အခန်း (၁၉၇-၁၉၈)
Vol. 20 Ch. 197-198
အခန်း (၁၉၇)
ကိုရီးယားကို ပြန်ရောက်ပြီးတဲ့နောက်မှာတော့ ဘာမှမလုပ်ဘဲ အိမ်ထဲမှာပဲ အိပ်လိုက်တာ ရက်တော်တော်ကြာသွားပါတယ်။
မဟာငလျင်ကြီး မလှုပ်ခင် တစ်လအလိုလောက်ကတည်းက ကျွန်တော် သေသေချာချာ မအိပ်ခဲ့ရတာပါ။ ဘယ်လောက်ပဲ အိပ်အိပ် အိမ်စာတွေ ကျန်နေသလိုမျိုး လူက နုံးချည့်နေတုန်းပဲ။
ဒီအတောအတွင်းမှာ ကျွန်တော့်အမေရယ်၊ ဟျွန်းဂျူးရယ်၊ စီနီယာ ဆန်းယော့ရယ်၊ ဟင်နရီရယ် လာတွေ့ကြပါတယ်။ မီဒီယာတွေနဲ့ ကုမ္ပဏီကြီးတွေရဲ့ စီအီးအိုတွေဆီကလည်း တွေ့ဆုံခွင့်တောင်းတာတွေ တပုံတပင် ရှိခဲ့ပေမဲ့ အားလုံးကို ငြင်းလိုက်ပါတယ်။
နောက်ဆုံး အိပ်ရာကနိုးလာတော့ မျက်လုံးကို ဖွင့်လိုက်တယ်။
မနေ့ညက အိပ်မက်တစ်ခုခု မက်ခဲ့သလိုပါပဲ။ ဒါပေမဲ့ သေသေချာချာတော့ မမှတ်မိတော့ဘူး။ အဖွားအိုတစ်ယောက်က ကျွန်တော့်ကို တစ်ခုခုအတွက် ချီးမွမ်းနေခဲ့သလိုပါ။
ထဖို့ ပြင်လိုက်တော့ ဘေးနားမှာ အယ်လီ အိပ်ပျော်နေတာကို သတိထားမိသွားတယ်။
မနေ့ညက တက်ဂယူရယ်၊ အယ်လီရယ်၊ ကျွန်တော်ရယ် သုံးယောက်သား ဝိုင်သောက်ခဲ့ကြတာကို မှတ်မိသွားပါတယ်။ ဟိုတယ်ကို ပြန်မနေတော့ဘဲ ဒီမှာပဲ အိပ်လိုက်ကြတာ ထင်တယ်။
ကျွန်တော့်ကုတင်ပေါ်မှာ အယ်လီ အိပ်နေတာကို မြင်ရတာ တစ်မျိုးလေး ဆန်းနေပြီး သဘာဝကျနေသလိုပါပဲ။
ကျွန်တော် လှုပ်ရှားလိုက်တာကို သိသွားတော့ အယ်လီ က မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လာတယ်။
"အာ... နိုးပြီလား"
ကျွန်တော်လည်း အယ်လီ့ နဖူးကို နမ်းလိုက်ပြီး ပြောလိုက်တယ်။
"ပိတ်ရက်ပဲဟာ။ ဆက်အိပ်လိုက်ဦး"
ကျွန်တော့်စကားကြောင့် အယ်လီ က မျက်လုံးပြန်ပိတ်ပြီး ကျွန်တော့်နားကို ပိုတိုးကပ်လာတယ်။
"ဂျင်ဟူ ဘေးနားမှာ ရှိနေတာ တကယ်ကောင်းတာပဲ"
"ငါ့အတွက်လည်း အတူတူပါပဲ"
သူ့ကို ဘယ်လောက်အထိ လွမ်းနေခဲ့လဲဆိုတာ စကားလုံးနဲ့တောင် ဖော်ပြလို့ မရပါဘူး။
အယ်လီ ပြန်အိပ်ပျော်သွားတာ သေချာမှ ကျွန်တော်လည်း အသာလေးထပြီး ဧည့်ခန်းထဲ ထွက်လာခဲ့တယ်။ တက်ဂယူ ကတော့ ဆိုဖာပေါ်မှာ လှဲပြီး မုန့်စားနေတာပါ။
"အိပ်ရာနိုးပြီလား"
"အင်း။ ကိုယ့်အိမ်ကိုယ့်ယာက အကောင်းဆုံးပဲကွာ"
ကျွန်တော်လည်း ကော်ဖီတစ်ခွက် ဖျော်ပြီး ဆိုဖာပေါ်မှာ ထိုင်လိုက်တယ်။
ကော်ဖီသောက်ရင်း အပြင်က ပန်းခြံကို လှမ်းကြည့်နေမိတော့မှ အိမ်ပြန်ရောက်ပြီဆိုတဲ့ အသိက တကယ်ဝင်လာတော့တယ်။
ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သမျှက အိပ်မက်တစ်ခုလိုပါပဲ။ တကယ်ပဲ ဘာမှမဖြစ်ခဲ့သလိုမျိုးပေါ့။
ကမ္ဘာ့တခြားတစ်ဖက်မှာ ဖရိုဖရဲတွေ ဖြစ်နေခဲ့ပေမဲ့ ကိုရီးယားကတော့ အေးအေးဆေးဆေးပါပဲ။
ပြန်တွေးကြည့်ရင် ဂျပန်၊ တရုတ်နဲ့ တောင်အာရှလို အိမ်နီးနားချင်းနိုင်ငံတွေမှာ ငလျင်အကြီးအကျယ် လှုပ်တုန်းကလည်း ဒီလိုပါပဲ။ အမေရိကန်ပြည်တွင်းမှာလည်း ထပ်တူပါပဲ။
အနောက်ဘက်ကမ်းရိုးတန်းက ပျက်စီးသွားခဲ့ပေမဲ့ အခြားဒေသတွေကတော့ ပုံမှန်အတိုင်း လည်ပတ်နေတာပါ။ ဒါကြောင့်လည်း ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အမြန်ဆုံး လုပ်နိုင်ခဲ့တာလေ။
လူတွေကတော့ ကိုယ်နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ ကိစ္စတွေကို သိပ်ပြီး စိတ်မဝင်စားကြပါဘူး။
"စားကြရအောင်"
"တရုတ်စာပဲ မှာစားမလား"
"ကောင်းသားပဲ"
စဉ်းစားကြည့်တော့ ပဲခေါက်ဆွဲမစားရတာ တော်တော်ကြာပါပြီ။
နေ့တိုင်း စားနေတုန်းကတော့ ရိုးအီနေပေမဲ့ မစားရတာ ကြာလာတော့လည်း လွမ်းမိသား။
"ပဲခေါက်ဆွဲနဲ့ ကျန်ပုန်းခေါက်ဆွဲပြုတ် တွဲရက်set တစ်ခု မှာလိုက်မယ်။ ပြီးတော့ ဖက်ထုပ်လည်း မှာမယ်"
"အယ်လီ ဘာစားချင်လဲ မေးရဦးမလား"
စားစရာမှာဖို့အတွက်နဲ့ပဲ သူ့ကို နှိုးရမလား။
သူငယ်ချင်းဖြစ်သူရဲ့ ရည်းစားက ဒီမှာ အိပ်တာကို တက်ဂယူအတွက် အဆင်ပြေရဲ့လား။
အဆင်ပြေရဲ့လားလို့ ကျွန်တော် မေးလိုက်တော့ တက်ဂယူ က အေးအေးဆေးဆေးပဲ ပြန်ဖြေတယ်။
"အေး။ ငါပဲ သူ့ကို နေခဲ့ဖို့ ပြောလိုက်တာ"
"ဪ... ဟုတ်လား"
အဲဒီအချိန်မှာပဲ အယ်လီ ဧည့်ခန်းထဲ ဆင်းလာတယ်။
အယ်လီက ဒီမှာ အိပ်ဖြစ်မယ်လို့ မထင်ထားတာမလို့ အပိုအင်္ကျီ မပါလာဘဲ ကျွန်တော့် တီရှပ်နဲ့ ညအိပ်ဘောင်းဘီကိုပဲ ဝတ်ထားတာပါ။ တွဲဖက်မညီတဲ့ အဝတ်အစားတွေကြောင့် အယ်လီက တစ်မျိုးလေး ချစ်စရာကောင်းနေပြန်တယ်။
မိတ်ကပ်မပါဘဲ အိပ်ချင်မူးတူး ဖြစ်နေတာတောင် အယ်လီရဲ့ အလှက တောက်ပနေတုန်းပဲ။
"တက်ဂယူလည်း နိုးနေပြီပဲ"
တက်ဂယူ က လက်ယမ်းပြပြီး "ကောင်းကောင်းအိပ်ပျော်ရဲ့လား" လို့ မေးတယ်။
"အင်း။ တော်တော်ကြာမှ အိပ်ရေးဝဝ အိပ်လိုက်ရသလိုပဲ"
အယ်လီ က လက်နှစ်ဖက်လုံးကို ခေါင်းပေါ်မြှောက်ပြီး အပျင်းကြော ဆန့်လိုက်တယ်။
"ဟား..."
