အခန်း (၁၉၅-၁၉၆)
Vol. 20 Ch. 195-196
အခန်း (၁၉၅)
“ငါ အယ်လီဆီကို ဖုန်းဆက်လိုက်တယ်”
အတော်ကြာအောင် ဖုန်းမဝင်ဘဲ လိုင်းပြတ်ခါနီးမှပဲ ဖုန်းချိတ်ဆက်သွားတယ်။
အယ်လီက ပျော်ရွှင်မြူးထူးနေတဲ့ အသံနဲ့ ဖုန်းကိုင်ပါတယ်။
[ဟေ့…. ဂျင်ဟူ]
“အလုပ်ထဲမှာလား”
[အလုပ်က အခုလေးတင် ဆင်းလို့ ရေချိုးနေတာ။ ဖုန်းမြည်သံကြားလို့ နင်ဆက်တာ ဖြစ်မယ်ဆိုပြီး ပြေးလာခဲ့တာ]
“ဒါဆို နောက်မှ ပြန်ဆက်ရမလား”
[မဟုတ်တာ။ ရပါတယ်။ ရေချိုးလို့လည်းပြီးသွားပါပြီ]
ရေချိုးခန်းထဲက ထွက်လာပြီး ဖုန်းကိုင်တယ်ပေါ့လေ။
ဒါဆို အခု ဘာမှဝတ်မထားဘူးပေါ့...
[ဟက်…နင် ဘာတွေ လျှောက်တွေးနေတာလဲ]
“……မတွေးပါဘူး”
ကျွန်တော် ချက်ချင်းပဲ စကားလမ်းကြောင်း လွှဲလိုက်ရတယ်။
“ဒီနေ့လည်း ညမိုးချုပ်တဲ့အထိ အလုပ်လုပ်နေတာလား။ အလုပ်သိပ်များနေလို့လား”
[ဟုတ်တယ်။ ရက်တော်တော်ကြာအောင် အချိန်ပိုတွေ ဆင်းနေရတာ။ ဂျက်စီကာဆို ရုံးကနေ လုံးဝမဆင်းဘူး၊ ရုံးမှာပဲ အခြေချပြီးနေနေသလိုပဲ]
ငလျင်ကြီးကြောင့် အမေရိကန် အနောက်ဘက်ကမ်းရိုးတန်းရဲ့ ပထဝီဝင်အနေအထား တင်မကဘဲ ဘဏ္ဍာရေးလောကရဲ့ အခင်းအကျင်းပါ ပြောင်းလဲသွားခဲ့တယ်။ ရင်းနှီးမြှုပ်နှံမှုဘဏ် အတော်များများလည်း ကြီးကြီးမားမား ဖြစ်ဖြစ် သေးသေးမွှားမွှား ဖြစ်ဖြစ် ထိခိုက်မှုဒဏ်ကို ခံခဲ့ရတယ်လေ။
ဒါပေမဲ့ Golden Gateအုပ်စုကတော့ ဒီငလျင်ကြီးရဲ့ အလားအလာကို ယုံကြည်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု အနေအထားတွေကို အလုံးစုံ ညှိနှိုင်းပြင်ဆင်ခဲ့လို့ အတော်လေး အမြတ်အစွန်းကောင်းကောင်း ရရှိခဲ့ကြတယ်။
သူတို့ဟာ ဒီတစ်ကြိမ် ရန်ပုံငွေရှာဖွေပွဲမှာလည်း အလှူငွေ အမြောက်အမြား လှူဒါန်းခဲ့ကြပါတယ်။
ဒါနဲ့ စကားမစပ်... OTK ကုမ္ပဏီက တစ်ပြားမှ မလှူရသေးပေမဲ့ ဘယ်သူမှတော့ လာပြီး အပြစ်မပြောကြပါဘူး။
ဒါကလည်း နားလည်ပေးလို့ ရပါတယ်။ အမေရိကန်အစိုးရက ဒေါ်လာသန်းထောင်ချီတန်ဖိုးရှိတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို သိမ်းယူထားပြီးပြီ ဖြစ်လို့လေ။ နောက်မှပဲ စာရင်းရှင်းကြမှာပေါ့။
[နင့်အကြောင်းတွေကို မီဒီယာတွေမှာ စောင့်ကြည့်နေတာ။ ဒီနေ့လည်း နင်က ရိုနယ်နဲ့အတူ ကယ်ဆယ်ရေးစခန်းကို သွားကြည့်တာ တွေ့လိုက်တယ်]
“ဟုတ်တယ်။ ရိုနယ်က ကယ်ဆယ်ရေးစခန်းကို ရောက်နေတဲ့ ကိုရီးယားစစ်တပ်ကို သွားရောက်တွေ့ဆုံပြီး အားပေးစကားပြောဖို့ သွားခဲ့တာ”
အယ်လီက ကလေးတစ်ယောက်လို ညည်းညူတဲ့အသံနဲ့ ပြောတယ်။
[ဟဲဟဲ။ နင့်အသံကို ကြားရတော့ ပိုလွမ်းလာပြီ]
“ငါလည်း တကယ်ကို အရမ်းလွမ်းနေတာ”
တွဲဖို့ ဆုံးဖြတ်ပြီးခါစမှာတင် ဒီလိုမျိုး ခွဲခွာရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။
[ဘယ်တော့ ပြန်လာမှာလဲ]
“မကြာခင် ပြန်လာမှာမလို့ ခဏလောက်ပဲ စောင့်ပေးပါ”
မပြန်ခင် ကျွန်တော် လုပ်စရာ ရှိတာလေးတွေ ရှိသေးတယ်လေ။
ကျွန်တော် လုံခြုံရေးဝန်ထမ်းတွေနဲ့အတူ ကားပေါ်တက်ပြီး LAအနီးက ပါဆာဒီနာကို ဦးတည်ထွက်ခွာခဲ့တယ်။
ကယ်လီဖိုးနီးယား နည်းပညာတက္ကသိုလ် (Caltech) က အမေရိကန်မှာ အကောင်းဆုံး အင်ဂျင်နီယာကျောင်း ဖြစ်ရုံတင်မကဘဲ (MIT ကတော့ ဒါကို သဘောတူမှာ မဟုတ်ပေမဲ့) ကယ်လီဖိုးနီးယားရဲ့ ဂုဏ်ယူစရာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ပါမောက္ခ မိုဟန်က ကပ်ဘေးငလျင်ကြီး လာတော့မယ်လို့ အခိုင်အမာ ပြောကြားခဲ့ပြီးနောက်မှာတော့ ဒီကျောင်းဟာ လှောင်ပြောင်စရာ ဖြစ်လာခဲ့တယ်။
တစ်ချိန်က Caltech ကျောင်းသားတွေဟာ အရှက်ရလွန်းလို့ ခေါင်းမဖော်နိုင်ခဲ့ကြသလို ပါမောက္ခ မိုဟန်ကို အလုပ်ထုတ်ပစ်ဖို့ တောင်းဆိုမှုတွေလည်း မြင့်တက်ခဲ့တယ်။
ပညာရပ်ဆိုင်ရာ နယ်ပယ်မှာလည်း ထင်ရှားတဲ့ ပညာရှင်တွေက သူ့ရဲ့ အမှားတွေကို တစ်ခုပြီးတစ်ခု ထောက်ပြခဲ့ကြပေမဲ့ ပါမောက္ခ မိုဟန်ကတော့ သူ့ရဲ့ အဆိုပြုချက်တွေကို လုံးဝ နောက်ဆုတ်မသွားခဲ့ဘူး။
နောက်ပိုင်းမှာ ရိုနယ်က ဆန်ဖရန်စစ္စကို ပင်လယ်ကွေ့ဒေသကို နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာလိုက်တဲ့အခါမှာတော့ ဝေဖန်မှုတွေက ထိန်းမနိုင်သိမ်းမရ ပြန့်နှံ့သွားခဲ့တော့တယ်။
ဆန္ဒပြသူတွေဟာ ကျောင်းဝင်းထဲကို အုပ်စုလိုက် ရောက်လာပြီး ပါမောက္ခ မိုဟန်ကို အလုပ်ထုတ်ဖို့ တောင်းဆိုခဲ့ကြသလို သူတို့တောင်းဆိုချက်ကို မလိုက်လျောရင် ကျောင်းတွင်း သေနတ်ပစ်ခတ်မှု လုပ်မယ်လို့ပါ ခြိမ်းခြောက်ခဲ့ကြတယ်။
စာသင်ခန်းတွေကို ပုံမှန်အတိုင်း မလုပ်ဆောင်နိုင်တော့တဲ့ အခါမှာတော့ ကျောင်းအုပ်ကြီး ချား ဘောက ကြားဝင်ပြီး အခုလို ပြောခဲ့တယ်။
“ကျွန်တော်လည်း ပါမောက္ခ မိုဟန် ပြောနေတာတွေက အဓိပ္ပာယ်မရှိဘူးလို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ပညာရပ်ဆိုင်ရာ နယ်ပယ်မှာ မတူကွဲပြားတဲ့ အမြင်တွေကို လေးစားရပါမယ်။ တစ်ချိန်တုန်းက တိုက်ကြီးတွေ ရွေ့လျားနေတယ်ဆိုတာ ဒါမှမဟုတ် ကမ္ဘာက နေကို ပတ်နေတယ်ဆိုတဲ့ အဆိုပြုချက်တွေဟာ အဓိပ္ပာယ်မရှိဘူးလို့ ယူဆခဲ့ကြတာပဲလေ။ တကယ်လို့ ကျွန်တော်တို့က ပညာရှင်တွေရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ပိတ်ပင်လိုက်မယ်ဆိုရင် ဘယ်သူက ဘာပြောရဲတော့မှာလဲ။ Caltech ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် ပါမောက္ခ မိုဟန်ကို လုံးဝ အလုပ်ထုတ်မှာ မဟုတ်ပါဘူး”
