အခန်း ၂၀၀
Vol. 20 Ch. 200
🍋 Chapter 200
ည ၇ နာရီတွင် ဟွမ်ရှီ ရုပ်ရှင်ထုတ်လုပ်ရေး၏ တရားဝင် Weibo အကောင့်မှ အသစ်တည်းဖြတ်ထားသော ဗီဒီယိုတစ်ခုကို လွှင့်တင်လိုက်သည်။
ထိုဗီဒီယိုမှာ အလွန်တိုတောင်းပြီး ၁၀ စက္ကန့်မျှသာ ကြာမြင့်ကာ ထိုနေ့က ကျောင်း၌ ရိုက်ကူးခဲ့သော ရုပ်ရှင်တိုလေးပင် ဖြစ်သည်။
တည်းဖြတ်သူမှ ဤနမူနာဗီဒီယိုတိုကို အမီပြုလုပ်ရန်အပြေး အလွှား ဖန်တီးခဲ့ရခြင်းဖြစ်၏။
ဒါရိုက်တာဝူသည် အတော်ကျွမ်းကျင်သည်ဟု ဆိုရမည်။
စက္ကန့်ပိုင်းမျှအတွင်းမှာပင် ကျောင်းသား၊ ကျောင်းသူများ၏ ငယ်ရွယ်နုပျိုသော တက်ကြွမှုများကို ဖမ်းယူရိုက်ကူးနိုင်ခဲ့သည်။
မိန်းကလေးများ၏ မျက်နှာပေါ်မှ စီးကျလာသော ချွေးစက်များကို အနီးကပ်ရိုက်ချက် အချို့ဖြင့် ပြသထားရာ လူငယ်တို့၏ထက်သန်သော စိတ်ဓာတ်ကို ပိုမိုပေါ်လွင်စေသည်။
ဗီဒီယိုအဆုံးတွင် စာသားအချို့ ပေါ်လာလေ၏။
"ဤရုပ်ရှင်တိုကို လက်ရှိတွင် ရိုက်ကူးနေဆဲဖြစ်သည်၊ အပြည့်အစုံကို Planet House ရုပ်ရှင်နှင့်အတူ တစ်ပြိုင်နက်တည်း ပြသသွားမည်ဖြစ်သည်"
ဤ Weiboပို့စ်ကို ကျောက်ရှင်း နှင့် အခြားအနုပညာရှင်များက ပြန်လည်မျှဝေခဲ့ကြသဖြင့် လိုက်ခ်ပေးသူ အမြောက်အ မြား လျင်မြန်စွာရရှိလာခဲ့သည်။
ဗီဒီယိုအပြင် ထို Weibo ပို့စ်တွင် စာသားအနည်းငယ်သာ ပါရှိ၏။
"ကြော်ငြာနေရာ ငှားရန်ရှိသည်"
ထို့ပြင် ပြည်တွင်း၊ ပြည်ပရှိ ကုန်အမှတ်တံဆိပ်များ၏တရား ဝင်အကောင့် အမြောက်အမြားကိုလည်း Tag တွဲထားသေးသည်။
ငါးမိနစ်ခန့်အကြာတွင် ကမ္ဘာကျော် ကုန်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သော တျန်ကျန်း ကုန်သွယ်ရေးကုမ္ပဏီက ဟွမ်ရှီ ရုပ်ရှင်ထုတ်လုပ်ရေး၏ တရားဝင် Weibo ပို့စ်အောက်တွင် မှတ်ချက်တစ်ခု ချန်ထားခဲ့သည်။
"အဓိကကြော်ငြာရှင်အဖြစ် သီးသန့်စပွန်ဆာ ပေးလို့ရမလား"
ထို့နောက် အခြားကုမ္ပဏီအချို့ကလည်း အလားတူမေးခွန်းများကို မေးမြန်းလာကြသည်။
တျန်ကျန်းကုန်သွယ်ရေးကုမ္ပဏီမှာ လတ်ဆတ်သောသစ် သီးဝလံများကို တင်သွင်းသည့် မစ္စတာကျန်း ပိုင်ဆိုင်သော ကုမ္ပဏီဖြစ်သည်။
အကြောင်းပြန်လာသော အခြားကုမ္ပဏီများမှာလည်း ထိုနေ့က အစားအသောက်အသင်းအဖွဲ့၏ တည်ခင်းဧည့်ခံပွဲတွင် သူနှင့်ဆုံခဲ့သည့် မိတ်ဆွေများပင်ဖြစ်ကြ၏။