ကျွန်တော်လည်း အယ်လီကို "တရုတ်စာ မှာစားရင် အဆင်ပြေမလား" လို့ မေးလိုက်တယ်။
အယ်လီ က ခေါင်းညိတ်ပြပြီးပြောတယ်။
"ကိုရီးယား ပဲခေါက်ဆွဲက အရသာရှိတယ်။ ငါကတော့ ပဲခေါက်ဆွဲစားမယ်"
ဟောင်ကောင်မှာ ကြီးပြင်းခဲ့တာမလို့ အယ်လီ က တရုတ်စာကို ပုံမှန်စားလေ့ရှိပါတယ်။ (ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံက တရုတ်စာကို တရုတ်စာစစ်စစ်လို့ ခေါ်လို့ရမလားတော့ မသေချာဘူး။)
[မြန်မာနိုင်ငံရဲ့ကြေးအိုးလိုမျိုးပေါ့။ တရုတ်စာဆိုပေမဲ့ မြန်မာနိုင်ငံမှာပဲ ဖန်တီးတဲ့ တရုတ်စာပါ]
တက်ဂယူ က ဖုန်းနဲ့ မှာလိုက်တယ်။
တက်ဂယူဖုန်းဆက်ပြီးမှာနေစဉ်အတွင်းမှာ ကျွန်တော်က အယ်လီနဲ့အတူ အပြင်က မြင်နေရတဲ့ ပန်းခြံကို ကြည့်ရင်း မနက်ခင်းကော်ဖီကို အရသာခံနေမိတယ်။ အယ်လီက အိပ်ချင်မူးတူးနဲ့ ကျွန်တော့်ပုခုံးပေါ် ခေါင်းလေး မှီထားတာပါ။
"အစ်မ ဟျွန်းဂျူး က ဒီနေ့လည်း အလုပ်ဆင်းတာလား"
"ဟုတ်မယ်ထင်တယ်"
အစ်မ ဟျွန်းဂျူးကတော့ အခုထိ တော်တော်လေး အလုပ်ရှုပ်နေတုန်းပဲ။
ကျွန်တော်တို့ဘက်မှာလည်း တူတူပါပဲ။ စီနီယာ ဆန်းယော့ က အစီအစဉ်တကျဖြစ်အောင် ပြန်လုပ်ဖို့ အလုပ်ရှုပ်နေပြီး၊ ဟင်နရီ ကတော့ တရုတ်သံမဏိကုမ္ပဏီဆီကနေ ကြိုမှာထားတဲ့ ပစ္စည်းတွေကို လုပ်ပြီးတာနဲ့ အမေရိကန်ဆီ ချက်ချင်း ပို့နေပါတယ်။
အဲဒါတွေကို ဂိုဒေါင်ထဲမှာ စုထားပြီး နောက်မှ အမေရိကန်အစိုးရဆီ ပြန်ရောင်းရင် ရောင်းမှာပါ။
"ငါ ငါ့အစ်မနဲ့ ညစာ တူတူစားဖို့ စဉ်းစားထားတယ်"
"နင့်အစ်မကို ငါ မေးပေးမယ်"
မကြာခင်မှာပဲ အိမ်ရှေ့လူခေါ်ခေါင်းလောင်းသံ မြည်လာတယ်။
"အို….စားစရာလာပို့တာ မြန်လှချည်လား"
တက်ဂယူ က လှမ်းမကြည့်ဘဲ အဝေးထိန်းခလုတ်နဲ့ အိမ်ရှေ့ခြံတံခါးကို ဖွင့်ပေးလိုက်တယ်။ မကြာခင်မှာပဲ အိမ်ရှေ့တံခါး ခေါင်းလောင်းသံ ထပ်မြည်လာပြန်တယ်။
"ငါ သွားဖွင့်လိုက်မယ်"
ကျွန်တော် အိမ်ရှေ့တံခါးကို အကျယ်ကြီး ဖွင့်လိုက်တဲ့အခါ တရုတ်စားစရာလာပို့တဲ့သူ မဟုတ်ဘဲ ဟင်းဘူးကို ကိုင်ထားတဲ့ ကျွန်တော့်အမေ ဖြစ်နေတာကြောင့် ကြောင်သွားခဲ့ရတယ်။
"ဟာ... အမေ၊ ဘာလို့ ရုတ်တရက်ကြီး ရောက်လာတာလဲ"
"ဘာ…. ရုတ်တရက်ကြီး ရောက်လာတာလဲဟုတ်လား။ မနေ့က ဖုန်းထဲမှာ ဒီနေ့ ဟင်းလာပို့မယ်လို့ ပြောထားတယ်လေ"
"ဟုတ်လား၊ ကျွန်တော် မမှတ်မိတော့ဘူး"
ဘာလို့ မမှတ်မိရတာလဲ။
အမေ အိမ်ကို လာတာက ပြဿနာမဟုတ်ပေမဲ့ အခုက အယ်လီ ရှိနေတာပါ။
အယ်လီက မနက်အစောပိုင်း ခဏလာလည်တဲ့ ပုံစံမျိုး မဟုတ်ဘဲ ညကတည်းက အိပ်ခဲ့တဲ့ ပုံစံအတိုင်း ဖြစ်နေတာလေ။
ဒီလို အခြေအနေမျိုးဆို တခြားလူတွေ ဘယ်လို ဖြေရှင်းတတ်ကြလဲ။ ဗီရိုထဲမှာ သွားပုန်းရမလား။
ကံကောင်းတာက အိမ်က ကျယ်ပြီး ပုန်းစရာနေရာတွေ အများကြီး ရှိတာမလို့ အမေက စာကြည့်ခန်းထဲအထိတော့ လာရှာမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ အဲဒီလို စိုးရိမ်နေဖို့ မလိုတော့ပါဘူး။
"စားစရာလာပို့တာကို ငါ ကူသယ်ပေးရမလား... အာ"
အမေ့ကို မြင်တော့ အယ်လီ က လန့်သွားပြီး ခေါင်းငုံ့နှုတ်ဆက်လိုက်တယ်။
"အန်တီ... မင်္ဂလာနံနက်ခင်းပါရှင့်"
အမေကတော့ ကြောင်အမ်းအမ်းနဲ့ ကျွန်တော့်အဝတ်အစားတွေကို ဝတ်ထားတဲ့ အယ်လီနဲ့ ကျွန်တော့်ကို တစ်လှည့်စီ ကြည့်ပြီးမေးတယ်။
"နင်တို့နှစ်ယောက်က ဒီလောက်အထိ ရင်းနှီးနေကြပြီလား"
အယ်လီ့ မျက်နှာကတော့ နားရွက်တွေအထိ နီရဲသွားခဲ့ရတယ်။
အယ်လီက ဒီလိုလေးလည်း ချစ်စရာကောင်းနေပြန်တာပါပဲ။
တော်တော်ကြာမှ တက်ဂယူနဲ့အတူ ကုမ္ပဏီကို အလုပ်ပြန်ဆင်းခဲ့တယ်။ ဝန်ထမ်းတွေက ဧည့်ခန်းထဲမှာ စုရုံးပြီး လက်ခုပ်တီး ကြွေးကြော်ကာ ကြိုဆိုကြတယ်။
စီအီးအို ပြန်ရောက်လာတာကို သူတို့ ဒီလောက်အထိ ပျော်နေကြတာ မြင်ရတော့ လစာပေးရကျိုးနပ်တယ်လို့ ခံစားရပါတယ်။
HRဌာနမှူး မိုက်ကယ်လီ က ကျွန်တော့်ကို ပြောလာတယ်။
"တကယ်ကို ကျေးဇူးတင်ပါတယ်။ လူကြီးမင်းနဲ့အတူ အလုပ်လုပ်ရတာ တကယ်ကို ဂုဏ်ယူမိပါတယ်"
သူက ကယ်လီဖိုးနီးယားမှာ ကြီးပြင်းခဲ့တဲ့ ဒုတိယမျိုးဆက် ကိုရီးယား-အမေရိကန်ကပြားတစ်ဦး ဖြစ်ပြီး မိဘတွေက LA မှာ နေထိုင်ဆဲမလို့ သူ့အတွက်တော့ ကျေးဇူးတင်စိတ်အပြည့်ရှိနေတာမဆန်းပါဘူး။
"ဒါဆိုရင်လည်း စာချုပ်သက်တမ်း ကုန်သွားရင်တောင် ထွက်မသွားဘဲ ကုမ္ပဏီမှာပဲ ဆက်နေပေးပါဦး"
မိုက်ကယ်လီ က ပြုံးပြီး ပြန်ဖြေတယ်။
"ကျွန်တော် အကောင်းမြင်တဲ့ဘက်ကနေကြည့်ပြီး စဉ်းစားပေးပါ့မယ်"
ကျွန်တော်လည်း စီနီယာ ကီဟုမ် ကို "နေလို့ကောင်းရဲ့လား" လို့ မေးလိုက်တယ်။
စီနီယာ ကီဟုမ် က တက်ကြွစွာပဲ "အခုတော့ အိုကေပါပြီ၊ ဒါပေမဲ့ ဟိုနားဒီနား နည်းနည်းတော့ နာနေသေးတာပေါ့" လို့ ပြန်ဖြေပါတယ်။
စီနီယာ ကီဟုမ် ဟာ ဆန္ဒပြသူတွေရဲ့ ရက်ရက်စက်စက် တိုက်ခိုက်မှုကြောင့် ရှစ်ပတ်လောက် နာကျင် ခံစားခဲ့ရတာပါ။
ကျူးလွန်သူတွေကိုတော့ ဗီဒီယိုမှတ်တမ်းကနေတစ်ဆင့် မျက်နှာမှတ်မိစနစ်နဲ့ ဖော်ထုတ်နိုင်ခဲ့ပြီး အားလုံးကို အုပ်စုဖွဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ ချွင်းချက်မရှိ တရားစွဲဆိုထားပါတယ်။