တချို့ကလည်း သူ့စကားရဲ့ မှန်ကန်မှုကို အသိအမှတ်ပြုကြပေမဲ့ လူအများစုကတော့ ကျောင်းအုပ်ကြီးကိုပါ ပစ်မှတ်ထား ဝေဖန်ခဲ့ကြတယ်။
အဆုံးသတ်မှာတော့ ဒီဆုံးဖြတ်ချက်က မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့ပါပြီ။ တကယ်လို့ သူတို့သာ လူထုရဲ့ ဖိအားကို အရှုံးပေးပြီး ပါမောက္ခ မိုဟန်ကို အလုပ်ထုတ်ခဲ့မယ်ဆိုရင် Caltechဟာ ကမ္ဘာ့လှောင်ပြောင်စရာ ဖြစ်လာခဲ့မှာ အသေအချာပါပဲ။
ငလျင်ကြီးက ဆန်ဖရန်စစ္စကိုတစ်ခုလုံးကို ပျက်စီးစေရုံတင်မကဘဲ အနီးအနားက လော့စ်အိန်ဂျလိစ်လို မြို့ကြီးတွေကိုပါ ထိခိုက်ပျက်စီးစေခဲ့တယ်။
အဆောက်အဦးတွေ ပြင်းပြင်းထန်ထန် လှုပ်ခါပြီး စင်တွေ ပြိုကျကာ မီးချောင်းတွေ ပြုတ်ကျခဲ့လို့ ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ လမ်းတွေ အက်ကွဲတာမျိုး ဒါမှမဟုတ် အဆောက်အဦးတွေ ပြိုကျတာမျိုး မရှိခဲ့လို့ Caltech ကျောင်းဝင်းကတော့ ကောင်းမွန်နေဆဲပါပဲ။
စာသင်ချိန် ဖြစ်နေလို့ထင်တယ်။ ကျောင်းဝင်းတစ်ခုလုံးက တိတ်ဆိတ်နေပါတယ်။ ကျွန်တော့်ကို ဘယ်သူမှ မမှတ်မိအောင် အဆောက်အဦးထဲကို တိတ်တဆိတ် ဝင်ခဲ့ရတယ်။
ငလျင်တိုင်းတာရေး ဗဟိုဌာနနဲ့ ဓာတ်ခွဲခန်းတွေရဲ့ ပတ်ဝန်းကျင်မှာ နားကြပ်တပ်ထားတဲ့ ဝတ်စုံပြည့်ဝတ် အမျိုးသား၊ အမျိုးသမီးတွေ ရပ်နေကြတယ်။ ငလျင်ကြီး ဖြစ်ပွားပြီးနောက်မှာတော့ ဒီနေရာကို အဓိက အရေးကြီးတဲ့ နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့လို့ FBI အေးဂျင့်တွေကို စေလွှတ်ထားတာပါ။
ကျွန်တော် သူတို့ကို ပေါ့ပေါ့ပါးပါး နှုတ်ဆက်ပြီး ဓာတ်ခွဲခန်းထဲ ဝင်ခဲ့တယ်။
တစ်ဖက်မှာ ပုံထားတဲ့ စာအုပ်သေတ္တာတွေ မရှိတော့ပါဘူး။ ပြန်လည်အသုံးပြုမယ့် စက်ရုံကို ပို့ဖို့ ရည်ရွယ်ထားတဲ့ “မဟာငလျင်ကြီး လာနေပြီ” ဆိုတဲ့ ပထမဆုံးအကြိမ် ပုံနှိပ်စာအုပ်တွေဟာ အခုဆိုရင် မူရင်းစျေးထက် ဆယ်ဆပေးရင်တောင် ဝယ်ဖို့ ခဲယဉ်းတဲ့ ရှားပါးစာအုပ်တွေ ဖြစ်လို့နေပြီလေ။
ဒီလို ဖြစ်လာမယ်မှန်း သိရင် အဲဒီတုန်းက သေတ္တာတစ်လုံးလောက် ယူထားလိုက်ရမှာ။
ပါမောက္ခ မိုဟန်က ကွန်ပျူတာ မျက်နှာပြင်ထဲကို ခေါင်းနှစ်မတတ် ကြည့်နေတယ်။
ကျွန်တော် တမင်တကာ ချောင်းဟန့်လိုက်တော့မှ သူက မော့မကြည့်ဘဲ လှမ်းပြောတယ်။
“ငါ လောလောဆယ် အင်တာဗျူးတွေမဖြေဖို့ ဆုံးဖြတ်ထားပါတယ်”
သူဟာ အခုအချိန်အထိ မီဒီယာ အင်တာဗျူးပေါင်း ရာနဲ့ချီ ဖြေဆိုခဲ့ရတာ ဖြစ်လို့ ပင်ပန်းနေမှာကို နားလည်ပေးလို့ ရပါတယ်။
“ဒါဆို ကော်ဖီသောက်မလား”
ကျွန်တော့်အသံကို ကြားတော့မှ ပါမောက္ခ မိုဟန်က မော့ကြည့်ပြီး ပြုံးပြတယ်။
“ဘယ်သူများလဲလို့”
ကျွန်တော် ကိုင်ထားတဲ့ ကော်ဖီကို မြှောက်ပြလိုက်ပြီး ပြောလိုက်တယ်။
“နေကောင်းရဲ့လား။ ဆရာ”
ဓာတ်ခွဲခန်းကို ပထမဆုံးအကြိမ် လာတုန်းက သောက်ခဲ့ရတဲ့ ကော်ဖီက တကယ်ကို သောက်လို့မရအောင် ဆိုးလွန်းခဲ့တာပါ။ ဒါကြောင့် မလာခင် ကော်ဖီဆိုင်တစ်ဆိုင်ကို အရင်ဝင်ခဲ့ရတာ ဖြစ်ပါတယ်။
ကျွန်တော် ဓာတ်ခွဲခန်း ပတ်ပတ်လည်ကို ကြည့်ရင်း “ကာရီကို မတွေ့ပါလား” လို့ မေးလိုက်တယ်။
“သူ အချက်အလက်တွေ သွားပြင်ဆင်နေတာ၊ ခဏနေရင် ပြန်လာလိမ့်မယ်”
“သူက အခုထိ အလုပ်များနေတုန်းပဲလား”
နောက်ဆက်တွဲ ငလျင်ငယ်တချို့ ပြီးသွားတဲ့အခါမှာတော့ ပါမောက္ခ မိုဟန်က ငလျင်လှုပ်ခတ်မှု အခြေအနေတွေ ငြိမ်သက်သွားပြီဖြစ်ကြောင်း လူတိုင်းကို စိတ်အေးအောင် ပြောခဲ့ပေမဲ့ ဖြစ်လာနိုင်ခြေရှိတာတွေအတွက် သတိရှိနေဆဲပါပဲ။
သူ ကော်ဖီကို သောက်ရင်းနဲ့ “လောလောဆယ်တော့ ပြင်းထန်တဲ့ ငလျင် ထပ်မလှုပ်နိုင်တော့ပါဘူး။ ငလျင်အသေးစားလေးတွေ ဆက်လှုပ်နေဦးမှာ ဖြစ်ပေမဲ့ အများပြည်သူတွေ ခံစားရလောက်တဲ့အထိတော့ မဟုတ်ပါဘူး” လို့ ပြောတယ်။
“ဒါဆို ၁၉၀၆၊ ၁၉၈၉ နဲ့ ဒီနှစ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးတွေက အားလုံး ပြီးဆုံးသွားပြီပေါ့ ဟုတ်လား”
သူက ကျွန်တော့်မေးခွန်းကို ခေါင်းခါပြတယ်။
“ဒါကတော့ မဖြစ်နိုင်ဘူး။ ကယ်လီဖိုးနီးယားက Pacific Ring of Fireဒေသပေါ်မှာ ရှိနေတယ်ဆိုတဲ့ အချက်က ပြောင်းလဲမသွားဘူးလေ။ ဒီမှာ နေထိုင်တဲ့ လူတွေအတွက် ငလျင်ဆိုတာ ကံကြမ္မာလိုပဲ။ နောက်ထပ် ငလျင်ကြီး လှုပ်ဖို့က ဆယ်စုနှစ်တွေ ဒါမှမဟုတ် ရာစုနှစ်တွေ ကြာမလားဆိုတာ မသေချာပေမဲ့ အဲဒီအချိန်ကျရင်တော့ သူတို့တွေ ရင်ဆိုင်ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာဖွေတွေ့ရှိလိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်”
ကျွန်တော် ပြုံးလိုက်ပြီး ပြောလိုက်တယ်။
“မှန်ပါတယ်”
ဒါကတော့ နှောင်းလူတွေ ဖြေရှင်းရမယ့် ကိစ္စပဲလေ။
အဲဒီနောက် ပြီးခဲ့တဲ့ ရက်ပိုင်းက ရိုနယ်နဲ့အတူ သွားခဲ့တဲ့ ကယ်ဆယ်ရေးစခန်းအကြောင်း ကျွန်တော် ပြောပြလိုက်တယ်။
မီဒီယာတွေက တကယ့်အခြေအနေရဲ့ အစိတ်အပိုင်း အနည်းငယ်ကိုပဲ ပြသတာပါ။ တကယ့် ကယ်ဆယ်ရေးစခန်းကတော့ တီဗီမှာ တွေ့ရတာနဲ့ လုံးဝ ကွဲပြားခြားနားလှပါတယ်။
