အခန်း (၁၉၁-၁၉၂)
Vol. 20 Ch. 191-192
အခန်း (၁၉၁)
အမေရိကန်အစိုးရက စက်တင်ဘာ ၁၉ ရက် မက္ကဆီကိုစီးတီး ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းမှာ အလေးအနက်ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြိုတင်လုပ်ဆောင်ခဲ့တယ်။ အချိန်အကန့်အသတ်ရှိတာကြောင့် အန္တရာယ်အရှိဆုံး A1 ဇုန်မှာရှိတဲ့ ဒေသခံ ၃၀ ရာခိုင်နှုန်းအောက်ကိုပဲ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့တာပါ။ ကံကောင်းတာက ခရီးသွားလာမှုတွေ ကြိုတင်ရပ်တန့်သွားခဲ့ပြီး လူအများစုကလည်း မြို့ထဲကနေ မိမိသဘောဆန္ဒအလျောက် ထွက်ခွာသွားခဲ့ကြလို့ပဲ။ ဒါပေမဲ့လည်း လူသန်းပေါင်းများစွာကတော့ အဲဒီနေရာမှာ ကျန်နေခဲ့သေးတာလေ။
မဟာငလျင်ကြီး က ပင်လယ်ပြင်ကိုပါ လှုပ်ခတ်သွားစေခဲ့တာပါ။ မြင့်တက်လာတဲ့ ရေတံတိုင်းကြီးက မီတာ ၁၁၀ အမြင့်အထိ ရှိခဲ့ပြီး တစ်နာရီကို ကီလိုမီတာ ၁,၂၀၀ နှုန်းနဲ့ ရွေ့လျားခဲ့တယ်။ ရေတွေ ဆုတ်ခွာသွားတဲ့ ဖြစ်စဉ်ကို ဝေးလံတဲ့ ဟာဝိုင်အီနဲ့ ဂျပန်နိုင်ငံတွေမှာပါ သတိပြုမိခဲ့ကြတယ်။ နောက်ဆက်တွဲ ငလျင်တွေကလည်း မြေပြင်ကို ဆက်တိုက် တုန်ခါနေစေခဲ့ပြီး ဆူနာမီ သတိပေးချက်ကိုပါ ထုတ်ပြန်ခဲ့ရတယ်။ ဆူနာမီက ကမ်းခြေကို ရောက်တဲ့အချိန်မှာတော့ အရှိန်အဟုန်က သိသိသာသာ လျော့နည်းသွားခဲ့ပြီ ဖြစ်ပေမဲ့ မြို့ပြတစ်ခုလုံးကို ဝါးမြိုပစ်ဖို့အတွက်တော့ လုံလောက်တဲ့အထိ ပြင်းထန်နေတုန်းပဲ။
ဝုန်း
ဧရာမ ရေတံတိုင်းကြီးက ကမ်းရိုးတန်းကို ကျော်ဖြတ်ပြီး မြို့ထဲကို လျှံတက်လာခဲ့တယ်။
"အား"
"ကယ်ကြပါဦး"
လူတွေ ဘယ်လောက်ပဲ အားကုန်ပြေးပါစေ ဆူနာမီရဲ့ အရှိန်ကိုတော့ မကျော်လွန်နိုင်ခဲ့ကြဘူး။ အသက်ရှင်ဖို့အတွက် တစ်ခုထဲသော နည်းလမ်းကတော့ မြင့်မားတဲ့ အရပ်ဒေသ ဒါမှမဟုတ် အဆောက်အဦးတွေရဲ့ ခေါင်းမိုးပေါ်ကို တက်ဖို့ပါပဲ။ ပြင်းထန်တဲ့ ရေစီးကြောင်းကြီးက ငလျင်ဒဏ်ကို မနည်းတောင့်ခံထားရတဲ့ အဆောက်အဦးတွေကိုပါ ဝါးမြိုဖျက်ဆီးပစ်လိုက်တယ်။
ဆန်ဖရန်စစ္စကိုမြို့ကြီးကတော့ ရေအောက်ကို လုံးဝ ရောက်ရှိသွားခဲ့ရပြီဖြစ်သလို အနီးအနားမှာရှိတဲ့ ကမ်းရိုးတန်း မြို့ပြတွေလည်း ရေလွှမ်းမိုးကုန်ကြတော့တယ်။ ပျက်စီးသွားတဲ့ အဆောက်အဦး အပိုင်းအစတွေ၊ အမှိုက်တွေနဲ့ ရုပ်အလောင်းတွေက ရေမျက်နှာပြင်ပေါ်မှာ မျောပါနေခဲ့ကြတယ်။ အသက်ကယ်အင်္ကျီ ဝတ်ဆင်ထားတဲ့ အသက်ရှင်ကျန်ရစ်သူတွေကတော့ ရေစီးကြောင်းနဲ့အတူ မျောပါရင်း ကယ်ဆယ်ဖို့အတွက် အော်ဟစ်နေခဲ့ကြတယ်။
ရိုနယ်က အာဏာရှင်ဆန်တဲ့ စရိုက်ရှိသူအဖြစ် လူသိများပါတယ်။ အိမ်ခြံမြေလုပ်ငန်းမှာပဲဖြစ်ဖြစ်၊ တီဗီအစီအစဉ်တွေမှာပဲဖြစ်ဖြစ်၊ အခု သမ္မတ ဖြစ်လာတဲ့အချိန်မှာပါ သူ့ရဲ့ အယူအဆတွေကို ဘေးလူတွေနဲ့ ညှိနှိုင်းတာမျိုး မလုပ်ဘဲ တစ်ဦးထဲ သဘောနဲ့ပဲ ဇွတ်လုပ်တတ်တာပါ။ ဒါကြောင့်မလို့ ဒီမိုကရက်တစ်တွေ ထိန်းချုပ်ထားတဲ့ လွှတ်တော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့က မဖြစ်နိုင်ခဲ့ဘဲ သူ့ရဲ့ သမ္မတသက်တမ်းကလည်း ရှုပ်ထွေးမှုတွေနဲ့ ပြည့်နှက်နေခဲ့ရတာပေါ့။ CNN နဲ့ NBC တို့ကလည်း ရိုနယ်ကို အာဏာရှင်တစ်ယောက်အဖြစ် လှောင်ပြောင်ခဲ့ကြတယ်။ ဒါပေမဲ့လည်း အခုလို အခြေအနေမျိုးမှာတော့ သူ့ရဲ့ ဒီလိုစရိုက်က တကယ့်ကို အထောက်အကူ ဖြစ်စေခဲ့တယ်။
အကြပ်အတည်း ကာလတွေမှာ ပြောင်းလဲနေတဲ့ အခြေအနေတွေအပေါ် မူတည်ပြီး အမိန့်တွေကို မြန်မြန်ဆန်ဆန် ထုတ်ပြန်နိုင်မယ့် ပြတ်သားတဲ့ ခေါင်းဆောင်တစ်ယောက်က မရှိမဖြစ် လိုအပ်တာလေ။ မဟာငလျင်ကြီး အပြီးမှာ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ငလျင်တွေနဲ့ ဆူနာမီ သတင်းတွေက ချက်ချင်း ထွက်ပေါ်လာခဲ့တယ်။
မြို့ပြကြီးကို ဆူနာမီက ဝါးမြိုသွားတဲ့ မြင်ကွင်းကို ကြည့်ရင်း ကျွန်တော် စကားတစ်လုံးတောင် မပြောနိုင်ဘဲ ဆွံ့အမိသွားခဲ့တယ်။ ရိုနယ်နဲ့ သူ့ရဲ့ အတိုင်ပင်ခံတွေလည်း အတူတူပဲ ထိတ်လန့်တုန်လှုပ်နေခဲ့ကြတာပါ။ ကျွန်တော် ၂၀၀၄ ခုနှစ် တောင်အာရှ ငလျင်နဲ့ ၂၀၁၁ ခုနှစ် တိုဟိုကု ငလျင်တွေတုန်းက ဆူနာမီကြောင့် ပျက်စီးခဲ့ရတဲ့ အခြေအနေတွေကို ပြန်တွေးမိသွားတယ်။ ဒါပေမဲ့ အခု ဖြစ်ပျက်နေတာက အဲဒီနှစ်ခုစလုံး ပေါင်းထားတာထက်ကို ပိုပြီး ဆိုးရွားလွန်းနေခဲ့တာပါ။
မကြာခင်မှာပဲ ဂြိုဟ်တုဓာတ်ပုံတွေ ရောက်ရှိလာခဲ့တယ်။ ဆူနာမီက အမေရိကန် အနောက်ဘက် ကမ်းရိုးတန်းရဲ့ ပုံသဏ္ဌာန်ကို လုံးဝ ပြောင်းလဲပစ်လိုက်ပါပြီ။ ဆန်ဖရန်စစ္စကိုကတော့ ရေအောက်ကို အကုန်ရောက်သွားခဲ့ပြီဖြစ်သလို ဆန်ဖရန်စစ္စကို ပင်လယ်ကွေ့ကလည်း ပင်လယ်ပြင်ကြီးနဲ့ တစ်ဆက်တည်း ဖြစ်သွားခဲ့ရပါပြီ။ ရေတွေကတော့ အချိန်တန်ရင် သူ့အလိုလို ပြန်ဆုတ်သွားမှာ ဖြစ်ပေမဲ့ အခု လတ်တလော ကြုံတွေ့နေရတဲ့ ပြဿနာက ပိုပြီး အရေးကြီးနေတာပါ။
ကယ်ဆယ်ရေး အစီအမံတွေကို အမြန်ဆုံး အကောင်အထည်ဖော်ခဲ့ကြတယ်။ ရေတပ်၊ ကမ်းခြေစောင့်တပ်နဲ့ ရေကြောင်းကယ်ဆယ်ရေးအဖွဲ့တွေ အပါအဝင် အစိုးရပိုင် ရေယာဉ်မှန်သမျှကို ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် စေလွှတ်ခဲ့ပေမဲ့ လုံလောက်မှု မရှိခဲ့ဘူး။
အရပ်ဘက် ရေယာဉ်တွေကို ကပ်ဘေးမတိုင်ခင်ကတည်းက အသုံးပြုဖို့ တောင်းဆိုထားခဲ့တာ ဖြစ်ပေမဲ့ အတင်းအကြပ်တော့ မဟုတ်ခဲ့ဘူးလေ။ အိမ်ခြံမြေခွန် ကင်းလွတ်ခွင့် ပေးမယ်ဆိုတဲ့ ကတိကဝတ်နဲ့ စေတနာအလျောက် ကူညီပေးမယ့်သူတွေကိုပဲ ရွေးချယ်ခဲ့တာပါ။ ဒီအတွက်ကြောင့် ဆိုဆောင်း အီလက်ထရောနစ်ဆီကနေ ဝယ်ယူထားခဲ့တဲ့ ကြိုးမဲ့စနစ်တွေနဲ့ GPS စနစ်တွေကို ရဟတ်ယာဉ်တွေမှာလိုမျိုးပဲ သင်္ဘောတွေမှာပါ တပ်ဆင်ပေးထားခဲ့တာပါ။ ဒါပေမဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ဆိုရင် သင်္ဘောတွေက အန္တရာယ်ဇုန်ထဲကို တိုက်ရိုက် မောင်းနှင်သွားကြရမှာ ဖြစ်ပါတယ်။
သူတို့ထဲက ဘယ်နှယောက်က တကယ်ပဲ လာကြမှာလဲ။