၎င်းတို့အနက် အများစုမှာ အစားအသောက်လုပ်ငန်းနယ်ပယ်မှ ဖြစ်ကြသဖြင့် အနည်းငယ်တစ်သမတ်တည်း ဖြစ်နေသော် လည်း လူပြောသူပြော အလွန်များလာခဲ့သည်။
ထို့ပြင် ကျိုးထျန်း သည် ထိုဗီဒီယိုတိုအတွင်း၌ အချိုရည်၊ ရေခဲမုန့်နှင့် အားကစားရှူးဖိနပ်များပါဝင်သော ရိုက်ချက်သုံးချက်ကို အထူးတလည်ထည့်သွင်းရန် ညွှန်ကြားထားခဲ့သည်။
၎င်းတို့ကို ဝါးထားသော်လည်း ထိုကုန်အမှတ်တံဆိပ်များကို အထင်အရှား ညွှန်ပြနေသကဲ့သို့ပင်။
"လာစမ်းပါ၊ မင်းကို ငါမျက်စိကျနေတာ ကြာပြီ"
မြို့တော်ရှိ ဇာတ်လိုက်မင်းသား ကျန်းနင်၏ အားအစားရှူးဖိနပ်ကုမ္ပဏီ ရုံးချုပ်၌ ဖြစ်သည်။
အကြီးအကဲ ကျန်းနင်မှာ အသက်မငယ်တော့ပေ။ သူသည် လက်ကိုင်ဖုန်း သို့မဟုတ် အခြားအီလက်ထရွန်နစ်ပစ္စည်းများကို အသုံးပြုလေ့မရှိပေ။
အသက်ကြီးလာသည်နှင့်အမျှ မျက်စိကလည်း အရင်ကလောက် မကောင်းတော့သဖြင့် မျက်နှာပြင်ပေါ်ရှိ စာလုံးအသေးလေးများကို သဲသဲကွဲကွဲ မမြင်ရတော့ပေ။
သူသည် စာဖတ်ခန်းထဲတွင် တစ်ယောက်တည်းထိုင်ကာ စာဖတ်နေစဉ် ရုတ်တရက် တံခါးအပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။
"အဘိုး... အလုပ်ရှုပ်နေလား"
"ဝင်ခဲ့လေ"
ထိုအသံကို ကြားရုံနှင့် သူ့မြေးမလေးဖြစ်ကြောင်း သူသိလိုက်သည်။
"အဘိုး... ဒါလေး ကြည့်ကြည့်ဦး"
မြေးမလေးက လက်ကိုင်ဖုန်းတစ်လုံးကို မြှောက်ပြလာ၏။
အကြီးအကဲ ကျန်းနင်သည် မြေးမလေးကို အလွန်အလိုလိုက်သူဖြစ်ရာ ချက်ချင်းပင် စာဖတ်မျက်မှန်ကို ကောက်တပ်လိုက်သည်။
သူသည် ခေတ်ရေစီးကြောင်းနှင့် လုံးဝအလှမ်းကွာဝေးသွားပြီး မြေးမလေးနှင့် ပြောစရာ စကားဝိုင်းမရှိဘဲ ဖြစ်သွားမည်ကို အမှန်တကယ်ပင် စိုးရိမ်မိသည်။
"ဒါ ဘာလဲ"
၁၀ စက္ကန့်မျှ ကြည့်ပြီးနောက် ဗီဒီယို ပြီးဆုံးသွားရာ ကျန်းနင်က မျက်မှန်ကို ချွတ်လိုက်သည်။
"ကြော်ငြာနေရာ ငှားရန်ရှိသည် ဟုတ်လား"
"ဒီခေတ် ကုမ္ပဏီတွေရဲ့ ဈေးကွက်ရှာဖွေရေး ဗျူဟာတွေက တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ၊ ဒါပေမဲ့ ဒါက ငါတို့နဲ့ ဘာဆိုင်လို့လဲ"
သူက မြေးမလေးကို အနည်းငယ် ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