ကယ်ဆယ်ရေးထက်စာရင် ရုပ်အလောင်းတွေကို လိုက်လံရှာဖွေနေရတာနဲ့ ပိုတူတာပါ။ ရုပ်အလောင်းတစ်ခုကို အကောင်းပကတိအတိုင်း ရှာတွေ့ရင်ကို စိတ်သက်သာရာရစရာ ဖြစ်နေပါပြီ။ အများစုကတော့ ပျက်စီး၊ ကျိုးပဲ့ ဒါမှမဟုတ် ကြေမွနေတာပါ။ တချို့ရုပ်အလောင်းတွေကိုဆိုရင် ဘယ်သူဘယ်ဝါမှန်း ခွဲခြားဖို့တောင် တကယ်ကို ခဲယဉ်းလှတယ်။
ဒါကို ကြားတော့ ပါမောက္ခ မိုဟန်ရဲ့ မျက်နှာက စိတ်မကောင်းစရာ အသွင် ပြောင်းလဲသွားတယ်။
“အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီ။ ဒီထက်မက ပိုပြီး ကယ်တင်နိုင်ခဲ့သင့်တာ”
ကျွန်တော်လည်း ဒီလိုမျိုး အကြိမ်ကြိမ် တွေးမိခဲ့တာပါပဲ။
ငလျင်လှုပ်မယ်မှန်း သိနေပါလျက်နဲ့ ဘာလို့ လူတိုင်းကို မကယ်တင်နိုင်ခဲ့ရတာလဲ။ ကျွန်တော်တို့တွေ ဒီထက်ပိုပြီး ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ခဲ့လောက်မလား။ တကယ်လို့ နောက်ထပ် အခွင့်အရေးတစ်ခုသာ ရခဲ့မယ်ဆိုရင်... လူတွေပိုကယ်နိုင်မှာလား။
ကျွန်တော်က တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်တယ်။
“ဆရာကတော့ အစွမ်းကုန် ကြိုးစားခဲ့တာပဲ။ လူတိုင်းလည်း ဒီလိုပဲ တွေးကြမှာပါ”
“ဒီလို ပြောပေးလို့ ကျေးဇူးတင်ပါတယ်”
သေဆုံးသူနဲ့ ပျောက်ဆုံးနေသူ အရေအတွက်ကတော့ ၇၀,၀၀၀ နီးပါး ရှိနေပါပြီ။ ဒီအရေအတွက်ကတော့ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်နိုင်တဲ့အခါ လျော့နည်းသွားပြီး ပျောက်ဆုံးသူစာရင်း ပိုတိုးလာတဲ့အခါမှာတော့ ပြန် မြင့်တက်လာတတ်တာပေါ့။
လူတစ်ယောက်ဟာ အစားအစာ မရှိဘဲ ၁၅ ရက်လောက် အသက်ရှင်နိုင်ပါတယ်။ တကယ်လို့ ပိတ်မိနေတဲ့နေရာမှာ အစားအစာတွေ ရှိနေမယ်ဆိုရင်တော့ အသက်ရှင်နိုင်မယ့် ကာလက ပိုပြီး ကြာရှည်နိုင်တာပေါ့။
ကံကောင်းထောက်မစွာနဲ့ ငလျင်အန္တရာယ် မြင့်တက်လာတာကြောင့် အိမ်ထောင်စုတိုင်းနဲ့ အများပြည်သူဆိုင်ရာ အဆောက်အဦးတွေမှာ အရေးပေါ် အစားအစာနဲ့ ရေတွေကို သိုလှောင်ထားခဲ့ကြတယ်။ ဒါကြောင့်မလို့လည်း ကယ်ဆယ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေတာပါ။
ဒါပေမဲ့ ကယ်ဆယ်နိုင်တဲ့ အရေအတွက်ကတော့ သိပ်မများလှဘဲ ပျောက်ဆုံးနေသူ အများစုကတော့ သေဆုံးသွားနိုင်ခြေ အလွန်များပါတယ်။
အခုအချိန်အထိ အမေရိကန်ပြည်မကြီးမှာ အဆိုးရွားဆုံး ကပ်ဘေးကတော့ 9/11 တိုက်ခိုက်မှုပါ။
အဲဒီတုန်းက သေဆုံးသူ အရေအတွက်က ၃,၀၀၀ ဝန်းကျင် ရှိခဲ့တာလေ။ ဒါပေမဲ့ ဒီငလျင်ကြီးကတော့ အဲဒီအရေအတွက်ထက် အဆပေါင်း နှစ်ဆယ်ကျော် ပိုမို သေဆုံးစေခဲ့တယ်။ သေဆုံးမှု အရေအတွက်တွေကပဲ ဒီကပ်ဘေးဟာ ဘယ်လောက်တောင် ထိတ်လန့်စရာ ကောင်းလဲဆိုတာကို ရှင်းရှင်းလင်းလင်း သက်သေပြနေတာပါပဲ။
ကျွန်တော် စကားလမ်းကြောင်း ပြောင်းလိုက်တယ်။
“ပညာရပ်ဆိုင်ရာ နယ်ပယ်မှာရော အခြေအနေ ဘယ်လိုရှိလဲ။ ဆရာ”
ငလျင်ကြီး မလှုပ်ခင်တုန်းကတော့ ထိပ်တန်းပညာရှင်တွေအားလုံးက လုံးဝ မဖြစ်နိုင်ဘူးလို့ အခိုင်အမာ ပြောခဲ့ကြတာပါ။
ဒါပေမဲ့ ငလျင်ကြီးက တကယ်ပဲ လှုပ်ခတ်လာတဲ့အခါမှာတော့ လူတိုင်း ထိတ်လန့် တုန်လှုပ်သွားခဲ့ကြတယ်။
တချို့ကလည်း တောင်းပန်ကြပြီး တချို့ကတော့ ဆင်ခြေတွေ ပေးနေကြသလို တချို့ကတော့ အဆက်အသွယ် လုံးဝဖြတ်ပြီး ပျောက်ကွယ်သွားကြတယ်လေ။
“မကြာသေးခင်ကတင် ပါမောက္ခ ဂျော့ရှ် ဘရောင်း လာပြီး တောင်းပန်သွားသေးတယ်”
“ဂျော့ရှ် ဘရောင်းက ဘယ်သူလဲ။ ဆရာ”
“သူက MIT က ပါမောက္ခတစ်ယောက်လေ၊ ငလျင်ဗေဒ နယ်ပယ်မှာ ထိပ်တန်း ပညာရှင်တစ်ယောက်ပေါ့”
“ဪ….. သူ့ကို တီဗီမှာ မြင်ဖူးသလိုပဲ”
ပါမောက္ခ မိုဟန်က စိတ်ကျေနပ်မှုအပြည့်နဲ့ ပြောတယ်။
“ဟားဟား... မင်းသာ သူ့မျက်နှာကို မြင်လိုက်ရရင် သိမှာ”
သူ့စိတ်ထဲမှာ အတော်လေး အောင့်အီးထားခဲ့ရပုံပဲ။ တကယ်တော့ အချိန်အတော်ကြာအောင် သူဟာ “အင်ဒီယန်းလူမျိုး” လို့ အခေါ်ခံခဲ့ရပြီး ပညာရပ်ဆိုင်ရာ နယ်ပယ်မှာ မိစ္ဆာဒိဋ္ဌိ သို့မဟုတ် ထူးဆန်းတဲ့ လူတစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပေမဲ့ အခုတော့ သူဟာ ငလျင်ဗေဒ နယ်ပယ်မှာ အမြင့်ဆုံးသော ပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပြီလေ။
လူ့ဘဝရဲ့ ကံကြမ္မာက ဘယ်လောက်တောင် မရေမရာ ဖြစ်နိုင်လဲဆိုတာ ဒါက သက်သေပါပဲ။
ပါမောက္ခ မိုဟန်က ကော်ဖီတစ်ငုံ သောက်လိုက်ရင်း ပြောတယ်။
“ပြီးခဲ့တဲ့ ရက်ပိုင်းက ငါ့အဖွားက အိပ်မက်ထဲ ရောက်လာသေးတယ်”
“အဖွားက ဘာပြောလဲ။ ဆရာ”
ကျွန်တော့်မေးခွန်းကြောင့် သူက အနည်းငယ် ရှက်ပြုံး ပြုံးလိုက်ရင်း ပြန်ဖြေတယ်။
“သူက ငါ့ကို ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ ချီးမွမ်းပြီး ခေါင်းကို ပွတ်သပ်ပေးသွားတယ်။ အဖွားရဲ့ စကားတွေကြောင့်ပဲ ငါ့ ဘဝတစ်ခုလုံးကို သုတေသန လုပ်ငန်းတွေမှာ မြှုပ်နှံထားခဲ့မိတာ ဖြစ်နိုင်လောက်တယ်”
“အဲ့လိုမြုပ်နှံခဲ့တာကြောင့်လည်း ဆရာက လူပေါင်းများစွာကို ကယ်တင်နိုင်ခဲ့တာပါ”
ပါမောက္ခ မိုဟန်က သူ့ရဲ့ ထူထဲတဲ့ မုတ်ဆိတ်မွေးတွေကို လက်ချောင်းတွေနဲ့ ပွတ်သပ်ရင်း ပြောတယ်။
“ဒါပေမဲ့ ဘယ်လိုပဲ တွေးတွေး ငါ နားမလည်နိုင်တဲ့ အချက်တစ်ခု ရှိနေသေးတယ်”
“ဘာလဲ။ ဆရာ”
ပါမောက္ခ မိုဟန်က ခဏလောက် စဉ်းစားနေပြီးမှ စကားကို ဆက်ပြောတယ်။
“အနာဂတ်မှာ ဖြစ်လာမယ့် အဖြစ်အပျက်တွေကို ဘယ်လိုများ သိနေခဲ့တာလဲ”
သူ့စကားကြောင့် ကျွန်တော် စိတ်ထဲမှာ အံ့အားသင့်သွားရတယ်။
“ဗျာ... ဘာကို ဆိုလိုတာလဲ။ ဆရာ...”
