← Chapters

အခန်း (၁၉၃-၁၉၄)

Vol. 20 Ch. 193-194

အခန်း (၁၉၃-၁၉၄)

Vol. 20 Ch. 193-194

အခန်း (၁၉၃)

မူလက မိဘများအသင်းဆိုတာ တိုးပွားလာနေတဲ့ ကွန်ဆာဗေးတစ်အဖွဲ့တွေထဲက တစ်ခုမျှသာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပတ်ဆီဟျွန်း ဂယောင်ဂီပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ရွေးကောက်ခံရပြီးနောက်မှာတော့ အဖွဲ့က အရှိန်အဟုန်နဲ့ ကြီးထွားလာပြီး အခုဆို ပုံမှန်အဖွဲ့ဝင် သုံးထောင်ကျော် ရှိနေပါပြီ။ ဒါ့အပြင် ဆန္ဒပြပွဲတစ်ခုတည်းအတွက်တင် လူသောင်းနဲ့ချီ စည်းရုံးနိုင်တဲ့ အဖွဲ့အစည်းကြီးတစ်ခုလည်း ဖြစ်လာခဲ့တယ်။

သူတို့က မြောက်ကိုရီးယားလိုလားတဲ့ လက်ဝဲသမားတွေကို အမြစ်ပြတ်ချေမှုန်းဖို့နဲ့ လွတ်လပ်တဲ့ တောင်ကိုရီးယားကို ကာကွယ်ဖို့ဆိုတဲ့ ဆောင်ပုဒ်ကို ကြွေးကြော်ထားကြပေမဲ့ လက်တွေ့မှာတော့ ပတ်ဆီဟျွန်းရဲ့ သစ္စာခံအဖွဲ့နဲ့ ပိုတူနေပါတယ်။ ပတ်ကိုထောက်ခံတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်နွှယ်နေတာကိုလည်း ဖုံးကွယ်မထားဘဲ ဂုဏ်ယူဝံ့ကြွားစွာ ပြသလေ့ရှိတယ်။

အပေါ်ယံကြည့်ရင်တော့ ဘာပြဿနာမှ မရှိသလိုပါပဲ။ ဒါပေမဲ့ ပြဿနာက သူတို့ရဲ့ လုပ်ရပ်တွေမှာ ရှိနေတာပါ။ အစိုးရအပေါ် အနည်းငယ်လေး ဝေဖန်တာမျိုး ရှိလာတိုင်း သူတို့က လူအုပ်ကြီးနဲ့ လာရောက်ဆန္ဒပြလေ့ ရှိပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေကိုတင်မကဘဲ လွှတ်တော်အမတ် တွေနဲ့ မီဒီယာတွေကိုပါ ပစ်မှတ်ထားခဲ့ကြတာပါ။ တရားမဝင် ဆန္ဒပြတာတွေက နေ့စဉ်လိုလို ဖြစ်ပျက်နေပြီး စီးပွားရေးလုပ်ငန်းတွေကို နှောင့်ယှက်တာ၊ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးတာ၊ စော်ကားမော်ကား ပြောဆို ခြိမ်းခြောက်တာတွေအပြင် အကြမ်းဖက်မှုတွေအထိပါ လုပ်ဆောင်ခဲ့ကြတယ်။ ဒါက မော်စီတုန်းခေတ်က အစောင့်တပ်နီအဖွဲ့နဲ့ တူနေခဲ့တာပါ။

တခြားအရပ်ဘက်အဖွဲ့အစည်းတွေသာ ဒီလိုလုပ်ခဲ့ရင် သက်ဆိုင်သူတွေ အဖမ်းခံရပြီး ခေါင်းဆောင်ပိုင်းလည်း ပြိုကွဲသွားလောက်ပါပြီ။ ဒါပေမဲ့ ရဲတပ်ဖွဲ့နဲ့ မီဒီယာတွေက မိဘများအသင်းရဲ့ လုပ်ရပ်တွေကို သိသိသာသာ မျက်ကွယ်ပြုထားတာကြောင့် ဆန္ဒပြပွဲတွေက ပိုပြီး အစွန်းရောက်လာခဲ့တယ်။

အကြီးစား ဆန္ဒပြပွဲတွေလုပ်ဖို့ဆိုရင် ငွေကြေးအမြောက်အမြား လိုအပ်ပါတယ်။ ပါဝင်သူတွေက သဘောဆန္ဒအလျောက် လာကြတာ ဖြစ်နိုင်ပေမဲ့ ဆန္ဒပြပစ္စည်းတွေ၊ နဖူးစည်းစာတန်းတွေနဲ့ တခြားလိုအပ်တာတွေအတွက် ရန်ပုံငွေ လိုအပ်တာပါ။ ဒါ့အပြင် မိဘများအသင်းက ဆန္ဒပြဖို့အတွက် မြို့တော်ဧရိယာတင်မကဘဲ တစ်နိုင်ငံလုံးက အဖွဲ့ဝင်တွေကို ဘတ်စ်ကားတွေ စင်းလုံးငှားပြီး ခေါ်ဆောင်လာတာလေ။ အစိုးရလိုလားတဲ့ ဆန္ဒပြပွဲတွေ လိုအပ်တဲ့ ဘယ်နေရာမဆို သူတို့ ရောက်သွားကြတာပါ။ ကုန်ကျစရိတ်တွေက မနည်းလှတာကြောင့် ဒီငွေတွေ ဘယ်ကရသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့တယ်။

ရန်ပုံငွေအရင်းအမြစ်နဲ့ ပတ်သက်ပြီး သတင်းထောက်တစ်ဦးရဲ့ မေးမြန်းမှုကို ဥက္ကဋ္ဌ လီယောင်ဂွမ်က ပြန်လည်အသုံးပြုလို့ရတဲ့ စွန့်ပစ်ပစ္စည်းတွေ လိုက်ကောက်တဲ့ လူကြီးတွေဆီက ကောက်ခံရရှိတဲ့ အလှူငွေတွေနဲ့ လည်ပတ်နေတာပါလို့ ယုံကြည်ချက်အပြည့်နဲ့ ဖြေကြားခဲ့တယ်။ ဒါပေမဲ့ စွန့်ပစ်ပစ္စည်းဈေးနှုန်းတွေ စံချိန်တင် ကျဆင်းနေချိန်မှာတောင် မိဘများအသင်းရဲ့ ရန်ပုံငွေတွေက ခန်းခြောက်သွားမယ့် အရိပ်အယောင် မရှိခဲ့ပါဘူး။

ဂျုံနို တက်ဂေါပန်းခြံနားက အဆောက်အဦးကြီးတစ်ခုရဲ့ တတိယထပ်မှာ မြို့လယ်ခေါင် ငှားရမ်းခက တော်တော်လေး ဈေးကြီးပေမဲ့ မိဘများအသင်းက တစ်ထပ်လုံးကို သူတို့ရုံးခန်းအဖြစ် သုံးထားတာပါ။

ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကွန်ဆာဗေးတစ်အဖွဲ့တွေက OTK ကုမ္ပဏီရုံးချုပ်ရှေ့မှာ ပြင်းပြင်းထန်ထန် ဆန္ဒပြခဲ့ကြပါသေးတယ်။ ဒါပေမဲ့ မဟာငလျင်ကြီးလှုတ်ခတ်ပြီးနောက်မှာတော့ ဆန္ဒပြပွဲတွေက ရုတ်တရက် ရပ်တန့်သွားပြီး အမှုဆောင်အဖွဲ့က ရုံးခန်းထဲမှာ စုဝေးကာ ရှားရှားပါးပါး အနားယူနေကြပါတယ်။ ဥက္ကဋ္ဌ လီယောင်ဂွမ်က အမျိုးသားစစ်ပြန်များအသင်း ဥက္ကဋ္ဌနဲ့ မိခင်တပ်မတော် အကြီးအကဲဆီ ဖုန်းဆက်လိုက်ပါတယ်။

"နောက်ထပ် အကြောင်းမပြန်မချင်း ဆန္ဒပြပွဲတွေကို ရပ်ထားလိုက်ပါ။ ပြီးတော့ အတွင်းပိုင်းကိုလည်း သေချာ စောင့်ကြည့်ထားပါ"

အမှုဆောင်အဖွဲ့က သက်ကြီးရွယ်အိုတွေကတော့ ဆိုဖာပေါ်မှာ ထိုင်ပြီး ကော်ဖီသောက်ရင်း သတင်းကြည့်နေကြပါတယ်။ တီဗီဖန်သားပြင်ပေါ်မှာတော့ ဆန်ဖရန်စစ္စကိုရဲ့ ပျက်စီးဆုံးရှုံးမှု မြင်ကွင်းတွေကို ပြသနေတာပါ။ အဲဒီမြင်ကွင်းကို မြင်တော့ အထွေထွေအတွင်းရေးမှူးက အံ့ဩတကြီး ပြောလိုက်ပါတယ်။

"ဝိုး… တကယ့် အကြီးစားငလျင်ကြီး လှုပ်ခတ်သွားလိမ့်မယ်လို့ မထင်ထားမိဘူး"

လူကြီးတစ်ယောက်ကလည်း သတိထားပြီး ပြန်ပြောတယ်။

"ဒါဆို ငလျင်ရဲ့အကျိုးဆက်က အမေရိကန်ကို ကူညီပေးရာ ရောက်သွားတာပေါ့ ဟုတ်လား"

နောက်ထပ် လူကြီးတစ်ယောက်က စိတ်ဆိုးမာန်ဆိုးနဲ့ ပြန်ပက်လိုက်တယ်။

"ဘာတွေ ပြောနေတာလဲ။ ဒါတွေအားလုံးက သမ္မတ ရိုနယ်ကြောင့်လေ။ ဟိုကောင်က ဘာများလုပ်ခဲ့တာမလို့လဲ"

"ဒါပေမဲ့ အမေရိကန်မှာ ဟိုကောင့်ကို သူရဲကောင်းတစ်ယောက်လို ချီးကျူးနေကြတာလေ"