ရိုနယ်က ရုပ်သံလွှင့်ချက်ကနေတစ်ဆင့် ပြည်သူတွေကို တောင်းဆိုလိုက်တယ်။
"အခုအချိန်က စိတ်ပျက်အားငယ်ရမယ့် အချိန်မဟုတ်ဘဲ မျှော်လင့်ချက် ထားရမယ့် အချိန်ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်တင်ဖို့အတွက် ရှိသမျှ စွမ်းအား အားလုံးကို အသုံးချသွားမှာပါ။ ကျွန်တော်တို့ အဆုံးထိ လက်လျှော့မှာ မဟုတ်ပါဘူး။ လူတိုင်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အတူတူ ပူးပေါင်းပေးကြပါ"
အစိုးရက ကပ်ဘေးမတိုင်ခင်ကတည်းက အိမ်ထောင်စုတိုင်းကို အသက်ကယ်အင်္ကျီတွေ ဖြန့်ဝေပေးထားခဲ့တာပါ။ ဒါကြောင့်မလို့ လူအများစုက အင်္ကျီတွေ ဝတ်ဆင်ထားခဲ့ကြလို့ ရေပေါ်မှာ မျောနေနိုင်ခဲ့ကြတာပေါ့။ ဒါပေမဲ့ သူတို့ထဲက တချို့ကတော့ အသက်မရှိတော့ဘဲ ရုပ်အလောင်းတွေ ဖြစ်နေခဲ့ကြရပါပြီ။
ဆူနာမီရဲ့ ရေစီးကြောင်းထဲ မျောပါသွားပြီးနောက်ပိုင်းမှာ အသက်ရှင်ကျန်ရစ်ဖို့ ရာခိုင်နှုန်းက သိပ်ပြီး မရှိလှပါဘူး။ မြင့်မားတဲ့ အဆောက်အဦးတွေပေါ်မှာ ခိုလှုံနေရင်း ရေလျှံတက်လာတဲ့အချိန်မှာ ရေထဲ ပြုတ်ကျကုန်ကြတဲ့သူတွေပဲ အသက်ရှင်နိုင်ခဲ့ကြတာပါ။
ရော့စ်က ရေစီးကြောင်းထဲ မျောပါမသွားအောင် ရေမြုပ်နေတဲ့ အဆောက်အဦး အပိုင်းအစတစ်ခုကို အားကိုးတကြီး ဖက်တွယ်ထားရတယ်။ သူ့ရဲ့ သမီးလေးကလည်း သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားပါတယ်။
သမီးလေးက ငိုယိုပြီး ပြောရှာတယ်။
"ဖေဖေ၊ သမီး ကြောက်တယ်"
သူက ပါးစပ်ထဲ ဝင်လာတဲ့ ပင်လယ်ရေတွေကို ပြန်ထွေးထုတ်လိုက်ရင်း ပြန်ပြောလိုက်တယ်။
"ခဏလေးပဲ သည်းခံလိုက်နော်။ ဗာနတ်ဆာ "
"မေမေကော ဘယ်မှာလဲဟင်"
"မေမေက ဘေးကင်းတဲ့နေရာကို အရင်ဆုံး ရောက်သွားပါပြီ။ သမီးနဲ့ ဖေဖေလည်း အခု သွားရမယ်။ မကြာခင် ကယ်ဆယ်ရေးတွေ ရောက်လာတော့မှာပါ"
ဒါက မုသားစကားသက်သက်ပါပဲ။ ကပ်ဘေး ဖြစ်ပွားချိန်မှာ သူ့ဇနီးက အပြင်ကို ခဏထွက်သွားခဲ့တာ ဖြစ်လို့ ဘယ်လိုဖြစ်သွားလဲဆိုတာ သူ လုံးဝ မသိရဘူး။ သူက ပြိုကျနေတဲ့ အဆောက်အဦးထဲကနေ သမီးလေးကို ခေါ်ပြီး မနည်း ထွက်ပြေးခဲ့ရတာလေ။ ဘာပဲဖြစ်ဖြစ် အသက်ကယ်အင်္ကျီကို အချိန်မီ ယူဆောင်လာနိုင်ခဲ့လို့သာ အခုလို အသက်ရှင်နေနိုင်ခဲ့ကြတာပါ။
'ငါ့ မိသားစုကို အရင်ဆုံး ဘေးကင်းရာကို ပို့ထားခဲ့ရမှာ'
နောင်တဆိုတာ ဘယ်လောက်ပဲ စောပြီးရရ အမြဲတမ်း နောက်ကျနေတတ်တာမျိုးပဲ။ နေရာအနှံ့မှာ ငိုကြွေးသံတွေနဲ့ အော်ဟစ်သံတွေပဲ ပျံ့လွင့်နေခဲ့ပြီး စိတ်ပျက်အားငယ်မှုတွေကပဲ လေထုထဲမှာ ပြည့်နှက်နေခဲ့တယ်။ ကယ်ဆယ်ရေး ရောက်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက် အရိပ်အယောင်လည်း မရှိခဲ့ဘူး။
ဒါပေမဲ့ အဲဒီအချိန်မှာတင် တစ်နေရာရာကနေ စက်လှေမော်တာသံတစ်ခု ထွက်ပေါ်လာခဲ့တယ်။ မော့ကြည့်လိုက်တဲ့အခါမှာတော့ ငါးဖမ်းသင်္ဘောတစ်စီးက သူတို့ဆီကို အရှိန်အဟုန်နဲ့ မောင်းနှင်လာတာကို မြင်လိုက်ရတယ်။
လူတွေက အဲဒီသင်္ဘောဆီကို လှမ်းပြီး အော်ဟစ်လိုက်ကြတယ်။
"ဒီမှာဗျို့"
"ကယ်ကြပါဦး"
ရော့စ်လည်း သူ့ရဲ့ လည်ချောင်းကွဲမတတ် အော်ပြောလိုက်မိတယ်။
"ဒီမှာ ကလေးတစ်ယောက် ပါပါတယ်၊ ကျေးဇူးပြုပြီး သမီးလေးကို အရင်တင်ပေးပါ"
ဒါပေမဲ့ သင်္ဘောကပ္ပတိန်ကတော့ ခေါင်းခါပြလိုက်ရင်း ပြန်ပြောခဲ့တယ်။
"နေရာတွေ အများကြီး ရှိပါသေးတယ်၊ အလောတကြီး လုပ်စရာမလိုဘူး၊ ခင်ဗျားတို့ နောက်ကို လှည့်ကြည့်လိုက်ဦး"
လူတွေ အကုန်လုံး တစ်ပြိုင်ထဲ နောက်ကို လှည့်ကြည့်လိုက်မိကြတယ်။ အဲဒီငါးဖမ်းသင်္ဘောရဲ့ နောက်ကွယ်မှာတော့ တခြားသော ရေယာဉ် ဒါဇင်ပေါင်းများစွာက ဆက်တိုက် လိုက်ပါလာနေကြတာပါ။ ပင်လယ်ပြင်ကြီးရဲ့ အဝေးတစ်နေရာမှာတော့ အဆုံးမရှိတဲ့ သင်္ဘောတန်းကြီးကို မြင်တွေ့လိုက်ရတယ်။
ငါးဖမ်းသင်္ဘောအိုကြီးတွေကနေစလို့ အပျော်စီး ရွက်လှေ အကောင်းစားကြီးတွေအထိ အားလုံးက ဆန်ဖရန်စစ္စကိုမြို့ဆီကို ဦးတည် မောင်းနှင်လာနေကြတာလေ။ နောက်ဆက်တွဲ ငလျင်တွေနဲ့ အဆောက်အဦး ပြိုကျမယ့် အန္တရာယ်တွေ ရှိနေခဲ့တာတောင်မှ အရပ်ဘက် သင်္ဘောရာပေါင်းများစွာက အသက်ရှင်ကျန်ရစ်သူ တွေကို ကယ်တင်ဖို့အတွက် အပြေးအလွှား ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။
အသက် ၈၀ ကျော် အရွယ်ရှိပြီဖြစ်တဲ့ အဖိုးအိုတစ်ယောက်ကတော့ သူ့ရဲ့ အပျော်စီး ရွက်လှေကြီးကို မောင်းနှင်ရင်း အရက်ကို တစ်ငုံ သောက်လိုက်ကာ ရေရွတ်လိုက်မိတယ်။
"ငါ မသေခင်မှာတော့ ငါ့နိုင်ငံအတွက် အဓိပ္ပာယ်ရှိတဲ့ အလုပ်တစ်ခုကို လုပ်ဆောင်နိုင်ခဲ့ပြီပဲ"
သူတို့က အသက်ရှင်ကျန်ရစ်သူတွေဆီကို အသက်ကယ်အင်္ကျီတွေ ပစ်ပေးခဲ့ကြတယ်။ သင်္ဘောပေါ်ကို အရင်ရောက်သွားတဲ့သူတွေ ကလည်း ရေထဲမှာ ကျန်နေသေးတဲ့သူတွေကို ဝိုင်းဝန်း ဆွဲတင်ပေးကြတယ်။ အသက်ရှင်ကျန်ရစ်သူတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ ရွက်လှေကြီးက ဘေးကင်းရာကို ပြန်လည် မောင်းနှင်သွားခဲ့သလို တခြားသော သင်္ဘောတွေကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်တိုက် လုပ်ဆောင်နေကြပါတယ်။
ကောင်းကင်ယံမှာတော့ ရဟတ်ယာဉ်တွေက အဆက်မပြတ် ပျံသန်းနေခဲ့ကြရင်း အဆောက်အဦး ခေါင်းမိုးပေါ်မှာ ပိတ်မိနေတဲ့သူတွေကို ကယ်ဆယ်ပေးနေခဲ့တယ်။ ပင်လယ်ပြင်ကြီး တစ်ခုလုံးမှာ သင်္ဘောတွေနဲ့ ပြည့်နှက်နေခဲ့သလို ကောင်းကင်ကြီးမှာလည်း ရဟတ်ယာဉ်တွေနဲ့ စည်ကားနေပါပြီ။ လူသားတွေရဲ့ စွမ်းအားက သဘာဝကပ်ဘေးတွေကို မတားဆီးနိုင်ခဲ့ပေမဲ့ ဒါကို ကျော်လွှားနိုင်ခဲ့ကြတာပါ။
သတင်းထောက်တွေကလည်း မကြုံစဖူး ထူးခြားလှတဲ့ မြင်ကွင်းကြီးကို ကြည့်ရင်း ကင်မရာ ခလုတ်တွေကို ဆက်တိုက် နှိပ်နေခဲ့ကြတော့တယ်။ BBC သတင်းထောက်တစ်ယောက်ကတော့ ဒီမြင်ကွင်းကို ကြည့်ရင်း စိတ်လှုပ်ရှားစွာနဲ့ အော်ပြောလိုက်မိတယ်။
"အခု ဆန်ဖရန်စစ္စကိုမှာ ဖြစ်ပျက်နေတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေက Berlin Airlift ရော Dunkirk Evacuationတို့လိုမျိုး ကြီးကျယ်ခမ်းနားတဲ့ အခြေအနေတွေကို တစ်ပြိုင်ထဲ မြင်တွေ့နေရတာပါ"