သူ တစ်ခုခုကို ရိပ်မိသွားတာလား။
ပါမောက္ခ မိုဟန်က ပြုံးလိုက်ပြီး ပြောတယ်။
“ဪ... ငါ့အဖွားအကြောင်း ပြောတာပါ။ ဆယ်စုနှစ်တွေကြာပြီးမှ ဖြစ်လာမယ့်အရာကို အဖွားက ဘယ်လိုများ ကြိုပြောနိုင်ခဲ့တာလဲလို့ တွေးနေမိတာ”
“ဪ... အဲလိုလား”
ကျွန်တော် စိတ်ထဲကနေ သက်ပြင်းချလိုက်မိတယ်။
ပြန်တွေးကြည့်ရင် ဒီအရာအားလုံးရဲ့ အစက သူ့အဖွားပဲ ဖြစ်ပါတယ်။
တကယ်လို့ အဖွားကသာ ဖြစ်လာတော့မယ့် ငလျင်အကြောင်း သတိမပေးခဲ့ရင် သူဟာ ငလျင်ဗေဒ ပညာရှင်တစ်ယောက် ဖြစ်မလာဘဲ တခြားလမ်းကြောင်းကို ရွေးချယ်ခဲ့မိနိုင်ပါတယ်။
အဲဒီလိုသာဆိုရင် ကျွန်တော့်အနေနဲ့ ငလျင်ကြီးရဲ့ အန္တရာယ်ကို သတိပေးဖို့ ဒါမှမဟုတ် ရိုနယ်ကို နားချဖို့ တကယ်ကို ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာ အသေအချာပါပဲ။
အနာဂတ်ကို ကြိုတင်ခန့်မှန်းတဲ့နေရာမှာ အဓိက စိုးရိမ်စရာကတော့ အဲဒီခန့်မှန်းချက်ကြောင့် ဖြစ်ပေါ်လာမယ့် ပြောင်းလဲမှုတွေပါပဲ။
butterfly effectသီအိုရီအရပြောရရင် သေးငယ်တဲ့ လုပ်ဆောင်ချက်လေးတစ်ခုက အနာဂတ်ကို သိသိသာသာ ပြောင်းလဲစေနိုင်တယ်လေ။ ခန့်မှန်းချက်တွေဟာ သူ့အလိုလို ပြည့်စုံလာတတ်သလို တစ်ခါတရံမှာလည်း ပျက်ပြယ်သွားတဲ့ ကြိုတင်ဟောချက်တွေ ဖြစ်လာတတ်တယ်။
ဥပမာအားဖြင့် နာမည်ကြီး စီးပွားရေးပညာရှင်တစ်ယောက်က နောက်တစ်နှစ်မှာ ဘဏ္ဍာရေး အကြပ်အတည်း ဖြစ်လိမ့်မယ်လို့ ခန့်မှန်းခဲ့တယ် ဆိုပါစို့။
ဒါကို ကြားရတဲ့အခါ စီးပွားရေးလုပ်ငန်းတွေက အကြပ်အတည်းအတွက် ပြင်ဆင်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေကို ရွှေ့ဆိုင်းကြလိမ့်မယ်။ အိမ်ထောင်စုတွေကလည်း သုံးစွဲမှုကို လျှော့ချကြလိမ့်မယ်။ ရလဒ်အနေနဲ့ ဘဏ္ဍာရေး အကြပ်အတည်းက တကယ်ပဲ ဖြစ်လာနိုင်ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ အစိုးရက ဘဏ္ဍာရေး အသုံးစရိတ်တွေကို တိုးမြှင့်ပြီး ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးခြင်းအားဖြင့် အကြပ်အတည်းကို ကြိုတင်တုံ့ပြန်ခဲ့မယ်ဆိုရင် အကြပ်အတည်းက လုံးဝ ဖြစ်မလာတာမျိုးလည်း ရှိနိုင်တယ်လေ။
ဘယ်လိုအခြေအနေမျိုးမှာမဆို ကြိုတင်ခန့်မှန်းခြင်း ဆိုတဲ့ လုပ်ဆောင်ချက်ကိုယ်တိုင်က အနာဂတ်အပေါ် သက်ရောက်မှု ရှိနေတာပါ။
ရုတ်တရက် ကျွန်တော့်စိတ်ထဲမှာ မေးခွန်းတစ်ခု ပေါ်လာခဲ့တယ်။
အဖွားက ဘယ်လို အနာဂတ်မျိုးကို မြင်ခဲ့တာလဲ။
သူက ကျွန်တော့်လိုပဲ ငလျင်ကြီးကြောင့် အရာအားလုံး ပျက်စီးသွားတာကို မြင်ခဲ့တာလား။ ဒါမှမဟုတ် အခုလိုမျိုး ပြောင်းလဲသွားတဲ့ အခြေအနေကို မြင်ခဲ့တာလား။
တကယ်လို့ ဒုတိယအချက်သာ ဆိုရင် သူက အခုလို အခြေအနေမျိုး ဖြစ်လာအောင် မြေးဖြစ်သူကို တမင်တကာ ရှေ့ဖြစ်ဟောချက်ကို ပြောပြခဲ့တာ ဖြစ်နိုင်ပါတယ်။ ပြီးတော့ ကျွန်တော် အခုလိုမျိုး လုပ်ဆောင်လိမ့်မယ်ဆိုတာကိုလည်း သူ သိနေခဲ့ပုံပါပဲ။
သူ ကွယ်လွန်သွားခဲ့တာ ကြာပြီဖြစ်လို့ ဘယ်အချက်က မှန်ကန်လဲဆိုတာကိုတော့ အတည်ပြုဖို့ နည်းလမ်းမရှိတော့ပါဘူး။
“ငါ အရင်က ပြောခဲ့ဖူးသလိုပဲ ငါ့အဖွားရဲ့ ဘိုးဘွားတွေက နတ်ဆရာ အင်ဒီယန်းတွေပါ။ ဒါဆို နတ်ဆရာတွေရဲ့ မျိုးရိုးမှာ အနာဂတ်ကို မြင်နိုင်တဲ့ စွမ်းအား တကယ်ပဲ ရှိနေတာလား”
ကျွန်တော် သူ့ကို ပြောလိုက်တယ်။
“ဆရာက သူ့ရဲ့ မြေးပဲလေ။ ဒါဆို ဆရာကလည်း နတ်ဆရာ အင်ဒီယန်းတွေရဲ့ သွေးပါတာပဲ မဟုတ်ဘူးလား”
“ဟုတ်လား”
ပါမောက္ခ မိုဟန်က ကျွန်တော့်ကို အံ့အားသင့်စွာ စိုက်ကြည့်တယ်။
“ပြန်စဉ်းစားကြည့်ရင် ဒါက နည်းနည်း ထူးဆန်းမနေဘူးလား။ ဆရာ။ အဖွားရဲ့ စကားတစ်ခွန်းထဲအပေါ် အခြေခံပြီး ကယ်လီဖိုးနီးယားက ငလျင်တွေကို ဘဝတစ်ခုလုံး မြှုပ်နှံပြီး ဆရာဟာ သုတေသန လုပ်ခဲ့တာလေ။ ဒါတင်မကသေးဘူး၊ ပညာရပ်ဆိုင်ရာ နယ်ပယ်က ဝေဖန်မှုတွေနဲ့ ကန့်ကွက်မှုတွေ အများကြီး ရှိခဲ့တာတောင် ဆရာက ကိုယ့်ရဲ့ အဆိုပြုချက်ကိုပဲ ဇွတ်အတင်း ဆက်ပြီး ဆုပ်ကိုင်ထားခဲ့တာ”
ပြန်တွေးကြည့်ရင် သူ့ရဲ့ အဆိုပြုချက်မှာ အားနည်းချက်တွေ အများကြီး ရှိခဲ့တာ ထင်ရှားပါတယ်။ တကယ်လို့ သုတေသန ရလဒ်တွေသာ သေချာခဲ့မယ်ဆိုရင် အငြင်းပွားစရာတွေ ရှိလာခဲ့မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ မိုဟန်ကတော့ ဘာသံသယမှ မရှိဘဲ သူ့ရဲ့ အဆိုပြုချက်အပေါ် လုံးဝ ယုံကြည်မှု ရှိနေခဲ့တာပါ။
ဒါဟာ ဘာကြောင့်လဲဆိုတော့...
“ဆရာ့ရဲ့ မသိစိတ်ထဲကနေ ငလျင်ကြီး လာတော့မယ်ဆိုတာကို ကြိုတင်သိနေခဲ့လို့ ဖြစ်နိုင်မလား။ ဆရာ”
“…….”