"အဘိုးကလည်း... ဒီရုပ်ရှင်တိုက လတ်တလော အရမ်းလူကြိုက်များနေတဲ့ ရုပ်ရှင်နဲ့ ဆက်စပ်နေတာလေ၊ ပြီးတော့ လူငယ်တွေရဲ့ အားမာန်နဲ့ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးတာဆိုတော့ သမီးတို့အမှတ်တံဆိပ်ရဲ့ ပုံရိပ်နဲ့ ကွက်တိပဲမဟုတ်ဘူးလား"
"သမီးထင်တာတော့ သူတို့က စပွန်ဆာရှာနေတာ ထင်တယ်၊ အဲဒါကြောင့် သမီးတို့ဘက်က ငွေအနည်းငယ် စိုက်ထုတ်ပြီး ပစ္စည်းတချို့ ထောက်ပံ့ပေးရင် ရင်းနှီးမှုအနည်းငယ်နဲ့ ရလဒ်အကြီးကြီးရနိုင်တယ်လေ"
ကျန်းနင် ခေါင်းယမ်းလိုက်၏။
"ငါတို့ရဲ့ နှစ်ပတ်လည် ကြော်ငြာဘတ်ဂျက်က အတော်လေး မြင့်နေပြီသား၊ အဲဒါကိုလည်း နှစ်စကတည်းက သတ်မှတ်ထားပြီးပြီလေ၊ အခုလို နောက်ဆုံးအချိန်မှ အရေးပေါ်ထည့်ဖို့ကျတော့ အဆင်မပြေရင်တောင် အနည်းဆုံးတော့ အစည်း အဝေးလုပ်ရဦးမယ်"
သူက ဆင်ခြေပေးသည့်အနေဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
လူငယ်များ၏ အတွေးအမြင်ကို သူနားမလည်သဖြင့် အမှန်တကယ် ထိရောက်မည်ဟု မယုံကြည်ပေ။
မြေးမလေးက သူမအဘိုး ဤသို့ပြောမည်ကို ကြိုတင်သိထားသဖြင့် ပြင်ဆင်ထားပြီးသား ဖြစ်၏။
"အဘိုး... Hook နဲ့ Clover က အဲဒီရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီဆီကို ဆက်သွယ်နေကြပြီနော်"
"ဘာ"
ကျန်းနင် နေရာမှ ဝုန်းခနဲ ထရပ်လိုက်သည်။
"ဆက်သွယ်စမ်း... အခုချက်ချင်း ဆက်သွယ်လိုက်! ငါတို့ ဒီရုပ်ရှင်ကို စပွန်ဆာပေးမယ်၊ ငါတို့ လူငယ်တွေအပေါ်မှာ နိုင်ငံခြားအမှတ်တံဆိပ်တွေ ကပ်ပါလာတာကို ခွင့်မပြုနိုင်ဘူး၊ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေထဲမှာ နိုင်ငံခြားအမှတ်တံဆိပ်တွေက နေရာတကာပဲ၊ ငါ အဲဒီအထာကို တော်တော်မုန်းတာ!"
"ဟုတ်ကဲ့... သမီး အခုချက်ချင်း ဆက်သွယ်ပြီး သီးသန့်စပွန်ဆာရအောင် ကြိုးစားလိုက်ပါ့မယ်"
မြေးမလေးက ဝမ်းသာသွားသည်။ စကားအနည်းငယ် ပြောရုံဖြင့် အဘိုးဖြစ်သူထံမှ ခွင့်ပြုချက် ရရှိခဲ့သည်။
အဘိုးအိုတွင် ပြင်းထန်သော မျိုးချစ်စိတ်ရှိရာ ယင်းက သူ့အားနည်းချက်ဖြစ်သလို အောင်မြင်ရခြင်း၏ အကြောင်း ရင်းလည်း ဖြစ်သည်။
"ကောင်းပြီ... မြန်မြန်သွားတော့။ ဈေးနှုန်းက အရမ်းကြီး မတန်တဆ မဖြစ်သရွေ့တော့ လက်ခံလိုက်"
...