(ဒန်းကပ် ကယ်ဆယ်ရေး =ဒုတိယကမ္ဘာစစ်မှာ Dunkirkစစ်ပွဲတွင်းက စစ်သားတွေကိုကယ်ထုတ်တဲ့အဖြစ်အပျက်)
(Berlin Airlift= စစ်အေးကာလမှာ ဆိုဗီယက်က အနောက်ဘာလင်ကို ရိက္ခာဖြတ်ပိတ်ဆို့ချိန်မှာ အနောက်ဘာလင်က ပြည်သူ၂သန်းအတွက် လေကြောင်းကနေ ရိက္ခာတွေနေ့စဉ်ပို့ပေးတဲ့ အဖြစ်အပျက်)
ထွက်ခွာဖို့ ပြင်ဆင်နေခဲ့ကြတဲ့ အပျော်စီး သင်္ဘောကြီးတွေကလည်း အစိုးရရဲ့ အသုံးပြုမယ့် စာရင်းထဲမှာ ပါဝင်နေခဲ့တာ ဖြစ်လို့ စီးပွားရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားခဲ့ကြရင်း အနီးအနားက ရေပြင်မှာ အဆင်သင့် စောင့်ဆိုင်းနေခဲ့ကြတယ်။ ဆူနာမီက ပင်လယ်ပြင်ထက် ကမ်းရိုးတန်းနဲ့ နီးကပ်တဲ့ နေရာတွေမှာ ပိုပြီး ပြင်းထန်တဲ့ သက်ရောက်မှု ရှိတာလေ။ ဒါကြောင့်မလို့ ကမ်းခြေနဲ့ ဝေးကွာတဲ့ နေရာမှာ ရှိနေခဲ့ကြတဲ့ သင်္ဘောကြီးတွေကတော့ ကြီးမားတဲ့ ထိခိုက်မှုမျိုး မရှိခဲ့ကြဘူး။
ဆူနာမီ ဖြတ်သန်းသွားပြီးတဲ့နောက်မှာတော့ အပျော်စီး သင်္ဘောကြီးတွေက ဆန်ဖရန်စစ္စကိုမြို့ဆီကို အမြန်ဆုံး ဦးတည် မောင်းနှင်လာခဲ့ကြတယ်။ ခရီးသည်တင် အပျော်စီး သင်္ဘောကြီးတွေက ရေကြောင်းခိုလှုံရာစခန်း အကောင်းစားကြီးတွေ ဖြစ်လာခဲ့တာပေါ့။
အသက်ရှင်ကျန်ရစ်သူတွေကို တင်ဆောင်လာခဲ့တဲ့ စက်လှေတွေက အပျော်စီး သင်္ဘောကြီးတွေဆီကို တစ်စီးပြီးတစ်ခု ဆိုက်ကပ်လာခဲ့ကြတယ်။ ဝန်ထမ်းတွေကလည်း ကြိုတင်ပြင်ဆင်ထားခဲ့ကြတဲ့ စောင်တွေနဲ့ နွေးထွေးတဲ့ လက်ဖက်ရည်တွေကို ဝေဖန်ပေးခဲ့ကြရင်း သူတို့ကို အခန်းတွေဆီ လိုက်ပါ ပို့ဆောင်ပေးခဲ့ကြတယ်။ ဒဏ်ရာရရှိထားတဲ့သူတွေကိုတော့ သင်္ဘောပေါ်မှာ ရှိနေတဲ့ ဆရာဝန်တွေက ချက်ချင်း ကုသပေးခဲ့ကြသလို အရေးပေါ် ခွဲစိတ်ဖို့ လိုအပ်တဲ့သူတွေကိုတော့ သင်္ဘောပေါ်မှာ ရှိတဲ့ ရဟတ်ယာဉ်တွေကို သုံးပြီး အနီးအနားက ဆေးရုံတွေဆီကို ပို့ဆောင်ပေးခဲ့ကြတယ်။
အင်အားကြီးနိုင်ငံတွေက အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ ပိုပြီးတော့ စည်းလုံး ညီညွတ်သွားတတ်ကြပါတယ်။ မကြုံစဖူး ကပ်ဘေးကြီးနဲ့ ရင်ဆိုင်လိုက်ရတဲ့အခါမှာတော့ အမေရိကန် ပြည်သူတွေက မိမိတို့နိုင်ငံအတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာကိုပဲ တွေးမိခဲ့ကြတယ်။
ဒုက္ခသည် စခန်းတွေမှာ လူတွေနဲ့ ပြည့်နှက်နေခဲ့သလို ဆေးရုံတွေမှာလည်း ဒဏ်ရာရ လူနာတွေနဲ့ ကြပ်ညပ်နေခဲ့တယ်။ ခွဲစိတ်ခန်း ပြတ်လပ်မှုတွေကြောင့် ရိုးရှင်းတဲ့ ခွဲစိတ်မှုတွေနဲ့ အရေးပေါ် ကုသမှုတွေကိုတော့ စင်္ကြံလမ်းတွေနဲ့ လူနာခန်းတွေထဲမှာတင် လုပ်ဆောင်ခဲ့ကြရတယ်။ အနားယူထားခဲ့ကြတဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေကလည်း ကူညီပေးဖို့အတွက် ပြန်လည် ရောက်ရှိလာခဲ့ကြသလို ဆေးရုံအပြင်ဘက်မှာလည်း သွေးလှူဒါန်းဖို့အတွက် လူတန်းကြီးက အရှည်ကြီး ဖြစ်နေခဲ့တယ်။ စေတနာ့ဝန်ထမ်း လုပ်ဖို့ လာရောက်ကြတဲ့သူတွေကလည်း အများကြီး ဖြစ်နေခဲ့တာကြောင့် တချို့ဆိုရင် ပြန်လွှတ်လိုက်ရတဲ့အထိပါပဲ။
အမေရိကန် သမိုင်းမှာ အဆိုးရွားဆုံး အကြပ်အတည်းကြီးက အမေရိကန်ရဲ့ ကြံ့ခိုင်မှုကို တစ်ကမ္ဘာလုံးကို သက်သေပြသနိုင်မယ့် အခွင့်အရေးတစ်ခု ဖြစ်လာပါပြီ။
ကယ်ဆယ်ရေး အစီအမံတွေက စနစ်တကျနဲ့ လည်ပတ်နေပါတယ်။ အခုလို အကြီးစား ကပ်ဘေးကြီးတစ်ခုမှာ ဒီလောက်အထိ စနစ်ကျပြီး ထိရောက်တဲ့ တုံ့ပြန်မှုကို မြင်တွေ့ရဖို့ဆိုတာ မလွယ်ကူလှဘူး။ ဒါက သူတို့တွေ ကပ်ဘေးကြီးကို ကြိုတင် ခန့်မှန်းနိုင်ခဲ့ပြီး ပြင်ဆင်ထားခဲ့ကြလို့သာ ဖြစ်နိုင်ခဲ့တာပါ။
ကီရန်မိုဟန်က မဟာငလျင်ကြီး ရဲ့ ပမာဏနဲ့ အချိန်ကို တိတိကျကျ ခန့်မှန်းနိုင်ခဲ့သလို ကန်ဂျင်ဟူကလည်း ဒါကို ပြည်သူတွေ သိအောင် အသိပေးခဲ့ပြီး အစိုးရကို ဆွဲဆောင်နိုင်ခဲ့တယ်။ နောက်ပြီး ရိုနယ် စတန်ပါကလည်း အဲဒီအချက်အလက်တွေအပေါ် အခြေခံပြီး လိုအပ်တဲ့ အမိန့်တွေကို ထုတ်ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့သာ သူတို့ သုံးယောက် မရှိခဲ့ရင် အမေရိကန်နိုင်ငံအနေနဲ့ ပြန်လည် နာလန်ထူနိုင်မှာ မဟုတ်တဲ့ ကြီးမားတဲ့ ထိုးနှက်ချက်ကြီးနဲ့ ရင်ဆိုင်ခဲ့ရမှာ သေချာပါတယ်။
သူတို့ သုံးယောက်စလုံးက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြတာ ဖြစ်ပေမဲ့ အဓိကအကျဆုံး လူကတော့ ကန်ဂျင်ဟူဆိုတာ ငြင်းလို့မရပါဘူး။ ပါမောက္ခ မိုဟန်က ငလျင်ပညာရှင် ဖြစ်သလို ရိုနယ်ကလည်း အမေရိကန် သမ္မတ ဖြစ်တာကြောင့် သူတို့က မိမိတို့ရဲ့ တာဝန်ကို ထမ်းဆောင်ခဲ့ကြတာသက်သက်ပါပဲ။
ဒါပေမဲ့ ကန်ဂျင်ဟူကတော့ မတူပါဘူး။ သူက ရင်းနှီးမြှုပ်နှံသူတစ်ယောက် ဖြစ်လို့ ငလျင်နဲ့လည်း ဘာမှမဆိုင်သလို အမေရိကန် နိုင်ငံသားတောင် မဟုတ်ဘဲ ကိုရီးယားလူမျိုး ဖြစ်နေခဲ့တာလေ။ ဒါပေမဲ့လည်း သူက ဘေးပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေ၊ လှောင်ပြောင်မှုတွေ၊ မုန်းတီးမှုတွေနဲ့ ခြိမ်းခြောက်မှုတွေအားလုံးကို ကြုံတွေ့ခဲ့ရတာတောင်မှ အရာအားလုံးကို လောင်းကြေးထပ်ပြီး ပြည်သူတွေကို မဟာငလျင်ကြီး ရဲ့ အန္တရာယ်အကြောင်း သတိပေးခဲ့တယ်။ သူ့ရဲ့ ဒီလို လုပ်ရပ်ကြောင့်မလို့ မရေမတွက်နိုင်တဲ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့တာပါ။
တကယ်လို့ သူ့လိုလူမျိုးကိုမှ သူရဲကောင်းလို့ မခေါ်ရင် ဘယ်သူ့ကို သွားခေါ်ရတော့မှာလဲ။
တစ်ဖက်မှာလည်း ကန်ဂျင်ဟူအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်နေခဲ့ကြတဲ့ မီဒီယာတွေကတော့ သူတို့ရဲ့ ရပ်တည်ချက်ကို ချက်ချင်း ပြောင်းလဲလိုက်ကြပြီး ချီးကျူးဂုဏ်ပြုတဲ့ သတင်းတွေကို ဆက်တိုက် ဖော်ပြကြတော့တယ်။ TIME မဂ္ဂဇင်းကတော့ ကန်ဂျင်ဟူကို ရပ်စ်ပူတင် နဲ့ နှိုင်းယှဉ်ခဲ့မိတဲ့အတွက် တရားဝင် အနူးအညွတ် တောင်းပန်ခဲ့သလို တခြားသော မီဒီယာတွေကလည်း မိမိတို့ရဲ့ မှားယွင်းမှုတွေကို ဝန်ခံပြီး တောင်းပန်ခဲ့ကြတယ်။