ပါမောက္ခ မိုဟန်ရဲ့ မျက်နှာမှာ ကြီးမားတဲ့ ထိတ်လန့်တုန်လှုပ်မှုတွေ ပေါ်ပေါက်လာခဲ့တယ်။
အချိန်အတော်ကြာအောင် စဉ်းစားနေပြီးမှ သူက စကားတွေကို ထစ်ထစ်ငေါ့ငေါ့နဲ့ ပြောရှာတယ်။
“အဲ... ငါ ဒီလိုမျိုး တစ်ခါမှ မတွေးဖူးတော့ သေချာတော့ မသိဘူး။ ငါက တစ်ဘဝလုံး သိပ္ပံပညာရှင်တစ်ယောက်အနေနဲ့ ရှင်သန်လာခဲ့တာလေ။ ဒါကြောင့်မလို့ သိပ္ပံနည်းကျ သက်သေမပြနိုင်တဲ့ အရာတွေကို လက်ခံဖို့က ငါ့အတွက် ခက်ခဲပါတယ်”
ကျွန်တော်လည်း ဒီလိုပဲ ခံစားရတာပါပဲ။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အထိတော့ စိတ်စွမ်းအားနဲ့ ပစ္စည်းတွေကို ရွှေ့တာမျိုး ဆိုတာ ပုံပြင်တွေ ဒါမှမဟုတ် ရုပ်ရှင်တွေထဲမှာပဲ ရှိတယ်လို့ ယုံကြည်ခဲ့တာပါ။
“ကမ္ဘာပေါ်မှာ သိပ္ပံနည်းကျ သက်သေမပြနိုင်သေးတဲ့ အရာတွေ အများကြီး ရှိပါသေးတယ်”
“ဒါကတော့ မှန်ပါတယ်။ ခေတ်သစ်သိပ္ပံပညာကတောင် ငလျင်လှုပ်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မဖော်ထုတ်နိုင်သေးဘူးလေ။ ရှင်းမပြနိုင်ရုံနဲ့ အဲဒီအရာကို ငြင်းပယ်လို့ မရဘူး။ ဒါဆို အဖွားက တကယ်ပဲ အနာဂတ်ကို မြင်ခဲ့တာလား”
ကျွန်တော် အနည်းငယ် ပြုံးလိုက်ပြီး ပြောလိုက်တယ်။
“ဘယ်သူသိမှာလဲ။ ဆရာရယ်။ အနာဂတ်ကို မြင်နိုင်တဲ့ စွမ်းအား တကယ်ပဲ ရှိနေနိုင်တာပေါ့”
အခန်း (၁၉၆)
- ဆန်ဖရန်စစ္စကို ငလျင် -
မဟာငလျင်ကြီးလို့ လူသိများတဲ့ ဒီငလျင်ဟာ ၂၁ ရာစုတင်မကဘဲ ၂၀ ရာစုမှာပါ အကြီးမားဆုံး ငလျင်အဖြစ် မှတ်တမ်းဝင်ခဲ့တယ်။
တစ်ချိန်ထဲမှာပဲ ဘေးအန္တရာယ်ကို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုအနေနဲ့လည်း မှတ်တမ်းဝင်ဖို့ ရှိနေပါတယ်။
ပြင်းအားပမာဏ ၉.၈ ရှိတဲ့ အင်အားပြင်းငလျင်ကြီးရဲ့ ပျက်စီးဆုံးရှုံးမှုကို ဒီလောက်အထိ ထိန်းချုပ်နိုင်ခဲ့တာဟာ တကယ့်ကို အံ့ဩစရာပါပဲ။
ပညာရှင်တွေရဲ့ တွက်ချက်မှုတွေအရသာ ကြိုတင်ပြင်ဆင်မှု မရှိခဲ့ရင် သေဆုံးသူဦးရေဟာ အနည်းဆုံး ၁.၃ သန်းကနေ ၂ သန်းအထိ ရှိသွားနိုင်တယ်လို့ သိရပါတယ်။
ဒါတင်မကသေးပါဘူး။ Silicon Valley က သုတေသန ဓာတ်ခွဲခန်းတွေနဲ့ ဌာနချုပ်တွေမှာရှိတဲ့ အဓိကပညာရှင်တွေ သေဆုံးထိခိုက်ပြီး စီးပွားရေးလုပ်ငန်းတွေရဲ့ စီမံကိန်းတွေ ပျက်ပြားသွားခဲ့ရင် NPL၊ Google နဲ့ AMZ လို နည်းပညာကုမ္ပဏီကြီးတွေရဲ့ စတော့ရှယ်ယာဈေးနှုန်းတွေဟာ အနည်းဆုံး ၄၀ ရာခိုင်နှုန်းလောက်အထိ ထိုးဆင်းသွားနိုင်ပါတယ်။ အဲဒါဆိုရင် ၂၀၀၈ ဘဏ္ဍာရေးအကြပ်အတည်းထက် ပိုဆိုးတဲ့ ဈေးကွက်ရိုက်ခတ်မှုဖြစ်ပြီး ကမ္ဘာ့စီးပွားရေးကို နောက်ထပ် ဆယ်စုနှစ်တစ်ခုစာလောက် စီးပွားပျက်ကပ်ထဲ ဆွဲသွင်းသွားမှာပါ။
အမေရိကန်ဟာ ပြန်မကုစားနိုင်တဲ့ ပျက်စီးဆုံးရှုံးမှုတွေနဲ့အတူ ဖရိုဖရဲဖြစ်နေချိန်မှာ တရုတ်က နိုင်ငံတကာစင်မြင့်ထက်မှာ သြဇာချဲ့ထွင်လာပြီး ကမ္ဘာ့အစီအစဉ်အသစ်ကို သိသိသာသာ ပြောင်းလဲပစ်လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။
ဒါပေမဲ့ အဲဒီလို ဆိုးဆိုးရွားရွားတွေ တကယ်ဖြစ်မလာခဲ့ပါဘူး။
ဒီလောက်အဆင့် ပျက်စီးဆုံးရှုံးမှုကတော့ အမေရိကန်ရဲ့ အင်အားနဲ့ လုံလုံလောက်လောက် ကျော်လွှားနိုင်တဲ့ အခြေအနေမျိုးပါ။ တရုတ်အတွက်တော့ ကံမကောင်းပေမဲ့ ကျန်တဲ့နိုင်ငံအားလုံးကတော့ သက်ပြင်းချနိုင်ခဲ့ကြပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်ဖို့ဆိုတာ ပိုက်ဆံအများကြီးရှိရုံနဲ့တင် မရပါဘူး။ ပြည်သူတွေရဲ့ အသိဉာဏ်နဲ့ လူထုစိတ်ဓာတ်လည်း လိုအပ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေက အကြပ်အတည်းကြုံရင် ကွဲပြားတတ်ကြပေမဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေကတော့ စည်းလုံးသွားတတ်ကြပါတယ်။
အမေရိကန်ဟာ တစ်ကိုယ်ကောင်းဆန်မှု အားကောင်းတဲ့နိုင်ငံလို့ လူသိများပေမဲ့ အကြပ်အတည်းနဲ့ ကြုံလာရရင်တော့ ဘယ်နိုင်ငံထက်မဆို ပိုပြီး စည်းလုံးကြပါတယ်။ စေတနာ့ဝန်ထမ်းတွေ တဖွဲဖွဲရောက်လာကြပြီး ကျောင်းတွေနဲ့ ဒေသခံလူထုတွေကလည်း အလှူငွေတွေကို ကိုယ်ထူကိုယ်ထ ကောက်ခံပေးခဲ့ကြတယ်။
လူမျိုးစုံက အမေရိကန်ကို ကူညီဖို့ လက်တွဲခဲ့ကြတာပါ။
ဒါပေမဲ့ ဒီမဟာငလျင်ကြီးက တစ်နိုင်ငံလုံးကို စိတ်ဒဏ်ရာကြီးတစ်ခု ချန်ထားခဲ့ပါတယ်။ ကိုယ်တိုင်ကြုံခဲ့ရသည်ဖြစ်စေ၊ မကြုံခဲ့ရသည်ဖြစ်စေ လူတိုင်းက ငလျင်ဒဏ်ကို ကြောက်လန့်တုန်ရင်နေကြတုန်းပါပဲ။
ပါမောက္ခ ကီရန်မိုဟန် နဲ့ အစိုးရက နောက်ဆက်တွဲငလျင်တွေ ထပ်မရှိတော့ဘူးလို့ ကြေညာထားပေမဲ့ အမေရိကန်ပြည်သူတွေ ကတော့ စိုးရိမ်စိတ်ကို ဖျောက်ဖျက်ဖို့ ရုန်းကန်နေရတုန်းပါပဲ။
ရိုနယ် က ပျက်စီးသွားတဲ့ Silicon Valley မှာ မိန့်ခွန်းပြောခဲ့တယ်။
လူအနည်းငယ်ပဲ တက်ရောက်ခဲ့တဲ့ သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲနဲ့မတူဘဲ အခုကတော့ လူတွေ တိုးမပေါက်အောင်ကို သိပ်သည်းနေတာပါ။
မိန့်ခွန်းမစခင်မှာ ငလျင်လှုပ်ခတ်ခဲ့တဲ့ အချိန်နဲ့အညီ ငြိမ်သက်ခြင်းတစ်မိနစ် ပြုလုပ်ခဲ့ကြပါတယ်။ သေဆုံးသွားသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ လူတိုင်း ခေါင်းငုံ့ အလေးပြုခဲ့ကြတယ်။
ရိုနယ် က တည်ငြိမ်တဲ့လေသံနဲ့ မိန့်ခွန်းကို စတင်လိုက်ပါတယ်။
"မကြာသေးခင်ကပဲ ကျွန်တော်တို့ အကြီးမားဆုံး ဘေးအန္တရာယ်တစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။ အမေရိကန်က ဂုဏ်ယူရတဲ့ မြို့ကြီးနဲ့အတူ တံတားတွေ၊ ပြီးတော့ အဆင့်မြင့်နည်းပညာလုပ်ငန်းတွေရဲ့ မွေးရပ်မြေဖြစ်တဲ့ Silicon Valley လည်း ပျက်စီးသွားခဲ့ပါပြီ။ ဒါပေမဲ့ ပိုပြီးဆိုးရွားတဲ့ ကြေကွဲစရာကတော့ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတာပါပဲ။ ကျွန်တော်တို့ ချစ်ရတဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဆုံးရှုံးခဲ့ရတာဟာ တကယ့်ကို ရင်နာစရာကောင်းပါတယ်"