" အဓိပ္ပာယ်မရှိလိုက်တာ။ အမေရိကန်တွေက အမှန်တရားကို မသိဘဲ အရူးလုပ်ခံနေရတာ။ အဲ့ကောင်က တော်တော် ဆိုးတဲ့အကောင်လေ"

"ဟုတ်တယ်၊ သူက မြောက်ကိုရီးယားလိုလားတဲ့ ကွန်မြူနစ် မဟုတ်ဘူးလား"

သူတို့ စကားပြောနေတုန်းမှာပဲ ရုံးခန်းတံခါးက ရုတ်တရက် ပွင့်လာပြီး ရဲအရာရှိတွေ ဝင်လာခဲ့တယ်။

'ရဲတွေက ဒီကို ဘာလာလုပ်တာလဲ'

ဥက္ကဋ္ဌ လီယောင်ဂွမ်က အံ့ဩသွားပေမဲ့ ပြုံးပြုံးရွှင်ရွှင်ပဲ နှုတ်ဆက်လိုက်တယ်။

"အို… ဒီနေ့လည်း ခင်ဗျားတို့ ပင်ပန်းနေကြမှာပေါ့။ ဒါနဲ့ ဘာကိစ္စရှိလို့လဲ"

ဒါပေမဲ့ သူကြားလိုက်ရတဲ့ အဖြေက မမျှော်လင့်ထားတာ ဖြစ်နေပါတယ်။

"ဒါက ဖမ်းဝရမ်းပါ။ ခင်ဗျားမှာ ငြင်းပယ်ခွင့် ရှိသလို ခင်ဗျားပြောသမျှ စကားတွေက တရားရုံးမှာ ခင်ဗျားအပေါ် အရေးယူဖို့ သက်သေဖြစ်လာနိုင်ပါတယ်။ ခင်ဗျားမှာ ရှေ့နေငှားပိုင်ခွင့်ရှိပြီး စစ်ဆေးမေးမြန်းခံရတဲ့အခါ ရှေ့နေကို ကိုယ်စားပြောခွင့် ပြုနိုင်ပါတယ်။ တကယ်လို့ ခင်ဗျားက ရှေ့နေမငှားနိုင်ရင် အစိုးရက ရှေ့နေတစ်ဦး စီစဉ်ပေးမှာပါ"

"ဟင်"

ဒါက ဖာတန်းမီးလောင်သလို ဖြစ်ကုန်ပြီလား။

လီယောင်ဂွမ်က သူ့ကို ဖမ်းဆီးဖို့ အနားကပ်လာတဲ့ ရဲအရာရှိတွေကို ပြောလိုက်တယ်။

"ဟာ… ကျွန်တော်တို့က တစ်ဖွဲ့ထဲလေဗျာ"

အဲဒီစကားကြောင့် ရဲတွေက ခဏရပ်တန့်သွားတယ်။ သူက ပြုံးလိုက်တယ်။

"ဘာလို့ အံ့ဩနေတာလဲ။ ကျွန်တော်တို့က ပတ်ကိုထောက်ခံတဲ့ အဖွဲ့ကလေ။ ခင်ဗျားတို့ နေရာမှားလာတာ ထင်တယ်..."

ဖမ်းဆီးဖို့ အမိန့်ပေးခဲ့တဲ့ အရာရှိက စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်တယ်။

"တစ်ဖွဲ့ထဲဖြစ်တာကို ကြိုက်နေတာလား။ အကုန်လုံးကို ဖမ်းလိုက်"

ရုံးခန်းထဲက လူကြီးတွေ အားလုံးကို ရဲတွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ သူတို့က စိတ်ပျက်လက်ပျက်နဲ့ အော်ဟစ်ကြတာပေါ့။

"မင်းတို့က ကိုယ့်ကိုကိုယ် ဘာကောင်ထင်နေလဲ။ နားမလည်တဲ့ ကောင်တွေ"

"မင်းတို့လို အသက်မပြည့်သေးတဲ့ ကောင်တွေက ဘယ်လိုတောင် သတ္တိရှိနေတာလဲ"

"ငါတို့ ဘာအမှားလုပ်ခဲ့လို့လဲ"

"ငါတို့က လွတ်လပ်တဲ့ ကိုရီးယားသမ္မတနိုင်ငံကို ကာကွယ်ဖို့ ဆန္ဒပြနေတာပဲလေ"

ဆန္ဒပြပွဲတွေမှာ ကိုရီးယားအလံနဲ့ အမေရိကန်အလံတွေကို ဝှေ့ယမ်းနေချိန်မှာတော့ သူတို့က မကြောက်မရွံ့ ရှိခဲ့ကြပေမဲ့ တစ်ယောက်ထဲ ဖြစ်သွားချိန်မှာတော့ အားကိုးရာမဲ့တဲ့ အဖိုးကြီးတွေသက်သက်သာ ဖြစ်နေပါတယ်။ တစ်ချိန်ထဲမှာပဲ ပြည်သူ့အာဏာပိုင်တွေက သူတို့ကို အပြည့်အဝ ပံ့ပိုးပေးခဲ့ကြတာပါ။ ရဲတပ်ဖွဲ့က ဆန္ဒပြပွဲတွေကို ကူညီပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ ရုတ်တရက် ဓားဦးက လှည့်လာခဲ့ပါပြီ။

ဥက္ကဋ္ဌ လီယောင်ဂွမ်က လက်ထိတ်ခတ်ခံရပြီး ဆွဲခေါ်သွားခံရစဉ်မှာ အော်ဟစ်လိုက်တယ်။

"မင်းတို့ အမှားလုပ်မိနေပြီ၊ ငါ့နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ မင်းတို့ သိရဲ့လား။ မင်းတို့ ဒီလိုလုပ်ပြီး လွတ်မြောက်သွားမယ် ထင်နေလား"

ရဲတပ်ဖွဲ့က မိဘများအသင်းတင်မကဘဲ ပတ်ကို ထောက်ခံသူများအဖွဲ့၊ မိခင်စေတနာ့ဝန်ထမ်းအဖွဲ့နဲ့ အမျိုးသားကယ်တင်ရေး စစ်ဘက်ဆိုင်ရာအသင်း စတဲ့ အဖွဲ့အစည်းတွေက အမှုဆောင်တွေကိုပါ ဖမ်းဆီးခဲ့တယ်။ တစ်ချိန်ထဲမှာပဲ သတင်းစာနဲ့ ရုပ်သံလွှင့်ဌာနတွေက သတင်းထောက်တွေကိုလည်း ဆင့်ခေါ်စာတွေ ထုတ်ပြန်ခဲ့တယ်။

ပြီးခဲ့တဲ့အတောအတွင်း ကွန်ဆာဗေးတစ် မီဒီယာတွေက ဆောင်းပါးတွေကို အလုအယက် ရေးသားခဲ့ကြတယ်။ သူတို့က ရိုးရိုးရှင်းရှင်း ဝေဖန်တာ ဒါမှမဟုတ် ပြစ်တင်ရှုတ်ချတာထက် ကျော်လွန်ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုတွေနဲ့ လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်းတွေကို ခဏခဏ ရေးသားခဲ့ကြတာပါ။

[OTK ကုမ္ပဏီရဲ့ အစုရှယ်ယာ အပ်နှံငွေ။ တကယ်ပဲ မှန်ကန်မှု ရှိရဲ့လား]

[ပိုင်ဆိုင်မှု အများစုကို ဆွဇ်ဇာလန် လျှို့ဝှက်အကောင့်တွေထဲကို လွှဲပြောင်းထားပြီးပြီ]

[ရှုပ်ထွေးမှုတွေကို အခွင့်ကောင်းယူပြီး ဘဏ္ဍာရေးဆိုင်ရာ ကစားမှုတွေကနေ ဒေါ်လာ သိန်းပေါင်း ၁ ကုဋေ ရရှိခဲ့]

[အိမ်အောက်က လျှို့ဝှက်သေတ္တာထဲမှာ ရွှေတုံး တန် ၂၀၀ ဝှက်ထားတယ်လို့ သက်သေထွက်ဆိုချက်တွေ ရှိနေ]

[ဘက်ပြောင်းလာသူတွေရဲ့ တုန်လှုပ်ချောက်ချားဖွယ် အမှန်တရား ထွက်ဆိုချက်။ ငလျင်လှုပ်ပြီးနောက် အမေရိကန်ကို မတည်မငြိမ်ဖြစ်အောင် လုပ်ဖို့ မြောက်ကိုရီးယားနဲ့ ပူးပေါင်းကြံစည်ခဲ့တာ ဖြစ်နိုင်မလား]

[ငလျင်လှုပ်ပြီးနောက် အမေရိကန် ခရီးစဉ်အတွင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယုံဟိုနဲ့ လျှို့ဝှက် ဆက်သွယ်ခဲ့တယ်လို့ ယူဆရ]

[ငလျင်လှုပ်ပြီးနောက် ကန်ဂျင်ဟူနဲ့ မြောက်ကိုရီးယား အဆင့်မြင့်အရာရှိ ကန်ချောယောင်းတို့က မျိုးရိုးအမည် တူညီနေတာကို တွေ့ရှိရ]

အထူးသဖြင့် လိင်ကိစ္စနဲ့ ပြည့်တန်ဆာလုပ်ငန်းဆိုင်ရာ စွပ်စွဲချက်တွေကတော့ တော်တော်လေးကို လွန်လွန်ကဲကဲ ဖြစ်နေခဲ့ပါတယ်။

[ကန်ဂျင်ဟူက အမေရိကန်ကို သွားတိုင်း အပြာကား သရုပ်ဆောင်တွေနဲ့လိင်ဆက်ဆံခဲ့]

[လျှို့ဝှက်အခန်းတစ်ခုထဲမှာ အပြာကားသရုပ်ဆောင် အများအပြားနဲ့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုတွေ ပြုလုပ်ခဲ့]

[တွေ့ဆုံမှုတစ်ခုစီအတွက် ဒေါ်လာ ၁၀၀,၀၀၀ ပေးချေခဲ့]

[ပြည့်တန်ဆာလုပ်ငန်းအပေါ် ရပ်တည်ချက်ကို ရှင်းလင်းရမယ်]

