အခန်း (၁၉၉-၂၀၀)
Vol. 20 Ch. 199-200
အခန်း (၁၉၉)
အမေရိကန်မှာ သမ္မတ ရာထူးကနေ ဖယ်ရှားဖို့ မဲခွဲဆုံးဖြတ်တာနဲ့ ရာထူးက ဆင်းပေးမယ့်အကြောင်း ကြေညာတဲ့အချိန်ဟာ ကိုရီးယားမှာတော့ သန်းခေါင်ယံအချိန် ဖြစ်နေပါတယ်။
ဒါဟာ တော်တော်လေး အကဲဆတ်တဲ့ ကိစ္စဖြစ်တာမလို့ ပတ်ဆီဟျွန်းက အိမ်ပြာတော်ထဲမှာ မအိပ်ဘဲ တီဗီကနေ အခြေအနေတွေကို စောင့်ကြည့်နေခဲ့တယ်။ ရိုနယ် ဒီလို အကြပ်အတည်းနဲ့ ရင်ဆိုင်ရတာဟာ ကန်ဂျင်ဟူကြောင့်ပါပဲ။ အခုဆို ကန်ဂျင်ဟူဟာ သူ့ရဲ့ စည်းစိမ်ဥစ္စာနဲ့ ဂုဏ်သိက္ခာအားလုံး ဆုံးရှုံးပြီး ပျက်စီးသွားတော့မှာပါ။
ပတ်ဆီဟျွန်းက အဲဒီလို အခြေအနေကို စိတ်ကူးယဉ်ပြီး သဘောကျလို့ ရယ်လိုက်တယ်။
'နောက်ဆုံးတော့ ကာလရှည်ကြာလာခဲ့တဲ့ ရန်ငြိုးက အဆုံးသတ်သွားပြီ'
တကယ်တော့ သူတို့တွေဟာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနိုင်ခဲ့ပေမဲ့ အေးအေးဆေးဆေး နေတတ်တဲ့ ကန်ဂျင်ဟူကို သူကပဲ အရင်ဆုံး ဓားဦးလှည့်ခဲ့တာပါ။ OTK ကုမ္ပဏီက မော်တော်ကား လုပ်ငန်းနယ်ပယ်ထဲ တိုးချဲ့ဝင်ရောက်လာတာမလို့ ဓားဦးလှည့်တာက ရှောင်လွှဲလို့မရတဲ့ ကိစ္စလည်း ဖြစ်ခဲ့တယ်။
ကန်ဂျင်ဟူက Chrysler ကို ဝယ်ယူပြီး ရိုနယ်ကို ထောက်ပံ့ပေးခဲ့တယ်။ အဲဒီလုပ်ရပ်နှစ်ခုလုံးက အွန်ဆောင်း မော်တာနဲ့ PAS အတွက် ခြိမ်းခြောက်မှု ဖြစ်လာခဲ့တာပါ။ ဒါကြောင့်မလို့ သူတို့က အာဏာကိုသုံးပြီး ကန်ဂျင်ဟူရဲ့ လက်ခြေတွေကို တုတ်နှောင်ဖို့ ကြိုးစားခဲ့ကြတယ်။
အဲဒီအချက်ကစပြီး အရာရာဟာ လွဲချော်ကုန်တော့တာပဲ။ အမှုစစ်ရုံးရဲ့ မတရား စုံစမ်းစစ်ဆေးမှုတွေနဲ့ အမျိုးသား ထောက်လှမ်းရေးအဖွဲ့ရဲ့ တရားမဝင် စောင့်ကြည့်မှုတွေ ပေါ်ပေါက်သွားခဲ့ပြီး ထူးဆန်းတာက နစ်မြုပ်တော့မယ့် ကျောက်ဆူးလို့ သူတို့တွေ ထင်ထားခဲ့တဲ့ ရိုနယ်က သမ္မတအဖြစ် အရွေးခံလိုက်ရတယ်။ အဲဒီနောက်မှာလည်း မကောင်းတဲ့ ဆက်နွှယ်မှုတွေက ဆက်ဖြစ်နေခဲ့တယ်။
ကန်ဂျင်ဟူက ခွင့်လွှတ်မှုပေးဖို့ တောင်းခံမယ့်အစား ပြန်လည် လက်စားချေခဲ့တယ်။ ဟိုဆောင်း ငွေစုဘဏ်ရဲ့ စီမံခန့်ခွဲမှု အမှားအယွင်းတွေကို ဖော်ထုတ်လိုက်တာက လက်ရှိ အစိုးရအဖွဲ့ကို အသေအလဲ ထိုးနှက်ချက် ဖြစ်သွားစေခဲ့တယ်။
ပတ်ဆီဟျွန်းက လက်စားချေဖို့ အခွင့်အရေးကို စောင့်နေခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ပဲ သူ့ရဲ့ သက်တမ်းမကုန်ခင် အဲဒီအခွင့်အရေးက ရောက်လာခဲ့တယ်။ အရင်တုန်းကလို ဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေကို တိုက်ရိုက် အသုံးမချနိုင်ခဲ့တဲ့ အကြောင်းရင်းကတော့ ရိုနယ်က ကန်ဂျင်ဟူရဲ့ နောက်ကွယ်မှာ ရှိနေပေးလို့ပါ။
ဒါပေမဲ့ ရိုနယ်ဟာ နိုင်ငံရေးအရ ချောင်ပိတ်မိနေပြီလေ။ ဒီမိုကရက်တွေ ထိန်းချုပ်ထားတဲ့ လွှတ်တော်ထဲမှာ ရဲရဲဝံ့ဝံ့ ချမှတ်ထားတဲ့ မူဝါဒတွေက အဟန့်အတား ဖြစ်နေပြီး အရှုပ်တော်ပုံတွေကလည်း အဆုံးမရှိ ပေါက်ကွဲနေခဲ့တယ်။ အဲဒါအပြင် ကန်ဂျင်ဟူက အမေရိကန်မှာ ရှုပ်ထွေးအောင် လုပ်နေတာကြောင့် ထောက်ခံမှုနှုန်းတွေက မြန်မြန်ဆန်ဆန် ကျဆင်းလာခဲ့တယ်။
လာမယ့် ရွေးကောက်ပွဲမှာ ရိုနယ် ရှုံးမှာတင်မကဘဲ ဒုတိယအကြိမ် သက်တမ်းကိုတောင် ဆက်မလုပ်နိုင်တော့ဘူးလို့ လူတိုင်းက ယုံကြည်နေကြတာပါ။ ရိုနယ်ဟာ ခြိမ်းခြောက်မှု မဟုတ်တော့ဘူးလို့ ဆုံးဖြတ်ပြီး ပတ်ဆီဟျွန်းက လက်စားချေဖို့အတွက် ကွန်ဆာဗေးတစ်အုပ်စုတွေ၊ မီဒီယာတွေနဲ့ ဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေကို လှုံ့ဆော်ခဲ့တယ်။ အခုဆို သူက ကန်ဂျင်ဟူနဲ့ ရိုနယ်တို့ ပျက်စီးသွားတာကို ပျော်ပျော်ကြီး စောင့်ကြည့်ရုံပါပဲ။
ဒါပေမဲ့ မဟာငလျင်ကြီးလှုတ်ခတ်လာတဲ့အခါ အရာအားလုံး ပြောင်းလဲသွားခဲ့တယ်။
ချက်ချင်းဆိုသလိုပဲ ရိုနယ်ဟာ ရာထူးက ဖယ်ရှားခံရခါနီး သမ္မတဘဝကနေ အင်အားကြီးတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်သွားပြီး တစ်ချိန်က လှောင်ပြောင်ခံခဲ့ရတဲ့ ကန်ဂျင်ဟူကတော့ ကယ်လီဖိုးနီးယားကို အကြပ်အတည်းကနေ ကယ်တင်ခဲ့တဲ့ သူရဲကောင်း ဖြစ်လာခဲ့တယ်။
ပတ်ဆီဟျွန်းဟာ တုန်လှုပ်မှုတွေနဲ့ ပြည့်နှက်သွားတယ်။
“ဘာတွေများ မှားယွင်းသွားတာလဲ”
မလိုအပ်ဘဲ လက်စားချေဖို့ ကြိုးစားရင်းနဲ့ ပျားအုံကို တုတ်နဲ့ ထိုးမိသလို ခံစားလိုက်ရတယ်။
ပတ်ဆီဟျွန်းဟာ အချိန်တွေကြာလာတာနဲ့အမျှ ရေတွက်လို့မရတဲ့ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ အဲဒီလို ဖြစ်နေပေမဲ့လည်း စုံစမ်းစစ်ဆေးရေး အဖွဲ့အစည်းတွေက သူဖြစ်စေချင်တဲ့အတိုင်း လှုပ်ရှားပေးခဲ့ကြလို့ ဘေးကင်းကင်းနဲ့ ဖြတ်ကျော်နိုင်ခဲ့တာပါ။
ဒါပေမဲ့ အရင်က ကိုယ့်သဘောနဲ့ကိုယ် လှုပ်ရှားခဲ့ကြတဲ့သူတွေက တစ်ယောက်ပြီးတစ်ယောက် ပုန်ကန်လာကြတယ်။ စုံစမ်းစစ်ဆေးမှုကို ရပ်တန့်ဖို့ သူက ဖိအားပေးခဲ့ပေမဲ့ ရဲတွေနဲ့ တရားစွဲဆိုရေးအဖွဲ့က မလိုက်နာခဲ့ကြဘူး။
ဒါဟာ နားမလည်နိုင်စရာတော့ မဟုတ်ပါဘူး။
ပတ်ဆီဟျွန်းရဲ့ သက်တမ်းက လအနည်းငယ်ပဲ ကျန်တော့ချိန်မှာ ကန်ဂျင်ဟူရဲ့ နောက်ကွယ်မှာတော့ ထောက်ခံမှုနှုန်း ၉၀ ရာခိုင်နှုန်းကျော် ရှိနေပြီး ပြန်လည်အရွေးခံရဖို့ သေချာသလောက်ရှိနေတဲ့ အမေရိကန်သမ္မတ ရှိနေတာလေ။ အဲဒီလို အခြေအနေမျိုးမှာ စုံစမ်းစစ်ဆေးရေး အမိန့်က သက်ရောက်မှု ရှိမှာမဟုတ်တော့ပါဘူး။
ပတ်ဆီဟျွန်းက အခြေအနေတွေကို အေးအေးဆေးဆေး သုံးသပ်လိုက်တယ်။
ဝေဖန်မှုတချို့နဲ့ ဆန့်ကျင်ဘက်ပဲ သူက ဒီမိုကရေစီကို ဘယ်သူ့ထက်မဆို ပိုချစ်မြတ်နိုးတယ်။ သာမန်လူတန်းစားအဖြစ် မွေးဖွားလာတဲ့ ဘယ်သူမဆို ဒီမိုကရေစီစနစ်အောက်မှာ ကြိုးစားအားထုတ်မှုကနေတစ်ဆင့် ရာဇပလ္လင်ပေါ်မှာ ထိုင်ပြီး အာဏာကို ကိုင်တွယ်နိုင်ပါတယ်။ ဒီထက်ပိုပြီး ကျိုးကြောင်းဆီလျော်တဲ့ စနစ်က ဘယ်မှာ ရှိဦးမလဲ။