ပြောခဲ့သလိုပဲ ဒီမှာရှိနေတဲ့ လူတိုင်းနီးပါးဟာ သား၊ သမီး၊ အမေ၊ အဖေ၊ မောင်နှမ၊ သူငယ်ချင်း ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက် စတဲ့ တန်ဖိုးထားရသူတစ်ယောက်ယောက်ကို ဆုံးရှုံးခဲ့ကြရတာပါ။
"ကျွန်တော်ကတော့ ဝမ်းနည်းမှုနဲ့အတူ မျှော်လင့်ချက် အကြောင်းကိုလည်း ပြောချင်ပါတယ်။ ခင်ဗျားတို့အားလုံး 9/11 တိုက်ခိုက်မှုကို မှတ်မိကြမှာပါ။ အဲဒီတုန်းက ပြိုကျသွားတဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာဟာ အခုဆိုရင် အရင်ကထက် ပိုပြီး ခမ်းနားထည်ဝါစွာ ရပ်တည်နေနိုင်ပါပြီ။ ကျွန်တော်တို့ရဲ့ ဘိုးဘွားတွေ ဒီမြေကို စတင်ခြေချတုန်းက လမ်းတွေ၊ အဆောက်အဦးတွေ ဘာမှမရှိခဲ့ပါဘူး။ ကွင်းပြင်ကြီးထဲမှာ လမ်းတွေဖောက်၊ အိမ်တွေ ဆောက်ခဲ့ကြတာပါ။ အဆောက်အဦးတွေနဲ့ စက်ရုံတွေကို ပြန်ဆောက်လို့ရပါတယ်။ ဒီမြေပေါ်မှာ အမေရိကန်တွေ ရှိနေသရွေ့ ကျွန်တော်တို့ ဘာမဆို လုပ်နိုင်ပါတယ်။ ကျွန်တော် သမ္မတဖြစ်လာတုန်းက ကတိတစ်ခု ပေးခဲ့တယ်။ အမေရိကန်ကို ပြန်ပြီး ကြီးကျယ်ခမ်းနားအောင် လုပ်ပေးမယ်ဆိုတာပါပဲ။ အခု ဒီနေ့မှာလည်း အဲဒီကတိကို ထပ်ပြီး အတည်ပြုပါတယ်။ ခင်ဗျားတို့နဲ့အတူ အမေရိကန်ကို ပြန်ပြီး ကြီးကျယ်ခမ်းနားတဲ့နေရာတစ်ခု ဖြစ်အောင် လုပ်ဆောင်သွားမှာပါ"
ရိုနယ် ရဲ့ မိန့်ခွန်းဟာ လူတွေရဲ့နှလုံးသားကို လှုပ်ခတ်စေဖို့ လုံလောက်ခဲ့တယ်။
သမိုင်းမှာ ဒီလောက်တော်တဲ့ သမ္မတမျိုး ရှိခဲ့ဖူးလို့လား။ အရပ်ရပ်က ဝေဖန်ကန့်ကွက်မှုတွေ ကြုံခဲ့ရပေမဲ့ အမေရိကန်ကို ဘေးအန္တရာယ် စိုးရိမ်ရေမှတ်ကနေ ကယ်တင်ပေးခဲ့တာပါ။
ပရိသတ်တွေက မျက်ရည်တွေကို သုတ်ရင်း လက်ခုပ်တီး အားပေးခဲ့ကြတယ်။
"ဒီနေ့မှာ လူနှစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူတို့က ဘယ်သူတွေလဲဆိုတာ ခင်ဗျားတို့ သိကြမှာပါ။ ငလျင်အန္တရာယ်ကို အရင်ဆုံး ဖော်ထုတ်ပေးခဲ့တဲ့ ပါမောက္ခ ကီရန်မိုဟန် နဲ့ ဒါကို လူတိုင်းသိအောင် ဆက်သွယ်ပေးခဲ့တဲ့ ကန်ဂျင်ဟူ တို့ပဲ ဖြစ်ပါတယ်"
အဲဒီနောက်မှာ ပါမောက္ခ မိုဟန်နဲ့ ကန်ဂျင်ဟူ တို့ ထွက်လာခဲ့ကြတယ်။
အဲဒီအချိန်မှာပဲ အုန်းအုန်းကျွက်ကျွက် ကြွေးကြော်သံတွေနဲ့ လက်ခုပ်သံတွေ ထွက်ပေါ်လာခဲ့တယ်။
"ကန်ဂျင်ဟူ။ ကီရန်မိုဟန်"
ရိုနယ် က သူတို့နှစ်ယောက်လုံးရဲ့ လက်ကိုကိုင်ပြီး အပေါ်ကို မြှောက်ပြလိုက်ပါတယ်။ ပြီးတော့ သူက "ကျွန်တော်တို့ အောင်မြင်မှာပါ။ နောက်ဆုံးကျန်နေတဲ့ အသက်ရှင်သူကို ကယ်တင်ပြီး၊ နောက်ဆုံး ရုပ်အလောင်းအထိ ရှာဖွေကာ မိသားစုတွေဆီ ပြန်ပို့ပေးသွားမှာပါ။ ဒီဘေးအန္တရာယ်ဟာ သမိုင်းမှာ အမေရိကန်ရဲ့ အောင်ပွဲအဖြစ် မှတ်တမ်းဝင်သွားပါလိမ့်မယ်" လို့ ကြေညာလိုက်ပါတယ်။
တစ်ကမ္ဘာလုံးက ရိုနယ် ရဲ့ မိန့်ခွန်းကို စောင့်ကြည့်ခဲ့ကြပါတယ်။
နိုင်ငံအသီးသီးက ခေါင်းဆောင်တွေဟာ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးကိစ္စရပ်တွေကို ဆွေးနွေးဖို့ အမေရိကန်မှာ စုရုံးခဲ့ကြတယ်။ တောင်ကိုရီးယားနိုင်ငံ ကိုယ်စားပြုအနေနဲ့တော့ ဝန်ကြီးချုပ် ဟွမ်ဂျုဆန် တက်ရောက်ခဲ့ပါတယ်။ သမ္မတ ပတ်ဆီဟျွန်းက အမြဲတမ်း အလုပ်ရှုပ်နေတတ်လို့ပါ။
ရိုနယ် က သူတို့နဲ့ စကားပြောနေချိန်မှာ ကျွန်တော်ကတော့ CNN နဲ့ တိုက်ရိုက်လူတွေ့မေးမြန်းခန်းတစ်ခု လုပ်နေခဲ့တယ်။
မေရီကန်နီ လို့ခေါ်တဲ့ အမျိုးသမီးသတင်းထောက်ငယ်လေးက ကျွန်တော့်ကို မေးခွန်းမျိုးစုံ မေးခဲ့တယ်။
"OTK ကုမ္ပဏီရဲ့ ရှယ်ယာတွေကိုအထိ အပေါင်ထားပြီး မဟာငလျင်ကြီးရဲ့ ငလျင်အန္တရာယ်ကို လူတွေသိအောင် ဘာလို့ ဒီလောက်အထိ အားစိုက်ထုတ်ခဲ့ရတာလဲ"
ကျွန်တော်က သာမန်အတိုင်းပဲ ပြန်ဖြေလိုက်ပါတယ်။
"ဘာလို့လဲဆိုတော့ အသက်တွေနဲ့ ရင်းထားရလို့ပါ။ အဲဒါနဲ့ယှဉ်ရင် ပိုက်ဆံဆိုတာ ဘာမှမဟုတ်ပါဘူး"
"ရှင်က တကယ့်ကို အသက်ပေါင်းများစွာကို ကယ်တင်ခဲ့တာပဲနော်။"
"ငလျင်ကြီးလှုပ်မှာကို အရင်ဆုံး ခန့်မှန်းပေးခဲ့တဲ့ ပါမောက္ခ မိုဟန် နဲ့ ဒါကိုယုံကြည်ပြီး အစီအမံတွေ ညွှန်ကြားပေးခဲ့တဲ့ သမ္မတ ရိုနယ် တို့ကြောင့်ပါ"
ကျွန်တော်က တည်ငြိမ်စွာ ဖြေကြားနေတုန်း ကန်နီ က မထင်မှတ်ထားတဲ့ မေးခွန်းတစ်ခု ဖြတ်မေးလိုက်တယ်။
"ဒါရိုက်တာ အာသာဖာရာ က ရှင့်ရဲ့ ဘဝအကြောင်းကို ရုပ်ရှင်ရိုက်ကူးပြီး ရလာတဲ့အမြတ်ငွေအားလုံးကို ဒုက္ခသည်တွေဆီ လှူဒါန်းချင်တယ်လို့ ကြားရပါတယ်၊ အဲဒါကို သိပြီးပြီလားရှင်"
"... ဗျာ"
အာသာဖာရာ ဆိုတာ ဟောလိဝုဒ်ရဲ့ နာမည်ကြီး ဒါရိုက်တာတစ်ဦးဖြစ်ပြီး စတီဗင်စပီးလ်ဘတ် ဒါမှမဟုတ် ဂျိမ်းစ်ကင်မရွန် တို့ရဲ့ခြေရာကို နင်းမယ့်သူလို့ သတ်မှတ်ခံထားရတဲ့သူပါ။
ဒါပေမဲ့ ကျွန်တော့်ဘဝအကြောင်း ဟုတ်လား။ ကျွန်တော့်အသက်က အသက် နှစ်ဆယ်ကျော်လေးပဲ ရှိသေးတာလေ။ ဘယ်လိုရုပ်ရှင်မျိုး ရိုက်မှာလဲ။
ကျွန်တော်လည်း နှိမ့်ချတဲ့အနေနဲ့ ရိုနယ် ကိုပဲ မြှောက်ပင့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။
"အဲဒီရုပ်ရှင်ကို သမ္မတ ရိုနယ် ကိုပဲ အဓိကထားပြီး ရိုက်ကူးစေချင်ပါတယ်။ အဲဒါက ပိုပြီး စိတ်ဝင်စားဖို့ မကောင်းဘူးလား"
ကန်နီ က ပြုံးပြီး စကားကို ဆက်ပြောတယ်။
"အမေရိကန်ပြည်သူ အများအပြားက ငလျင်ပြီးကတည်းက ရှင့်ကို ကျေးဇူးတင်နေကြတာပါ"