အများစုကတော့ အသက်ကြီးပိုင်းတွေ ဖြစ်ကြပြီး အသင်းဥက္ကဋ္ဌရဲ့ ညွှန်ကြားချက်အတိုင်း လုပ်တာလို့ ပြောကြပေမဲ့ ဥက္ကဋ္ဌ လီယောင်ဂွမ် ကတော့ ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။
ကျွန်တော်က ဝန်ထမ်းတွေကို "အချိန်တိုအတွင်းမှာ အများကြီး ဖြစ်ပျက်သွားခဲ့တာပဲ။ ကျွန်တော် မရှိတဲ့အချိန်မှာ..." လို့ စကားစလိုက်ပါတယ်။
မန်နေဂျာအဆင့် ရှိတဲ့သူတွေကို အစည်းအဝေးအတွက် စုလိုက်ပါတယ်။
ပထမဆုံးအနေနဲ့ လက်အောက်ခံ ကုမ္ပဏီတွေရဲ့ အခြေအနေကို အစီရင်ခံစာ လက်ခံခဲ့တယ်။ ကုမ္ပဏီအများစုဟာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ရောင်းအားပိုင်းမှာ ထိခိုက်မှုတွေ ရှိခဲ့ပြီး တချို့က အရေးပေါ် ရန်ပုံငွေ တောင်းခံထားကြပါတယ်။
ဖြစ်ပွားခဲ့တဲ့ ပရမ်းပတာ အခြေအနေတွေအပြင် ကျွန်တော့်အပေါ် ဝေဖန်မှုတွေကြောင့် သပိတ်မှောက်လှုပ်ရှားမှုတွေ ရှိခဲ့တာကြောင့်လည်း ပါတာပေါ့။
ဒါပေမဲ့ အခုတော့ အခြေအနေက ပြောင်းပြန်ဖြစ်သွားပါပြီ။
ကျွန်တော့်ရဲ့ ကြိုးပမ်းမှုကြောင့် ကုမ္ပဏီရဲ့ နာမည်ဂုဏ်သတင်း ပိုတက်လာတာက ကောင်းတဲ့အချက်ဖြစ်ပေမဲ့ စီးပွားရေး ကျဆင်းမှုကြောင့် လူတွေရဲ့ သုံးစွဲမှု လျော့ကျလာတာကိုတော့ ရှောင်လွှဲလို့ မရနိုင်ပါဘူး။
ကုမ္ပဏီတွေဟာ အမေရိကန်ဈေးကွက်အတွက်လည်း မဟာဗျူဟာတွေကို ပြင်ဆင်နေကြပါတယ်။ ဥပမာ NPL ဆိုရင် မူလက စက်တင်ဘာ ၂၈ ရက်မှာ မိတ်ဆက်ဖို့ စီစဉ်ထားတဲ့ nPhone Z ကို တစ်လလုံးလုံး မိတ်မဆက်နိုင်ဘဲ ဖြစ်နေခဲ့ရတာပါ။
စီနီယာ ဆန်းယော့ ရဲ့ စကားကို အားလုံးက ခေါင်းညိတ် ထောက်ခံကြတယ်။
"ဒါတောင် ဒီလောက်နဲ့တင် ပြီးသွားလို့ တော်သေးတာပေါ့။ မဟုတ်ရင် ကမ္ဘာ့စီးပွားရေးက နွံထဲနစ်နေမှာ"
ကျွန်တော်တို့လည်း မဟာဗျူဟာတွေကို ပြင်ဆင်ရပါမယ်။ နှစ်ကုန်ပိုင်းမှာ မော်ဒယ်အသစ်တွေ မိတ်ဆက်ဖို့ ရည်ရွယ်ထားတဲ့ CarOS ဆိုရင်လည်း သုတေသနဓာတ်ခွဲခန်းကို ပြောင်းရွှေ့ဖို့ အချိန်ဖြုန်းခဲ့ရပြီး ဆန်ဖရန်စစ္စကို အခြေပြု အလိုအလျောက်မောင်းနှင်မှု စမ်းသပ်ချက်တွေလည်း ရပ်တန့်သွားခဲ့ရပါတယ်။
"အချိန်တန်ရင် အားလုံး အဆင်ပြေသွားမှာမလို့ သိပ်ပြီး စိုးရိမ်မနေပါနဲ့"
တက်ဂယူ က တခြားအကြောင်းအရာတစ်ခုကို စကားစလာတယ်။
"ငါတို့တွေ အစွန်းရောက်အုပ်စုတွေနဲ့ မီဒီယာတွေကို နစ်နာကြေးရဖို့ တရားစွဲသင့်တယ်"
ဆန္ဒပြပွဲတွေအပါအဝင် အခြေအနေအမျိုးမျိုးကို ဖုန်းနဲ့ သတင်းပို့ချက် ရခဲ့ပေမဲ့ လူကိုယ်တိုင် မြင်ရတာကတော့ အံ့ဩစရာပါပဲ။ အစွန်းရောက်အုပ်စုတွေ၊ မီဒီယာတွေနဲ့ ဖိုရမ်တွေ အားလုံးက ဖရိုဖရဲ ဖြစ်နေတာပါ။
မိဘများအသင်းကို အစိုးရက နောက်ကွယ်ကနေ ကြိုးကိုင်ပြီး ဆန္ဒပြပွဲတွေ လုပ်ခိုင်းနေတာ ဖြစ်နိုင်တယ်ဆိုတဲ့ သံသယက ကြာလှပါပြီ။
မဟုတ်ရင် ဆန္ဒပြပွဲတွေက ဖြစ်နိုင်စရာ မရှိပါဘူး။
သူတို့ ဘယ်ကနေ သတင်းတွေ ရနေတာလဲ၊ အကြီးအကျယ် ဆန္ဒပြဖို့ ရန်ပုံငွေ ဘယ်ကရလဲ စတဲ့ မေးခွန်းတွေ ထွက်လာတာပါ။ ဒါ့အပြင် ရဲတပ်ဖွဲ့က တိုးတက်ပြောင်းလဲရေးအုပ်စုတွေရဲ့ ဆန္ဒပြမှုကို တင်းကြပ်စွာ ပိတ်ပင်ထားပေမဲ့ မိဘများအသင်းရဲ့ ဆန္ဒပြခွင့် တောင်းဆိုမှုကိုတော့ ချွင်းချက်မရှိ အားလုံး ခွင့်ပြုပေးခဲ့တယ်။
ဒီတရားမဝင် ဆန္ဒပြမှု စုံစမ်းစစ်ဆေးရေးအတွင်း မိဘများအသင်းရုံးကို ဝင်ရောက်စီးနင်းခဲ့ရာမှာ သက်ဆိုင်ရာ စာရွက်စာတမ်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့တယ်။
ဥက္ကဋ္ဌ လီယောင်ဂွမ် ရဲ့ ဖုန်းထဲမှာ အမျိုးသားထောက်လှမ်းရေးအဖွဲ့ (NIS) နဲ့ အိမ်ပြာတော် ဝန်ထမ်းတွေဆီက ဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေနဲ့ စာတိုတွေကို တွေ့ခဲ့ရပါတယ်။ ဝမ်သန်းပေါင်းများစွာ လွှဲပြောင်းထားတဲ့ လျှို့ဝှက်အကောင့် ဒါဇင်ပေါင်းများစွာကိုလည်း တွေ့ရှိခဲ့ပြီး သူ့စားပွဲအောက်က မီးခံသေတ္တာထဲမှာ ဝမ်သန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ ငွေသားတွေနဲ့ မှတ်တမ်းတွေကို တွေ့ခဲ့ပါတယ်။
ဆက်ပြီး စုံစမ်းစစ်ဆေးရင် နောက်ထပ် ပေါ်လာဦးမှာ အသေအချာပါပဲ။
ဥက္ကဋ္ဌ လီယောင်ဂွမ် ကတော့ လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး စုံစမ်းစစ်ဆေးမှု ခံယူနေရတုန်း ဖြစ်ကာ သူ့မှာ နောက်ခံအင်အား ရှိနေသေးတယ်လို့ ထင်နေပုံရပါတယ်။
"ဒါကို ကြည့်လိုက်ဦး"
တက်ဂယူ က သေတ္တာတစ်လုံးကို မှောက်ချလိုက်တဲ့အခါ တစ်နိုင်ငံလုံးက ပေးပို့လာတဲ့ စာတွေ အပုံလိုက် ထွက်လာပါတယ်။ အဲဒါတွေက အားပေးစာတွေ မဟုတ်ဘဲ တရားစွဲဆိုမှုကို ရုပ်သိမ်းပေးဖို့ တောင်းပန်စာတွေ ဖြစ်နေတာပါ။
စီနီယာ ကီဟုမ် က "အီးမေးလ်တွေလည်း အများကြီးပဲ" လို့ ပြောလာတယ်။
"လူတစ်ယောက်က အွန်လိုင်းပေါ်မှာ မျက်ရည်ကျလောက်တဲ့ အကြောင်းအရာတွေ တင်ထားတယ်။ ငယ်ငယ်ကတည်းက မိသားစုက ဆင်းရဲလို့ တခြားသူတွေလို အပြင်မှာ မစားရဘူးတဲ့။ အမေ အလုပ်သွားချိန်ဆို အမြဲတမ်း ခေါက်ဆွဲပြုတ်ပဲ တစ်ယောက်ထဲ ပြုတ်စားခဲ့ရတယ်ဆိုပဲ"
"......"