ဒါပေမဲ့ အဲဒီအာဏာက ယာယီပါပဲ။ ဘယ်သူမဆို ငါးနှစ်ကြာရင် ရာထူးက ဆင်းပေးရမယ်။ သူက ငါးနှစ်အတွင်းမှာ လုံလောက်တဲ့ ဂုဏ်သိက္ခာတွေကို ခံစားခဲ့ရပြီးပြီမလို့ ဒီရာထူးအပေါ် သံယောဇဉ် အများကြီးမရှိပါဘူး။
သူ စိုးရိမ်နေတာက ရာဇပလ္လင်ပေါ်ကနေ ဘေးကင်းကင်းနဲ့ ဆင်းနိုင်ပါ့မလား ဆိုတာပါပဲ။
ပတ်ဆီဟျွန်းက သမ္မတ ဖြစ်လာတာနဲ့ ယခင်အစိုးရအဖွဲ့အပေါ် နိုင်ငံရေးအရ လက်စားချေမှုတွေ စတင်ခဲ့တယ်။ အစိုးရအဖွဲ့ ပြောင်းလဲသွားပြီးတဲ့နောက် သူ့မှာလည်း အလားတူ ကံကြမ္မာမျိုးနဲ့ မရင်ဆိုင်ရဘူးလို့ အာမခံချက် မရှိပါဘူး။
ဆင်းမန်းရီးက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာကြောင့် ပြုပြင်ကစားခဲ့လဲ။ ချွန်ဒူဟွမ်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံတွေကို ဘာကြောင့် ကြေညာခဲ့လဲဆိုတာကို သူ နားလည်သလို ခံစားလိုက်ရတယ်။
ကံမကောင်းစွာနဲ့ပဲ အခုလို ခေတ်ကာလမျိုးမှာ အဲဒီလိုအရာတွေကို လုပ်ဖို့က မဖြစ်နိုင်တော့ပါဘူး။
သူ အသက်ရှင်ကျန်ရစ်ဖို့အတွက် ဗျူဟာချဖို့ လိုအပ်လာခဲ့တယ်။
ပတ်ဆီဟျွန်းက လီဂျောင်ဟွန်းနဲ့ လျှို့ဝှက် တွေ့ဆုံခဲ့တယ်။
အာဏာရပါတီဖြစ်တဲ့ ကိုရီးယားပါတီမှာ အရည်အချင်းရှိတဲ့သူတွေ အများကြီး ရှိပါတယ်။ အဲဒီထဲကမှ လီဂျောင်ဟွန်းကို ဆက်ခံသူအဖြစ် သူ ရွေးချယ်ရတဲ့ အကြောင်းရင်းကတော့ နှစ်ချက်ရှိတယ်။
တစ်ချက်က လီဂျောင်ဟွန်းမှာ ကြီးမားတဲ့ ရည်မှန်းချက် ရှိတာဖြစ်ပြီး နောက်တစ်ချက်ကတော့ လီဂျောင်ဟွန်းမှာ အားနည်းချက်တွေ အများကြီး ရှိနေတာပါပဲ။
ကြီးမားတဲ့ ရည်မှန်းချက် ရှိတဲ့သူကို နားလည်ရ လွယ်ကူပြီး အားနည်းချက် အများကြီးရှိတဲ့သူကိုတော့ လှည့်ပတ်ချုပ်ကိုင်ရ လွယ်ကူပါတယ်။ လီဂျောင်ဟွန်းသာ သမ္မတ ဖြစ်လာရင် သူကတော့ အိမ်ပြာတော်ကနေ စိတ်အေးလက်အေးနဲ့ ထွက်ခွာသွားနိုင်မှာပါ။
“အခုတလော မီဒီယာတွေနဲ့ တရားစွဲဆိုရေးအဖွဲ့က ကန်ဂျင်ဟူကို စောင့်ကြည့်နေပုံပဲ။ တစ်ဦးတစ်ယောက်ထဲရဲ့ သြဇာအာဏာက ကြီးမားလွန်းလာတာက နိုင်ငံတော်ကို လည်ပတ်ဖို့အတွက် မကောင်းဘူး” လို့ လီဂျောင်ဟွန်းက တည်တည်ငြိမ်ငြိမ် ပြောလိုက်တယ်။
“အခုလောလောဆယ် သူက သူရဲကောင်းအဖြစ် ချီးကျူးခံနေရပေမဲ့ ဒီအခြေအနေက ဘယ်လောက်အထိ ကြာရှည်မှာမလို့လဲ။ မကြာခင် သူက မေ့ပျောက်ခံရမှာပါ”
လူတွေက ရန်ငြိုးတွေကို မေ့ချင်မှမေ့ကြလိမ့်မယ်။ ဒါပေမဲ့ ကူညီစောင့်ရှောက်မှုကိုတော့ အလွယ်တကူ မေ့လျော့တတ်ကြ ပါတယ်။ ဒါကြောင့် ကန်ဂျင်ဟူရဲ့ ရေပန်းစားမှုက အချိန်နဲ့အမျှ မှေးမှိန်သွားမှာ ဖြစ်ပေမဲ့… ပြဿနာက အခုလက်ရှိအချိန်ပါ။
ဟိုဆောင်း ငွေစုဘဏ် ကိစ္စကြောင့် ပတ်ဆီဟျွန်းရဲ့ မိသားစု အဖမ်းခံရတာနဲ့အတူ ထောက်ခံမှုနှုန်းတွေက ထိုးကျသွားခဲ့တယ်။ မကြာသေးခင်ကလည်း အိမ်ပြာတော်က ကန့်ကွက်ဆန္ဒပြပွဲတစ်ခုမှာ ပါဝင်ပတ်သက်နေတာ ပေါ်ပေါက်သွားခဲ့လို့ နောက်ထပ်တစ်ကြိမ် ထောက်ခံမှုနှုန်း ကျဆင်းသွားခဲ့ပြန်တယ်။
“ဒါတွေအားလုံးက နောက်ဆုံးတော့ ကန်ဂျင်ဟူကြောင့်ပဲလား”
သမ္မတ ရွေးကောက်ပွဲအကြောင်း စကားစပ်မိတဲ့အခါ လီဂျောင်ဟွန်းက ယုံကြည်မှုအပြည့်နဲ့ ပြန်ပြောလိုက်တယ်။
“အစိုးရအဖွဲ့ ပြောင်းလဲသွားတာမျိုး လုံးဝ ရှိလာမှာ မဟုတ်ပါဘူး”
ပတ်ဆီဟျွန်းက ခေါင်းခါပြလိုက်တယ်။
“မဟုတ်ဘူး။ အစိုးရအဖွဲ့ ပြောင်းလဲမှုက လိုအပ်တယ်”
လီဂျောင်ဟွန်းရဲ့ မျက်နှာပေါ်မှာ အံ့သြသွားတဲ့ အရိပ်အယောင်တွေ ပေါ်လာတယ်။
“ငါတို့ သိကြတဲ့အတိုင်း အခု အခြေအနေမှာတော့ အနိုင်ရဖို့ အာမခံချက်ကိုပေးဖို့က ခက်ခဲပါတယ်”
လူထုစစ်တမ်းတွေအရ လီဂျောင်ဟွန်းက ဟိုချန်မင်းရဲ့ နောက်မှာ ကွာဟချက်အနည်းငယ်နဲ့ ရှိနေပြီး ကိုရီးယားပါတီထဲမှာလည်း ရွေးကောက်ပွဲ ရှုံးနိမ့်သွားနိုင်တယ်ဆိုတဲ့ ခံစားချက်တွေ မြင့်တက်နေခဲ့တယ်။
“ဒါဆို… ဘာလုပ်ရမလဲ”
“ပါတီ ပြုပြင်ပြောင်းလဲမှုတွေကို စတင်လိုက်တော့။ ခေါင်းဆောင်က လက်ရှိအစိုးရရဲ့ ကျရှုံးမှုတွေအတွက် ပြည်သူကို တောင်းပန်ပြီး ပါတီနာမည်ကို ပြောင်းလဲရမယ်။ 'လစ်ဘရယ် ပြည်သူ့ပါတီ' ဆိုလည်း ကောင်းပါတယ်။ ပါတီလိုဂိုကို အနီရောင်ကနေ အပြာရောင်ကို ပြောင်းပြီး ပါတီတွင်းက ပတ်လိုလားသူ အဖွဲ့အစည်းတွေကို ဖယ်ရှားပစ်လိုက်။ အဲဒီနည်းလမ်းနဲ့ ငါတို့က ကိုရီးယားပါတီကနေ လစ်ဘရယ် ပြည်သူ့ပါတီကို ကူးပြောင်းနိုင်လိမ့်မယ်”
လီဂျောင်ဟွန်းက အံ့အားသင့်သွားတယ်။
“ပတ်ကို လိုလားတဲ့ အဖွဲ့ဝင်တွေကို ဖယ်ရှားပစ်ရမယ်လို့ ပြောတာလား”
“ဒါပေါ့။ ပါတီကို ပြုပြင်ပြောင်းလဲဖို့ သူတို့ကို မောင်းထုတ်ပစ်ဖို့ လိုအပ်တယ်”
အဝေးကနေ ကြည့်ရင် နိုင်ငံရေးပါတီတစ်ခုဆိုတာ အလားတူ နိုင်ငံရေး အတွေးအခေါ် ရှိကြတဲ့သူတွေ စုဝေးနေတာလို့ မြင်ရမှာပါ။
ဒါပေမဲ့ ပါတီက ကြီးမားလေလေ အုပ်စုကွဲတွေ ပိုများလေလေဖြစ်ပြီး ပင်မအုပ်စုနဲ့ ပင်မမဟုတ်တဲ့ အုပ်စုတွေအဖြစ် ကွဲပြားသွားတတ်ပါတယ်။ ပင်မမဟုတ်တဲ့ အုပ်စုက ပါတီတွင်း အာဏာကို ဆုပ်ကိုင်ထားတဲ့ ပင်မအုပ်စုရဲ့ ဆွဲခေါ်ရာကိုပဲ ပါသွားကြရတာပါ။
ကိုရီးယားပါတီရဲ့ ပင်မအုပ်စုက ပတ်ဆီဟျွန်းအဖွဲ့လို့ လူသိများတဲ့ ပတ်လိုလားသူ အဖွဲ့အစည်းနဲ့ ဆက်နွှယ်နေပါတယ်။
သူတို့က ပတ်ဆီဟျွန်းအပေါ် အချိန်အကြာကြီး သစ္စာရှိခဲ့ကြပြီး သူ့ကို သမ္မတ ဖြစ်လာအောင် အဓိက အခန်းကဏ္ဍကနေ ပါဝင်ပေးခဲ့ကြတာပါ။ သဘာဝအတိုင်းပဲ သူတို့က ပါတီတွင်းမှာ ရှိတဲ့ သူတို့ရဲ့ အာဏာကို အလွယ်တကူ စွန့်လွှတ်မှာ မဟုတ်ပါဘူး။
“ပါတီတွင်းမှာ ပရမ်းပတာတွေ ဖြစ်ကုန်လိမ့်မယ်နော်”