ဟိုတယ်ဆိုဖာပေါ်တွင် ထိုင်နေသော ကျိုးထျန်းထံသို့ ဒါရိုက်တာဝူထံမှ ဖုန်းဝင်လာသည်။
သူသည် ဤလေလံဆွဲသည့် လုပ်ငန်းစဉ်အတွက် လူများကို ဆက်သွယ်ရန်လည်း တာဝန်ယူထားရသူ ဖြစ်၏။
"မစ္စတာကျိုး... ကျန်းနင်ဂရုက ကျွန်တော်တို့ကို ဆက်သွယ်လာပြီး အဓိက ကြော်ငြာရှင်အဖြစ် သီးသန့်စပွန်ဆာ ပေးချင်တယ်တဲ့၊ သူတို့က ၁ သန်း ကမ်းလှမ်းထားတယ်၊ ဆရာ့သဘော ဘယ်လိုရှိလဲ"
ကျိုးထျန်း ပြုံးလျက်
"တိုက်ရိုက်ပဲ ငြင်းလိုက်ပါ၊ အဓိက ကြော်ငြာရှင်အဖြစ် သီးသန့်စပွန်ဆာကို လက်မခံပါနဲ့ ငါတို့အနေနဲ့ အနည်းဆုံးတော့ အားကစားအမှတ်တံဆိပ်၊ အချိုရည်ကုမ္ပဏီ၊ အအေးကုမ္ပဏီနဲ့ နေလောင်ကာခရင်မ် ကုမ္ပဏီတွေကို ဒီရုပ်ရှင်မှာ ပါဝင်လာအောင် စည်းရုံးရမယ်"
"မင်း သူတို့ကို ပြောနိုင်တာက အားကစားအမှတ်တံဆိပ်အတွက် သီးသန့်စပွန်ဆာ ပေးလို့ရတယ်၊ ဒါပေမဲ့ ဈေးနှုန်းကတော့... အခြားအမှတ်တံဆိပ်တွေရဲ့ ကမ်းလှမ်းချက်တွေကို အရင်စောင့်ကြည့်ဦး၊ မလောနဲ့ဦး"
"ဟုတ်ကဲ့... ကျွန်တော် နားလည်ပါပြီ"
ဖုန်းချပြီးနောက် ကျိုးထျန်းသည်စားပွဲပေါ်တွင် လက်ချောင်း များဖြင့် ခေါက်ကာ စဉ်းစားနေမိသည်။
"၁ သန်းကတော့ မဖြစ်နိုင်ဘူး၊ အရင်းတောင် မကျေဘူးလေ။ သူတို့အချင်းချင်း ပြိုင်ဆိုင်ပါစေဦး၊ ငါ့အမြတ်ကို အနည်းဆုံး နှစ်ဆလောက် ဖြစ်အောင် လုပ်ရမယ်"
မှန်ပေသည်။ တစ်နာရီကျော်ခန့်အကြာတွင် ဒါရိုက်တာဝူက ဖုန်းထပ်မံဆက်လာပြန်သည်။
"မစ္စတာကျိုး... ကျွန်တော်တို့ ပေါက်ပြီ... မဟုတ်ဘူး၊ ဆရာ ပေါက်ပြီ! ဒီအမှတ်တံဆိပ်တွေက တစ်ယောက်နဲ့တစ်ယောက် လုပြီး လေလံဆွဲနေကြတာ၊ အသေအလဲကို ပြိုင်နေကြတာဗျာ"
"ဘယ်လိုဖြစ်သွားလဲ... မြန်မြန်ပြောစမ်း"
ကျိုးထျန်း ချက်ချင်းပင် ထထိုင်လိုက်သည်။
"ကိုကာကိုလာနဲ့ ပက်ပ်စီက အချိုရည် သီးသန့်စပွန်ဆာအတွက် လုနေကြတယ်"
"KFC အဘိုးကြီးနဲ့ မက်ဒေါနယ်က နေ့လယ်စာ သီးသန့်စပွန်ဆာအတွက် ပြိုင်နေကြတယ်"
"ကျန်းနင်နဲ့ Hook တို့ကတော့ အပြင်းထန်ဆုံးပဲ၊ အားကစားပစ္စည်းစပွန်ဆာကို ရအောင်လုမယ်လို့ ကြုံးဝါးနေကြတယ်"
"ပြီးတော့... အဲ... ဟို နာမည်ကြီး မိသားစုစီမံကိန်းပစ္စည်းကုမ္ပဏီကလည်း ကျွန်တော်တို့ကို ဆက်သွယ်လာပြီး အင်္ကျီလက်မောင်းမှာ ကြော်ငြာအသေးလေးကပ်ချင်လို့တဲ့၊ ကမ်းလှမ်းတဲ့ ငွေကလည်း မနည်းဘူး..."