"အမေရိကန်ဟာ တောင်ကိုရီးယားရဲ့ အနီးကပ်ဆုံး မဟာမိတ်နိုင်ငံ ဖြစ်ခဲ့တာ ကြာပါပြီ။ ကိုရီးယားစစ်ပွဲတုန်းက အမေရိကန်လူငယ် ငါးသိန်းလောက်ဟာ သူတို့မသိတဲ့ ကိုရီးယားနိုင်ငံအတွက် အသက်စွန့်ပြီး တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ငါးသောင်းကျော်ကတော့ သူစိမ်းမြေပေါ်မှာ အသက်ပေးခဲ့ကြရတယ်။ အဲဒီလို စွန့်လွှတ်အနစ်နာခံမှုတွေကြောင့် ကိုရီးယားဟာ ဒီနေ့မှာ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောမှုကို ခံစားနေရတာပါ။ အခုတစ်ကြိမ်မှာ အဲဒီအကြွေးကို နည်းနည်းလောက် ပြန်ဆပ်ခွင့်ရခဲ့မယ်ဆိုရင် ကျွန်တော့်အနေနဲ့ ကံကောင်းတယ်လို့ ယူဆပါတယ်"
မေရီကန်နီ က လေးနက်စွာ သဘောကျသွားတဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြတယ်။
"'အမေရိကန်သူရဲကောင်း' ဒါမှမဟုတ် 'စူပါဟီးရိုး' ဆိုပြီး ရှင့်ကိုခေါ်ကြတဲ့အပေါ်မှာကော ဘာပြောချင်လဲ"
"အဲလိုပြောပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ တကယ့်သူရဲကောင်းတွေကတော့ ဒီဘေးအန္တရာယ်ကို ကျော်လွှားဖို့ လက်တွဲညီညီ ဆောင်ရွက်နေကြတဲ့ အမေရိကန်ပြည်သူတွေပဲလို့ ကျွန်တော် ယုံကြည်ပါတယ်။ အဲဒီဘွဲ့ကို သူတို့ကိုပဲ ပေးချင်ပါတယ်"
"မနက်ဖြန် ကိုရီးယားကို ပြန်တော့မယ်လို့ ကြားမိပါတယ်"
ကျွန်တော်က အရွှန်းဖောက်ပြီး ပြောလိုက်တယ်။
"တကယ်တော့ ကျွန်တော်က ကမ္ဘာလှည့်ဗီဇာနဲ့ ဝင်လာခဲ့တာပါ။ နေထိုင်ခွင့်သက်တမ်းက ကုန်တော့မှာဆိုတော့ သတိမထားရင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ဖြစ်သွားနိုင်ပါတယ်။ သိကြတဲ့အတိုင်း သမ္မတ ရိုနယ် က တရားမဝင် ခိုးဝင်တာမျိုးကို သဘောမကျဘူးလေ"
မေရီကန်နီက တဟားဟားနဲ့ကို ရယ်မောလိုက်တယ်။
"တကယ်တော့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးသမား အများအပြားက ကိုယ်စားလှယ် ကန်ဂျင်ဟူ ကို အထူးနိုင်ငံသားအဖြစ် ပေးအပ်ဖို့ ဒါမှမဟုတ် ဂုဏ်ထူးဆောင် နိုင်ငံသားဘွဲ့ ပေးဖို့ တောင်းဆိုနေကြတာပါ"
"အဲလို ပြောပေးတာနဲ့တင် တကယ့်ကို ကျေးဇူးတင်ပါတယ်"
ကျွန်တော်က ကင်မရာကို ကြည့်ပြီး စကားပြောလိုက်ပါတယ်။
"ကျွန်တော် ကိုရီးယားကို ပြန်ရတဲ့ အကြောင်းရင်းကတော့ နောက်နောင်မှာ အင်အားပြင်းငလျင်တွေ ထပ်မရှိတော့ဘူးဆိုတာ သေချာလို့ပါ။ လူအများစုက နောက်ဆက်တွဲငလျင်တွေကို စိုးရိမ်နေကြတုန်းပဲဆိုတာ သိပေမဲ့ အခုတော့ စိတ်အေးအေးထားလို့ ရပါပြီ"
ဒါကတော့ ဒီအင်တာဗျူးကို လက်ခံခဲ့တဲ့ အဓိက အကြောင်းရင်းပါပဲ။
ကျွန်တော် ထွက်ခွာသွားခြင်းအားဖြင့် မဟာငလျင်ကြီး ပြီးဆုံးသွားပြီဆိုတာကို ကြေညာလိုက်တာပါပဲ။
မထွက်ခွာခင်မှာ ကယ်ဆယ်ရေးအချိန်တုန်းက အတူတူ ဖြတ်သန်းခဲ့တဲ့ ဝန်ထမ်းတစ်ယောက်ချင်းစီကို နှုတ်ဆက်ခဲ့တယ်။
ငလျင်ဒဏ်ခံရသူတွေက ကျွန်တော့်အတွက် ရိုးရိုးရှင်းရှင်း နှုတ်ဆက်ပွဲလေးတစ်ခု လုပ်ပေးခဲ့ကြတယ်။ ကျွန်တော် ဝင်သွားတာနဲ့ စားသောက်ဆိုင်ထဲမှာ ရှိနေတဲ့သူအားလုံး မတ်တတ်ရပ်ပြီး လက်ခုပ်တီးနှုတ်ဆက်ကြပါတယ်။
မိန်းကလေးငယ်တစ်ယောက်နဲ့ ယောက်ျားလေးတစ်ယောက်က ပန်းစည်းပေးအပ်ခဲ့ပြီး အမှတ်တရဓာတ်ပုံ တူတူရိုက်ခဲ့ကြတယ်။ သူတို့က ကျေးဇူးတင်တဲ့စိတ်နဲ့ ကျွန်တော့်လက်ကို ကိုင်ထားကြတုန်း မျက်ရည်တွေ စီးကျလာမတတ် ခံစားခဲ့ရလို့ အောင့်အည်းထားခဲ့ရပါတယ်။
အခမ်းအနားတိုလေးပြီးနောက် ရိုနယ် နဲ့အတူ LAX လေဆိပ်ကို ထွက်ခွာခဲ့ပါတယ်။
LAX လေဆိပ်ဟာလည်း မဟာငလျင်ကြီးရဲ့ ရိုက်ခတ်မှုကြောင့် လေယာဉ်တွေ စက်ပစ္စည်းကိရိယာတွေနဲ့ တိုက်မိပြီး ဖရိုဖရဲဖြစ်ခဲ့ရပေမဲ့ တစ်ရက်အတွင်းမှာပဲ ပြန်လည်ပြင်ဆင်မှုတွေ ပြီးစီးသွားခဲ့ပြီး အခုဆိုရင် ကူညီရေးပစ္စည်းတွေနဲ့ ဝန်ထမ်းတွေကို သယ်ယူပို့ဆောင်ရာမှာ အရေးပါတဲ့ တံခါးပေါက်တစ်ခုအဖြစ် ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နေပါပြီ။
ကိုရီးယားကို နောက်ဆုံးတော့ ပြန်ရတော့မယ်လို့ တွေးမိတဲ့အခါ ခံစားချက်က တစ်မျိုးကြီးပါပဲ။ မထွက်ခွာခင် နောက်ဆုံးအချိန်အထိ ဒီလောက်အထိရှည်လျားတဲ့ ခရီးစဉ်ရှည်ကြီး ဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။
ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးကြည့်မိတယ်။
ပါမောက္ခ မိုဟန်နဲ့ တွေ့ဆုံတာ၊ အိမ်ဖြူတော် ရှင်းလင်းပွဲတွေ၊ သတင်းစာရှင်းလင်းပွဲတွေ၊ ရှယ်ယာအပေါင်ထားတာ၊ မက္ကဆီကို ငလျင်၊ ဆန္ဒပြပွဲတွေ၊ သမ္မတစွပ်စွဲပြစ်တင်မှု... ပြီးတော့ မဟာငလျင်ကြီး။
ဖြစ်ရပ်တွေ အများကြီး ကြုံခဲ့ရတာကြောင့် နှစ်တွေအကြာကြီး ဖြတ်သန်းခဲ့ရသလို ခံစားရပါတယ်။
ဘေးနားမှာ ထိုင်နေတဲ့ ရိုနယ် က "မင်းက တကယ်ပဲ လေကြောင်းလိုင်း လေယာဉ်နဲ့ ပြန်မှာလား။ ငါ့အပြင် ကိုယ်ပိုင်ဂျက်လေယာဉ်ပေးမယ်လို့ ကမ်းလှမ်းတဲ့သူတွေ အများကြီး ရှိပါတယ်" လို့ မေးလာတယ်။
သမ္မတစီးတဲ့ Air Force One အပြင် Stamper Corporation ရဲ့ ဥက္ကဋ္ဌပိုင်လေယာဉ်လည်း ရှိပါသေးတယ်။ သမ္မတမဖြစ်ခင်တုန်းက အမေရိကန်တစ်ခွင် အဲဒီလေယာဉ်နဲ့ မဲဆွယ်စည်းရုံးခဲ့တာပါ။
"အိမ်ပြန်ဖို့ပဲလေ။ ကိုယ်ပိုင်ဂျက်လေယာဉ် ငှားဖို့ လိုလို့လားဗျာ။ ဒီလိုအခြေအနေမျိုးမှာတော့ လိုအပ်တဲ့နေရာတွေမှာပဲ အရင်းအမြစ်တွေကို သုံးတာ ပိုကောင်းပါတယ်"
ကုမ္ပဏီကြီးတွေရဲ့ စီအီးအိုတွေက သူတို့ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်တွေကို ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးမှာ သုံးဖို့ အမေရိကန်အစိုးရဆီ စိတ်အားထက်သန်စွာ ကမ်းလှမ်းထားခဲ့ကြတာပါ။
"လေဆိပ်ကို ရောက်တဲ့အခါ အများကြီးတော့ မအံ့ဩနဲ့ဦးနော်"
"ဘာကို ဆိုလိုတာလဲဗျ"