“အဲဒါ ကောင်းတာပေါ့။ တုံ့ပြန်မှုက ပိုပြီး ပြင်းထန်လေလေ အစိုးရအဖွဲ့ ပြောင်းလဲဖို့ ကြိုးစားအားထုတ်မှုက ပြည်သူတွေအတွက် ပိုပြီး စစ်မှန်တယ်လို့ ထင်ရလေလေ ဖြစ်မှာပဲ”
ပတ်ဆီဟျွန်းကတော့ ပတ်လိုလားတဲ့ အဖွဲ့ဝင်တွေဘက်ကနေ အဆုံးထိ ရပ်တည်ပေးသွားမှာ ဖြစ်ပေမဲ့ သမ္မတသက်တမ်း ကုန်ခါနီး အားနည်းနေတဲ့ အချိန်မျိုးမှာတော့ ကန့်သတ်ချက်တစ်ခုအထိပဲ ကူညီပေးနိုင်တော့မှာပါ။
လီဂျောင်ဟွန်းက ပတ်လိုလားသူ အဖွဲ့အစည်းတွေကို မောင်းထုတ်ရင်းနဲ့ ပတ်ဆီဟျွန်းကို ဆန့်ကျင်သွားရင် အစိုးရအဖွဲ့ ပြောင်းလဲရေး ဇာတ်ကြောင်းက ပိုပြီး ထိရောက်သွားပါလိမ့်မယ်။
“အရေးအကြီးဆုံးအချက်က သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ပဲ။ အာဏာကို တခြားသူလက်ထဲ မလွှဲပေးလိုက်ရဖို့အတွက် တချို့သော စွန့်လွှတ်မှုတွေကို စနစ်တကျ လုပ်ဆောင်ရလိမ့်မယ်”
အဲဒီစနစ်တကျ စွန့်လွှတ်မှုတွေက သမ္မတနဲ့ ပါတီအပေါ် သစ္စာရှိခဲ့ကြတဲ့သူတွေ အပေါ်ကို ကျရောက်သွားမှာပါ။
လီဂျောင်ဟွန်းက စိုးရိမ်ပူပန်တဲ့ မျက်နှာပေးနဲ့ မေးလိုက်တယ်။
“ဒီလိုလုပ်တာ တကယ်ပဲ အဆင်ပြေပါ့မလား”
ဘာပဲဖြစ်ဖြစ် ပတ်ဆီဟျွန်းက အာဏာကို ဆက်ထိန်းထားနိုင်တာဟာ သူ့ရဲ့ ထောက်ခံမှုနှုန်းတွေကြောင့်ပါ။
ဒီဗျူဟာက ပတ်ဆီဟျွန်းအပေါ် မကျေမနပ်ဖြစ်နေတဲ့ ဗဟိုဝါဒီ ကွန်ဆာဗေးတစ် ထောက်ခံသူတွေကို ဆွဲဆောင်နိုင်မှာ ဖြစ်ပေမဲ့ လက်ရှိ ထောက်ခံသူတွေရဲ့ စိမ်းကားသွားမှုကိုလည်း ရစေနိုင်ပါတယ်။
ဒါပေမဲ့ ကွန်ဆာဗေးတစ် ကိုယ်စားလှယ်လောင်းက တစ်ယောက်ပဲ ရှိတာမလို့ တခြား ရွေးချယ်စရာ လမ်းမရှိပါဘူး။
“စိတ်ပူစရာ ဘာမှမရှိဘူး။ တခြား နည်းလမ်းတွေကိုလည်း ငါ စဉ်းစားထားပြီးသားပါ”
ပတ်ဆီဟျွန်းရဲ့ ရင်းနှီးတဲ့ လက်ထောက်ဖြစ်သူ အိမ်ပြာတော်ရဲ့ အထွေထွေရေးရာ အတွင်းရေးမှူး ဘဲဂျီဟန်က လူတစ်ယောက်နဲ့ လျှို့ဝှက် တွေ့ဆုံခဲ့တယ်။
အဲဒီလူကတော့ အသက် ၆၀ အရွယ်မှာ ကြံ့ခိုင်တောင့်တင်းတဲ့ ပုံစံရှိတဲ့ ပြုပြင်ပြောင်းလဲရေးပါတီရဲ့ ကိုယ်စားလှယ် ချွိုင်းမြောင်ဂီပါ။
နိုင်ငံရေး အခင်းအကျင်းဟာ တိုးတက်ပြောင်းလဲရေးဝါဒီနဲ့ ရှေးရိုးစွဲဝါဒီ၊ ဒါမှမဟုတ် လက်ဝဲနဲ့ လက်ယာဆိုပြီး ကွဲပြားလေ့ရှိတယ်။ ဒါပေမဲ့ တိုးတက်ပြောင်းလဲရေးဝါဒီတွေ ထဲမှာတောင် အားလုံးက တူညီတဲ့ အမြင်တွေကို မျှဝေကြတာ မဟုတ်ပါဘူး။
နိုင်ငံရေး ရပ်တည်ချက်တွေက စီးပွားရေး၊ သံတမန်ရေး၊ လုံခြုံရေး၊ လူမှုဖူလုံရေးနဲ့ အခွန်ကောက်ခံမှုတွေအပေါ် မူတည်ပြီး သိသိသာသာ ကွဲပြားကြတာပါ။
ဒီအခြေအနေမှာ ချွိုင်းမြောင်ဂီက အစွန်းရောက်ဆုံးနဲ့ ပြုပြင်ပြောင်းလဲရေး အလိုလားဆုံးသူ ဖြစ်ခဲ့တယ်။ မူလက လူမှုအဖွဲ့အစည်းတစ်ခုရဲ့ ကိုယ်စားလှယ်အဖြစ် လှုပ်ရှားခဲ့ပြီး သူက လုပ်ငန်းစုကြီးတွေကို ဖြိုခွဲဖို့၊ အမြဲတမ်းမဟုတ်တဲ့ အလုပ်အကိုင်တွေကို ပယ်ဖျက်ဖို့၊ အခွန်တိုးမြှင့်ဖို့နဲ့ လူမှုဖူလုံရေး တိုးချဲ့ဖို့အတွက် အစဉ်တစိုက် ပြောဆိုခဲ့သူပါ။
တစ်သီးပုဂ္ဂလအဖြစ် အရွေးခံခဲ့ရပြီးနောက် သူက စိတ်တူကိုယ်တူ ရှိသူတွေကို စုစည်းပြီး ပြုပြင်ပြောင်းလဲရေးပါတီကို တည်ထောင်ခဲ့တာဖြစ်ကာ အခုဆို လွှတ်တော်ထဲမှာ အဖွဲ့ဝင် ကိုးယောက်နဲ့အတူ စတုတ္ထမြောက် အကြီးဆုံးပါတီအဖြစ် ကြီးထွားလာခဲ့ပါပြီ။
ချွိုင်းမြောင်ဂီက မကျေမနပ် ဖြစ်နေတဲ့ မျက်နှာပေးနဲ့ ဘဲဂျီဟန်ကို မေးလိုက်တယ်။
“ဒီတွေ့ဆုံမှုရဲ့ အကြောင်းရင်းက ဘာလဲ”
ဘဲဂျီဟန်က ယဉ်ယဉ်ကျေးကျေးပဲ ပြန်ဖြေလိုက်တယ်။
“လာမယ့် သမ္မတ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ စဉ်းစားနေတာလား”
“ဟက်… ခင်ဗျား ဘာကြောင့် ဒါကို ဒီနေရာမှာ မေးနေတာလဲဆိုတာ ကျွန်တော် နားမလည်ဘူး”
ခြစားမှုက ရှေးရိုးစွဲဝါဒီတွေအတွက် ပြဿနာဆိုရင် ကွဲပြားမှုကတော့ တိုးတက်ပြောင်းလဲရေးဝါဒီတွေအတွက် ပြဿနာပါပဲ။ ပြီးခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ ပတ်ဆီဟျွန်းကို ရှုံးနိမ့်ခဲ့ရတဲ့ အကြောင်းရင်းကလည်း တိုးတက်ပြောင်းလဲရေးဘက်က ကိုယ်စားလှယ်လောင်း နှစ်ယောက် ဝင်ပြိုင်ခဲ့လို့ပါ။
အဓိက ဦးစားပေးက အစိုးရအဖွဲ့ ပြောင်းလဲဖို့ ဖြစ်တာမလို့ လွှတ်တော်ထဲက အတိုက်အခံပါတီတွေက နိုင်ငံရေးသစ်ပါတီရဲ့ ကိုယ်စားလှယ်လောင်း ဟိုချန်မင်းကို ထောက်ပံ့ပေးဖို့ သွယ်ဝိုက်ပြီး သဘောတူထားကြတယ်။
“ဒါဆို ခင်ဗျားကိုယ်တိုင် သမ္မတ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ရင် ဘယ်လိုလဲ။ မဟုတ်ဘူး။ ခင်ဗျား ဝင်ပြိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”
ခဏလောက်တော့ ချွိုင်းမြောင်ဂီက မယုံကြည်နိုင်မှုကြောင့် နားကြားမှားတာလားလို့ တွေးမိသွားတယ်။
“ခင်ဗျား ခုနက ဘာပြောလိုက်တာလဲ”
“စကားလုံးတွေထက်စာရင် ခင်ဗျားကို အရင်ဆုံး ပြသလိုက်တာက ပိုကောင်းပါလိမ့်မယ်”
ဘဲဂျီဟန်က စားပွဲအောက်မှာ ထားထားတဲ့ အိတ်တစ်အိတ်ကို ထုတ်ပြီး ဖွင့်လိုက်တယ်။ အံ့သြစရာကောင်းတာက အဲဒီအိတ်ထဲမှာ ငါးသောင်းတန် ငွေစက္ကူတွေ ပြည့်နှက်နေခဲ့တာပဲ။
အဲဒါကို မြင်လိုက်ရတဲ့အခါ ချွိုင်းမြောင်ဂီက လန့်သွားပြီး ချက်ချင်း မတ်တတ်ရပ်လိုက်တယ်။
“ခင်ဗျား ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”
ဘဲဂျီဟန်က တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေတယ်။
“တကယ်ကိုအံ့သြစရာကောင်းတဲ့ ကမ္ဘာကြီးပါ။ အရင်တုန်းက တစ်သောင်းတန် ငွေစက္ကူတွေပဲ ရှိခဲ့စဉ်က ပန်းသီးသေတ္တာတွေနဲ့ သယ်ခဲ့ကြရတယ်။ အခုတော့ အိတ်တစ်အိတ်တည်းနဲ့တင် သန်း ၅၀၀ ဆံ့နေပြီလေ”