[ကျား၊ မ တန်းတူညီမျှရေးဝန်ကြီး ချိုယူဆန်းက ပြင်းထန်တဲ့ အပြစ်ပေးမှုတွေ ပြုလုပ်ဖို့ တောင်းဆို]

[အမေရိကန်မှာ သူ့ကို ဖမ်းဆီးဖို့ အင်တာပိုနဲ့ ပူးပေါင်းဆောင်ရွက်သင့်]

[ပြည်သူအများအပြားက ကန်ဂျင်ဟူကို ဖမ်းဆီးစစ်ဆေးဖို့ ထောက်ခံနေကြ]

သတင်းအရင်းအမြစ်ကို စစ်ဆေးကြည့်တဲ့အခါ Daily World News ဖြစ်နေတာကို တွေ့ရတယ်။ ပြည်တွင်းမီဒီယာတွေက အမေရိကန်မှာ အတင်းအဖြင်းလို့ ယူဆရတဲ့ ဆောင်းပါးတွေကို ကူးယူဖော်ပြခဲ့ကြတာပါ။

ဒါက ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ အချက်အလက် စစ်ဆေးဖို့ ပျက်ကွက်တာ ဒါမှမဟုတ် ဘာသာပြန်အမှားတွေကို သုံးစွဲခဲ့တဲ့ ဖြစ်ရပ်မျိုးတွေလည်း ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီအခြေအနေကတော့ သူတို့ရဲ့ ရည်ရွယ်ချက်က အလွန် ထင်ရှားနေတာကြောင့် ဘာသာပြန်အမှားလို့ ယူဆဖို့ ခက်ခဲပါတယ်။ FaceIt ရော၊ OTK ကုမ္ပဏီပါ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပေမဲ့ တုံ့ပြန်ဆောင်းပါးတွေကိုတော့ ထုတ်ဝေခွင့် မရခဲ့ပါဘူး။

ဆောင်းပါးတွေက သံသယတွေကို ချဲ့ကားလိုက်ပြီး ကွန်ဆာဗေးတစ်အဖွဲ့တွေက ဝင်ရောက်စွပ်စွဲကာ ပြည်သူ့အာဏာပိုင်တွေက စုံစမ်းစစ်ဆေးဖို့ လှုပ်ရှားခဲ့တာက လက်ရှိအစိုးရ သုံးလေ့ရှိတဲ့ ပုံစံအတိုင်းပါပဲ။

သတင်းထောက်တွေဟာ ထွက်ဆိုချက်တွေ ရေးသားဖို့ ရဲစခန်းတွေကို တစ်ယောက်ပြီးတစ်ယောက် ဆင့်ခေါ်ခံခဲ့ရပါတယ်။

မီဒီယာတချို့က အခြေအနေရဲ့ ပြင်းထန်မှုကို သဘောပေါက်ပြီး တောင်းပန်ဖို့နဲ့ နောက်နောင် မဖြစ်ပွားအောင် တားဆီးဖို့ ကတိပြုခဲ့ကြပေမဲ့ ဂျောင်အီဘိုသတင်းစာကို ဗဟိုပြုတဲ့ ကွန်ဆာဗေးတစ် သတင်းစာတွေနဲ့ ပင်မ ရုပ်သံလွှင့်ဌာန သုံးခုကတော့ ပူးပေါင်းပြီး ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

[အစိုးရက မီဒီယာတွေကို နှိပ်ကွပ်နေတာကို ချက်ချင်း ရပ်တန့်ရမယ်]

[ပြည်သူတွေရဲ့ သိပိုင်ခွင့်ကို အာမခံပေးရမယ်]

[အမှန်တရားအတွက် အဆုံးထိ တိုက်ပွဲဝင်သွားမှာပါ]

ဒါပေမဲ့ ပြည်သူတွေရဲ့ တုံ့ပြန်မှုကတော့ အေးစက်နေခဲ့တယ်။

- ဆောင်းပါးအယောင်ဆောင်ပြီး သတင်းအမှားတွေ ဖြန့်နေတုန်းကတော့ ကောင်းနေတာပေါ့လေ။

- အဲဒီသတင်းထောက်တွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်။

- သတင်းအမှားတွေ ဖြန့်ပြီး မီဒီယာ နှိပ်ကွပ်မှုလို့ အော်ဟစ်နေတဲ့ သတ္တိကို ကြည့်စမ်းပါဦး။

- ဒီအခွင့်အရေးကို သုံးပြီး အဲဒီသတင်းထောက်တွေကို အမြစ်ပြတ် ချေမှုန်းကြစို့။

- သတင်းထောက်တွေက ပြဿနာဖြစ်နေသလို အစွန်းရောက် လက်ယာဝါဒီ websiteတွေကလည်း ပြဿနာပဲ မဟုတ်ဘူးလား။ အွန်လိုင်းမှာ သူတို့ တင်ထားတာတွေကို ကြည့်ရင် တော်တော် ပြင်းထန်တာကိုတွေ့ရလိမ့်မယ်။

- သူတို့က မိသားစုတွေကိုပါ ဆွဲထည့်ခဲ့ကြတာနော်။

- ကန်ဂျင်ဟူသာ မြင်ရင် လည်ပင်းကို ကိုင်ပြီး လဲကျသွားလောက်တယ်။

- အခုတော့ သူတို့ တင်ထားတာတွေကို အကုန် လိုက်ဖျက်နေကြပြီ။

- အာ…. OTK ကုမ္ပဏီက အရာအားလုံးကို recordယူထားပြီး တရားစွဲဆိုမှုတွေ လုပ်နေပြီလေ။

- ဒီတစ်ကြိမ်မှာ အရာအားလုံးကို ရှင်းလင်းပစ်ရမယ်။

- ဟားဟား။ သူတို့လည်း ဗီလိန်တွေ ဖြစ်သွားကြပြီ။

ပတ်ဆန်းယော့က ရဲစခန်းကို တိုက်ရိုက် သွားရောက်ခဲ့တယ်။ သူတစ်ယောက်ထဲ မဟုတ်ဘဲ နိုင်ငံခြား သတင်းထောက် အမြောက်အမြားလည်း သူ့နောက်ကနေ လိုက်ပါလာခဲ့ကြတာပါ။

မကြာသေးခင်က ပတ်ဆန်းယော့က ဂျောင်ကီဟုမ်ကို ဆန္ဒပြသူတွေလက်ကနေ ကယ်တင်ဖို့ ကြိုးစားရင်း တိုက်ခိုက် ခံခဲ့ရပါတယ်။ သူက တော်တော်လေး သန်မာတဲ့ ကိုယ်လုံးကိုယ်ထည် ရှိတာကြောင့် အပြည့်အဝနီးပါး ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်ပေမဲ့ ဒဏ်ရာရတဲ့ နေရာတွေကို တမင်တကာ ပတ်တီးတွေ ပတ်ထားပြီး ခြေထောက်ကို နည်းနည်းခွင်ပြခဲ့တယ်။

ရဲတွေက ပတ်ဆန်းယော့နဲ့ နိုင်ငံခြား သတင်းထောက်တွေကို မြင်တော့ ပြာပြာသလဲဖြစ်ပြီး မေးလိုက်ပါတယ်။

"ဘာ... ဘာကိစ္စရှိလို့လဲခင်ဗျာ"

"ကျွန်တော် တိုင်ကြားစာ တင်မလို့ပါ"

"ဪ… ဟုတ်ကဲ့။ တင်ပါခင်ဗျာ"

ပတ်ဆန်းယော့က သူကိုင်ထားတဲ့ သေတ္တာကို ကောင်တာပေါ် တင်လိုက်တယ်။

ရဲတွေက ပိုပြီး အံ့ဩသွားပြီး မေးလိုက်တယ်။

"ဒါ... ဒါတွေအားလုံးက တိုင်ကြားစာအကုန်ပဲလား"

"မဟုတ်ပါဘူး"

"ဒါဆို..."

မကြာခင်မှာပဲ ဝန်ထမ်းတွေက သေတ္တာတွေ ကိုယ်စီနဲ့ ဝင်လာကြပါတယ်။

"လူ ဘယ်နှစ်ယောက်ကို တရားစွဲမှာလဲ"

ပတ်ဆန်းယော့က အံ့ဩနေတဲ့ ရဲတွေကို ပြောလိုက်တယ်။

"တရားမဝင် ဆန္ဒပြမှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ သတင်းအမှား ဖြန့်ဝေမှု၊ အသရေဖျက်မှု၊ စော်ကားမှု စတာတွေနဲ့ အားလုံးကို တရားစွဲမှာပါ"

အစွန်းရောက် လက်ယာဝါဒီ websiteတွေပေါ်မှာ ကန်ဂျင်ဟူအကြောင်း ရေးထားတာတွေက ဖတ်လို့တောင် မကောင်းပါဘူး။ ဝေဖန်တာနဲ့ စော်ကားတာ တချို့ကို သည်းခံနိုင်ပေမဲ့ အများစုကတော့ အဲဒီထက် ကျော်လွန်နေခဲ့ပါတယ်။ ကန်ဂျင်ဟူရဲ့ မျက်နှာကို ညစ်ညမ်းရုပ်ပုံတွေနဲ့ ပေါင်းစပ်ထားတာက အသေးစား ပြစ်မှုတွေထဲမှာ ပါဝင်ပါတယ်။

သူတို့က မိသားစုဝင်တွေကိုပါ ဆွဲထည့်ခဲ့ကြတာပါ။ သူတို့က ကန်ဂျင်ဟူကို တရားမဝင်မွေးဖွားလာတဲ့ ကလေး၊ ကွယ်လွန်သူ ဖခင်က သူလျှို၊ ပြီးတော့ မိခင်က host bar တွေကို သွားပြီး သားဖြစ်သူရဲ့ ငွေတွေထဲက တစ်ရက်ကို ဝမ်သန်းချီ သုံးစွဲနေတယ်လို့ စွပ်စွဲခဲ့ကြတယ်။