သူ့ရဲ့ ဆင်းရဲတဲ့ မိသားစုနောက်ခံနဲ့ ကျွန်တော့်ကို ဆဲဆိုတာ ဘာဆိုင်လို့လဲဆိုတာ ကျွန်တော် နားမလည်နိုင်ပါဘူး။
အဆဲအဆို ခံရရုံနဲ့တင် ကျွန်တော် တရားမစွဲခဲ့ပါဘူး။ အဆိုးရွားဆုံး ကိစ္စရပ်တွေကိုပဲ ရွေးပြီး တိုင်ချက်ဖွင့်ခဲ့တာတောင် အခုလို ကားတစ်စီးစာလောက် ရှိနေတာပါ။
ဘယ်သူတွေ ရေးတာလဲဆိုတာ သိချင်လို့ ရှာကြည့်လိုက်တဲ့အခါ မူလတန်းကျောင်းသားတွေကနေ ရုံးဝန်ထမ်းတွေအထိ လူအမျိုးမျိုး ဖြစ်နေတာကို တွေ့ရပါတယ်။ အများစုကတော့ အကြောင်းပြချက် မရှိဘဲ ကျွန်တော့်ကို မကြိုက်လို့ ဒါမှမဟုတ် လူအာရုံစိုက်ခံချင်လို့ ရေးကြတာပါ။
အဲဒါကိုတော့ ကျွန်တော် လက်ခံပေးနိုင်ပါတယ်။
ပြင်းပြင်းထန်ထန် ဖမ်းဆီးခံရမှာ မဟုတ်ပေမဲ့ စုံစမ်းစစ်ဆေးမှု ခံယူပြီး ဒဏ်ငွေဆောင်ရရင်တော့ သူတို့ သတိဝင်သွားလောက်ပါတယ်။
ထူးခြားတာကတော့ အများပြည်သူရဲ့ ထင်မြင်ယူဆချက်တွေကို လှည့်စားဖို့အတွက် တက်တက်ကြွကြွ မှတ်ချက်ပေးပြီး စာရေးနေတဲ့ အကောင့်အချို့ဟာ အမျိုးသားထောက်လှမ်းရေးအဖွဲ့ (NIS) ဒါမှမဟုတ် အစိုးရရုံး ဝန်ထမ်းတွေ ဖြစ်နေတယ်လို့ သံသယရှိရတာပါပဲ။
နိုင်ငံခြားဆာဗာတွေ သုံးပြီး ရှုပ်ရှုပ်ထွေးထွေး လုပ်ထားတာ မဟုတ်ဘဲ အိုင်ပီ (IP) တွေနဲ့ လူမှုကွန်ရက်က အိုင်ဒီတွေကို စစ်ဆေးကြည့်ရုံနဲ့တင် ဘယ်သူလဲဆိုတာ အလွယ်တကူ သိနိုင်ပါတယ်။
စီနီယာ ဆန်းယော့ က ပြောတယ်။
"ဂျင်ဟူပါးကွက်သားဆိုတဲ့ အကောင့်တု သုံးထားတဲ့သူ ရှိတယ်။ အဲဒီအိုင်ဒီကို စစ်ကြည့်တော့ NIS ဝန်ထမ်း ဖြစ်နေတယ်"
"ဂျင်ဟူပါးကွက်သား ဟုတ်လား"
ဒါက ဘာအဓိပ္ပာယ်လဲ။
ကျွန်တော့်ခေါင်းကို တံကျင်လျှိုချင်တယ်လို့ ဆိုလိုတာလား။
"အဲဒီလူက မင်းရဲ့ မျက်နှာကို အပြာကားမင်းသမီး မျက်နှာနဲ့ တွဲပြီး ဓာတ်ပုံ စတင်တင်ခဲ့တဲ့သူပဲ"
ကျွန်တော်လည်း အံ့ဩလွန်းလို့ မေးလိုက်မိတယ်။
"အမျိုးသားထောက်လှမ်းရေးအဖွဲ့က တကယ်ပဲ အဲဒီလို အလုပ်မျိုးတွေ လုပ်တာလား"
တက်ဂယူ က ပြန်ဖြေတယ်။
"အဲဒီကလေးတွေက အဲ့လိုတွေတင်ပြီး အကျိုးအမြတ် ရတာလေ"
တရားစီရင်ရေးက စုံစမ်းစစ်ဆေးမှု မလုပ်ခဲ့တာ မဟုတ်သလို မီဒီယာတွေကလည်း သေသေချာချာ မဖော်ပြခဲ့တာ မဟုတ်ပါဘူး။ အခုထက်ထိ ပေါ်ပေါက်ခဲ့တဲ့ ကိစ္စတွေ အများကြီး ရှိပါတယ်။
"ဒါကိုသာ သေသေချာချာ တူးဆွရင် စိတ်ဝင်စားဖို့ ကောင်းလာလိမ့်မယ်။ အမျိုးသားထောက်လှမ်းရေးအဖွဲ့တင်မကဘဲ စစ်ဘက်လုံခြုံရေးတပ်ဖွဲ့ပါ ပါဝင်နေပုံရတယ်"
"စစ်ဘက်လုံခြုံရေးတပ်ဖွဲ့လည်း ပါတာလား"
နိုင်ငံကို မကာကွယ်ဘဲ အွန်လိုင်းပေါ်မှာ ကျွန်တော့်ကို လာဆဲနေတဲ့ စစ်တပ်က ဘယ်လို စစ်တပ်လဲ။
ကျွန်တော် လက်ပိုက်ပြီး မေးလိုက်တယ်။
"ဒါပေမဲ့ စုံစမ်းစစ်ဆေးမှုနဲ့ အပြစ်ပေးမှုတွေက တကယ်ပဲ သေသေချာချာ ဖြစ်လာပါ့မလား"
တက်ဂယူက ပြန်ဖြေတယ်။
"ရဲတွေနဲ့ အစိုးရရှေ့နေတွေ ဘယ်တုန်းကတည်းက ဒီလောက်အလုပ်ကြိုးစားနေလဲတော့ မသိဘူး။ ဒါပေမဲ့ အခုတော့ နှစ်ဖက်စလုံးက ပြိုင်ဆိုင်နေကြတဲ့အတိုင်းပဲ စုံစမ်းစစ်ဆေးဖို့ စိတ်အားထက်သန်နေကြတယ်"
စီနီယာ ဆန်းယော့ လည်း ခေါင်းညိတ်ပြပြီး ပြောတယ်။
"ဒီတစ်ကြိမ်တော့ ကွဲပြားလိမ့်မယ်။ ဟိုဘက်မှာလည်း အက်ကြောင်းတွေ စပေါ်နေပြီလေ။ အာဏာနောက် လိုက်တတ်တဲ့သူတွေက အဲဒီအနံ့ကို ကောင်းကောင်းသိကြတယ်။ အခုအချိန်ဆို ပတ်ဆီဟျွန်း လည်း သူက ကြိုးပြတ်သွားတဲ့ စွန်တစ်ခုလို ဖြစ်နေပြီဆိုတာ သိလောက်ပါပြီ"
အခန်း (၁၉၈)
[ငါ့နောက်မှာ အိမ်ပြာတော် ရှိတယ်]
- ဥက္ကဋ္ဌ လီယောင်ဂွမ် က ဖမ်းဆီးစုံစမ်းစစ်ဆေးခံရစဉ်အတွင်း ရဲတွေကို အော်ဟစ်ပြောဆိုခဲ့ပြီး သူ့နောက်ကွယ်မှာ 'အိမ်ပြာတော်' ရှိတယ်လို့ အခိုင်အမာ ပြောကြားခဲ့တယ်။
သူ့ဖုန်းကို စစ်ဆေးကြည့်တဲ့အခါမှာလည်း အမျိုးသားထောက်လှမ်းရေးအဖွဲ့ (NIS) ဝန်ထမ်းတွေ၊ အိမ်ပြာတော် နိုင်ငံရေးရာအတွင်းဝန်ရုံးတို့နဲ့ ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှု အမြောက်အမြားကို တွေ့ရှိခဲ့ရပါတယ်။ ဒါတင်မကသေးဘဲ သူ့ရဲ့ မှတ်စုစာအုပ်ထဲမှာလည်း 'အိမ်ပြာတော် ညွှန်ကြားချက်များ' ဆိုပြီး အကြိမ်ကြိမ် ရေးမှတ်ထားတာကို တွေ့ရပါတယ်။
အဲဒီသတင်းစကားတွေအရ အိမ်ပြာတော်အတွင်းဝန် လီအီဆွန်း က ဆန္ဒပြရမယ့် ရက်စွဲနဲ့ နေရာတွေကို ညွှန်ကြားခဲ့ပြီး အစွန်းရောက်အုပ်စုတွေကလည်း အဲဒီအတိုင်း လိုက်နာလုပ်ဆောင်ခဲ့ကြတာပါ။
လက်ရှိမှာတော့ အစိုးရရှေ့နေတွေက အကောင့်တုတွေနဲ့ မီးခံသေတ္တာထဲက ရန်ပုံငွေ စီးဆင်းမှုတွေကို လိုက်လံစုံစမ်းနေပါတယ်။
အံ့ဩစရာကောင်းတာက ဒီသတင်းကို ပထမဆုံး ဖော်ထုတ်လိုက်တဲ့ မီဒီယာက ဂျောင်အီဘိုသတင်းစာ ဖြစ်နေတာပါပဲ။ အဲဒီနောက်မှာတော့ တခြားမီဒီယာတွေကလည်း အလားတူဆောင်းပါးတွေကို တရစပ် ဖော်ပြလာကြတယ်။
[ဥက္ကဋ္ဌ လီယောင်ဂွမ် က အဖွဲ့ဝင်တွေရှေ့မှာ အိမ်ပြာတော်အတွင်းဝန်နဲ့ ဖုန်းပြောရင်း သူ့ရဲ့ အာဏာကို ကြွားလုံးထုတ်ခဲ့။]
[မိဘများအသင်း အဖွဲ့ဝင်တွေရဲ့ ထွက်ဆိုချက်အရ အဲဒီလို ဖုန်းပြောတာကို သူတို့ကိုယ်တိုင် တွေ့ခဲ့ရကြောင်း အတည်ပြု။]
[မိဘများအသင်းနဲ့ သမ္မတ ပတ်ဆီဟျွန်း တို့အကြား ဘယ်လို ပတ်သက်မှုမျိုး ရှိနေလဲ။]
[အတွင်းဝန် လီအီဆွန်း ရဲ့ ညွှန်ကြားချက်တွေကို သမ္မတ ပတ်ဆီဟျွန်းက သိရှိခဲ့ပါသလား။]
[ငွေကြေးနဲ့ အကောင့်တုတွေထဲက ရန်ပုံငွေတွေရဲ့ မူလဇစ်မြစ်က ဘယ်ကလာလဲ။]