မဟာငလျင်ကြီး မဖြစ်ပွားခင် တစ်ရက်အလိုအထိ ကန်ဂျင်ဟူက အမေရိကန်နိုင်ငံကို ဖျက်ဆီးနေတဲ့ တရားခံတစ်ယောက်အဖြစ် သတ်မှတ်ခံထားခဲ့ရတာပါ။ အမေရိကန် ပြည်သူတွေရဲ့ ဒေါသက ကိုရီးယားလူမျိုးတွေဆီကို တိုက်ရိုက် ရောက်ရှိနေခဲ့တာ ဖြစ်လို့ ကိုရီးယားတွေဟာ အပြင်ကိုတောင် ကောင်းကောင်း မထွက်ရဲခဲ့ကြဘူး။ ကိုရီးယားလူမျိုးတွေနဲ့ ကိုရီးယား ကျောင်းသားအများစု ရှိတဲ့ ကျောင်းတွေမှာ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရသလို ခရီးသွားတွေကလည်း မိမိတို့က ကိုရီးယားလူမျိုး ဖြစ်တယ်ဆိုတာကို ဖုံးကွယ်ထားခဲ့ကြရတယ်။
ဒါပေမဲ့ မဟာငလျင်ကြီး ဖြစ်ပွားပြီးတဲ့နောက်မှာတော့ အခြေအနေက ၁၈၀ ဒီဂရီ လုံးဝ ပြောင်းလဲသွားခဲ့ရပါပြီ။ ကန်ဂျင်ဟူက အမေရိကန်ကို အကြပ်အတည်းကနေ ကယ်တင်ပေးခဲ့တဲ့ သူရဲကောင်းတစ်ယောက် ချက်ချင်း ဖြစ်လာခဲ့တာလေ။
အမေရိကန် ပြည်သူအားလုံးက ကန်ဂျင်ဟူအပေါ် အားနာစိတ်နဲ့ ကျေးဇူးတင်စိတ်တွေ ပြည့်နှက်နေခဲ့ကြတာ ဖြစ်လို့ သဘာဝအတိုင်း ကိုရီးယားလူမျိုးတွေအပေါ် ဆက်ဆံပုံကလည်း ပြောင်းလဲသွား ခဲ့တယ်။
ကိုရီးယား ဇနီးမောင်နှံနှစ်ယောက်က ပဲရစ်ကနေ အတ္တလန်တာကို ပျံသန်းမယ့် လေယာဉ်ပေါ်ကို တက်ခဲ့ကြတယ်။ သူတို့က Economy Classမှာ ထိုင်ပြီး လေယာဉ်ထွက်ခွာမယ့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြတာပါ။ အဲဒီအချိန်မှာပဲ လေယာဉ်မယ်က လာပြီး မေးခဲ့တယ်။
"ကိုရီးယားလူမျိုး ခရီးသည်များ ပါပါသလားရှင်"
သူတို့လည်း သိချင်စိတ်နဲ့ လက်ထောင်ပြလိုက်မိတဲ့အခါမှာတော့ လေယာဉ်မယ်က ပြောလိုက်တယ်။
" First Class က ခရီးသည်တွေက ရှင်တို့နဲ့ ခုံချင်း လဲချင်လို့ပါတဲ့ရှင်"
"……ဟမ်"
သူတို့တွေ ဇဝေဇဝါ ဖြစ်နေတုန်းမှာပဲ First Classမှာ ထိုင်နေတဲ့ အမေရိကန် သက်ကြီးရွယ်အို ဇနီးမောင်နှံက သူတို့ဆီ လျှောက်လာခဲ့ပြီး ပြောလိုက်တယ်။
"မစ္စတာ ကန်ဂျင်ဟူကြောင့် ကျွန်တော်တို့ရဲ့ ကလေးတွေနဲ့ မြေးလေး ဘေးကင်းခဲ့ရတာပါ။ ဒါကြောင့်မလို့ ကျေးဇူးတင်တဲ့အနေနဲ့ အခုလိုမျိုး လုပ်ပေးချင်တာပါ"
"အာ… မဟုတ်တာ၊ ကျွန်တော်တို့က ဘာမှ လုပ်ပေးထားတာ မရှိပါဘူး"
သူတို့က ဆက်တိုက် ငြင်းဆိုနေခဲ့ပေမဲ့ တခြားသော အမေရိကန် ခရီးသည်တွေကပါ မတ်တပ်ရပ်ပြီး First Classကို သွားဖို့အတွက် ဝိုင်းဝန်း တိုက်တွန်းခဲ့ကြတယ်။ ကမ္ဘာလှည့်ခရီးသွားဖို့အတွက် ပိုက်ဆံစုနေခဲ့ကြတဲ့ ကိုရီးယား ဇနီးမောင်နှံနှစ်ယောက်ကတော့ သူတို့ရဲ့ ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် First Classကို မထင်မှတ်ဘဲ စီးခွင့်ရရှိသွားခဲ့ရပါပြီ။
ဟိုတယ်တွေမှာလည်း အလားတူ အခြေအနေမျိုး ဖြစ်ပျက်ခဲ့တယ်။
"ဗျာ…. ကျွန်တော်တို့က ရိုးရိုးအခန်းကိုပဲ ဘွတ်ကင် လုပ်ထားခဲ့တာလေ။ ဘာဖြစ်လို့ Deluxe Ocean View) ကို ပေးရတာလဲခင်ဗျာ……"
အမေရိကန် လေကြောင်းလိုင်းတွေက ကိုရီးယား ခရီးသည်တွေကို ခုံလွတ်ရှိရင် Business Classကို အလကား အဆင့်မြှင့်ပေးမယ်လို့ ကြေညာခဲ့ကြသလို Hilton နဲ့ Marriott တို့လိုမျိုး နာမည်ကြီး ဟိုတယ်ကြီးတွေကလည်း ကိုရီးယားလူမျိုးတွေရဲ့ အခန်းတွေကို Deluxeအခန်းအဖြစ် အခမဲ့ ပြောင်းလဲပေးမယ်လို့ ကြေညာခဲ့ကြတယ်။
ဒီသတင်းတွေ ပျံ့နှက်သွားတဲ့အခါမှာတော့ အမေရိကန် ပြည်သူတွေက သတင်းပုန်းတွေပေါ်မှာ လာပြီး ကန့်ကွက်စကားတွေ ရေးသားခဲ့ကြတယ်။
[First Classကို ကိုရီးယားလူမျိုးတွေနဲ့ပဲ အပြည့်ထည့်လိုက်စမ်းပါ၊ ခုံအလွတ်တွေ ထားထားတာ ဘာထူးမှာလဲ]
[Deluxeအခန်းလောက်ပဲ အဆင့်မြှင့်ပေးတာလား၊ အနည်းဆုံးတော့ Suite အထိ ပေးသင့်တာပေါ့]
တခြားသော စီးပွားရေးလုပ်ငန်းတွေကလည်း အလားတူပဲ လုပ်ဆောင်ခဲ့ကြတယ်။ စားသောက်ဆိုင်တွေနဲ့ ဘားတွေက ကိုရီးယားလူမျိုးတွေကို စျေးနှုန်း ထက်ဝက် လျှော့ပေးခဲ့ကြသလို တချို့နေရာတွေမှာဆိုရင် 'ကိုရီးယားလူမျိုးများအတွက် အခမဲ့' ဆိုတဲ့ ဆိုင်းဘုတ်တွေကိုပါ ချိတ်ဆွဲထားခဲ့ကြတယ်။ လည်ပတ်စရာ နေရာတွေမှာလည်း ကိုရီးယားလူမျိုးတွေအတွက် ဝင်ကြေးတွေကို ကင်းလွတ်ခွင့် ပေးခဲ့ကြသလို ဒေသခံ ပြည်သူတွေကလည်း မြင်တာနဲ့ ဝမ်းသာအားရ လက်ခုပ်တီးပြီး ကြိုဆိုခဲ့ကြပါတယ်။
အမေရိကန် ပြည်သူတွေက ကိုရီးယားကို ချစ်မြတ်နိုးကြောင်း ပွင့်ပွင့်လင်းလင်း ဖော်ပြခဲ့ကြတာ ဖြစ်လို့ ရှက်တတ်တဲ့ ကိုရီးယားလူမျိုးတချို့ဆိုရင်တော့ ကိုရီးယားလူမျိုးဖြစ်ကြောင်းကို ဖုံးကွယ်ထားခဲ့ကြရတဲ့အထိပဲ။
ဆန့်ကျင်ဘက်အနေနဲ့ ဂျပန်လူမျိုးတွေနဲ့ တရုတ်လူမျိုးတွေကတော့ ကိုရီးယားလူမျိုးတွေအဖြစ် ဟန်ဆောင်ခဲ့ကြတယ်။
ကိုရီးယား အသိုင်းအဝိုင်းက လူတစ်ယောက်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကတင် ဂျပန်နေထွက်အလံ ပါတဲ့ တီရှပ်ကို ဂုဏ်ယူဝံ့ကြွားစွာ ဝတ်ဆင်နေခဲ့တဲ့ သူ့ရဲ့ ဂျပန်အိမ်နီးနားချင်းက ရုတ်တရက်ကြီး ကိုရီးယားအလံပါတဲ့ တီရှပ်ကို ပြောင်းလဲဝတ်ဆင်ထားတာကို မြင်လိုက်ရတဲ့အခါမှာတော့ ဆွံ့အသွားခဲ့ရရှာတယ်။
အခန်း (၁၉၂)
ကလီဖိုးနီးယားကို ရောက်တာနဲ့ ရိုနယ်က စတော့တန် နားက ကယ်ဆယ်ရေးစခန်းတစ်ခုမှာ ဌာနချုပ်ဖွင့်လိုက်တယ်။
အခြေအနေက အန္တရာယ်များတယ်လို့ ဘေးကလူတွေက သတိပေးပေမဲ့ သူကတော့ နားမထောင်ပါဘူး။ ရိုနယ်က စစ်မြေပြင်က ဗိုလ်ချုပ်တစ်ယောက်လိုပဲ အခြေအနေအားလုံးကို ကွပ်ကဲနေတော့တယ်။
အသက် ၇၀ ကျော်နေပြီဖြစ်ပေမဲ့ သူ့ရဲ့ခံနိုင်ရည်ကတော့ အံ့ဩစရာပါ။ သူနဲ့ယှဉ်ရင် ကျွန်တော်ကတော့ အချိန်မရွေး လဲပြိုသွားတော့မလို ခံစားနေရတယ်။
ငလျင်ကြီးမလှုပ်ခင် ရက်ပိုင်းအလိုကတည်းက ကျွန်တော် သေချာမအိပ်ရသေးပါဘူး။ ငလျင်လှုပ်ပြီးသွားတဲ့အထိလည်း ဒီအတိုင်းပါပဲ။
သက်ပြင်းချဖို့တောင် အချိန်မရသလောက်ပဲလေ။