ငါးသောင်းတန် တစ်အုပ်က ငါးသန်းဖြစ်တာမလို့ တစ်နည်းအားဖြင့် အဲဒီအိတ်ထဲမှာ အနည်းဆုံး အဲဒီလို ငွေအုပ်ပေါင်း ၁၀၀ ပါဝင်နေတာပါ။
“ဒီငွေတွေက ဘာပြဿနာမှ မရှိပါဘူး။ အရမ်းကို လျှို့ဝှက်ထားတဲ့ ငွေသားတွေမလို့ ခြေရာခံလို့မရဘူး။ ပေးတဲ့သူနဲ့ ယူတဲ့သူ နှစ်ယောက်လုံး နှုတ်ဆိတ်နေကြရင် အဖမ်းခံရမယ့် နည်းလမ်းမရှိဘူးလေ။ ကျွန်တော် ဒီလို အိတ်မျိုးတွေ အများကြီး ထပ်ယူလာခဲ့သေးတယ်”
ချွိုင်းမြောင်ဂီက သူ့ကို စိုက်ကြည့်ပြီး ပြောလိုက်တယ်။
“ခင်ဗျား အခုချက်ချင်း ထွက်မသွားရင် ကျွန်တော် ရဲခေါ်လိုက်တော့မယ်”
“ခင်ဗျား ကျွန်တော့်ကို သော့တွေ ပေးလိုက်ရင် ကားနောက်ဖုံးထဲကို ထည့်ပေးခဲ့မယ်”
“စကားနဲ့ပြောလို့ ရမယ့်ပုံ မဟုတ်တော့ဘူး”
ချွိုင်းမြောင်ဂီက အိတ်ကပ်ထဲကနေ ဖုန်းကို ထုတ်လိုက်ရင်း ရဲကို တိုင်တန်းဖို့ တကယ်ပဲ ပြင်ဆင်နေပုံရတယ်။
ဘဲဂျီဟန်က သူ့ကို မတားဆီးခဲ့ပါဘူး။
“ခင်ဗျား မကြာသေးခင်က အားနည်းတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုကြောင့် ကြီးမားတဲ့ ဆုံးရှုံးမှု ကြုံတွေ့ခဲ့ရတယ်လို့ ကျွန်တော် ကြားတယ်။ ဆန်ဖရန်စစ္စကိုမှာ ငလျင် တကယ်လှုပ်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲနော်”
ချွိုင်းမြောင်ဂီက ဖုန်းခေါ်မယ့် ခလုတ်ကို နှိပ်ခါနီးမှာပဲ သူ့ရဲ့ လှုပ်ရှားမှုတွေကို ရပ်တန့်လိုက်တယ်။
“ခင်ဗျား ဘာကို ဆိုလိုတာလဲ…”
“ခင်ဗျား ဘာမြူဒါ မှာ Paper Company (စာရွက်ပေါ်မှာပဲရှိတဲ့ကုမ္ပဏီ) တစ်ခု တည်ထောင်ခဲ့ပြီး ပင်လယ်ရပ်ခြား အကောင့်ကနေတစ်ဆင့် အရောင်းအဝယ်တွေ လုပ်ဆောင်ခဲ့တာ မဟုတ်ဘူးလား”
“ဘာ… ဘာဖြစ်တယ်”
ဘဲဂျီဟန်က အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင်အဖြစ် လုပ်ကိုင်ခဲ့စဉ်ကတည်းက အမျိုးမျိုးသော ကော်ပိုရိတ်တွေရဲ့ မမှန်မကန် လုပ်ဆောင်မှုတွေကို ဖော်ထုတ်ခဲ့သူပါ။ အဲဒီလုပ်ငန်းစဉ်အတွင်းမှာ သူက အခြားသူတွေထက် စောစီးစွာ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို ရရှိအောင် စီမံနိုင်ခဲ့တာပါ။ အဲဒီအထဲမှာ စတော့ရှယ်ယာ ဈေးနှုန်းတွေကို မြင့်တက်စေနိုင်တဲ့ အကောင်းမြင် သတင်းတွေ ဒါမှမဟုတ် ကျဆင်းမှုကို ဖြစ်စေနိုင်တဲ့ အပျက်သဘောဆောင်တဲ့ သတင်းတွေ ပါဝင်ပါတယ်။
ခေတ်သစ်လူ့အဖွဲ့အစည်းမှာ သတင်းအချက်အလက်က ငွေပါပဲ။ တစ်ခုခုကို သိထားပေမဲ့ အသုံးမချနိုင်ရင် ငတုံးတစ်ယောက်ထက် မပိုပါဘူး။
ဒါပေမဲ့ အရပ်ဘက် လှုပ်ရှားမှုတွေကနေ ရရှိလာတဲ့ သတင်းအချက်အလက်တွေကို ရင်းနှီးမြှုပ်နှံမှုတွေအတွက် အသုံးချတာက ကျင့်ဝတ်ဆိုင်ရာနဲ့ ဥပဒေရေးရာ ပြဿနာတွေကို ဖြစ်စေပါတယ်။ ဒါကို ရှောင်လွှဲဖို့အတွက် သူက ပြည်ပမှာ ဟန်ပြကုမ္ပဏီတစ်ခု တည်ထောင်ခဲ့ပြီး အဲဒီအကောင့်ကို သုံးကာ ရင်းနှီးမြှုပ်နှံပြီး စည်းမဲ့ကမ်းမဲ့ စည်းစိမ်ဥစ္စာတွေကို ကြီးထွားစေခဲ့တာပါ။
သူဟာ မကြာသေးခင်က ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတာ အမှန်ပါပဲ။ သူက ငလျင်လှုပ်မှာ မဟုတ်ဘူးလို့ ထင်ပြီး FX Margin trading တွေ လုပ်ဆောင်ခဲ့ပေမဲ့ မမျှော်လင့်ထားတဲ့ ဈေးကွက် လှုပ်ရှားမှုတွေကြောင့် သူ့ရဲ့ မူရင်းငွေ အရင်းအနှီး ထက်ဝက်ခန့် ဆုံးရှုံးသွားခဲ့ရတယ်။
သူ့ပတ်ဝန်းကျင်မှာ ရန်သူတွေ အများကြီး ရှိနေတာကြောင့် အဖမ်းမခံရဖို့အတွက် အမြဲတမ်း သတိထားခဲ့တာပါ။ တကယ်တော့ အခုအချိန်အထိ ဘယ်သူမှ ဘာမှ မသင်္ကာ ဖြစ်မနေခဲ့ကြပါဘူး။
သူ့ရဲ့ ကျောပြင်ကနေ ချွေးအေးတွေ စီးကျလာသလို ခံစားလိုက်ရတယ်။
“ဘယ်လိုလုပ်ပြီး ခင်ဗျားက…”
“အမေရိကန်မှာ ပညာသင်ကြားနေတဲ့ ခင်ဗျားရဲ့ သားက သူ့နာမည်နဲ့ အိမ်ခြံမြေ ဝယ်ယူတဲ့အခါ အမှားအယွင်း အနည်းငယ် လုပ်ခဲ့တယ်။ မဟုတ်လို့ကတော့ ကျွန်တော် သိနိုင်မှာ မဟုတ်ဘူး”
ချွိုင်းမြောင်ဂီရဲ့ မျက်နှာပေးက တင်းမာသွားတယ်။
“ခင်ဗျားတို့က ကျွန်တော့်ကို ထောက်လှမ်းနေတာလား”
သမ္မတရုံးက အတိုက်အခံ ခေါင်းဆောင်ကို စောင့်ကြည့်ထောက်လှမ်းတာက ပုံမှန်မဟုတ်ဘဲ အာဏာရှင်စနစ်ရဲ့ ပုံစံမျိုးပါပဲ။ ဒါပေမဲ့ အတိုက်အခံ ခေါင်းဆောင်တစ်ယောက်ရဲ့ ပင်လယ်ရပ်ခြား အကောင့်ကတစ်ဆင့် ဟန်ပြကုမ္ပဏီ ရင်းနှီးမြှုပ်နှံမှုကလည်း ဒီမိုကရေစီ နိုင်ငံတစ်ခုရဲ့ ပုံစံမျိုး မဟုတ်တာကိုတော့ သတိပြုရပါလိမ့်မယ်။
ဘဲဂျီဟန်က မကြားချင်ယောင်ဆောင်လိုက်ပြီး အကြောင်းအရာကို ပြောင်းလိုက်တယ်။
“အမေရိကန် ဆန့်ကျင်ရေး စိတ်ဓာတ်တွေကို အော်ဟစ်ပြီး ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ လက်ဝဲသမားတွေတောင် သူတို့ရဲ့ သားသမီးတွေကို အမေရိကန်မှာ ပညာသင်ကြားစေချင်ကြတာပဲ။ ကျွန်တော် နားလည်ပါတယ်”
ချွိုင်းမြောင်ဂီကတော့ တုန်လှုပ်မှုကနေ မရုန်းထွက်နိုင်သေးဘူး။
'ဘယ်လိုလုပ်ပြီး သူတို့ သိသွားကြတာလဲ'
ရုတ်တရက် သူက သမ္မတ ပတ်ဆီဟျွန်းကို တွေးမိသွားတယ်။
ဂယောင်ဂီပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်ခဲ့စဉ် ကတည်းက သူက မြောက်မြားစွာသော အမျိုးသားရေး မူဝါဒ စီမံကိန်းတွေကို စတင်ခဲ့တယ်။ သမ္မတ ဖြစ်လာပြီးတဲ့နောက်မှာတော့ သူက ပြည်ပအရင်းအမြစ်တွေကို အကာအကွယ်ပေးဖို့ အကြောင်းပြချက်နဲ့ ပင်လယ်ရပ်ခြား ကုမ္ပဏီတွေကို ဝယ်ယူတာနဲ့ အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေထဲကို ဝမ် သိန်းပေါင်းကုဋေပေါင်းများစွာ စီးဆင်းစေခဲ့တယ်။
ဒါပေမဲ့ ရလဒ်တွေက မရှိသလောက်ဖြစ်ပြီး ပါဝင်ပတ်သက်နေတဲ့ အများပြည်သူပိုင် လုပ်ငန်းတွေကတော့ အရင်းအနှီး ဆုံးရှုံးမှုတွေထဲ နစ်မြုပ်သွားခဲ့ရတယ်။ အတိုက်အခံတွေက ပြဿနာအမျိုးမျိုးကို ထောက်ပြခဲ့ကြပြီး စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဖို့ကိုတောင် တောင်းဆိုခဲ့ကြပေမဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေတွေအားလုံး ပျောက်ကွယ်သွားခဲ့လို့ ခြေရာခံဖို့က မဖြစ်နိုင်တော့ဘူး။
