ ထိပ်တန်းရုပ်ရှင်ကုမ္ပဏီကြီးတစ်ခုကို ဖြိုချနိုင်ခဲ့ခြင်း ဖြစ်ပါက ၎င်းမှာ အဆက်အသွယ် ရှိနေခြင်းထက်ပင် ပိုမို၍ ကြောက်မက်ဖွယ်ကောင်းလှပေသည်။
မည်သို့ပင်ဖြစ်စေကာမူ... ထိုလူများသည် အားကိုးထိုက်သည့် ကျောထောက်နောက်ခံအသစ်တစ်ခုကို မြင်တွေ့သွားကြပြီဖြစ်ရာ လာရောက် ဖားချင်နေကြခြင်း ဖြစ်သည်။
ဟွမ်ရှီရုပ်ရှင်ထုတ်လုပ်ရေးနှင့် ဆက်ဆံရေးကောင်းမွန်သည့် အချို့သော ဒါရိုက်တာများနှင့် သရုပ်ဆောင်များသည် ဤလူကြီးလူကောင်းနှင့် ဆက်သွယ်ပေးရန်အတွက် ကျောက်ရှင်းထံသို့ တိုက်ရိုက်လာရောက်ကာ အသနားခံနေကြခြင်း ဖြစ်သည်။
အထူးသဖြင့် အသက်ကြီးရင့်လှပြီဖြစ်သည့် ဒါရိုက်တာကြီးတစ်ဦး ရှိနေပြီး ဤလူကြီးသည် မကြာသေးမီနှစ်များအတွင်း ကံဆိုးမှုများနှင့် ဆက်တိုက် ရင်ဆိုင်နေခဲ့ရသည်။
သူသည် အနုပညာရုပ်ရှင်များ၏ ဝါရင့်တစ်ဦး ဖြစ်သော် လည်း နောက်ပိုင်းတွင် ရိုက်ကူးခဲ့သည့် စီးပွားရေးရုပ်ရှင် အားလုံးမှာ ရှုံးနိမ့်ခဲ့သဖြင့် ရင်းနှီးမြှုပ်နှံသူများသည် သူ့ကို ကပ်ရောဂါတစ်ခုလိုမျိုး ရှောင်လွှဲနေကြသည်။
နောက်ဆုံးတွင် သူသည် ဘတ်ဂျက်နည်းပါးလှသည့် အနုပညာရုပ်ရှင်တစ်ခုကို ရိုက်ကူးရန်အတွက် ပိုက်ဆံများကို ခက်ခက်ခဲခဲ စုဆောင်းခဲ့ရသော်လည်း ရုပ်ရှင်၏အကြောင်း အရာက အနည်းငယ်... ထိရှလွယ်လွန်းသဖြင့် ဆင်ဆာအဖွဲ့၏ပိတ်ပင်မှုကို ခံခဲ့ရပြီး ရုံတင်ပြသခွင့် မရရှိခဲ့ချေ။
ဤအခြေအနေက သူ့ကို ပိုမိုဆိုးရွားသွားစေခဲ့သည်။
သူသည် ထိုရုပ်ရှင်ကို ရိုက်ကူးရန်အတွက် မိမိ၏အိမ်ကိုပင် ပေါင်နှံထားခဲ့ခြင်း ဖြစ်သော်လည်း တစ်ပြားတစ်ချပ်မျှ ပြန်မရရှိခဲ့ချေ။
သူ အသည်းအသန် ဖြစ်နေသည့်အချိန်တွင် ဟွမ်ရှီရုပ်ရှင်ထုတ်လုပ်ရေး၏အကြောင်းကို သိရှိသွားခဲ့ခြင်း ဖြစ်သည်။
နေရာအနှံ့ စုံစမ်းပြီးနောက် သူသည် အလွန်တရာစိတ်ဝင် စားသွားခဲ့တော့သည်။
ဤလူသည် အသက်ကြီးရင့်ပြီး အတွေ့အကြုံများပြားလှသည့်အပြင် လက်တွေ့တွင်လည်း အမှန်တကယ်ပင် အရည်အချင်းရှိသူ ဖြစ်သည်။
သူသည် ကျောက်ရှင်းထံသို့ သီးသန့်အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း မည်သည့် တုံ့ပြန်မှုကိုမျှ မရရှိခဲ့ချေ။
ယခုအခါ ကျိုးထျန်း ဟန်တျန့်သို့ သွားမည့် ခရီးစဉ်ကို အသုံးပြုပြီး တကယ်လို့ သူသာ ဆန္ဒရှိပါက ထိုလူများအားလုံးနှင့် တစ်ပြိုင်နက်တည်း တွေ့ဆုံပေးနိုင်မည်ဖြစ်ရာ ဒါက သူမအတွက်လည်း တာဝန်ကျေပွန်သွားစေလိမ့်မည် ဖြစ်သည်။
ဖျော်ဖြေရေးလောက ဆိုသည်မှာလည်း လူမှုဆက်ဆံရေး နေရာတစ်ခု ဖြစ်သဖြင့် မိမိက အခြားလူများကို လေးစားမှုပြသလျှင် ၎င်းတို့ကလည်း ပြန်လည် လေးစားကြရစမြဲပင်။
ကျိုးထျန်းသည် ဤအကြောင်းကို ခေတ္တမျှ စဉ်းစားလိုက်သည်။
"ကောင်းပြီ... ဒါပေမဲ့ လူ ဆယ်ယောက်ထက် ပိုပြီး လာခွင့်မပြုနဲ့ အများဆုံး စားပွဲတစ်ဝိုင်းစာပဲ ဖြစ်ရမယ်.... ပြီးတော့ မင်းပဲ ဧည့်သည်စာရင်းကို အဆင်ပြေအောင် စီစဉ်လိုက်"
"ကောင်းပါပြီ... ငါ သူတို့ကို ချက်ချင်း ဆက်သွယ်လိုက်မယ်"
ကျောက်ရှင်းသည် သူမ၏ ဖုန်းကို ကောက်ကိုင်ကာ ဖုန်းခေါ်ဆိုလိုက်တော့သည်။
တစ်ချိန်တည်းမှာပင် ကျိုးထျန်းသည် စိတ်ထဲကနေ တွေးတောနေမိသည်။
'ငါ 'Planet House’ လိုမျိုး တစ်ဟုန်ထိုး ရေပန်းစားလာမယ့် နောက်ထပ် ရုပ်ရှင်ဇာတ်ကားတစ်ကားကို ထပ်ရှာနိုင်ဦးမလား မသိဘူး’