နောက်ဆက်တွဲငလျင်တစ်ခု လှုပ်ခတ်သွားတိုင်း ကယ်ဆယ်ရေး စခန်းကြီးက တုန်ခါသွားပြီး လုပ်ဖော်ကိုင်ဖက်တွေ မျက်နှာပျက်ကုန်ကြပေမဲ့ ရိုနယ်ကတော့ မျက်တောင်တစ်ချက်တောင် မခတ်ပါဘူး။
သူက သာမန်လူတစ်ယောက်မဟုတ်တာတော့ သေချာပါတယ်။
ကယ်ဆယ်ရေးစခန်းထဲကို ဒုက္ခသည်တွေ တိုးပွားလာတာ တစ်နေ့ထက်တစ်နေ့ ပိုများလာတယ်။ ရိက္ခာတွေ ကြိုစုထားပေမဲ့လည်း ဘာမှမလောက်ငှသလို ခံစားရတယ်။
ဒါပေမဲ့လည်း အမေရိကရဲ့ ကြီးမားတဲ့ ကုန်ထုတ်လုပ်မှုစွမ်းအားက ဒီနေရာမှာ ပေါ်လွင်လာပါတယ်။ အနီးအနားမှာရှိတဲ့ ပြည်နယ်တွေက စီးပွားရေးလုပ်ငန်းတွေက အစိုးရရဲ့အမိန့်ကို ချက်ချင်းတုံ့ပြန်ပြီး ကယ်ဆယ်ရေးပစ္စည်းတွေကို ထုတ်လုပ်ပို့ဆောင်ပေးကြသလို ပျက်စီးသွားတဲ့ ဓါတ်အားလိုင်းတွေနဲ့ လမ်းတွေကိုလည်း အမြန်ဆုံး ပြန်ပြင်ကြတယ်။
ကမ္ဘာတစ်ဝန်းက ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ကယ်ဆယ်ရေး သမားတွေလည်း လေယာဉ်တွေနဲ့ ရောက်လာကြတယ်။ အဓိကကတော့ ကယ်ဆယ်ရေးပစ္စည်းတွေကို အချိန်ကိုက်၊ နေရာမှန်ဆီ ပို့ပေးဖို့ပါပဲ။ တချို့ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဆိုရင် ကယ်ဆယ်ရေးပစ္စည်းတွေက ဂိုဒေါင်ထဲမှာပဲ ပုံနေပြီး အချိန်မီ မဝေငှနိုင်တာမျိုးတွေ ရှိတတ်ကြတယ်လေ။
ဘေးအန္တရာယ်တုံ့ပြန်ရေးဌာနချုပ်ကတော့ ပစ္စည်းတွေ အချိုးကျ ရောက်ရှိစေဖို့အတွက် ကယ်ဆယ်ရေးစခန်းတစ်ခုချင်းစီမှာရှိတဲ့ လူဦးရေနဲ့ လိုအပ်တဲ့ ပစ္စည်းစာရင်းကို စတင်စစ်ဆေးနေပါပြီ။
တစ်ဖက်မှာလည်း ရိုနယ်ကို ဝေဖန်ခဲ့ကြတဲ့ မီဒီယာတွေက လှုံ့ဆော်တဲ့ သတင်းတွေကို ထိန်းချုပ်လိုက်ပြီး ကယ်ဆယ်ရေး သတင်းအမှန်တွေကိုပဲ အဓိကထား ဖော်ပြကြတော့တယ်။
အသက်ရှင်ကျန်ရစ်သူတွေရဲ့ အံ့ဩစရာ ဇာတ်လမ်းတွေက သတင်းတွေမှာ နေ့တိုင်းပဲ နေရာယူလာတယ်။ တချို့ဆိုရင် သူတို့ရဲ့ ဆောင်း စမတ်ဖုန်းက တည်နေရာကို အလိုအလျောက် ပို့ပေးခဲ့လို့ အပျက်အစီးတွေအောက်ကနေ ကယ်တင်ခံခဲ့ရပြီး ဆူနာမီနဲ့အတူ မျောပါသွားသူတချို့ဆိုရင်လည်း သတ်မှတ်ထားတဲ့ ဇုန်တွေမှာ ကင်းလှည့်နေတဲ့ ပုဂ္ဂလိက ရေယာဉ်တွေကြောင့် အသက်ဘေးက လွတ်ခဲ့ကြတယ်။
ကယ်ဆယ်ရေးစခန်းထဲမှာ မိသားစုဝင်တွေ သေပြီအမှတ်နဲ့ မျက်ရည်တွေ စီးကျရင်း ဖက်ငိုနေကြတာကို တွေ့ရတယ်။
အဲဒီမြင်ကွင်းကို ကြည့်ပြီး ကျွန်တော် ပြုံးမိသွားတယ်။
ခဏနားနေတုန်း ရိုနယ်က အနားကို ရောက်လာပြီး ကျွန်တော့်ပုခုံးကို လာပုတ်ကာ ပြောတယ်။
“ဘာလုပ်နေတာလဲ။ အစည်းအဝေးရှိတယ်လေ။ သွားကြစို့”
“အာ... ဟုတ်ကဲ့”
“မင်း တော်တော်ပင်ပန်းပုံရတယ်နော်”
“ဪ... မဟုတ်ပါဘူး၊ မပင်ပန်းပါဘူး”
တကယ်တော့ ပင်ပန်းလွန်းလို့ သေတော့မလို ခံစားနေရတာပါ။
ကျေးဇူးပြုပြီး ကျွန်တော့်ကို ကိုရီးယားပဲ ပြန်လွှတ်ပေးပါတော့...
ရိုနယ်က ကျွန်တော့်ကျောကို လက်ဝါးနဲ့ ဖြန်းခနဲနေအောင် ရိုက်လိုက်ပြီး ပြောတယ်။
“မင်းလို လူငယ်တစ်ယောက်က ဒီလောက်တောင် အားနည်းလို့ မရဘူးလေ။ စိတ်တင်းထားစမ်း”
“... ဟုတ်ကဲ့”
ဒီလူကြီးဆီမှာ အားအင်တွေ ဘယ်လိုတောင် ပိုလျှံနေရတာလဲ။
ကျွန်တော်လည်း နားရက်မရှိဘဲ ရိုနယ်ရဲ့ လက်ဆွဲပြီးခေါ်ရာနောက်ကို နောက်တစ်ကြိမ် လိုက်သွားရပြန်တယ်။
အမေရိကန် စတော့စျေးကွက်ကို တစ်ပတ်ကြာ ပိတ်ထားခဲ့တယ်။
အံ့ဩစရာကောင်းတာက ဘဏ္ဍာရေးစျေးကွက်အပေါ် ရိုက်ခတ်မှုက ငလျင်ကြီးရဲ့ အကျိုးသက်ရောက်မှုနဲ့ ယှဉ်ရင် သိပ်မပြင်းထန်လှဘူး။ အရင်ကတည်းက ရှုပ်ထွေးမှုတွေကြောင့် စျေးနှုန်းတွေ တော်တော်လေး ကျဆင်းထားခဲ့ပြီးသား ဖြစ်နေလို့လည်း ပါတာပေါ့။ ဒါ့အပြင် အမေရိကန်အစိုးရကလည်း ချက်ချင်းတုံ့ပြန်ပေးခဲ့လို့ ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေအပေါ် ယုံကြည်မှု တိုးလာစေတယ်။
ဒါပေမဲ့ အဓိကအကြောင်းရင်းကတော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားခဲ့လို့ပါပဲ။
Silicon Valley ဆိုတာ NPL၊ Google၊ Amazon၊ Microsoft နဲ့ Facebook လိုမျိုး အမေရိကန်ရဲ့ စျေးကွက်တန်ဖိုး အမြင့်ဆုံး ကုမ္ပဏီကြီး ၁၀ ခုထဲက ကုမ္ပဏီအများစုရဲ့ ဌာနချုပ်တွေနဲ့ သုတေသနဓာတ်ခွဲခန်းတွေ ရှိတဲ့နေရာပါ။
တကယ်လို့ အဲဒီကုမ္ပဏီတွေသာ ပြန်ပြင်မရတဲ့ ပျက်စီးဆုံးရှုံးမှုမျိုး ကြုံခဲ့ရရင် စျေးကွက်က ဘဏ္ဍာရေးအကြပ်အတည်းထက် ပိုဆိုးတဲ့ ရိုက်ခတ်မှုကို ခံရမှာ သေချာပါတယ်။
ကံကောင်းထောက်မစွာပဲ ငလျင်ကြီးမလှုပ်ခင်လေးမှာ Silicon Valley ထဲမှာ စုနေတဲ့ အိုင်တီကုမ္ပဏီတွေက ဝန်ထမ်းတွေနဲ့ အရေးကြီးတဲ့ စက်ပစ္စည်းတွေကို ရွှေ့ပြောင်းပေးခဲ့ကြတယ်။
ဌာနချုပ်တွေနဲ့ ဓာတ်ခွဲခန်းတွေ အများကြီး ပြိုကျပျက်စီးခဲ့ပေမဲ့ စျေးကွက်တန်ဖိုး အမြင့်ဆုံး ကုမ္ပဏီကြီးတွေကတော့ သူတို့ရဲ့ ကြံ့ခိုင်မှုကို ပြသနိုင်ခဲ့ကြတယ်။
Google ရဲ့ ရှာဖွေရေးအင်ဂျင်၊ Facebook ရဲ့ လူမှုကွန်ရက်နဲ့ Amazon ရဲ့ အွန်လိုင်းစျေးဝယ်ပလက်ဖောင်းတွေက ဘာပြဿနာမှမရှိဘဲ လည်ပတ်နိုင်ခဲ့ပြီး NPL နဲ့ Microsoft တို့ကလည်း သတ်မှတ်ထားတဲ့ ဆော့ဖ်ဝဲလ် Update တွေကို ဆက်လုပ်နိုင်ခဲ့ကြတယ်။
စီအီးအိုတွေကလည်း သေဆုံးသူတွေအတွက် အတူတူ ဝမ်းနည်းပေးကြပြီး ကုမ္ပဏီတွေရဲ့ အခြေခံအဆောက်အဦးတွေက အကောင်းအတိုင်း ရှိနေဆဲပဲလို့ အာမခံခဲ့ကြတယ်။
ဒါပေမဲ့ တချို့ကုမ္ပဏီတွေကတော့ ထိခိုက်မှုရှိခဲ့တာပေါ့။
အထူးသဖြင့် Nikola ဆိုရင် ဝန်ထမ်းတွေကို ဘေးကင်းအောင် ရွှေ့ပြောင်းနိုင်ခဲ့ပေမဲ့ Silicon Valley နားက သူတို့ရဲ့ စက်ရုံကတော့ ကုန်ထုတ်လုပ်မှုလိုင်းတွေ ပျက်စီးသွားလို့ လုပ်ငန်းတွေ လုံးဝရပ်ဆိုင်းသွားခဲ့ရတယ်။
တစ်ပတ်အကြာမှာ အမေရိကန် စတော့စျေးကွက် ပြန်ပွင့်လာတဲ့အခါ စျေးကွက်တန်ဖိုး အမြင့်ဆုံး စတော့ရှယ်ယာတွေက အရင်ဆုံးရှုံးမှုတွေကို ပြန်ကာမိစေဖို့ အရှိန်အဟုန်နဲ့ ထိုးတက်သွားခဲ့တယ်။
အမေရိကန်ရဲ့ အဓိက အညွှန်းကိန်း ၃ ခုဖြစ်တဲ့ Dow Jones (DJIA)၊ NASDAQ နဲ့ S&P 500 တို့ဟာ ၃ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်ခဲ့ကြတယ်။