တချို့ကတော့ ပတ်ဆီဟျွန်းက နိုင်ငံတော်ငွေတွေကို အလွဲသုံးစားလုပ်ဖို့ ရန်ပုံငွေတွေကို လှည့်ပတ် ကစားနေတာလို့ သံသယဝင်ခဲ့ကြတယ်။
အဲဒါသာ အမှန်ဆိုရင် ပတ်ဆီဟျွန်းက ပင်လယ်ရပ်ခြား အကောင့်တွေကို သုံးပြီး ပိုင်ဆိုင်မှုတွေကို ဖျောက်ဖျက်တဲ့နေရာမှာ ကျွမ်းကျင်သူတစ်ယောက်လို ဖြစ်နေမှာပါ။ သူခိုးတစ်ယောက် ဝှက်ထားတဲ့ ငွေကို ရဲက ရှာမတွေ့နိုင်ပေမဲ့ ဘယ်နေရာမှာ ဝှက်ထားလဲဆိုတာကို နောက်သူခိုးက သိနေတာမျိုးပေါ့။
“ဟူး…”
သူက ဟာသတစ်ခုလို ရယ်မောလိုက်တယ်။
ဒါက ခိုးသားဓားပြကြီး ရှေ့မှာ ခိုးရာပါပစ္စည်း သေးသေးလေးနဲ့ လူမိသွားတဲ့ သူခိုးပေါက်စလေးတစ်ယောက်လို ဖြစ်နေတာလား။
အတိုက်အခံ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အိမ်ပြာတော်နဲ့ အာဏာရပါတီကို သူဟာ အချိန်အကြာကြီး ဝေဖန်ခဲ့တယ်။ ပတ်ဆီဟျွန်းရဲ့ အမြင်မှာတော့ သူက မျက်စိထဲက ဆူးတစ်ချောင်း ဖြစ်နေခဲ့မှာ သေချာတယ်။
ဒါပေမဲ့ အခုအချိန်အထိ ပတ်ဆီဟျွန်းက နှုတ်ဆိတ်နေခဲ့တာပါ။ ဒါဟာ တရားမဝင် နည်းလမ်းတွေကနေတစ်ဆင့် တွေ့ရှိခဲ့တာမလို့ လူသိရှင်ကြား ထုတ်ဖော်လို့ မရနိုင်တာကြောင့် ဖြစ်ပေမဲ့ မီဒီယာတွေဆီကနေတဆင့် သံသယတွေကို အလွယ်တကူ ပေါက်ကြားအောင်လုပ်လို့ရနိုင်ခဲ့တာပဲလေ။
'ဒီအခြေအနေမျိုးမှာ အသုံးချဖို့အတွက် သူက ဒါကို အဆုံးအထိ ဆုပ်ကိုင်ထားခဲ့တာ ဖြစ်နိုင်မလား'
ဘဲဂျီဟန်က သူ့ကို မေးလိုက်တယ်။
'ခင်ဗျား ဘာလုပ်မှာလဲ။ သမ္မတ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မှာလား၊ ဒါမှမဟုတ် ပင်လယ်ရပ်ခြား အကောင့်မှာ ရင်းနှီးမြှုပ်နှံခဲ့တဲ့ အချက်ကို ထုတ်ဖော်ပြီး ပြစ်ဒဏ်နဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်မှာလား'
'……'
ချွိုင်းမြောင်ဂီက စကားလုံးမဲ့သွားခဲ့တယ်။
ဒါပေမဲ့ အဖြေကတော့ ကြိုတင် သတ်မှတ်ထားပြီးသား ဖြစ်နေခဲ့ပါပြီ။
အခန်း (၂၀၀)
ပြုပြင်ပြောင်းလဲရေးပါတီ ခေါင်းဆောင် ချွိုင်းမြောင်ဂီက အရေးပေါ် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့တယ်။
"ပြုပြင်ပြောင်းလဲမှုကို လိုလားနေကြတဲ့ ပြည်သူတွေရဲ့ ဆန္ဒကို ဦးထိပ်ထားပြီး ကျွန်တော် ဒီနေ့ဒီနေရာကနေ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့်အကြောင်း ကြေညာပါတယ်"
ဒီလို ရုတ်တရက် ကြေညာလိုက်တာကြောင့် သတင်းထောက်တွေ အကုန်လန့်သွားကြတယ်။
လွှတ်တော်ထဲမှာ စတုတ္ထမြောက် အင်အားအကြီးဆုံးပါတီ ဖြစ်ပေမဲ့ ပြုပြင်ပြောင်းလဲရေးပါတီမှာ လွှတ်တော်အမတ် ကိုးယောက်ပဲ ရှိတာပါ။ ဒါ့အပြင် ချွိုင်းမြောင်ဂီက သမ္မတဝင်ပြိုင်လောက်တဲ့အထိ လူသိများထင်ရှားတဲ့သူလည်း မဟုတ်ဘူးလေ။
ဘာပဲဖြစ်ဖြစ် နိုင်ခြေမရှိဘဲ ရွေးကောက်ပွဲဝင်ပြိုင်တဲ့သူတွေကတော့ အမြဲတမ်း ရှိနေကျပါပဲ။
"ဘာကြောင့် ဝင်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာလဲခင်ဗျာ"
"နိုင်ခြေ ဘယ်လောက်ရှိမယ်လို့ ထင်ပါသလဲ"
ချွိုင်းမြောင်ဂီက သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ယုံကြည်ချက်အပြည့်နဲ့ ပြန်ဖြေခဲ့တယ်။
"ပြည်သူအများစုက အမြစ်တွယ်နေတဲ့ ပါတီကြီးနှစ်ခုရဲ့ နိုင်ငံရေးကို စိတ်ကုန်နေကြပါပြီ။ ကျွန်တော် သေချာပေါက် သမ္မတဖြစ်လာအောင်လုပ်ပြီး တရားမျှတမှုတွေ မြစ်ရေလို စီးဆင်းမယ့် ကိုရီးယားနိုင်ငံသစ်ကြီးဖြစ်အောင် ပြုပြင်ပြောင်းလဲသွားမှာပါ"
ကျွန်တော် တီဗီကနေ ကြည့်နေရင်း "အထင်ကြီးစရာပဲ" လို့ မချီးကျူးဘဲ မနေနိုင်ခဲ့ဘူး။
ဒီရွေးကောက်ပွဲမှာ လီဂျောင်ဟွန်းက လုံခြုံရေးနဲ့ စီးပွားရေးပြဿနာတွေကို အဓိကတင်ပြခဲ့ပြီး ဟိုချန်မင်းကတော့ လက်ရှိအစိုးရကို အပြစ်ပေးဖို့အပေါ် အာရုံစိုက်ခဲ့တာပါ။ ဒါပေမဲ့ ရုတ်တရက် လီဂျောင်ဟွန်းက ပါတီကို အသစ်ပြန်စဖို့ တောင်းဆိုလာပြီး အခြေအနေကို အကြီးအကျယ် ပြောင်းလဲပစ်ခဲ့တယ်။
ပြည်သူတွေအတွက် ပါတီအသစ်တစ်ခု ဖြစ်လာစေရမယ်လို့ ကတိပေးခဲ့ပြီး ပတ်ဆီဟျွန်းကို ဆန့်ကျင်တဲ့ဘက်က ရပ်တည်ခဲ့တယ်။ ဒါက အစိုးရအပြောင်းအလဲနဲ့ တာဝန်ခံမှုရှိရေးဆိုတဲ့ လမ်းကြောင်းဆီကို သိသိသာသာ ဦးတည်သွားစေခဲ့တယ်။
အခု ပြုပြင်ပြောင်းလဲရေးပါတီက ချွိုင်းမြောင်ဂီကပါ သမ္မတလောင်းအဖြစ် ကြေညာလိုက်ပြီဆိုတော့ ကွန်ဆာဗေးတစ်ဝါဒီ တစ်ယောက်နဲ့ တိုးတက်ပြောင်းလဲရေးဝါဒီ တစ်ယောက် ယှဉ်ပြိုင်ရမယ့်လမ်းကြောင်းကနေ၊ ကွန်ဆာဗေးတစ်ဝါဒီ တစ်ယောက်နဲ့ တိုးတက်ပြောင်းလဲရေးဝါဒီ နှစ်ယောက် ယှဉ်ပြိုင်ရမယ့် သုံးပွင့်ဆိုင်ပွဲ ဖြစ်သွားခဲ့ပါပြီ။
ချွိုင်းမြောင်ဂီက ပြင်းထန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်မယ်လို့ ကြွေးကြော်နေပေမဲ့ သူ့ကို ထောက်ခံမယ့်သူ အကန့်အသတ်ပဲ ရှိနိုင်ပါတယ်။ ဒါပေမဲ့ သူ့မှာ အမာခံ ထောက်ခံသူ အနည်းငယ်တော့ ရှိတယ်လေ။ တကယ်လို့ အဲဒီလူတွေက သူ့ကို မဲပေးကြမယ်ဆိုရင် တိုးတက်ပြောင်းလဲရေးဘက်က မဲတွေ ကွဲသွားနိုင်တယ်။
တက်ဂယူက စိတ်ဝင်တစားနဲ့ မေးလာတယ်။
"ဒါ ဘယ်လို လှည့်ကွက်မျိုးလဲ"
"သူတို့ရဲ့ မကောင်းတဲ့ အတွင်းသတင်းတွေကို ရထားလို့ ခြိမ်းခြောက်ခံနေရတဲ့ပုံပဲ"
ဥက္ကဋ္ဌ လင်ဂျင်ယုံ ပြောသလိုပဲ သူတို့က အာဏာကို ငြိမ်းငြိမ်းချမ်းချမ်း လွှဲပေးချင်တဲ့ပုံမပေါ်ပါဘူး။ သမ္မတသက်တမ်း တစ်လျှောက် လုပ်ခဲ့သမျှတွေ ရှိနေတော့ အခုအချိန်မှာ နောက်ဆုံးအချိန်အထိ သူ့ရာထူးနေရာကို လုံခြုံအောင် အသည်းအသန် ကြိုးစားနေတာ ဖြစ်မှာပေါ့။