လူတစ်ယောက်က သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး လူငယ်တစ်ဦးနဲ့အတူ မိုတယ်တစ်ခုထဲ ဝင်သွားတဲ့ ဓာတ်ပုံကို ရိုက်ပြီး "ကန်ဂျင်ဟူရဲ့ အမေ" လို့ စာတန်းထိုးခဲ့တယ်။ (နောက်ထပ် အွန်လိုင်း မီဒီယာတစ်ခုကလည်း အဲဒါကို သတင်းဆောင်းပါးအဖြစ် သုံးခဲ့ပါသေးတယ်)

ကန်ဂျင်ဟူသာ ကိုယ်တိုင်မြင်ခဲ့ရင် တော်တော်လေး စိတ်ဆိုးဒေါသထွက်မိမှာပါ။ လှုံ့ဆော်မှုဖြစ်စေတဲ့ ပို့စ်တွေ တင်လေလေ၊ တုံ့ပြန်မှုတွေနဲ့ ထောက်ခံမှုတွေ ပိုများလာလေလေပါပဲ။ ဘယ်သူကမှ အရေးယူဖို့ ဒါမှမဟုတ် သတိပြုမိဖို့ မလိုအပ်ဘူးလို့ ထင်ခဲ့ကြတယ်။

ဒါပေမဲ့ မဟာငလျင်ကြီး ဖြစ်ရပ်ပြီးနောက်မှာတော့ အခြေအနေက သိသိသာသာ ပြောင်းလဲသွားခဲ့ပါတယ်။ အခြေအနေ အပြောင်းအလဲကို ရိပ်မိတဲ့ လူအများအပြားက သူတို့ရဲ့ ပို့စ်တွေကို အမြန်ဖျက်ပြီး ပုန်းအောင်းသွားခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာတော့ အရာအားလုံးကို recordယူပြီးသား ဖြစ်နေပါပြီ။

တရားစွဲလိုက်ရင်တောင် သေချာ စုံစမ်းစစ်ဆေးမှု ရှိမှာမဟုတ်ဘူးလို့ ထင်ရတာကြောင့် သူက အချိန်ကောင်းကိုပဲ စောင့်ဆိုင်းနေခဲ့တာပါ။

ပတ်ဆန်းယော့က ပြုံးပြီး ပြောလိုက်တယ်။

"IDတွေနဲ့ IP addressတွေကို ကြည့်ရင် တချို့က အမျိုးသား ထောက်လှမ်းရေးအဖွဲ့ ဝန်ထမ်းတွေ ဒါမှမဟုတ် အစိုးရ အရာရှိတွေဖြစ်ကြောင်း တွေ့ရပါတယ်။ သေချာ စုံစမ်းစစ်ဆေးပြီး ဥပဒေအရ အပြစ်ပေးပေးပါ"

အမေနဲ့ ဖုန်းမပြောဖြစ်တာ ကြာပြီဖြစ်လို့ ကျွန်တော် ဖုန်းဆက်လိုက်တယ်။

"အိမ်မှာလား"

[အိမ်မှာပေါ့။ ဒီအချိန်ဆို အိမ်မှာပဲ ရှိမှာပေါ့]

ကုမ္ပဏီရှေ့တင်မကဘဲ ဒုံတန်က ကျွန်တော်တို့အိမ်ကိုပါ ရှာဖွေပြီး ဆန္ဒပြနေကြတဲ့ ကွန်ဆာဗေးတစ်အဖွဲ့တွေကြောင့် အမေက အိမ်ကို အမြန် ပြောင်းခဲ့ရတယ်။ ခဏလောက်တော့ ဆီလွန်ဟိုတယ်မှာ လျှို့ဝှက် နေထိုင်ခဲ့ရတာပါ။ ဆီလွန်ဟိုတယ်မှာ ရှိနေစဉ်အတွင်း စီအီးအို လင်ဆိုမီက နည်းလမ်းမျိုးစုံနဲ့ ကူညီပေးခဲ့တာကြောင့် နောက်မှ သွားပြီး ကျေးဇူးတင်ကြောင်း ပြောရမယ်လို့ တွေးမိတယ်။

မဟာငလျင်ကြီး ဖြစ်ပွားပြီးနောက်မှာတော့ ကွန်ဆာဗေးတစ်အဖွဲ့တွေ ပျောက်ကွယ်သွားပြီး ကျွန်တော့်အမေလည်း ဒုံတန်အိမ်ကို ဘေးကင်းစွာ ပြန်လာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ သက်တော်စောင့် အရေအတွက်ကိုတော့ တိုးမြှင့်ထားခဲ့ပါတယ်။

ဒုံတန်အိမ်အကြောင်း သူတို့ ဘယ်လိုသိသွားလဲဆိုတာကိုလည်း ကျွန်တော် သိချင်မိတယ်။ တစ်ယောက်ယောက်က သတင်းပေးလိုက်တာ မဟုတ်ရင်တော့...

[သားနာမည် စောစောကတင် ပါလာသေးတယ်။ ဒီရက်ပိုင်း တီဗီမှာ သားနဲ့ သမ္မတ ရိုနယ် ပဲ ရှိနေသလိုပဲ။ CNNနဲ့ မီဒီယာတချို့က အမေ့ကို အင်တာဗျူးချင်ကြတာလေ]

ကျွန်တော်က ပြုံးပြီး မေးလိုက်ပါတယ်။

"အင်တာဗျူး ဖြေမလို့လား"

[အမေက အင်တာဗျူးဖြေတော့ ဘာထူးမှာလဲ။ ဘာပဲဖြစ်ဖြစ် သား ရှာခဲ့တဲ့ ငွေတွေထက် လူအများကြီးကို ကယ်တင်နိုင်ခဲ့လို့ အမေ ဂုဏ်ယူမိပါတယ်။ အမေ့သားက အကောင်းဆုံးပဲ]

အမေ့ရဲ့ အသံကို ကြားရတာက ကျွန်တော့်စိတ်ထဲ အေးချမ်းသွားပါတယ်။

[ကိုရီးယားကို ဘယ်တော့ ပြန်လာမှာလဲ]

"မကြာခင် ပြန်လာခဲ့ပါ့မယ်"

လက်တွေ့မှာတော့ ကျွန်တော့်ရဲ့ အခန်းကဏ္ဍက မဟာငလျင်ကြီး ပေါ်ထွက်လာပြီးနောက်မှာ ပြီးဆုံးလုနီးပါး ဖြစ်နေပါပြီ။ ကျန်တဲ့ နောက်ဆက်တွဲကိစ္စတွေကို တခြားလူတွေကို လွှဲပြောင်းပေးခဲ့ပြီး ကိုရီးယားကို ပြန်ရင်လည်း ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ရိုနယ်က ကျွန်တော့်ကို ပြင်ပအတိုင်ပင်ခံတစ်ဦးလို ဘေးမှာ ဆက်ထားချင်နေပုံရတယ်။ အဓိက သတင်းတွေမှာ ကျွန်တော်တို့ နှစ်ယောက် အမြဲတမ်း အတူတူ ပါဝင်နေခဲ့တာပါ။

[ကိုယ့်ကိုယ်ကိုယ် အမြဲ ဂရုစိုက်ပါ။ ကျန်းမာရေးက အရေးကြီးဆုံးဆိုတာ သိတယ်မလား]

"ဟုတ်ကဲ့၊ သိပါတယ်"

အမေနဲ့ ဖုန်းပြောပြီးနောက် ကုမ္ပဏီအခြေအနေကို စစ်ဆေးဖို့ တက်ဂယူဆီ ဖုန်းဆက်လိုက်တယ်။

[ဒီရက်ပိုင်း ရဲတွေက တော်တော်လေး ကြိုးစားနေကြတယ်။ သတင်းတု ဖြန့်တဲ့ သတင်းထောက်တွေကို ဖမ်းဆီးပြီး အစွန်းရောက် လက်ယာဝါဒီ websiteတွေရဲ့ ဆာဗာတွေကို ဝင်စီးကြတယ်။ ကုမ္ပဏီကို နေ့တိုင်း စာတွေ အများကြီး ရောက်လာတယ်ကွ။ အများစုကတော့ မျက်ရည်တွေနဲ့ ခွင့်လွှတ်ဖို့ တောင်းပန်စာတွေပဲ]

"တကယ်လား"

တက်ဂယူက စိတ်လှုပ်ရှားစွာ ပြန်ဖြေတယ်။

[ငါ နေ့တိုင်း အလုပ်သွားပြီး အဲဒီစာတွေကို သေချာဖတ်တယ်။ ပြီးတော့ 'မရဘူး၊ ငါ တရားစွဲတာကို ရုပ်သိမ်းမှာ မဟုတ်ဘူး။ အဲလိုလုပ်ဖို့ စိတ်ကူးမရှိဘူး။ လစ်လိုက်တော့' လို့ ကိုယ်တိုင် ပြန်စာရေးတယ်]

"...အဲလိုလုပ်ရတဲ့ အကြောင်းရင်း ရှိလို့လား"

[ရှိတာပေါ့။ လက်တွေ့ဘဝဆိုတာ ဘာလဲကိုသိသွားအောင် သူတို့ကို သင်ခန်းစာပေးရမယ်လေ]

အခန်း (၁၉၄)

တကယ်လို့သာ ငလျင်ကြီး လှုပ်ခတ်ခဲ့ရင် လူပေါင်းတစ်သန်းလောက် သေဆုံးနိုင်တယ်လို့ ပါမောက္ခ မိုဟန်က သတိပေးခဲ့တုန်းက လူတွေက အဓိပ္ပာယ်မရှိဘူးဆိုပြီး လှောင်ပြောင်ခဲ့ကြတယ်။ ဒါပေမဲ့ ငလျင်ကြီး တကယ်လည်း လှုပ်ခတ်လာရော အဲဒီလို သံသယဝင်ခဲ့ကြတာ ဘယ်လောက်တောင် မှားယွင်းခဲ့သလဲဆိုတာ ရှင်းရှင်းလင်းလင်း သိလိုက်ရတော့တာပဲ။

ပြောရရင်တော့ ကြိုတင်ပြင်ဆင်မှုတွေသာ မလုပ်ထားခဲ့ရင် လူနှစ်သန်းလောက် သေဆုံးသွားလည်း မထူးဆန်းတဲ့ အခြေအနေမျိုးပါ။