ငလျင်အပြီးမှာ အကြီးစား ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ရတော့မှာဖြစ်လို့ ဆောက်လုပ်ရေးနဲ့ အခြေခံ အဆောက်အဦးဆိုင်ရာ စတော့ရှယ်ယာတွေကတော့ ထိုးတက်ကုန်တာပေါ့။
ဘေးကင်းတဲ့ ပိုင်ဆိုင်မှုတွေ ကျဆင်းသွားပေမဲ့ ကုန်စည်စျေးနှုန်းတွေနဲ့ ဒေါ်လာစျေးကတော့ ဆက်ပြီး မြင့်တက်နေတုန်းပါပဲ။
ငလျင်ကြီးက ပြည်တွင်းကုမ္ပဏီတွေကိုလည်း ရိုက်ခတ်မှု အကြီးအကျယ် ပေးခဲ့တယ်။ ဒါပေမဲ့ ဆိုဆောင်းအုပ်စုကတော့ ထိခိုက်မှုအနည်းဆုံး အထဲမှာ ပါခဲ့ပါတယ်။
ကန်ဂျင်ဟူက ငလျင်ကြီးအတွက် ပြင်ဆင်ဖို့ ဘတ္ထရီတွေနဲ့ GPSတွေ မှာတုန်းကတော့ အားလုံးက ရူးနေတာပဲလို့ ထင်ခဲ့ကြတာပါ။ မဟုတ်ရင် စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြဖို့ ဘာလို့အကြံပေးခဲ့မှာလဲ။
ဒါပေမဲ့ OTK Company ရဲ့ လက်အောက်ခံကုမ္ပဏီတွေက Silicon Valley ထဲကနေ စပြီး ဆုတ်ခွာလာတဲ့အခါမှာတော့ သူတို့ရဲ့ အမြင်က တဖြည်းဖြည်း ပြောင်းလဲလာခဲ့တယ်။
လင်ဂျင်ယုံက ကန်ဂျင်ဟူကို တော်တော်လေး အထင်ကြီး လေးစားခဲ့တာပါ။ ဆိုဆောင်းအုပ်စုက မိတ်ဖက်အဖြစ် CarOS ကို ရွေးချယ်ခဲ့တာကလည်း ဒီလေးစားမှုကြောင့် တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။
ဒါကြောင့် သူတို့က ယုံကြည်မှုကို နောက်တစ်ကြိမ် ထပ်လောင်းပြီး အခွင့်အရေးပေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
စီအီးအိုတစ်ယောက်အနေနဲ့ ကုမ္ပဏီရဲ့ ကံကြမ္မာကို မရေရာတဲ့အရာတွေပေါ်မှာ လုံးဝပုံမချသင့်ဘူးလေ။ ဒါကြောင့် ဆုံးရှုံးမှုကြီးကြီးမားမား မရှိစေဖို့ ဘေးကင်းတဲ့ အတိုင်းအတာအတွင်းကနေပဲ ပူးပေါင်းဆောင်ရွက်ဖို့ ရွေးချယ်ခဲ့တာပါ။
သူတို့က အရင်ဆုံး Silicon Valley သုတေသနအဆောက်အဦးတွေက ဝန်ထမ်းတွေနဲ့ စက်ပစ္စည်းတွေကို အခြားနေရာတစ်ခုဆီ ရွှေ့ပြောင်းဖို့ စီစဉ်ခဲ့ပြီး အရေးပေါ်အခြေအနေတွေအတွက် အရန်စီမံကိန်းတွေကို ချမှတ်ခဲ့ကြတယ်။
အမေရိကန်အစိုးရကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အန္တရာယ်ဇုန်ထဲမှာရှိတဲ့ စမတ်ဖုန်းတွေကို အက်ပလီကေးရှင်း Update အတင်းလုပ်ခိုင်းဖို့ ထုတ်လုပ်သူတွေကို တောင်းဆိုခဲ့တယ်။
ဆိုဆောင်း အီလက်ထရောနစ်ကတော့ ဒီတောင်းဆိုမှုကို လိုက်နာတဲ့ တစ်ခုထဲသော ကုမ္ပဏီ ဖြစ်ခဲ့တာပေါ့။
ဒါက စွန့်စားရမှု မရှိတာတော့ မဟုတ်ဘူး။ ဒီမူဝါဒနောက်ကို လိုက်ဖို့ ဆုံးဖြတ်ပြီးတဲ့နောက် အမေရိကမှာ သပိတ်မှောက်မှုတွေ ကြုံခဲ့ရပြီး အရောင်းနှုန်းလည်း နည်းနည်းကျသွားခဲ့သေးတယ်။
ဒါပေမဲ့လည်း သူတို့ ဆက်လုပ်ခဲ့ကြတာပဲ။ ဘာလို့လဲဆိုတော့ တကယ်လို့ ငလျင်ကြီးသာ မလှုပ်ခတ်ခဲ့ရင် ဆုံးရှုံးမှုက အနည်းငယ်ပဲရှိမှာဖြစ်ပြီး တကယ်လို့ လှုပ်ခတ်လာခဲ့ရင်တော့ ရရှိမယ့် အကျိုးအမြတ်က အတိုင်းအဆမရှိ ကြီးမားမှာကို သိနေလို့ပါပဲ။
ပြီးတော့ ငလျင်ကြီးက တကယ်ပဲ ဖြစ်ပျက်လာခဲ့ပြီလေ။
ငလျင်ကြီး လှုပ်ခတ်လာတာနဲ့ ဆိုဆောင်း အီလက်ထရောနစ်ရဲ့ စမတ်ဖုန်းတွေက ကယ်ဆယ်ရေးတောင်းဆိုမှုတွေနဲ့ အချက်အလက်မျိုးစုံကို ဘေးအန္တရာယ်ကွပ်ကဲမှုစခန်းဆီ အလိုအလျောက် ပေးပို့ခဲ့ကြတယ်။
ဒါကြောင့်မလို့ ကယ်တင်ခံရသူတွေထဲမှာ ဆိုဆောင်း အီလက်ထရောနစ် စမတ်ဖုန်း သုံးစွဲသူတွေရဲ့ အချိုးအစားက အပြတ်အသတ် များပြားနေခဲ့တာပါ။ အသက်ရှင် ကျန်ရစ်သူတွေကလည်း ဆိုဆောင်း အီလက်ထရောနစ်ကို အထူးပဲ ကျေးဇူးတင်ရှိခဲ့ကြတယ်။
NPL နဲ့ Google တို့ကတော့ အဖြစ်အပျက် ပြီးသွားမှပဲ အစိုးရမူဝါဒအတိုင်း Update လုပ်ပေးမယ်လို့ နောက်ကျပြီး ကြေညာခဲ့ပေမဲ့ ပြည်သူတွေရဲ့ တုံ့ပြန်မှုကတော့ အေးစက်နေခဲ့တာပေါ့။
လုပ်လို့ရရဲ့သားနဲ့ ဘာလို့ စောစောစီးစီး မလုပ်ခဲ့တာလဲဆိုပြီး ဝေဖန်မှုတွေ ပြင်းထန်ခဲ့တယ်။ ဒါ့အပြင် သူတို့အရင်က ပြောခဲ့ဖူးတဲ့ “အစိုးရက ဘယ်လိုအခြေအနေမျိုးမှာမဆို လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို မထိပါးရဘူး” ဆိုတဲ့ စကားနဲ့လည်း ဆန့်ကျင်ဘက် ဖြစ်နေခဲ့တာလေ။
NPL နဲ့ ဆိုဆောင်း အီလက်ထရောနစ်တို့က ပရီမီယံစမတ်ဖုန်းစျေးကွက်မှာ အကြီးဆုံး ပြိုင်ဘက်နှစ်ခုလို့ မြင်ကြပေမဲ့ အများစုကတော့ ဆိုဆောင်း အီလက်ထရောနစ်က NPLကို မမီသေးဘူးလို့ပဲ သတ်မှတ်ထားကြတာပါ။
ဆိုဆောင်း အီလက်ထရောနစ်က အရောင်းပမာဏ ပိုများရင်တောင်မှ NPL က ပရီမီယံပုံရိပ်ကြောင့် စျေးနှုန်း ပိုမြင့်မြင့်ရောင်းနိုင်ပြီး လည်ပတ်မှုအမြတ်အစွန်း ရာခိုင်နှုန်းက အပြတ်အသတ် သာလွန်နေခဲ့တာပါ။
နည်းပညာကို ကျော်တက်လို့ ရနိုင်ရင်တောင်မှ ပုံရိပ်တစ်ခုကို ကျော်တက်ဖို့ကတော့ မလွယ်ကူလှဘူး။
ဒါပေမဲ့ အခုအခြေအနေက ဆိုဆောင်း အီလက်ထရောနစ်ရဲ့ ပုံရိပ်ကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်နိုင်မယ့် ရွှေရောင်အခွင့်အရေးကြီး ဖြစ်လာခဲ့ပါပြီ။
ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ သုံးနေတဲ့ GPSတွေနဲ့ ကြိုးမဲ့ဆက်သွယ်ရေး ကိရိယာအားလုံးက ဆိုဆောင်း အီလက်ထရောနစ် ထုတ်ကုန်တွေ ဖြစ်နေသလို ကယ်ဆယ်ရေးစခန်းထဲက တခြားအီလက်ထရောနစ် ပစ္စည်းတွေကလည်း ဒီအတိုင်းပါပဲ။
ဒီဘေးအန္တရာယ်ကို ကျော်ဖြတ်တဲ့နေရာမှာ ဆိုဆောင်း အီလက်ထရောနစ် ထုတ်ကုန်တွေက အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတာပါ။
ဥက္ကဋ္ဌ လင်ဂျင်ယုံက ဒါရိုက်တာ ကင်မြောင်ဆူးကို ပြောလိုက်တယ်။
“OTK Company နဲ့ ဆွေးနွေးလိုက်ပါ။ အခုကစပြီး ထုတ်လုပ်မယ့် ပစ္စည်းတွေအတွက် ငွေတောင်းခံလွှာတွေကို လက်ခံမှာ မဟုတ်ဘူးလို့ ပြောလိုက်”
“ဒါဆိုရင်... ”
“အလှူတစ်ခုအနေနဲ့ပဲ သဘောထားလိုက်ကြတာပေါ့”
အနာဂတ်မှာ ရလာမယ့် အကျိုးအမြတ်တွေကို တွေးကြည့်ရင် ပစ္စည်းဖိုး ဝမ်သန်းပေါင်း သိန်းဏန်းလောက်ဆိုတာ ဘာမှမဟုတ်ပါဘူး။
“ထုတ်လုပ်ပြီးသား ပစ္စည်းတွေကိုလည်း သီးသန့်လေယာဉ်ပေါ် အမြန်ဆုံး တင်ပေးလိုက်ပါ”