ကျွန်တော် ပတ်ဆီဟျွန်းနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တွေကို ပြန်တွေးမိသွားတယ်။
တက်ဂယူနဲ့ ကျွန်တော် တစ်လှည့်စီ အဖမ်းခံခဲ့ရသလို၊ ဝန်ထမ်းတွေလည်း စစ်ဆေးရေးဒဏ်ကို ခံခဲ့ရပြီး ကုမ္ပဏီလည်း ဝင်ရောက်စီးနင်းခံခဲ့ရတယ်။ နေ့တိုင်း ကွန်ဆာဗေးတစ်အုပ်စုတွေ ကုမ္ပဏီရှေ့လာပြီး ဆန္ဒပြကြတဲ့အပြင် စီနီယာ ကီဟုမ်ဆိုရင် လူအုပ်စုရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံရပြီး ဆေးရုံတောင် တက်ခဲ့ရသေးတယ်။ ဆန္ဒပြတဲ့သူတွေက အမေ့အိမ်ကိုပါ ဝိုင်းထားကြလို့ အမေဆိုရင် အိမ်ကနေ မောင်းထုတ်ခံရသလိုမျိုး ထွက်ပြေးခဲ့ရတာပါ။
တခြားအရာအားလုံးကို သည်းခံနိုင်ပေမဲ့ အမေနဲ့ပတ်သတ်တဲ့ အဖြစ်အပျက်ကိုတော့ ကျွန်တော် လွှတ်မပေးနိုင်ပါဘူး။ ဒီအတိုင်း ဒီအတိုင်း လျစ်လျူရှုထားဖို့လည်း စိတ်ကူးမရှိပါဘူး။
တစ်ခုခုတော့ အဖြေရှာရပါမယ်။
ပတ်ဆီဟျွန်းက သူ့အာဏာကိုသုံးပြီး ကျွန်တော်တို့ကို နှိပ်ကွပ်ခဲ့သလို၊ ကျွန်တော်တို့ဘက်ကလည်း သူ့ကို ဖြုတ်ချဖို့ နည်းလမ်းပေါင်းစုံ သုံးခဲ့ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာက အဆုံးအဖြတ်ပေးနိုင်မယ့် အထောက်အထားမျိုး ဘာမှ ရှာမတွေ့ခဲ့တာပါပဲ။
တက်ဂယူက ခေါင်းညိတ်ပြတယ်။
"သမ္မတက တော်တော်လေး စေ့စပ်တာပဲ"
တရားမဝင်အလုပ်တွေ လုပ်တဲ့သူတွေက ပိုပြီးတော့တောင် သတိကြီးတတ်ကြသေးတာလေ။
ထရပ်ကားတစ်စီးစာလောက် ရှိမယ့် သံသယဖြစ်စရာတွေနဲ့ မရေမတွက်နိုင်တဲ့ မရိုးသားမှုတွေ ရှိနေခဲ့တာပါ။ ဒါပေမဲ့ အများစုက စုံစမ်းစစ်ဆေးခြင်းတောင် မခံခဲ့ရသလို၊ စုံစမ်းစစ်ဆေးခံရတဲ့ အရာတွေကျတော့လည်း သူ့အပေါင်းအသင်းတွေရဲ့ တစ်ကိုယ်ရေအမှားတွေအဖြစ် လွှဲချပြီး ပြီးသွားခဲ့တာပါပဲ။
ဆန္ဒပြပွဲ ဖြစ်စဉ်နဲ့ ပတ်သက်လို့လည်း ဒါက အစိုးရအဖွဲ့အဆင့် အကျင့်ပျက်ခြစားမှု မဟုတ်ဘဲ အိမ်ပြာတော် သမ္မတအိမ်တော်က အရာရှိချုပ်ရုံးရဲ့ အတွင်းရေးမှူးတစ်ယောက်ရဲ့ တစ်ကိုယ်ရေအမှား ဖြစ်တယ်လို့ပဲ ပြောသွားကြတာပါ။
ဒါနဲ့ ပတ်သက်လို့ သတင်းထွက်ပြီးပြီးချင်းမှာပဲ အတွင်းရေးမှူး လီအီဆွန်းက ခွင့်ယူပြီး ပျောက်ချက်သားကောင်းသွားခဲ့တယ်။ မိသားစုနဲ့လည်း အဆက်အသွယ်ဖြတ်ထားပြီး ဖုန်းလည်း ပိတ်ထားတာကြောင့် အမျိုးသားထောက်လှမ်းရေးအဖွဲ့က သူ့ကို အရေးပေါ်ပစ္စည်းတွေ တင်ဆောင်ထားတဲ့ ကားအနီလေးနဲ့ နိုင်ငံရပ်ခြားကို ပို့လိုက်ပြီ ထင်တယ်ဆိုပြီး လူနောက်စရာတောင် ဖြစ်ခဲ့သေးတယ်။
အစိုးရအဖွဲ့ ပြောင်းလဲသွားရုံနဲ့ ပတ်သက်လို့ ပတ်ဆီဟျွန်းရဲ့ ခြစားမှုတွေ တကယ်ပဲ ပေါ်လာနိုင်ပါ့မလား။
အစိုးရအဖွဲ့ ပြောင်းလဲသွားရင် ကိုရီးယားဒီမိုကရက်တစ်ပါတီ... မဟုတ်ဘူး၊ လွတ်လပ်သောပြည်သူများပါတီဟာ အာဏာရပါတီ ကနေ အတိုက်အခံပါတီ ဖြစ်သွားနိုင်ပေမဲ့ အင်အားအကြီးဆုံး ပါတီအဖြစ်တော့ ရှိနေဦးမှာပါပဲ။
သဘာဝကျကျ ပြောရရင် သူတို့က အရင်အစိုးရရဲ့ အမှားတွေကို ဖော်ထုတ်မယ့် စုံစမ်းစစ်ဆေးမှုတွေကို သဘောတူမှာ မဟုတ်ဘဲ နိုင်ငံရေးအရ ကလဲ့စားချေမှုအဖြစ်ပဲ ပုံဖော်ကြလိမ့်မယ်။
သမ္မတဟောင်းတစ်ယောက်ကို စုံစမ်းစစ်ဆေးဖို့ဆိုတာ နိုင်ငံရေးအရ အလေးသာမှု အများကြီးလိုပါတယ်။ ဒါ့အပြင် ပတ်ဆီဟျွန်းရဲ့ စိတ်ဓာတ်အရဆိုရင် သူက အထောက်အထားတွေကို အကုန်ဖျက်ဆီးပြီး ပတ်သက်သမျှလူတွေကို နှုတ်ပိတ်ထားပြီးလောက်ပါပြီ။
"အခုအချိန်မှာ အောက်ခြေလူတွေက သစ္စာရှိနေကြပေမဲ့ သူ ရာထူးက ဆင်းလိုက်တာနဲ့ အားလုံး ပြီးသွားမှာ မဟုတ်ဘူးလား"
"ပတ်ဆီဟျွန်းမှာ ပိုက်ဆံရှိတယ်"
ခေတ်သစ်လူ့အဖွဲ့အစည်းမှာ ပိုက်ဆံကိုယ်တိုင်က အားကောင်းတဲ့ လက်နက်တစ်ခုပါ။
ကျွန်တော် အစိုးရရဲ့ ပစ်မှတ်ထားခြင်းခံရတာတောင် ဘေးကင်းကင်း ရှိနေနိုင်ခဲ့တာက ပိုက်ဆံရှိလို့ပါ။ မဟုတ်ရင် အခြေအမြစ်မရှိတဲ့ လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံ စွပ်စွဲချက်တွေနဲ့ အခုလောက်ဆို နောက်တစ်ကြိမ် အဖမ်းခံထားရလောက်ပါပြီ။
ပတ်ဆီဟျွန်းက သမ္မတရာထူးဆိုတာ ယာယီနေရာပဲဆိုတာကို သေသေချာချာ သိထားတာပါ။ ဒါကြောင့် သူ့သက်တမ်းတစ်လျှောက်လုံးမှာ အာဏာကို စည်းစိမ်ဥစ္စာအဖြစ် ပြောင်းလဲဖို့ပဲ အာရုံစိုက်ခဲ့တယ်။
အဲဒီရဲ့ ရလဒ်ကတော့ PAS ပဲ။
ရာထူးက အနားယူပြီးရင်တောင် ပတ်ဆီဟျွန်းမှာ PAS ရှိနေဦးမှာပါပဲ။ ပြီးတော့ PAS က သူ မသေမချင်း သူ့ရဲ့ ဒိုင်းအဖြစ် ရှိနေပါလိမ့်မယ်။
"နောက်ဆုံးတော့လည်း PAS ပေါ့..."
ဒါက စတော့ရှယ်ယာဈေးကွက်မှာ စာရင်းမသွင်းရသေးတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပေမဲ့ သူ့ရဲ့ အရောင်းပမာဏနဲ့ လုပ်ငန်းလည်ပတ်မှု အမြတ်အစွန်းတွေကို ကြည့်ရင် ကုမ္ပဏီရဲ့ တန်ဖိုးက ဝမ် သိန်းပေါင်း ၁ကုဋေထက် ကျော်လွန်မယ်လို့ ခန့်မှန်းရတယ်။ ဒီအဆင့်မှာတင် ကုမ္ပဏီကြီးတွေနဲ့ ယှဉ်နိုင်နေပါပြီ။
တရားဝင်အနေနဲ့တော့ PAS က သမ္မတ ပတ်ဆီဟျွန်းနဲ့ ဘာမှမပတ်သက်ပါဘူး။ သူ့ညီဖြစ်သူ ပတ်ဆီဟန်ကပဲ ကိုယ်စားလှယ်အဖြစ် ရှိနေတာပါ။ ဒါပေမဲ့ ပတ်ဆီဟန်က နာမည်ခံသက်သက်ပဲဖြစ်ပြီး ပိုင်ရှင်အစစ်က ပတ်ဆီဟျွန်း ဖြစ်လိမ့်မယ်လို့ သံသယဝင်နေကြတာလေ။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့နှစ်တွေတစ်လျှောက် ရရှိခဲ့တဲ့ အခွင့်ထူးတွေက ပုံမှန်မဟုတ်လောက်အောင် အဆမတန် များပြားလွန်းလို့ပါပဲ။
PAS ရဲ့ ပိုင်ဆိုင်မှုအစစ်အမှန်ပြဿနာက ပတ်ဆီဟျွန်း သမ္မတလောင်းအဖြစ် ဝင်ပြိုင်မယ်လို့ ကြေညာကတည်းက အငြင်းပွားစရာ ဖြစ်ခဲ့တာပါ။
စာရွက်စာတမ်းတွေအရ ပတ်ဆီဟျွန်းက PAS မှာ ဘာရှယ်ယာမှ မပိုင်ဆိုင်ထားတော့ ပတ်ဆီဟန်ကပဲ ပိုင်ရှင်အစစ်ဖြစ်ပုံရပါတယ်။
ဒါပေမဲ့လည်း...