***[ထိန်းချုပ်ဆန္ဒပြပွဲတွေမှာ တစ်ယောက်ကို ဝမ် ၂ သောင်းနှုန်းနဲ့ မြောက်ကိုရီးယားက ထွက်ပြေးလာသူတွေကို ငှားရမ်းခဲ့...]
အစိုးရရဲ့ အားနည်းချက်တွေကို ဖွင့်ချလိုက်တဲ့ ဒီဆောင်းပါးကြောင့် အွန်လိုင်းအသုံးပြုသူတွေတောင် အံ့ဩသွားကြတယ်။
- "မယုံနိုင်စရာပဲ။ ဂျောင်အီဘို က အစိုးရကို ဝေဖန်နေတယ်ဟ"
- "ငါ့မျက်လုံးကိုယ်တိုင်တောင် မယုံနိုင်ဘူး"
- "ဒါက တကယ့်ကို အံ့ဩဖို့ကောင်းတယ်"
- "အဟက်၊ သတင်းထောက်တချို့ ဖမ်းခံရပြီးနောက်မှာတော့ သူတို့က အစိုးရဘက်ကို ပြန်လှည့်လာကြပြီပေါ့လေ"
- "မင်းတို့တွေ သစ္စာရှိရင် ခေါင်းဆောင်ကို မဝေဖန်ပါနဲ့"
- "အရင်ကတော့ ဖားနေကြပြီး အခုကျတော့ နောက်ကျောဓားနဲ့ထိုးနေကြတာပဲ။ သစ္စာဖောက်အစစ် ဂျောင်အီဘို ပဲ"
- "ဂျောင်အီဘို က အမှန်တရားကို သတင်းပို့နေတာ မြင်ရတာ တကယ် ထူးဆန်းတယ်။ အရင်လိုပဲ ကောလာဟလသတင်းတွေပဲ ထုတ်ဝေပေးပါ"
အိမ်ပြာတော်ဘက်ကတော့ ဒါကို ချက်ချင်း ငြင်းဆိုခဲ့တယ်။
ပြောရေးဆိုခွင့်ရှိသူ ဆိုမွန်ဂျောင် က "အိမ်ပြာတော်အနေနဲ့ မိဘများအသင်းနဲ့ ဘာပတ်သက်မှုမှ မရှိပါဘူး" လို့ ပြောကြားခဲ့ပြီး အိမ်ပြာတော်အတွင်းဝန်ရဲ့ လုပ်ရပ်က ပုဂ္ဂိုလ်ရေးအရ သွေဖည်မှုသက်သက်သာ ဖြစ်တယ်လို့ အလေးအနက် ပြောဆိုခဲ့တယ်။
ဒါပေမဲ့ သဘာဝကျကျပဲ အဲဒီထုတ်ပြန်ချက်ကို ဘယ်သူမှ မယုံကြပါဘူး။
နာမည်ကြီးလာရင် ပေးဆပ်ရတဲ့ တန်ဖိုး ရှိတယ်ဆိုတဲ့ စကားပုံ ရှိပါတယ်။
တိုက်ရိုက် ပိုက်ဆံပေးရတာမျိုး မဟုတ်ပေမဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ အခြေအနေတွေ အများကြီး သယ်ဆောင်လာတာတော့ အမှန်ပါပဲ။
အဲဒီအထဲက တစ်ခုကတော့ ဖုန်းနံပါတ်ကို ခဏခဏ လဲနေရတာပါပဲ။ ကျွန်တော့်နံပါတ် ဘယ်ကနေ ပေါက်ကြားသွားလဲတော့ မသိဘူး။ နေရာစုံကနေ ဖုန်းတွေ ဆက်တိုက် ဝင်နေတာပါ။
အင်တာဗျူးချင်တဲ့ သတင်းထောက်တွေ၊ အလှူငွေတောင်းတဲ့ အဖွဲ့အစည်းတွေ၊ ပါတီထဲဝင်ဖို့ စည်းရုံးတဲ့ နိုင်ငံရေးသမားတွေ၊ ရင်းနှီးချင်ယောင်ဆောင်တဲ့ ကျောင်းနေဖက်သူငယ်ချင်းဟောင်းတွေ၊ မသိတဲ့သူတွေ၊ နောက်ပြောင်တဲ့ဖုန်းတွေ၊ လိမ်လည်သူတွေ စသဖြင့် စုံလို့ပါပဲ။
ဒါကြောင့် ကျွန်တော်လည်း နံပါတ်အသစ်လဲပြီး ဖုန်းထဲမှာ မှတ်ထားတဲ့သူတွေကိုပဲ နံပါတ်အသစ်အကြောင်း စာပို့လိုက်ရတယ်။
ဒီလိုလုပ်တာ ဘယ်နှစ်ကြိမ်မြောက် ရှိနေပြီလဲဆိုတာတောင် မမှတ်မိတော့ဘူး။
ကျွန်တော် တစ်ယောက်ထဲ ညည်းတွားနေတုန်းမှာပဲ ဖုန်းမြည်လာပါတယ်။
"ဟေ့… စီနီယာ... နံပါတ် ပြန်လဲလိုက်ပြန်ပြီလား"
တက်ကြွတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အသံ ဖုန်းထဲကနေ ထွက်လာတယ်။ တခြားသူ မဟုတ်ဘဲ ရှင်ယူရီ ပါ။
"မတွေ့ရတာ ကြာပြီနော်။ နေကောင်းလား"
"အာ... ကျွန်မကတော့ အမြဲတမ်း ဒီအတိုင်းပါပဲ"
သေသေချာချာ နားထောင်ကြည့်တော့ ရှင်ယူရီက ကျောင်းမှာ ရှိနေတဲ့ ပုံပါပဲ။
ကျွန်တော်တို့ မတွေ့ဖြစ်တဲ့အတောအတွင်းက အကြောင်းအရာ တွေကို ပြောဖြစ်ကြတယ်။
"ကျောင်းမှာ ဘာထူးသေးလဲ"
"ဘာမှ ထူးထူးခြားခြား မရှိပါဘူး။ အစွန်းရောက်အုပ်စုတစ်ခု ကျောင်းထဲကို ဝင်လာပြီး ဆန္ဒပြတာကလွဲရင်ပေါ့"
ကျွန်တော် ကြောင်သွားမိတယ်။
"သူတို့က အဲဒီအထိပါ သွားကြတာလား"
"ဟုတ်တယ်။ စီနီယာက ကိုရီးယားတက္ကသိုလ်က ကျောင်းသားဖြစ်နေတော့ ကျောင်းအုပ်ကြီးက ထွက်လာပြီး အများပြည်သူကို ကိုယ်တိုင်တောင်းပန်ရမယ်လို့ ပြောတာလေ"
"......"