သုတေသနဌာနကို ပြောင်းရွှေ့လိုက်ပြီ ဖြစ်ပေမဲ့ ဆန်ဖရန်စစ္စကို ပင်လယ်အော်တစ်ဝိုက်မှာ ဆိုဆောင်း အီလက်ထရောနစ်က တိုက်ရိုက်ဖွင့်ထားတဲ့ အရောင်းဆိုင်တွေ အများကြီး ရှိနေသေးသလို အမေရိကန်ကော်ပိုရေးရှင်းမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်း ရာပေါင်းများစွာလည်း ရှိနေသေးတယ်။
အများစုက ဘေးကင်းရာကို ရွှေ့ပြောင်းနိုင်ခဲ့ ( ကယ်တင်ခံခဲ့ရ) တယ်လို့ သိရပေမဲ့ အုပ်စုရဲ့ ဥက္ကဋ္ဌတစ်ယောက်အနေနဲ့တော့ သူက တာဝန်ယူမှုကို ပြသဖို့ လိုအပ်တယ်လေ။
ဥက္ကဋ္ဌ လင်ဂျင်ယုံက မတ်တပ်ရပ်လိုက်တယ်။
“ကျွန်တော် အခုချက်ချင်း ကလီဖိုးနီးယားကို သွားပြီး ကိုယ်စားလှယ် ကန်ဂျင်ဟူနဲ့ တွေ့မယ်”
တောင်ကိုရီးယားမှာ အခြေစိုက်ထားတဲ့ အမေရိကန်စစ်တပ်ကတော့ အရေးပေါ် အခြေအနေ ကြေညာထားတယ်။
ခွင့်ရက်ယူထားတဲ့ စစ်သားတွေအားလုံး တပ်ဖွဲ့ဆီ ပြန်လာကြရပြီး အပြင်ထွက်ခွင့်နဲ့ ညအိပ်ခွင့်တွေကို ပိတ်ပင်ထားတယ်။ အမေရိကားမှာ အကြပ်အတည်းတွေ ဖြစ်နေတာမလို့ မြောက်ကိုရီးယားက ဘာလုပ်လာမလဲဆိုတာ မရေရာဘူးလေ။
တောင်ကိုရီးယားစစ်တပ်နဲ့ အမေရိကန်တပ်ဖွဲ့တွေက သတိအပြည့်ထားပြီး မြောက်ကိုရီးယားရဲ့ လှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့်နေကြတယ်။
ဒါပေမဲ့ မြောက်ကိုရီးယားကတော့ အံ့ဩစရာကောင်းလောက်အောင် ငြိမ်သက်နေခဲ့တယ်။ မနေ့တုန်းကတင် ရိုနယ်ကို “ရူးသွပ်နေတဲ့ အဖိုးကြီး” လို့ ခေါ်ပြီး အမေရိကန်ပြည်မကြီးကို နျူကလီးယားထိပ်ဖူးတပ် ICBM တွေနဲ့ ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြသေးတာပါ။ ဒါပေမဲ့ ငလျင်ကြီး လှုပ်ခတ်ပြီးတာနဲ့ သူတို့က သဘောထားကို ချက်ချင်းပြောင်းလဲပြီး ကြေညာချက် ထုတ်ပြန်ခဲ့တယ်။
“ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကြီးက အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပွားခဲ့တဲ့ ဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းကြောင်း ဖော်ပြအပ်ပါတယ်။ ဒါ့အပြင် လိုအပ်လာရင် ကျွန်တော်တို့ သမ္မတနိုင်ငံအနေနဲ့ မြောက်-အမေရိက ဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေဖို့ ကူညီပေးဖို့ အသင့်ရှိပါတယ်”
သေချာစဉ်းစားကြည့်ရင် ဒီတုံ့ပြန်မှုက သဘာဝကျပါတယ်။
ဒဏ်ရာရနေတဲ့ သားရဲတစ်ကောင်ကို သွားပြီး မဆွသင့်ဘူးလေ။ အမေရိကကို ရန်စတယ်ဆိုတာ အမေရိကဘက်က ပြန်လည်တုံ့ပြန်နိုင်တဲ့ အခြေအနေမျိုးမှာပဲ လုပ်လို့ရတာပါ။
အခုလို အခြေအနေမျိုးမှာ သွားပြီး ရန်စတာကတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပါပဲ။
တခြားနိုင်ငံတွေလည်း ဒီလိုပဲ ထိန်းထိန်းသိမ်းသိမ်း ရှိခဲ့ကြတယ်။
ရုရှားက ဆီးရီးယားမှာ လုပ်ဖို့ စီစဉ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဖျက်သိမ်းလိုက်ပြီး တရုတ်ကလည်း ကုန်သွယ်ရေး အငြင်းပွားမှုတွေနဲ့ ပတ်သက်တဲ့ ပြောဆိုမှုတွေကို ရပ်တန့်လိုက်ကာ ဝမ်းနည်းကြောင်း သဝဏ်လွှာကိုပဲ ပေးပို့ခဲ့တယ်။
နေတိုး နဲ့ Paris Climate Agreementကြောင့် သဘောထားကွဲလွဲနေခဲ့ကြတဲ့ ဥရောပနိုင်ငံတွေလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပြီး ကူညီပံ့ပိုးမှုမျိုးစုံ ပေးဖို့ ကတိပြုခဲ့ကြတယ်။
အမေရိကန်တစ်ဝန်းမှာတော့ ဝမ်းနည်းခြင်း အထိမ်းအမှတ် လူထုစုဝေးပွဲတွေကို ကျင်းပခဲ့ကြတယ်။
ပြည်သူတွေဟာ မန်ဟက်တန်က Times Square မှာ ဖယောင်းတိုင်တွေ၊ အမေရိကန်အလံတွေကို ကိုင်ဆောင်ပြီး အလိုအလျောက် စုဝေးခဲ့ကြတာပါ။
စုဝေးပွဲကို တက်ရောက်လာသူတွေက သေဆုံးသူတွေကို ဂုဏ်ပြုကြသလို ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း အားပေးခဲ့ကြပြီး ကန်ဂျင်ဟူကိုလည်း ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ကြတယ်။
အဲဒီစုဝေးပွဲမှာ အမေရိကန်အလံနဲ့အတူ တောင်ကိုရီးယား အလံကလည်း လွင့်ပျံနေခဲ့တယ်။
Time Squareဆိုတာ ကမ္ဘာပေါ်မှာ ကြော်ငြာခ အများဆုံးနေရာအဖြစ် နာမည်ကြီးတဲ့နေရာပါ။ အဆောက်အဦးပိုင်ရှင်တွေက ကြော်ငြာခတွေကို လိုလိုလားလား စွန့်လွှတ်ပြီး လျှပ်စစ်ဘုတ်ကြီးတွေပေါ်မှာ အမေရိကန်အလံနဲ့ တောင်ကိုရီးယား အလံကြီးတွေကို ဖော်ပြပေးခဲ့ကြတယ်။
Time Squareမှာ အမေရိကန်နဲ့ တောင်ကိုရီးယားအလံတွေ ပြည့်နှက်နေတဲ့ မြင်ကွင်းက ကိုရီးယား အင်တာနက်အသုံးပြုသူတွေကိုတောင် အံ့ဩသွားစေခဲ့တယ်။
တကယ်တော့ ကိုရီးယားလူမျိုးတွေအတွက် အလံနှစ်ခုလုံး အတူတူ လွင့်ပျံနေတာကို မြင်ရတာက မဆန်းပါဘူး။ ကွန်ဆာဗေးတစ်အဖွဲ့တွေရဲ့ ဆန္ဒပြပွဲတွေမှာ ခဏခဏ မြင်တွေ့နေရလို့လေ။
ဒါပေမဲ့ ကွာခြားချက်ကတော့ ဒီနေရာက ဂွမ်ဟွာမွန်း ရင်ပြင် ဒါမှမဟုတ် မြို့တော်ခန်းမရင်ပြင် မဟုတ်ဘဲ Time Square ဖြစ်နေတာရယ်၊ စုဝေးနေတဲ့သူတွေက အမေရိကန်လူမျိုးတွေ ဖြစ်နေတာရယ်ပါ။
– မိဘများအသင်းက အမေရိကအထိ သွားပြီး ဆန္ဒပြနေကြတာလား။
– ဒါက လက်ယာစွန်းအဖွဲ့ရဲ့ စုဝေးပွဲမဟုတ်ဘူး။ အထင်မလွဲကြနဲ့ဦး။
– နယူးယောက်ရဲ့ အလယ်ဗဟိုမှာ အမေရိကန်နဲ့ တောင်ကိုရီးယားအလံတွေ အတူတူ လွင့်ပျံနေတာကို မြင်ရလိမ့်မယ်လို့ ဘယ်သူမှ ထင်ထားမိမှာမဟုတ်ဘူး။
– ကန်ဂျင်ဟူ တစ်ယောက်ထဲနဲ့ ဒါကြီးကို လုပ်ပြသွားခဲ့တာကတော့ အမှန်ပဲ။
– ဝေဖန်မှုမျိုးစုံ ကြုံခဲ့ရပေမဲ့ သူကတော့ ဇွဲမလျှော့ဘဲ တွန်းအားပေးခဲ့လို့ နောက်ဆုံးမှာ အောင်မြင်သွားခဲ့တာ။
– ဒါကမှ တကယ့် မျိုးချစ်စိတ်အစစ်အမှန်ပဲ။
– ဒါကို ကြည့်ပြီး မျက်ရည်တောင် လည်မိတယ်။ တကယ်ပြောတာ။
– ဒါနဲ့ ငလျင်ကြီး လှုပ်ပြီးတဲ့နောက် OTK Company ရှေ့က ကွန်ဆာဗေးတစ်အဖွဲ့တွေအားလုံး ပျောက်သွားကြပြီ။
– အခုဆို မိဘများအသင်းက ဘာဆက်ဖြစ်မလဲ။
– သူတို့ထက် ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကြီးကို ပိုပြီး စိတ်ပူပေးသင့်တာ မဟုတ်ဘူးလား။
– ကျွန်တော်တို့ ခေါင်းဆောင်ကြီးကတော့...