ဒီနှစ်အစောပိုင်းအထိ ပတ်ဆီဟန်ရဲ့ သားဖြစ်သူ ပတ်ဟျောင်ဒုံက နိုင်ငံရပ်ခြားက PAS ကုမ္ပဏီ ခြောက်ခုရဲ့ ကိုယ်စားလှယ်အဖြစ် ရှိနေခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ပတ်ဆီဟျွန်းရဲ့ သားဖြစ်သူ ပတ်မြောင်ဟွန်းဆီ ပြောင်းသွားပါပြီ။ ပတ်ဆီဟန်က စီမံခန့်ခွဲမှု အာဏာတွေကို သူ့သားအရင်းဆီ မဟုတ်ဘဲ သူ့အစ်ကိုရဲ့ သားဆီ လွှဲပေးနေတာပါ။
ဒါက တကယ်ပဲ သဘာဝကျရဲ့လား။
အခြေအနေအမျိုးမျိုးကို ကြည့်ရသလောက်တော့ PAS ရဲ့ ပိုင်ရှင်အစစ်က ပတ်ဆီဟျွန်း ဖြစ်ဖို့ များပါတယ်။ စာရွက်စာတမ်းတွေပေါ်မှာ သူ့နာမည် ထည့်လို့မရလို့သာ သူ့သားကို ကုမ္ပဏီ ဆက်ခံစေဖို့ ရည်ရွယ်ထားတာ ဖြစ်မှာပေါ့။
တကယ်လို့ ပတ်မြောင်ဟွန်းသာ စီမံခန့်ခွဲမှု အာဏာတွေကို ချောချောမောမော ဆက်ခံနိုင်သွားရင် အားလုံး ပြီးပြည့်စုံသွားပြီလေ။
ဒါကို ကြားတော့ တက်ဂယူက ပြောတယ်။
" ပိုက်ဆံကို သဘောကျတယ် ဟုတ်လား။ PAS ကို ဖျက်ဆီးပစ်ရင်ကော ဘယ်လိုလဲ"
"အဲဒါ တကယ်အကြံကောင်းပဲ"
လူတွေက သူတို့ တန်ဖိုးအထားဆုံးအရာကို ဆုံးရှုံးရတဲ့အခါ ခံစားရတတ်တယ်။ ပိုက်ဆံကို အလေးအနက်အထားဆုံး လူတစ်ယောက်ဆီကနေ ပိုက်ဆံကို လုယူလိုက်တာထက် ပိုကောင်းတဲ့ ကလဲ့စားချေမှု မရှိပါဘူး။
PAS က သူ့ရဲ့ ဝင်ငွေ ၉၀ ရာခိုင်နှုန်းကျော်အတွက် အွန်ဆောင်း မော်တာ အပေါ်မှာပဲ မှီခိုနေရတာပါ။
"ခေါင်းကို ချက်လိုက်ရင် နားရွက်တွေက အလိုလို ကျက်လာလိမ့်မယ်" ဆိုတဲ့ စကားပုံလိုပဲ၊ အွန်ဆောင်း မော်တာ သာ ပြိုလဲသွားရင် PAS လည်း လိုက်ပြီး ပျက်စီးသွားပါလိမ့်မယ်။
ဒါပေမဲ့ အဲဒီအချိန်အထိ ဖြစ်လာဖို့ နှစ်ဘယ်လောက်တောင် ကြာဦးမလဲ ဘယ်သူမှမသိပါဘူး။ ပြီးတော့ တကယ်တမ်းကျတော့လည်း ပြည်တွင်းမှာ လက်ဝါးကြီးအုပ်ထားတဲ့ အွန်ဆောင်း မော်တာ က လွယ်လွယ်နဲ့ ပြိုလဲမယ့်အထဲ မပါဘူးလေ။
အဆုံးအဖြတ်ပေးနိုင်မယ့် ထိုးနှက်ချက်မျိုး ပေးဖို့ ကောင်းတဲ့ နည်းလမ်းမရှိဘူးလား။
ခဏလောက် စဉ်းစားပြီးတဲ့နောက် ကျွန်တော် မော့အကြည့်မှာ တက်ဂယူက ကျွန်တော့်ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။
"ဒီတစ်ခါ ဘာမြင်လိုက်တာလဲ"
"ဘာကို ပြောတာလဲ"
"နတ်မျက်စိ မဟုတ်ဘူးလား"
ကျွန်တော် ခေါင်းခါလိုက်တယ်။
"ငါ စဉ်းစားနေတာပါ။ ဒါက လွယ်လွယ်နဲ့ မြင်ရမယ့်အရာမျိုး... ဟင်"
အဲဒီအချိန်မှာပဲ တစ်ခုခုက ခေါင်းထဲ ဝင်လာခဲ့တယ်။
-အွန်ဆောင်းကား လေအိတ် ပြန်လည်သိမ်းဆည်းခြင်း-
ဒါကို မမြင်ရတာ ကြာပြီဖြစ်လို့ တစ်မျိုးကြီး ခံစားရတယ်။
ခဏကြာတော့ တက်ဂယူက ကျွန်တော့်ကို ထပ်ပြီး စိုက်ကြည့်နေတာကို သတိထားမိသွားတယ်။
"ဒီတစ်ခါရော မြင်လိုက်တာလား"
ကျွန်တော် ယောင်တောင်တောင်နဲ့ ခေါင်းညိတ်ပြလိုက်တယ်။
"အင်း"
တက်ဂယူက ကျွန်တော့်ပုခုံးကို လှမ်းကိုင်ပြီး လှုပ်ခါရင်း ပြောတယ်။
"ဘာလို့ အဲဒီလို မျက်နှာဖြစ်နေတာလဲ။ နောက်ထပ် ငလျင်ကြီး လှုပ်မှာတော့ မဟုတ်ပါဘူးနော်။ ဒါမှမဟုတ် စကြဝဠာထဲက တစ်ခုခုနဲ့ တိုက်မိတာမျိုး ဒါမှမဟုတ် ကမ္ဘာပျက်မှာမျိုးလား"
"...ကံကောင်းထောက်မစွာနဲ့ပဲ မင်းပြောနေတာတွေ တစ်ခုမှ မဟုတ်ဘူး"
သဘာဝဘေးအန္တရာယ်တွေကိုတော့ ကျွန်တော် တကယ် စိတ်ကုန်နေပါပြီ။
"အွန်ဆောင်းကားတွေက လေအိတ်ပြဿနာကြောင့် ပြန်ပြီး သိမ်းဆည်းရလိမ့်မယ်လို့ မြင်နေတာ"
"ပြန်သိမ်းဆည်းရမယ်ဟုတ်လား"
လမ်းမပေါ်က ကားတွေအတွက် ဘေးကင်းလုံခြုံမှုက အရေးကြီးဆုံးအရာပါပဲ။ ဒါကြောင့်မလို့ ကြီးမားတဲ့ ချို့ယွင်းချက်တစ်ခုခုကို ရှာတွေ့ရင် ပြန်လည်သိမ်းဆည်းမှု လုပ်ရတာ ထုံးစံပဲလေ။
ပြန်လည်သိမ်းဆည်းမှုကို ထုတ်လုပ်သူတွေက ကိုယ့်သဘောနဲ့ကိုယ် လုပ်တာမျိုး ဒါမှမဟုတ် အစိုးရကနေ အမိန့်ထုတ်တာမျိုး ရှိနိုင်ပါတယ်။
အကျော်ကြားဆုံး အဖြစ်အပျက်ကတော့ ၂၀၀၉ ခုနှစ်က တိုယိုတာရဲ့ ပြန်လည်သိမ်းဆည်းမှုပါပဲ။ ကားကြမ်းခင်းပြားတွေနဲ့ လီဗာနင်းတံ ပြဿနာကြောင့် အမေရိကန်မှာ Lexusကားမောင်းနေတဲ့ မိသားစုတစ်ခု ဝမ်းနည်းစရာကောင်းလောက်အောင် သေဆုံးခဲ့ရပြီး၊ တိုယိုတာအနေနဲ့ ကားအစီးရေ ၁၀ သန်းကျော်ကို ပြန်လည်သိမ်းဆည်းခဲ့ရသလို အဆမတန်များပြားတဲ့ ဒဏ်ငွေတွေကိုလည်း ရင်ဆိုင်ခဲ့ရတယ်။
"အွန်ဆောင်းကားက လေအိတ်တွေကို ကိုယ်တိုင်လုပ်တာလား"
"မဟုတ်ဘူး"
ကားတစ်စီးမှာ အစိတ်အပိုင်းပေါင်း သောင်းနဲ့ချီပြီး ပါဝင်တာပါ။ အဲ့ဒီအစိတ်အပိုင်းတွေထဲမှာ အင်ဂျင်လိုမျိုး ကားထုတ်လုပ်သူတွေ ကိုယ်တိုင် ထုတ်လုပ်တဲ့ အစိတ်အပိုင်းတွေ ရှိသလို၊ အများစုကတော့ မိတ်ဖက်ကုမ္ပဏီတွေဆီကနေ ရတာ ဖြစ်ပါတယ်။
လေအိတ်တွေအတွက်ဆိုရင် ထိပ်တန်းကုမ္ပဏီ အနည်းငယ်ကပဲ စံချိန်စံညွှန်းမီ ထုတ်ကုန်တွေနဲ့ ကမ္ဘာ့ဈေးကွက်ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို သိမ်းပိုက်ထားတာပါ။
ကျွန်တော် အရင်က မြင်ဖူးခဲ့တဲ့ အချက်အလက်တချို့ကို ပြန်တွေးမိသွားတယ်။
"အရင်ကတော့ ဂျာမနီကုမ္ပဏီတစ်ခုဆီကနေ မှာယူနေကျပဲ။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး PAS ဆီက ပြောင်းမှာလိုက်တာ"
ဒါကို ကြားတော့ တက်ဂယူရဲ့ မျက်လုံးတွေ ပြူးသွားတယ်။
"နေဦး။ အခု မင်းပြောချင်တာက PAS က ပံ့ပိုးပေးတဲ့ အစိတ်အပိုင်းမှာ ပြဿနာရှိနေတာပေါ့လေ။ ဟုတ်လား"