ကျွန်တော်တို့ ကျောင်းအုပ်ကြီးက ဘာမှားလို့လဲ။
ကံကောင်းတာက ဆန္ဒပြသူအများစုက OTK ကုမ္ပဏီရုံးချုပ်ရှေ့မှာပဲ စုနေကြတာမလို့ ကျောင်းမှာတော့ လူသိပ်မများပါဘူး။
"ကျောင်းထဲမှာတော့ စီနီယာ့အပေါ် ဝေဖန်သံတွေ အများကြီးပဲ။ ဘွဲ့ရခါနီး စီနီယာတွေက စီနီယာ့ကြောင့် သူတို့ အလုပ်မရမှာ စိုးရိမ်ပြီး ညည်းတွားနေခဲ့ကြတာလေ"
"ဟမ်"
သူတို့ အလုပ်မရတာ ကျွန်တော့်ကြောင့် ဖြစ်စရာလား။
ရှင်ယူရီ က ဆရာကြီးစတိုင်နဲ့ ပြောလာတယ်။
"ဟွန့်…. ဒါပေမဲ့ ကျွန်မကတော့ စီနီယာ့ကို အဆုံးထိ ယုံကြည်ခဲ့တာ။ စီနီယာ့လုပ်ရပ်တွေနောက်မှာ အကြောင်းပြချက်တစ်ခုခု ရှိရမယ်လို့ တွေးခဲ့တာပေါ့။ ကျေးဇူးတင်တယ်မလား"
"အင်း။ ကျေးဇူးပါပဲ"
ဘာပဲဖြစ်ဖြစ် မဟာငလျင်ကြီး လှုပ်ပြီးတဲ့နောက်မှာတော့ အခြေအနေတွေက ပြောင်းပြန်ဖြစ်သွားခဲ့ပါပြီ။
အခုဆိုရင် ကိုရီးယားတက္ကသိုလ်က ကန်ဂျင်ဟူ ရဲ့ မိခင်တက္ကသိုလ်ဖြစ်ကြောင်း အကြီးအကျယ် ကြော်ငြာတော့တာပါပဲ။
"ကျောင်းပရဏဝုဏ်ရဲ့ ဂိတ်ပေါက်တွေမှာ ဗီနိုင်းတွေ ချိတ်ထားကြတယ်။ စီးပွားရေးကျောင်းဆောင် အဆောက်အဦး ပေါ်မှာလည်း အကြီးကြီးတစ်ခု ချိတ်ထားသေးတယ်"
"ဗီနိုင်းတွေ ဟုတ်လား"
"မြင်ရင် အံ့ဩသွားလိမ့်မယ်။ အခု ကျောင်းလာရင် မြင်ရမှာ။ ဒါမှမဟုတ် ကျွန်မ ဓာတ်ပုံရိုက်ပြီး ပို့ပေးရမလား။"
"......တော်ပါပြီ"
ကျွန်တော်လည်း ခဏလောက်တော့ ကျောင်းနား မသွားဘဲ နေရပါမယ်။
ကျွန်တော့်ရဲ့ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေမှာပါ သွားမချိတ်ထားကြဘူးလို့ မျှော်လင့်ရတာပဲ။
ရှင်ယူရီ က သက်ပြင်းချရင်း ပြောလာတယ်။
"စီနီယာက ပိုပိုပြီး ဝေးကွာသွားသလိုပဲ"
"ငါကလား"
"ဟုတ်တယ်လေ။ အစတုန်းကတော့ ကျောင်းပြန်တက်ဖို့ ပြင်နေတဲ့ ရိုးရိုးကျောင်းသားလေးပဲ။ ဒါပေမဲ့ ခဏလေးအတွင်းမှာပဲ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီရဲ့ စီအီးအို ဖြစ်လာပြီး အခုကျတော့ အမေရိကန်ကို ကယ်တင်ခဲ့တဲ့ သူရဲကောင်းကြီး ဖြစ်နေပြီ"
"အဲလိုကြီးလား"
ကျွန်တော်လည်း ရှင်ယူရီ နဲ့ စတွေ့တုန်းက အခြေအနေတွေ ဒီလိုဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့မိပါဘူး။
"ဘာပဲဖြစ်ဖြစ်၊ စီနီယာ ဘယ်လောက်ပဲ အောင်မြင်ပါစေ၊ ကျောင်းက ဂျူနီယာမလေးကိုတော့ မေ့မပစ်လိုက်နဲ့ဦးနော်"
ကျွန်တော် ပြုံးလိုက်ပြီး ပြောလိုက်တယ်။
"သိပါပြီဗျာ"
ပြန်တွေးကြည့်တော့ ကျွန်တော် အဆက်အသွယ်ရှိနေတဲ့ တစ်ဦးထဲသော ဂျူနီယာက ရှင်ယူရီ ပဲ ရှိတာပါ။
"ကျွန်မ အတန်းတက်ရတော့မယ်။ နောက်မှ တွေ့မယ်နော်။ စီနီယာ"
"စာသေချာသင်ဦး"
ဖုန်းချလိုက်ပြီး ကုလားထိုင်ပေါ်မှာ မှီချလိုက်တယ်။
ဆိုဖာပေါ်မှာ လှဲနေတဲ့ တက်ဂယူ က "ဒီနေ့တော့ အေးဆေးနေတာပဲ"လို့ လှမ်းပြောတယ်။
"မနေ့ကလည်း အေးဆေးပါပဲ"
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တော်တော်လေး အေးချမ်းခဲ့တာမလို့ ပျင်းစရာတောင် ကောင်းနေပါပြီ။ ကုမ္ပဏီကလည်း ကျွန်တော်မရှိဘဲ ချောချောမွေ့မွေ့ လည်ပတ်နေတာကြောင့် ကျွန်တော့်မှာ တကယ်ပဲ လုပ်စရာ မရှိပါဘူး။
ဘေးအဆောက်အဦးမှာရှိတဲ့ အယ်လီ့ မျက်နှာ သွားကြည့်ရရင် ကောင်းမလားလို့ တွေးနေတုန်းမှာပဲ နောက်ထပ် ဖုန်းတစ်ကော ဝင်လာပြန်တယ်။
ဒီတစ်ကြိမ်ကတော့ ဥက္ကဋ္ဌ လင်ဂျင်ယုံ ဆီကပါ။
သူက ဆိုဆောင်းအီလက်ထရောနစ် ရဲ့ ကယ်လီဖိုးနီးယား အရောင်းဆိုင်တွေ ပျက်စီးမှုကို သွားရောက်စစ်ဆေးပြီး ကမ္ဘာ့အိုင်တီကုမ္ပဏီတွေရဲ့ စီအီးအိုတွေနဲ့ တွေ့ဆုံပြီးနောက် ကိုရီးယားကို ပြန်ရောက်ခါစ ရှိပါသေးတယ်။
အမေရိကန်ဈေးကွက်ကို သတိထားပြီး ချဉ်းကပ်နေကြတဲ့ တခြားကုမ္ပဏီတွေနဲ့မတူဘဲ ဆိုဆောင်းအီလက်ထရောနစ် ကတော့ သူတို့ရဲ့ ဈေးကွက်ဝေစုကို တိုးချဲ့ဖို့ ရည်ရွယ်နေတာပါ။
ဒီဖြစ်ရပ်ကြောင့် သူတို့ဟာ အမေရိကန်မှာ လူသိများမှု ပိုမိုမြင့်တက်လာခဲ့ပြီး မိုးရွာတုန်း ရေခံချင်နေကြတာ ဖြစ်ပါတယ်။
"အချိန်ရရင် ကော်ဖီတူတူ သောက်မလား"
ကျွန်တော့်မှာလည်း အချိန်တွေ ပိုနေတာမလို့ ပြန်ဖြေလိုက်တယ်။
"ရတာပေါ့။ ကျွန်တော် လာခဲ့ပါ့မယ်"
ကျွန်တော်လည်း တက်ဂယူ နဲ့အတူ ကားစီးပြီး ဆိုဆောင်းဂရု ရဲ့ ရုံးချုပ်ဆီကို ဦးတည်လိုက်တယ်။
ကျွန်တော်တို့ကို စောင့်နေတဲ့ ဝန်ထမ်းတစ်ယောက်က ဥက္ကဋ္ဌရုံးခန်းဆီ တိုက်ရိုက် လမ်းညွှန်ခေါ်ဆောင်သွားခဲ့တယ်။ အထဲမှာ ဥက္ကဋ္ဌ လင်ဂျင်ယုံ အပြင် သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်လည်း ရှိနေပါတယ်။
ဥက္ကဋ္ဌ လင်ဆိုမီ က ကျွန်တော်တို့ကို မြင်တော့ မတ်တတ်ရပ်ပြီး နှုတ်ဆက်လာတယ်။
"မတွေ့ရတာ ကြာပြီနော်။ ဥက္ကဌ ကန်ဂျင်ဟူ နဲ့ ဒုဥက္ကဌ အိုတက်ဂယူ"
"အတူတူ ရှိနေကြတာပဲ။ အရေးကြီးတဲ့ စကားဝိုင်းကို နှောင့်ယှက်မိသလို ဖြစ်သွားလား မသိဘူး"
ဥက္ကဋ္ဌ လင်ဂျင်ယုံ က ပြုံးပြီး ပြန်ဖြေတယ်။
"မောင်နှမတွေကြား အေးဆေးစကားပြောနေကြတာပါ"
"......"