ဒါပေမဲ့ ပြင်ဆင်မှုတွေ လုပ်ထားခဲ့တာတောင် သေဆုံးသူနဲ့ ပျောက်ဆုံးသူ စုစုပေါင်း အရေအတွက်ဟာ ခုနစ်သောင်းအထိ ရှိခဲ့တယ်။ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ဖို့နဲ့ ရုပ်အလောင်းတွေကို ရှာဖွေဖို့ ဆက်တိုက် ကြိုးစားနေကြပေမဲ့ သေဆုံးသူဦးရေကတော့ ဆက်ပြီး တိုးနေတုန်းပဲ။

ဆန်ဖရန်စစ္စကို တစ်မြို့လုံးကတော့ လုံးဝ ပျက်စီးသွားခဲ့ရပါပြီ။ တော်သေးတာတစ်ခုက Silicon Valley ရဲ့ တောင်ဘက်ပိုင်းနဲ့အတူ ဖရီးမန်း၊ အုတ်ကလန်တို့ဘက်ကတော့ ထိခိုက်ပျက်စီးမှု နည်းခဲ့တယ်။

ဒါဟာ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ် ဖြစ်ခဲ့ပေမဲ့ အမေရိကန်ပြည်ထောင်စုဟာ သူတို့ရဲ့ ကြံ့ကြံ့ခံနိုင်ရည်ရှိမှုကို ကမ္ဘာကို ပြသနိုင်ခဲ့တာပါ။ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ပုံမှန်အတိုင်း ဆက်ပြီး လည်ပတ်နေသလို ငွေကြေးနဲ့ စက်မှုလုပ်ငန်း စနစ်တွေကလည်း ဘာပြဿနာမှမရှိဘဲ အလုပ်ဖြစ်နေခဲ့တယ်။ ငလျင်ကြီးမလှုပ်ခင်က ရှုပ်ထွေးပွေလီ နေခဲ့တာတွေနဲ့ ယှဉ်ရင် အခုအချိန်မှာ အရာရာက ပိုပြီးတော့တောင် ချောချောမွေ့မွေ့ လည်ပတ်နေသလိုပါပဲ။

ရိုနယ်ဟာ သူ့ရဲ့ လက်ထောက်တွေနဲ့အတူ ကယ်ဆယ်ရေးစခန်းတစ်ခုမှာ နေထိုင်ပြီး ဒုက္ခသည်တွေနဲ့အတူ စားသောက် အိပ်စက် နေထိုင်ခဲ့တယ်။

ပြင်ပအစီအစဉ် အများစုကိုတော့ အစိုးရအဖွဲ့ဆီ လွှဲပေးထားပြီး သူကတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပေါင်းစပ်ညှိနှိုင်းပေးတဲ့အလုပ်မှာပဲ အပြည့်အဝ အာရုံစိုက်ထားခဲ့တယ်။ ပြည်သူတွေ အခြေအနေကို သိရအောင် နေ့တိုင်း သတင်းစာရှင်းလင်းပွဲတွေလည်း လုပ်ပေးခဲ့တယ်။ အမေရိကန် မီဒီယာတွေကလည်း ဒီအလုပ်မှာ တက်တက်ကြွကြွ ပါဝင်ပေးကြတာပေါ့။

ဒါဟာ ပြကွက်တစ်ခုလို့ မြင်နိုင်ပေမဲ့ သမ္မတဟာ ပြည်သူတွေနဲ့အတူ ရှိနေတယ်ဆိုတဲ့ အထင်အမြင်မျိုး သက်ရောက်စေဖို့တော့ လုံလောက်ခဲ့တယ်။

စွပ်စွဲပြစ်တင်ခံရမယ့် အကြပ်အတည်း မတိုင်ခင်လေးတင် ရိုနယ်ရဲ့ ထောက်ခံမှုနှုန်းဟာ သမိုင်းတစ်လျှောက် အနိမ့်ဆုံး ၅ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားခဲ့သေးတယ်။

ဒါပေမဲ့ မကြာသေးခင်က လုပ်ခဲ့တဲ့ လူထုသဘောထားစစ်တမ်းတစ်ခုအရ ထောက်ခံမှုနှုန်းဟာ အံ့ဩစရာကောင်းလောက်အောင် ၉၂ ရာခိုင်နှုန်းအထိ ရှိလာခဲ့တယ်။ ငလျင်ကြီးအတွက် ကြိုတင်ပြင်ဆင်မှုတွေက ထိရောက်မှု ရှိ၊ မရှိ မေးတဲ့အခါမှာတော့ ၉၇ ရာခိုင်နှုန်းက အပြုသဘော ပြန်ဖြေခဲ့ကြတယ်။

ဒီလို ထောက်ခံမှုနှုန်းမျိုးဆိုတာ အာဏာရှင်နိုင်ငံတွေမှာပဲ တွေ့ရလေ့ရှိတာမျိုးပါ။ စဉ်းစားကြည့်ရင် ရိုနယ်ကလွဲလို့ ဘယ်သူက ဒီလို ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်မျိုးတွေ ချနိုင်မှာလဲ။

ဒီဘေးအန္တရာယ်ကြီးပြီးနောက်မှာတော့ အစိုးရအဖွဲ့ စတင်ကတည်းက ဒုက္ခပေးနေခဲ့တဲ့ ရုရှားနဲ့ပတ်သက်တဲ့ ကောလာဟလတွေ၊ လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံတွေဟာ လူတွေစိတ်ထဲကနေ အလိုလို ပျောက်ကွယ်သွားခဲ့ရပါပြီ။ အခုလို အခြေအနေမျိုးမှာ ဘယ်သူကမှ ရိုနယ်ကို တိုက်ခိုက်ဖို့ မဝံ့ရဲကြတော့ဘူး။

အရင်က သမ္မတကို စွပ်စွဲပြစ်တင်ဖို့ ပါဝင်ခဲ့ကြသူတွေဟာ အခုတော့ မျက်ရည်စက်လက်နဲ့ ခွင့်လွှတ်ဖို့ တောင်းပန်နေကြပြီး ပါတီစွဲမထားဘဲ အကြပ်အတည်း စီမံခန့်ခွဲမှုနဲ့ နောင်အနာဂတ် အုပ်ချုပ်ရေးပိုင်းတွေကို ကူညီပံ့ပိုးပေးပါ့မယ်လို့ ကတိတွေ ပေးနေကြတော့တယ်။

ဒါပေမဲ့ တချို့လူတွေကတော့ တာဝန်ယူမှု၊ တာဝန်ခံမှုကနေ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပါဘူး။

သမ္မတကို စွပ်စွဲပြစ်တင်ဖို့ ဦးဆောင်ခဲ့ကြတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဆိုင်မွန် အန်ဒါဝုဒ်နဲ့ ဒုတိယသမ္မတ ဘောင်ဝါ၊ ပြီးတော့ Bluebell မီးဘေးရဲ့ အပြစ်တွေကို ရိုနယ်ဆီ လွှဲချခဲ့တဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး မာတင် အယ်ဘရိုက်တို့ဟာ နိုင်ငံရေးအရ လုံးဝ ဇာတ်သိမ်းသွားခဲ့ပြီလို့ ပြောနိုင်ပါတယ်။

ကယ်ဆယ်ရေးစခန်းတွေမှာတော့ ဘေးလွတ်ရာ ရွှေ့ပြောင်းလာကြသူတွေနဲ့ ပြည့်နှက်နေခဲ့တယ်။

အမေရိကန်ပြည်ထောင်စုဟာ ပြီးခဲ့တဲ့ ကမ္ဘာစစ်ကြီး နှစ်ခုအတွင်းမှာ သူတို့ရဲ့ ကြီးမားလှတဲ့ နည်းပညာစွမ်းအားနဲ့ အံ့ဩစရာကောင်းတဲ့ ထုတ်လုပ်မှုစွမ်းရည်ကို ကမ္ဘာကြီးကို ပြသခဲ့ဖူးတယ်။ အမေရိကန် ကုမ္ပဏီတွေဟာ ကယ်လီဖိုးနီးယား ပြည်နယ်စပ်နဲ့ ကပ်လျက်ရှိတဲ့ နီဗာဒါးပြည်နယ်ထဲမှာ အကြီးစား ယာယီအိမ်ရာတွေကို တည်ဆောက်ဖို့ သူတို့ရဲ့ နည်းပညာနဲ့ ထုတ်လုပ်မှုစွမ်းရည်တွေကို အသုံးချခဲ့ကြတယ်။

ခြောက်သွေ့တဲ့ မြေရိုင်းလွင်ပြင်ကြီးထဲမှာ အချောထည်တပ်ဆင်ရတဲ့ အိမ်အမြောက်အမြား ပေါ်ထွက်လာခဲ့ပါတယ်။ ဘေးလွတ်ရာ ရွှေ့ပြောင်းလာသူတွေဟာ မြို့ကြီးကို ပြန်လည်တည်ဆောက်ပြီးစီးတဲ့အထိ နှစ်ပေါင်းများစွာ အဲဒီနေရာမှာ နေထိုင်ကြရမှာပါ။

အမေရိကန်အစိုးရဟာ ရန်ပုံငွေရှာဖွေမှုကို တရားဝင် စတင်ခဲ့တယ်။ ရက်ပိုင်းအတွင်းမှာတင် ရန်ပုံငွေပမာဏဟာ ဒေါ်လာ သန်း ၁သောင်းကျော် ရသွားခဲ့တယ်။

နိုင်ငံတိုင်းဟာ သူတို့ရဲ့ နိုင်ငံတော်ဘဏ္ဍာတွေကို ထုတ်ယူပြီး လှူဒါန်းခဲ့ကြသလို ကုမ္ပဏီကြီးတွေကလည်း သန်းနဲ့ချီ၊ ကုဋေနဲ့ချီပြီး အလှူငွေတွေ ထည့်ဝင်ခဲ့ကြတယ်။ ကမ္ဘာတစ်ဝန်းက ပြည်သူတွေဟာလည်း အမေရိကန်ပြည်ထောင်စု ပြန်လည်နာလန်ထူလာနိုင်ပါစေတော့ဆိုတဲ့ မျှော်လင့်ချက်နဲ့ လှူဒါန်းမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတယ်။