လေဆိပ်နားကို ချဉ်းကပ်လာတဲ့အခါကျမှ သူ ဘာကို ဆိုလိုလဲဆိုတာ ကျွန်တော် နားလည်သွားခဲ့ပါတယ်။
LAX လေဆိပ်အပြင်ဘက်မှာ လူတွေ အပြည့်အသိပ် ဖြစ်နေတာပါ။ ကားပေါ်က ဆင်းလိုက်တာနဲ့ လူတွေက စာတန်းတွေနဲ့ ကိုရီးယားအလံတွေကို ဝှေ့ယမ်းပြီး ကြွေးကြော်အားပေးကြတယ်။
"ရိုနယ်။ ရိုနယ်"
"ကန်ဂျင်ဟူ။ ကန်ဂျင်ဟူ"
လေဆိပ်မှာ ဟောလိဝုဒ်စတားတစ်ယောက် ရောက်လာသလိုမျိုးပါပဲ။
ဒီရက်ပိုင်း ကျွန်တော့်ရဲ့ အောင်မြင်မှုက ဒီလောက်အထိ ဖြစ်နေတာပါ။
ထွက်ခွာမယ့် ဂိတ်ဝမှာ ရိုနယ် က ကျွန်တော့်ကျောကို ပုတ်ပြီး ဂုဏ်ယူတဲ့ပုံစံနဲ့ "မင်း တကယ့်ကို ကြိုးစားခဲ့တာပဲ။ အမေရိကန်ပြည်သူအားလုံး ကိုယ်စား ကျေးဇူးတင်ပါတယ်" လို့ ပြောတယ်။
"မဟုတ်တာ။ သမ္မတကြီးလည်း ကြိုးစားခဲ့တာပဲလေ"
သူ့မှာ လုပ်စရာ အလုပ်တွေ အများကြီး ကျန်ပါသေးတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အဆုံးထိ ဦးဆောင်ရမှာဖြစ်ပြီး နောက်ဆက်တွဲ ပြဿနာတွေကိုလည်း တစ်ခုချင်းစီ ဖြေရှင်းရဦးမှာပါ။
လက်ရှိအခြေအနေအရဆိုရင် သက်တမ်းဝက် ရွေးကောက်ပွဲတင်မကဘဲ နောက်တစ်ကြိမ် သမ္မတပြန်ဖြစ်ဖို့ပါ ပြဿနာမရှိနိုင်တာမလို့ နောက်ထပ် ခုနစ်နှစ်လောက်တော့ ကြိုးကြိုးစားစား လုပ်ရဦးမှာပါ။
သူကတော့ ဒါကို အပင်ပန်းခံရတယ်လို့ မမြင်ဘဲ ဝမ်းမြောက်ဝမ်းသာ လက်ခံမှာ သေချာပါတယ်။
"လေယာဉ်ပေါ်မှာ အံ့ဩစရာ လက်ဆောင်တစ်ခု ရှိလိမ့်မယ်။ မျှော်လင့်ထားလိုက်ဦး"
"တကယ်လားဗျ"
သူ ဘာတွေ ပြင်ဆင်ထားတာလဲ။
ကျွန်တော် မေးလိုက်တော့ ရိုနယ် က ကောက်ကျစ်တဲ့အပြုံးကြီးနဲ့ ပြုံးပြုံးကြီးပဲ လုပ်နေတယ်။
"ငါ ကြိုပြောပြလိုက်ရင် အံ့ဩစရာ လက်ဆောင် မဖြစ်တော့ဘူးလေ"
လူတိုင်းရဲ့ လိုက်လံပို့ဆောင်မှုနဲ့အတူ ကိုရီးယားကို ပြန်မယ့် လေယာဉ်ပေါ် တက်ခဲ့ပါတယ်။
ထိုင်ခုံပတ်ပတ်လည်ကို ကြည့်လိုက်ပေမဲ့ လက်ဆောင်နဲ့ တူတာမျိုး ဘာမှမတွေ့ပါဘူး။ အကောက်ခွန်မဲ့ပစ္စည်းတွေ ဒါမှမဟုတ် ဝိုင်အချို့ကို တောင်းဆိုပေးထားတာပဲ နေမှာပါ။
ကျွန်တော် ထိုင်ချလိုက်ပြီး လေယာဉ်က ဘေးကင်းစွာ ပျံတက်သွားခဲ့ပါတယ်။
ပျံတက်ပြီး ဘယ်လောက်ကြာသွားလဲမသိဘူး။
ထိုင်ခုံကို နောက်မှီပြီး အိပ်ဖို့ ပြင်နေတုန်း လေယာဉ်မှူးရဲ့ ကြေညာချက် ထွက်လာပါတယ်။
"ခရီးသည်များအားလုံး ပြတင်းပေါက်အပြင်ဘက်ကို ခဏလောက် ကြည့်ပေးကြပါခင်ဗျာ"
ကြေညာချက်အတိုင်း အပြင်ကို လှမ်းကြည့်လိုက်မိတယ်။ အံ့ဩစရာကောင်းတာက တိုက်လေယာဉ် အများအပြားဟာ လေယာဉ်ကို ဝန်းရံထားကြတာပါ။
လေယာဉ်မှူးက လန့်ဖျတ်သွားတဲ့ ခရီးသည်တွေကို ရှင်းပြပါတယ်။
"ဒီလေယာဉ်ပေါ်မှာ ကယ်လီဖိုးနီးယားကို အကြပ်အတည်းကနေ ကယ်တင်ခဲ့တဲ့ သူရဲကောင်း ကိုယ်စားလှယ် ကန်ဂျင်ဟူ ပါရှိလာပါတယ်။ F-22 တိုက်လေယာဉ်အုပ်စုက ဒီလေယာဉ် အမေရိကန်လေပိုင်နက်ထဲက မထွက်ခွာမချင်း လိုက်ပါစောင့်ရှောက်ပေးသွားမှာ ဖြစ်ပါတယ်"
"......"
ဒါက ရိုနယ် ပြောတဲ့ အံ့ဩစရာ လက်ဆောင်လား။
တိုက်လေယာဉ်တွေနဲ့အထိ လိုက်ပို့ရအောင် အကာအကွယ်ပေးစရာ ဘာရှိလို့လဲ။ ပြီးတော့ F-22 တွေနဲ့လေ။
သူတို့ တကယ့်ကို အကြီးအကျယ် လုပ်ပြလိုက်တာပဲ။
ဒါဟာ တီဗီသတင်းတွေမှာ သေချာပေါက် ပါလာလိမ့်မယ်လို့ ကျွန်တော် လောင်းရဲပါတယ်။
အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်လို့ ဆိုက်ရောက်ခန်းမအပြင်ဘက် ထွက်လိုက်တဲ့အခါ အမေရိကန်က ထွက်ခွာတုန်းကလို အခြေအနေမျိုးနဲ့ ထပ်တိုးပါတယ်။
LA အပြည်ပြည်ဆိုင်ရာ လေဆိပ်လိုပဲ ဒီနေရာမှာလည်း လူအုပ်ကြီးက အပြည့်ပါပဲ။ လူတိုင်းက ကျွန်တော့်မျက်နှာကို မြင်ချင်လို့ ရောက်နေကြတာပါ။
ကိုရီးယားမှာတုန်းကတော့ ဘဏ္ဍာရေးကစားသူတစ်ယောက်အဖြစ် ဝေဖန်ခံခဲ့ရပေမဲ့ ဒီလို နွေးထွေးတဲ့ ကြိုဆိုမှုကို ခံရတာ ကျွန်တော့်အတွက်တော့ ပထမဆုံးပါပဲ။
ဒါကိုပဲ အောင်ပွဲခံပြန်လာတယ်လို့ ခေါ်တာလား။
သတင်းထောက်တွေက ကင်မရာတွေနဲ့ မိုက်ခရိုဖုန်းတွေကို ပြိုင်တူ ထိုးပေးကြတယ်။
"အမေရိကန်မှာ သူရဲကောင်းတစ်ယောက် ဖြစ်ရတဲ့ ခံစားချက်က ဘယ်လိုလဲခင်ဗျာ"
"နောက်ထပ် အစီအစဉ်တွေက ဘာဖြစ်မလဲရှင့်"
"စကားနည်းနည်းလောက် ပြောပေးပါဦး"
ပြန်ဖြေမယ့်အစား ကျွန်တော် လက်ပဲ ယမ်းပြလိုက်ပါတယ်။
သက်တော်စောင့်တွေက လမ်းဖယ်ပေးတာမို့ ဆိုက်ရောက်ခန်းမ အပြင်ဘက်မှာ စောင့်နေတဲ့ ကားထဲကို အမြန်ပဲ ဝင်ထိုင်လိုက်တယ်။
နောက်ခန်းထိုင်ခုံမှာ ရင်းနှီးတဲ့ မျက်နှာတစ်ခုက စောင့်နေခဲ့ပါတယ်။
"ဂျင်ဟူ"
"အယ်လီ"
အယ်လီက ရုံးဝတ်စုံပြည့် ဝတ်ထားတာမို့ အလုပ်ကနေ တန်းလာတာ ထင်ပါတယ်။
အယ်လီ က ကျွန်တော့်ကို မြင်တာနဲ့ တင်းကျပ်စွာ ဖက်ထားခဲ့တယ်။ နွေးထွေးပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ခံစားချက်ကို ရလိုက်ပါတယ်။
အယ်လီကို နမ်းလိုက်ရမလား။ အပြင်ကနေ လှမ်းမမြင်ရလောက်ပါဘူးနော်။
အဲလို တွေးနေတုန်း အရှေ့ကနေ အသံတစ်သံ ထွက်လာတယ်။
"ဟေ့ကောင်။ ငါ့ကိုကော မမြင်ဘူးလား"
ခေါင်းလှည့်ကြည့်လိုက်တော့ တက်ဂယူက ယာဉ်မောင်းထိုင်ခုံမှာ ထိုင်နေတာကို တွေ့လိုက်ရတယ်။
"အို… မင်းလည်း ရှိနေတာလား"
"အေး။ ရှိတာပေါ့ကွ"
တက်ဂယူ က ကားကို စတင်မောင်းနှင်လိုက်တယ်။ သတင်းထောက်ကားတွေနဲ့ တူတဲ့ ဗန်ကားတွေကလည်း ကျွန်တော်တို့နောက်ကနေ လိုက်လာကြတယ်။
တက်ဂယူ က ကားမောင်းရင်း စကားပြောတယ်။
"ငလျင်လှုတ်တုန်းက အားလုံး ဖရိုဖရဲနေလို့ သတိမထားမိပေမဲ့ ငါတို့ တကယ့်ကို အံ့ဩစရာကောင်းတဲ့အရာတစ်ခုကို လုပ်ခဲ့တာပဲမဟုတ်လား၊ လူအများကြီးကို ကယ်တင်ခဲ့တာနော်"
ကျွန်တော် ခေါင်းညိတ်ပြလိုက်ပါတယ်။
"အင်း။ ငါတို့ လုပ်နိုင်ခဲ့တာပဲ"