"အဲဒီလို ဖြစ်ဖို့များတယ်"
ကျွန်တော် ရှာဖွေရေးဝဘ်ဆိုက်မှာ "အွန်ဆောင်းကား လေအိတ် ချို့ယွင်းချက်" လို့ ရိုက်ရှာလိုက်တယ်။ ဆောင်းပါးတွေနဲ့ ပို့စ်တွေ အများကြီး ထွက်လာခဲ့တယ်။
အများစုက လေအိတ်တွေ ပွင့်မလာလို့ ဖြစ်ရတဲ့ ပြင်းထန်တဲ့ မတော်တဆမှုတွေအကြောင်း ဆွေးနွေးထားကြတာပါ။
"အွန်ဆောင်းကား လေအိတ်တွေက ပွင့်မလာလို့ နာမည်ကြီးတာလေ။ သူတို့က တိုက်မိတဲ့ထောင့်က ကွက်တိဖြစ်မှ အလုပ်လုပ်တာလို့ ပြောကြတယ် မဟုတ်လား"
"ငါ အွန်ဆောင်းကားတွေကို သိပ်သဘောမကျပေမဲ့ ဒီကိစ္စမှာတော့ အနည်းငယ် မတရားသလို ဖြစ်နေတာ ရှိတယ်"
ပြင်းထန်တဲ့ မတော်တဆမှုတွေမှာ လေအိတ်တွေ ပွင့်မလာတာက ပြဿနာဖြစ်သလို၊ သာမန် မတော်တဆမှုအသေးစားလေးတွေမှာ မကြာခဏ ပွင့်လာတတ်တာကလည်း စိတ်အနှောင့်အယှက် ဖြစ်စရာပါပဲ။ မတော်တဆမှု အများစုမှာ လေအိတ်တွေက ပုံမှန်အလုပ်လုပ်ကြပြီး အလုပ်မလုပ်တာက အင်မတန် ရှားပါတယ်။ ဒါပေမဲ့ အဲဒီလို ရှားရှားပါးပါး အခြေအနေနဲ့ ကြုံရတဲ့သူတွေအတွက်တော့ မကျေနပ်မှုတွေ ရှိလာမှာပဲလေ။
ပြည်တွင်းမှာ အဆမတန် အရောင်းရဆုံး ဖြစ်နေတာကြောင့် အွန်ဆောင်းကား လေအိတ်တွေက ခဏခဏ ပွင့်မလာဘူးဆိုတဲ့ အမြင်ဟာ အထင်လွဲနေကြတာလည်း ဖြစ်လောက်မှာပါ။ တိုက်မိတဲ့ ထောင့်ကြောင့် လေအိတ်တွေ ပွင့်မလာတဲ့နှုန်းက BMW နဲ့ တိုယိုတာလို ကုမ္ပဏီတွေမှာလည်း အလားတူနှုန်းအတိုင်း ရှိနေတာပဲလေ။
ဒါပေမဲ့ လေအိတ်တွေ ခဏခဏ ပွင့်မလာရုံနဲ့တင် ပြန်လည်သိမ်းဆည်းမှု ဖြစ်လာနိုင်ပါ့မလား။
တခြား အကြောင်းပြချက် ရှိနေနိုင်မလား။
"တခြား ဘာအကြောင်းပြချက်ရှိလောက်မလဲ"
"လေအိတ်တွေ ကိုယ်တိုင်က ချို့ယွင်းချက် ရှိနေတာမျိုး နေမှာပေါ့"
တက်ဂယူက ဇဝေဇဝါနဲ့ မေးတယ်။
"ဒါဆို ဘာလို့ အခုထိ ဘာပြဿနာမှ မရှိခဲ့တာလဲ"
"လေအိတ်က ပုံမှန်အလုပ်လုပ်ရဲ့လားဆိုတာ မပွင့်မချင်း မသိနိုင်ဘူးလေ"
ကားမောင်းတဲ့အခါ မတော်တဆမှု အသေးစားလေးတွေ ကြုံရတတ်ပေမဲ့ လေအိတ်ပွင့်ထွက်မယ့်အထိ ပြင်းထန်တဲ့ ကားတိုက်မှုမျိုး ကြုံရဖို့ဆိုတာ အင်မတန် ရှားပါတယ်။
ကားအစီးရေ ၁၀၀ မှာ တစ်စီးလောက်ပဲ ဆယ်နှစ်အတွင်းမှာ လေအိတ်ပွင့်ရလောက်တဲ့ အခြေအနေ ကြုံရနိုင်တာပါ။
အဲဒီလို ပြင်းထန်တဲ့ မတော်တဆမှုတွေမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရတာ ဒါမှမဟုတ် သေဆုံးတာတွေက အဆန်းမဟုတ်တော့ လေအိတ်ရဲ့ ချို့ယွင်းချက်ပြဿနာကို သတိထားမိဖို့ ခက်ခဲသွားတာလေ။
တိကျတဲ့ ချို့ယွင်းချက်ကို မသိရသေးပေမဲ့ အကြောင်းရင်းကတော့ နှစ်ခုထဲက တစ်ခုပဲ ဖြစ်ရမယ်။ ထုတ်လုပ်မှု အပိုင်းက အမှား ဒါမှမဟုတ် ဒီဇိုင်းပိုင်းက အမှားပါ။
"တကယ်လို့ ထုတ်လုပ်မှုပိုင်းက အမှားဆိုရင် သတ်မှတ်ထားတဲ့ ကာလအတွင်းက ထုတ်တဲ့ ကားတွေကိုပဲ ပြန်သိမ်းရမှာ ဖြစ်ပေမဲ့ ဒီဇိုင်းပိုင်းက အမှားဆိုရင်တော့ PAS လေအိတ်တွေ တပ်ဆင်ထားတဲ့ ကားအားလုံးကို ပြန်သိမ်းရလိမ့်မယ်"
"အဲဒါ ဆိုရင် ကားအစီးရေ ဘယ်လောက်တောင် ရှိမလဲ"
အွန်ဆောင်း မော်တာ က တစ်နှစ်ကို ကမ္ဘာတစ်ဝန်းမှာ ကားအစီးရေ ၈ သန်းကျော် ရောင်းရတာပါ။ PAS က လေအိတ်တွေကို ပံ့ပိုးပေးလာတာ ခြောက်နှစ်ကျော် ရှိပြီဆိုတော့...
"သန်း ၅၀ လောက် ရှိလိမ့်မယ်"
သန်း ၅၀ လို့ ပြောလိုက်တာက နားထောင်လို့ ကောင်းပေမဲ့ ဒါက ကိုရီးယားနိုင်ငံမှာ ရှိတဲ့ စုစုပေါင်း ကားအရေအတွက်ထက်တောင် ပိုများနေတာပါ။
"ဒါဆို ကုန်ကျစရိတ်က ဘယ်လောက်ဖြစ်မလဲ"
"ကားတစ်စီးကို ဝမ် ၁ သိန်းပဲ တွက်ရင်တောင် ကားအစီးရေ သန်း ၅၀ အတွက် ဝမ် သိန်းပေါင်း ၅ ကုဋေ ဖြစ်လိမ့်မယ်"
"ဘာ"
တက်ဂယူက ပါးစပ်အဟောင်းသားနဲ့ ဆွံ့အသွားခဲ့တယ်။
မကြာသေးခင်က ကျွန်တော်တို့ ပိုက်ဆံတွေ အများကြီး ရှာနိုင်ခဲ့တယ် ဆိုပေမဲ့ သိန်ပေါင်း ၅ ကုဋေဆိုတာ ကုမ္ပဏီကြီးတွေတောင် ကိုင်တွယ်ရ ခက်ခဲတဲ့ ပမာဏမျိုးပါ။ ကိုရီးယားက ကုမ္ပဏီကြီးတွေထဲမှာတောင် ဝမ် သိန်းပေါင်း ၅ ကုဋေကို လက်ငင်းငွေသားအနေနဲ့ ရှိနေတဲ့ ကုမ္ပဏီ ဘယ်နှစ်ခု ရှိလို့လဲ။
ဒါက L6 ပေါက်ကွဲမှု ဘေးအန္တရာယ်တုန်းက ပျက်စီးဆုံးရှုံးမှုတွေနဲ့ ယှဉ်နိုင်တဲ့ ပမာဏပါပဲ။
ဆိုဆောင်း အီလက်ထရောနစ် က ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးမလို့သာ တောင့်ခံနိုင်ခဲ့တာပါ။ PAS ကတော့ အလတ်စား ကုမ္ပဏီတစ်ခုပဲ ရှိသေးတာလေ။
သဘာဝကျကျ ပြောရရင် သူတို့က ဒီလို ဆုံးရှုံးမှုမျိုးကို ခံနိုင်မှာ မဟုတ်ပါဘူး။
တကယ်လို့ လေအိတ်တွေကို အပြည့်အဝ ပြန်လည်သိမ်းဆည်းဖို့သာ လိုအပ်လာရင် ဒေဝါလီခံရဖို့ကတော့ သေချာသလောက်ပါပဲ။
ပထမဆုံး တာဝန်က ချို့ယွင်းချက်ရှိတဲ့ ထုတ်ကုန်တွေကို ပံ့ပိုးပေးခဲ့တဲ့ PAS မှာ ရှိပေမဲ့ PAS သာ ဒေဝါလီခံသွားလို့ လျော်ကြေးမပေးနိုင်ရင် အွန်ဆောင်း မော်တာ ကပဲ တာဝန်ယူရပါလိမ့်မယ်။
ဒါ့အပြင် ပြန်လည်သိမ်းဆည်းတဲ့ လုပ်ငန်းစဉ်အတွင်း ဖြစ်လာမယ့် ပြဿနာတွေ၊ ကုမ္ပဏီရဲ့ ပုံရိပ် ထိခိုက်မှုတွေနဲ့ အရောင်းကျဆင်းမှုတွေကပါ ဝန်ထုပ်ဝန်ပိုးကို ပိုပြီးကြီးမားစေပါလိမ့်မယ်။
ကျွန်တော် သတင်းထဲက သမ္မတ ပတ်ဆီဟျွန်းရဲ့ ပုံရိပ်ကို ကြည့်ရင်း ရေရွတ်လိုက်မိတယ်။
"ဒါသာ အဆင်ပြေသွားရင် တစ်ချက်တည်းနဲ့ အပြတ်ရှင်းပစ်နိုင်မလားပဲ"