ဒါ့အပြင် နိုင်ငံအသီးသီးက ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ မီးသတ်သမားတွေဟာ ကယ်လီဖိုးနီးယားကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိလာခဲ့ကြတယ်။ မဟာမိတ်နိုင်ငံတွေကဆိုရင် စစ်တပ်တွေ စေလွှတ်ဖို့အထိတောင် စဉ်းစားခဲ့ကြတာပါ။

မျက်နှာလုပ်ချင်တာကြောင့် အကူအညီတချို့ကို ငြင်းပယ်တတ်တဲ့ တခြားသမ္မတတွေနဲ့မတူဘဲ ရိုနယ်ကတော့ ငြင်းမနေခဲ့ပါဘူး။ သူက ပိုပြီးတော့တောင် အကူအညီပေးကြဖို့ တိုက်တွန်းခဲ့သေးတယ်။

“အမေရိကန်က ပိုပြီးတော့ အကူအညီတွေ လိုအပ်နေပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ အမေရိကန်က ကမ္ဘာကြီးအတွက် ဘာတွေလုပ်ပေးခဲ့သလဲဆိုတာ ပြန်တွေးကြည့်ကြပါ။ အခုက ပြန်ပြီး ပေးဆပ်ရမယ့် အချိန်ပါပဲ”

ဒါဟာ အရင်က ပေးခဲ့ဖူးတဲ့ စေတနာတွေကို အသုဘစရိတ် တစ်ကြိမ်စာလောက်နဲ့ ပြန်တောင်းနေတာမျိုးတော့ မဟုတ်ပါဘူး။ (အမေရိကန်ဟာ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံဖြစ်သလို နိုင်ငံခြားအကူအညီတွေကိုလည်း အများဆုံး ပေးခဲ့တာ ဖြစ်လို့ပါ)

ဘာပဲဖြစ်ဖြစ် အကူအညီတွေ လိုအပ်နေတာကတော့ တကယ့်အရှိတရားပါ။

ပြန်လည်တည်ဆောက်ရေးကို စောင့်ဆိုင်းလို့ရပေမဲ့ ကယ်ဆယ်ရေးကတော့ အရေးတကြီး လုပ်ရမှာပါ။ ကပ်ဘေးက အလွန်ကျယ်ပြန့်လွန်းတာကြောင့် စစ်တပ်မှာတောင် လူအင်အား ပြတ်လပ်မှုနဲ့ ရုန်းကန်နေခဲ့ရတယ်။

မဟာမိတ်နိုင်ငံတွေက စစ်တပ်တွေဟာ ကယ်လီဖိုးနီးယားကို တဖွဲဖွဲ ရောက်ရှိလာကြပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အမေရိကန်စစ်တပ်ရဲ့ ကွပ်ကဲမှုအောက်မှာ အဆင်ပြေပြေ ပူးပေါင်းပါဝင်ခဲ့ကြတယ်။ တောင်ကိုရီးယားကတော့ ယူကေပြီးရင် ဒုတိယအများဆုံး စစ်သည်အင်အားကို စေလွှတ်ခဲ့ပါတယ်။ အမေရိကန်နဲ့ သွေးသောက်မဟာမိတ် ဖြစ်တာကြောင့်လည်း ဖြစ်နိုင်ပေမဲ့...

“သူတို့က ပိုက်ဆံအစား လူအင်အားနဲ့ အကူအညီပေးဖို့ ရည်ရွယ်ပုံရတယ်”

“ကိုရီးယားမှာက အနည်းဆုံးလုပ်ခလစာရဲ့ ဆယ်ပုံတစ်ပုံလောက် နဲ့တင် ခိုင်းလို့ရတဲ့ စစ်သားတွေ အများကြီး ရှိတာပဲ”

ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျွန်တော်ကိုယ်တိုင်လည်း အဲဒီစစ်သားတွေထဲက တစ်ယောက် ဖြစ်ခဲ့ဖူးတာပါ။

ကျွန်တော့်ဘေးမှာ ထိုင်နေတဲ့ ဥက္ကဋ္ဌ လင်ဂျင်ယုံကို လှမ်းကြည့်လိုက်တယ်။

သူက ငလျင်ကိစ္စ ဖြစ်ပွားပြီးတာနဲ့ ကယ်လီဖိုးနီးယားကို ချက်ချင်း ပျံသန်းလာခဲ့ပြီး အမေရိကန်မှာရှိတဲ့ လုပ်ငန်းခွဲက ဝန်ထမ်းတွေကို ကြီးကြပ်ပေးရင်း ကုမ္ပဏီရဲ့ အခြေအနေကို စစ်ဆေးနေခဲ့တာပါ။ သူက ရိုနယ်နဲ့လည်း တွေ့ဆုံခဲ့ပြီး ဆိုဆောင်းအုပ်စုအနေနဲ့ အခုရော နောင်အနာဂတ်မှာပါ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောခဲ့သေးတယ်။

ဒီငလျင်ကြီးမှာ ဆိုဆောင်း အီလက်ထရောနစ်ဟာ အလွန်ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်။ ကယ်ဆယ်ရေးအတွက် အသုံးပြုတဲ့ စက်ကိရိယာအများစုနဲ့ ကယ်ဆယ်ရေးစခန်းတွေမှာရှိတဲ့ အီလက်ထရောနစ် ပစ္စည်းအများစုဟာ ဆိုဆောင်းထုတ်ကုန်တွေပါ။

အရေးကြီးဆုံးကတော့ ဘေးအန္တရာယ်ကျရောက်တဲ့ နယ်မြေတွေထဲက စမတ်ဖုန်းအသုံးပြုသူတွေရဲ့ သတင်းအချက်အလက်တွေကို ကယ်ဆယ်ရေး ပူးပေါင်းဌာနချုပ်ဆီ ချက်ချင်း ပေးပို့ပေးခဲ့တာကြောင့် လူပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တာလေ။ ဒီအတွက်ကြောင့်လည်း အမေရိကန်ပြည်ထောင်စုအတွင်းမှာ ဆိုဆောင်းရဲ့ နာမည်ဂုဏ်သတင်းက သိသိသာသာ မြင့်တက်လာခဲ့တာပေါ့။

ကျွန်တော်ကတော့ ရိုနယ်နဲ့ တွေ့ပြီးရင် ပြန်တော့မယ်လို့ တွေးထားခဲ့တာ ဖြစ်ပေမဲ့ ဥက္ကဋ္ဌ လင်ဂျင်ယုံကတော့ ဒီနေရာမှာ နေနေတာ ရက်ပေါင်းတော်တော်ကြာနေပြီဖြစ်ပြီး စေတနာ့ဝန်ထမ်းတွေကို ကူညီပေးနေခဲ့တယ်။

“မပင်ပန်းဘူးလားဗျာ”

“ရပါတယ်၊ အဆင်ပြေပါတယ်”

သူက အဲလိုပြောပေမဲ့ တော်တော်လေးတော့ နွမ်းနယ်နေတဲ့ ပုံပေါက်နေတယ်။ ပုံမှန်ဆိုရင် ဥက္ကဋ္ဌ ရာထူးက ဒီလို ကိုယ်တိုင် အလုပ်ကြမ်း လုပ်စရာ မလိုပါဘူး။

ဥက္ကဋ္ဌ လင်ဂျင်ယုံက သူ့နဖူးက ချွေးတွေကို သုတ်ရင်း ပြောလိုက်တယ်။

“ငါ သိထားပြီးသား ဆိုပေမဲ့ ဒါဟာ တကယ့်အမေရိကန်ပဲ။ ဘယ်လောက်ပဲ ကြိုတင်ပြင်ဆင်ထားပါစေဦးတော့၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးကို ဒီလောက်မြန်မြန်ဆန်ဆန် လုပ်နိုင်တာကတော့ အားကျစရာပဲ။ တကယ်လို့ ဒီလိုငလျင်မျိုး တရုတ်ပြည်မှာ သာ လှုပ်ခဲ့ရင် လူဦးရေ တစ်သန်းကျော်လောက် ထိခိုက်သေဆုံးမှု ရှိနိုင်တယ်”

တကယ်လည်း ၂၀၀၈ ခုနှစ် စီချွမ်ငလျင်တုန်းက တရုတ်အစိုးရဟာ အစပိုင်းမှာ တွေဝေနေခဲ့တာကြောင့် သေဆုံးသူနဲ့ ပျောက်ဆုံးသူ ဦးရေ တစ်သိန်းကျော်အထိ ရှိခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုမျိုး ကြုံခဲ့ရတာပါ။

“ဒါက အမေရိကန်ရဲ့ အင်အားပေါ့”

အမေရိကန်ဟာ အကြောင်းမဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်နေတာ မဟုတ်ပါဘူး။

ဥက္ကဋ္ဌ လင်ဂျင်ယုံက ပြုံးလိုက်ပြီး...