"လစ်လိုက်တော့! မင်း သေချင်နေတာလား၊ ဒါက စစ်ဝတ်စုံကွ၊ ငါတို့က စစ်သင်တန်းတက်နေတာ၊ အဲဒီအမှတ်တံဆိပ်ရဲ့ လိုဂို သွားကပ်ရင် မနက်ဖြန် ရဲတွေလာဖမ်းလိမ့်မယ်!"
ကျိုးထျန်းမှာ အလွန်လန့်သွားသဖြင့် ချွေးစေးများပင် ထွက်လာရသည်။
ဒါရိုက်တာဝူမှာ ပိုက်ဆံအတွက်ဆို အသက်ကိုပင် စတေးမည့်ပုံ ဖြစ်နေသည်၊ ဤမျှကြီးမားသော အမှားမျိုးကို မည်သို့ ပြုလုပ်ရဲရသနည်း။
ထိုမိသားစုစီမံကိန်း အမှတ်တံဆိပ်ကလည်း တကယ်ကို အတွေးဆန်းလှသည်၊ ဤအထိ တွေးမိကြပေသည်။
သို့သော် ပြန်တွေးကြည့်လျှင် ဤအသက်အရွယ်ရှိ လူငယ်များမှာ ၎င်းတို့၏အဓိက စားသုံးသူအုပ်စု ဖြစ်သည်မှာတော့ အမှန်ပင်။
သို့သော် စစ်ဝတ်စုံ၏ ရင်ဘတ်ပေါ်တွင် "ငှက်ပျောသီးလေး" ကပ်ထားမည့် ပုံရိပ်ကိုမူ သူ မတွေးရဲအောင် ဖြစ်ရသည်။
"အား... ကျွန်တော် နားလည်ပါပြီ၊ အခုချက်ချင်း သွားငြင်းလိုက်ပါ့မယ်"
"မြန်မြန်လုပ်၊ နောက်ကို ကိစ္စအဝဝကို ကိုင်တွယ်တဲ့အခါ နိုင်ငံရေးအမြင်နဲ့ အသိတရား ရှိဦး၊ ပိုက်ဆံတစ်ခုတည်းကိုပဲ မကြည့်နဲ့၊ မဟုတ်ရင် တစ်နေ့ကျရင် မင်းကိုယ် မင်း သတ်သေမိသလို ဖြစ်လိမ့်မယ်"
သူက ဒေါသတကြီးဖြင့် ဖုန်းချလိုက်ပြီး သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်မိသည်။
‘အန္တရာယ်များလွန်းတယ်၊ တော်သေးတာပေါ့ ငါ သေချာစောင့်ကြည့်နေလို့၊ မဟုတ်ရင် ပြဿနာအကြီးကြီး တက်တော့မှာ’
လက်အောက်ငယ်သားများက အမှတ်မထင်ဘဲ အထက်လူ ကြီးကို ဒုက္ခပေးတတ်သည်မှာ ခဏခဏ ဖြစ်သဖြင့် သူ သတိထားရမည်။
နောက်တစ်နေ့မနက်တွင် ကျိုးထျန်း စောစောနိုးလာပြီး ဗီလာ၏ ပထမထပ်ရှိ ထမင်းစားခန်း တွင် ထိုင်လိုက်သည်။ အိမ်ထိန်းမှ ကော်ဖီ၊ ဖျော်ရည်နှင့် ပေါင်မုန့်များအပါအဝင် မနက်စာ အစုံအလင်ကို ပြင်ဆင်ထားပြီးသား ဖြစ်၏။