– ကျွန်တော်တို့ ခေါင်းဆောင်ကြီးကတော့ အားလုံးရဲ့ ရန်သူ ပြန်ဖြစ်သွားပါပြီ။
ရဲမှူးကြီး ကင်ဆောင်းချောက အံ့ဩလွန်းလို့ ဖျတ်ခနဲ ထရပ်လိုက်တယ်။
“မင်း ဘာပြောလိုက်တာလဲ။ ဘယ်သူ လာတွေ့တာလဲ”
“အဲ... အဲဒါကလေ အမေရိကန် သံအမတ်ကြီး သောမတ်စ်ဂျန်က လာတွေ့တာပါ”
“မင်း အခု ငါ့ကို နောက်နေတာလား”
လက်အောက်ခံအရာရှိက တုန်လှုပ်ချောက်ချားတဲ့ လေသံနဲ့ ပြောတယ်။
“မ... မဟုတ်ပါဘူး၊ နောက်နေတာ မဟုတ်ပါဘူး။ သူ အခု အောက်ထပ်မှာ ရောက်နေတာပါ”
အမေရိကမှာ ဖြစ်ပွားခဲ့တဲ့ ဘေးအန္တရာယ်ကြောင့် သံအမတ်ကြီး တော်တော်လေး အလုပ်ရှုပ်နေမှာကို ငါသိပါတယ်။ ဒါပေမဲ့ သူက သမ္မတအိမ်တော်ကို မသွားဘဲ ဘာလို့ ဒီကို ရောက်လာရတာလဲ။
ရဲမှူးကြီး ကင်က ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်တယ်။ နိုင်ငံခြားသတင်းထောက်တွေ အဝင်ဝမှာ စုဝေးနေကြတာကို သူ မြင်လိုက်ရတယ်။ အခုအချိန်ဆိုရင် သံအမတ်ကြီးက ကိုရီးယားရဲတပ်ဖွဲ့ရဲ့ အကြီးအကဲနဲ့ ကိုယ်တိုင်ကိုယ်ကျ လာတွေ့တယ်ဆိုတဲ့ အချက်က အများပြည်သူဆီ ပျံ့နှက်သွားလောက်ပါပြီ။
“သူ့... သူ့ကို အထဲလွှတ်လိုက်ပါ”
သံအမတ်ကြီး သောမတ်စ်ဂျန်က အခန်းထဲကို ဝင်လာခဲ့တယ်။
သံတမန်ရေးရာမှာ အဆင့်အတန်း သတ်မှတ်ချက်တွေ ရှိပါတယ်။
သံအမတ်ကြီးက သမ္မတအိမ်တော်ကို မဖြတ်ဘဲ ရဲမှူးကြီးဆီ တိုက်ရိုက်လာတာက ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာလို့ အလွယ်တကူ မြင်နိုင်ပါတယ်။ အမေရိကန်ဘက်ကလည်း ဒါကို သိမှာ သေချာပါတယ်။
ဒါပေမဲ့လည်း ဒီလိုလုပ်ရပ်ရဲ့နောက်ကွယ်မှာ ကြီးမားတဲ့ အကြောင်းအရင်းတစ်ခုတော့ ရှိရမယ်။
ကိုရီးယား-အမေရိကန်ကပြား ဖြစ်တဲ့ သံအမတ်ကြီး သောမတ်စ်ဂျန်က ကိုရီးယားစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ပါတယ်။ သူ ထိုင်လိုက်တာနဲ့ လိုရင်းကိုပဲ တိုက်ရိုက် ပြောတော့တယ်။
“စီအီးအို ကန်ဂျင်ဟူကို ပစ်မှတ်ထားပြီး ပြင်းထန်တဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုတွေ၊ အသရေဖျက်မှုတွေနဲ့ တရားမဝင် လှုပ်ရှားမှုတွေ ရှိခဲ့တာကို ကျွန်တော် သိထားပါတယ်။ ကိုရီးယားရဲတပ်ဖွဲ့က ဘာလို့ ဘာအရေးယူမှုမှ မလုပ်တာလဲ”
‘သူ ဒီကို လာရတဲ့ အကြောင်းရင်းက ဒါကြောင့်လား’
ရဲမှူးကြီး ကင်က သတိထားပြီး ပြန်ဖြေလိုက်တယ်။
“လိုအပ်တယ်လို့ ယူဆရင်တော့ ကျွန်တော်တို့ စုံစမ်းစစ်ဆေးသွားမှာပါ...”
သံအမတ်ကြီး သောမတ်စ်ဂျန်က ပြတ်ပြတ်သားသားပဲ ပြန်ပြောတယ်။
“သူက အမေရိကရဲ့ သူရဲကောင်းပဲ”
ရဲမှူးကြီး ကင်ကတော့ ရင်ထဲမှာပဲ အော်ဟစ်နေမိတော့တယ်။
‘သူရဲကကောင်း ဘယ်တုန်းကတည်းက ဖြစ်သွားတာလဲ’
အမေရိကန်မှာ ငလျင်ကြီး လှုပ်ခတ်မယ့် အခြေအနေတွေကြောင့် ရှုပ်ထွေးနေတုန်းက အမေရိကန်သံအမတ် သောမတ်စ်လည်း မကျေနပ်မှုတွေ အများကြီး ရှိခဲ့တာကို ငါသိထားတာလေကွာ။
ဒါပေမဲ့ အခုကတော့ ဒါကြီးက….
အမှန်ပါပဲ၊ အဲဒီတုန်းက အခြေအနေနဲ့ အခုအခြေအနေက လုံးဝကို ကွာခြားသွားပါပြီ။
သံအမတ်ကြီး သောမတ်စ်က သူပြောစရာရှိတာ အားလုံးပြောပြီးပြီဆိုတဲ့ ပုံစံမျိုးနဲ့ မတ်တပ်ရပ်လိုက်တယ်။
‘ဒါကို စိတ်ထဲမှာ မှတ်ထားပါ၊ သမ္မတအိမ်ဖြူတော်က အခုအခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်’
ဒီစကားကို ပြောပြီးတာနဲ့ သောမတ်စ် ထွက်သွားခဲ့တယ်။
အမျိုးသားရဲတပ်ဖွဲ့အေဂျင်စီရဲ့ ရဲမှူးကြီး ကင်ဆောင်းချော တစ်ယောက်ထဲ နက်နက်နဲနဲ တွေးနေမိတော့တယ်။
အခုအချိန်အထိတော့ ရဲတပ်ဖွဲ့က အစိုးရအလိုကျ စုံစမ်းစစ်ဆေးမှုတွေကို အစိုးရရှေ့နေတွေလိုပဲ သေသေချာချာ လုပ်ဆောင်ခဲ့တာပါ။
တိုးတက်ပြောင်းလဲလိုတဲ့အဖွဲ့တွေရဲ့ ဆန္ဒပြပွဲတွေကိုတော့ မီးသတ်ပိုက်တွေ သုံးပြီး ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ပေမဲ့ ကွန်ဆာဗေးတစ်အဖွဲ့တွေရဲ့ ဆန္ဒပြပွဲတွေကိုတော့ လျစ်လျူရှုပေးခဲ့တယ်။ ကုမ္ပဏီရဲ့ တရားမဝင် လှုပ်ရှားမှု အများအပြားကိုလည်း မျက်ကွယ်ပြုခဲ့ပြီး အလုပ်သမားသမဂ္ဂတွေရဲ့ စုပေါင်းလှုပ်ရှားမှုတွေကိုတော့ တရားမဝင် သပိတ်မှောက်မှုတွေ အဖြစ် သတ်မှတ်ပြီး ဖြိုခွဲခဲ့တာပါ။
OTK Company ရဲ့ တရားမဝင် လုပ်ရပ်တွေကို စုံစမ်းစစ်ဆေးမှု လုပ်ဖို့ ဆုံးဖြတ်ခဲ့တာကလည်း အထက်က လာတဲ့ ညွှန်ကြားချက်တွေကြောင့်ပါပဲ။
တကယ်လို့ အမှန်တရားသာ ပေါ်ပေါက်လာခဲ့ရင် ရာထူးကနေ နုတ်ထွက်ရုံနဲ့တင် ပြီးမှာမဟုတ်ပါဘူး။ အာဏာအလွဲသုံးစားမှုနဲ့ ထောင်ကျနိုင်တဲ့ အန္တရာယ် ရှိနေတာပါ။
သူက ရဲတပ်ဖွဲ့ရဲ့ အမြင့်ဆုံးရာထူးအထိ တက်လှမ်းခဲ့ပြီးမှ အချုပ်ခန်းထဲမှာ အကျဉ်းသားဝတ်စုံ ဝတ်ရမယ့် ရာဇဝတ်ကောင် ဖြစ်သွားပါလိမ့်မယ်။
ဒီလိုတွေးမိတာနဲ့ သူ့ကျောပြင်မှာ ချွေးစေးတွေ ပြန်လာခဲ့တယ်။
အခုအချိန်က သမ္မတအိမ်တော် ဒါမှမဟုတ် အာဏာရပါတီကို ကြောက်နေရမယ့် အချိန်မဟုတ်တော့ပါဘူး။
‘ကန်ဂျင်ဟူ ပြန်ရောက်လာတာနဲ့ အားလုံးက အဆုံးသတ်သွားလိမ့်မယ်’
ရဲမှူးကြီး ကင်ဆောင်းချောက ရဲတပ်ဖွဲ့အားလုံးကို ချက်ချင်း အရေးယူဖို့ အမိန့်ပေးလိုက်တယ်။
‘တရားမဝင် ဆန္ဒပြပွဲတွေ လုပ်ခဲ့တဲ့ အဲဒီကွန်ဆာဗေးတစ်အဖွဲ့တွေ အားလုံးနဲ့ သတင်းအမှားတွေ ရေးခဲ့တဲ့ အလိမ်အညာမီဒီယာ အားလုံးကို အခုချက်ချင်း ဖမ်းဆီးကြစမ်း’