ဆိုဆောင်းမောင်နှမတွေကြားက ပုံမှန်စကားဝိုင်းက ဘယ်လိုမျိုး ဖြစ်မလဲ။ ဘယ်ကုမ္ပဏီကို ဝယ်ယူရမလဲဆိုတာ ဆွေးနွေးနေကြတာတော့ မဟုတ်လောက်ပါဘူးနော်။
ကျွန်တော်လည်း ဥက္ကဋ္ဌ လင်ဆိုမီ ကို ပြောလိုက်တယ်။
"ဒီတစ်ကြိမ်မှာ ကျွန်တော့်အမေကို ကောင်းကောင်း စောင့်ရှောက်ပေးခဲ့တယ်လို့ ကြားပါတယ်။ ကျေးဇူးတင်ပါတယ်"
ဥက္ကဋ္ဌ လင်ဆိုမီ က ခေါင်းခါပြပြီး ပြေသာတယ်။
"အာ... ကျေးဇူးတင်စရာ မလိုပါဘူး။ ငါ ဘာမှလုပ်ပေးခဲ့တာလည်း မဟုတ်လို့ပါ"
"မဟုတ်တာပဲ။ ကျွန်တော့်အမေက ရုတ်တရက်ကြီး နေရာပြောင်းလိုက်ရလို့ တော်တော်လေး စိုးရိမ်နေခဲ့တာ။ ဒါပေမဲ့ ဥက္ကဋ္ဌ လင်ဆိုမီ ကြောင့် နေထိုင်စဉ်အတွင်း စိတ်အေးလက်အေး ရှိခဲ့ရပါတယ်"
ကျွန်တော့်စကားကြောင့် လင်ဆိုမီ က ပြုံးပြပြီး ပြောတယ်။
"အဆင်ပြေသွားတယ်ဆိုတော့ ဝမ်းသာပါတယ်။ နေ့တိုင်း သွားတွေ့ရတာ ပျော်ဖို့ကောင်းတယ်လို့လည်း အမေ့ကို ပြောပေးပါဦး"
အမေ ဟိုတယ်မှာ နေထိုင်စဉ်အတွင်း လင်ဆိုမီ က နေ့တိုင်း လာရောက်ပြီး သက်တောင့်သက်သာ ရှိရဲ့လား စစ်ဆေးပေးတာ၊ အတူတူ စားသောက်တာ ဒါမှမဟုတ် အဖော်လုပ်ပေးတာတွေ လုပ်ခဲ့တာပါ။
ဒါက စေတနာစစ်စစ်ပဲဖြစ်ဖြစ်၊ တခြားရည်ရွယ်ချက် ရှိရှိပဲဖြစ်ဖြစ် ကျွန်တော့်မှာ အကြွေးတင်သွားတာတော့ အမှန်ပါပဲ။ တစ်နေ့နေ့ကျရင်တော့ ဒီကျေးဇူးကို ပြန်ဆပ်ရပါမယ်။
"ငါ့မှာ နောက်ထပ် ချိန်းထားတာ ရှိသေးလို့ အရင်သွားခွင့်ပြုပါဦး"
"နှုတ်ဆက်ပါတယ်ခင်ဗျာ"
လင်ဆိုမီ ထွက်သွားတော့မှ ကျွန်တော်တို့လည်း နေရာမှာ ထိုင်လိုက်ကြတယ်။
ဥက္ကဋ္ဌ လင်ဂျင်ယုံ က ကျွန်တော့်ကို သတင်းစာတစ်စောင် ကမ်းပေးလာတယ်။
"သတင်းကို မြင်ပြီးပြီလား"
"ဟုတ်ကဲ့။ မြင်ပြီးပါပြီ"
ဂျောင်အီဘိုသတင်းစာက မိဘများအသင်းနဲ့ အိမ်ပြာတော်ကြားက ပတ်သက်မှုကို ပထမစာမျက်နှာမှာ စုံစမ်းစစ်ဆေးရေး ဆောင်းပါးအဖြစ် ဖော်ပြလိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်ထားခဲ့ပါဘူး။
မိဘများအသင်းနဲ့ တခြားအစွန်းရောက်အုပ်စုတွေ ဆန္ဒပြပွဲတွေ လုပ်နေတာနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ ရှိခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ အဲဒီအချိန်တုန်းက တရားစီရင်ရေးကော၊ မီဒီယာတွေပါ နှုတ်ဆိတ်နေခဲ့ကြတာပါ။
ဒီတစ်ကြိမ်မှာတော့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုကနေ တိုက်ရိုက်သက်သေတွေ ထွက်လာသလို မီဒီယာတွေကလည်း တစ်ပြိုင်ထဲ ဖွင့်ချခဲ့ကြတယ်။
"ဒုံတန် မှာ ဆန္ဒပြဖို့ ညွှန်ကြားခဲ့တဲ့ အိမ်ပြာတော်အတွင်းဝန်ရဲ့ SMSစာတိုတွေကိုလည်း တွေ့ခဲ့ရတယ်လို့ ကြားတယ်"
ဒုံတန် မှာရှိတဲ့ ကျွန်တော့်အမေရဲ့ အိမ်တည်နေရာကို သိတဲ့သူ အနည်းငယ်ပဲ ရှိတာပါ။ ဒါကြောင့် အစွန်းရောက်အုပ်စုတွေ အဲဒီမှာ သွားပြီး ဆန္ဒပြလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားခဲ့ဘူး။
မိဘများအသင်းနဲ့ အစွန်းရောက်အုပ်စုတွေက ကြေးစားလူမိုက်တွေနဲ့ ဘာမှမထူးပါဘူး။ သူတို့က တရားမဝင် ဆန္ဒပြမှုတွေ၊ ပစ္စည်းဖျက်ဆီးမှုတွေနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေကို ဘာမှမဖြစ်သလို လုပ်ခဲ့ကြပြီး ရဲတွေကလည်း သူတို့ကို လွှတ်ထားခဲ့တာပါ။
အစွန်းရောက်အုပ်စုရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ စီနီယာ ကီဟုမ် ကို သတိရမိတယ်။
သာမန်လုံခြုံရေးတွေသာ မရှိခဲ့ရင် ကျွန်တော်လည်း အမေကို တခြားနေရာကို အမြန်မရွှေ့ပြောင်းနိုင်ခဲ့ရင် ကျွန်တော်တို့လည်း အဲဒီလို အခြေအနေမျိုး ကြုံတွေ့ရနိုင်ပါတယ်။
တွေးကြည့်ရုံနဲ့တင် ဒေါသက ထွက်လာရတယ်။
လူတိုင်းမှာ ဘယ်တော့မှ မထိရမယ့် အရာတွေ ရှိပါတယ်။ အဲဒါကို 'စည်း' လို့ ခေါ်တာပေါ့။ ပတ်ဆီဟျွန်း က အဲဒီစည်းကို အကြိမ်ကြိမ် ကျော်ခဲ့ပေမဲ့ ဒီတစ်ကြိမ်ကတော့ လုံးဝ ခွင့်လွှတ်နိုင်စရာ မရှိပါဘူး။
တက်ဂယူ က မေးတယ်။
"ကိုရီးယားစက်မှုကုန်သည်များအသင်းချုပ်က မိဘများအသင်းကို ရန်ပုံငွေ ထောက်ပံ့ပေးတယ်ဆိုတာ တကယ်ပဲလား။"
ဥက္ကဋ္ဌ လင်ဂျင်ယုံ က စိတ်ပျက်စရာကောင်းတဲ့ လေသံနဲ့ ပြန်ဖြေတယ်။
"ဟုတ်ပါတယ်။ အသင်းချုပ်နဲ့ အမျိုးသားထောက်လှမ်းရေးအဖွဲ့က ပိုက်ဆံတွေဟာ အဲဒီဘက်ကို စီးဆင်းသွားတာ။ ဆန္ဒပြပွဲတချို့ကိုလည်း အသင်းချုပ်က ညွှန်ကြားခဲ့တာလေ။ ရှက်စရာကောင်းတဲ့ အကြောင်းအရာ ဖြစ်ပေမဲ့ အဲဒီထဲမှာ ဆိုဆောင်းဂရု လည်း ပါဝင်နေတာကတော့ အမှန်ပါပဲ"
အသင်းချုပ်ရဲ့ မူလရည်ရွယ်ချက်က ကိုရီးယားရဲ့ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ဖို့ ဖြစ်ပေမဲ့ လက်တွေ့မှာတော့ လုပ်ငန်းစုကြီးတွေရဲ့ အကျိုးစီးပွားအတွက် သီးသန့်စုရုံးမှုနဲ့ နိုင်ငံရေး၊ စီးပွားရေး ပူးပေါင်းကြံစည်မှုရဲ့ ချိတ်ဆက်မှုတစ်ခု ဖြစ်နေခဲ့တာပါ။
အတိတ်က ဘယ်လိုရှိခဲ့လဲ မသိပေမဲ့ မကြာသေးခင်ကတော့ အသင်းချုပ်က စီးပွားရေးလုပ်ငန်းတွေအတွက် အဆင်ပြေမယ့် ဥပဒေတွေ ထုတ်ပြန်ပေးဖို့ နိုင်ငံရေးကို ဖိအားပေးတာ၊ စီးပွားရေးပြစ်မှုတွေနဲ့ ဖမ်းခံရတဲ့ စီအီးအိုတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တောင်းဆိုတာနဲ့ အစွန်းရောက် အုပ်စုတွေကို ရန်ပုံငွေထောက်ပံ့တာတွေပဲ လုပ်နေခဲ့တာပါ။
"အကျင့်ပျက်ခြစားမှုတွေ ပေါ်လာရင် ဆိုဆောင်းဂရု အတွက်လည်း ပြဿနာဖြစ်မလာဘူးလား"