စားပွဲပေါ်ရှိ အစားအသောက်များကို ကြည့်ရင်း ကျိုးထျန်းက မေးစေ့ကို ပွတ်သပ်ကာ တွေးလိုက်သည်။
"ငါသာ ဒါကို ဓာတ်ပုံရိုက်ပြီး အဖေတို့ဆီ ပို့လိုက်ရင် အဖေတော့ အားကျလို့ သေတော့မှာပဲ"
ကျိုးကျန့်ခန်းမှာမူ ယခုအခါ မနက်ခင်းတွင် အသီးအရွက်ဆန်ပြုတ်ကိုသာ သောက်ခွင့်ရှိပြီး ဟင်းသီးဟင်းရွက်ပေါက်စီကိုပင် ဖြတ်ထားရရှာသည်။
သူ့ဖုန်းကို စစ်ဆေးကြည့်ရာ ဒါရိုက်တာဝူက ကုန်အမှတ်တံဆိပ်အမျိုးမျိုး၏ နောက်ဆုံးကမ်းလှမ်းချက်များကို ပို့ထားပြီး ဖြစ်သည်။
"ကိုကာကိုလာက အချိုရည် သီးသန့်စပွန်ဆာအဖြစ် ၉၃၀,၀၀၀"
"ကျုံးရွှယ်ကောင်းမှ အအေး သီးသန့်စပွန်ဆာအဖြစ် ၇၅၀,၀၀၀"
"ကျန်းနင်မှ အားကစားပစ္စည်း သီးသန့်စပွန်ဆာအဖြစ် ၁.၆၅ သန်း"
"KFC မှ စပွန်ဆာအဖြစ် ၅၅၀,၀၀၀"
"အန်ရှာမှ နေလောင်ကာခရင်မ်များ စပွန်ဆာအဖြစ် ၄၅၀,၀၀၀"
"ချန်ကောယွမ်မှ သစ်သီးဝလံ စပွန်ဆာအဖြစ် ၁၈၀,၀၀၀"
ဇွဲအရှိဆုံး စပွန်ဆာမှာ ထိုမိသားစုစီမံကိန်း ပစ္စည်းကုမ္ပဏီ ဖြစ်သည်။
၎င်းတို့က အဝတ်အစားပေါ်တွင် လိုဂိုမပါလျှင်ပင် ရုပ်ရှင်အဆုံးတွင် စပွန်ဆာအမည် စာရင်းထည့်ပေးရုံဖြင့် ၁၀၀,၀၀၀ ပေးရန် သဘောတူထားဆဲ ဖြစ်၏။
အခြား အမှတ်တံဆိပ်ငယ်များကို အပါအဝင်ဆိုလျှင် စပွန်ဆာများထံမှ ရရှိသော ရန်ပုံငွေမှာ ၅.၁ သန်းကျော်အထိ ရှိသဖြင့် ကျိုးထျန်း မျှော်မှန်းထားသည့် နှစ်ဆထက်ပင် ကျော်လွန်သွားခဲ့သည်။
ထို့ပြင် ဤစပွန်ဆာများက ထုတ်ကုန်အမြောက်အမြားကို ထောက်ပံ့ပေးမည်ဖြစ်သဖြင့် ရိုက်ကူးရေးကုန်ကျစရိတ်အချို့ကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။
အနည်းဆုံး အစားအသောက်၊ အချိုရည်နှင့် အဝတ်အစားများအားလုံးကို အလကားရရှိခဲ့ခြင်းပင်။