“Silicon Valley က ကုမ္ပဏီတွေ ထိခိုက်မှုမရှိတာ တော်သေးတာပေါ့”

Apple နဲ့ Google တို့ဟာ ဆိုဆောင်းရဲ့ ပြိုင်ဘက်တွေ ဖြစ်သလို ပူးပေါင်းဆောင်ရွက်သူတွေလည်း ဖြစ်ကြပါတယ်။ တကယ်လို့ အိုင်တီလုပ်ငန်းကြီးသာ ပြိုလဲသွားခဲ့ရင် semiconductor ဝယ်လိုအားက သိသိသာသာ လျော့ကျသွားမှာဖြစ်ပြီး ဆိုဆောင်းကိုပါ အကြီးအကျယ် ထိခိုက်စေမှာပါ။

“ဒီငလျင်ကြောင့် အပြောင်းအလဲတွေ အများကြီး ဖြစ်လာလိမ့်မယ်။ ကုမ္ပဏီတွေရဲ့ ကံကြမ္မာက အခုကစပြီး သူတို့ ဘယ်လို ရှေ့ဆက် တုံ့ပြန်ဆောင်ရွက်မလဲဆိုတဲ့အပေါ်မှာပဲ မူတည်တော့မယ်”

ကျွန်တော်လည်း ခေါင်းညိတ်လိုက်ရင်း ပြောလိုက်တယ်။

“လူတိုင်းကတော့ အလုပ်ရှုပ်နေကြတာပဲ”

ကုမ္ပဏီတွေဟာ ငလျင်ရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေအတွက် ပြင်ဆင်မှုတွေ စတင်နေကြပါပြီ။

ရိုနယ်ဟာ သမ္မတ သက်တမ်းစကတည်းက အမေရိကန် အလုပ်သမားတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးမယ်လို့ ကြေညာခဲ့တာပါ။ ဒါကို အကောင်အထည်ဖော်ဖို့အတွက် သူက ကုန်သွယ်ရေး အတားအဆီးတွေကို မြှင့်တင်ခဲ့ပြီး အမေရိကန်မှာ စက်ရုံလာဆောက်တဲ့ ကုမ္ပဏီတွေကို အခွန်မက်လုံးတွေ ပေးခဲ့တယ်။

တကယ်လည်း ပြည်ပထွက်သွားတဲ့ အမေရိကန် ကုမ္ပဏီတွေရဲ့ စက်ရုံတွေ ပြည်တော်ပြန်လာတဲ့အထိ ရလဒ်တွေ ရှိခဲ့တာပါ။ ဒါပေမဲ့ အလုပ်အကိုင် တိုးပွားလာမှုကတော့ မျှော်လင့်ထားသလောက် ဖြစ်မလာခဲ့ဘူး။

ဒါကလည်း မလွှဲသာတဲ့ အခြေအနေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လောက်ပဲ အကျိုးခံစားခွင့်တွေ ပေးပါစေ အမေရိကန် အလုပ်သမားတွေနဲ့ ဗီယက်နမ် ဒါမှမဟုတ် ကမ္ဘောဒီးယားက အလုပ်သမားတွေရဲ့ လုပ်ခလစာ ကွာဟချက်ကို ချိန်ညှိလို့မရနိုင်လို့ပါ။ အစပိုင်းမှာ စက်ရုံတွေ ပြည်တော်ပြန်လာနိုင်ခဲ့တာကလည်း စက်ရုပ်နည်းပညာနဲ့ အလိုအလျောက်စနစ်တွေ တိုးတက်လာတာကြောင့် ဝန်ထမ်းအရေအတွက်ကို လျှော့ချနိုင်ခဲ့လို့ပါပဲ။

ဒါပေမဲ့ ဆန်ဖရန်စစ္စကို ငလျင်ကြီးကတော့ အလုပ်လက်မဲ့ပြဿနာကို တစ်ညတည်းနဲ့ ရှင်းလင်းပေးလိုက်သလို ဖြစ်သွားခဲ့ရပါပြီ။

ကယ်ဆယ်ရေးပစ္စည်းတွေ ထုတ်လုပ်ဖို့နဲ့ ဆောက်လုပ်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ပါဝင်ဖို့အတွက် လူတွေဟာ နေရာတိုင်းမှာ ဝိုင်းအုံ လှုပ်ရှားနေကြတယ်။

ငလျင်ရဲ့ ထူးခြားတဲ့ အခြေအနေကြောင့် လာမယ့် နှစ်အနည်းငယ်အတွင်းမှာ စီးပွားရေး တိုးတက်မှု အရှိန်အဟုန် ကောင်းလာလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းခဲ့ကြတယ်။ စက်မှုလုပ်ငန်း တည်ဆောက်ပုံနဲ့ စီးပွားရေး အခင်းအကျင်းတွေမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်တဲ့ အလားအလာတွေ ရှိနေတာပါ။

အရေးကြီးတဲ့ မေးခွန်းကတော့ ဒီအခြေအနေကနေ ဘယ်သူက အကျိုးအမြတ် ရမလဲဆိုတာပါပဲ။

နိုင်ငံတစ်ခုရဲ့ ရှုထောင့်ကနေ ကြည့်ရင်တော့ အမေရိကန်ပြည်ထောင်စုက နံပါတ်တစ် ဦးစားပေး ဖြစ်တာ ထင်ရှားပြီး အဲဒီနောက်မှာတော့ တရုတ်နိုင်ငံ ရှိနေပါတယ်။ ဒါပေမဲ့ အမေရိကန်ဟာ G2 အင်အားကြီးနိုင်ငံအဖြစ် အရှိန်အဟုန်နဲ့ တက်လှမ်းလာတဲ့ တရုတ်နိုင်ငံကို ဦးဆောင်မှု အခန်းကဏ္ဍ လွှဲပေးမှာ မဟုတ်ပါဘူး။

ဂျပန်နိုင်ငံကတော့ အရင်းအနှီးနဲ့ နည်းပညာရှိတဲ့ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်ပေမဲ့ ဘေးကင်းတဲ့ ပိုင်ဆိုင်မှုတွေဘက်ကို ပိုပြီး အသားပေးလာတာကြောင့် ယန်းငွေတန်ဖိုး မြင့်တက်လာတဲ့ ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပြီး ဈေးနှုန်းယှဉ်ပြိုင်မှုမှာ သဘာဝအတိုင်း နောက်ကျကျန်ခဲ့ရပါတယ်။

ဒါနဲ့ ဆန့်ကျင်ဘက်အနေနဲ့ တောင်ကိုရီးယားကတော့ ဝမ်ငွေတန်ဖိုး ကျဆင်းသွားတာကြောင့် နည်းပညာရော လုံလောက်တဲ့ ဈေးနှုန်းယှဉ်ပြိုင်မှု စွမ်းရည်ပါ ရှိနေခဲ့တာပါ။

အရေးကြီးဆုံးကတော့ ငလျင်အလွန် ကာလရဲ့ အဓိက အရေးပါတဲ့လူက ကိုရီးယားလူမျိုး ဖြစ်နေတာပါပဲ။

OTK Company ဟာ အမေရိကန် ကုမ္ပဏီတစ်ခု ဖြစ်ပေမဲ့ ရုံးချုပ်က တောင်ကိုရီးယားမှာ ရှိတာပါ။ ကုမ္ပဏီရဲ့ ပါဝင်ကူညီမှုတွေကို ထည့်တွေးရင် OTK Company ဟာ အနာဂတ် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေရဲ့ သော့ချက်ကို ကိုင်ဆောင်ထားနိုင်ခြေ အလွန်များနေခဲ့တယ်။

ကိုရီးယားကုမ္ပဏီတွေဟာ OTK Company နဲ့ ဆက်သွယ်ဖို့ တညီတညွတ်ထဲ ကြိုးစားခဲ့ကြပေမဲ့ ကိုယ်စားလှယ် ကန်ဂျင်ဟူ က အမေရိကန်မှာပဲ ဆက်ရှိနေခဲ့ပြီး ဒုတိယကိုယ်စားလှယ်ကိုလည်း အပြင်မှာ တွေ့ရခဲပါတယ်။

ဆက်သွယ်လို့ရတဲ့ တစ်ဦးထဲသောလူကတော့ ကန်ဂျင်ဟူ ရဲ့ လက်ရုံးဖြစ်ပြီး K Company ရဲ့ ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ပတ်ဆန်းယော့ပါ။ ဒါပေမဲ့ ပတ်ဆန်းယော့ကို ဆက်သွယ်ဖို့ကလည်း မလွယ်ကူပါဘူး။

ပတ်ဆန်းယော့ ဟာ သူ့ရဲ့ အနေအထားကို သေသေချာချာ သိထားတာပါ။ ဒါကြောင့် သူက ဘယ်သူနဲ့မှ မတွေ့ချင်ဘဲ ကန်ဂျင်ဟူ ပြန်လာမှာကိုပဲ စောင့်ဆိုင်းနေခဲ့တယ်။

ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ချောချောမွေ့မွေ့ တိုးတက်လာတာနဲ့အမျှ ငွေကြေးဈေးကွက်ကလည်း တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာတဲ့ လက္ခဏာ ပြသခဲ့တယ်။ ဒါပေမဲ့ မရေရာမှုတွေကတော့ နေရာတိုင်းမှာ ရှိနေတုန်းပဲ။

ပထမဆုံး အချက်ကတော့ ဒေါ်လာဈေး မာလာတာပါ။ အမေရိကန်မှာ အကြီးစား ပြန်လည်ထူထောင်ရေးတွေ လုပ်တော့မှာ ဖြစ်လို့ ဖွံ့ဖြိုးဆဲဈေးကွက်တွေမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ပိုင်ဆိုင်မှုတွေဟာ အမေရိကန်ဆီ ပြန်ရောက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒီအချိန်မှာ နိုင်ငံခြားငွေတွေကို ပြန်ရောင်းပြီး ဒေါ်လာတွေကို ဝယ်ယူကြမှာ ဖြစ်လို့ ဝယ်လိုအားနဲ့ ရောင်းလိုအား သဘောတရားအရ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ငွေကြေးတန်ဖိုး ကျဆင်းသွားပြီး ဒေါ်လာတန်ဖိုးကတော့ မြင့်တက်လာရတာ ဖြစ်ပါတယ်။

ဒါဟာ ၂၀၁၁ ခုနှစ် ဂျပန်ငလျင်ကြီးတုန်းက ကမ္ဘာအနှံ့ ပျံ့နှံ့နေတဲ့ ဂျပန်အရင်းအနှီးတွေ တစ်ပြိုင်ထဲ ပြန်ဝင်လာပြီး ယန်းငွေတန်ဖိုး ယာယီမြင့်တက်သွားခဲ့တာနဲ့ ဆင်တူပါတယ်။ လောလောဆယ်မှာတော့ အမေရိကန်ဟာ ကမ္ဘာတစ်ဝန်းက ပိုက်ဆံတွေကို စုပ်ယူမယ့် တွင်းနက်ကြီးတစ်ခုလို ပြုမူနေလိမ့်ဦးမှာပါပဲ။