တက်ဂယူ ရဲ့ မေးခွန်းကို သူက ခါးခါးသီးသီး ပြုံးပြတယ်။
"ဒါက ကွယ်လွန်သွားတဲ့ ငါ့အဖေရဲ့ လက်ချက် ဖြစ်နေပေမဲ့... ဂရုအနေနဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ တာဝန်ယူမှုကိုတော့ ရှောင်လွှဲလို့ မရဘူးလေ။ ငါလည်း တာဝန်ယူရမယ့် အရာတွေအတွက် တာဝန်ယူဖို့ ပြင်ဆင်ထားပါတယ်"
လက်တွေ့ပိုင်းမှာ ပါဝင်ပတ်သက်သူတွေ အများကြီး ရှိပေမဲ့ နောက်ဆုံးတော့ ဒါက ကွယ်လွန်သူ ဥက္ကဋ္ဌ လင်အီကွမ် အပေါ်ပဲ ပုံချလိုက်ကြမှာပါ။ ဘာပဲဖြစ်ဖြစ် ကွယ်လွန်သွားတဲ့သူကိုတော့ ဥပဒေအရ အပြစ်ပေးလို့ မရတော့ဘူးမလား။
"စက်မှုကုန်သည်များအသင်းချုပ်က အတိတ်က ကျန်ရစ်ခဲ့တဲ့ အရာတစ်ခုပဲ။ အခုခေတ်နဲ့ မကိုက်ညီတော့ဘူး။ ဆိုဆောင်းဂရု အနေနဲ့ ဒီတစ်ကြိမ်မှာ အသင်းချုပ်ကနေ နုတ်ထွက်ဖို့ စီစဉ်ထားပါတယ်"
"တကယ်ပဲ အဆင်ပြေပါ့မလား"
ကုမ္ပဏီတွေက အသင်းချုပ်ထဲဝင်ပြီး အသင်းကြေးပေးနေရတဲ့ အကြောင်းရင်းက အသင်းချုပ်က နိုင်ငံရေးမှာ ဩဇာညောင်းလို့ ပါပဲ။
"ငါတို့ကတော့ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ပြည်တွင်းဈေးကွက်ကနေ အကျိုးအမြတ် အများကြီး ရနေတဲ့ ကုမ္ပဏီတွေအတွက်တော့ ခက်ခဲလိမ့်မယ်"
အွန်ဆောင်း မော်တာ ကတော့ အကောင်းဆုံး ဥပဒေတစ်ခုပါပဲ။
တကယ်တော့ အွန်ဆောင်း မော်တာ က အစွန်းရောက်အုပ်စုတွေရဲ့ ဆန္ဒပြပွဲတွေကနေ အကျိုးအမြတ် အများဆုံး ရခဲ့တာ ဖြစ်ပါတယ်။
အလုပ်သမားသမဂ္ဂတွေ သပိတ်မှောက်တိုင်း သူတို့က ထွက်လာပြီး သပိတ်မှောက်တာကို ဆန့်ကျင်ကာ အလုပ်သမားတွေကို အလုပ်ပြန်လုပ်ဖို့ တောင်းဆိုလေ့ရှိတာပါ။ (အွန်ဆောင်း မော်တာ ရဲ့ အလုပ်သမားသမဂ္ဂက နာမည်ပျက်ရှိတာမလို့ 'အားလုံးက အတူတူပဲ' ဆိုတဲ့ အခြေအနေမျိုး ဖန်တီးပေးခဲ့တာပါ)
ဥက္ကဋ္ဌ ဟန်မင်းဂူ နဲ့ ဒုဥက္ကဋ္ဌ ဟန်ချန်ယောင်း တို့နှစ်ယောက်လုံးက အသင်းချုပ်ရဲ့ လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်နေကြတာကို လူသိများပါတယ်။ သူတို့က ဒီဖြစ်ရပ်နဲ့ ဘယ်လို ပတ်သက်နေမလဲ။
"စုံစမ်းစစ်ဆေးမှု ရလဒ်တွေ မထွက်သေးပေမဲ့ ဒါက သမ္မတရွေးကောက်ပွဲအတွက် တော်တော်လေးကို ကြီးမားတဲ့ ဆိုးကျိုး ဖြစ်လာလိမ့်မယ်"
ကိုရီးယားကို ပြန်ရောက်မှပဲ ကိုရီးယားက လက်ရှိမှာ သမ္မတရွေးကောက်ပွဲ ကာလဖြစ်နေမှန်း သတိထားမိတော့တယ်။ ပါတီတစ်ခုချင်းစီရဲ့ အကြိုရွေးကောက်ပွဲတွေ ပြီးသွားပြီဖြစ်လို့ ကိုယ်စားလှယ်လောင်းတွေ သတ်မှတ်ပြီးသား ဖြစ်ကာ မှတ်ပုံတင်ဖို့ပဲ ကျန်ပါတော့တယ်။
ဥက္ကဋ္ဌ လင်ဂျင်ယုံ က တချို့အချက်အလက်တွေကို ရှင်းပြပေးတယ်။
ဒီသမ္မတရွေးကောက်ပွဲမှာ ကိုရီးယားပါတီက လီဂျောင်ဟွန်း နဲ့ နိုင်ငံရေးသစ်ပါတီက ဟိုချန်မင်း တို့က အားအကောင်းဆုံး ကိုယ်စားလှယ်လောင်းနှစ်ဦး ဖြစ်ပြီး အစွန်းရောက်နဲ့ တိုးတက်ပြောင်းလဲရေးအုပ်စုတွေကို ကိုယ်စားပြုထားတာပါ။
မူလက ကိုရီးယားပါတီရဲ့ ရေပန်းအစားဆုံး ကိုယ်စားလှယ်လောင်းက လွှတ်တော်အမတ် ချွိုင်းမြောင်ဂီပါ။ ဒါပေမဲ့ သူက ဟိုဆောင်းငွေစုဘဏ် ဖြစ်ရပ်တုန်းက တရားမဝင် ရန်ပုံငွေတွေ ထုတ်ယူခဲ့တဲ့ အရှုပ်တော်ပုံကြောင့် အများပြည်သူရဲ့ ဖိအားကြောင့် ပါတီခေါင်းဆောင်အဖြစ်ကနေ နှုတ်ထွက်ခဲ့ရပါတယ်။
ဒီအချိန်မှာ အသစ်ထွက်ပေါ်လာတဲ့သူကတော့ သုံးကြိမ်တိုင်တိုင် လွှတ်တော်အမတ်ဖြစ်ခဲ့တဲ့ လီဂျောင်ဟွန်း ပါပဲ။
လီဂျောင်ဟွန်းက ပတ်ဆီဟျွန်း ရဲ့ ကမ်းလှမ်းမှုနဲ့ နိုင်ငံရေးထဲ ရောက်လာခဲ့တာဖြစ်ပြီး အဲဒီအချိန်အထိတော့ သိပ်ပြီး ထင်ရှားမှု မရှိခဲ့ပါဘူး။ ဒါပေမဲ့ ပါတီခေါင်းဆောင် ဖြစ်လာပြီးတဲ့နောက်မှာတော့ ပါတီကို ကောင်းကောင်း ထိန်းကျောင်းနိုင်ခဲ့ပြီး အသက် ၄၀ ကျော် အမျိုးသမီးတစ်ယောက်ရဲ့ ပုံရိပ်ကို အသုံးချကာ လူအာရုံစိုက်မှုကို ရယူနိုင်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ လီဂျောင်ဟွန်းက ပတ်ဆီဟျွန်း အုပ်စုရဲ့ အခိုင်အမာ ထောက်ခံမှုနဲ့ ကိုရီးယားပါတီရဲ့ ကိုယ်စားလှယ်လောင်း ဖြစ်လာခဲ့တာပါ။
အတိုက်အခံပါတီရဲ့ ကိုယ်စားလှယ်လောင်း ဖြစ်တဲ့ နိုင်ငံရေးသစ်ပါတီက ဟိုချန်မင်း ကတော့ အလုပ်သမားရှေ့နေဆိုတဲ့ နောက်ခံရှိပြီး အလယ်အလတ် တိုးတက်ပြောင်းလဲရေးဝါဒကို ကိုင်စွဲထားသူ ဖြစ်ပါတယ်။ သူ့ကိုတော့ တိုးတက်ပြောင်းလဲရေးဘက်က တစ်ဦးထဲသော ကိုယ်စားလှယ်လောင်းလို့ မြင်လို့ရပါတယ်။
"ဘယ်သူ ဖြစ်လာလောက်မလဲ"
"ကဲ... ဒီရွေးကောက်ပွဲမှာ အပြောင်းအလဲတွေ အများကြီး ရှိနိုင်တယ်။ အားလုံးထက် အကြီးမားဆုံး အပြောင်းအလဲကတော့ ငါ့ရဲ့ ဂျူနီယာပဲ ဖြစ်လိမ့်မယ်။ ကယ်လီဖိုးနီးယားကို ဘေးအန္တရာယ်ကနေ ကယ်တင်ခဲ့တဲ့ သူရဲကောင်းက ဘယ်သူ့ကို ထောက်ခံမလဲဆိုတာအပေါ် မူတည်ပြီး သမ္မတရွေးကောက်ပွဲ ရလဒ်က အများကြီး ပြောင်းလဲသွားနိုင်တယ်"
ဘာပဲဖြစ်ဖြစ် ကျွန်တော်က အမေရိကန်သမ္မတရွေးကောက်ပွဲမှာတောင် အဆုံးအဖြတ်ပေးနိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာဆိုတော့ ကိုရီးယားရွေးကောက်ပွဲမှာလည်း မလုပ်နိုင်စရာ အကြောင်းမရှိပါဘူး။
ဥက္ကဋ္ဌ လင်ဂျင်ယုံ က ဆက်ပြောပါတယ်။
"ပြီးတော့ နောက်ထပ် အပြောင်းအလဲတစ်ခုက ပတ်ဆီဟျွန်း ပဲ။ အခုအချိန်ဆို သူက အာဏာမလွှဲပေးရဖို့ နည်းလမ်းတွေကို ရှာနေလောက်ပြီ"