တကယ်လို့ ဒေါ်လာဈေးက အလွန်အကျွံ မြင့်တက်လာရင် အမေရိကန်အတွက် အဆင်ပြေမှာ မဟုတ်တာကြောင့် သူတို့ဘက်က တစ်ခုခု တုံ့ပြန်ဆောင်ရွက်လာဖို့ အခွင့်အလမ်းကောင်းတော့ ရှိနေပါတယ်။

ဒုတိယ အချက်ကတော့ ရေနံဈေးနှုန်း မြင့်တက်လာတာပါ။ ရွှေဈေးက တကယ့်စီးပွားရေးအပေါ် တိုက်ရိုက် သက်ရောက်မှု မရှိပေမဲ့ ရေနံစိမ်းကတော့ ငွေကြေးဖောင်းပွမှုအပေါ် တိုက်ရိုက် သက်ရောက်မှု ရှိပါတယ်။

ငလျင်ကြီးကြောင့် အနောက်ဘက်ပိုင်းက ရှေးလ်ကုမ္ပဏီတွေ အလုပ်ရပ်ဆိုင်းသွားခဲ့ရပြီး ထောက်ပံ့မှု ပြတ်လပ်မှာကို စိုးရိမ်တာကြောင့် ရေနံဈေးနှုန်းတွေ မြင့်တက်လာခဲ့ရတယ်။ ရေနံဈေးနှုန်း နိမ့်ကျမှုဒဏ်ကို ရေရှည်ခံစားခဲ့ရတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေ၊ ရုရှားနဲ့ ဗင်နီဇွဲလားတို့ကတော့ ဒီအခြေအနေကို ကြိုဆိုကြမယ့်ပုံပါပဲ။ OPEC က ရေနံဈေးတက်တာကို အခွင့်ကောင်းယူဖို့အတွက် ထောက်ပံ့မှုကို ကန့်သတ်မယ့် အရိပ်အယောင်ပြလာတာကြောင့် ရိုနယ်က မဟာဗျူဟာမြောက် သိုလှောင်ထားတဲ့ ရေနံတွေကို ဈေးကွက်ထဲ ထုတ်ရောင်းမယ်လို့ ခြိမ်းခြောက်ခဲ့တယ်။

အမေရိကန်ဟာ စစ်ပွဲတွေနဲ့ ရေနံအကြပ်အတည်းတွေကြောင့် ဖြစ်လာမယ့် ထောက်ပံ့မှု မတည်ငြိမ်မှုတွေကို ပြင်ဆင်ဖို့အတွက် တက္ကဆက်နဲ့ လူဝီစီယားနားပြည်နယ်တွေက မြေအောက်လိုဏ်ဂူတွေ ထဲမှာ ရေနံစိမ်း စည်ပေါင်း သန်း ၆၀၀ ကျော် သိုလှောင်ထားတာပါ။

ရိုနယ်ရဲ့ ထုတ်ပြန်ချက် ထွက်လာပြီးတာနဲ့ တက်နေတဲ့ ရေနံဈေးနှုန်းတွေဟာ ချက်ချင်း ပြန်ကျသွားခဲ့ပြီး အမေရိကန်တင်မကဘဲ ရေနံစိမ်းတင်သွင်းမှုအပေါ် မှီခိုနေရတဲ့ နိုင်ငံအားလုံး သက်ပြင်းချနိုင်ခဲ့ကြတယ်။

တတိယ အချက်ကတော့ ကုန်ကြမ်းဈေးနှုန်းတွေ ထိုးတက်ကုန်တာပါပဲ။

OTK Company ဟာ အခြေအနေတွေ မဆိုးရွားခင်ကတည်းက ကုန်ကြမ်းတွေကို အာရုံစိုက်ပြီး ဝယ်ယူခဲ့တာ ဖြစ်ပြီး အထူးသဖြင့် သံမဏိကို အဓိကထားဝယ်ခဲ့တာပါ။

ဒီငလျင်ဖြစ်ရပ် မဖြစ်ခင်အထိ ကမ္ဘာပေါ်မှာ သံမဏိတွေ လိုတာထက်ပိုပြီး ပိုလျှံနေခဲ့တာကြောင့် ကုမ္ပဏီတွေက ပိုနေတဲ့ ပစ္စည်းတွေကို ရောင်းရပြီးရောဆိုပြီး စာချုပ်တွေကို စိတ်အားထက်သန်စွာ ချုပ်ဆိုခဲ့ကြတယ်။

နောက်ပိုင်းမှာ ဈေးနှုန်းတွေ ထိုးတက်သွားတဲ့အခါ ပစ္စည်းပေးသွင်းဖို့ စာချုပ်ချုပ်ထားခဲ့တဲ့ သံမဏိနဲ့ ဘိလပ်မြေ ကုမ္ပဏီတွေက သူတို့ရဲ့ ဆုံးဖြတ်ချက်ကို နောင်တရခဲ့ကြပေမဲ့ ငွေပေးချေမှု ပြီးသွားခဲ့ပြီဖြစ်လို့ စာချုပ်တွေကို ဖျက်သိမ်းလို့ မရတော့ပါဘူး။ သဘာဝကျကျပဲ ကျွန်တော်တို့ဘက်ကလည်း စာချုပ်ဖျက်သိမ်းဖို့ စိတ်ကူး လုံးဝမရှိခဲ့ဘူးလေ။

ဒီအခြေအနေဟာ ငွေကြေးကုမ္ပဏီတွေကိုလည်း သိသိသာသာ သက်ရောက်မှု ရှိခဲ့တယ်။

ကံကောင်းတာတစ်ခုကတော့ အကြီးစား ငွေကြေးအဖွဲ့အစည်း တွေဟာ ငလျင်ကိစ္စမတိုင်ခင်ကတည်းက ရှုပ်ထွေးတဲ့ အခြေအနေအမျိုးမျိုးကြောင့် အန္တရာယ်စီမံခန့်ခွဲမှုတွေကို လုပ်ဆောင်ထားခဲ့ကြပါတယ်။ တကယ်လို့သာ ကြိုတင်ပြင်ဆင်မှုမရှိဘဲ ဖြစ်ခဲ့ရင် Lehman Brothers လိုမျိုး အကြပ်အတည်းကို ကြုံရနိုင်ခြေ ရှိတာပေါ့။

ပြန်တွေးကြည့်ရင် နှစ်ပေါင်း ၂၀၀ သက်တမ်းရှိတဲ့ ဘဲရင်းဘဏ် ဒေဝါလီခံခဲ့ရတဲ့ အဓိကအချက်ကလည်း ဟန်ရှင်ငလျင်ကြီးကြောင့်ပဲ မဟုတ်လား။ (နစ်ခ် လီဆန် ရဲ့ ကုန်သွယ်မှုအမှားကြောင့် ဆိုပေမဲ့ပေါ့။)

ကမ္ဘာတစ်ဝန်းက ငွေကြေးအာဏာပိုင်တွေက ဈေးကွက်ကို တည်ငြိမ်အောင် ကြိုးစားနေကြပေမဲ့ ချေးငွေပြတ်လပ်မှုနဲ့ LIBORတွေ ရုတ်တရက် မြင့်တက်လာတာကိုတော့ ရှောင်လွှဲလို့ မရခဲ့ပါဘူး။

ငလျင်ကြီး လှုပ်ခတ်ခဲ့တာ အခုဆိုရင် တစ်ဆယ့်ငါးရက် ရှိသွားခဲ့ပါပြီ။

ရက်အတော်ကြာအောင် မီဒီယာတွေကို လှုတ်လှုတ်ရှားရှား ဖြစ်စေခဲ့တဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်နိုင်ခဲ့တဲ့ သတင်းတွေဟာ အခုတော့ ကျဲသွားခဲ့ပါပြီ။ ဒါပေမဲ့ ကယ်ဆယ်ရေးသမားတွေကတော့ နောက်ထပ် လူတစ်ယောက်ကိုမဆို ကယ်တင်နိုင်ဖို့ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို မရပ်တန့်ခဲ့ကြပါဘူး။

အဆောက်အဦးတစ်ခုထဲမှာ တစ်ဆယ့်ငါးရက်ကြာ ပိတ်မိနေခဲ့တဲ့ အသက် ၂၀ ကျော် အရွယ် အမျိုးသမီးတစ်ယောက်ကို ကယ်တင်နိုင်ခဲ့တဲ့အခါမှာတော့ လူတိုင်းက ဝမ်းသာအားရ လက်ခုပ်တီးခဲ့ကြတယ်။

ကျွန်တော်ကတော့ ရိုနယ်နဲ့အတူ အနီးအနားက ကယ်ဆယ်ရေးစခန်းတွေကို ကားမောင်းပြီး လှည့်လည်ကြည့်ရှု နေခဲ့တာပါ။ ဘယ်နေရာကိုပဲသွားသွား ဒုက္ခသည်တွေက ကျွန်တော်တို့ကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြတယ်။

အမေရိကန်လူမျိုး အများအပြားက ကျွန်တော့်လက်ကို ကိုင်ပြီး ကျေးဇူးတင်စကား ပြောခဲ့ကြသလို ကျွန်တော်ကလည်း သူတို့ကို အားပေးနှစ်သိမ့်စကားတွေ ပြန်ပြောခဲ့တယ်။

အမေရိကန်ပြည်ထောင်စုဟာ သေဆုံးသူတွေအတွက် အောက်မေ့ဖွယ် ဝမ်းနည်းပူဆွေးမှုတွေနဲ့ ပြည့်နှက်နေသလို ဒီခံစားချက်တွေနဲ့ နာကျင်မှုတွေကို ကျော်လွှားပြီး ပြန်လည်ထက်မြက်လာဖို့ မျှော်လင့်ချက်တွေနဲ့လည်း ပြည့်နှက်နေခဲ့တယ်။

အပြန် ကားပေါ်မှာတင် ကျွန်တော်က ရိုနယ်ကို လှမ်းပြောလိုက်တယ်။

“ကျွန်တော် ကိုရီးယားကို ပြန်ရမယ့် အချိန်ရောက်ပြီလို့ ထင်ပါတယ်”

All Chapters